ဖိုးထက် – U23 ချန်ပီယံ ညီငယ်များသို့ …

June 14, 2015

ဖိုးထက် – U23 ချန်ပီယံ ညီငယ်များသို့ …
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၅

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ကွင်းထဲသို့ ကိုယ်တိုင် ကိုယ်ကျ သွားကြည့်ဖြစ်ခဲ့သည်။ မြန်မာနှင့် ဗီယက်နမ်။ အားမနာတမ်းသာ ဝေဖန် လေကန်ရလျှင် ဗီယက်ကောင်းများက ရွှေမြန်မာ သာကီမျိုးတွေထက် ပိုကောင်းသည်။ ကစားကွက် သာသည်။ တဦးချင်း သာသည်။ သို့သော် ဘောလုံးဆိုတာ ကံသေကံမ ဘယ်လိုမှပြောလို့ရသော အရာမဟုတ်သလို ပွဲပြီးတော့ မြန်မာနိုင်သည်။ စိတ်ဓာတ်အင်အား။ အသင်းလိုက် ကြိုးစားအားထုတ်မှု။ မခိုမကပ် ရေကုန်ထုတ် ရှင်းသန့်စွာ ယှဉ်ပြိုင်မှုများကို ကံတရား ဖေးမမှုပေါင်းစပ်ပြီး နိုင်တာလို့ ကျွန် တော် ဆိုချင်သည်။ ကံသည် အလုပ်ဟု ကျွန်တော်တို့သတ်မှတ်ကြသလို လုပ်အားနှုန်းကောင်းလွန်းသည့် မြန်မာ U23 အသင်းက ကံကောင်းခဲ့သည်။ တဒိုင်းဒိုင်းဂိုးသွင်းနေသော ဗီယက်ကောင်းများ ဂိုးမရ။ တလုံးလေး ပေါက်၊ တခါလေး ကန်ခွင့်ရရာမှ မြန်မာအသင်း အနိုင်ဂိုးရခဲ့သည်။

တကယ်ဆို ကျွန်တော်က ဘောလုံးပွဲကြီး ပွဲကောင်းတွေကို ကွင်းထဲမှာ ကြည့်တာမှာ ခေသူမဟုတ်။ ကမ္ဘာကျော် ဘောလုံး သမားများ ဖြစ်သည့် ကာကာ၊ ရွန်နီ၊ ရော်နယ်ဒင်ညို၊ ရှင်ဂျီ ကာဂါဝါ၊ ဟွန်ဒါ၊ ဂျိမ်းစ်မီးလ်နာ တို့ လူအရှင်လတ်လတ်ကြီး ကစားတာ တွေ့ဘူးသည်။ အရှေ့အလယ်ပိုင်း နိုင်ငံ ကာတာမှာ ကျွန် တော် အလုပ် လုပ်စဉ်က ဘရာဇီး နှင့် အင်္ဂလန် ခြေစမ်းပွဲကို လူချမ်းသာ ကာတာ အစိုးရ ကျေးဇူးကြောင့် ကြည့်ဘူးခြင်း ဖြစ်သည်။ ပြီးတော့ အဲဒီကာတာမှာဘဲ အာရှဖလားပွဲ ကျင်းပပြန်တော့ အာရှထိပ်သီး အသင်းတွေမှ ကမ္ဘာကျော် ဘောလုံး သမားတွေကို ကြည့်ဘူး ခြင်း ဖြစ်သည်။

