နောင်ကျော် – ကိုယ်က ဆုတ်ပြီးရင်းဆုတ်နေမှတော့ သူတက်လာမှာ တကယ်သေချာ

June 19, 2015

ဓာတ်ပုံ / ဧရာဝတီ

နောင်ကျော် – ကိုယ်က ဆုတ်ပြီးရင်းဆုတ်နေမှတော့ သူတက်လာမှာ တကယ်သေချာ
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၅
(မိုးမခမဂ္ဂဇင်း အတွဲ ၂၊ အမှတ် ၆၊ ဇွန်လ ၂၀၁၅ တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

(၁)
လောကသဘာဝတွင် မျက်နှာချင်းဆိုင်ထားသော ဘက်နှစ်ဘက်အနက် တဘက်က နောက်ဆုတ်သောခြေလှမ်းတွေရှိလာတိုင်း အခြေားတဘက်က ရှေ့တိုးလာသော ခြေလှမ်းတွေက ရှိတတ်စမြဲပင်။ ဘက်နှစ်ဘက်ကို အဓမ္မနှင့် ဓမ္မဟု ဆိုကြပါစို့။  ဓမ္မကနောက်ဆုတ်လျှင် အဓမ္မက ရှေ့တိုးလာတတ်သည်။ ဓမ္မက ရှေ့တိုးလာခြင်းကြောင့် အဓမ္မကနာက်ဆုတ်သွား တတ်သည်။ ဤသည်ကို သီအိုရီသဘောဟု ဆိုနိုင်ပါသည်။ သို့သော် တကယ့်လောကထဲတွင် ဓမ္မက အားကောင်းမောင်းသန်ရှေ့တိုးလာသော်လည်း အဓမ္မက နောက်ဆုတ်မသွားဘဲ တလှမ်းပြီး တလှမ်းရှေ့တိုးပြီး ဓမ္မကို တိုက်ခိုက်ဖြိုခွဲတတ်ခြင်းကိုလည်း တွေ့ရတတ်သည်။ အားကောင်းမောင်းသန်လှပါသည်ဟုဆိုသော ဓမ္မဘက်မှာ ချို့ယွင်းချက်တွေရှိနေသောကြောင့် လား။ အဓမ္မဘက်၏ မိုက်တွင်းနက်မှု၊ မိုက်ရိုက်ထွားကျိုင်းမှုက အမြင့်ဆုံးအဆင့်သို့ရောက်နေခြင်းကြောင့်လား။ စဉ်စား စရာ တွေရှိသည်။

