fbpx

မောင်တူး – ရဲဘော် လှတိုး။ သက်ရှိပန်းချီ အပိုင်း (၁၈)

June 25, 2015

 

မောင်တူး – ရဲဘော် လှတိုး။ သက်ရှိပန်းချီ အပိုင်း (၁၈)

(မိုးမခ) ဇွန် ၂၅။ ၂၀၁၅
ဒီမိုကရေစီ၊

ရရှိရေးအတွက်

ရှေ့တန်းတနေရာ၊

အသက်ပေးသွားတဲ့

သူငယ်ချင်းရယ်၊

ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

(ကျောင်းသားတပ်မတော် ရဲမေစန်းစန်းမြင့် ဆိုခဲ့တဲ့သီချင်းတစ)

လွန်ခဲ့တဲ့၂၇ နှစ်က ကံကောင်း ထောက်မစွာ ပေါ်ပေါက်ခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူကျောင်းသား အုံကြွမှု ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကံမကောင်း အကြောင်းမလှစွာပဲ ရက်စက်ကြမ်းကျုတ်လွန်းတဲ့ မဆလ အစိုးရ  စစ်တပ်က ပစ်ခတ်ခဲ့လို့ လူမမယ် ကျောင်းသားကလေးတွေနဲ့ ရဟန်းရှင်လူ ပြည်သူလူတွေ သေဆုံးခဲ့ရ အပြီး လက်နက်ကိုင်တော်လှန် မယ်လို့ ဆုံးဖြတ် တောခိုခဲ့ကြတဲ့ ၈၈ ကျောင်းသားတွေထဲက ရဲဘော်လှတိုး ကို ကျနော် ဒီနေ့ သတိရနေတယ်။

ရဲဘော်လှတိုး အကြောင်း ပြန်တွေးတော့ သံလွင်မြစ်ရယ်၊ မြစ်ကမ်းဘေးမှာ သူနဲ့ စကားပြောဖြစ်ကြတာတွေ ရယ်။ ဒီမြစ်ထဲ ငါးတွေဖမ်းကြတာရယ်၊ ရေကူးကြ ရေခပ်ကြရင်း မြစ်ဘေးတောင်စောင်းမှာ ချက်ပြုတ်စားကြ တာတွေရယ် မြင်ယောင်လာတယ်။ စကားပြောရင် ခပ်တည်တည်နဲ့ စဉ်းစားပြီးမှ တလုံးခြင်း ပြောတတ်တဲ့ ရဲဘော်လှတိုး သွင်ပြင်ကို သတိရလာတယ်။ သူဟာ ကျနော့်ထက် ၂ နှစ် ငယ်ပေမယ့် လူကြီးတယောက်လိုပဲ မျက်နှာထားတည်ပြီး အမြဲနေတယ်။

ဒီနေ့ သူ့ကို သတိရမိတဲ့ အကြောင်းတခုကတော့ လှတိုး ပညာသင်ဆု ပေးပွဲ ကျင်းပဖို့ စည်းဝေးနေတဲ့ သတင်းကြောင့်ပါ။ ၂၀၁၄ ခုနှစ် မနှစ်တုန်းကလည်း လှတိုးဆုပေးပွဲ ကျင်းပခဲ့ပါ သေးတယ်။ ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်းက ၁၉၉၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ကျဆုံးခဲ့တဲ့သူ့အတွက် အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံနဲ့ တခြားနိုင်ငံ အသီးသီးရောက် သူ့ရဲဘော် ကျောင်းသားတပ်မတော်သားဟောင်းတွေ၊ မွေးရပ်မြေ ကင်းရွာက သူငယ်ချင်းတွေနဲ့ လှတိုးရဲ့ ငယ်ဆရာ ကိုယ်တိုင်ဦးစီးပြီး  လှတိုးဆုကို စီမံ လုပ်ဆောင်ခဲ့ကြ၊ လုပ်ဆောင်နေကြပါတယ်။