ခြေစမ်းပွဲကတော့ ဘယ်အသင်းကို အားပေး အားပေး သိပ်ထူးဆန်းတာ မဟုတ်။ ကိုယ်ကြိုက်သော ဘောလုံးသမားတွေကို စိတ်ကြိုက် လက်ခုပ်တီး၊ အော်ဟစ်၊ အားပေး။ အာရှဖလားပွဲမှာကြတော့ တသတ်မှတ်ထဲမထားခဲ့ဘဲ တောင်ကိုရီးယားကို အားပေးခဲ့သည်။ ဂျပန်ကို အားပေးခဲ့သည်။ သြဇီကြတော့ ဥရောပသား ကိုယ်ခန္ဓာကြီးတွေနဲ့ အာရှထဲမှာ လူစွာလာလုပ်နေလို့ အမြင်ကတ်ပြီး ဘက်တိုက်အားပေးခဲ့သည်။ တောင်ကိုရီးယားအသင်းရဲ့ အုပ်စုပွဲစဉ်လက်မှတ်တွေ အကုန်ဝယ်ပြီး တောင် ကိုးရီးယားမတွေ ကြားထဲမှာ ဂျာဒယ်သာ၊ ဂျာဒယ်သာ (ကောင်းတယ်ဟေ့၊ ကောင်းတယ်ဟေ့) လုပ်ခဲ့သည်။ ဂျပန်ပရိတ် သတ်တွေကြားထဲမှာ အရိဂတိုး ဂိုဇိုင်းမတ် (ကျေးဇူးတင်ပါတယ်) ကို ထပ်ခါတလဲလဲ ပြောခဲ့သည်။ ကာတာအသင်းကြတော့ ကိုယ်အလုပ်လုပ်နေသောနိုင်ငံရဲ့ အသင်းမို့ အားပေးသင့်လို့ အားပေးခဲ့ပေမယ့် ထင်ထားခဲ့သလို အာရှအဆင့်မှာ သိပ်ပြီး တန်းရှိချင်သောအသင်း မဟုတ်။

ကာတာမှာ ကျင်းပသည့် အာရှဖလားပွဲ ဖိုင်နယ်လ်လက်မှတ်ကို တလလောက် ကြိုဝယ်ထားခဲ့ပေမယ့် ပွဲနေ့ကြတော့ လက်မှတ်မရှိဘဲ ကွင်းထဲကိုဝင်လာပြီး ထိုင်ချင်သည့်နေရာမှာ ထိုင်ချင်သလို ထိုင်ကြသော ကာတာအိမ်ရှင်ပရိတ်သတ် ကြောင့် ကွင်းထဲကို ၀င်ဖို့မပြောနှင့်။ ကွင်းအနားကပ်တာပင် မြင်းကြီးတွေနဲ့ တိုက်မလိုလုပ်သည်။ ခွေးကြီးတွေနဲ့  ရှူးတိုက်မ လို လုပ်သည်။ စိတ်အနာကြီး နာသည်။ လူဝါးဝသည့် ကိစ္စ။ ကိုယ်လို ကြည့်ချင် ကိုယ်လို ကြိုဝယ်ထားကြပါလား။ အခုတော့ သက်သက်မဲ့ အိမ်ရှင်ပရိတ်သတ်ဆိုပြီး လက်မှတ်ကြိုဝယ်ထားသူတွေကို စော်ကားခြင်းသာ။ ပွဲက ဂျပန်နဲ့ အော်ဇီ။ ကာတာ မှာ သူတို့ မလုပ်ချင်သည့်အလုပ် လုပ်နေသည့် ကျွန်တော်လို အကောင်မဆိုထားနှင့် အော်ဇီက တကူးတက လေယာဉ်ဖြင့် လာပြီး အားပေးသည့် အော်ဇီပရိတ်သတ်တွေပင် လက်မှတ်ကြီးတွေကိုင်ပြီး ဒေါသတွေထွက်နေတာ တွေ့ရတော့ သက်ပြင်း အခါခါချ၊ တောက် အခါခါခေါက်ပြီး အိမ်အမြန်ပြန် တီဗွီကထိုင်ကြည့်ခဲ့ရသည်။ မျက်လုံးထဲမှာ သူတို့ လုံခြုံရေးတပ်ဖွဲ့၏ တင်းမာသောမျက်နှာတွေက တ၀ဲလည်လည်။ ချောလှ သန့်လှသည့် မြင်းကြီးတွေကို အမဲသားလုပ်ပြီး စားချင်စိတ်က တ ဖွားဖွား။ သွားတဖြဲဖြဲ ရဲခွေးကြီးတွေကို ဖက်ပြိုင်ကိုက်ချင်တာက တားမရ၊ ဆီးမရ။ သြော်..ဘာတတ်နိုင်မှာလဲ ဒင်းတို့နိုင်ငံမှာ ဒင်းတို့ လူဝါးဝတာ လုပ်ထားကြပေါ့ကွာလို့ ဒေါသသင့်ရသော ဘောလုံးပွဲ တပွဲ ဖြစ်ခဲ့သည်။