(၂)
ဗမာပြည်သမိုင်းတွင် ၁၉၈၈ ကဖြစ်ခဲ့သော လူထုအရေးတော်ပုံကြီးသည် တပါတီ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းကြောင်းပေါ်မှာ ဦးတည်ပြီး ဖြစ်ခဲ့သည်။ ဤမျှကြီးမားသော ပြည်သူလူထုအရေးတော်ပုံ ကြီး၏ တိုက်ပွဲဝင်တောင်းဆိုချက်များက အပေါ်ယံပုံသဏ္ဌာန်ပဲ ရခဲ့သည်။ အနှစ်သာရက ယခုထိမရရှိသေး။ မဆလခေတ် ၁၉၇၄ ဖွဲ့စည်းပုံလိုပဲ စစ်အာဏာရှင်ကျောထောက်နောက်ခံထားသော ၂၀၀၈ ဖွဲ့စည်းပုံကို ရခဲ့သည်။ ပါတီစုံအမည်ခံထား သော ခေတ်တွင် စစ်တပ်ကျောထောက်နောက်ခံထားသော ပြည်ခိုင်ဖြိုးပါတီကပဲ အာဏာကို ချုပ်ကိုင်ထားသည်။ လွှတ်တော်များထဲတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဗြောင်ကျကျဝင်ထိုင်ပြီး အရေးကြီးသော ဆုံးဖြတ်ချက်များကို ချုပ်ကိုင်ထားသည်။ ပါတီစုံနာမည်ခံထားခြင့်နှင့် လိုက်လျောညီထွေဖြစ်အောင် ဒီမိုကရေစီအခွင့်အရေးတချို့ပေးထားသောလည်း ပေးထားသော အခွင့်အရေးများကို တဖြည်းဖြည်း ထိန်းချုပ်၍ ကန့်သတ်တင်းကျပ်လားနေသည်ကို တွေ့ရသည်။ စီးပွားရေးလုပ်ငန်းအများစုမှာ စစ်တပ်ပိုင်ကုမ္ပဏီများ၊ ဗိုလ်ချုပ်ဟောင်းများပိုင်ဆိုင်သော ကုမ္ပဏီများ၊ စစ်အာဏာရှင်ဟောင်း များနှင့် ပုလင်းတူ ဗူးဆို့ဖြစ်သော ခရိုနီများလက်ထဲတွင် ရှိသည်။ မဆလခေတ်က ပြည်သူပိုင်ဟုခေါ်သော နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအားလုံးသည် စစ်အာဏာရှင်ခေါင်းဆောင်များ၏ လက်ညှိုးညွှန်ရာအောက်တွင် ရှိခဲ့သည်။ ယခု ဈေး ကွက်စီးပွားရေးဟုခေါ်ကြာသော စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းခန့် (မှန်းဆချက်) သည် စစ်အုပ်စုနှင့် အပေါင်းအပါ (ခရိုနီ) များ၏ ကစားကွက်ထဲသို့ ရောက်နေပေပြီ။ နိုင်ငံရေးအာဏာရော၊ စီးပွားရေးအာဏာကိုပါ စစ်အုပ်စုအဟောင်းအသစ် များက လွှမ်းမိုးချုပ်ကိုင် ထင်ရာစိုင်းခွင့် ရယူထားသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်နှင့် စစ်အုပ်စု ဈေးကွက်စီးပွား ရေးခေတ်။ ထို့ကြောင့်လည်း နိုင်ငံရေးသမားတချို့က စစ်ဗျူရိုကရက် အရင်းရှင်စနစ်ဟု ယနေ့ခေတ်ကာလကို နာမည်ပေး ကြခြင်း ဖြစ်သည်။

ထိုသို့ အပေါ်ယံအသွင်သဏ္ဌာန်တွေ ပြောင်းလဲခဲ့သော်လည်း အာဏာရ၏အနှစ်သာရတွေက မပြောင်းလဲဘဲ အရင်အတိုင်း လိုပင် ဆက်ရှိ၊ ဆက်ဖြစ်နေသောခေတ်ကို အသွင်းပြောင်း စစ်အာဏာရှင်စနစ်ဟု ပြောရခြင်းဖြစ်သည်။ ဖွဲ့စည်းပုံဥပဒေ၊ နိုင်ငံရေးချုပ်ကိုင်မှု၊ စီးပွားရေးလွှမ်းမိုးနေရာယူထားမှုများကိုကြည့်ပြီး အသွင်ပြောင်းစစ်ဏာရှင်များ၏ တလှမ်းပြီး တလှမ်း ရှေ့တိုးလာသော ခြေလှမ်းများနှင့် ခြေကုပ်ယူမှုများကို တွေ့နေ မြင်နေရသည်။ ၁၉၈၈ အရေးတော်ပုံကြီးမှ ပေါက်ဖွား လာခဲ့သော ထိုနောက်ပိုင်းကာလများတွင် ထိုးထွက်ပေါ်ပေါက်လာခဲ့သော နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီတိမ်းညွှတ်သောအဖွဲ့ အစည်းများ၏ ခြေလှမ်းတွေက ရှေ့သို့တိုးပြီး လှမ်းနေကြပါသေးရဲ့လား။ ရပ်တန့်သော ခြေလှမ်းများဖြစ်ခဲ့ကြပြီလား။ နောက်ပြန်ဆုတ်သော ခြေလှမ်းတွေဖြစ်ကုန်ကြပြီလား။ စေ့စေ့စပ်စပ်ကြည့်ဖို့ အကဲဖြတ်ဖို့လိုလာပါပြီ။