လှတိုး အကြောင်း ပြောရင်းက နာမည်ပြောင်တွေအကြောင်း တွေးမိတယ်။ လူ့လောကမှာ နာမည်ပြောင်တွေ မှည့်တတ်ကြတာပါ။ ဘယ်နေရာမှာ ဖြစ်ဖြစ်ပေါ့။ အဖွဲ့တခုက ခေါင်းဆောင်ကြီးကို ဘိုးတော်ကြီး၊ အဖေကြီး စသဖြင့် ခေါ်နေကြတယ်။ မျက်မှန် အမြဲတပ်သူဆို မျက်မှန်ကြီး၊ နဖူးပြောင်သူဆို ပြောင်ကြီး ဒီလို ကင်ပွန်းတပ်ကြတယ်။ လယ်တောယာတော လယ်သမား ယာသမားတွေ အကြားမှာ၊ အလုပ်ရုံ လုပ်သားတွေ ကြားမှာ စစ်တပ်ထဲမှာ ဘယ်နေရာဖြစ်စေ နာမည်ပြောင်တွေ ရှိမြဲ။

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးကစလို့ တောခိုလာပြီး ကျောင်းသားတပ်မတော်ကို ရောက်လာသူတွေက လည်း ဘာတွေမို့လို့လည်း သူတို့လည်း နာမည်ပြောင်တွေ အသီးသီး အသက အသက ရရှိကြသပေါ့။

၁၉၉၄ ခုနှစ်လောက် ကျောင်းသားတပ်မတော်ဌာနချုပ် (ဒေါင်းခွင်)ကနေ မဆုတ်ခွာခင်အချိန်ကို ပြန်စဉ်းစား လိုက်တော့ နာမည်ပြောင် ရထားသူတွေထည်းမှာ ထိပ်နီ၊ ဆယ်ပြား၊ မာမီစိုး၊ ဥတ္တမ၊ မနှဲ၊ ဘီအေ၊ ဆေးတံ၊ ကျွဲကြီး၊ ကျော်ရွှီး၊ ဖခင်ကြီိးနဲ့ ကျော်ပု အစရှိသဖြင့် နာမည်ပြောင်တွေကို အထူးတလည် အခွင့်အရေး အနေနဲ့ ရခဲ့ကြတာပေါ့။ အမှန်က ချစ်စနိုးလေးတွေ ပေးထားကြတဲ့ အထူး အမည်နာမတွေပါ။ ကျောင်းသား တပ်မတော်က တိုက်ဖေါ်တိုက်ဖက် သေဖေါ်သေဖက် ချစ်တဲ့ခင်တဲ့ ရဲဘော်အများအပြားက ဒီနာမည် (ပြောင်) တွေကို ခေါ်ကြပါတယ်။ စစ်သင်တန်း၊ နိုင်ငံရေးသင်တန်း၊ ဆေးမှုးသင်တန်း စတဲ့ သင်တန်းတွေမှာ ဆရာတွေက နာမည်ပြောင်တွေ ပေးပြီး ဒီနာမည်တွေ တွင်ခဲ့ကြတာကလား။ တချို့က နောက်ကွယ်မှာ ခေါ်ကြတယ်။ တချို့ ရှေ့တင်မှာပဲ ပြောင်ပြောင်တင်းတင်း ခေါ်ကြပြောကြတယ်ပေါ့။

ကျောင်းသားတပ်မတော် (သံလွင်စခန်း) တပ်ရင်း ၂၀၉ တပ်ရင်းမှုး ကိုသိန်းဆန်းကို ဦးထုပ်နီ အမြဲဆောင်းလို့