ရုပ်သံ ရိုက်ကူးရေး ကင်မရာတွေမှ ဘောလုံးပွဲတွေကို ရိုက်ကူးပြလျှင် ကွင်းကြီးက အကြီးကြီး ထင်ရသည်။ ၁၈ ကိုက်ထိပ်က ဘောလုံးကို ၀ါးလုံးထိုး ကန်လိုက်လျှင် အားရလို့ မဆုံး။ ဘောလုံးသမားတွေက အခြားဂြိုဟ်ကမ္ဘာမှလာသော သူများလို လူတွေက အကြီးကြီးလို ဖြစ်နေတတ်သည်။ သို့သော် ဘောလုံးကွင်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြီး အားပေးလိုက်လျှင် ဒီလူတွေလဲ ငါတို့လိုဘဲလို့ ထင်မိပြန်သည်။ ကန်ချက်တွေက မပြင်းထန်ဘူးလို့ထင်သည်။ ခုတ်တင်ပေး၊ ကန်တင်ပေးတာ တွေက ဘာမှလဲ မထူးဆန်း။ တီဗွီထဲမှာ သူတို့ပြေးတာ အားမာန်ပါသလောက်၊ အလွန်မြန်တယ်လို့ ထင်ရ သလောက် အပြင်မှာတော့ ငါလဲ သူတို့လို ပြေးနိုင်သားဘဲလို့ ထင်မိသည်။

အခု မြန်မာနှင့် ဗီယက်နမ်ပွဲကို ကွင်းထဲမှာသွားကြည့်တော့ ကာတာမှာ ဘောလုံးပွဲတွေကြည့်ခဲ့သလို မဟုတ်ပြန်တော့။ စိတ် က တကြောင်းထဲသောစိတ်။ မြန်မာမှ မြန်မာ။ ဒုံး..ဒုံး…ဒုံး မြန်မာ။ ဒုံး…ဒုံး…ဒုံး မြန်မာဘဲ။ ဘာအတွက်နှင့်မှ ဗီယက်နမ် အသင်းကိုအားပေးစရာ မရှိ။ ကာတာမှာ အဇာဘိုင်ဂျန်နှင့် တောင်ကိုးရီယားပွဲတုံးက တောင်ကိုရီးယားကို အားပေးခဲ့သော် လည်း အဇာဘိုင်ဂျန်က ထိပ်ပြောင်ပြောင်ဖြင့် ကွင်းလယ်ကစားသမား၏ ဘောလုံးစွမ်းရည်ကို အားပေးခဲ့ပြန်သည်။ အခု တော့ ဗီယက်နမ်က ကစားသမားတွေကောင်းနေသော်လည်း ဘာစိတ်နှင့်မှ မုဒိတာမပွားနိုင်။ “လိုက်…လိုက်…ပိတ်ထား လေ။ သေတော့မှာဘဲ။ လွှတ်မထားနဲ့လေ။ အဲဒီမသာကို ကပ်ထား” ဆိုသည့် ဘယ်သူမှမကြားဘဲ လူအုပ်ကြီး၏ အသံတွေ ကြားထဲမှာ လိပ်ခေါင်းထွက်အောင် အော်ဟစ်အားပေးခဲ့သည်။