တလှမ်းပြီး တလှမ်းရှေ့တက်လာသော ခြေခံသများ၊ တွေဝေရပ်တန့်နေသော ခြေလှမ်းများ၊ နောက်သို့ မသိမသာရော၊ သိသိသာသာပါ ဆိုတ်ခွာလာသော ခြေသံများကို ကြားရသည်။ ကိုယ့်ဘက်ခြမ်းဟု ယုံကြည်သတ်မှတ်ထားသော နေရာများ မှ အသံများ။

ဒလကြမ်းနင်းတက်လာသော ခြေသံပြင်းပြင်းတွေကိုလည်း ကြားနေရသည်။ ဖိနှိပ်သူတို့ဘက်က ခြေလှမ်းတွေ၊ ခြေသံတွေ၊ ပြီးတော့ နားလှည့်ပါးရိုက်သော အမိန့်များ၊ အာဏာပြင်းလွန်းသော အမိန့်များ။

အမိန့်တွေပေးတာ မကျေနပ်ဘူး ဟူသော သီချင်းသည် ကိုယ့်ဘက်ခြမ်းမှာပင် တဖြည်းဖြည်း တိမ်ဝင်လာသော ခေတ်ပြိုင်ခံ စားမှု၊ မာန်တွေ ကျိုးကြေ၊ အသံတွေကြေမွ၊ ဟန်သဏ္ဌာန်တွေ ကြွေကျခဲ့လေပြီလား။ တချို့ကိုတော့ အားမနာတမ်းပင် မေးရတော့မည်။

(၃)
ကမ္ဘာပေါ်တွင် ဖွဲ့စည်းပုံဥပဒေရေးဆွဲသည့်ကာလအရှည်ကြာဆုံး (၁၄ နှစ်ကျော်) အချိန်ဆွဲပြီး အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံမူကြမ်းထွက်လာကတည်းက ဖွဲ့စည်းပုံတိုက်ဖျက်ရေး တိုက်ပွဲဆင်နွှဲရေးအသံက ထက်ကြပ်မကွာ ကပ်လိုက်လာခဲ့ သည်။ ဗမာပြည်နိုင်ငံရေး၏ အနာဂတ်တိုက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးပင်ဖြစ်ကြောင်းကို ဥပဒေတွင်း၊ ဥပပေ၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးပါတီများ အဖွဲ့အစည်းများက ကြွေးကြော်ခဲ့ကြသည်။ ကာလနည်းနည်းကြာလာသောအခါ နိုင်ငံ ရေး ပါတီများနှင့် အဖွဲ့အစည်းအတော်များများ၏အသံက ဖွဲ့စည်းပုံဖျက်သိမ်းရေးမဟုတ်။ ပြင်ဆင်ရေးလမ်းကြောင်း ဖြစ်သွားသည်။ အားမတန်၍ မာန်လျော့သော အသံလား။ နည်းပရိယာယ်သဘောကို ပြောသောအသံလား။ အကြောက် တရားနှင့် ခြောက်ချားလာသောအသံလား။ ခြေလှမ်းတချို့က ရပ်တန့်၊ တချို့ကနောက်ဆုတ်သွားသည်။