ထိပ်နီ လို့ခေါ်တယ်။ ကျောင်းသား ၂ ဖွဲ့ ကွဲချိန် ဒေါက်တာနိုင်အောင်ဆိုဒ်မှာ မျက်နှာလေးထောင့်ပုံရှိတဲ့ ဒုဥက္ကဌ ကိုကျော်ကျော်ကို ဆယ်ပြားလို့ ခေါ်ကြတယ်။  အမေတယောက်လို ရဲဘော်တွေကို ချက်ပြုတ်ကျွေးမွေး တတ်တဲ့ သာကေတသား ကျနော်တို့ တပ်ရင်း ၂၀၅ က တပ်ထောက်ဗိုလ်ကြီး ကိုစိုးမြင့်ကို မာမီစိုးလို့ ခေါ်ကြတယ်။ ရှင်ဥတ္တမ ဘွဲ့မည်နဲ့ ရောက်လာပြီး လူထွက် တပ်ထဲဝင်လာသူကို ရဲဘော်ဥတ္တမ၊ တပ်ရင်း ၂၀၉ က နှာသံနဲ့ စကားပြောတတ်တဲ့ ရဲဘော်ကို မနှဲ၊ ဘီအေဘွဲ့ရပြီးကြောင်း ကြွားလေ့ရှိသူကို ရဲဘော် ဘီအေ၊ အသားမဲမဲ ၀၀ က ရဲဘော် ကျွဲကြီး၊ စကားပြောရင် ရွှီးပြီး ပြောတတ်တဲ့ စစ်သင်တန်းနည်းပြ ဆရာကျော်ဆွေကို ကျော်ရွှီး၊ ရဲဘော်တွေကို သားတွေသဖွယ် ဆုံးမတတ်သူ ဦးမောင်မောင်တိတ်ကို ဖခင်ကြီး လို့ ခေါ်ကြသလို တည်တည်ကြည်ကြည် နေတတ်ပြီး ဟန်မဆောင်တတ် ရဲဘော်တွေကို ခပ်တည်တည်နဲ့ ဆုံးမလေ့ရှိသူ တပ်ရင်း ၂၀၈ ဒုတပ်ရင်းမှုး၊ နောက်ပိုင်း တပ်ရင်း ၂ တပ်ရင်းမှုး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာသား ရဲဘော်လှတိုးကို ကျောပုလို့ ခေါ်ခဲ့ကြပါတယ်။ ကျော်ပုဆိုတာက ကရင်စကား။ သူ့ကို သူ့ရဲဘော်တွေက ကေအင်န်ယူ ဗိုလ်ကြီးကျောပု ဆိုသူနဲ့ တူလို့ ကျောပုဆိုပြီး ၀ိုင်းခေါ်ခဲ့ကြတာလို့ သူနဲ့ တနယ်ထဲသား တောင်ကြီးရွာသား ဗိုလ်သိန်းလွင်က ပြောပြပါတယ်။ ဗိုလ်သိန်းလွင်ဟာ ကျောင်းသားတပ်ရင်း ၂ မှာ တပ်ထောက်အရာရှိလုပ်ခဲ့ပြီး အခုတော့ သြစတေးလျနိုင်ငံမှာ နေပါတယ်။

ရဲဘော်လှတိုးဟာ စစ်ပွဲတွေဆီကိုသာ သွားလိုစိတ် အမြဲရှိနေတယ်။ သူတိုက်ခဲ့ဘူးတဲ့ တိုက်ပွဲတွေက များပါတယ်။ ၁၉၉၁ ခုနှစ်တုန်းကဆို တပ်မှုး တဦးအနေနဲ့ လှတိုး ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်တွေဟာ မုတ္တမကို ၀င်တိုက်ခဲ့ကြတယ်။ ကျိုက်ကော်က အစိုးရ တပ်ရင်း ခမရ ၁၁၃ ကို ဗိုလ်လှတိုး နဲ့ ကျောင်းသားတပ်တွေ ၀င်ရောက် သိမ်းပိုက်ခဲ့ဘူးတယ်။ တခြား တိုက်ပွဲတွေလည်း ရှိခဲ့တယ်။ နောက်ပိုင်း DAB မြန်မာပြည် ဒီမိုကရက်တစ် တပ်ပေါင်းစု ဒီအေဘီစစ်ကြောင်း အမှတ် ၁၂ မှာ ဗိုလ်လှတိုးက ဒုစစ်ကြောင်းမှုး ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူ ဗိုလ်မှုးရွာဟိတ်က စစ်ကြောင်းမှုးပါ။ သူ့နောက်ဆုံးအချိန်မှာလည်း ကျောင်းသားတပ်မတော် တိုက်ခိုက်ရေးနဲ့ စည်းရုံးရေးစစ်ကြောင်းကို ဦးဆောင်နေရင်းက ဒါဏ်ရာရ သွေးလွန် ကျဆုံးခဲ့တာပါ။

ကျနော်မှတ်မိသေးတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျဆုံးသွားခဲ့ရသူတွေကို ဗိုလ်လှတိုးက နောက်ဆုံး အချိန်အထိ မေ့သွားပုံမရပါဘူး။    “ ၈၈၈၈ တုန်းက အပစ်သတ်ခံခဲ့ရတဲ့ သူတွေထည်းက ကျောင်းသူငယ်ငယ် ကလေးတွေ ကို မြင်ယောင်နေမိတယ်ဗျာ။ အထူးသဖြင့် ကျောင်းသူလေး ၀င်းမော်ဦးကို ဆရာဝန် ၂ ယောက် သယ်လာတဲ့ ပုံလေး ပြန်ကြည့်မိရင် ကျနော် တော်တော် စိတ်မကောင်းဘူး။ ”

