လှကျော်ဇော – ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု

June 22, 2015

လှကျော်ဇော – ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၅

မေမြို့ ကရင်တွေလက်ထဲမှာ ညတထိတ်ထိတ် နေ့တထိတ်ထိတ်နေခဲ့ရတယ်လို့ မေမေကပြောခဲ့ပေမယ့် နှစ်လနီးပါး အကြာမှာ မေမေဟာ ခလုတ်မထိ ဆူးမငြိပဲ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါတယ်။

အကြောင်းကတော့ မေမေ သွားရောက်ခိုလှုံနေခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း (ကရင်အမျိုးသားကြီး) မျက်နှာလည်းပါ။ ဖေဖေ့ မျက်နှာလည်း ပါပုံရပါတယ်။ အဲဒီကာလ မေမြို့ကိုသိမ်းတဲ့ ကရင်တပ်ဟာ ယခင်ဗမာ့တပ်မတော်ထဲက တပ်များကပဲဖြစ်တဲ့ အတွက် ဖေဖေနဲ့ တစုံတရာ ဆက်ဆံဖူးသူများဖြစ်ပါတယ်။ ဖေဖေ့အပေါ် အမြင်ကောင်းကြပုံရပါတယ်။ မေမေက ရန်ကုန်က လေယာဉ်ပျံလာခေါ်ပြီ၊ လူနဲ့ အဝတ်အစား အနည်းအကျဉ်းပဲယူပါလို့ မှာလိုက်တဲ့အတွက် အဝတ်အစားသေတ္တာတလုံးနဲ့ သမီးအငယ်ကိုချီပြီး သားအမိနှစ်ယောက် လေယာဉ်ပျံကွင်းကို ဆင်းခဲ့ရပါတယ်။ သူ့ကိုလိုက်ပို့တဲ့ ကရင်စစ်ဗိုလ်လေးကို မေမေက “ဗိုလ်ကြီးရယ် ကျွန်မတော့ ရှိသမျှပစ္စည်း ဒီလိုပဲ ပုံထားခဲ့ရပါတယ်” လို့ပြောတော့ အဲဒီစစ်ဗိုလ်လေးက မေမေ့ကို အစ်မကြီး စိတ်ချပါ။ အပ်တိုတချောင်း မပျောက်စေရပါဘူး။ ဗိုလ်မှူး (ဖေဖေ့ကို ရည်ညွှန်းတာပါ) က ကျွန်တော်တို့နဲ့ ဆက် ဆံတဲ့နေရာမှာ ဒီလိုဆက်ဆံသူပါ။ (လက်ညှိုးကို ဖြောင့်ဖြောင့်တန်းပြတယ်တဲ့)။ တချို့စစ်ဗိုလ်တွေလို ဒီလိုဆက်ဆံသူ မဟုတ်ပါဘူး (လက်ညှိုးကို ကောက်ပြတယ်) လို့ ဆိုသတဲ့။ တကယ်လည်း မေမေတို့ ဖေဖေတို့ပစ္စည်းတွေကို ကားတစင်း နဲ့တင်ပြီး မင်္ဂလာဒုံကိုပို့ပေးခဲ့ပါတယ်။ အဲဒီစစ်ဗိုလ်လေး ကတိပေးခဲ့သလိုပဲ အပ်တိုတချောင်းတောင် မပျောက်ခဲ့ပါဘူး။ တကယ်တော့ မေမြို့ကိုသိမ်းတဲ့ ကရင်တပ်က အများစုတပ်သားများဟာ ဖေဖေအစောပိုင်းက လက်နက်ဖြုတ်ပြီး မေမြို့ အချက်ပြတပ်ရင်းထဲမှာ အကျယ်ချုပ်နဲ့ နေနေသူများပါ။ ဗမာ့တပ်မတော်ထဲက ကရင်တပ်တွေ လှုပ်ရှားလာတော့ စစ်ရုံးချုပ် က မြောက်ပိုင်းတိုင်းမှူး ဖေဖေ့ကို လှမ်းပြီး ကရင်တပ်တွေကို လက်နက်ဖြုတ်ခိုင်းပါတယ်။ ဖေဖေက သူတို့တတွေကို အချက် ပြတပ်ရင်း ဘောလုံးကွင်းထဲမှာ စုဝေးစေပြီး မြစ်ဝကျွန်းပေါ်အခြေအနေတွေ တိုင်းပြည်အခြေအနေတွေ ရှင်းပြပြီး ယာယီ သဘော လက်နက်တွေအပ်ဖို့ ဟောပြောတဲ့အတွက်  အသာအတကြည် လက်နက်တွေအပ်ခဲ့ကြပါတယ်။