စစ်အာဏာရှင်အုပ်စုဘက်ကတော့ မေခလာဆိုခဲ့သော ပြန်ပေတော့ မစဉ်းစားနဲ့ .. ပြန်ပေတော့ မစဉ်းစားနဲ့ ပြန် ..ပြန် ..နောက်လှည့်ပြီး ပြန် ပြန် ဟူ သော သီချင်းစာသားကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ဆိုနေခဲ့ကြပုံရသည်။ နောက်ဆုတ်ခဲ့ ကြသော ခြေလှမ်းတွေကို မြင်နေကြားနေရသည်ကိုး။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်ပြည့် (ငွေရတု) အခမ်းအနား၏ ဆုံးဖြတ်ချက် ၃ ခုထဲတွင် .. ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရန် (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် … ဟူသော အချက်လည်း ပါသည်။ ဆုံးဖြတ်ချက် အကောင် အထည်ဖော်ရေးကော်မီတီတွေ ဘာတွေဖွဲ့သည်။ ငွေရတုကြေညာစာတမ်းမှာပင် အရေးတော်ပုံကြီး၏ မပြီဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်သွားမည် ဟု ဖော်ပြထားခဲ့သည် မဟုတ်လား။

အစည်းအဝေးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်သောသတင်းတွေကို ကြားခဲ့ရသည်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဖွဲ့စည်းပုံပြင် ဆင်ရေးလက်မှတ်ထိုးလှုပ်ရှားမှု ဖြစ်လာသည်။ ပြည်သူလူထု ငါးသန်းခန့်က အားတက်သရော လက်မှတ်ရေးထိုးကြသည်။ ဤလက်မှတ်တွေကို လွှတ်တော်သို့တင်သည်ဟု ကြားရသည်။ နောက်တော့ လက်မှတ်ငါးသန်းသတင်းလည်း လွှတ်တော် နိုင်ငံရေးပင်လယ်ကြမ်းပြင်အောက်မှာ စုန်းစုန်းမြှုပ်သွားသည်။ ဆက်သွယ်မှုဧရိယာပြင်ပမှာ ထင်ပါရဲ့။

လှုပ်ရှားတောင်းဆိုမှု ဖိအား (လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှု) မပါသော လွှတ်တော်တွင်းလှုပ်ရှားမှုသက်သက်က မထိရောက်တတ်သော၊ အရာမရောက်တတ်သော သင်ခန်းစာကို ရခဲ့ကြမည်ထင်သည်။ ထင်သည်ဟုသာ ပြောပါသည်။ သင်ခန်းစာ တကယ်ရ မရတော့ မသိပါ။

ဒီအခါမျိုးတွင် ၂၀၀၈ ဖွဲ့စည်းပုံဖက်တွယ်ဆုပ်ကိုင်ထားသူများဘက်မှ ဝေ့လည်ကြောင်ပတ်စကားတွေပြော၍ ရှေ့တလှမ်း တိုးလာသည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်၍မဖြစ်နိုင်တော့ပါဟူသော သဘောထားအမြင်များဖြင့် ရှေ့တက်လာ သော ခြေသံများ၊ ရပ်သွားသော (သို့မဟုတ်) နောက်ပြန်ဆုတ်သွားသော ခြေခံတွေ၊ လေသံတွေကို သူတို့ဘက်က ကြားနေ မြင်နေသောကြောင့် ဖြစ်မည်။

(၄)
၂၀၁၅ မတ်လ ၁၀ ရက်နေ့တုန်းက လက်ပန်တန်းမြို့မှာ ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကို အစိုးရဘက်က အကြမ်း ဖက်ဖြိုခွဲဖမ်းဆီးခဲ့သည့်လုပ်ရပ်က ကမ္ဘာကျော်သွားသောဖြစ်ရပ်တခု။ ကမ္ဘာမှာ မြန်မာဟေ့လို့ ကျောင်းသားဖြစ်သူ တွေဘက်က ဂုဏ်ယူဝံ့ကြွားနိုင်ပေမယ့် ပြည်ခိုင်ဖြိုးအစိုးရအတွက်တော့ ဒီမိုကရေစီမျက်နှာဖုံးကွာကျပြီး စစ်အာဏာရှင်အဏွယ် ဖွေးဖွေးနှင့် သွေးဆာနေသော မျက်နှာကို ပြည်တွင်း ပြည်ပမှ မြင်လိုက်ရသောနေ့ဖြစ်သည်။ သို့သော သူတို့ကလည်း ခပ်တည်တည်။

