မောင်စွမ်းရည် – စမ်းစမ်းတင် ရေးတဲ့ လူမိုက်တွေရဲ့ကမ္ဘာ ကဗျာစာအုပ်

June 17, 2015

 မောင်စွမ်းရည် – စမ်းစမ်းတင် ရေးတဲ့ လူမိုက်တွေရဲ့ကမ္ဘာ ကဗျာစာအုပ်

(မိုးမခ) ဇွန် ၁၆၊ ၂၀၁၅
ကဗျာဆရာအမည် –  စမ်းစမ်းတင်
အမှာစာ              –  စမ်းစမ်းတင်၊ ကြည်အေး
ထုတ်တဲ့နှစ်          – ၂၀၁၅ မတ်
ထုတ်ဝေသူ          –  ဦးလပြည်ဝေး၊ ဆန်းစသော်တာစာအုပ်တိုက်၊ ရန်ကုန်၊
စာမျက်နှာ           –   ၉၀။     ကဗျာပုဒ်ရေ- ၆၁ ပုဒ်
စာအုပ်တန်ဖိုး       –  ၁၅၀၀ ကျပ်

ပြည်ပမှာ ဆန္ဒပြကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းဆရာတွေ၊ သံဃာတော်တွေအပြင် ကဗျာဆရာတွေလည်းပါလာတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ကဗျာဆရာကြီးငယ်၊ ကျား မ မျိုးစုံရှိတယ်၊ လော့စ်အိန်ဂျဲလိစ်မြို့မှာ ကဗျာဆရာ တင်မိုးနဲ့ အမြဲတွဲခဲ့သူ ‘ကိုသက်’ ဆိုတာ ကဗျာစာအုပ်ထုတ်ဖူးတယ်၊ ‘ငြိမ်းချမ်းတဲ့ ကမ္ဘာ’တဲ့၊ ကိုသက်က ရဟန်းစာဆိုပါ၊

 

    ပြည်ပကို အစောဆုံးရောက်နေတဲ့ ကဗျာဆရာကတော့ ကဗျာဆရာမကြီ ‘ ကြည်အေး ‘ ပါ။ ခေတ်စမ်းနှောင်း တာရာမဂ္ဂဇင်းခေတ်က စာဆိုတဦးပါ။ ခုခေတ် ကဗျာဆရာ လူငယ်များ  ကြားဖူး ဖတ်ဖူးသူ ရှားမယ်ထင်ပါတယ်။ ဆရာမကြီးကို ပြည်ပမှာလည်း ကဗျာလူငယ်တွေနဲ့ တွေ့ရခဲတယ်။

အရင်တုန်းက အိုဟိုင်းယိုးဘက်မှာ၊ ခု နယူးယောက်မှာ၊ လက်ကျိုးသတဲ့၊ လက်ရော ခြေရော ကျိုးသတဲ့၊ အဖွားကြီးဖြစ်ပေမဲ့  ၉ ပေလောက်မြင့်တဲ့ ဝင်းတံခါးကို မော်တော်ကား ခေါင်းပေါ်က တဆင့် ကျော်တက်ခဲ့သတဲ့။ လူငယ်ဖြစ်တဲ့သူက မတက်နိုင်လို့ သူက တက်ရတာ၊ အတွင်းဘက်ကျတော့ ခုန်ချသေးသတဲ့။ ( သူ့အမှာစာမှာ ပါလို့သိရတာပါ၊ ဒီလောက်ဆို ခဏခဏ ကျိုးရတဲ့အကြောင်း သဘောပေါက်ပါပြီ။)

       ( ကဗျာဆရာမကြီး ဘွားကနဲ ခုလို ပြန်ပေါ်လာတာတွေ့ရလို့ ဝမ်းသာတာနဲ့ မဆီမဆိုင် ရေးမိတာခွင့်လွှတ်ပါ။)