ဒီကြားထဲ သူတို့ကရင်အမျိုးသား အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကိုယ်တိုင် မေမြို့ရောက်လာပြီး ဖေဖေ့ဆီမှာ ခိုလှုံနေထိုင်နေတဲ့အခါ ဖေဖေက ဂရုတစိုက် တလေးတစား ဆက်ဆံပေးနေမှုတွေကိုလည်း သူတို့က မြင်တွေ့ခဲ့ရပါတယ်။
ဗိုလ်ချုပ်စမစ်ဒွန်းဟာ အဲဒီကာလက ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပါ။ ကန္ဒီစာချုပ် ချုပ်ဆိုအပြီး ဖွဲ့စည်းတဲ့ ဗမာ့တပ် မတော်ထဲမှာ ပါလာတဲ့ ယခင် ဗြိတိသျှတပ်က စစ်ဗိုလ်များဖြစ်ပါတယ်။ ဗမာ့တပ်မတော်ကို အသစ်ပြန်လည်ဖွဲ့စည်းရာ မှာ ခေါင်းဆောင်အတော် များများက ကရင်အမျိုးသားများပါ။ အားလုံးဗြိတိသျှတပ်များကလာကြပြီး အင်္ဂလန်က စစ်တက္က သိုလ်  ကျောင်းဆင်းတွေပါ။

လွတ်လပ်ရေးရပြီးချိန်မှာ ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟာ ဗိုလ်လကျာ်ဖြစ်ပြီး၊ ဗမာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်စတင်ပြီး ဗမာ့နိုင်ငံရေးတွေ ရှုပ်ထွေးလာချိန်မှာတော့ အခွင့်ကောင်းချောင်းနေတဲ့ ဗိုလ်နေဝင်းနဲ့ ဆိုရှယ်လစ်တပ်မှူးများဟာ ဗိုလ်လက်ျာကို အတင်းဖိအားပေး နုတ်ထွက်ခိုင်းပြီး တခြားကရင် စစ်အရာရှိကြီးများကိုတော့ ခြိမ်းခြောက်နုတ်ထွက်ခိုင်းတာတွေ လုပ်ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းလည်း နုတ် ထွက်စာတင်ပြီး သူ့မွေးရပ်မြေကလောမှာပြန်နေဖို့ မင်္ဂလာဒုံလေဆိပ်အဆင်းမှာ အင်းစိန်စော်ဘွားကြီးကုန်းမှာ သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်ခြင်း ခံရပါတယ်။ ဖေဖေ့အထင်ကတော့ လုပ်ကြံခြင်းမဟုတ်ဘဲ ခြိမ်းခြောက်ရုံခြိမ်းခြောက်ပုံရတယ်တဲ့။ ဒီမှာတင် ဗိုလ်ချုပ်စမစ်ဒွန်းလည်း ဒီအချိန်မျိုးမှာ ဗမာအရာရှိကြီးတယောက်ယောက်ဆီမှာ ခိုလှုံနေမှဖြစ်မယ်လို့ သ ဘောရပြီး သူ့လေယာဉ်ပျံကို ကလောကိုမပျံစေဘဲ ဖေဖေရှိရာ မေမြို့ကိုပျံခိုင်းပြီး မေမြို့ကိုရောက်လာတာပါ။ ဖေဖေနဲ့ သူ က သိပ်ရင်းနှီးလှတာမဟုတ်ပေမယ့် တပ်တွေစစ်ဆေးဖို့ သူလာရောက်တဲ့အခါတိုင်း ဖေဖေက ကောင်းကောင်းမွန်မွန် လေး လေးစားစား ဆက်ဆံထားလို့ သူက အန္တရာယ်ကြုံရချိန်မှာ အားကိုးတကြီးနဲ့ ဖေဖေ့ဆီရောက်လာတာပါ။