ရဲဘော်တွေက ကျော်ပု လို့ ချစ်စနိုးနာမည်ပေးထားတဲ့ တပ်ရင်း ၂ တပ်ရင်းမှုး ရဲဘော်လှတိုးကို သံလွင် မြစ်ကမ်းဘေးမှာ စတွေ့စဉ် ထမင်းအတူ စားကြရင် သူပြောခဲ့တဲ့စကားပါ။  သူဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာသားဖြစ်ပါတယ်။ ရဲဘော်လှတိုးကို အဖ လှမောင်၊ အမိ ဒေါ်မတင်တို့က ၁၉၆၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ညီအကို မောင်နှမ ၇ ယောက် ရှိခဲ့တယ်။ သူဟာ ၁၉၈၆ ခုနှစ် ၁၀ တန်းစာမေးပွဲကို သင်္ချာဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ ဘီးလင်း တမြို့နယ်လုံးမှာ အမှတ်အများဆုံးနဲ့အောင်ခဲ့တာလို့ ဗိုလ်သိန်းလွင်က ပြောပြပါတယ်။ ၁၉၈၈ ခုနှစ် ဘူမိဗေဒ ဒုတိယနှစ်၊ မော်လမြိုင် တက္ကသိုလ်မှာ တက်နေတုန်း ရှစ်လေးလုံးမှာ ပါဝင်ခဲ့တာပါ။ မော်လမြိုင် သပိတ်စခန်းကနေ ဇာတိရွာ ကင်းရွာ သပိတ်စခန်းမှာ ပြန်လာပြီး ဦးဆောင်ခဲ့တယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် စစ်အာဏာသိမ်းတော့ လက်နက်ကိုင်တော်လှန်ဖို့ ထွက်လာခဲ့တယ်။ ကရင်နယ်မြေ သံလွင်စခန်းကို ကင်းရွာသပိတ်က အတူထွက်လာသူတွေနဲ့အတူ ရောက်လာပြီး ကျောင်းသား တပ်မတော်ကို ၁၉၈၈ ခုနှစ် နိုဝင်္ဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ဖွဲ့စည်း လိုက်တဲ့အခါ ကျောင်းသား တပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်လှတိုး ဖြစ်လာတယ်။ နောက်ပိုင်းမှာ တာဝန်အဆင့်ဆင့်ကိုထမ်းဆောင်ရင်း တပ်ရင်း ၂၀၈ ရဲ့ ဒုတပ်ရင်းမှုး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ တတိယနိုင်ငံတွေဆီ ပြောင်းရွှေ့ အခြေချဖို့ ထွက်ခွာသူတွေများလာလို့ တပ်ရင်းတွေပူးပေါင်းပြီး ပြန်လည်စုဖွဲ့ကြချိန် သူဟာ ကျောင်းသား တပ်မတော် တပ်ရင်း (၂) တပ်ရင်းမှုး ဖြစ်လာပါတယ်။

ရဲဘော်လှတိုးရဲ့ ထူးခြားချက်ကို ပြောမယ်နော်။ တခြားတပ်ရင်းမှုးတွေ အရာရှိတွေဟာ စစ်ယူနီဖေါင်းကို အကျအန၀တ်ပြီး စစ်ကြောင်းရုံးမှာ သီးသန့် နေထိုင်ကြတယ်။ ဒါပေမယ့် တပ်ရင်းမှုး လှတိုးကတော့ အရပ်ဝတ်နဲ့ တွေ့ရတာကများတယ်။ မှတ်မှတ်ရရ စွတ်ကျယ်ဖြူ လက်တို၊ ကရင်လုံခြည်နီ ၀တ်ထားတာကို အကြိမ်များစွာ တွေ့ဖူးတယ်။ အပေါ် ယူနီဖေါင်း ၀တ်ထားရင် အောက်က ကရင်လုံခြည်ဝတ်၊ စစ်ဘောင်းဘီဝတ်ထားရင်လည်း အရပ်ဝတ် စွတ်ကျယ်နဲ့ သူ့ကိုတွေ့ရတာများလေရဲ့။ ရှေ့တန်းမှာလည်း သူက စစ်ကြောင်းရုံးမှာ မနေဘူး။ တပ်ခွဲမှာ ရဲဘော်တွေနဲ့ အတူနေတယ်။ ဆန် အတူထမ်းတယ်။ ထမင်း ၀င်ချက်နေ တာလည်းတွေ့ဘူးတယ်။ ဟန်မလုပ်တတ်ဘူး။ စိတ်ဆိုးနေရင် သူ့မျက်နှာမှာ ပေါ်နေတယ်။ ဟန်မဆောင်တတ်သူလို့ ပြောရမယ်ထင်တယ်။  ကျောင်းသား တပ်မတော်မှာ တပ်မှုးတော်တော်များများဟာ စိတ်ရှည်ကြတယ်။ ဒေါသဖြစ်စရာကြုံရင် ထိမ်းနိုင်ကြတယ်။ စိတ်မဆိုး ဟန်ဆောင်ကြတယ်။ စိတ်ဆိုးပေမယ့် ခပ်အေးအေးပြော ဖြည်းဖြည်း ဖြေရှင်းတတ်ကြတာပါ။ လှတိုးကတော့ ပုံမှန်အခြေအနေဆို ခပ်တည်တည်၊ ပျော်စရာတွေ့ရင် ပျော်တတ်ပြီး သူမကြိုက်တာ တွေ့လာရင်တော့ ရှုးရှုးရှားရှားနဲ့ ဖြစ်လာတတ်သူပါ။ ဒါပေမယ့် ဒေါသနဲ့ ရဲဘော်တွေကို မတရား အပစ်ပေးတာတော့ မရှိတတ်။

