ဖိုးထက် – တာဝန်မရှိတဲ့ အရှုံး

June 22, 2015

 
ဖိုးထက် – တာဝန်မရှိတဲ့ အရှုံး
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၅

လွန်ခဲ့ပြီးသော မြန်မာ့ လက်ရွေးစင် U23 ဘောလုံး အသင်းနှင့် ထိုင်း U23 အသင်းတို့၏ ဗိုလ်လုပွဲကို ကွင်းထဲသို့ ကိုယ်တိုင် ကိုယ်ကျ ကျွန်တော် သွားရောက်အားပေးခဲ့သည်။ အားပေးသည်ဟုသာ ကျွန်တော်သုံးရသည်။ အမှန်က အားပြတ်ပြီး ပြန်လာသည်ဟုဆိုလျှင် ပိုပြီးမှန်ပေချိမ့်မည်။

ကျွန်တော့်ဘ၀မှာ ဘောလုံးပွဲတွေကြည့်ခဲ့တာ ရာချီ၊ ထောင်ချီ၊ သောင်းချီ ရှိပေရော့မည်။ တီဗွီက ကြည့်သည်။ အပြင် ကွင်းမှာလည်း ကြည့်သည်။ ဘောလုံးပွဲတွေ ဘယ်လောက်ကြိုက်သလဲဟုဆိုရလျှင် ဘ၀၏အရေးကြီးဆုံးစာမေးပွဲဟု ပြော ရမည့် စာမေးပွဲဖြေရမည့် နောက်ရက်မတိုင်ခင် ဒီလိုညမှာ ဘောလုံးပွဲကြည့်လို့ကောင်းနေဆဲ။ ဒါကို အမေကသိတော့ “မင်းတော့ ငါပစ်လိုက်ရပြီ” ဟု မချိတင်ကဲရေရွတ်တာ ခံခဲ့ရသည်အထိ ကျွန်တော် ဘောလုံးပွဲတွေကြိုက်ခဲ့သည်။ မှတ်မိပါ သေးသည်။ ကျောင်းတုန်းက ၀ါသနာတူ သူငယ်ချင်းသုံးယောက် ညနေ ၆ နာရီလောက်ကတည်းက ဘောလုံးပွဲ ထိုင်ကြည့် တာ နောက်ရက် မနက် ၇ နာရီအထိ ဆက်တိုက် ဘောလုံးပွဲတွေ ထိုင်ကြည့်ခဲ့သည်။

ကိုယ်တိုင်သာ ဘောလုံးတလုံးကို လိုရာသို့ရောက်အောင် မကန်တတ်ပေမယ့် ဘောလုံးပွဲတွေကြည့်တာများလာတော့ ကစားကွက်တွေ၊ ကစားသမားတွေကို နားလည်သလိုလို ရှိလာသည်။ မော်ရင်ဟို ဘယ်အချိန်မှာ ဘယ်ဘောလုံးသမား လဲ လှယ် ကစားစေသည်နှင့် တပြိုင်နက် ဒီလူကြီး ဂိုးရှေ့မှာ ဘတ်စ်ကားကြီး ရပ်ထားသည့်ကစားကွက်နှင့် ကစားချင်ပြီဆိုတာ သိသလိုလို ရှိလာသည်။ ဆာအဲလက်စ်ကြီး သူ့အသင်း ရှုံးနေစဉ်မှာ ရှိသမျှ တိုက်စစ်မှူးတွေ ကွင်းထဲမောင်းသွင်းတာ တွေ့ လျှင် ဒီအဘိုးကြီးတော့ မကောင်းသူထိပ်၊ ကောင်းသူထိပ် ကစားကွက်လုပ်ပြီလို့ ကျွန်တော်တို့ ဟာသလုပ်ခဲ့ကြသည်။ ၄-၄-၂ လား၊ ၄-၃-၃ လား၊ ၄-၁-၃-၁-၁ လား စသည်ဖြင့် ကျွန်တော် ဆရာကြီးလုပ်လာသည်။