(ဗိုလ်ချုပ်စမစ်ဒွန်းဟာ ကေအင်ဒီအိုခေါင်းဆောင် စောဘဦးကြီးနဲ့က ကရင်အမျိုးသားချင်းလည်းဖြစ်၊ အင်္ဂလန်ကို ပညာ တော်သင် အတူသွားဖူးတဲ့ သူငယ်ချင်းများလည်းဖြစ်လေတော့ ကေအင်ဒီအိုလှုပ်ရှားမှုတွေ ပြင်းထန်လာချိန်မှာ စစ်သား စိတ်အပြည့်ရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်း အနေနဲ့  နိုင်ငံရေးအရှုပ်အထွေးထဲ မပါချင်တော့ဘဲ စစ်တပ်က အနားယူဖို့လုပ်တော့တာပါပဲ။ တခြားအကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်။)
တကယ်တော့ ဖေဖေတို့တတွေ ရဲဘော်သုံးကျိပ်အဖြစ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားခဲ့စဉ်ကတည်းက သခင်ဂိုဏ်း ၂ ဂိုဏ်း (ဆရာကြီးမှိုင်းအဖွဲ့နဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့) နှစ်ဖွဲ့က လူများအဖြစ် ပါဝင်ခဲ့ကြတာပါ။ ဂိုဏ်းဂဏ စိတ်ကင်း ရှင်းတဲ့ သခင်အောင်ဆန်းဟာ ရှေ့လွတ်လပ်ရေးခရီးကြီးအတွက် တို့လူငယ်တွေ ညီညွတ်ဖို့လိုတယ်ဆိုပြီး သူခေါင်း ဆောင် တဲ့အဖွဲ့ကို စည်းရုံးပြောဆိုပြီး တခြားအဖွဲ့ကလူတွေကိုလည်း ကောင်းမွန်သင့်တင့်စွာ ဆက်ဆံခဲ့တာပါ။ ဗိုလ်နေဝင်းဟာ အဲဒီသခင်ဗစိန်အဖွဲ့ကပါ။ အဖွဲ့မှူးဟာ သခင်ထွန်းအုပ်ဖြစ်ပေမယ့် သူက တိုကျိုမှာပဲကျန်ခဲ့ပြီး အုပ်ချုပ်ရေးပညာပဲ လေ့လာ မယ်လို့ ဆိုခဲ့ပါတယ်။ ဒုအဖွဲ့မှူးကတော့ ဗိုလ်စင်္ကြာပါ။ သူကလည်း စစ်ရေးစစ်ရာ စစ်လေ့ကျင်းခန်းတွေ ဝါသနာမပါလှတဲ့ အတွက် ဗိုလ်နေဝင်းက အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။ ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း သခင်အောင်ဆန်းကို (အဲဒီကာလက သခင်အောင်ဆန်းဟာ ကျောင်းသားခေါင်းဆောင်တဦးအဖြစ်ပဲ လူတွေသိကြတာပါ) တလေးတစား ဆက် ဆံလေတော့ ဖေဖေတို့တတွေကလည်း သူ့ကို တခြားအဖွဲ့ကခေါင်းဆောင်အဖြစ် နေရာပေးဆက်ဆံလာခဲ့တာပါ။ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ကလည်း သခင် ၂ ဖွဲ့ ညီညွတ်ရေးကို အမြဲဦးထိပ်ထားလေတော့ ဗိုလ်နေဝင်းကိုလည်း အမြဲနေရာပေး ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း အထူးသတိထားလုပ်ဆောင်ခဲ့တာကတော့ ဗိုလ်နေဝင်းကို ဘယ်လိုအဆင့် နေရာပဲပေးပေး၊ ဗိုလ်ချုပ်ရဲ့ လူရင်းလူယုံ ဗိုလ်လကျာ်အထက်မှာတော့ ဘယ်တော့မှ နေရာမပေးမှုပါပဲ။ ဗိုလ်ချုပ်ရဲ့ လက် အောက် နံပါတ်၂ နေရာမှာ ဗိုလ်လကျာ်ကိုပဲ အမြဲတသမတ်တည်း နေရာပေးခဲ့တာပါပဲ။

ဗိုလ်နေဝင်း စိုင်ကော်လို့ ချုံပေါ်ရောက်ရတဲ့အဖြစ်ကို ပိုသိလာရတာကတော့ ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) အခုတလော ရေးသားထုတ်ဝေလိုက်တဲ့ တရံရောအခါများက စာအုပ်ထဲမှာ ဂျပန်သွားဖို့ ရွေးချယ်ခံရသူဟာ သခင်ညီ (ဗိုလ်နေဝင်း-ဦး လေး) ဖြစ်ပေမယ့် သွားခါနီး သခင်ညီဖျားသွားလို့ ဗိုလ်နေဝင်းက အစားသွားခဲ့ရတာဖြစ်တယ်ဆိုတဲ့အကြောင်း ပါပါတယ်။ ဒါကြောင့် ကျွန်မတို့အရင်က ကြားဖူးတဲ့ “သခင်ရှုမောင်ဆိုတဲ့နာမည်ဟာ ဂျပန်သွားဖို့ သင်္ဘောပေါ်တက်မှ ဗိုလ်နေဝင်းယူခဲ့ တဲ့နာမည်ပါ” ဆိုတဲ့ ဆိုစကားဟာ အမှန်ဖြစ်ဖို့များ သွားပါတယ်။