တောထဲမှာ ကြာလာတော့ ကျောင်းသားတွေ မိန်းမယူကြတယ်။ အိမ်ထောင်ပြုကြတယ်။ အသက်တွေ လည်း ကြီးလာကြသကိုး။ အချိန်တန် အရွယ်ရောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ရှေးစကားဟာ အခုထိ ခေတ်မီတယ်။ ကျောင်းသားတပ်မတော် ဌာနချုပ်နဲ့ အနီးတ၀ိုက် တပ်ရင်းတွေမှာ မင်္ဂလာတွေဆောင်ကြ၊ ဗဟိုတရားသူကြီး ဆရာတင်ရွှေတို့ ဦးမောင်မောင်တိတ်တို့ ဦးတင်မောင်လွင်တို့ ဦးဝင်းမောင်တို့လည်း လက်ထပ် စာချုပ်တွေ လက်မှတ်ထိုးပေးကြရတာ မကြာခဏ။ ဒီတုန်းက ကိုလှတိုးကို “ တယောက်ထည်းပဲ နေတော့ မလားလို့ ” ၀ိုင်းပြီး စကြ နောက်ကြတော့ “စောသေးပါတယ်” လို့ ခပ်တည်တည်နဲ့ ပြန်ဖြေလေ့ရှိတာ မှတ်မိနေသေးရဲ့။

ကျောင်းသားတပ်မှာ အိမ်ထောင်ပြုကြတဲ့အခါ ရဲဘော် ရဲမေတွေ ပြန်ယူကြတာလဲရှိ ဒေသခံ ရှမ်း၊ မွန်၊ ကရင်၊ ကယား အမျိုးသမီးတွေနဲ့ ယူကြတာလည်းရှိ တချို့ဆို ပြည်တွင်းက ပြန်ခေါ်ကြတာလည်း ရှိတယ်။ ပြည်တွင်းက ပြန်ခေါ်ရာမှာ တောခိုစအချိန်က ကျန်နေခဲ့တဲ့ ဇနီးမယားကို ပြန်ခေါ်တာလည်း ရှိတယ်။ ပြည်တွင်းက ရီးစားကို ပြန်ခေါ်ပြီး ကျောင်းသားတပ်မှာ မင်္ဂလာပွဲလုပ်ကြတယ်။ ပြည်တွင်းက ပြန်ခေါ်ယူရတာ မလွယ်ပါဘူး။ မနေ့တနေ့ကတင် လက်ရှိ စစ်ထောက်လှမ်းရေးတွေ အရည် အသွေး မမီကြောင်း ပြောထားသူ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေး လက်ထက်မို့ သိရင် အဖမ်းခံရတယ်။ သွားခေါ်သူရော၊ လိုက်လာသူရော ကူညီကြသူတွေရော ထောင်ကျကုန်တာတွေ ရှိခဲ့တယ်။ တချို့ဆို ပျောက်ကုန်တယ်။ အခုထိ စုံစမ်းမရ။ အဲ့သည်မှာ ၂ ယောက်တွေ့ဖူး တယ်။ တပ်ရင်း ၂၀၄-၂၀၅ ဒုတပ်ရင်းမှုး ဆရာကျော်ဆွေနဲ့ တပ်ရင်း ၂၀၈ ဒုရင်းမှုး ကိုလှတိုး။ ဆရာကျော်ဆွေ က ရန်ကုန်က သူ့ဇနီး အင်္ဂလိပ်စာ ဆရာမ နော်မြင့်မြင့်စိန်ကို ပြန်ခေါ်တာဖြစ်ပြီး ကိုလှတိုးကတော့ သူ့ဒေသက ငယ်ရီးစားကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့တာပါ။