ပြီးတော့ စင်္ကာပူရီးရန်းတွေ အလုပ်လုပ်တာကလဲ သပ်သပ်ရပ်ရပ်ရှိသည်မဟုတ်ပါလား။ ဘောလုံးကွင်းထဲကို အခက်အခဲ မရှိ ၀င်နိုင်ခဲ့သည်။ ကိုယ်လို မြန်မာအသင်းကို လာအားပေးသည့် စလုံးရောက် မြန်မာပရိတ်သတ်တွေ ကြားထဲမှာ အော်စမ်း ပါလေ့။ ဆိုစမ်းပါလေ့ ကမ္ဘာမကျေ မြန်မာပြည် နိုင်ငံတော်သီချင်း။ အသံတွေ ၀င်အောင် အော်။ ဆို။ ပျော်။ ဒေါသထွက်။ အားမလို အားမရ ဖြစ်ခွင့်ရသည်။ ပွဲပြီးတော့ မြန်မာအသင်းကနိုင်ပြန်တော့ သားရွှေအိုးထမ်းကိန်း ကြုံရသည်။ အလွန်ပြည့် စုံသည့်၊ စိတ်ကျေနပ်မှု အပြည့်ရသည့် ဘောလုံးပွဲတပွဲ။ စလုံးရောက် မြန်မာပရိတ်သတ်က စလုံးတွေ၏ ဒေါ်လာ ဘီလျှံချီ တန်သည့် ဘောလုံးကွင်းကြီးကို သုဝဏ္ဏအားကစားကွင်းကြီး ဖြစ်စေခဲ့သည်။ အောင်ဆန်းကွင်း ဖြစ်စေခဲ့သည်။ ကိုယ့်အိမ် ကိုယ့်ယာမှာကန်ရသလို မြန်မာဘောလုံးသမားတွေကို စိတ်ခံစားစေသည် မဟုတ်လား။ ဗီယက်နမ်ပရိတ်သတ်အသံက အော်သော်လည်း မကျယ်။ သူတို့အသင်းကို အားပေးသော်လည်း အရာမထင်။

အိမ်ကို အပျော်တွေနဲ့ ကျွန်တော်ပြန်ရောက်တော့ နောက်ထပ် အကြိုဗိုလ်လုပွဲဖြစ်သည့် ထိုင်းနှင့် အင်ဒိုပွဲကို ထိုင်ကြည့် ဖြစ်ပြန်သည်။ ဖိုင်နယ်မှာ ဘယ်အသင်းနဲ့တွေ့ရမလဲဆိုသည့်စိတ်ဖြင့်ကြည့်သော်လည်း ပွဲက ကြည့်မကောင်း။ ထိုင်းတွေက ခြေစွမ်း အသာစီးကြီး။ ကစားကွက် အသားစီးကြီး။ တယောက်ချင်းမှာ ထိုင်းတွေကို အင်ဒိုတွေယှဉ်လို့ကိုမရ။ ထိုင်းက အင်ဒိုကို စောစောစီးစီး ဂိုးပြတ်နိုင်နေသည်။ ဆက်မကြည့်ဖြစ်တော့ဘဲ သက်ပြင်းချကာ အခန်းထဲသို့ ကျွန်တော်ပြန်ဝင်ခဲ့ သည်။

ဒီပုံအတိုင်းသာဆိုလျှင်ဖြင့် ဗိုလ်လုပွဲမှာ ထိုင်းကို မြန်မာက နိုင်စရာမရှိ။ ဗီယက်နမ်ကို ကန်သွားသည့် ခြေစွမ်းအရသာဆိုလျှင် ဂိုးပြတ် မရှုံး ကံကောင်း။ သို့သော် ဘောလုံးဆိုတာ အလုံးကြီးမို့လား။ ဆီနီဂေါလို တတိယကမ္ဘာကအသင်းတောင် ပထမ ကမ္ဘာက ပြင်သစ်အသင်းကို နောက်ကောက်ချထားနိုင်ခဲ့သေးသည် မဟုတ်ပါလား။ ကံတရားဆိုတာ ရှိသေးသည်။ ကြိုးစား အားထုတ်မှု။ အသင်းလိုက် စည်းလုံးညီညွှတ်မှုက ခြေစွမ်းထက်တာကို ကောင်းကောင်းကြီး ယှဉ်ပြိုင်နိုင်သည်။

ဘောလုံးအားကစားဆိုတာ အခုထလုပ် အခုထဖြစ်သော ကိစ္စကြီးမဟုတ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ခြင်းနှင့် ဘောလုံးအား ကစား ထိပ်တန်းရောက်ခြင်းမှာ အတူတူဘဲဖြစ်သည်။ ရေရှည်လုပ်သွားကြရမည့်ကိစ္စ။ မျိုးဆက်အဆက်ဆက် ကောင်းမွေ တွေကို လက်ဆင့်ကမ်းကြရင်း ထိပ်တန်းရောက်ရသည့်ကိစ္စ။ ပိုက်ဆံရှိတိုင်းသာ ဘောလုံးအင်အားကြီးရပါလျှင် ဆော်ဒီ အသင်းကို ဘယ်သူမှမနိုင်။ အမေရိကန်အသင်းပင်လျှင် ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ဖျက်မြင်းအဆင့်ထက် ပိုမလာ။ စိတ်ထဲ အူထဲက ဘောလုံးအားကစားကို ခုံမင်တပ်မက်သော ဘရာဇီး၏အောင်မြင်မှုကို အခြားအသင်းများ ယှဉ်ပြိုင်ဖို့ မလွယ်။