ဗိုလ်နေဝင်းဟာ အဲဒီကာလတလျှောက် အတော်သေသေဝပ်ဝပ်နေခဲ့ပေမယ့် ဂျပန်ခေတ်ရောက်တော့ ရာထူးဌာနန္တရတွေ ခိုင်မြဲလာတဲ့အခါ သူ့မူရင်းစရိုက်တွေပေါ်ပြီး အပျော်အပါးလိုက်စား စာရိတ္တတွေယိမ်းယိုင်လာပါတယ်။ ဒီလိုကိစ္စတွေအပြင် နိုင်ငံရေးအရ ထူးခြားချက်တွေလည်း တွေ့လာရပါတယ်။ အဲဒါကတော့ ဗိုလ်နေဝင်းရဲ့ ဂိုဏ်းဂဏလုပ်ဟန်တွေပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို ခေတ်မီတပ်မတော်တရပ်အဖြစ် တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၄၂ ခုနှစ် မှာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ဖွဲ့ပြီး ပညာတတ်အမြောက်အမြား စစ်တပ်ထဲဝင်လာအောင် စည်းရုံး လုပ်ဆောင်ခဲ့ပါတယ်။  အဲဒီကာလမှာ ပညာတတ်တွေ လှိမ့်ဝင်လာပါတယ်။  အဲဒီလူတွေထဲမှာ နောင်ပြည်သူ့အရေးတော်ပုံ ပါတီ (ဆိုရှယ်လစ်ပါတီ) ကို ဖွဲ့စည်းတည်ထောင်ကြမယ့် လူအုပ်စုတွေပါလာတယ်။ အဲဒီမှာ ဗိုလ်အောင်ကြီးတို့ ဗိုလ်မောင် မောင်တို့ ပါလာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မောင်မောင်ကို သိပ်သဘောကျပါတယ်။ ဉာဏ်ပညာထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့အတွက် အတော်အားထားပြီး မွေးမြူပါတယ်။ သို့သော် အဲဒီပညာတတ်အုပ်စုဟာ ဖေဖေတို့အပါအဝင် ဂျပန်ပြန်တွေကိုရော၊ ဘီအိုင်အေကာလက ရဲဘော်အများစုကိုပါ (သူတို့လို တက္ကသိုလ်ပညာတတ်တွေမဟုတ်တဲ့အတွက်) အတော်အထင်အမြင်သေးခဲ့ကြပါတယ်။ အဲဒီအဖွဲ့နဲ့ ဗိုလ်နေဝင်း ပေါင်းမိကြပါတယ်။ ပထမတော့ ဂျပန်တော်လှန်ရေးလုပ်ဖို့ အားမရလို့ လျှောက်ပြောနေကြတာပဲလို့ထင်ရပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းဆန့်ကျင်ရေးပါ ပါလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒီကိစ္စ ဝင်ရောက်ဖြေရှင်းခဲ့ရဖူးပါတယ်။ ဒီအကြောင်းတွေကို ဖေဖေက သူ့စာအုပ်ထဲမှာ ရေးပြီးပါပြီ။

ဖေဖေ့အမြင်ကတော့ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းဟာ တပ်တွင်းအာဏာကို ကျော်လွှားယူလိုကြပါတယ်။ ဒီနေရာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တယောက်ကို မှီခိုဖို့လိုလို့ ဗိုလ်နေဝင်းကို မြေတောင်မြေ‡ာက်ပေးပြီး ဗိုလ်နေဝင်းအရိပ်ခိုကာ တပ်ထဲဗိုလ်ကျလာ ခဲ့တာ၊ ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း သူ့ရဲ့အရည်အချင်းမရှိမှု၊ အကျင့်စာရိတ္တအားနည်းမှုတို့ကြောင့် ရဲဘော်သုံးကျိပ်နဲ့ တပ်တွင်းအများစုရဲ့ လေးစားခြင်းမခံရလို့ မိမိရပ်တည်ရေး၊ တိုးတက်ရေးအတွက် ဒီလူတွေကို မှီခိုအားထား ဖို့ လိုအပ်တယ်လို့ တွက်ချက်ပြီး ပေါင်းဖက်ဂိုဏ်းဖွဲ့ခဲ့ကြတာပဲလို့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဖူးပါတယ်။