ဤသို့ အကြမ်းဖက်ခံရမှုတွင် ဘယ်သူတွေမှာ တာဝန်ရှိပါသနည်း။ အစိုးရကတော့ မဆလဦးနေ၀င်းခေတ်တုန်းကလိုပင် စစ်ယူနီဖောင်းချွတ်၍ တိုက်ပုံဝတ်ထားသော စစ်တပိုင်းအစိုးရ။ အာဏာအပြည့်အ၀ယူထား၊ ချုပ်ကိုင်ထားသည်ကတော့ ကာလုံဟုခေါ်သည့် စစ်ဗိုလ်ချုပ်တွေအများစုပါဝင်သော အဖွဲ့ဖြစ်သည်။ ဤအစိုးရကို အဓိကတာဝန်ရှိသူဟုပြောလျှင် အဓိက တာဝန်ရှိသူ (နံပါတ် ၁) နောက်တွင် ဒုတိယ၊ တတိယတွေကို တန်းစီပြောရတော့မည်။

ကျောင်းသားတွေတောင်းခဲ့သည်က ဒီမိုကရေစီပညာရေးဖြစ်လာအောင် အမျိုးသားပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ ကျောင်းသားတွေချည်းသက်သက်၏ သဘောထားအမြင်မဟုတ်။ ပညာရှင်တွေ၊ အတွေ့အကြုံကြီးမားသူတွေ ကျွမ်းကျင်သူတွေ၊ လက်တွေ့ဆောက်ရွ့်နေသူတွေနှင့် ကျောင်းသားတွေ၏ နှီးနှောဖလှယ်ပွဲတွေ၊ ဆွေးနွေးပွဲတွေမှ ပေါ်ထွက်လာသော ရလဒ်သဘောထားအမြင်ဖြစ်သည်။ အစိုးရက အရင်ခေတ်တွေလို ပညာရေးကို ချုပ်ကိုင်ထားခြင်သော် လည်း မလွဲသာ၍ ဟန်ဆောင်ဖြေလျှော့ပေးထားသော ပညာရေးဥပဒေဖြစ်သည်။ ဒါကို ကျောင်းသားတွေက ဦးဆောင်ပြီး တကယ်ဖြေလျှော့ ပေးဖို့၊ ဒီမိုကရေစီပညာရေးဖြစ်ဖို့ တောင်းဆိုသည်။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြညသည်။ ပြည်သူလူထုကြီးက ၀န်းရံထောက်ခံသည်။ မန္တလေးမှ ချီတက်လာသော ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ဖြတ်သန်းလာရာ မြို့ရွာအား လုံးက သောင်းသောင်းဖြဖြ ကြိုဆိုသည်။ ၀ိုင်းရံထောက်ခံအားပေးသည်။ ကာကွယ်စောင့်ရှောက်ပေးသည်။ ဤဖြစ်စဉ်ကို အသေးစိတ်မပြောတော့ပါ။

၁၉၇၄ – ၇၅ အလုပ်သမားသပိတ် (မဆလစစ်အာဏာရှင်ခေတ်) ကာလမှာ အလုပ်သမားတွေက သူတို့ဘ၀လိုအပ်ချက်များနှင့် အတူ ဆီ ဆန်ပေးဖို့တောင်းခဲ့တုန်းက အစိုးရဘက်က ကျည်ဆံတွေပေးပြီး ပစ်သတ်ခဲ့ဖူးသည်။ အခုလည်း အာဏာတောင်း နေခဲ့ကြသည်မဟုတ်။ ဒီမိုကရေစီပညာရေး တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဟန်ပြဆွေးနွေးပွဲတွေ၊ အလိမ်အညာကတိစကား တွေနှင့် နောက်ဆုံးတော့ ဗကသများအဖွဲ့ချုပ်ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခဲ့သည်။ အသေးစိတ်သိ ချင်လျှင် ၁၀း ၁၀း ၁၀ လက်ပန်တန်း ထွက်ဆိုချက် စာအုပ်ကို ဖတ်ကြည့်စေချင်သည်။

