မျက်ရှု – မဖြူ တဖြူ (ဝတ္ထုတို)

June 25, 2015

မျက်ရှု – မဖြူ  တဖြူ  (ဝတ္ထုတို)
(မိုးမခ) ဇွန် ၂၅ ၂၀၁၅

(၁)
ခုတလော ကျွန်မ စိတ်တွေ လေးလံနေသည်။  အထူးသဖြင့် သူ့မျက်လုံးများနှင့် ဆုံသည့်အချိန်တိုင်းပေါ့။  ထိုမျက်ဝန်းများကို မေ့ပစ်ချင်သည်။  တတ်နိုင်သမျှ ရှောင်ကွင်းသွားလိုက်ချင်သည်။  သူ့အကြည့်များသည် ကျွန်မကို ကယောင်ချောက်ချားဖြစ်စေ သည်။  သူသည် ယခုရက်ပိုင်းအတွင်း ကျွန်မ၏ အာရုံဝင်စားမှုတိုင်းကို ဖမ်းဆုပ်ထားသည်။  လူတစ်ဦး၏ မနောကို ပိုင်စိုးနိုင် စွမ်းရှိသော အကြင်သူသည် အဘယ်မျှသော တန်ခိုးသတ္တိနှင့် ပြည့်စုံသနည်း၊ မည်ကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထား သနည်းဟု တစ်စုံတစ်ယောက်ကများ မေးလာလျှင် ကျေနပ်စရာ အဖြေကို ပေးနိုင်လိမ့်မည်မဟုတ်ပါ။

ကျွန်မ ရည်ညွှန်းလိုသော သူသည် သာမန်တကာ့ သာမန်ထက် နုံချာသောသူသာ။  ထို့ထက် တိတိကျကျ ပြောရလျှင် ခွေးတစ်ကောင်။  ထပ်မံ အသေးစိတ်ပြီး ဂုဏ်အင်ပြရပါက လူတကာက အော်ဟစ်မောင်းထုတ်သော၊ အင်အားကြီး ခွေးအုပ် စု၏ အမြဲဗိုလ်ကျခြင်းကို ခံရသော လမ်းဘေးမှ အနုတ်စုတ် ဂုတ်စုတ် ခွေးဝဲစားတစ်ကောင်။  အင်မတန် အသန့်အပြန့်ကြိုက်သူ၊ ဇီဇာကြောင်တတ်သူမို့ ခွေးဝဲစား မပြောနှင့်၊ မည်သည့် အိမ်မွေးတိရစ္ဆာန်ကိုမှ မခင်တွယ်တတ်သော ကျွန်မက အောက် တန်းစား ခွေးတစ်ကောင်ကို စွဲလန်းနေပါသည်ဟု ဆိုလျှင် ကျွန်မ၏ ပတ်ဝန်းကျင်မှ အကြောင်းသိသူများက ဟားတိုက် ရယ်မောကြလေမလား။  ထူးဆန်းမှုတစ်ခုဟုသာ ဆိုကြပါစို့။  သူနှင့် ဆက်နွှယ်ခဲ့မှုကြောင့် နှစ်ပေါင်းများစွာ အရိုးစွဲလာသော ကျွန်မ၏ ကန့်သတ်ထားမှုများမှာ ချိုးဖောက်ဖို့ အကြောင်းဖြစ်လာတော့သည်။

ကြာတော့ ကြာခဲ့ပါပြီ။  ကျွန်မ အုပ်လုံးသိမ်းတတ်သည့် အရွယ်တွင် စိတ်ပျက်စရာ ထိုကန့်သတ်ချက်ကို မိမိတစ်ဦးတည်း အမြင်ဖြင့် စည်းတားဖို့ရာ ဇာတ်လမ်းစတင်ခဲ့သည်။  ကျွန်မ မှတ်မိသလောက်  ထိုနေ့သည် တစ်ခုသော နွေရာသီ၏ မှောင်စ ပျိုးသည့်အချိန်။  ကျောင်းမှ မောမောနှင့် ပြန်လာပြီး ညစာ စားနေသည့် တဒင်္ဂအတွင်းမှာပင် ဖြစ်ပါသည်။  ထိုအချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ထမင်းစားစားပွဲနှင့် ကပ်လျက်ရှိသော ပြတင်းပေါက်မှ အိမ်အပြင်ဘက်သို့ ငေးမိသွားသည်။  ကြောင်တစ်ကောင်ရယ်လေ။  သူက စပြီး ကျွန်မကို အိပ်မက်ဆိုးတွေ ပေးခဲ့သည်။  ထိုကြောင်သည် အုတ်နံရံမှ တစ်ဖက် အိမ်၏ ခေါင်မိုးပေါ်သို့ လှမ်းခုန်လိုက်ချိန်တွင် ကံဆိုးရှာသော သူ့သန္ဓေသားက ထွက်ကျလာသည်။  သည့်မတိုင်မီကတော့ ကြောင်မခမျာ မွေးဖွားချင်လွန်း၍ နာကျင်စွာ အော်မြည်နေမလားဆိုတာ ကျွန်မ မသိနိုင်ပါ။  ကိုယ့်အာရုံနှင့် ကိုယ်မို့ သတိမထားမိတာလည်း ဖြစ်နိုင်ပါသည်။

