အုန်းနိုင် – ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၆)

June 17, 2015

အုန်းနိုင် – ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၆)
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၅

 

• ဒေါ်အောင်ဆန်းစုကြည်ကိုဗဟိုအလုပ်အမှုဆောင်က ဖယ်လိုက်ပြီလား
 
“အခု  အားလုံးသိတဲ့အတိုင်း တိုင်းစည်းရုံးရေးအဖွဲ့တင်မဟုတ်ဘူး…။ ဗဟိုအလုပ်အမှုဆောင်ရော..၊ ဗဟိုအလုပ်ကော်မတီ ရော..အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်..။ ခေတ္တယာယီဥက္ကဌက ဦးအောင်ရွှေနဲ့ ခေတ္တယာယီအတွင်းရေးမှူး   ဦးလွင်..တဲ့။ ဒီရာထူးတွေဟာ အခုအဖမ်းခံနေရတဲ့ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ရာထူးတွေ..။ ဒီရာထူးတွေကို  ဒီလိုအစားဝင် ယူကြတယ်..။ ခေတ္တယာယီဆိုတာတော့ပါပါရဲ့..။ ဒါပေမဲ့ အမှုဆောင်အဖွဲ့ထဲမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  မပါ တော့ဘူး..။ ပြီးတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်တို့  အဖမ်းခံနေရတုန်း  တာဝန်မထမ်းနိုင်လို့ပါဆိုတာမျိုးမပါဘူး..။ ဒီတော့  ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ခေါင်းဆောင်မှုကို ဖယ်လိုက်ကြပြီလား..။ ခင်ဗျားတို့ ဒါကိုရော အလေးအ နက် ရှိကြရဲ့လား..။ ဒီလို  ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုကို ပထုတ်သလိုလိုလုပ်လာတဲ့ အထက်အဖွဲ့အစည်း တွေကို  ကျနော်သံသယရှိတယ်..။ ဒါ့ကြောင့် ကျနော်အထက်အဖွဲ့အစည်းတွေကို  သတိရှိရှိပဲဆက်ဆံမယ်..”ဒီလို ပြောလိုက်တော့မှပဲ  အားလုံးပဲ  လှုပ်လှုပ်ရွရွဖြစ်သွားတယ်..။ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမည်များ အမှု ဆောင်သစ်ထဲမှာမပါတော့…ဥက္ကဌ၊ အတွင်းရေးမှူးနေရာကသာမဟုတ်ပဲ..၊ အမှုဆောင်အဖွဲ့အတွင်းကပါထုတ်ပစ်တဲ့ သ ဘောဖြစ်နေလို့  ဒါကိုလုံးဝလက်မခံနိုင်ကြောင်း..၊ခြောက်မြို့နယ်စလုံးကပဲ ဆူဆူညံညံကန့်ကွက်ကြပါတယ်.။

ဦးမောင်အေးကလည်း  ဒီလိုတော့ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို ထုတ်ပယ်ပစ်တာ  မဖြစ်နိုင်ဘူး.. လို့သာပြန်ပြော နိုင်တယ်..။ ခိုင်ခိုင်မာမာ ချေပပြောဆိုနိုင်မှုမရှိပါ.။ သူကိုယ်တိုင်တောင် ဇဝေဇ၀ါဖြစ်သွားတဲ့ပုံလိုလိုပါ..။

“ဒီကိစ္စကိုတော့   ရန်ကုန်ပြန်ရောက်မှ သေသေချာချာဆွေးနွေးပြီး နောက်တခါမှ ရှင်းလင်းပါမယ်..။ နောက်ကိစ္စကတော့…မြို့နယ် စည်းရုံးရေးကော်မတီတွေမှာလည်းအဖမ်းခံရတဲ့သူတွေရှိလို့ စနစ်တကျပြန်လည်ဖွဲ့စည်းဖို့လိုအပ်တယ်..” လို့  ပြော ပြန်တော့.. အဲဒီလိုအဖမ်းခံရတဲ့သူတွေကိုရော  မြို့နယ်စည်းကော်မတီမှာ   ချန်ထားခဲ့ရမလား..ထည့်ပြီးဖွဲ့ရမလား..လို့မေး ကြပြန်တယ်..။ ဒါကိုလည်း  ဦးမောင်အေး.. တိတိကျကျမဖြေရှင်းနိုင်ပါ..။ နောက်မှစာထွက်ပါမယ်..လို့ပြောပြီး..။ ဦးပိုက်ခြုံ ကတော့   ဒီလိုအချိန်မျိုးမှာ တဦးနဲ့ တဦးဖေးမပြီးလုပ်ရမှာကို မလုပ်ပဲ..၊ လုပ်ငန်းနှောင့်နှေးအောင်လုပ်နေသလို   လုပ်ရပ်မျိုး ကိုရှောင်ရှားကြဖို့.. ဆောင်းပါးရိပ်ခြည်ပြောပြီး အစည်းအဝေးပြီးပါတယ်..။

အစည်းအဝေးပြီးသွားပေမဲ့ ချက်ချင်းလူစုမကွဲပါ..။ တိုင်းကလူတွေတခြားထွက်သွားတော့  ကျန်တဲ့ မြို့နယ်အချို့က  ကျ နော်တို့နဲ့ ဆက်ပြီးလက်ဘက်ရည်ဆိုင်ထိုင်ဖြစ် ကြပြန်တယ်..။ ဒီတော့မှ  သူတို့ကလည်း တိုင်းနဲ့ ဗဟိုရဲ့လုပ်ပုံကိုင်ပုံတွေကို မကျေနပ်ကြောင်းပြောကြပါတယ်..။ အထူးသဖြင့် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌနဲ့အတွင်းရေးမှူးရာထူး များ က ဖယ်ရှားရုံမက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာကိုမရှိတော့တာဟာ  သံသယရှိစရာကောင်းတယ်လို့ ထင်ကြပေမဲ့ ဒေါ် အောင်ဆန်းစုကြည်ကို  အဖွဲ့ကထုတ်ပစ်တဲ့အဆင့်အထိတော့  ဘယ်သူမှလုပ်ရဲမှာမဟုတ်ဘူးလို့ ဆိုကြပါတယ်..။ ကျနော် က  အဖွဲ့ချုပ်ရောက်စဉ်က တာဝန်ရှိပုဂ္ဂိုလ်တဦးက ဒေါ်အောင်ဆန်းစုကြည်ကို  န၀တအနေနဲ့   ခါးခါးသီးသီးဖြစ်နေလို့ ရှဥ့် လဲလျှောက်သာ  ပျားလည်းစွဲသာ ဘယ်လိုများလုပ်ရပါ့လို့တောင်..ပြောနေကြောင်း ပြောပြရတယ်..။

နောက် ကျနော်သိထားသလောက် ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဌနဲ့ အထွေထွေအတွင်းရေးမှူးနေရာ တွေမှာ  ဘယ်သူတွေ တာဝန်ထမ်းဆောင်နေသလဲလို့သာ မေးတာကို  ဥက္ကဌနဲ့ အတွင်းရေးမှူးနေရာမှာ ဘယ်သူတွေ..ဘယ်သူတွေကဘယ်လိုဘယ်ပုံ   ဆောင်ရွက်နေပါတယ်လို့ ဖြေကြားရုံသာရှိတယ်..။ နောက်ထပ်ဆက်မေးလာမှ မေးလာ သလို ဆောင်ရွက်ရမှာပါ..။ အခုတော့ လိုတာထက်ပိုပြီး  ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အမှုဆောင်အဖွဲ့အတွင်းမှာ တောင်မရှိတော့ပါ ဘူး.ဖယ်ရှားလိုက်ပါပြီလို့  အကြောင်းကြားတဲ့သဘောအထိ   န၀တကိုအလိုလိုက်အကြိုက် ဆောင်ပြ လိုက်တာကို ပြောပြလိုက်ပါတယ်..။

ကျနော်တို့သာမက ဒီကိစ္စဟာတပြည်လုံးမှာရှိတဲ့အဖွဲ့ဝင်များအတွင်းမှာပါ  ပွစိပွစိဖြစ်လာပါတယ်.။ ဧပြီလ (၂၄) ရက်နေ့မှာ တော့ ရွေးကောက်ပွဲကော်မရှင်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပြင်ဆင်ဖွဲ့စည်းတာကို  အ တည်ပြုကြေညာလိုက်ပြန်ပါတယ်..။ ဒီတော့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုအလုပ်အမှုဆောင်က  ဒီကိစ္စကို  ရှင်း လင်းတဲ့အနေနဲ့  (၃၀.၄.၉၁) နေ့စွဲနဲ့ ထုတ်ပြန်ချက်အမှတ် (၁/၉၁) ဆိုပြီး ထုတ်ပြန်ပါတယ်..။ (ထုတ်ပြန်ချက် (၁/၉၁)ကို နောက်ဆက်တွဲ (၈) တွင် ဖော်ပြထားပါတယ်..)

အဲဒီအထဲမှာ  ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ (၁၇) ရက်နေ့ကတည်းက ဗဟိုဦးစီးအဖွဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြောင်း..၊ ရက်စွဲနှစ်ခုကို ဖော်ပြခဲ့ပါတယ်..။

ကော်မရှင်က  (၂၀.၁၂.၉၀)နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှဥက္ကဌ၊အထွေထွေအတွင်းရေးမှူးနဲ့အတွင်းရေးမှူး များနေရာတွေမှာ  ဘယ်သူတွေဆောင်ရွက်နေလဲလို့ မေးထားတော့  ..အဲဒီစာမရခင်
ဒီဇင်ဘာ(၅)ရက်နေ့  ကတည်းက အမှုဆောင်ကို  တိုးချဲ့ပြင်ဆင်ဖို့ဆုံးဖြတ်ပြီးသားဆိုတာကို  ဖော်ပြချင်ဟန်တူပါတယ်..။ ပြီးတော့မှဒီအချိန်မှာပဲ..ရွေးကောက်ပွဲကော်မရှင်က “လက်ရှိတာဝန်ခံဆောင်ရွက်နေသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တင်သွင်းပေးရန်  အကြောင်းကြားလာလို့ အဖွဲ့ချုပ်ရဲ့  ပြင်ဆင်ထားတဲ့ဖွဲ့စည်းပုံအခြေခံ  စည်းမျဉ်းနဲ့အညီ  တိုးချဲ့ပြင်ဆင်ဖွဲ့စည်းထားတဲ့အမည်စာရင်းကိုပေးလိုက်ပါတယ်လို့ ပါပါတယ်..။

အပိုဒ်(၁၀)ပိုဒ်ပါတဲ့  အဲဒီ(၁/၉၁)ထုတ်ပြန်ချက်မှာဗဟိုအလုပ်အမှုဆောင်အဖွဲ့  အမည်စာရင်းထဲက  ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့  အမည်များ ဘာကြောင့်ချန်ထားခဲ့သလဲဆိုတာကိုတော့  အစအနတောင်ဖော်ပြခြင်းမရှိပါဘူး..။ကော်မရှင်က လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အမှုဆောင်စာရင်းတင်သွင်းပါလို့   အကြောင်းကြားတဲ့စာရဲ့နေ့စွဲတော့မဖော်ပြပါ..။ဒါပေမဲ့  အဲဒီရက်အတွင်း (၂၀.၁၂.၉၀)နေ့ကကော်မရှင်ကပို့တဲ့  စာကတော့ဒီလိုအကြောင်းကြားမထားပါ..။ဥက္ကဌနဲ့အတွင်းရေးမှူးနေရာတွေမှာ ဘယ်သူတွေဆောင်ရွက်နေသလဲလို့သာ  မေးထားတာပါ..။

ဒီတော့ လက်ရှိအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ဟာ၁၉၉၀ခုနှစ်ဇူလိုင်လက  ကျင်းပခဲ့တဲ့   ဂန္ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်များကို  ဖြဲဆုတ်ပစ်လိုက်ရုံမက  ဗိုလ်ခင်ညွန့်ကြေညာခဲ့တဲ့(၁/၉၀)ကိုလည်း လက်ခံလိုက်ပြီးတဲ့ အပြင်   ဒေါ်အောင်ဆန်းစုကြည်ကိုပါအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်က  ပယ်လိုက်ပြီဖြစ်လို့  အလွန်ဖောက်ပြန်တဲ့ဗဟိုအလုပ်အမှုဆောင်ဖြစ်သွားပြီလို့  ကျနော်တို့ အားလုံးယူဆကြပါတယ်..။တခုပဲ ကျန်တော့တယ်..။ဒေါ်အောင်ဆန်းစုကြည်ကို  အဖွဲ့ချုပ်ကထုတ်ပယ်ဖို့ပဲ ကျန်တော့တယ်..။အဲဒီလောက် အထိရော  မဖောက်ပြန်ပဲနေပါ့မလားလို့    ဗဟိုအလုပ်အမှုဆောင်ကိုအာမမခံနိုင်တော့ပါ..။ကျနော်တို့ကတော့  မကြာခင်လာတော့မယ်လို့တောင်  သံသယရှိနေကြပါပြီ..။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, အုန်းနိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်