စစ်ဗျူရိုကရက်အစိုးရက ကျောင်းသားတွေကို စွပ်စွဲသည့် အစိုးရလေသံအတိုင်း ဗကပတွေ ဟုစွပ်စွဲခဲ့သူတွေ၊ ဗကသနှင့် တကသကို ခွဲထုတ်ပစ်ခဲ့သူတွေ။ ပင်မသပိတ်စစ်ကြောင်းမှ ခေါင်းဆောင်တွေကို ပုတ်ခတ်တိုက်ခိုက်ခဲ့သူတွေ၊ ဒီမိုကရေစီ ပညာရေးတောင်းခဲ့တာကို ကွန်မြူနစ်ပညာရေးတောင်းသည်ဟု စွပ်စွဲခဲ့သူတွေအများစုသည် ယခင်က ဒီမိုကရေစီဘက်တော် သားဟုဆိုသူများပင် ဖြစ်သည်။ ဤသို့စွပ်စွဲတိုက်ခိုက်၍ အစိုးအရအလိုကျလုပ်ခဲ့သူများထဲတွင် အထိုင်တခုခုမှာ နေရာရ နေသူတွေက ဦးဆောင်လှုံ့ဆော်ခဲ့ကြသည်ကိုလည်း သတိပြုမိကြမည်ထင်သည်။ သူတို့တွေက ကျောင်းသားသပိတ်ကို ရန်လိုတိုက်ခိုက်ရခြင်း၏နောက်ကွယ်တွင် အကျိုးစီးပွားတခုခုရှိနေမှာ သေချာသည်။ မတရားမှုတခုဖြစ်လာတိုင်း ထိုမတရားမှု နောက်ကွယ်တွင် တစုံတယောက်က အကျိုးရှိနေတတ်သည်ဟူသော အဆိုလည်း ရှိနေခဲ့သည်ပဲ မဟုတ်လား။

ကျောင်းသားသပိတ်စစ်ကြောင်းက ရှေ့တလှမ်းပြီး တလှမ်းတိုးနေချိန်တွင် (ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အစိုးရအလိုကျလုပ်နေသော ဒီမိုကရေစီဘက်တော်သားဆိုတွေက ရှေ့တိုးနေသော ခြေလှမ်းတွေကို နောက်ပြန်ရောက် အောင်၊ ရပ်တန့်သွားအောင် ဆွဲချခဲ့ကြသည်။ ဆွဲချခဲ့သူတွေ၏ ခြေလျမ်းကတော့ နောက်ဆုတ်နေခဲ့ပြီးသား။ ဤအခြေအနေ တွင် စစ်အာဏာရှင်စရိုက် မပျောက်သေးသော အစိုးရဘက်က ရှေ့သို့တလှမ်းပြီး လှမ်းသည်။ သူတို့၏ ခြေလှမ်းထဲတွင် ရက်စက်သော ရမ်းကားသော အသံတွေက ပါနေပြီးသား။ အသားကျနေပြီသား။ ယဉ်ပါးနေပြီးသား ဖြစ်သည်။

