ဖိုးထက် – ငါ မကြောက်… တကြောက်

June 24, 2015

 

ဖိုးထက် – ငါ မကြောက်… တကြောက်
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၅

ကျွန်တော်တို့ မောင်နှမတွေ ငယ်စဉ်က အမေက အတော်လေး ကွပ်ကွပ် ညှပ်ညှပ် ရှိပါသည်။ အဖေလဲ အမေ၊ အမေလဲ အမေ ဖြစ်သူ အမေ့အတွက် အိုးကောင်းရချင်ရင် နာနာနှက်ပေးရတယ်ဆိုသည့် ခံယူချက် ရှိခဲ့ဟန်တူသည်။ သူ့သမီးတွေ ငယ်ငယ်ရွယ်ရွယ် လင်စိတ် သားစိတ်ဝင်ကာ အိမ်ထောင် မြန်မြန်ကျသွားမှာ စိုးရိမ်သည်။ ထို့ကြောင့် စာဖတ်တာ အားပေးသော်လည်း အချစ်ဝတ္ထု မဖတ်ရ။ အပျော်ဖတ် စာများ မဖတ်ရ။ (ဆရာမကြီး) ခင်မျိုးချစ်၊ လူထုဒေါ်အမာ စသည့် သား၊ သမီးတွေကို သူ့အစား ၀ိုင်းကူဆုံးမပေး စာရေး ဆရာမကြီးများကလွဲပြီး ခင်ဆွေဦး၊ မိုးမိုးအင်းလျား စသည့် စာမျိုးသော်မှ ဖတ်တာ မကြိုက်။ စာဖတ်နေတယ်ဆိုလျှင် အိမ်အလုပ်တောင် မကူခိုင်းတတ်သော်လည်း ဘာစာအုပ် ဖတ်နေသလဲဆိုတာတော့ ယူကြည့်တတ်သည်ချည်း။

သို့သော်..ကျွန်တော်တို့ မောင်နှမတွေမှာ အနည်းနဲ့ အများ သူပုန်စိတ် ရှိကြသည်။ သူပုန်စိတ် အများ ဆုံးက ကျွန်တော့် အမအကြီးဆုံး။ သို့သော် သူက ပါးနပ်သည်။ အမကြီး အမိအရာပီပီ အမေ့ကို ကူဖော်လောင်ဖက်ရအောင် နေသည်။ ပြီးမှသာ သူလုပ်ချင်သည့် အရာများ၊ ဖတ်ချင်သည့် စာအုပ်များကို အမေ မသိအောင် သော်လည်းကောင်း၊ ကျောင်းစာအုပ်ထဲမှာ ညှပ်ပြီးသော်လည်းကောင်း ဖတ်တတ်သည်။ အမအငယ်နှင့် ကျွန်တော်ကတော့ ငယ်လည်းငယ်။ ဘာမှလဲ မသိသည့် ကလေးတွေ ပီပီ အမေ၏ တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ ပြားပြားဝပ်။ ရွှေသွေး၊ တေဇ၊ ဇာတ်ကြီးဆယ်ဖွဲ့၊ ငါးရာ့ငါးဆယ်၊ တို့ကျောင်းသား၊ မိုးသောက်ပန်း တို့လောက်နှင့် အာသာပြေပါသည်။ သခင်ဘသောင်း ဘာသာပြန်သည့် တစ်ထောင့်တစ်ည ပုံပြင် စာအုပ်သော်မှ အမေက ကျွန်တော့်ကို ပေးဖတ်တာ မဟုတ်။ “နင်ကြီးမှ ဖတ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဟိုစိတ်၊ ဒီစိတ်တွေ များကုန်မယ်” ဟု ဗီတို အာဏာ သုံးခဲ့တာ မှတ်မိသေးသည်။

သူပုန်စိတ် ရှိသလောက် အလွန် မပါး မနပ် ရှိသူက အမလတ်။ ထူသည်။ အသည်။ ရိုးသည်။ လမ်းသစ်ဖောက်ချင်သလောက် သူသွားရာ လမ်းတစ်လျှောက် ခြေရာတွေ ချန်ထားခဲ့တတ်သူ ဖြစ်သည်။