“ဖက်ဆစ်တော်လှန်ရေးအပြီး ရန်ကုန်မှာ တော်လှန်ရေးခေါင်းဆောင်တွေ ပြန်လည်စုဝေးမိတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်နေဝင်းအပေါ် အတော်မကျေမနပ်တွေ ဖြစ်နေပြီး တပ်ကထုတ်ပစ်ဖို့တောင် စိုင်းပြင်းခဲ့ဖူးသေးတယ်။ တိတိကျကျ အ ကြောင်းရင်းတွေတော့ ကျွန်တော်မသိဘူး” လို့လည်း ဖေဖေက ဆောင်းပါးတစောင်မှာ ရေးခဲ့ဖူးပါတယ်။ “ဗိုလ်နေဝင်းရဲ့ အန္တရာယ်ကို အစောဆုံးသိရှိသူဟာ ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်တယ်။ ဗိုလ်နေဝင်းက နောင်အခွင့်အရေးရရင် နယ်ချဲ့သမားနဲ့ ပေါင်းပြီး စစ်အာဏာရှင် လုပ်လာနိုင်တယ်။ တိုင်းပြည်နဲ့ လူမျိုးတွေ ထိခိုက်နစ်နာနိုင်တဲ့ ဂိုဏ်းခွဲရေး၊ သွေးခွဲရေး ဆိုးဆိုးဝါးဝါး ကိစ္စတွေ လုပ်လာနိုင်တယ်လို့ ဗိုလ်ချုပ်ကမြင်ပြီး တပ်က ထုတ်ပစ်ဖို့လုပ်ခဲ့တာ” လို့ ဖေဖေရေးဖူး ပြောဖူးတာတွေ ရှိပါတယ်။
ဒါပေမဲ့ ဗိုလ်နေဝင်းရဲ့ အကင်းပါးပြီး ကောက်ကျစ်လှည့်စားနိုင်မှုတွေက သူ့ရဲ့တကိုယ်ရည် ကြီးပွားလိုမှုအိပ်မက်ကို အ ကောင်အထည်ဖော်ပေးခဲ့နိုင်ပါတယ်။ သူဟာ ဘယ်သူ့ကို ဘယ်အချိန်မှာပေါင်းရမယ်၊ ဘယ်အချိန်မှာ ခွာရမယ်၊ ဘယ်သူ တွေကို နင်းပစ်ရမယ်၊ ဘယ်သူတွေကို ရေရှည်ထား ဆက်ဆံရမယ်ဆိုတာတွေကို ကောင်းကောင်းတွက်ချက်နိုင်သူပါ။

သူ့အတွက် အခွင့်ကောင်းတွေ ပေါ်လာတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွား ရတာရယ်၊ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်အာဏာကို ဖဆပလ လက်ယာဂိုဏ်း ဆိုရှယ်လစ်ပါတီက အုပ်စီးမိလိုက်တာရယ်၊ ဗမာပြည်ရဲ့ ကိုလိုနီအရှင်ဟောင်း ဗြိတိသျှနယ်ချဲ့တို့က တပည့်သစ်ရှာလာတာရယ် စတာတွေဖြစ်ပါတယ်။

ဒီမှာတင် ဗိုလ်နေဝင်းဟာ ဆိုရှယ်လစ်ဂိုဏ်းနဲ့ပေါင်းပြီး မတည်မငြိမ်ဖြစ်စပြုနေတဲ့ တိုင်းပြည်အခြေအနေကို ပိုမိုတင်းမာ ပိုမို ပေါက်ကွဲလာအောင် ပြုလုပ်ခဲ့ပါတယ်။ ကေအင်ဒီအိုကိစ္စတွေမှာလည်း သူတို့လက်ချက် အများအပြားပါဟန်ရှိပါတယ်။ (မေမေ့ကို လေယာဉ်ကွင်းလိုက်ပို့တဲ့ ကရင်စစ်ဗိုလ်လေးပြောတဲ့ သူတို့ကို ကောက်ကောက်ကွေ့ကွေ့ ဆက်ဆံတဲ့သူတွေ ဆိုတာ အဲဒီဆိုရှယ်လစ်တပ်မှူးတွေကို ဆိုလိုတာပါ။) အခုအချိန်ထိတော့ သက်သေသက်ကန်ရ ပေါ်ပေါ်ထင်ထင် ပြော နိုင်ပြနိုင်တဲ့အချက်တွေ မရှိသေးပေမယ့် တချို့အစအနတွေကတော့ တဖြည်းဖြည်းပေါ်လာနေပါပြီ။ သွယ်ဝိုက် အထောက် အထားများလည်း ရှိနေပါပြီ။