ဆရာကျော်ဆွေ ၈၈ သပိတ်မှာပါပြီး ကရင်နယ်မြေ၊ သေ့ဘောဘိုးစခန်းကို ထွက်လာတော့ ဇနီးသည် ဆရာမ နော်မြင့်မြင့်စိန်က ရန်ကုန်မှာ သားကလေးစည်သူနဲ့ ကျန်ခဲ့တယ်။ ဆရာကျော်ဆွေ နေကောင်း ဖြစ် ငှက်ဖျားမိတိုင်း မနော် ရေ သမီးရေ ဆိုပြီး ယောင်အော်တယ်။ သူ့ဇနီး ကရင်အမျိုးသမီး ကို သူက မနော်လို့လည်း ခေါ်တယ်။ သူ့ထက် အသက်တော်တော်ငယ်တာမို့ သမီးလို့လည်းခေါ်ရဲ့။ ပြန်ခေါ်ချင်တယ်လို့ ခနခန ပြောတယ်။ ဒါနဲ့ ၁၉၉၁ ခုနှစ် မာနယ်ပလော တိုက်ပွဲတွေပြီးတော့ သူ့ဇနီး ဆရာမက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရွာတရွာမှာ အင်္ဂလိပ်စာ ဆရာမတာဝန် လာပြီး ထမ်းဆောင်နေချိန် စာလှမ်းပို့တယ်။ ဆရာမက သူ့ကို လာခေါ်ပါဆိုပြီး စာပြန်တော့ စစ်အစိုးရတပ်ရင်းတွေ များလှတဲ့ကြားက သွားဝင် ခေါ်ကြတာ မှတ်မိသေးတယ်။ ၈၈၈၈ ကနေ ၁၉၉၁ အထိ ၃ နှစ်လောက် ကွဲကွာနေရာက ပြန်တွေ့တော့ “သမီး” ရေ “ဦး” လာကြိုပြီလို့ ပြောတယ်။ ဆရာမက သူ့ယောက်ျား ဆရာကျော်ဆွေကို “ ဦး ” လို့  ခေါ်သကိုး။ ကျောင်းသားတပ်မတော် ဌာနချုပ်ကို ရောက်ပြီး သမီးကလေး တယောက် “သျှား” ကို ထပ်မွေးသွားပါသေးတယ်။ အခုတော့ အမေရိကားမှာ အေးချမ်းသာယာစွာ နေထိုင်နေကြပါပြီ။

ကိုလှတိုးကလည်း သူ့ငယ်ကျွမ်းကို ပြန်ခေါ်ဖို့ စီစဉ်ပါသေးတယ်။ ကိုသိန်းလွင်တို့နဲ့ တိုင်ပင်နေကြတယ်။ သွားခေါ်မယ်။ မခေါ်ခင် အခြေအနေကို စုံစမ်းမယ် ပြောနေခဲ့ကြပါတယ်။ တိုင်ပင်ခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေက ဆရာကျော်ဆွေ တို့လို အဆင်မပြေခဲ့ဘူးထင်ပါတယ်။ မအောင်မြင်ခဲ့ပါ။ နောက်ပိုင်းမှာ ကျောင်းသားတပ်မတော် ဌာနချုပ် ဒေါင်းခွင်ကို ၁၉၉၅ ခုနှစ်လောက်မှာ အစိုးရတပ်တွေ ထိုးစစ်ဆင်တော့ ဆုတ်ပေးလိုက်ရတယ်။ ကျနော်လည်း ကျောင်းသားတပ်မတော်  ဌာနချုပ် ကယားပြည်နယ်ထဲပြောင်းတော့ လိုက်ပြောင်းရပြီး ကိုလှတိုးနဲ့ ပြန်မတွေ့ဖြစ်တော့ပါ။ ကိုလှတိုးတို့ တပ်ရင်း ၂ လည်း ၀ဲကြီးကို ပြောင်းသွားကြတယ်။ ဒီလိုနဲ့ နောက်ဆုံး စစ်ကြောင်းမှာ အတူပါခဲ့သူပါ ဗိုလ်သိန်းလွင် ပြန်ပြောလို့ သိရတာက လှတိုးဟာ ကေအင်န်ယူ နယ်မြေ စစ်ရေးလှုပ်ရှားမှုအတွင်း ဒါဏ်ရာရခဲ့ပြီး တပ်မဟာ ၅ နယ်မြေ ဒေးဖိုးနိုရွာ တပ်ပေါင်းစု ဆေးရုံမှာ ၁၉၉၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ကြွေလွင့်သွားခဲ့ရှာပါတယ်။

ဒီလိုနဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာသား မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား လှတိုးဟာ ၈၈၈၈ သပိတ်ကတဆင့် စစ်အာဏာရှင်ကို တော်လှန်ရင်း ကျောင်းသားတပ်မတော်သားတဦး အနေနဲ့ ကျဆုံးသွားခဲ့ရတာ ၁၇ နှစ်ရှိခဲ့ပါပြီ။ ကျနော်က သူကို မမေ့နိုင်သေးပါ။ ရဲဘော်လှတိုး လူလောကကြီးမှာ မရှိတော့ပေမယ့် သူ့ရဲ့ အမေ ဒေါ်မတင်ကတော့ သားအဖြစ်ကို ကွယ်လွန်ချိန်အထိ သိမသွားရရှာပါဘူး။

ဝေးကွာရက်တွေ

ပြက္ခဒိန်မှာ၊ ကြက်ခြေခတ်ထား

သမီးပျောက်အမေ၊ သားပျောက်အမေ

အားလုံးရဲ့အမေတွေ

(ခုထိတိုင်)

ပြတင်းဝမှာ မျှော်နေတုန်းပဲ..။ ။ (မင်းကိုနိုင်)

၁၉၉၈ ခုနှစ် ဗိုလ်လှတိုး သေဆုံးတဲ့ သတင်းကို ကျန်သားသမီးတွေက သူအမေကို ပြောမပြခဲ့ကြဘူးလို့ လှတိုးရဲ့သူငယ်ချင်း ကိုသိန်းလွင်က ပြောဆိုပါတယ်။ အခုတော့ ကိုလှတိုးရဲ့ မိခင် ဒေါ်မတင်လည်း ကွယ်လွန်သွားခဲ့ပါပြီ။ ၈၈ က သားပျောက်ကို တမလွန်မှာ ပြန်ရှာတွေ့နေမလားပဲ။

နှစ်တွေကြာလာပေမယ့် သူနဲ့တိုက်ဖေါ်တိုက်ဖက် တတန်းထဲ ကျောင်းအတူ တက်ခဲ့သူတွေ ဖြစ်ကြတဲ့ သြစတေးလျရောက် ကိုသိန်းလွင်နဲ့ ကိုကျော်နိုင်၊ အမေရိကားရောက် ကိုစိုးမြင့်နိုင်၊ ကိုဝင်းနိုင်ဦး၊ ကိုမြတ်ချိုတို့အပါအ၀င် ကျောင်းသားတပ်မတော်သားတွေကလည်း ဗိုလ်လှတိုးကို သတိရနေဆဲ မို့ လှတိုးပညာသင်ဆုအတွက် အလှုငွေတွေ ပို့ပေးကြပါတယ်။ တကယ်တော့ ကျောင်းသားတပ်မတော်မှာ စစ်အာဏာရှင်ကို တိုက်ရင်း အာဇာနည်တဦး အဖြစ် ကျဆုံးသွားတဲ့ ရဲဘော်လှတိုးအတွက် လှတိုးဆု (လှတိုးပညာသင်ဆု) ဟာ သူ့ရဲဘော်တွေရဲ့ လှတိုးအပေါ် အလေးပြုထား ဂုဏ်ပြု တဲ့ သင်္ကေတပါ။ ဒါပေမယ့် သူ့ရဲဘော်တွေကတင် ဂုဏ်ပြုအလေးထားတာတော့ မဟုတ်ပါ။ နောက်ထပ် မမေ့နိုင်သူတွေလည်း ရှိကြပါသေးတယ်။ သူတို့ကတော့ ဘီးလင်းမြို့နယ်၊ ကင်းရွာတ၀ိုက်က လှတိုးရဲ့သူငယ်ချင်းတွေနဲ့ လှတိုးရဲ့ ဆရာတွေပါ။ အထူးသဖြင့် ဆရာဦးကြည်စိုး။