အခု မြန်မာနှင့်ထိုင်း ဗိုလ်လုပွဲမတိုင်ခင်က နှစ်သင်းစလုံး၏ အကြိုဗိုလ်လုပွဲတွေ ကျွန်တော်ကြည့်ဖြစ်ခဲ့သည်။ မြန်မာအသင်း က ဗီယက်နမ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်နိုင်သည့် အကြို ဗိုလ်လုပွဲမှာ အသံတွေဝင်အောင် ခုန်ပေါက်အားပေးခဲ့ပေမယ့် ကံကောင်းလို့နိုင်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိသည်။ မြန်မာ ဂိုးသမားလေး နေရာယူမှန်တာကတကြောင်း၊ ဗီယက်နမ်တွေ ဂိုးလဒ်မရှိတာကတကြောင်း စသည့် အကြောင်းအရာတွေအပေါ်ကို စိတ်ဓာတ် အင်အားကောင်းကောင်းဖြင့် ကစားခဲ့ပြီး နိုင်ခဲ့ခြင်း ဖြစ်သည်။ ကစားကွက်မှာ ပြောပလောက်အောင် ကောင်းတယ်လို့ ကျွန်တော်မထင်။ ထိုင်းအသင်းနှင့် အင်ဒိုတို့၏ အကြို ဗိုလ်လုပွဲကို တီဗွီမှကျွန်တော်ကြည့်ပြီးတော့ ဒီယပလက်တွေဘဲ ရွှေယူအုံးမယ်ထင်တယ်လို့ ကျွန်တော် တွေးမိလိုက်သည်။ သို့သော် ဘောလုံးပွဲအကြည့်များသူပီပီ တစ်ခါတစ်ရံ ဘယ်လောက်ဘဲ တဘက်အသင်းက ကောင်း ကောင်း အခြားတဘက်အသင်းက စိတ်ဓာတ်ကောင်းကောင်းဖြင့် တုံးတိုက်တိုက် ကျားကိုက်ကိုက် ကျားကုတ်ကျားခဲ က စားလျှင် မထင်တာတွေဖြစ်တတ်သည် မဟုတ်လော။

Euro 2004 တုံးက ဂရိအသင်းလို လိမ်ဖယ် လိမ်ဖယ်ဖြင့် တစ်ဂိုးလေးရလိုက် ပိတ်ဆော့လိုက်၊ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချလိုက်၊ အသင်းလိုက် စည်းလုံး ညီညွတ်မှုဖြင့် တကယ့်ဘောလုံးဘိုးအေနိုင်ငံကြီးတွေကို ကျော်ပြီး ချိန်ပီယံဖြစ်ခဲ့သလို မြန်မာအသင်း ဖြစ်နိုင်သည်လို့ အများထင်ကြသလို ကျွန်တော်မျှော်လင့်ခဲ့ပါသည်။ ဗိုလ်လုပွဲနေ့ ပထမပိုင်းပြီးတော့ ကျွန် တော့်အတွေးတွေ မှန်နေပြီလို့ ယုံကြည်မှု ပိုပြီးရှိလာသည်။ နောက် ဒုတိယပိုင်းမှာ ထပ်တောင့်ထား။ ပိတ်ထား။ စိတ်ရှည်ရှည် ကစား။ ဒီယပလက်တွေ စိတ်လောပြီး တက်ဖိချိန်မှာ ရှေ့က နံပါတ်ကိုးလေးနဲ့ နံပါတ်နှစ်ဆယ်လေးက counter attack ချောင်း။ ပြီးတော့ သူတို့ ဂိုးဧရိယာအရှေ့မှာ set pieces တွေ ရအောင်ဖန်တီး။ ပြီးရင် အဲဒီကနေ ဂိုးပြောင်းစမ်းဟုဆိုကာ ဦးကြည်လွင်ကိုကျော်လွန်ပြီး ကိုယ့်ဘာသာတယောက်တည်း ဆရာကြီးဂိုက်ဖမ်း တွေးနေမိခဲ့သည်။