     ကဗျာဆရာမ  နှစ်ဦးလုံး အမှာစာလည်းရေး၊ ထုပ္ပတ်ကျဉ်းလည်း ရေးတော့ ဝမ်းပန်းတသာ ဖတ်လိုက်ရပါတယ်။  စမ်းစမ်းတင်က သတင်းစာဆရာ၊ (ဒေါ်ကြည်အေး)က ဆရာဝန်၊ သိပံ္ပသမားချင်းတော့တူတယ်လို့ ဆိုနိုင်ပါတယ်၊ ခဏပဲ ဖြစ်ဖြစ် ပြည်ပမှာ ( ဒေါ်) ကြည်အေးနဲ့ တွေ့ဆုံခွင့်ရပြီး အမှာစာတောင်ရအောင်တောင်းနိုင်တဲ့ စမ်းစမ်းတင်ကို ချီးကျူးပါတယ်။

   ကဗျာဆရာနှစ်ဦးလုံးရဲ့ ကဗျာအယူအဆတွေ သိရတော့ မှတ်သားရတယ်၊ တွေးရ တောရ ဆင်ခြင်ရတယ်၊

     စမ်းစမ်းတင်က ဒီလိုဆိုတယ်။ “ကဗျာသည် ငယ်ချစ်သာမက ထာဝရ ချစ်သူနှင့် လက်တွဲဖော်၊ ကဗျာကြောင့် ဘ၀မှာနေပျော်သည်  နေရဲသည်ထင်သည်။ ကဗျာဝိညာဉ်ဖြင့်သာ အရာရာ အံတု ရင်ဆိုင်ဝံ့သည်ဟုဆိုသော် လွန်အံ့မထင်။ ခါးသည်းရသမျှ.. ခံစားရသမျှ…မွန်းကျပ်ရသမျှ… ကြေကွဲရသမျှ… မတရားမှန်းသိ၍  အံတုပါလျက် နံရံကိုခေါင်းနှင့်တိုက်ရသည့် အဖြစ်များ ကြံရလေသမျှ… သွန်ချပွင့်အန် နိုင်သည်က ကဗျာ၊

သို့နှင့် လောက ငြိမ်းချမ်းသွားသည်က အမှန်။ စင်စစ်..ကဗျာသည် လူသတ်လက်နက်မဟုတ်၊ ရာဇ၀တ်မှုမဟုတ်… ကဗျာသည် ငြိမ်းချမ်းခြင်း ၀ိညာဉ်…”

     ကဗျာဆရာမကြီး ကြည်အေးကတော့ ကဗျာရဲ့ အဓိပ္ပာယ်ကို မဖွင့်ဆို။ “ ကာရန်နဲ့သာယာသံ” အကြောင်းကို ဖွင့်ဆိုတယ်။ “ကဗျာဆိုသည်မှာ စကားပြေနှင့်မတူ တမျိုးတဖုံ ရေးသော ၀တ္တုပစ္စည်းဖြစ်သည်။ ကာရန်မပါလည်း သာယာသံပါရသည်။ သာယာသံမပါဘဲ တမျိုးထူးခြားလှပ မေ့ပစ်မရ- မှတ်မိနေသော- အလွတ်ရနေသော- စကားအစုတရပ်ဖြစ်ရမည်- စသည်ဖြင့် အများသဘောတူကြပါသည်။” ပြီးတော့  “ ကဗျာနဲ့ ဂီတဟာ ခွဲလို့မရအောင်ကောင်းတဲ့နှီးစပ်လှသော အရာများဖြစ်ပါသည်။” တဲ့။