တစ်ဖက်ခေါင်မိုးပေါ်သို့ သူရောက်ချိန်နှင့် သူ့ရင်သွေးငယ် ပြင်ပလောကသို့ ၀င်ရောက်ချိန်က တထပ်တည်း ကျသည်။  တစ်ဖက်အိမ်က တစ်ထပ်အိမ်မို့ ခေါင်မိုးအစွန်းမှ ထိုကြောင်မ သားလျှောသည့်အဖြစ်သနစ်ကို ပိတ်သားပြင်တွင် ရှုမြင်နေရသလို ကွက်ကွက်ကွင်းကွင်းကြီး မြင်နေရသည်။  ကြောင်ရယ်လို့ ရုပ်လုံးမပေါ်သေးသည့် အမိဝမ်းတွင်းမှ ကျွတ်ခါ စ အနှီသတ္တ၀ါသေးသေးကလေးကို သူ့မိခင်က ဘာသာဘာဝ အတတ်ပညာဖြင့် သူ့ဘာသာ ချက်ကြိုးဖြတ်ပြီး ညနေစာ အဖြစ် ကျကျနန တစိမ့်စိမ့် ပွဲတော်တည်လိုက်သည့် မြင်ကွင်းသည် ထိုနေ့ကစပြီး ကျွန်မကို တမျှင်းမျှင်း ခြောက်လှန့် တော့သည်။  ထိုစဉ်အခါက စားပြီးသား ညစာတို့ပင် ပျို့အန်ထုတ်ပစ်ရသည်အထိ။  အစွဲအလန်းကြီးတတ်သော ကျွန်မ အတွက်တော့ ဧရာမ ရွံရှာစက်ဆုပ်စရာ ပြစ်မှုကြီးနှင့် ပက်ပင်းတိုးလိုက်ရသလို ရင်တုန်စရာကောင်းနေတော့သည်။  နောက်ပိုင်း စာတွေ ဖတ်ရင်း၊ အသိ ဆရာဝန်များနှင့်လည်း ဆွေးနွေးရင်း ခွေးရူးရောဂါနှင့် တိရိစ္ဆာန်မှတဆင့် ကူးစက် တတ်သည့် အခြားရောဂါများအကြောင်း သိလာရတော့ တိရိစ္ဆာန်ဆိုလျှင် ဝေရာမဏိ ဝေးဝေးရှောင်ကြဉ်လော့ ဆိုသည်မှာ မည်သူကမှ သတိပေးစရာမလိုအောင်ကို အသိရှိနေတော့သည်။  အဟိတ်တိရိစ္ဆာန်ဖြစ်သော ကြောင်စုန်းတစ် ကောင်ထံတွင် စာနာခြင်းတရားကို သွားပြီးရှာဖွေမိသည်ကိုက ကျွန်မ၏ လွဲချော် မှုပင်။

ဤသို့သော နောက်ခံအကြောင်းတရားများနှင့် ကျွန်မကို အနှီ ခွေးဝဲစားက လာပြီး ပတ်သက်ချေပြီ။  သူက ကျွန်မဘ၀ထဲသို့ ၀င်လာတာလား။  ကျွန်မက သူ့ဘ၀ထဲသို့ ၀င်သွားတာလား။  တပ်အပ်ပြောနိုင်သည်မှာတော့ သူ့ကိုလည်း ကျွန်မ မေတ္တာထား၍ မရနိုင်ပါချေ။

(၂)
သေချာစေ့ငုကြည့်လျှင်တော့ သူ့ဘ၀အကြောင်းက စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ချင်ဖြစ်နိုင်သည်။  သူက ခွေးချစ်သူ တော်တော်များများ အမြတ်တနိုးထားတတ်သော တယ်လီယာခွေးမျိုးဖြစ်သည်။  ကျွန်မတို့ လမ်းထဲကို ရောက်လာသည့် အချိန်ကျတော့ သူ့ရဲ့ ရွှေထီးဆောင်းနေ့ရက်တွေပဲ ကုန်လွန်သွားပြီမို့လား မသိ။  အရောင်က ခပ်မွဲမွဲ၊ အမွေးငုံးတိ၊ ပိန်ချိချိနှင့်။ သူ့ဝမ်းသူ အနိုင်နိုင်ကျောင်းနေရသည့် ခွေးဝဲစားကလေးမျှသာ။  ဘယ်သူကမှ မချစ်ချင်၊ မပိုက်ထွေးချင်။  စားခွက်လုရင်း ခွေးကြီးတွေက မာန်ဖီကြ၊ ကိုက်ခဲလိုက်ကြလို့ သူ့ခမျာ တဂိန်ဂိန်၊ တအိန်အိန်နှင့် တောင်းပန်ရရှာသည်။

ကျွန်မ နှလုံးသားထဲသို့ ၀င်မလာသေးမီ ညကလည်း သူနှင့် ခွေးတစ်အုပ်တို့ ထုံးစံအတိုင်း ရန်ဖြစ်ကြသည်ထင့်။  တစ်ရပ်ကွက်လုံး ခွေးမာန်ဖီသံတွေနှင့် ဆူညံနေတော့သည်။  နောက်တစ်နေ့ ကျွန်မ ရုံးသွားရန် အောက်ထပ်သို့ ဆင်းလာချိန် တွင် လှေကားခြေရင်း၌ ခွေခွေကလေး လာပြီး ခိုလှုံနေရှာသည့် သူ့ကို သတိထားမိတော့သည်။  သူ့ ပေါင်ရင်းက သွေးစ သွေးနတွေ မခြောက်သေးသည်ကို ဘယ်ဘက်ခြေချောင်းကလေးကို မြှောက်ထား၍ မြင်နေရသည်။  ရုံးချိန်မမီ၍ လှေကားတလျှောက် ဒရောသောပါး ပြေးဆင်းလာသော ကျွန်မကို သူ အလန့်တကြား မော့ကြည့်သည်။ ကျွန်မတို့ နှစ်ဦးသား ပထမဆုံး မျက်လုံးချင်း စပြီး ဆုံတွေ့ကြပြီ။ ထိုအချိန်က သူ့ခမျာ အရာရာကို ထိတ်လန့်နေသည့်ပုံ၊ အသနားခံနေပုံ။ ပြီးတော့ ဒဏ်ရာကို တော်တော်ကြီး ကြိတ်မှိတ်ခံစားနေရပုံ။ ကျွန်မကတော့ အထက်စီးကပဲပေါ့။ “အကောင်ငယ်ငယ်လေးနဲ့ ခွေးကြီးတွေကို သွားပီး တုတာ ခံရတာတောင် နည်းသေး” ဟုပင် စိတ်ထဲက ပြစ်ပြစ်နှစ်နှစ်ကြီး ကောင်းချီးပေးလိုက်သေးသည်။ သူကတော့ တအီအီအော်လို့၊ အကြောင်းစုံ ရှင်းပြနေသယောင်။ ကျွန်မလည်း ရုံးချိန်ကျော်နေပြီမို့ သူ့ကို ဂရုမထားနိုင်အားပါ။ သာမန်လျှံကာ အကြည့်နှင့် နှုတ်ဆက်ခဲ့တော့သည်။