ဒုတိယပိုင်း ပြန်စတော့ ထင်သလိုမဟုတ်တော့။ ထိုင်းက ဖိဖိစီးစီး ပြန်ကစားလာသလို သိသိသာသာကြီး ကစားကွက်က ကွာသွားသည်။ နှစ်ယောက် ဘောလုံးယှဉ်လုတာ၊ ယှဉ်ပြေးတာမှာ သကောင့်သားယပလက်တွေကို ရွှေမြန်မာတွေ နောက် ကျစ ပြုလာသည်။ တချက်ထိ ထိုင်းကစားကွက်မှာ မြန်မာအသင်း ဗျာများနေခဲ့ရသည်။ ကိုယ့်ရှေ့က ဘောလုံး ကိုယ့်ဘော လုံးကိုလိုက်ဆယ်ရင်း နောက်က ယပလက်က ကျော်တက်ဖြတ်ယူသွားသည်။ ပထမပိုင်းတုန်းက အဝေးကန်ချက်တွေနှင့် မြန်မာဂိုးသမားကို ဖိအားပေးနေသော်လည်း ဒုတိယပိုင်းရောက်တော့ အတိုဖောက်ထွက်တာလေးတွေနှင့် ပိုင်ပိုင်နိုင်နိုင်ကြီး ဂိုးကန်သွင်းဖို့ ကြိုးစားလာတော့သည်။ သိပ်မကြာပါ။ မြန်မာအသင်းကို ဖောက်ထွက်ပြီး ကန်အားပြင်းပြင်း မကန်သွင်းဘဲ သေချာစေသည့်ကစားကွက်ကတဆင့် ဂိုးသွင်းယူသွားတော့သည်။ နောက်ထပ် တစ်ဂိုး။ နောက်တစ်ဂိုး။ ကြုံသလိုတင်၊ ဖြစ်သလိုကန်၊ ဟောဟဲလိုက်နေသောကလေးတွေကို ကျွန်တော် အပြစ်မတင်ရက်ပါ။ ဒီလို လုပ်ပါလား၊ ဟိုလို လုပ်ပါလားလို့ ပါးစပ်က အားမလို အားမရစိတ်ဖြင့်အော်နေသော်လည်း သူတို့ကုန်နေကြပြီဆိုတာ ကျွန်တော်သိပါသည်။ ဆက်ပြီး မအော် ဖြစ်တော့။ ကျွန်တော် အသံတိတ်သွားတော့သည်။

အတူတူ ဘောလုံးပွဲလာကြည့်သည့် မိတ်ဆွေက “ရှုံးမယ်သိထားတယ်ဆို။ ရှုံးလည်း အားပေးရမယ်ဆို။ ဘာလဲဗျ ခင်ဗျားက။ အားပေးပါ။ လုပ်လေ အားပေးပါ” ဟု ကျွန်တော့်ကို ဖိအားပေးသော်လည်း ကျွန်တော် အသံတိတ်သွားသည်။ အော်ဟစ်အား ပေးချင်သော်လည်း ကျွန်တော့်ရင်ထဲက ဘာရယ်မသိသော ၀မ်းနည်းမှုကြီးက နှလုံးသားကို ဆွဲညှစ်ထားသဖြင့် အော်ချင် သော်လည်း အသံမထွက်တော့။ လက်ခုပ်တီးချင်သော်လည်း အားမရှိတော့။ ဘောလုံးပွဲပြီးသည်အထိ ကျွန်တော် ကွင်း ထဲမှာ ဆက်ရှိနေသည်။ ဆုပေးပွဲကိုလည်း စောင့်ကြည့်ခဲ့သည်။ ထိုင်းအသင်းကို ဂုဏ်ပြုသည်။ ငွေရသည့် ကျွန်တော်တို့ အသင်းကို မျက်ရည်တွေဝဲလာသည်အထိ ရင်ဘတ်ကြီးနှင့်ခံစားကာ ကလေးတွေကို ဂုဏ်ပြုခဲ့သည်။

ဘောလုံးပွဲကအပြန်မှာလည်း မိတ်ဆွေက “ပြောတော့တမျိုး၊ လုပ်တော့တမျိုး။ ရှုံးလည်း အားပေးရမှာပေါ့။ နိုင်မှ အားပေး ချင်တာကြီးများ” ဟု ကျွန်တော့်ကို ဆက်လက်နှိပ်ကွပ်နေသော်လည်း ဘာမှ ကျွန်တော်ပြန်မပြောဖြစ်ခဲ့တော့။ သိပ်ကြောက်ဖို့ ကောင်းသော အာဏာရှင်အစိုးရအောက်က ကျွန်တော်တို့ ပြည်သူလူထုနှင့်အချိန်တွေကို ကျွန်တော် ပြန်တွေးနေမိသည်။ ယူကျုံးမရ ဖြစ်နေမိသည်။

ဒုတိယကမ္ဘာစစ်တုံးက ဂျပန်တွေကို ငပုတွေတဲ့။ အခု ဂျပန်တွေ၏ အရပ်အမောင်း ဘယ်လိုရှိနေပြီလဲ။ အခုလည်း ထိုင်း ဘောလုံး သမားလေးတွေနှင့် မြန်မာ ဘောလုံး သမားလေးတွေ၏ အရပ်အမောင်း၊ အလုံး အထည်၊ ပြေးအား၊ ကန်အား ဘယ်လောက်တောင် ကွာကုန်ကြသလဲ။ “သာကီမျိုးဟေ့ တို့ဗမာ” ဟု အံကြိတ်အော်ရင်း တကယ့် မိုးထဲ လေထဲရောက်တော့ အသံကျယ်တာဘဲ အဖတ်တင်သည်။ ရလဒ်ကို အသားလွတ် မာန်မာနကြီး မောက်မာပြခြင်းဖြင့် ပြောင်းလဲလို့ရတာမဟုတ်။  ရာစုနှစ် တ၀က်နီးပါး ကိုယ့်အိတ်ထဲ၊ ကိုယ့်အသိုင်းအ၀ိုင်းကြီးထဲ ကိုယ်ဖိတ်ကြရင်း ဆင်းရဲတွင်းက ကြီးသထက် ကြီးလာခဲ့ သည်။  ဆင်းရဲတွင်းနွံထဲမှာ ဖြစ်သလိုစား၊ ဖြစ်သလိုနေ ရှင်သန်ကြရင်း ယှဉ်လည်း မပြေးနိုင်ကြတော့။ ပုခုံးချင်းလည်း ယှဉ်မ တိုက်နိုင်ကြတော့။ သက်လုံလည်း ရေရှည်မခံကြတော့။ အနှစ်ငါးဆယ်။ ဘာမှကြာတာမဟုတ်။ တကယ့် အနှစ်ငါးဆယ်။ ဒီအနှစ် ငါးဆယ်လေးအတွင်းမှာ ဘယ်လောက်တောင် ကမ္ဘာကြီးနှင့် ပြတ်ကျန်ခဲ့သလဲဆိုတာ ကျွန်တော်တွေးနေမိသည်။ ဒါကြောင့် သူ့အပြစ်တင် ကြိမ်းမောင်းနေတာတွေကို ပြန်မပြောမိခြင်း ဖြစ်သည်။

ဘူတာကို ကျွန်တော်တို့လမ်းလျှောက်လာတော့ ဘေးက မြန်မာနှစ်ယောက် စကားပြောသံ ကြားရပြန်သည်။

“နိုင်ဖြစ်တယ်ကွ။ ထင်မထားတာလေးတွေ ပေါက်သွားလို့။ ဒီကောင်တွေကို ဒီအသင်းနဲ့ အနိုင်ကန်လို့ အသာလေးရတယ်။ ကုသိုလ်ကံ နည်းနည်းဆိုးသွားတာကွ”

“မင်း လျှောက်ပြောမနေနဲ့။ ဒီလောက်သာနေတဲ့အသင်းကို ဘယ်လိုနိုင်မှာလဲ။ ဟိုထိုင်းတွေက ဘောလုံးအကယ်ဒမီတွေနဲ့။ ချယ်ဆီးလ်နဲ့ လစ်ဗာပူး ဘောလုံးအကယ်ဒမီတွေတောင် ဒီကောင်တွေဆီမှာလာဖွင့်ထားတယ်လို့ ကြားဘူးတယ်ကွ။ သူတို့ ကို မှီချင်ရင်တော့ လက်ရှိအစိုးရ အရင်ဆင်းအောင်လုပ်ကွ”

“ဘာလဲ ဘောလုံးပွဲ ရှုံးတာလဲ အစိုးရ မကောင်းလို့ဘဲလား။ မင်းဟာက မဆိုင်တာကွာ။ ဆင်းရဲတဲ့နိုင်ငံတွေလည်း ကမ္ဘာ့ ဖလား တက်ကန်ချင် ကန်နေတာဘဲ မဟုတ်ဘူးလား။ မဆိုင်တဲ့ အပေါက် ဂလိုင်နဲ့ခေါက်”

သူနဲ့ အတူပါလာသူကတော့ လူကြားထဲမှာ စကားအကျယ်ကြီး မပြောချင်သောကြောင့်ပေလော၊ စကားစကို ဖြတ်ပစ်ချင် သောကြောင့်ပေလော ကျန်တယောက်က စကားမပြန်တော့ဘဲ ကျွန်တော်တို့ဘေးမှ ဖြတ်လျှောက်သွားကြသည်။ သူပြောတာလဲ ဟုတ်သလိုလို။ ဘောလုံးအားကစားနည်းမှာ ဆင်းရဲတာတွေ၊ ချမ်းသာတာတွေ၊ အသားမည်းတာတွေ၊ ဖြူတာတွေ၊ ၀ါတာတွေ ဘာဆို ဘာမှမဆိုင်။ သို့သော် ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နှင့် ကစားလို့ရအောင် ကျွန်တော်တို့ဆီမှာ ဖန်တီးထားခဲ့လို့လား။

ဘရာဇီးနိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံ မဟုတ်ဘူးလို့ဘဲ ဆိုကြပါစို့။ နိုင်ငံရေးလည်း မတည်ငြိမ်ဘူးဘဲ ဆိုကြပါစို့။ အကျင့် ပျက်ချစားတာတွေလည်းရှိတယ်လို့ ကျွန်တော် ကြားဘူးနေတာဘဲ။ မူးယစ်ဆေးဝါး ဂိုဏ်းတွေလည်း အချင်းချင်း လက် စား ချေ၊ သတ်နေကြတယ်လို့လဲ ကျွန်တော် ကြားဘူးတာပါဘဲ။ သို့သော်လည်း ဘောလုံးကို စိတ်ထဲ အသဲထဲက ခုံမင် နှစ်သက် တာခြင်းမှာ မြန်မာက ဘရာဇီးကို ကောင်းကောင်းကြီးယှဉ်နိုင်သည်။ မယှဉ်နိုင်တာက ဘယ်မလဲ ဘောလုံးကစားဖို့ ကွင်း တွေ။ ဘယ်မှာလဲ ဘောလုံးကန်ဖို့ ထောက်ပံ့မှုတွေ။ ဘယ်မှာလဲ အဟာရပြည့်ဝသော အစားအသောက် ထောက်ပံ့မှုတွေ။ အပြစ်တွေကိုဘဲရှာတွေးရင်း ကျွန်တော် အိမ်ပြန်ရောက်လာခဲ့သည်။

အိမ်ရောက်တော့ သတင်းတွေဖတ်ပြန်တော့ ဒုတိယသမ္မတ စင်္ကာပူလာသွားသတဲ့။ ကလေးတွေကို လိုအပ်သည်များ မှာ ကြားခဲ့သတဲ့။ ကျွန်တော် ထိုညက အိပ်ရာဝင် ဘုရှားရှစ်ခိုးတော့ ပုဂံကျောက်စာတွေထဲက ဆုတောင်းကို မှတ်မိသလောက်ကို တုပကာ ဆုတောင်းမိသည်။

“တပည့်တော်သည် ဖြစ်လေရာဘ၀မှာ အကျိုးကိုသိသောလူ၊ အကြောင်းကိုသိသောလူ ဖြစ်ရပါလို၏။ ငါတကောကော ဖျာ ခင်း၊ နှမ်းဖြူး၊ မျိုးဆက် အဆက်ဆက်ကို အောက်ကျနောက်ကျ ဖြစ်စေသော အစိုးရ အဆက်ဆက်နှင့် ဝေးရလိုပါ၏” ဟု ဆုတောင်းဖြစ်ခဲ့သည်။ ကျွန်တော့်ဆုတောင်းကို “ထိုင်းကိုနိုင်မယ်ဆိုရင် ဖြစ်တယ်” ဆိုသည့် ထိုလူကြားလျှင် အပြစ်တင်ခံရ နိုင်သည်။ သို့သော် အရာရာမှာ အောက်ကျ နောက်ကျ ဖြစ်နေရတာကတော့ သူရော၊ ကျွန်တော်ရော၊ ဘောလုံးသမားလေးတွေ အကုန်လုံးမှာပါ တာဝန်မရှိကြောင်းကို သူသဘောတူနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – တာဝန်မရှိတဲ့ အရှုံး

  1. zaw aung on June 23, 2015 at 10:24 am

    ဟုတ်ပါတယ်
    ဘောလုံးသမားများ ဘယ်သူမှတာဝန်မရှိပါဘူး ဒါပေမဲ့ လက်ရှိဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်တို့ အုပ်ချုပ်သူ ဦးကြည်လွင် ဦးသန်းတိုးအောင် တို့ကို ဂုဏ်ပြုပါတယ်။

    အားကစားသမား ထူးချွန်ဆို ၁၀နှစ်နိုင်ငံ အကျိုးပြုပါတယ်။ ပညာထူးချွန်သူ အနှစ်လေးဆယ် အကျိုးပြုပါတယ်။

    စာရိတ္တထူးချွန်ရင်တော့ ပြည်တွင်းကမြန်မာများ ပြည်ပကပြန်လာသူများ ၂၀၁၆ မှာအခြေနေကောင်းပါစေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်