နဝတအစိုးရလက်ထက်ကထုတ်ခဲ့တဲ့ တပ်မတော်သမိုင်း စတုတ္ထတွဲမှာ ကွန်မြူနစ်တွေတောခိုပြီး ကေအင်ဒီအိုပြဿနာ ပေါ် ပေါက်လာတဲ့အခါ အဲဒီကာလ ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်ကို ဒီပြဿနာတွေ မဖြေရှင်းနိုင်မှုကိုအကြောင်းပြပြီး ဗိုလ် နေဝင်းရဲ့အပေါင်းပါ ဗမာအရာရှိများက ဝေဖန်ပြောဆိုပြီး ဗိုလ်လက်ျာနုတ်ထွက်ပေးရေး တောင်းဆိုခဲ့တယ်လို့ ရေးထား ပါတယ်။ ဗိုလ်လက်ျာကို နုတ်ထွက်ခိုင်းရုံမက ကေအင်ဒီအိုလှုပ်ရှားမှု ပေါ်ပေါက်နေတာတွေကိုအကြောင်းပြပြီး ဗမာ့တပ် မတော်ထဲက ထိပ်ပိုင်းရာထူးတွေ ရရှိထားတဲ့ ကရင်ဗိုလ်ချုပ်တွေကို နုတ်ထွက်ခိုင်းလိုက်ပါတော့တယ်။ ဒီမှာတင် ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ဖြစ်လာတာပါ။

သူ စစ်ဦးစီးချုပ်ဖြစ်လာတာနဲ့ ကေအင်ဒီအိုလှုပ်ရှားမှုတွေကို အကြောင်းပြပြီး ဗမာ့တပ်မတော်ထဲရှိတဲ့ ကရင်တပ်ရင်းတွေကို လက်နက်ဖြုတ်ခိုင်းပါတော့တယ်။ တချို့တပ်တွေ (ဥပမာ မြောက်ပိုင်းတိုင်း) က အသာတကြည် လက်နက်အဖြုတ်ခံ ပေ မယ့် တချို့တပ်များကတော့ လက်နက်ဖြုတ်မခံဘဲ အစိုးရကို ပုန်ကန်တော်လှန်ပြီး ကေအင်ဒီအိုတွေနဲ့ ပေါင်းသွားပါတော့ တယ်။ ဒီတင် ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကြီးဟာ ပိုမိုနက်ရှိုင်းကျယ်ပြန့်သွားပါတော့တယ်။

ဒီနောက်ပိုင်းမှာလည်း ဗမာ့တပ်မတော်မှာပဲ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်အဆင့်ရထားတဲ့ ဦးတင်ထွဋ် လုပ်ကြံသတ်ဖြတ် ခံရ ပါတယ်။ ဒါလည်း ဗိုလ်နေဝင်းတို့ဂိုဏ်းက လုပ်ဆောင်ပုံရပါတယ်။ ဖေဖေကတော့ အဲဒီဆိုရှယ်လစ်တပ်မှူးအုပ်ထဲက “ဗိုလ် —” ကို အခိုင်အမာလုပ်ဆောင်သူလို့ထင်ကြောင်းကို ကျွန်မကို ပြောဖူးပါတယ်။ “အဲဒီကာလတွေတုန်းက သူတို့ ဆိုရှယ်လစ် တွေကြားမှာ “ဗိုလ် —” ကတော့ သိပ်သွေးအေးတာ၊ လုပ်တာကိုင်တာ သိပ်ပိရိတာနဲ့ အကြီးအကျယ် ချီးကျူးနေသံတွေ ကြားရတယ်” လို့ ဆိုပါတယ်။ အင်္ဂလိပ်လူရင်း ဦးတင်ထွဋ်ဟာ သူတို့ရဲ့တက်လမ်းမှာ ပိတ်ဆို့နေပုံရပါတယ်။

ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း မဆလခေတ်ကပွဲတခုမှာ သူမကျေမလည်ဖြစ်နေတဲ့ မိုးကြိုးဦးအုန်းခင် (ဖဆပလခေတ်မှာ တုန်းကတော့ ဗမာ့ခေတ်ဦးအုန်းခင်) နဲ့ တွေ့တော့ စကားပြောနေရင်းက “ဟေ့ ကိုအုန်းခင် မင်း ဦးတင်ထွဋ် ဘယ်လိုသေ သွားလဲ သိရဲ့လား” လို့ ခြိမ်းခြောက်ပြောဆိုဖူးကြောင်း ကျွန်မကြားဖူးခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်အတွင်းမှာ ဗိုလ်နေဝင်းဟာ နိုင်ငံခြား (အထူးသဖြင့်) အင်္ဂလန်ကိုထွက်ပြီး ပြည်တွင်းစစ်တိုက်ဖို့ လက်နက်များဝယ်ယူရာမှာ အံ့သြစဖွယ်တောင်းတာတွေ အကုန်လုံးရလာခဲ့တယ်လို့ ဖေဖေက သူ့စာအုပ်မှာရေးထားတာ တွေ့ရပါတယ်။