သို့ပေမယ့် ဘ၀ဘ၀က ရေစက်က အခုမှ အကျိုးပေးပြီလားမသိ။ ညနေ ရုံးဆင်းချိန် အိမ်ပြန်တော့လည်း လှေကားရင်းတွင် သူ့ကို မတုန်မလှုပ် တွေ့ရပြန်သည်။ သွေးတစိုစို၊ ဖုန်အလူးလူးနှင့် ညစ်ထေးနေသော သူ့ကို ကြည့်ပြီး ကျွန်မမှာ အော်ဂလီဆန်လိုက်ရတာ။ မလှုပ်မယှက်ကြီး တွေ့ပြန်တော့လည်း “သေပြီလားမသိဘူး” ဟု စိုးစဉ်းမျှ ကရုဏာသက် မိသွားသလိုလို။

“ဒီတိုက်က လူတွေကလည်း ခက်ပါတယ်။ ခွေးသေတစ်ကောင်လုံး ဒီအတိုင်းပဲ ထားတော့မှာလား။ လွှင့်ပစ်ဖို့ နည်းနည်းမှ စိတ်မကူးကြဘူး ထင်တယ်” တစ်လက်စတည်း တစ်တိုက်လုံးက ရှိရှိသမျှ အိမ်ထောင်စုတိုင်းကို အပြစ်တင် စောလိုက် ပြန်သည်။ ခဏနေတော့ အခန်းတစ်ခန်းခန်းမှ ရေတင်လိုက်သည် ထင်၏။ ရေမော်တာ လည်သံ တဂျီးဂျီး ရုတ်တရက် ထမြည်လိုက်သဖြင့် ထိုခွေးဝဲစားလေးခမျာ လန့်ပြီး ခေါင်းထောင်ကြည့်မှပဲ သူ ခဏမှိန်းနေတာဖြစ်ကြောင်း ရိပ်မိတော့သည်။ သူသည် ကျွန်မကို ကြည့်ပြန်သည်။ သူ့ဒဏ်ရာမှာ သက်သာပုံ မပေါ်သေး။ မလှုပ်နိုင် မရှားနိုင်ဖြင့် တစ်နေ့စာ သူ့ဝမ်းရေးကို သူ ဘယ်လို ဖြေရှင်းနေလည်း မသိ။ ဆာရှာရော့မည်ပေါ့။ ကျွန်မမှာတော့ သူ၏ ခပ်ရိုးရိုးအကြည့်လေးကိုတောင် ခံနိုင်စွမ်းမရှိ။ ရပ်တလှပ်လှပ်နှင့် အပေါ်ထပ်သို့သာ ပြေးတက်လာခဲ့သည်။

သူ့ခမျာလည်း လုံခြုံဘေးကင်းရာမှာသာ နေချင်ရှာပေမည်။ လှေကား၏ ဘယ်ဘက်အခြမ်းတွင် ရေမော်တာများ ရှိသဖြင့် ထိုအပိုင်းကို အမြဲတစေ သော့ခတ်ထားသည်။ သူလို အကောင်ငယ်လေးကသာ သံပန်းတခါး သံတိုင်တွေ ကြားက ငုံ့လျှိုးပြီး ၀င်နိုင်ပေမယ့် အခြားအကောင်ကြီးတွေ ၀င်လို့မဖြစ်နိုင်တာမို့ သူ့အတွက် လုံခြုံသည်ဟု ဆိုနိုင်ပါသည်။ ဘယ်အချိန်အထိ ထိုနေရာတွင် သူ နေဦးမှာလဲ။ မနက်ဖြန်တိုင်း သူနှင့် ဆုံတွေ့နေရဦးမှာလား။ အတွေးနှင့်တောင် စိတ်မောရပါ၏။

(၃)
ဒုတိယနေ့ ရောက်လာပြန်သည်။ စနေနေ့ ရုံးပိတ်ရက်မို့ အောက်ထပ်သို့ အကြောင်းအမျိုးမျိုးနှင့် ဆင်းဖြစ်သည်။ ဆင်းလေ တိုင်း သူ့ကို မြင်ရပြန်သည်။ သူသည် မနေ့ကထက် သိသိသာသာ ပိုပြီး ပိန်ကျသွားသည်။ အမွေးတွေလည်း ကျွတ်ကုန်ပေါ့။ တစ်ချို့နေရာများဆိုလျှင် အသားပြင်ကိုတောင် မြင်နေရပြီ။  ကျွန်မကို မြင်တော့ ဟောင်သံမပြောနှင့် အီသံတစ်ချက်ပင် မ ပေး။ သူ့စိတ်ထဲတွင် ရင်းနှီးသွားလို့လား၊ သူ့အတွက် အကျိုးမထူးဟု ထင်လို့လား၊ အသံပြုရန်ပင် အားမရှိတော့၍လား မပြောတတ်ချေ။ သေချာသည်က သူသည် ကျွန်မ၏ လှုပ်ရှားမှုတိုင်းကို စူးစိုက်ပြီး ကြည့်နေသည်။ ကျွန်မမှာ စိတ်မလုံ၍ နောက်ကြောင်း ပြန်လှည့်ကြည့်လေတိုင်း သူ့မျက်ဝန်းများနှင့် ဆုံရသည်သာချည်း။ ခက်တော့ ခက်ချေပြီ။ သူ ကျွန်မအပေါ် မည်သို့ မည်ပုံ သဘောထားမည်ကို အတိအကျ မခန့်မှန်းတတ်သော်လည်း ကျွန်မကတော့ သူ့ကို မုန်းလှပါပြီ။ အနှီ ခွေးနာ လေးကို ကျွန်မ မြင်ကွင်းထဲမှ မြန်မြန်ပျောက်သွားစေချင်လှပြီ။ ရွံရှာသည့် စိတ်က စာနာသနားရမည့်စိတ်ထက် လွန်ကဲနေသည်ကိုး။