ကင်းရွာက ကျောင်းဆရာဦးကြည်စိုးဟာ နောင်တော် တိုက်ပွဲဝင် ကျောင်းသားသမဂ္ဂ အဖွဲဝင် တယောက်ပါ။ ၁၉၇၄ ခုနှစ်လောက်မှာ မဆလစစ်တပိုင်းအစိုးရက သူကိုဖမ်းပြီး ကျောင်းသားလှုပ်ရှားမှု စွဲချက်နဲ့ ထောင်ချခဲ့ တယ်။ ထောင်ကလွတ်လာတော့ ဘီးလင်းနယ်မှာ ကျောင်းဆရာ လုပ်နေခဲ့တယ်။ ၁၉၈၆ ခုနှစ် ၀န်းကျင်က လှတိုး၊ သိန်းလွင်နဲ့ တခြား တပည့်တွေကို သူ့အိမ်မှာ ညအိပ်ခိုင်းပြီး စာသင်ပေးခဲ့ပါတယ်။ စာတော်တဲ့ တပည့် လှတိုးရဲ့ ဆယ်တန်း လေ့ကျင့်ခန်း စာအုပ်ကလေးက ဆရာ့ဆီမှာ အခုအထိ သိမ်းထားတုန်းပါ။ သူပုန် ကျောင်းသား ရဲဘော် ဖြစ်နေပြီး အာဇာနည်ပီသစွာ ကျဆုံးသွားခဲ့သူ တပည့်အတွက် တခုခု လုပ်ပေးချင်နေခဲ့ ပုံရပါတယ်။ လှတိုးဆရာရဲ့ စိတ်ကူးနဲ့ပဲ လှတိုး(ပညာသင်)ဆု ပေါ်ပေါက်လာရပါတယ်။ ဆုလိုဂို Logo တံဆိပ်က လှတိုးရဲ့ ဆယ်တန်း လေ့ကျင့်ခန်း စာအုပ်ကလေး မျက်နှာဖုံးမှာ လှတိုး ကိုယ်တိုင် ရေးဆွဲထားခဲ့တဲ့   HLA TOE နာမည်စာလုံး အောက်ကနေအပေါ် ထောင်ရေးထားတဲ့ ဒီဇိုင်းလိုလို၊ ပန်းချီလိုလို စာလုံးတွေကိုပဲ လှတိုးဆု ဒီဇိုင်း လုပ်လိုက်ပါတယ်။ ဒါက တပည့် သူပုန်ကျောင်းသား ရဲဘော်လှတိုးရဲ့ ကျောင်းသားသမိုင်းဝင် လုပ်ရပ် အပေါ် ရေးထိုးပေးခဲ့တဲ့ မြတ်ဆရာရဲ့ မော်ကွန်းပါ။

ရဲဘော်လှတိုး ဋီကာကို အခုလို အဆုံးသတ်ချင်ပါတယ်။ လှတိုး ကျဆုံးသွားခဲ့ပေမယ့် လှတိုး မသေဘူးလို့ ကျနော် ဆိုချင်တယ်။ သူ့ပညာရေး၊ သူ့မိသားစု၊ သူ့ချစ်သူ၊ သူ့ရပ်ရွာကိုစွန့်ပြီး ပြည်သူနဲ့ ကျောင်းသားထု အတွက် ဘ၀နဲ့ အသက် စွန့်သွားသူပါ။ ကျနော့်ရင်ထဲမှာ သူရှိနေဆဲ၊ သူ့ရဲဘော်တွေရင်ထဲ အတွေးထဲမှာ သူရှိနေမြဲ၊ မြတ်ဆရာနဲ့ ကင်းရွာ ဘီးလင်းနယ်သားတွေတင်မက မြန်မာပြည်သားတွေ ရင်ထဲမှာ သူရှိနေတုန်းပါ။ ဒါကြောင် လှတိုးမသေ။ ကြွေတဲ့အထိ မွှေးနေတဲ့ပန်းတပွင့်၊ ထပ်ဆင့်ဖူးပွင့်လာတာက လှတိုး(ပညာသင်)ဆု။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်တူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)