ဗြိတိသျှနယ်ချဲ့သမားတွေဟာ ဗမာပြည်က ဆုတ်ခွာသွားရပေမယ့် ဗမာပြည်ထဲမှာရှိတဲ့ သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ပေးမယ့် သူတို့အလိုတော်ရိလုပ်မယ့်လူမျိုးတွေကို ရှာဖွေသိမ်းသွင်းခဲ့ပါတယ်။ ဗမာ့လူထုမျက်စိထဲမှာ ပွင့်ကျပြီး သား လူဟောင်းတွေကို မသုံးတော့ဘဲ ဗမာပြည်သူလူထုမျက်စိထဲမှာ အမြင်ကောင်းနေသေးတဲ့ တော်လှန်ရေးတွေထဲမှာ တစုံတရာ ပါဝင်ခဲ့ဖူးတဲ့ လူသစ်တွေကို ရှာတာပါ။

ဒီလိုနည်းနဲ့ ဗမာ့ခေတ်သစ်နိုင်ငံရေးနယ်ပယ်ထဲက ဦးနုတို့၊ ဗိုလ်နေဝင်းတို့ကို ရှာဖွေ တွေ့ရှိသွားတာပါပဲ။ ဒါပေမဲ့ ဗိုလ်နေ ဝင်းဟာ ဘယ်တော့မှ တလက်ကိုင်မလုပ်ဘဲ တခြားနယ်ချဲ့သမားများ၊ ဖောက်ပြန်ရေးသမားများနဲ့လည်း ဆက်ဆံပူးပေါင်းခဲ့ တာပါပဲ။ မဆလခေတ်မှာ အနောက်နိုင်ငံပေါင်းစုံက သူ့ကို အားပေးခဲ့တာတွေကိုပဲကြည့်ပါ။

တိုင်းပြည်ကြီးကို သူ့ပုဂ္ဂိုလ်ရေး ကိုယ်ကျိုးအတွက် ဒီလိုအသုံးချပြီး ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံဖြစ်အောင် လုပ်သွားခဲ့တဲ့ ဗိုလ်နေ ဝင်းကို အခုအခါ တချို့က ကျေးဇူးရှင်အဖြစ် ပြန်ပုံဖော်နေတာတွေကို အံ့သြဖွယ်၊ ရွံရှာဖွယ် တွေ့နေရပါတယ်။ သြော် ရည် ရွယ်ချက်တွေရှိပုံရပါတယ်။ တိုင်းပြည်အတွက်တော့ ကောင်းတဲ့နိမိတ်မဟုတ်ပါဘူး။

မနှစ်က ၂၀၁၀ ဆောင်းတွင်းမှာ ဖေဖေ အသည်းအသန် မကျန်းမမာဖြစ်ပါတယ်။ အဆုတ်ရောင်ပြီး ချွဲတွေကျပ်လာ အပူတွေတက်လာနဲ့ အသက်ကယ်ခန်းသွင်းပြီး နှစ်ခါ အသက်ကယ်ယူရပါတယ်။ ရာသီဥတုနွေးလာတော့မှ နာလန်ထူပါ တယ်။ ဖေဖေ စိတ်ပြေလက်ပျောက်ရှိအောင်ဆိုပြီး ကျွန်မက ဗမာပြည်က အခုနောက်ပိုင်းထုတ်လာတဲ့ စာစောင်တွေ (ကျွန်မမောင် အောင်ကျော်ဇောက ရွှေလီမှာနေလို့ အဲဒီကနေ မပြတ်ပို့ပေးနေပါတယ်။ အင်တာနက်ကလည်း တခါတလေ ရပါတယ်။) ထဲက ဖေဖေစိတ်ဝင်စားမယ့် ဆောင်းပါးတွေ၊ ရှေးဟောင်းနှောင်းဖြစ်ရေးထားတာတွေကို ဖတ်ဖတ်ပြပါတယ်။ တခါတော့ အသက် ၈၀ တန်း နိုင်ငံရေးသမားဟောင်းကြီးတွေစုပြီး မဆလခေတ်အကြောင်း၊ ၈ လေးလုံး အရေးတော်ပုံ အကြောင်း စုဆွေးနွေးတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့ဆောင်းပါးကို ဖေဖေ့ကို ဖတ်ပြမိပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အကြောင်း စတာတွေလည်း အတော်များများ ပါပါတယ်။ အဲဒီဆောင်းပါးဖတ်ပြီးတော့ ကျွန်မက “ဖေ ဖေရယ် ဗိုလ်နေဝင်းက ဆိုရှယ်လစ်စကားတွေပြောတော့ သူတို့တတွေလည်း မျက်စိလည်သွားဟန်တူပါတယ်” လို့ ပြောမိ ပါတယ်။