သုံးရက်မြောက်နေ့တွင် အောက်ထပ်သို့ ဆင်းရန် ကိစ္စပေါ်လာပြန်တော့ သူနေသည့် လှေကား ဘယ်ဘက်ထောင့်ကို မကြည့်မိရန် စိတ်ကို တင်းထားရသည်။ သို့သော် မရပါ။ သတိထားသည့် ကြားကပင် “ခွေးသေကြီးနှင့် ပက်ပင်းတိုးလေမလား” ဟု စူးစမ်းချင်သော စိတ်ဖြင့် သူ့ဘုံဗိမ္မာန်လေးဆီသို့ အကြည့်က ဝေ့၀ိုက်မိပြန်သည်။ အသက်ခပ်မျှင်းမျှင်း ရှူ၍ မှိန်းနေရှာ သော သူ့ကို တွေ့ရသည်။ နဂိုကတည်းက ကြုံလှီရှာသော သူသည် အခုတော့ ချုံးချုံးကျနေရှာပေပြီ။ အထူးသဖြင့် ခြေချောင်းအရိုးလေးများပင် ငေါထွက်လို့။ ကျွန်မမှာ စိတ်ပင်ပန်းရပြန်ပါသည်။

ကျွန်မကိုယ် ကျွန်မလည်း အားမလို အားမရဖြစ်မိသည်။ ဤမျှ အကြင်နာကင်းမဲ့သူ ဖြစ်ရကားဆိုသည့် အတွေးဖြင့် ကြိတ်မနိုင် ခဲမရ အပြစ်တင်ရပြန်သည်။။ သို့သော် ဖြစ်သင့်သောတရားနှင့် တစ်ကိုယ်ကောင်း အတ္တတို့က လွန်ဆွဲနေကြဆဲ။ တိရိစ္ဆာန်များကို ရွံမုန်းသည့်ကြားကပင် အထက်တန်းကျောင်းသူဘ၀တုန်းက မြန်မာစကားပြေတွင် သိပ္ပံမောင်ဝ၏ “အာမိတ်” ကို သင်ယူရတုန်းကတောင် ခွေးကလေး အာမိတ်ကို သနားလွန်းသဖြင့် မျက်ရည်လည်ရွှဲဖြစ်ခဲ့ရသေးသည်။ ငါဆို ဘယ်လို ကြင်နာလိုက်မဟဲ့ဟူ၍ စိတ်ကူးနှင့် သဘောကောင်းခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ကြုံသည့်အခါ မျက်နှာလည်း ပျက်၊ အကြည့်လည်း လွဲ၊ နှာခေါင်းလည်း ရှုံမိပြန်လေတော့သည်။

ကျွန်မ တရားမျှတပါသလား။ ကျွန်မ၏ အပြုအမူတို့ ဓမ္မဓိဌာန်ကျပါရဲ့လား။ ခွင့်လွှတ် နားလည်ပေးနိုင်စရာ ကောင်းပါရဲ့လား။ မည်သို့မှ မှတ်တမ်းမတင်ထိုက်သော၊ သာဓုခေါ်ရန် အကြောင်းမရှိသော မသိကျိုးကျွံပြုမှု၊ ရှောင်လွဲမှုအတွက် ဖြေသိမ့်စရာ ဆင်ခြေအမျိုးမျိုး ရှာကြည့်ပါသေးသည်။ သူ့ကို အစာဝယ်ကျွေးရန် အစဦး၌ စိတ်ကူးမိသေးသည်။

“မဖြစ်သေးပါဘူး။ လက်ပံပွင့်ချိန်ကလည်း နီးလာပြီ။ သူ့ကြည့်ရတာ ခွေးရူးကိုက်ခံရတာလား၊ ဘာလားမသိဘဲ သွားရောနေ လို့၊ နောက် တွေ့တိုင်း ပါးလျက်နားလျက်လာလုပ်လို့ ရောဂါကူးလာရင် ဘယ်လိုလုပ်မလဲ”။ ဤအကြောင်းပြချက် တစ်ခု တည်းနှင့်ပင် သူ့ကို တတ်အားသရွေ့ ကူညီရန်အကြံကို လက်လွှတ်လိုက်တော့သည်။ အသိတိရိစ္ဆာန်ဆေးကု ဆရာဝန် များကို ပင့်၍ ပြရန် စဉ်းစားပြန်၏။ ကြေးရတတ် ခွေးချစ်သူများ၏ သည်းသည်းလှုပ်သမျှကို အရိပ်တကြည့်ကြည့် နေပေးရ သော သူတို့ကလည်း လမ်းဘေးခွေးဝဲစားတစ်ကောင်အတွက် အချိန်၊ လုံ့လ မျှပေးနိုင်ပါ့မလား။ သည်ခွေးကို ပိုက်ပြီး ဆေးခန်းသွားဖို့တော့ ကျွန်မအတွက် လုံးလုံးမဖြစ်နိုင်။ သည်လိုနှင့်ပင် အမှားခြစ်ရန် ကြိုတင် ကြံစည်ပြီးထားသော အဖြေ လွှာကို မစစ်ခင်ကတည်းက အကျစာရင်း သွင်းလိုက်မိပါသည်။

ဟုတ်ပါသည်။ ကျွန်မ၏ ခေါင်းရှောင်မှုသည် မည်သို့မှ ခွင့်လွှတ်နိုင်စရာ မကောင်း။ ဒါကို ကျွန်မ ကောင်းကောင်း သဘောပေါက်သည်။ အထူးသဖြင့် ကျွန်မက လူမှုရေးဆောင်ရွက်သူ ၀န်ထမ်းတစ်ဦး ဖြစ်နေခြင်း အကြောင်းတစ်ခုတည်းနှင့်ပင် စိတ်ဓာတ်နှင့် လုပ်ရပ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမှုကို အော့နှလုံးနာစရာ ဖြစ်နေတော့သည်။ သည်လိုနှင့် တစ်နေ၀င်၍ တစ်မိုးချုပ်ပြန်သော်ငြားလည်း ကျွန်မ၏ အတ္တမီးကြီးကား တညီးညီး တောက်လောင်နေဆဲ။