ကျွန်တော့် အမတွေ အပျိုအရွယ်ရောက်တော့ ဆရာနွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း ပုတီးကုန်းတို့၏ အချစ်ဝတ္ထုတွေ နာမည်ကြီးသည်။ ဆရာတို့က အချစ်ဝတ္ထုကို အချစ်ရှိအောင်၊ လွမ်းစရာကို အားဖြစ်အောင် ရေးတတ်သော်လည်း အမေက သူ့သမီးတွေ ရည်းစားထားချင်စိတ်ရှိလာမှာ၊ စိတ်ကစားမှာကို စိုးရိမ်သည်။ မှတ်မိပါသေးသည်။ ဆရာနွမ်ဂျာသိုင်းလား၊ ဆရာ မောင်စိန်ဝင်း ပုတီးကုန်းလား သိပ်တော့ မသေချာတော့။ ဆရာတစ်ဦး၏ ၀တ္ထုထဲတွင် ဇာတ်လိုက် ကောင်မလေးက ကားနှင့် သူ့ရည်းစားရှိရာ အလာမှာ ကားမှောက်ပြီး ဆုံးသည်။ ကားမှောက်တာမှ ကားက မီးလောင်ပြန်တော့ ကောင်မလေးနှင့် အခြားသူများ အကုန်မီးလောင်ကာ မည်းမည်းတူးတူး မီးကျွမ်းကုန်ကြသည်။ ဘယ်သူက ဘယ်သူမှန်း မသိရတော့။ ခွဲလို့ မရတော့။ မလွယ်တော့။ သို့သော် ကောင်လေးက သူ့ကောင်မလေးကိုမှတ်မိသည်။ ဘာကြောင့်လဲ ဆိုတော့ ကောင်မလေး၏ အလွန်တရာမှ ဖွေး၊ နု၊ ဥ၊ ထွတ်သော ခြေထောက်လေးနှင့် ဖြေဖနှောင့်လေးကြောင့်ပါတဲ့။

ကျွန်တော့် အမေက ထိုကဲ့သို့ ၀တ္ထုများကို သူ့သမီး အပျိုဖြန်းလေးတွေ ဖတ်မိပြီး လိုအပ်တာထက် ပိုလှချင်လာမှာ၊ စိတ်ကူးယဉ်မှာ စိုးရိမ်ပြီး အိမ်ကို နွမ်ဂျာသိုင်း (ကန်တော့ပါ ဆရာများ) ခေါ်မလာရ။ မောင်စိန်ဝင်း ပုတီးကုန်း တံခါးပိတ်၊ ဂျိတ်။ ကျွန်တော့် အမများက ခေသူတွေ မဟုတ်။ ဒီလို တားလို့ ရရိုးလား အမေရယ်ပေါ့။ အမအကြီးနှစ်ယောက်က နှစ်ဦး သဘောတူဖြင့် အဆိုပါ စာအုပ်ကို ဘယ်ကနေ ဘယ်လို ငှားပြီး ခိုးဖတ်ကြသည် မသိ။ အမအကြီးက ဖတ်ပြီးသွားပေမယ့် ဟန်မပျက်။ အမလတ်ကတော့ အထက်က ကျွန်တော်ပြောခဲ့သလို ထူက ထူ။ အက အ။ ထိုစာအုပ် ဖတ်ပြီးသွားသော်လည်း ထိုနေ့က စပြီး ရေချိုးတိုင်း သူ့ခြေထောက်၊ ခြေဖနှောင့်ကို သလို့ မဆုံး။ ဂျီးတွန်း ကျောက် ဖြင့် အထပ်ထပ် ပွတ်သည်။ တိုက်သည်။ စားသည်။ ကြာတော့ သူ့ ခြေထောက်တွေ အသားနီလန်ကုန်တော့သည်။

အလွန်လှချင်နေသည့် သူ့ကို၊ မူမမှန်သည့် သူ့ကို အမေက မသင်္ကာဖြစ်ပြီး သူတို့ စာအုပ်စင်တွေ၊ အိပ်ယာတွေကို ရှောင်တခင် ၀င်စစ်သော အခါ ဆရာတို့ နှင့် အမေ ပက်ပင်း တိုးလေတော့သည်။ အကြီးမ နှစ်ကောင် ထွက်စမ်းဆိုပြီး စစ်မေးတော့ အပြစ်ပေးခံရတာချင်း အတူတူ ခြေထောက် အသားနီလန်အောင် ကဲ၊ သဲသော အမအလတ်ကို ပိုပြီး အလေးသာစေခဲ့သည်။

အနုပညာဆိုသည်မှာ သူ့အသက်အရွယ်နှင့် သူ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း၊ တဖြည်းဖြည်းချင်း ငုံရာမှ ဖူး။ ဖူးရာမှ ပွင့်။ ပွင့်ရာမှ လန်းဆန်းမွှေးပြန့်စေသော အရာသာ ဖြစ်သင့်သည်။ သူ့အသက်အရွယ်နှင့် သူ ဖြည်းဖြည်းမှန်မှန်သွားသင့်သည်။ ဆရာတို့ နှစ်ဦး၏ အချစ်ဝတ္ထုတွေက ဘာအဆိပ်အတောက်မှ ပါတာလဲ မဟုတ်။ မောင်နှင့် အမ၊ သားနဲ့ အမိ အတူတူ မဖတ်သင့်သော အပြာဆန်ဆန် စာများလဲ မဟုတ်။ တကယ့် နုနုရွရွ အချစ်ဇာတ်လမ်း။ တက္ကသိုလ်နောက်ခံ ပညာတတ်လေးတွေ၏ အချစ်ဇာတ်လမ်း။ သို့သော် အမေ့၏ ထိုစဉ်က စိုးရိမ်ပူပန်မှုများကို ကျွန်တော်တို့ အခု အသက်အရွယ်ရောက်တော့ နားလည်နိုင်ပါသည်။

ငယ်စဉ်က မောင်နှမတွေ အကြောင်း ပြန်တွေးရတာ ကြည်နူးစရာ။ ပြုံးချင်စရာ။ ရှိပါသေးသည်။

ထုံးစံအတိုင်း ကျွန်တော့် ချစ်အမကြီး အမလတ်။ အမအကြီးနှင့် သူ တို့နှစ်ယောက် ဘာကိစ္စမှန်း မမှတ်မိတော့သော်လည်း အမေမကြိုက်သည့် ကိစ္စတစ်ခုကို လုပ်ထားကြသည်။ ဒီတစ်ခါ ဦးဆောင်သူက အမလတ်။ ဒါကို သိသူက အမအကြီး။ သူက ပါးနပ်သူပီပီ ရှောင်ထွက်မယ်ဆိုရင် အသာလေး ရှောင်ထွက်သွားလို့ ရတယ်ဆိုတာ နှစ်ဦးလုံး သိသည်။ ဒီတော့ အမအလတ်က ကျွန်တော့် အမအကြီးကို ဖားရလေတော့သည်။ ပြောသမျှ နာခံရတော့သည်။ အမအကြီးကလဲ ဒါကို နင်းပြီး ထပ်ခါ ထပ်ခါ အမအလတ်ကို အနိုင်ကျင့်သည်။ “ငါ အမေ့ကို ပြောလိုက်ရမလား” ဆိုသည့် အချိုးမျိုး ခဏ ခဏ ချိုးသည်။ ကြာတော့ တစ်ဖက်သားက မခံစားနိုင်တော့။

“သောကခြေရာ ကဗျာများ” ကို သဲသဲလှုပ် အားပေးသူ၊ ကဗျာချစ်သူ ပီပီ သူ့ရင်တွင်း ခံစားချက်ကို ကဗျာထစပ်ပါလေတော့သည်။
သူ့ကဗျာက…

“အရိပ်မည်း ခြောက်လှန့်မှု
ငါ ကြောက်ရမလား
အခွင့် ကောင်းယူ
ငါ့ကို ခြောက်…
ငါ မကြောက် တကြောက်” တဲ့။

ရှင်းပါသည်။ လုံးဝမကြောက်တာလဲ မဟုတ်။ ကြောက်တော့ ကြောက်သေးသည်။ အမေသူ့ကိုတွယ်မှာ သိတော့ ကြောက်သည်။ သူ့ကို ဗိုလ်ကျနေတာကိုကျတော့လဲ မကြောက်ချင်တော့။ သနားစရာ အလွန်ကောင်းသည့် ကျွန်တော့် အမကဗျာလေးကို မကြာခဏ သူ့သမီး စာအုပ်ပုံတွေကို ဖွတတ်သူ အမေက တွေ့တော့ နှစ်ယောက်စလုံးကို ခေါ်စစ်ပြီး ရီလိုက်တာများ အမေ့ခမျာ မျက်ရည်တွေတောင်ထွက်သည်။ သူ့သမီး အလတ်ကို အသနားပိုပြီး ဗိုလ်ကျနေသည့် အမအကြီးဘဲ အတွယ်ခံခဲ့ရသည်။

အမအလတ်၏ ကဗျာလေးကို ကျွန်တော်ဖတ်ပြီး အခုလောလောဆယ် အွန်လိုင်းမှာ ခေတ်စားနေသော စစ်ထောက်ချုပ်ကြီး၏ စွာတေးလန်သည့် အင်တာဗျူးကို သတိရမိသည်။ သူဖြေပုံကြည့်ရတာ ကိုနေထက်လင်း၊ ကိုသီဟတင်စိုးတို့၏ ဟန်ပါပါ၊ မာန်ပါပါ ဂျပန်ခေတ်တော်လှန်ရေးကာလ စကားပြောတာကိုတောင် သတိရမိသည်။ ပြီးတော့ ကျွန်တော့် အမအလတ်၏ကဗျာထဲက “ငါ မကြောက် တကြောက်” ဆိုသည့် စာသားကို သတိရသည်။

ကိုယ့် အလှည့်တုန်းက ပက်ပက်စက်စက် ဆော်ပလော်တီးခဲ့ကြပြီးမှ မေးခွန်းလေး တစ်ခုသော်မှ ကောင်းကောင်းမွန်မွန် မဖြေနိုင် ဖြစ်နေသည့် သူ့၏ မကြောက် တကြောက် ဖြေပုံကြီးကို သနားသွားသည်။ အားလဲ နာရပါသည်။ ကျွန်တော်တို့ ပြည်သူလူထုမှာ ပေဖြစ်တုန်းခံ၊ တူဖြစ်တော့ နှံ စိတ်ထားမျိုး မရှိကြတာ များပါသည်။ အားလုံးက အနာဂတ်များ လှပမည့်၊ ဖြူစင်သည့် နှလုံးသားနှင့် ရှေ့ကို သွားချင်ကြသူတွေ။ သူတို့၏ မကြောက် တကြောက် စိတ်ထားတွေနှင့် ဗိုလ်ကျမြဲ ဆက်ကျချင်နေသေးသည်ဆိုလျှင်ဖြင့် အမှားကြီး မှားပါလိမ့်မည်။ အမှားတွေသာ နေရာရနေလျှင်၊ ကြောက်စိတ်တွေသာ နောက်တန်း ရောက်သွားလျှင် ဒီခေတ်ကြီးမှာ အင်တာနက်ဆိုတာလဲ ရှိလာမှာ မဟုတ်။ ဒီမိုကရေစီဆိုသည့် စနစ်ကြီးလဲ ရှိလာမှာ မဟုတ်။ မှန်သည့် ဘက်က အမြဲနိုင်သည် ဆိုသည့် တရားက အခုခေတ်မှ မဟုတ်။ ဟိုး…ရှေးရှေးကတည်းက ရှိမြဲ၊ ရှိဆဲ၊ ရှိနေအုံးမှာဆိုတာ မကြောက် တကြောက် စိတ်များဖယ်ကာ မြင်အောင် ကြည့်ဖို့တော့ လိုမည်ထင်ပါသည်။

(သရုပ်ဖော် – စောငို၊ ၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်