  ကျတော်တို့ ကဗျာစာပေမှာ ကာရန်အကြောင်းသာ အထူးပြု ဆွေးနွေးလေ့  ရှိပေမဲ့ ဒေါ်ကြည်အေးပြောတဲ့ ” သာယာသံ ” အကြောင်းကို မည်မည်ရရ မပြောခဲ့ကြ။ ၁၉၇၀    ခုနှစ်များ အတွင်းမှာ ကဗျာပုံသဏ္ဍာန်အကြောင်း ဆွေးနွေးကြတော့ မြဇင်၊ မောင်သာနိုးတို့ ဦးဆောင်ပြီး မန္တလေး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွေမှာ ကျတော်တို့တတွေ ကာရန်၊ နရီ၊ နိမိတ်ပုံ စတဲ့ အကြောင်းအရာတွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ” နရီ ” ဆိုတာ ” ရမ်သမ်” ” ကာရန် ” ဆိုတာ ” ရိုင်းမ်” နိမိတ်ပုံဆိုတာ ” အင်းမေ့ခ်ျ” “နရီ” ကို အသံစီးပုံစနစ် “ကဗျာရဲ့ သံစဉ် နိမ့်မြင့်စနစ်” ” ကဗျာစည်းဝါး” ” အသံလှိုင်း”  စသဖြင့် ကျတော်တို့ အမျိုးမျိုးသုံးကြည့်ခဲ့ပေမဲ့ ဆရာကြီးမင်းသုဝဏ်က  ကဗျာရဲ့ “ နရီ “ လို့ ပြောလိုက်တာနဲ့ အားလုံးက နရီ လုပ်လိုက်ကြပါတယ်။  ခု- (ဒေါ်)ကြည်အေးက  “ရစ်သမ်”ကို “သာယာသံ” လို့ သုံးထားပါတယ်။ ( စစ်မုန်တိုင်း၊ လေမုန်တိုင်းလို မသာယာတဲ့ အသံတွေရဲ့ ရစ်သမ်ရှိတာ ဆွေးနေွးချင်ပေမဲ့ ခုတော့ စမ်းစမ်းတင်ရဲ့ ကဗျာကိုပဲ ဆက်လက် ပြောရပါမယ်။ )

(ဒေါ်ကြည်အေး)က အင်္ဂလိပ်စာသမားဖြစ်လို့ ကဗျာကို ကာရန်အကြောင်းသာမက ရစ်သမ် (သာယာသံ) ကိုပါ ဆင်ခြင်စဉ်းစားပြောဆိုနေခြင်း ဖြစ်ပါတယ်။ စမ်းစမ်းတင်ရဲ့ကဗျာ ကြည့်ရာမှာလည်း သမားရိုးကျ မကြည့်၊ ပိုမို ကျယ်ကျယ်ကြည့်တယ်လို့ သိနိုင်ပါတယ်။

          “စမ်းစမ်းတင်ရဲ့ ကဗျာများဟာ အထက်ကပြောခဲ့တဲ့ ပရိသတ်ကို ခြောက်လှန့်ချင်စိတ် အရင်းမခံဘူး- သူပြောချင်တာကို ရအောင်ပြောတာပဲ အဖိုးတန်သော အခြေခံရိုးဖြောင့်တဲ့ အတွေးခံစားမှုများကို ရေးချလိုက်တာပဲ- ကာရန်-သာယာသံလည်းဝင်ပါသည်- သည်နည်း-ဟိုနည်းနဲ့ ကာရန်မပါရအောင် “မော်ဒန်ဖြစ်အောင် “ ကြံစည်ကြိုးစားတာမပါ- တမင်လုပ်ထားတာမပါ- ဒါဟာ ကြီးပြင်းရင့်မာခြင်း ဖြစ်ပါပေသည်။ ရေးသမျှ ရသပါစေသည်။ အခြေအနေမပေးလည်း မဖြစ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဇွဲနဲ့လည်း ရေးသားတတ်သူဖြစ်တော့ ခုခေတ်ကြီးမှာ ဒါကို အထူးချီးမွှန်းရပါလိမ့်မည်” တဲ့။ စမ်းစမ်းတင်ရဲ့ အထက် မျိုးဆက် နှစ်ခုခြားတဲ့ ကဗျာဆရာမကြီးရဲ့ အမြင်ပါ။

          ကျတော့်အနေနဲ့တော့ အထက်စာပိုဒ်ထဲက “ ရိုးသားမှု “ ဆိုတာရယ်၊  “ကာရန် မပါရအောင်” “မော်ဒန်ဖြစ်အောင် ” ကြံစည်ကြိုးစားတာမပါဆိုတာတိုတဲ့ စကားစုရယ် အထူးသတိထားမိပါတယ်။ ဗမာပြည်ကဗျာလောကမှာ ဖြစ်နေတာ၊ လုပ်နေတာကို သိရှိနားလည်ပြီး အချက်ကျကျဝေဖန်လိုက်တဲ့ အတိုဆုံးဝေဖန်ချက်ဖြစ်ပါတယ်လို့ သဘောရပါတယ်။

  ကဗျာမှာ အရေးကြီးတာကတော့ ကိုယ့်ခံစားချက်အပေါ် ” ရိုးသားမှု” ပဲ ဆိုတဲ့ အချက်ပါပဲ။ ” နရီ ” ခေါ် ” သာယာသံ ” ဆိုတာက ခံစားချက်အလိုက် ပေါ်ထွက်လာမှာပါပဲ။ ” ရင်ခုန်သံ” ပါပဲ။ ရင်ခုန်သံ အနှေး-အမြန်-အကြမ်း-အနု ပေါ်လွင်အောင်ရေးနိုင်ဖို့ဆိုတာ ကဗျာကောင်းတွေ အမျိုးမျိုးကို “နားစွဲ” ခဲ့ဖို့လိုပါတယ်။ “ ဗေဒါလမ်း “ ကဗျာမှာ ဒီလှိုင်းအတက်အကျအသံ။ “ မဲဇာတောင်ခြေ” ကဗျာမှာ မြစ်ရေတွေတွေ စီးတဲ့အသံ။ ပျဉ်းမငုတ်တိုကဗျာမှာ  “စစ်မုန်တိုင်း” သံနဲ့ “ လေပြည်ထဲတွင် ငယ်ရုပ်ဆင်” မတူကွဲပြားတဲ့အသံ။ အဲဒီလို  “နရီ”  “သာယာသံ” ကိုသာမက ‘ဖုထစ်ရွတ်တွ”  ဆိုတဲ့ “ ဗျည်းသံ” တွေမှာ “လင်းဒ” ကို အသံနဲ့ပါ  ဖုထစ်အောင် “ထုဆစ်” ပုံ…စတဲ့ စတဲ့ အသံဆိုင်ရာ ကိစ္စတွေက အများကြီးပါ။ မြန်မာကဗျာဆရာများ “စာသိ” “သဘောတရားသိ” သိစရာတွေ အများကြီးရှိပါသေးတယ်။ ကျတော်တို့တတွေ သိစရာတွေကို  မသိဘဲရေးခဲ့မိလို့ “ဖြစ်သလောက်တော့ ဖြစ်ခဲ့ “ တာပါပဲ။ ပိုသိရင် ပိုကောင်း ပိုမြန်တဲ့ တိုးတက်မှုတွေ တွေ့ကြုံရမှာပါ။ အရေးအကြီးဆုံးက ဦးပုညပြောခဲ့သလို – “တေးကိုသာရအောင် ကျက်ပါတော့” ဆိုတဲ့ အခြေခံပါ။ (ဒေါ်) ကြည်အေးအကဲဖြတ်သလို စမ်းစမ်းတင်ဟာ ရှေးကဗျာတွေလည်း ဖတ်ထားခဲ့တယ်။ “ ရိုးဖြောင့်တဲ့ ခံစားမှု” ကို များပြားတဲ့ “နား”အတွေ့အကြုံနဲ့ ဆိုရင် (ကဗျာကောင်းတွေဖတ်ထားတဲ့ အတွေ့အကြုံနဲ့ဆိုရင်)  ပိုပြီးကောင်းလာတာတွေ့ရပါမယ်။

    လူမိုက်တွေရဲ့ကမ္ဘာ  ၂၂ ပုဒ်ပါပါတယ်။ ကျန်တာတွေက “လူလိမ္မာကဗျာ” တွေချည်းတော့လည်း မဟုတ်ပါ။ အဖွင့်မှာ “လူမိုက်” ကဗျာတပုဒ်နဲ့ ဖွင့်ပါတယ်။ လူမိုက်ဆိုတာ အဖြေရှာကြည့်တော့  “သူသူ ငါငါ” “ငါလည်း လူမိုက်ထဲကပါ” တဲ့။ အားလုံးအများသူငါ လူမိုက်တွေချည်းသာ ဆိုရင်တော့ “အဆိုးမြင်” ရာ ကျပါလိမ့်မယ်။  ဒါပေမဲ့ လူမိုက်တွေရဲ့ မိုက်ပုံမိုက်နည်းတွေကလည်း အမျိုးမျိုးရှိတာကို သတိထားမိရင်တော့ အမိုက်ကောင်းတွေလည်း ရှိနိုင်ပါမယ်။ “ လုမိုက်တွေရဲ့ ကမ္ဘာ”  “၆၀” မှာ လူလိမ္မာတယောက်တွေ့ရပါတယ်။ ..”တူဖြစ်ခံ ပေဖြစ်နှံ” ဆိုစကား၊ နှံနိုင်တဲ့ ဘ၀မှာ၊ ငါလိုက်နာမယ် မဟုတ်ပါ” တဲ့။

   လူမိုက် (၁၆ ) မှာ သုံးကြောင်းပဲပါတယ်။ “ ကြယ်ကိုဘာကြောင့် ခူးချင်သလဲ။ ခူးလို့ရတဲ့ ပန်းတွေဖူးအောင် အရင်လုပ်ပါဦး” တဲ့။ ဒါကို တင်မိုးရဲ့ “ ဧည့်သည်ကြီး” ကဗျာလို ဒိထက် ပိုသာယာတဲ့အသံနဲ့ သွင်းနိုင်ရင် ဧည့်သည်ကြီးလိုပဲ အများနှုတ်စွဲတဲ့ ကဗျာဖြစ်သွားနိုင်ပါတယ်။

   ဒီလို ကဗျာမျိုးကိုကြည့်ပြီး “အတွေးကောင်းကို အရေးကောင်း ” နဲ့ အံဝင်ဖို့၊ “ကျောက်စက်ရေ” ကို “ဖန်ပြာခွက်” မှာထည့်နိုင်အောင် အားထုတ်ဖို့လိုသေးပါလားဆိုတာ တွေ့ရပါမယ်။

     ဒီစာအုပ်မှာ လူမိုက်ကဗျာအမှတ်စဉ်  ၆၃  ထိ (မာတိကာအရ) စာအုပ်ထဲမှာ  ၆၄  ထိပါဝင်ပေမဲ့ ရေတွက်ကြည့်တော့ ၂၂ ပုဒ်ပဲ တွေ့ရပါတယ် ဒါကြောင့် “လူမိုက်” တွေအနည်းဆုံး  ၄၀ ကျော်ချန်ထားခဲ့ရတာကို တွေ့ရတော့ “မိုက်ခွင့်မသာ” တာကို အကဲခတ်လို့ရပါတယ်။ ဗမာပြည်စာပေစိစစ်ရေးကလား၊ အမေရိကန်ပြည်ထောင်စုရဲ့ စာပေစိစစ်ရေးကလား ဆိုတာ စဉ်းစားးစရာ ဖြစ်ရပါတယ်။

  ကဗျာပုံစံတွေကတော့ ကာရန်မမဲ့ တမဲ့ လွတ်လပ်ကဗျာ ပုံစံတွေပါပဲ။ အကြောင်းအရာ တင်ပြပုံ တင်ပြနည်းက ခေတ်စမ်းနည်းများနေတာ တွေ့ရပါတယ်။ ခုနှစ်ဆယ်ခုနှစ်တွေတုန်းက အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်း စာတမ်းဖတ်ပွဲတွေမှာ လက်ရှိကျတော်တို့ ကဗျာတွေကို ဆန်းစစ်ကြတော့ “ခေတ်စမ်းတင်ပြနည်း” အဓိက ဖြစ်နေတယ်လို့ သုံးသပ်ခဲ့ကြတာကို သတိရပါတယ်။ ခေတ်စမ်းတင်ပြပုံ ဆိုတာ ဖြစ်ရပ်-ဖြစ်စဉ် (အဆိုပြုချက်) သုံးခုလောက် တင်ပြလိုက်ပြီး နောက်ဆုံးမှာ ကောက်ချက်တခုဆွဲပြလိုက်တဲ့ နည်းကို ဆိုလိုပါတယ်။  ဥပမာဆိုပါတော့ စာမျက်နှာ ၃၀  “ ရင်မောခြင်း”  ကဗျာ၊ (၁) တောနဲ့တောင်နဲ့ စကားပြောတယ်။ (၂)  တိမ်တွေနဲ့ စကားပြောတယ်။ (၃) ပင်လယ်နဲ့ စကားပြောတယ်။ အလှအပတွေ ခံစားရမယ်။ နောက်ဆုံး- လူတွေနဲ့ ပြောမှ ရင်မောရတယ် ဆိုတာမျိုးပေါ့။

လူမိုက်တွေရဲ့ကမ္ဘာ ၃၊ လူမိုက်တွေရဲ့ ကမ္ဘာ ၁၂၊ လူမိုက်တွေရဲ့ ကမ္ဘာ ၆၁၊ လူမိုက်တွေရဲ့ ကမ္ဘာ ၄၆၊  ၅၅ လူနဲ့ဘူ စတဲ့စတဲ့ ကဗျာမှာလည်း ခေတ်စမ်းဆန်လျက်ပါပဲ အနန္တသူရိယရဲ့ ကဗျာလည်း ဒီသဘောဆင်ဆင်ပါပဲ။ ရှေးကျပြီ ဟောင်းလှပြီိ ဒါပေမဲ့ မရိုးနိုင်သေး ပါတကားလို့ ပြောရပါတော့မယ်။

     ပြည်ပကို အချိန်ကြာကြာ ရောက်ရှိနေထိုင်ကြရသူတိုင်း ကိုယ့်ပြည်ကို ပြန်လည်တမ်းတ လွမ်းဆွတ်ကြတာ ဓမ္မတာပါပဲ။ ပြည်တွင်းနဲ့ပြည်ပ စစ်အာဏာရှင်လက်အောက်ဘဝနဲ့ ဒီမိုကရေစီ အစိုးရလက်အောက်ဘဝတို့ကို နှိုင်းယှဉ် မိကြတာလည်း ဓမ္မတာပါပဲ။

     စမ်းစမ်းတင်လည်း မကြာခဏ အိမ်လွမ်းကဗျာရေးမိတာ တွေ့ရပါတယ်။ ထင်ရှားတဲ့ သာဓက လွယ်လွယ်နဲ့ပြရရင် ဗမာပြည်က မီးရထားခရီးနဲ့ အမေရိကန်ပြည် မီးရထားခရီး နှိုင်းယှဉ်ဖွဲ့ဆိုမိတဲ့ ကဗျာ နှစ်ပုဒ်ကိုကြည့်စေချင်ပါတယ်။ စာမျက်နှာ ၃၁ “ရထားလွတ်သွားလို့ မဖြစ်” စာမျက်နှာ ၃၆ “အမေရိကန် ညရထား”။ အဲဒိကဗျာနှစ်ပုဒ် ယှဉ်ဖတ်ကြည့်စေချင်တယ်။ နယူးယောက်မှာတော့ မြေအောက်ဘူတာတွေများတယ် မြေပေါ်ဖြစ်ဖြစ် မြေအောက် ဖြစ်ဖြစ် ဗမာပြည်နဲ့တော့ မတူဘူးပေါ့။ ဗမာတွေမီးရထားစီးရင် သာစည်ဘူတာတို့၊ ပျဉ်းမနား ဘူတာတို့ကို မုချ သတိရမိပါလိမ့်မယ်။ စမ်းစမ်းတင် သတိရသလို “ ရေရမယ် “ “စာလေးကြော်၊ ဆီထမင်းရမယ် “ ဆိုတဲ့ အသံလေးတွေကို စိတ်မကောင်းကြီးစွာနဲ့ သတိရမိပါလိမ့်မယ်။

     စမ်းစမ်းတင်ရဲ့ ကဗျာတွေကို ဖတ်ရင်း ကျတော်တို့ ကဗျာစာတမ်းတွေ ဖတ်ခဲ့ကြတာကိုချည်း  သတိရမိပြန်တယ်။ ခုလည်း နောက်ထပ် ကဗျာဝေဖန်ရေး ဝေါဟာရတလုံးကို သတိရမိပြန်တယ်။ “ မြို့ပြခံစားမှု” ဆိုတဲ့စကားနဲ့ တွဲရက် ဖြစ်တဲ့ “မော်ဒန်ဆယ်ရီဘယ်လီတီ” “ ခေတ်ပေါ် အာရုံခံစားပုံ “ ဆိုတဲ့ စကားလုံးပါ။ ကဗျာခေတ်က မြို့ပြခေတ်၊ မော်ဒန်ခေတ်။ ကဗျာ “မော်ဒန်” ဖြစ်ဖို့ရာ ခေတ်ပေါ်အာရုံ ခံစားမှု ရှိမှသာ ဖြစ်ပေါ်နိုင်ပါတယ်။ ကျတော်တို့ ဗမာတောသား ကဗျာဆရာတွေမှာ မြို့ပြခံစားမှု ခေါင်းပါးတာက တောသားတွေကိုး။ ဒါကြောင့်သိပ်ပြီး “ မမော်” သိပ်ပြီး   “ မဒန်” လှဘဲ ဖြစ်နေတဲ့အကြောင်းကို ဆွေးနွေးမိကြပါတယ်။ မြို့ပြခံစားမှုဆိုတာက ရှုပ်ထွေးတဲ့ မြို့ပြလူမှုဆက်ဆံရေးက ထွက်ပေါ်လာတာမဟုတ်လား။ စမ်းစမ်းတင်ဟာ ကမ္ဘာမှာမော်ဒန်အဖြစ်ဆုံးဆိုတဲ့ ဝါရှင်တန်ဒီစီ၊ ဆန်ဖရန်စ္စကို၊ လန်ဒန်ဆိုတဲ့ တကယ့်မြို့ပြဒေသတွေကို အလည်အပတ်မဟုတ် နေထိုင်ခဲ့ပြီ။ ဒါပေမဲ့ အသုံးလုံးသင်တန်းကြားကကြီးပြင်းလာသူ မဟုတ်လား၊ ခုထက်ထိ မြို့ပြခံစားမှု မထက်မြက်သေးတဲ့ ရိုးအ တောသူမူ မပျက်လှသေးဘူး။ ( ဒေါ်) ကြည်အေးနဲ့ယှဉ်ကြည့်မှ ပိုသိသာမယ်။ (ဒေါ်ကြည်အေးလို ခြေကျိုးလက်ကျိုးဖြစ်ဖူးရမယ်လို့ မဆိုလိုပါ။ ကဗျာချင်း စာချင်း ခံစားပုံချင်းယှဉ်ကြည့်ဖို့ပါ။) စမ်းစမ်းတင်ရဲ့ ကဗျာတွေထဲမှာ “လူနဲ့ဘူ”၊ “သစ်ပင်တု”၊ “မိုဘိုင်း” ကဗျာတို့ကဖြင့် နည်းနည်းမြို့ပြဆန်တယ်ဆိုရမှာပေါ့။ ကဗျာအများစုဟာ ရေးတဲ့ပုံစံကိုက အနန္တသူရိယပုံစံ၊ ခေတ်စမ်းပုံစံက မထွက်သေးဘူး “တိုက်ဂေါ” ပဲရှိပါသေးတယ်။ လူမှုဆက်ဆံရေးမှာ ရိုးစင်းသလို ကဗျာတွေးပုံ တင်ပြပုံမှာလည်းရိုးစင်းတုန်းပါပဲ။

တင်မိုး၊ မောင်စွမ်းရည်တို့ ကဗျာတွေရာဇဝင်ထဲမှာထားခဲ့၊ ဂန္တဝင်ထဲမှာထားခဲ့။  (ဒေါ်) ကြည်အေးနဲ့ နီးနီးကပ်ကပ်ပေါင်းပါ။ စကားပြေရေးတာတွေကိုက “သည်”၊ “မည်”၊ ”  ၏ ” တွေနဲ့ရှေးဆန်မနေနဲ့တော့။ (ဒေါ်) ကြည်အေးရဲ့ စကားပြေနဲ့ယှဉ်ကြည့်ပေါ့။ ခေတ်လူသားဟာ ခေတ်ဆန်ဖို့တော့ လိုမှာပေါ့။ ကဗျာဟာဂန္တဝင်မဟုတ်၊ ရာဇဝင်မဟုတ်ပါ၊ မိုဘိုင်းနဲ့၊ ကျောပိုးအိတ်နဲ့၊ ကင်မရာနဲ့ ထင်ရာသွားပါလေ။

မောင်စွမ်းရည်

၂၀၁၅ ဇွန် ၁

(Photo – screen of poet’s Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Swan Yi, ဝေဖန်ရေးရာ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်