ဗိုလ်လုပွဲမှာ မြန်မာက ထိုင်းကို ရှုံးနိမ့်သွားလျှင်လဲ ကျွန် တော်ကဖြင့် ထူးထွေသည့် အံ့ရာသော် ဖြစ်နေမှာ မဟုတ်။ ရန်ကုန်မှာ ဘောလုံးကန်ချင်ရင် ဘောလုံးကွင်း အစုတ်ပြတ်တောင် ရှာလို့မလွယ်သည့်ကြားထဲက ဗိုလ်လုပွဲထိတက်လာသည့် ညီငယ် တွေကို ကျွန်တော်က အားပေးနေမှာ။ ချစ်နေမှာ။ မေတ္တာထားနေအုံးမှာ။ စိတ်ရှင်း၊ လူရှင်း၊ ကြိုးစားအားထုတ်မှု အပြည့်ဖြင့် ကစားမည့် ညီငယ်တွေကို ကျွန်တော်က အဘယ်မှာ အပြစ်တင်နိုင်ပါအံ့နည်း။ သူတို့က တာဝန်ကျေတာထက် ပိုခဲ့ကြပြီ။ လိုအပ်တာထက်ပိုသော နိုင်ငံ့တာဝန်ကို သူတို့ပုခုံးလေးတွေဖြင့် ထမ်းခဲ့ကြပြီးပြီလို့ဘဲ ကျွန်တော်တွေးလို့ရသည်။

ထိုင်းကို မှီဖို့ ဗီယက်နမ်ကိုမှီဖို့၊ စင်္ကာပူကိုမှီဖို့ U23 က ညီငယ်တွေ၏ ကြိုးစားအားထုတ်မှုက လိုတာထက်ပင် အပုံကြီး ပိုနေပြီလို့ ကျွန်တော်ထင်ပါသည်။ ကလေးတွေက နိုင်ငံ၏ဂုဏ်၊ နိုင်ငံ၏ပုံရိပ်ကို ပြောင်လက်သန့်စင်နေအောင် တိုက်ချွတ် ဆေးကြောခဲ့ကြပြီ မဟုတ်ပါလား။ ကျန်သည့်အပိုင်းကတော့ ကျွန်တော်တို့ လူကြီးတွေက ဝေ့လည်။ ဝေ့လည်။ တိုင်ပတ် ကလို့ ကောင်းနေဆဲ။ ကောက်ကျစ်လို့ ကောင်းနေဆဲ။ ဘောလုံးကွင်းတွေကို သိမ်း၊ မြေကွက်အလွတ်တွေကို သိမ်းပြီး အာဏာအဆိပ် ငယ်ထိပ်တက်ဆဲ။ လောဘအဆိပ်တက်ပြီး မချိမဆန့်ဖြင့် မျိုးဆက်အဆက်ဆက်ကို ဆင်းရဲတွင်း၊ အောက် ကျ နောက်ကျ ဖြစ်စေမည့် တွင်းထဲသို့ ဆွဲသွင်းနေကြဆဲ မဟုတ်ပါလား။ တကယ်ကျတော့ U23 က ညီငယ်တွေက ကျွန် တော့်ရင်ထဲမှာ ချန်ပီယံဖြစ်နေခဲ့ပြီးသားပါလေ။ ကောက်ကျစ်မှု ချန်ပီယံ အုပ်ချုပ်သူတွေ ရှိသည့် နိုင်ငံထဲက ကြိုးစားသည့် ချန်ပီယံတွေ။ ဒေါသ ချန်ပီယံတွေရှိသည့်နိုင်ငံထဲက ပြည့်သော၊ အောင်သောစပါးနှံတွေလို ခေါင်းငုံ့ပြီး ရေကုန် ရေခန်း ကြိုးစားခဲ့ကြသည့် ချန်ပီယံတွေ မဟုတ်ပါလား။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်