“ပကတိအမှန်တရားကို မျက်ကွယ်ပြုပြီး ဘာကြောင့်များ ဒီလောက်ထိ ခေါင်းမာနေရတာလဲ” တွေးရင်းနှင့်ပင် အသက်ရှူ ကျပ်လာသည်။ လေးရက်မြောက်နေ့သို့ ကူးပြီ။ ကျွန်မ သူ့အကြည့်တွေကို ပိုပိုပြီး ကြောက်လာသည်။ သူ့ရှေ့ရောက်လျှင် အလိုလို သိမ်ငယ်မိလာသည်။ အိမ်ပြန်ရမှာကို ၀န်လေးနေမိသည်။ ဖြစ်နိုင်လျှင် ထိုလှေကားဘက်မှ မသွားချင်။ အပေါ်သို့ တက်ရန် အခြားလှေကားတစ်ခု မရှိသည်က ကျွန်မအဖို့ သူမှသူ မတွေ့ချင် မမြင်ချင်လျက်က ဆုံရန်ကြုံရန် အခါသင့် စေခဲ့သည်ပဲ။ ယခုအချိန်မှာ သူ့ကို မုန်းသေးသလားဆိုတာ ကျွန်မကိုယ် ကျွန်မ ဆန်းစစ်မိပြန်သည်။ အဖြေက ဝေေ၀၀ါးဝါး။

(၄)
“ဆရာမအတွက်တဲ့။ အညာက လူတွေ သနပ်ခါးတုံး လက်ဆောင်ပေးလိုက်တာ”

အပူပိုင်းဒေသ စီမံကိန်းမှ ကျွန်မကို ချစ်ခင်ကြသော ရွာသားများက အရာရှိတစ်ဦးနှင့် လက်ဆောင် ပါးလိုက်ခြင်းပင်။ ရိုးသားသော တောသူတောင်သားများ၏ စိတ်ရင်းကား လေးစားဖို့ကောင်းသည်။ အဖြူထည်သက်သက်။ အညာဒေသနည်းတူ ဧရာဝတီတိုင်းဘက်မှ ရွာများကလည်း လူကြုံရှိရင် ရှိသလို ကျွန်မအတွက် ပုစွန်ခြောက်များ၊ ငါးခြောက်များ ထည့်ပေးနေကျ။

“ကျွန်မ လူမှုရေးလုပ်နေတာ၊ ဒါတွေကို လက်ခံလိုက်ရင် အထင်လွဲစရာဖြစ်မယ်။ ကျွန်မတို့ အဖွဲ့အစည်းကလည်း ဒါမျိုးတွေကို လက်မခံဖို့ ပြောထားလို့ပါ။ ပြီးတော့ ကျွန်မက တစ်ယောက်ထဲ နေတော့ အသုံးမလိုပါဘူး။ မပေးပါနဲ့” ဘယ်လိုပဲဆိုဆို၊ သူတို့ကတော့ .. “အများကြီးမှ မဟုတ်တာ ဆရာမရယ်။ တတ်နိုင်တာလေး ပေးတာကို လက်မခံရင် စိတ်မကောင်းဖြစ်ရလိမ့်မယ်။ ဆရာမ အသုံးမလိုရင် တခြား မိတ်ဆွေတွေကို လက်ဆောင်ပြန်ပေးပေါ့” ဟု ဆိုကာ မယူမချင်း ဇွတ်အတင်း ထည့်ပေးကြလေသည်။ ကျသင့်ငွေ ရှင်းပေးလျှင်လည်း လက်မခံ။ သည်တော့လည်း ကျွန်မမှာ သူတို့ရွာတွေကို သွားလေတိုင်း ဖတ်စရာ စာအုပ်အဟောင်း၊ ဂျာနယ်အဟောင်းလေးတွေ၊ ကလေးတွေအတွက် စာရေးကိရိယာတွေ၊ မုန့်၊ အအေးဘူးတွေ လက်ဆောင် ၀ယ်သွားလေ့ရှိသည်။ တစ်ဦးမေတ္တာ တစ်ဦးမှာ ထားရှိရင်း ကျွန်မတို့ အ၀န်းအ၀ိုင်းလေးမှာ မေတ္တာခြုံ၍ လုံနေတော့သည်။

လုပ်ဖော်ကိုင်ဖက် အချင်းချင်းကပင် ကျွန်မအပေါ် ရွာကလူများက သဒ္ဓါပိုကြပုံကို အားကျကြရသည်။ အင်မတန် ရွံရှာတတ်သည်ဆိုသော ကျွန်မ၊ မိသားစုထဲတွင်လည်း အလိုလိုက်ခံရဆုံးမို့ နွဲ့ဆိုးဆိုးတတ်သည့် ကျွန်မက ရွာသားများနှင့် ဆုံလျှင်တော့ ရင့်ကျက်သော စိတ်နှလုံးဖြင့် အမြဲပြုမူဆက်ဆံခဲ့ပါသည်။ ခုခံအားကျဆင်းသော ရောဂါဝေဒနာသည် များနှင့်လည်း တရင်းတနှီး၊ အနာကြီးရောဂါသည်များနှင့်လည်း စကားလက်ဆုံကျ၊ ထမင်းလက်ဆုံ စားလို့။ စီမံကိန်း၏ ပံ့ပိုးမှုများသည် မရည်ရွယ်သော်ငြား လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုအလိုက် ခွဲခြားသည့်သဘောမျိုး သက်ရောက်သွားလျှင် အဖွဲ့အစည်းအတွင်း မည်သူ့မျက်နှာမှ မထောက်ပဲ တင်ပြတတ်သူရယ်ပါ။ အခုတော့ သည်လိုလူက ခွေးတစ်ကောင်အတွက် လူမှုရေးကျင့်ဝတ်တွေ ဖောက်ပြန်ကုန်ပြီတဲ့။ လူသားချင်းစာနာမှုတွေကို လျစ်လျူရှုနေပြီတဲ့။ ကျွန်မ ရင်ထဲတွင် အတ္တနှင့် ပရ ပဋိပက္ခတို့ ပြင်းထန်နေသည်။ တွေးရင်း တွေးရင်း ကူကယ်ရာ မရှိတော့သလိုလို မွန်းကျပ်လာတော့သည်။

လူသားချင်းစာနာမှုဆိုသည်မှာ လူသားအချင်းချင်းအပေါ်တွင် ထားရှိရမည့် လောကပါလတရား အတိုင်း တုန့်ပြန်နေထိုင်ခြင်းမျိုးသာမကဘဲ လူသားဆန်သည့် မေတ္တာ၊ ကရုဏာတို့ဖြင့် နိမ့်ပါးသော အခြေအနေရှိသူတိုင်း ထားရှိပေးသင့်သည်ကို သိသိလျက်နှင့်ပင် ထိုနေ့ကလည်း ကျွန်မ၏ အတ္တကို အလဲမထိုးနိုင်ခဲ့ပါချေ။ တကယ်တော့ ခွေးတစ်ကောင်ကို ကြောက်နေရခြင်းထက် ကျွန်မကိုယ် ကျွန်မ လိပ်ပြာမလုံခြင်းက ပိုလေသည်။ ထို့ကြောင့်ပင် လွယ်မယောင်နှင့် ခက်ရပြီကော။

ထိုညနေ အိမ်သို့ပြန်လာရာ လမ်းတလျှောက်တွင် ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေသည်။ မှန်ရာကို သစ္စာဆိုရလျှင် သူ့ကို မသေစေချင်သေးပါ။ ထိုနည်းတူ ထပ်ပြီးတော့လည်း မမြင်တွေ့လိုလှတော့။ ကျွန်မဘက်က အရောတ၀င်လုပ်ရန်မှာမူ မိမိစိတ်ကို မိမိ တော်တော်ကြီး ဖျောင်းဖျနားချရဦးမည်။ သည်တစ်ည အချိန်ယူပြီး ကျွန်မ၏ အတ္တကို ခ၀ါချလျှင် အချိန်မီနိုင်ပါဦးမည်လား။

တိုက်ပေါ်သို့ မတက်မီ သူ့ကို တစ်ချက်လှမ်းကြည့်မိတော့ သူသည် တစောင်းအနေအထားဖြင့် လှဲနေရှာသည်။ အရင်နေ့တွေကလို သူ့မျက်ဝန်းများမှတဆင့် ကျွန်မကို စူးစမ်းမနေတော့…။ သူသည် လှဲလျက် အနေအထားမှပင် တံခါးပေါက် သံတိုင်များမှတဆင့် လမ်းမဘက်သို့ ခပ်ငေးငေးလေး ကြည့်နေသည်။ အရာရာကို အရှုံးပေးလိုက်သည့်နှယ်။ ကျွန်မလည်း စိတ်ပင်ပန်းတကြီး သက်ပြင်းချရန် အားယူမိပြန်သည်။ သို့သော် တကယ်တမ်းကျတော့လည်း သက်ပြင်းချလို့ မရပြန်ချေ။ တကယ်တော့ ကျွန်မက သက်ပြင်းချနေသည်မှ မဟုတ်ဘဲကိုး။ အငိုလွယ်ပေမယ့် အရှိုက်ခက်သည်တဲ့။ အခုတော့ ကျွန်မမှာ ရှိုက်ခါရှိုက်ခါနှင့် ကတုန်ကယင်ကြီးဖြစ်ပြီး အငိုခက်နေခြင်းသည်သာ။

(၅)
သည်မနက် သူ့ကို တွေ့ရသည့်ပုံအရ လုံးဝမဟန်တော့သည်မှာ သေချာလို့နေသည်။ မနက်လား၊ ညလားဟု ပြောရမည့် အခြေအနေ။ ရေပိုက်တစ်ခုမှ စိမ့်ယိုထွက်လာသည့် ရေကို လျှာနှင့်လျက်နေပုံကိုက အငမ်းမရသည့် ပုံမျိုးမရှိ။ ရှိသမျှ အားကို ဖျစ်ညှစ်ပြီး အသုံးပြုနေရသည့်နှယ်။ မောဟိုက်လေးကန်နေသည်။

ထိုမြင်ကွင်းသည် ကျွန်မ၏ အာရုံထဲတွင် တစ်နေကုန် တ၀ဲလည်လည်။ အစည်းအဝေး တက်နေရင်းလည်း သူ့မျက်နှာ။ ကွန်ပြူတာ ကြည့်နေရင်းလည်း သူ့ပုံရိပ်၊ လုပ်ငန်းအစီရင်ခံစာများ ရေးရန်ကြိုးစားရာတွင်လည်း သူ့မျက်ဝန်းများကိုပင် ပြန်မြင်ယောင်လာသည်။ ကြာတော့ ကျွန်မ ရူးချင်လာသည်။ ဇာတ်လည်း နာလှပြီ မဟုတ်လား။ တစ်ခုခု လုပ်မှ ဖြစ်တော့မည်။ ကျွန်မဘက်က ဘာတတ်နိုင်တာများ ရှိဦးမည်လဲ။ “အခုရော သူ အသက်ရှိနေပါဦးမလား” သူ မနေရတော့မည် သိလျက်နှင့် သူ့သဏ²ာန်လေး တရေးရေး မြင်ယောင်ကြည့်ရင်း တွေးမိပြန်တော့ အသနားပိုရလေသည်။ သည်တစ်ခါတော့ လူပီသမှုတစ်ခုအတွက် “သနားသင့်သည်၊ သနားလျှင် ကောင်းမည်၊ သနားပါ၊ သနားရမည်” ဆို၍ မိမိကိုယ် မိမိ အတင်းအကျပ် နားချသွတ်သွင်းနေခြင်းမျိုး မဟုတ်တော့ပါချေ။

သည်ကြားထဲ ကိုယ်နှင့်မဆိုင်သည့် ကိစ္စတစ်ခုအတွက် ပေါက်ကွဲရသေးသည်။ တရားမျှတမှုကင်းစွာ အမျိုးသမီးတစ်ဦး၏ သိက္ခာနှင့် မာနကို ထိပါးကျဆင်းစေသော အကြောင်းအရာတစ်ခုအတွက် ကျွန်မ ခံပြင်းခဲ့ရသေးသည်။

“ကောင်မလေးဘက်က ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ မိသားစုတစ်စုလုံး ရိုးလိုက်ကြတာဟယ်။ တို့အိမ်နဲ့ သူတို့က မျက်နှာချင်းပဲဆိုတော့ သိတာပေါ့။ ရိုးလွန်းတော့လည်း အပြစ်ဖြစ်လား မသိပါဘူးကွာ။ ပြည်တွင်းက သာမန်ဘွဲ့လေး တစ်ခုလောက် မလည်မ၀ယ် သာမန်မိန်းကလေးကို သူတို့လို အသိုင်းအ၀ိုင်းက ဘယ်သဘောတူနိုင်မှာလဲ” ရုံးက သူငယ်ချင်းတစ်ဦး၏ စကားက ကျွန်မ၏ မာနကို ဆွပေးသလိုပင်။

“သူတို့ဘက်က မကြိုက်ရင် မီးကို မလောင်ခင်ကတည်းက တားပေါ့။ ခုတော့ တစ်ဖက်သားမိန်းကလေးကို ခိုးယူပေါင်းသင်းပြီးမှ သူတို့သားနဲ့ မတူလို့၊ မတန်လို့ လျော်ကြေးပေးပြီး ခွဲတယ်ဆိုတာတော့ သားသမီးချင်း ကိုယ်ချင်းစာဖို့ ကောင်းပါတယ်။ သူတို့သားလို နိုင်ငံရပ်ခြားက ဘွဲ့မျိုးမရတာ၊ မိဘအသိုင်းအ၀ိုင်းချင်း မယှဉ်နိုင်တာ အပြစ်လား။ ပြောတော့ ကျား၊ မ အခန်းကဏ္ဍညီမျှရေးကို လုပ်တယ်။ လူတန်းစားအမြင် မရှိပါဘူး၊ ဘာဘူးနဲ့။ ကိုယ့်ဆွေ ကိုယ့်မျိုး ကိုယ့်သားသမီးအတွက်ကျတော့ တယ်သိတတ်ကြတာပဲ”

ပြောရင်းနှင့်ပင် ဒေါသအရှိန်ကြောင့် အသားတွေ တဆတ်ဆတ် တုန်လာသည်။  ကျွန်မတို့ ရုံးက ဒါရိုက်တာတစ်ယောက်၏ အပြုအမူပါပေ။  သူ့အတွက်တော့ သားဇောနှင့် ဖခင်တစ်ဦး၏ အာဏာကို အပြည့်အ၀ အသုံးချလိုက်ခြင်းဖြစ်မည်။  ဒါကိုက ကျွန်မအတွက် ယုတ္တိမတန်နေ။ လူသားတစ်ဦး၏ အခွင့်အရေးကို စွက်ဖက်နှောင့်ယှက်ခြင်း၊ ခွဲခြားမှုများကို သူကိုယ်တိုင်က စွဲကိုင်ကျင့်သုံးနေခြင်းဟုသာ စွပ်စွဲလိုလှသည်။ လူထုကြားမှာ ပြောနေသည့်အပြောနှင့် သူ့လုပ်ရက်က မညီဟု ရှုတ်ချလိုသည်။ ရုတ်တရက် ခွေးကလေးကို သတိရမိသွားပြန်သည်။ ပုထုဇဉ်မှန်လျှင် ကိုယ်ကျိုးကိစ္စတော့ ကြည့်သည်သာချည်း။ ကျွန်မသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အကြောင်းပြချက်များကို တစ်ကိုယ်တည်း အလျင်အမြန် ရှာဖွေနေမိသည်။

“ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ စာနာသင့်တာပေါ့ကွယ်”

(၆)
သည်ညတော့ အရဲစွန့်မှဖြစ်ပေလိမ့်မည်။ သည့်ထက်လည်း မာန်မတင်းနိုင်တော့။ ရုံးမှ စောစောပြန်ရန် ပြင်ဆင်သည်။ ကိုယ်တိုင်ကလည်း ပြင်ပစားသောက်ဆိုင်များတွင်သာ နေ့လယ်စာ၊ ညစာ သုံးဆောင်တတ်သူမို့ သူ့အတွက်လည်း ကြက်ကင်တစ်ခြမ်း ၀ယ်သွားရန်စိတ်ကူးသည်။ ငါး တော့မဖြစ်။ အရိုးစူးမှာ စိုးရသည်။ ဖြစ်ချင်တော့ လစာထုတ်ရက်မို့ လုပ်ဖော်ကိုင်ဖက်တွေက အပြင်တွင် တခုခု သူတို့နှင့်အတူ စားသောက်ဖို့ ဆွယ်သည်။ ကျွန်မကလည်း ပါသည်။ အပေါင်းအသင်းများနှင့် လမ်းခွဲတော့ ခုနစ်စင်ကြယ် အမြီးထောင်လုပြီ။ ရက်ကွက်ထဲတွင် မီးပျက်သော်ငြား လပြည့်ညမို့ သက်ရှိသက်မဲ့အရာဝတ္ထုတို့ကို အဖြူ၊ အမည်း သဲကွဲပြီး ရုပ်လုံးပေါ်အောင်တော့ မြင်ရသည်။ ဂဃနဏအသေးစိတ်တော့ မှုန်ဝါးဝါး။

အိမ်နားသို့ နီးလာသောအခါ ရင်ခုန်သံမြန်ရပြန်သည်။ သူ မသေပါစေနဲ့။ ကျွန်မ၏ နောက်ဆုံး စေတနာနှင့် ကရုဏာကိုတော့ ခံစားကြည့်စမ်းစေချင်သည်။ ကျွန်မကို သူ အနိုင်ပိုင်းမသွားစေချင်ပါ။ တစ်နည်း ကိုယ့်ဘက်ကိုယ်လျှောက်လဲပြီး အပြုသဘောဆောင်၍့ ပြောရလျှင် သူနှင့်ကျွန်မ ငြိမ်းချမ်းရေးယူချင်သည်။ မဟုတ်လျှင် ဗညားနွဲ့လို နဖူးက အမာရွတ်မြင် တိုင်း အခါခါသေရပါလိမ့်မည်။

ခြေဖွဖွနင်းလျှောက်လျက် လှေကားခြေရင်းသို့ ရောက်လာပါပြီ။ သံပန်းတံခါးသော့ခလောက်ကို ဖွင့်လိုက်တော့ တကျွိကျွိမြည်သွားသည့်အသံကြောင့် ဆိတ်ငြိမ်ဝန်းကျင် လှုပ်ခတ်သွားသည်။ သို့သော် တံခါးနှင့်ကပ်လျက်တွင် လှဲနေသည့်သူက တုပ်တုပ်မျှမလှုပ်။

ကျွန်မ တော်တော် လန့်သွားသည်။ အခါနှောင်းပြီထင့်။ ကြောက်ကြောက်လန့်လန့်နှင့်ပင် သူ့အနားသို့ တိုးကပ်သွားသည်။ ပကတိငြိမ်သက်လျက်။ အီသံတစ်ချက်ပင် မပေး။ ငိုချင်သလိုလို ရင်ထဲ လှိုက်ခနဲ လှိုက်ခနဲ ဆို့တက်လာသည်။ ထိုခဏမှာပင် ကျွန်မ ဘာလုပ်လိုက်မိမှန်းကိုယ့်ကိုယ်ကို သတိမထားလိုက်မိ။ လက်ဖ၀ါးပြင်မှတဆင့် ခံစားသိရှိရသော ခပ်နွေးနွေးအထိ အတွေ့ကို အသိစိတ်ဝင်မိတော့မှသာ သူ့ကိုယ်ပေါ်သို့ ကျွန်မ လက်ဖွဖွလေးအုပ်ထားမိမှန်း သတိပြုမိတော့သည်။

မြင့်ချည်၊ နိမ့်ချည်နှင့် သူ့ကိုယ်ခန္ဓာလေး မသိမသာတုန်ခါနေသည်။ အမောဖောက်နေခြင်းမျိုးမဟုတ်ဘဲ အသက်ကို မျှင်းပြီးရှူနေရသည့်နှယ်။ သို့တည်းမဟုတ် အသက်ရှူနိုင်ဖို့ပင် အင်အားမရှိတော့တာလည်း ဖြစ်နိုင်သည်။ သူနှင့်အပြိုင် ကျွန်မမှာလည်း အသက်ပင်မရှူရဲ။ အောက်သိုးသိုးအနံ့နံနေသည့်ကြားက သူ့အနားတွင် မိနစ်ဘယ်လောက်စာ ကျွန်မ ထိုင်နေမိသည် မမှတ်မိတော့ပါ။ အသိဝင်လာချိန်တွင် ကြွပ်ကြွပ်အိတ်ထဲမှ ၀ယ်လာသည့် ကြက်ကင်တစ်ခြမ်းကိုထုတ်ကာ သူ့အနားသို့ တိုးပေးသည်။ ရေဘူးကိုဖွင့်သည်။ မသိမသာ အကဲခတ်သည်။ လှဲနေရာက ရုတ်တရက် ၀ုန်းကနဲ လှမ်းဆွဲလိုက်မှာမျိုးကိုလည်း ကြောက်ရသေးသည်။ ဆတ်ကနဲ သူ လှုပ်သွားတာမြင်တော့ ၀မ်းသာရသည်။ ကြက်ကင်ကို သူ နမ်းရှုပ်လိုက်သည်ဟု ထင်သည်။

မဟုတ်ပါ။ ထို ဆတ်ကနဲအချိန်၊ တစ်စက္ကန့်၏ ငါးပုံပုံလျှင် တစ်ပုံမျှသောအချိန် လွန်သည်နှင့် သူ ငြိမ်သက်သွားသည်။ သူသည် အစားအစာကို အနံ့ခံလိုက်ခြင်းမဟုတ်။  နောက်ဆုံးထွက်သက်အတွက် ရုန်းကန်လိုက်ခြင်းသာဖြစ်သည်။

သွားပြီ….။  ငိုမည်ထင်ထားသော ကျွန်မ မငိုနိုင်။ ဆို့နင့်နေသည်။  တခါတည်း ငိုင်ကျသွားသည်။  သန်းခေါင်ယံ သံချောင်း ခေါက်သံနှင့်အတူ ထွက်ပေါ်လာသည့် ခွေးဟောင်သံများသည် ကျွန်မကို လှောင်ပြောင်နေသယောင်။  ကျွန်မကိုယ် ကျွန်မ ဘယ်လိုသန့်စင်ရမလဲ။  မနက်ဖြန် အမျိုးသမီးများနေ့အတွက် အမျိုးသမီးများ အခွင့်အရေးမြှင့်တင်ခြင်းဆိုင်ရာနှင့်ပတ်သက်သည့် ဟောပြောပွဲသို့ ၀တ်ကောင်းစားလှဖြင့် သွားရန် အောက်ထပ်သို့ဆင်းချိန်တွင် သည်ခွေးသေကောင်ပုပ်နှင့် ရင်ဆိုင်ရမည့်အရေးကို တွေးပြီး ကြောက်လန့်လှပါသည်။

မျက်ရှု

သရုပ်ဖော် / အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

One Response to မျက်ရှု – မဖြူ တဖြူ (ဝတ္ထုတို)

  1. San Hla Gyi on June 26, 2015 at 6:07 pm

    ကောင်းတော့ ကောင်းတယ်။ ဝတ္ထုတိုကောင်းလေးပဲ။ တစ်ခုရှိတာက မင်းသမီးက တိရ စ္ဆာန် သိပ်မသနား တတ်တာက ဆန်းသလို ဖြစ်နေတယ် ထင်မိတယ်။ အမှန်တော့ မြန်မာမိန်းကလေးတွေက အဲဒါမျိုးကို သိပ်သနားတတ်တဲ့ သဘောရှိတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်