အသားဖြူဖပ်ဖြူရော်နဲ့ ဆေးရုံးခုတင်ပေါ်ပက်လက်လှဲပြီး အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ ဖေဖေက “မဟုတ်ပါဘူး သမီး ရယ်၊ သူတို့လက်နက်ချတာမှန်ကြောင်း တရားထူထောင်နေတာပါ။ အဲဒီခေတ် အဲဒီကာလကို ဖြတ်သန်းလုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေအားလုံး ဗိုလ်နေဝင်း ဘယ်လိုလူမျိုးဆိုတာ သိကြပါတယ်”လို့ အသံပျော့ပျော့နဲ့ ဆိုပါတယ်။

ကဲ ဖေဖေက လူတန်းစားအမြင် အဲသလောက် ပြတ်သားတာပါ။

၅-၁၀-၂၀၁၁

• မှတ်ချက်
• အမှားပြင်ဆင်ချက်
ကျွန်မဆောင်းပါးမှာ ယခင်ဗမာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (၁၉၄၆-၄၉) ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ မွေးရပ်မြေကို ကလော လို့ ရေးမိပါတယ်။ ရဲဘော်တယောက်က ထောက်ပြပြီး အမှန်ပြင်ဆင်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ ဇာတိဟာ ဧရာဝ တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာဖြစ်ပါတယ်။ ပိုးကရင်ဘာသာနဲ့ အန်းရဲကလုံးလို့ ခေါ်ပါတယ်။ သူတပ်က အနားပေး ခြင်းခံရပြီးနောက်တော့ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ အသက်ထက်ဆုံး နေထိုင်သွားတာဖြစ်ကြောင်းပါ။ ကျွန်မအမှား အတွက် တောင်းပန်အပ်ပါတယ်။

လှကျော်ဇော

ကျွန်မ ဆက်၍ရေးခြင်သောဖေဖေအကြောင်းများ ဆောင်းပါးအမှတ် (၂၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော

2 Responses to လှကျော်ဇော – ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု

  1. Dr. Maung Maung Gyi on June 23, 2015 at 2:49 am

    ဗမာ့တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းကို စစ်သေနာပတိ၊ ဗိုလ်လက်ျာကို ဒုတိယ စစ်သေနာပတိ လို့ခေါ်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးတော့လည်း ဗိုလ်ချုပ်စမစ်ဒွန်း ကို သေနာပတိကြီးလို့ဘဲခေါ် ခဲ့ကြပါတယ်။ ဗိုလ်နေဝင်း သေနာပတိ ဖြစ်လာတော့ စစ်ဦးစီးချုပ်လို့အမည်ပြောင်းလိုက်ပါတယ်။ သူအကြောင်းပြတာက သေနာပတိ ဟာ ပါဠိကလာတာဖြစိလို့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ချင်း၊ ကချင်၊ ကရင်စတဲ့စစ်သား၊ စစ်ဗိုလ်တွေအလွယ်တကူနားလည်မည့် မြန်မာစကား စစ်ဦးစီးချုပ်လို့အမည်ပြောင်းရတာပါတဲ့။

    ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာက ဗိုလ်နေဝင်းဟာ တပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗိုလ်လက်ျာတို့လို “ချစ်၊ ကြောက်၊ ရိုသေ” ခံရတဲ့ပုဂ္ဂိုလ်မဟုတ်ဘဲ ကြောက်လို့ကိုးကွယ်နေရတဲ့ “နတ်ဆိုး”လိုလူမို့ တချို့အရာရှိကြီးတွေက ကွယ်ရာမှာ ” သေနာပတိကြီး” လို့မခေါ်ဘဲ ဆင်တူရိုးမှားအသံထွက်နဲ့ “သေနာငတိကြီး”လို့ သရ်ာတော်တော် ခေါ်ကြသတဲ့။ “ဟေ့တိုးတိုးပြောကြ၊ “သေနာငတိကြီး” ကြားသွားရင် နားရင်းအအုပ်ခံရပြီး အလုပ်ပါပြုတ်မယ်” စတဲ့သရ်ာသံတွေ ဗိုလ်နေဝင်းကြားသွားလို့ စစ်ဦးစီးချုပ်လို့အမည်ပြောင်းပါသတဲ့။ ဧဝံ ဤသို့ မေ အကျွန်ုပ်သည် သုတံ ကြားခဲ့ရဘူးကြောင်း ပါခင်ဗျား။

  2. Dr. Zhivaka(Kambawza) on June 23, 2015 at 9:18 am

    Dr.Daw Hla Kyaw Zaw- Dear Ah Ma “HLA” , I would like to confirm that Native Birth place of Late General Smith Don is “In Ye Gyi Kyun” village of Kyon Pyaw Township, Irrawaddy Division instead of KALAW, Shan State. There is also buried place(Tomb) in that village when he expired. I had been visited there when I was Township Medical Officer of Kyaung Gon Township. In Ye Gyi Ngapi( Shrimp Paste) is very famous & delicious. Dr.Maung

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments