ထင်အောင် – ကျွန်တော်နေနေတဲ့ အတ္တလမ်းသွယ်
June 19, 2015
– ကျွန်တော်နေနေတဲ့ အတ္တလမ်းသွယ်
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၅
ကျွန်တော်တို့ နေထိုင်နေတဲ့ကမ္ဘာကြီးဟာ တကယ်တော့တိုင်းပြည်များနဲ့ စုပေါင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ တိုင်း ပြည်တိုင်းမှာလည်း သူအကျယ်အဝန်းနဲ့သူ ရှိနေကျပါတယ်။ အဲဒီတိုင်းပြည်ဆိုတာကလည်း မြို့တွေ ရွာတွေစုထားတော့မှဖြစ် လာတာပါ။ မြို့တွေ ရွာတွေတိုင်းမှာ သေချာပေါက်ရှိနေတာက လမ်းကလေးတွေဖြစ်ပါတယ်။ လမ်းကျဉ်းလမ်း ကျယ်-လမ်း ချော လမ်းကြမ်း ကွာခြားရင်သာ ကွာခြားနေမယ် ဖောက်ထားတဲ့ရည်ရွယ်ချက်ကတော့ ယာဉ်တွေ လူတွေ တိရိစ္ဆာန်တွေအားလုံးသွားလာလှုပ်ရှားလို့ရအောင် လုပ်ပေးထားကြတာချည်းပါပဲ။ ဆင်သွားလမ်းဖြစ်ဆိုသလို သွားလာလို့ရတဲ့ လမ်းကြမ်း တွေကို လူတွေကပြုပြင်မှုတွေလုပ်လာတာကြောင့် ချောမွေ့တဲ့လမ်းချောလေးတွေဖြစ်လာပါတယ်။ ဒီအခါမှာ လမ်းတွေကို အမည်လှလှလေးတွေ ပေးလာကြပါတယ်။
တချို့လမ်းတွေက ပန်းလှလှလေးတွေရဲ့ နာမည်ပေးထားကြပါတယ်။ နှင်းဆီ- သဇင်-ဂန္ဓမာစသည်ပေါ့။ တချို့ လမ်းတွေ ကိုတော့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအမည် ပေးထားကြပါတယ်။ စေတီပုထိုးတွေကိုဦးတည်နေတဲ့လမ်းတွေကျတော့လည်း စေတီ ပုထိုးအမည်တွင် နေပါတော့တယ်။ သမိုင်းဝင်ထင်ရှားတဲ့အဆောက်အဦးတွေရှိနေတဲ့လမ်းတွေကိုတော့ အဆောက် အဦအမည် ပေးထားတတ်ပါတယ်။ ဒီလိုလမ်းတွေအများကြီးအထဲက ကျွန်တော်နေခဲ့ဘူးတဲ့ အတ္တရပ်ကွက်ထဲမှာရှိနေတဲ့ အတ္တလမ်းသွယ်လေးအကြောင်းကို သတိရလာပြီး ပြောပြချင်လာပါတယ်။
ကျွန်တော်တို့မိသားစုတောကနေ မြို့ကို ပြောင်းလာချိန်မှာ မြို့ပေါ်ကို အရင်ဦးစွာရောက်နှင့်နေတဲ့ မိတ်ဆွေအပေါင်းအသင်း တစုက နေရေးထိုင်ရေးအဆင်ပြေစေရန် သူတို့ခြေချနေထိုင်နေတဲ့ အနီးအနားမှာ နေထိုင်နိုင်အောင် အသင့်စီစဉ်ပေးထား ကြပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ မြို့ပေါ်တက်လာသူတွေ စုပေါင်းနေထိုင်ကျတဲ့နေရာလေးမှာဖြစ်ပါတယ်။ ပထမ တော့ နယ်ကတက်လာတဲ့မိသားစုတွေက တအိမ် နှစ်အိမ် ဆောက်ရာကနေ နောက်ပိုင်းမှာ ရပ်ကွက်ကြီးတခုဖြစ်လာပါ တော့တယ်။ လမ်းမကြီးပေါ်ကနေဖြတ်သွားတဲ့သူတွေကတော့ ကျူးကျော်ရပ်ကွက်လေးလို့ ပြောကျပါတယ်။ ကျွန်တော်တို့ မြို့ကိုရောက်တဲ့အချိန်မှာ ကျူးကျော်အိမ်လေးတွေ တော်တော်များပြီး လူ စည်ကားတဲ့ရပ်ကွက်လေးဖြစ်နေပါပြီ။
ကျူးကျော်ရပ်ကွက်ဆိုလို့ တောင်ဘက်တလုံး မြောက်ဘက်တလုံး ထင်သလိုဆောက်ထားတဲ့နေရာလို့ မထင်လိုက်ပါနဲ့။ အိမ်တအိမ်နဲ့ တအိမ်ထရံချင်းဆက်နေတဲ့ရပ်ကွက်လည်း မဟုတ်ပါဘူး။ တအိမ်ရဲ့ခေါင်းရင်းက အခြားအိမ်ရဲ့နောက်ဖေးဘက် ဖြစ်နေတဲ့ အနေအထားမျိုးမရှိတဲ့ ရပ်ကွက်လေးပါ။ ဘယ်သူကဦးဆောင်ပြီး အကွက်ဖေါ်နေရာချထားခဲ့သလဲ မသိပါဘူး။ အိမ် တိုင်းအိမ်တိုင်းမှာ အလျားပေသုံးဆယ် အနံပေလေးဆယ်ခန့်ရှိတဲ့ ဝင်းခြံလေးတွေရှိနေကျပါတယ်။ ပိုင်ဆိုင်သူရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေအပေါ်မူတည်ပြီး အိမ်ရဲ့အဆင့်အတန်းကတော့ ကွာခြားကျပါတယ်။ အိမ်ရှေ့မှာလည်း လမ်းမချော ချောလေးက ဖြူးနေပါတယ်။ လမ်းမဘေး နှစ်ဘက် နှစ်ချက်မှာ ရေစီး ရေလာကောင်းအောင် ရေမြောင်းကိုဖောက်ထားပါ သေးတယ်။ ရေဆိုးတွေ စီးဆင်းမဲ့မြောင်းမှာ ရေမဝပ်နေနိုင်အောင် ရေစီးရေလာအားကောင်းရအောင် အနိမ့်အမြင့်လျှော လျှောလေးလုပ်ထားပါသေးတယ်။ ရပ်ကွက်ထဲမှာနေသူအများစုက ပညာတတ်တွေမဟုတ်ကျပါဘူး။ ဒါပေမဲ့ ရေမြောင်းကို ရေစီးဆင်းနိုင်အောင်ဖေါက်ရမယ်ဆိုတာတော့သိကျပါတယ်။ တောကနေပြောင်းလာကြတဲ့ တောသားတွေဆိုတော့အလုပ် ကြမ်းကို မကြောက်ကျပါဘူး။ လမ်းဖောက်မယ်ဟေ့ဆိုတာနဲ့ အိမ်မှာရှိတဲ့ပေါက်တူးကိုင်ပြီး ရောက်လာတာပါပဲ။ မြောင်းတူး မယ်ကြားတာနဲ့ တူရွင်းကိုကိုင်ပြီး အဆင်သင့်ဖြစ်နေကျတဲ့ရပ်ကွက်ကလေးဖြစ်ပါတယ်။ ဒီလိုရပ်ကွက်မျိုးက လျှင်လျှင်မြန်မြန် တိုးတက်လာတာ အံ့သြစရာမရှိပါဘူး။ ဒါကြောင့်လည်း လမ်းမပေါ်မှာဖြတ်သွားတဲ့သူတွေက ကျူးကျော်ရပ်ကွက်ဆိုတာကိုယုံတောင် မယုံကျဘူးလေ။ ဒီမြို့ပေါ်မှာနေ နေတဲ့သူတွေကသာ ပြောင်းလဲလာတာကို သိနေကျတာပါ။
မနက်မိုးလင်းတာနဲ့ ခေါင်းရွက်ဗန်းကလေးတွေ ကိုယ်စီရွက်ကာ ဈေးသည်တွေရောက်လာကာ လမ်းမပေါ်မှာဗန်းကိုချပြီး ဈေးခင်းရောင်းချပါတော့တယ်။ ဟင်းသီးဟင်းရွက်လာရောင်းသူ- ငါးကိုဗန်းကလေးနဲ့လာရောင်းသူ- ခုတ်ထစ်ပြီးသား ဝက် သားတွေကို နှီးကြိုးလေးတွေနဲ့သီထားပြီး ရောင်းတဲ့ဝက်သားသည် စတာတွေစုံလာတော့ လမ်းလယ်ကမြေကွက်လွတ် နေရာက ဈေးနေရာဖြစ်လာပါတော့တယ်။ ဒီဈေးလေးကိုအကြောင်းပြုကာ ပထမလမ်းကနေ ဈေးလမ်းဖြစ်လာပါတော့တယ်။ မြို့ထဲကအပြန် တွေ့တဲ့ဆိုက်ကားဆရာကို ဈေးလမ်းလို့သာပြောပြီး မျက်စိမှိတ်လိုက်စီးသွား မျက်စိဖွင့်လိုက်ရင် ဈေးရှေ့ ရောက်နေတာသေချာပါတယ်။ ဈေးကိုအမှီပြုပြီး တစ်လမ်းမှာနေတဲ့လူတွေက စီးပွားရေးပိုအဆင်ပြေလာကြပါတယ်။ ဈေး ထဲမှာ အုန်းသီးရောင်းတဲ့သူရှိလာတော့ အိမ်တအိမ်မှာ အုန်းသီးခြစ်သည် ညှစ်သည်ဆိုတဲ့ဆိုင်းဘုတ် တိုးလာပါတယ်။  ကျောင်းသားကျောင်းသူတွေအတွက် မရှိမဖြစ်သော စာရေးကိရိယာဆိုင် ဖွင့်လာပါတယ်။ ဆိုင်တဆိုင်ရောင်းကောင်းတာနဲ့ အလားတူ စာရေးကိရိယာဆိုင်နောက်တဆိုင်ထပ်ဖွင့်လာပြန်ပါတယ်။ အားလုံးက သူမိတ်နဲ့သူ ရောင်းနေရတာပါပဲ။
ဒုတိယလမ်းသွယ်နှစ်ကတော့ ဈေးလမ်းနဲ့ ကပ်နေတဲ့လမ်းဆိုတော့ ဈေးလမ်းထဲမှာနေရာမရတဲ့ဈေးသည်တွေက နှစ်လမ်းမှာ ဆိုင်ကလေးတွေ ခင်းရောင်းကျပါတယ်။ ဒီလမ်းရဲ့ အဓိကလုပ်ငန်းကတော့ ဈေးသိမ်းတဲ့ဈေးသည်တွေက သူတို့ရဲ့ပစ္စည်း တွေကို အပ်သွားကြတာပါ။ အပ်ခတော့ပေးရပါတယ်။ ဒီလမ်းက ကုန်သိုလှောင်တဲ့လမ်းဖြစ်လာပါတယ်။ မြို့ထဲက ဈေးကြီး ကနေ ကြက်သွန်အဖြူအနီကို အိတ်လိုက်ဝယ်လာပြီး လှောင်ထားပြီး ဗန်းကလေးတွေနဲ့ ရောင်းတဲ့လက်လီဈေးသည်လေး တွေကိုပြန်ရောင်းချပါတယ်။ ကြာလာတော့ ဒီလမ်းကို စတိုလမ်းလို့ခေါ်လာကြပါတယ်။ ဘာလိုချင်သလဲ စတိုလမ်းကိုသွားဆို တဲ့ဆောင်ပုဒ်ဖြစ်လာပါတယ်။ ခေါင်းမူးလို့သွေးကျဆေးလိုနေသလား- ညအချိန်မတော် ချက်ပြုတ်စားကာနီးမှ ဆီပုလင်းထဲ မှာ ဆီကုန်နေသလား စတိုလမ်းကိုသွားဖြစ်လာတယ်။ မိုးအလင်းဆိုင်ဖွင့်ရောင်းတဲ့ လက်ဖက်ရည်ဆိုင်လည်း စတိုလမ်းမှာ ဖွင့်လာပါတယ်။ မနက်ဆို အီကြာကွေးတို့ နံပြားပဲပြုတ်စတာတွေစားချင်ရင် ဒီဆိုင်ကိုပဲအားကိုးနေရပါတော့တယ်။ တတိ ယလမ်းမှာနေတဲ့ ကျွန်တော်အိမ်နဲ့က လမ်းချင်းကပ်နေတာလေ။ ကျွန်တော်တို့ လမ်းကပညာတတ်တွေ ရုံးဝန်ထမ်းတွေ တွေနေတာများပါတယ်။ ဝန်ထမ်းတွေများတော့ ကိစ္စပေါ်ပေါက်လာရင် တိုင်ပင်အကြံတောင်းရအောင် လာတတ်ကြပါ တယ်။ ဒီလမ်းကိုတော့ စာရေးလမ်းလို့အမည်ပေးထားကြပါတယ်။ ဝန်ထမ်းခြင်းအတူတူ မင်းကြီးလမ်းလို့မခေါ်ကြလို့ သိပ်မ ကျေနပ်ကြပါဘူး။ တကယ်တော့လည်း စာရေးအဆင့်တွေပဲနေကြတာပါ။ ဒါပေမဲ့ ဒီလမ်းမှာနေကြတဲ့ဝန်ထမ်းအများစုက အရပ်ထဲမှာ မရှိမဖြစ်အသုံးဝင်တဲ့သူတွေ ဖြစ်လာပါတယ်။ ရုံးနဲ့ပတ်သက်တွေကိစ္စတွေမှာ အကူအညီရတော့ ကျေးဇူး တင် နေကျပါတယ်။ မီတာစာရေးလုပ်တဲ့သူက လဆန်းရင် တရပ်ကွက်လုံးက မီတာခတွေကို ဒိုင်ခံသွင်းပေးတတ်ပါတယ်။ သူနဲ့ အဆင်မပြေတဲ့အိမ်ကတော့ ကိုယ်တိုင်တန်းစီသွင်းပေါ့။ မူလတန်းပြဆရာမပျိုလေးဆို ရပ်ကွက်အထဲက ကလေးတွေအားလုံး ကိုလက်တွဲပြီး ကျောင်းသွားကျောင်းပြန် တာဝန်ယူခေါ်သွားပေးတဲ့တာဝန်ကို ယူထားပါတယ်။ ကျောင်းသွားရော ကျောင်းပြန်ပါ ဒီကလေးတအုပ်နဲ့ အမြဲနေနေရတဲ့ အပျိုမလေးကိုသဘောကျနေတဲ့သူက ဘယ်အချိန်မှာမှ စကားပြောခွင့်ရ နိုင်မလဲလို့ မဆီမဆိုင်ပူနေမိသေးပါတယ်။ မကြာပါဘူး ဆရာမလေးရဲ့မင်္ဂလာဖိတ်စာရောက်လာပါတယ်။ သူတို့ ကျောင်းက ဆရာလေးနဲ့ပါ။ ယောင်နောက်ကို ဆရာမဆံထုံးပါသွားတော့ ကျောင်းတက်ချိန်မှာကလေးတွေကို အမေတွေ အမတွေ အဖွားတွေက လက်စွဲပြီး လိုက်ပို့နေရတာ လိုက်ကြိုနေရတာကိုတွေ့ နေရပါတယ်။ ဆရာမလေးတယောက်ရဲ့ အသုံးဝင်ပုံ ကို သဘောပေါက်နားလည်သွားကျပါပြီ။
နောက်ဆုံး စတုတ္ထမြောက်လမ်းသွယ်ကလည်း အရောင်းအဝယ်သမားတွေပဲ များပါတယ်။ ရပ်ကွက်အင်္ဂါနဲ့ ညီအောင်ဖွင့်ထား တဲ့ခေါက်ဆွဲဆိုင်ရှိပါတယ်။ ခေါက်ဆွဲဆိုင်နဲ့ကပ်ရက်ကဆို ပြည်တွင်းဖြစ်နိုင်ငံခြားယမကာတွေ တင်ရောင်းနေပါတယ်။ သူနဲ့ မလှမ်းမကမ်းမှာ ဘီအီးလို့အများခေါ်နေတဲ့ အဖြူဆိုင်ဖွင့်လာပါတယ်။ အောက်ခြေလူတန်းစားတွေသောက်သုံးနိုင်အောင်သုံးလေးအိမ်ခြားမှာ တောအရက်ဆိုင်ပေါ်လာပါတယ်။ လူတန်းစားအလွှာအားလုံး ပျော်ပျော်ပါးပါးသောက်သုံးနိုင်အောင် ဆိုင် တွေဖွင့်ပေးထားလို့ ဒီလမ်းကို ယမကာလို့ အမည်ပေးလိုက်ပါတယ်။
အသွင်တူတဲ့လူတွေစုနေတဲ့လမ်းကလေးတွေကနေ အတ္တလမ်းဆိုတာဖြစ်လာရပါတယ်။ ဈေးလမ်းနဲ့ စတိုလမ်းကလူတွေ စီးပွားရေးအကြောင်း ကုန်ဈေးနှုန်းအကြောင်းသာ ပြောနေတတ်တာကြောင့် ဒီလမ်းနှစ်လမ်းကို လောဘ (၁) လမ်းနဲ့ လော ဘ (၂) လမ်းလို့ခေါ် လာကြပါတယ်။ လောဘဆိုတာက အာရုံ၌ကပ်ငြိသောအားဖြင့် တပ်မက်ခြင်းလက္ခဏာရှိသော သ ဘောရှိတာကိုခေါ်ပါတယ်။ ဒီလမ်းနှစ်လမ်းလုံးက လူတွေကငွေကို အင်မတန်မှတက်မက်ကြတာကြောက့်ပါ။ နောက်ဆုံး လမ်းသွယ်ကိုတော့ ဒေါသလမ်းလို့ခေါ်ကြပြန်ပါတယ်။ အရက်ဆိုင်တွေရှိတဲ့လမ်းဆိုတော့ မူးလာရင် သီချင်းအော်ဆိုကြစကား များရာကနေ ရန်ဖြစ်တဲ့အဆင့်ကို ကူးသွားတတ်ပါတယ်။ အပြောအဆိုအပြုအမူတွေကလည်း ကြမ်းတမ်းလာကြပါတယ်။ ကြမ်းတမ်းသောအားဖြင့် ပြစ်မှားခြင်းလက္ခဏာရှိရင် ဒေါသဖြစ်တာလို့ သတ်မှတ်ထားပါတယ်။ လောဘ ဒေါသနဲ့တွဲနေ တာကမောဟပါ။ ဒီတော့ ကျန်နေတဲ့ ကျွန်တော်တို့ စာရေးလမ်းက အလိုလိုမောဟလမ်းဖြစ်သွားပါတော့တယ်။ မှန်တော့ လည်း မှန်ပါတယ်။ ဒီလမ်းမှာနေနေတဲ့သူအများစုက ငါတို့ကပညာတတ်တယ်၊ တခြားလမ်းကသူတွေက စာမတတ် ဥစ္စာရ ဘို့ လောက်သာလုပ်တတ်တယ် စတဲ့အတွေးတွေ ဝင်နေကြပါတယ်။ အာရုံ၏သဘောအမှန်ကိုဖုံးလွှမ်းခြင်း လက္ခဏာ ဖြစ်ပေါ်နေတာက မောဟစိတ်ဖြစ်ပါတယ်။
လမ်းလေးလမ်းစလုံးကလူတွေဟာ လောဘ ဒေါသနဲ့ မောဟတွေ ဖုံးကွယ်နေတာကြောင့် အမှန်တရားကိုမမြင်နိုင်တော့ဘဲ မာနဆိုတဲ့ ထောင်လွှားမှုတွေဖြစ်လာကြပါတယ်။ ဒီမာနတရားကြောင့် တဦးကို တဦး အပြစ်မြင်လာကြပါတယ်။ (၁) လမ်းက ကုန်စုံဆိုင်မှာ ဈေးသွားမဝယ်ကြတော့ဘူး။ (၂) လမ်းကလူတွေကလည်း လကုန်ရင် မီးတာခ မဆောင်ခိုင်းတော့။ မီတာခ ဆောင်ပေးနေကျ စာရေးကြီးကလည်း အလုပ်သက်သာတာပေါ့ဗျာလို့ ပြောပါတယ်။ မီတာခ မဆောင်ရတော့ သူလည်း လက်ဖက်ရည်ဘိုးအပြင် ဝင်ငွေနည်းနည်းလျော့သွားမှာပါ။ မာနတွေကြောင့် မိတ်ဆွေတွေ အခင်အမင်ပျက်သွားရတာကိုသတိမထားနိုင်တော့ပါ။ လောဘလမ်းကလူတွေက ငါတို့ က သူများပိုက်ဆံကို မတရားယူနေတာမဟုတ်ဘူး။ သမ္မာအာဇီဝရိုးရိုးသားသားရောင်းဝယ်စားသောက်တာလို့ ပြောကြပါတယ်။ လောဘမရှိတဲ့လူပြစမ်းပါလို့တောင် စိန်ခေါ်လိုက်ပါသေး တယ်။
ဒေါသလမ်းကလူတွေကလည်း ထစ်ကနဲဖြစ်တာနဲ့ တုတ်ဆွဲ ဓားဆွဲရင်း ငါတို့က အမှန်တရားကိုပဲလက်ခံတယ်။ မတရားမှုကို လက်မခံဘူးလို့ မူးမူးနဲ့ အော်တတ်ကြပါတယ်။ သူတို့ဘက်ကြည့်တော့လည်း မှန်သလိုလိုဖြစ်နေပါတယ်။ အမှန်ကတော့ လမ်း (၄) လမ်းမှာနေနေတဲ့ လူတွေအားလုံးက အတ္တသိပ်ကြီးနေကြတာပါ။ ဒီလိုနဲ့ပဲ ပတ်ဝတ်ကျင်အနီးနားက ရပ်ကွက်တွေက ကျွန်တော်တို့ရပ်ကွက်လေးကို အတ္တရပ်ကွကလို့ နောက်ပြောင်ခေါ်လာပါတော့တယ်။ ရပ်ကွက်ကလမ်းတွေ ကိုလည်း အတ္တလမ်းသွယ်လို့ အမည်တပ်လာပါတယ်။ ကိုယ်ထင်ရာတွေကိုယ်လုပ်တော့ ညီညွတ်မှုလဲမရှိတော့ဘူးဖြစ်လာ ပါတယ်။ ဈေးလမ်းကလူတွေက ဈေးကအမှိုက်တွေကိုမြောင်းတွေအထဲသွန်ချပစ်ချတော့ မြောင်းတွေပိတ်လာပါတယ်။ ရေစီးမမှန်တော့ လမ်းပေါ်ရေလျှံတက်ပြီး လမ်းတွေပျက်စီးကုန်ပါတယ်။ အားလုံးတက်ညီလက်ညီဖေါက်ထားတဲ့ လမ်းချော လေးတွေကနေ ဗွက်ထနေတဲ့လမ်းဖြစ်သွားပါပြီ။
အရင်ကလို လမ်းပြင်ရအောင်ဟေ့လို့အော်လိုက်ရင် တူရွင်းပေါက်တူးကိုင်ထွက်လာမဲ့သူမရှိတော့တာ သေချာပါတယ်။      မြောင်းမှာရေမစီးတော့ပဲ ရေဝပ်နေတော့ ခြင်တွေပေါလာပြန်ပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျမ်းမာရေး ထိခိုက်လာပါတော့တယ်။ လူမှုရေးစိတ်ဓာတ်ခေါင်းပါးလာတယ်။ ကျမ်းမာရေးထိခိုက်လာတယ်လို့ပြောတဲ့သူကို စကားကြီး စကားကျယ်ပြောတယ်ဆိုကာ စိတ်ဆိုးကျပါသေးတယ်။ နောက်ဆုံးတော့ နှစ်ပေါင်းများစွာနေလာတဲ့ ဒီရပ်ကွက်လေးမှာ ဆက်နေသင့်မသင့်ကိုစဉ်းစားရတဲ့အခြေအနေထိ ရောက်လာပါတော့တယ်။ မနေတော့ဘူးဆိုရင် အိမ်ပြောင်းရမယ်။ ရပ် ကွက်လဲ ပြောင်းရမှာပါ။ ပြောင်းသွားမဲ့ရပ်ကွက်အသစ်ကကော အတ္တကင်းပါ့မလား။ လူသားတွေစုနေတဲ့ရပ်ကွက်လေ။ အတ္တရှိမှာ သေချာပါတယ်။
သေချာစဉ်းစားလိုက်တော့မှ ဒီရပ်ကွက်မှာရှိတဲ့လူတွေအကြောင်း သိပြီးသားဖြစ်နေတာ သေချာပါတယ်။ (၁) လမ်းက ဒီလူက လောဘကြီးတယ်။ (၂) လမ်းက ဒီပုဂ္ဂိုလ်က ဒေါသကြီးတယ်။ သူနဲ့ စကားပြောရင် စကားမမှားအောင်ပြောရမယ်ဆိုတာ သိနေပြီးသား ဖြစ်ပါတယ်။ ဘယ်လမ်းက ဘယ်သူကို ဘယ်လိုဆက်ဆံရမယ်ဆိုတာကို နောကြေပြီးသားပါ။ ကျွန်တော်ကို လည်း  (၃) လမ်းကကောင် ဘဝင်ကောင်လို့ပြောနေပေမယ့် တွေ့ ရင်တော့ပြုံးပြဖို့ မမေ့ကျပါဘူး။ သူများတွေကိုတွေ့ ရင် လောဘကြီးသူ ဒေါသကြီးသူ မောဟကြီးသူလို့ အမြဲထင်နေတဲ့ ကျွန်တော်အတွက် အတ္တရပ်ကွက်နဲ့ အတ္တလမ်းသွယ်က သာနေဘို့ အသင့်လျော်ဆုံးနေရာဖြစ်တယ်ဆိုတာကို နားလည်လာပါတော့တယ်။
ထင်အောင်
ဓာတ်ပုံ / အောင်ထက်
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်