မျက်နှာချင်းဆိုင်ရမည့် အဓိကဘက်နှစ်ဘက် အတူယှဉ်လျှောက်၍ လက်တွဲလိုက်ကြသောအခါ ကျန်ရှိသော မျက်နှာချင်း ဆိုင်မှ အင်အားစုများကို ဖြိုခွဲချေမှုန်းဖို့ လွယ်ကူသွားတော့သည်။ ချေမှုန်းခံရသည့်အထဲတွင် အမှန်တရားနှင့် အမှန်တရားဘက်တော်သားများလည်း ပါဝင်သည်။ သို့သော အမှန်တရားကို မည်သို့ပင်ချေမှုန်း ချေမှုန်းပါစေ၊ ကြေပြုန်း ပျက်သုဉ်းမည်မဟုတ်။ ချေသော် မကြေသေ မျိုးဆက်အမွေအဖြစ် ရှင်သန်တင်ကျန်ရစ်သော သမိုင်းသည် ပစ္စုပ္ပန်တွင်ပင် ထင်ရှားစွာ။

(၅)
ရှေ့ပိုင်းတွင် ပြောခဲ့သည်မှာ နမူနာ ဥပမာသာဖြစ်သည်။ ဗမာပြည်အနှံ့တွင် လယ်သိမ်းယာသိမ်း မြေသိမ်းခံထားရသော ပြဿနာတွေက ခုန်ထ အုံကြွနေဆဲရှိသည်။ အလုပ်သမားတွေ၏ လုပ်ခ လစာနှင့် လုပ်ငန်းခွင်တွင်း ဖိနှိပ်ညှဉ်းပန်းခံနေရ သော ပြဿနာတွေကလည်း တအုံနွေးနွေးဖြင့် မီးခဲပြာဖုံးအခြေအနေမှာ ရှိသေးသည်။ လေအပင့်၊ စိတ်အမြှင့်တွင် ကြွေးကြော်တောင်းဆိုသံတွေ လွင့်ပျံလာခြေရှိနေဆဲ။ အပစ်အခတ်ရပ်ဆဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးစကားဝိုင်းထဲသို့ စစ်ပွဲ ဒေသမှ ကျည်ဆံတွေ၊ သွေးစက်တွေက လွင့်ပျံကျလာနေဆဲ ရှိသေးသည်။ စစ်ပွဲမှ ငြိမ်းချမ်းရေးသို့သွားရာခရီးမှာပင် ငြိမ်းချမ်းရေးစကားဝိုင်းထဲမှာ စစ်ပွဲ၏ အနိဌာရုံတွေကို မြင်နေရတုန်း။ ငြိမ်းချမ်းရေးမရှိတော့ ဒီမိုကရေစီလည်း အသေကောင် ဘ၀မှာ ခွေအတွေ၊ လင်းတတွေ၏ စားစရာဖြစ်နေသည်။ ဒီမိုကရေစီသေတော့ ငြိမ်းချမ်းရေးလည်း ရပ်တည်စရာ မြေမရှိတော့။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့ မရှင်သန် မတည်ရှိသောမြေတွင် တန်းတူခွင့်တည်ဆောက်ရမည်၊ ညီညွှတ်သွေး စည်းမှုဆိုတာ အာမခံချက်မရှိတော့။ ညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးဆိုင်ရာ အခြေခံတွေက လုံးပါးပါးနေသောကာ လမျိုးတွင် အဓမ္မတရားတွေ၊ အားကြီးသူ၊ အနိုင်ယူတာတွေ၊ အနိုင်ကျင့်လုယက်သိမ်းပိုက်တာတွေ၊ လူလူချင်း ဆက်ဆံရေး တွင် အရှင်သခင်နှင့် ကျေးကျွန်ဆက်ဆံရေးပုံများ ခေါင်းထောင်မင်းမူလာတာတွေအပါအ၀င် အဆိုးဘက်က ခြေလှမ်းတွေ၊ မတရားမှုဘက်က ခြေလှမ်းတွေက တလှမ်းပြီး တလှမ်း ရှေ့တက်လာပြီး သွေးတိုးစမ်းလာတော့သည်။ အခိုင်အမာ ခြေကုပ် ယူလာကြတော့သည်။

ဤအခြေအနေနှင့် မျက်နှာချင်းဆိုင်မှာရှိနေသော အကောင်းဖြစ်ချင်သူ၊ အမှန်တရားဘက်မှာရှိနေသူ၊ ဓမ္မဘက်မှာ ပြတ်ပြတ် သားသား ရပ်တည်နေသူများနှင့် ဒီမိုကရေစီရေး တန်းတူ ညီညွှတ်ရေး ငြိမ်းချမ်းရေးဘက်တော်သားများအားလုံးအနေဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ရေးအတွက် ဘယ်လောက်သွေးစည်းခဲ့ကြပါပြီလဲ။ ဘယ်လောက်ထိ လက်ချင်းချိတ်ဆက်၍ ဆုံးဖြတ်ချက် ပြတ်သားခဲ့ကြပါပြီလဲ။ ကိုယ့်တပ်ကိုနင်း၍ ရလိုဇောနှင့် မက်မောနေသူများအပေါ် ဘယ်လောက်ထိ စည်းဖြတ်ကန့်သတ်ပြီးပြီ လဲ။ ၈၈ အရေးတော်ပုံကြီး၏ မပြီးသေးသောတာဝန်များကို ဆက်လက်သယ်ပိုးထမ်းဆောင်ဖို့ အသိရှိရှိ ဆုံးဖြတ်ခဲ့ကြပါပြီလား။

ဓမ္မဘက်တော်သားတွေ၏ ခြေလှမ်းတွေက ညီညာစွာ ရှေဲ့တိုးနိုင်လျှင်တော့ အဓမ္မ၀ါဒီတွေ၏ ခြေလှမ်းတွေက နောက်ဆုတ် သွားရမည်မှာ သေချာသည်။

ဆန့်ကျင်ဘက်ကို ဆန့်ကျင်ဘက်ဟု မမြင်ခြင်း၊ ဆန့်ကျင်ဘက်ကို ကိုယ်နှင့်အတူတူဟု သိမြင်သတ်မှတ်ခြင်း၊ ကိုယ့်ဘက် သားကို ရန်သူလိုသတ်မှတ်၍ သပ်လျှိုသွေးခွဲကာ ဆန့်ကျင်တိုက်ခိုက်ခြင်း၊ ဦးဆောင်ရမည့်နေရာမှာ အားလုံးက နေရာပေး ထားသော်လည်း ဦးဆောင်မှုပေးရမည့်အစား၊ ရပ်ခံကာကွယ်ပေးရမည့်အစား၊ ဖိနှိပ်အနိုင်ကျင့်နေကြသူတွေ၏ လေသံမျိုး၊ ကြည့်မြင်ပုံမျိုးဖြင့် ကြည့်၍ ပြောခြင်း … အစရှိသည်တို့သည် နောက်ဆုတ်နေသောခြေသံများဖြစ်သည်။ ပြီးတော့ စုစည်းညီ ညွှတ်တေသာအင်အားမျိုးကို ယုံကြည်မှုမဲ့ခြင်းများ။

ဤခြေသံမျိုးတွေကို ကြားနေသမျှတော့ မျက်နှာချင်းဆိုင်ရာအရပ်ဆီမှ သွေးတိုးအားစမ်းသောခြေလှမ်း၊ ရှေ့သို့တက်လာ သော ခြေလှမ်းတွေကို မြင်နေ ကြားနေရဦးမည်။

အာဏာသည် ပြည်သူထံမှ ဆင်းသက်ရမည်ဆိုသော စကားကို မယုံကြည်သော လက်မခံသော ဤခြေသံသည် စစ်အာဏာရှင်စနစ်၏ခြေခံဖြစ်ကြောင်းကိုတော့ လုံးဝမမေ့ဖို့လိုသည်။

နောင်ကျော်
မေ ၂၂၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, နောင်ကျော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments