ကလိုမူး (တေးပြု) – ပြန်တမ်းဝင်

June 28, 2015

 

ကလိုမူး (တေးပြု) – ပြန်တမ်းဝင်

(ကိုယ်တွေ့ဝတ္ထုတို) (မိုးမခ) ဇွန် ၂၈၊ ၂၀၁၅

“ဒီနေ့ကဒ်ယူသွားလေ..” ဇနီးဆီက အချိုမြိန်ဆုံးသော စကားလုံးတို့သည် ပျားရည်မြစ်ထဲမှ ကတို့လှေများကဲ့သို့ ရင်ထဲကူးခတ်သွားလာသလို ခံစားမိလိုက်သည်။

ပျံ့လွင့်သော စိတ်အစဉ်ကို ချုပ်ထိန်းကာ သုံးနေကျ မဟုတ်သော အင်္ဂလိပ်စကားဖြင့် “Cheryl.. you say something”.. ဇနီးဖြစ်သူက စားပွဲပေါ်က ပိုက်ဆံအိပ်ကိုမေးငေါ့ ပြရင်း”အိပ်ထဲက ဘဏ်ကပ်ယူလိုက်”။  

ဇနီးဆီက Confirmation ရလိုက်ချိန် နားထဲတွင် ဇေယျဝတီသကြားစက်ကြီး ပြိုကျလာသလို ခံစားလိုက်ရသည်။  သူမ၏ ချိမြိန်သော စကားသံသည် ကြံသကာရည်ကို သာမက ဆေးသကြားရည်ကိုပါ ဖြတ်သန်းသွားသလို ထပ်မံခံစားရသည်။

မယ်မင်းကြီးမသက်တော်ရာကျော်ရှည်ပါစေ…။

ဘုရားသခင်ကောင်းချီးပေးပါစေ (ခရစ်ယာန်လို)..။

တတ်သမျှ မှတ်သမျှ ဆုတွေ သူမကို ပေးလိုက်ပါသည်။  သူမပေးသော ဘဏ်ကဒ်ကို လှမ်းယူစဉ် အင်္ဂလန် ရာသီဥတုကြောင့် လားမသိ၊ ထိုင်းနိုင်ငံတွင် သက်တော်စောင့် (Bodyguard) အလုပ်ရစဉ် ကိုင်ခဲ့ရသည့် ၉မမ ပစ္စတို သေနတ်လို အေးစက်စက်နိုင်လှသည်။  လေးတာနဲ့ ပေါ့တာပဲကွာမည်။

ကျွှန်တော် ကိုယ်တိုင် စိတ်လှုပ်ရှား၍ ဖြစ်မှာပါ။

“Pin.. နံပတ်သိလား..”။

(အစ္စရေး မော့ဆက်အဖွဲ့ကို အားကျသော ကျွှန်တော် ဤကဒ်နံပါတ်ကို မသိဘဲ နေမလာ..။) 

သိသိ မသိသိ ခေါင်းခါလိုက်သည်။  သူမစိတ်ပြောင်းသွားလျှင် ကဒ်ပြန်ယူမှာစိုးရသည်။ 

သို့သော် အပူရုပ်ကို ဟန်လုပ်၍ ဤကဒ်ကို စိတ်မဝင်စားသလို နေပြလိုက်သည်။

“မှတ်သွား.၊ ၁××××”။

“ကဲ.. ပြန်ရွတ်ပြ..”။

 

ကျွှန်တော် ကျွှမ်းကျင်စွာ ပြန်ရွှတ်ပြလိုက်သည်။  ဇနီး၏ စိတ်ကျေနပ်သည့် အရိပ်အယောင် တွေ့သည်နှင့် အာဘွားပေး၍ တချိုးထဲ လစ်တော့သည်။  ဘူတာရုံ အသွား လူရှင်းသည်နှင့် အိတ်ကပ်ထဲက ကဒ်ပြားကို ယုယစွာ ထုတ်ကြည့်ပုံမှာ နှစ်ပေါင်းများစွာ ကွဲကွာသော သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသလို။  ကဒ်ပေါ်တွင် ကျွှန်တော့် နံမည် အသေအချာပင်၊ ငယ်ငယ်က အဖေပေးသည့် ဗတ္တိဇံ နံမည်၊ ကျောင်းနံမည်၊ အမျိုးသားမှတ်ပုံတင်ထဲက နံမည် ‘စောဗစ်တာကလိုမူး’..။

တချိန်က ဤနံမည်ကြောင့် အတန်းဖော်များ၏ လှောင်ပြောင်ခြင်းကိုခံရသည်။  အေး.. မိုးကောင်းတုံး ရွှာထားပေါ့ကွာ…။  အခုတော့ကိုယ့်ခေတ်ရောက်ပြီ..။  ခေတ်မကောင်းလို့ ရှုးချင်ယောင်ဆောင်နေတာ၊ ဒါတွေထားလိုက်ပါတော့..။

ကဒ်ကလေးပါ ကျွှန်တော့် နံမည်မှာ နိုဘယ်လ်ဆုရှင် အမည်လည်းမဟုတ်ရပါ။  သို့သော် ဇနီးသည်၏ အိတ်ကပ် ထဲမှာ ဆယ်စုနှစ်ကျော် အကျယ်ချုပ် အထိန်းသိမ်းခံခဲ့ရသောကြောင့်ပင်။

(စကားချပ် – နိုဘယ်လ်ဆုရှင်အများစုသည် ထိန်းသိမ်းခံရဖူးသည်။) 

ငွေထုတ် စက်ရှေ့ရောက်တော့ အာရုံကို စုစည်းပြီး အသက်ကို ဖြည်းညင်းစွာ ရှုထုတ်မိသည်။  မှား၍မဖြစ်၊ ဘဝရဲ့ အချိုးအဆစ် အပြောင်းအလဲမှာ အမှားခံ၍မရ။

စက်ထဲ ကဒ်ဝင်သွားလျှင် ဘဝပျက်မည်။  မိမိလူပြန်ဖြစ်သည်မှာ မိနစ်ပိုင်းမျှပင်ရှိသေး၊ အရင်ဘဝကို ပြန်မသွားနိုင်။  မိမိဆုံးဖြတ်ပြီးသား၊ ဤကဒ်ကို လွတ်ငြိမ်းချမ်းသာခွင့်ရရန် အပြီးအပိုင် ဆုံးဖြတ်ပြီးသား။  ပြန်မရလျှင် ဥပဒေကြောင်းနှင့်သွားမည်။  နိုင်းဝမ်းဝမ်း ခလုတ်ကို အကြိမ်ကြိမ်ကြည့်မိသည်။

ဟင်း… အသက်ကို ရှုထုတ်လိုက်သည်။  လူနှင့်ကဒ် အတူနေရသော ရွှေခေတ်များကို ပြန်လည်အောက်မေ့လျက် စက်ပေါ်က ခလုတ်တို့ကို စတင်ကိုင်တွယ်သည်။  အရေးထဲ နေရောင်က ငွေထုတ်စက်၏ ဖန်သားပြင်ကို ကျရောက် နေသည်။  အားစိုက်ကြည့်ကာ ဘဝတွင် သမိုင်းတွင်မည့် ကြိုးပမ်းမှုတခုကို အောင်မြင်စွာ ဖြတ်သန်းခဲ့သည်။  အဖြစ်အပျက်တို့က မြန်ဆန်လွန်းသည်။  လက်ထဲတွင် ကမာပေါ်တွင် အမြင့်ဆုံးငွေကြေး ‘စတာလင်ပေါင်’  အချို့ နတ်ရေကန်ထဲ ရေဆင်းချိုးပြီးသည့် အလား../

ဤအောင်မြင်မှုသည် နေ့ချင်းညချင်း ရခဲ့သည် မဟုတ်။  ဇနီးသည်၏ ယုံကြည်မှု ရအောင် အနစ်နာခံ ပေးဆပ် တည်ဆောက်ခဲ့ရသည်။  (အမလေး.. နိုင်ငံတည်ထောင်တာကျနေတာပဲ။)

ရထားစီးရင်း ဒီဇိုင်နာ ကြော်ငြာတွေကို ဟန်ပါပါကြည့်နေမိသည်။  ရုပ်ကိုက တဈေးလုံးကို ဝယ်မည့်ရုပ်။  သို့သော် ဈေးမသွားဖြစ် အလုပ်ဝင်ရဦးမည်။  အလုပ်ရောက်တော့ သပ်ယပ် သေသပ်စွာဝပ်ဆင်ထားသည့် လုံခြုရေးက မိမိကိုမနှုတ်ဆက်။

ဒေါသထောင်းခနဲ..။  မိမိ ဤအဖြစ်မျိုးဖြစ်လေ့မရှိ၊ ဧကန္တ သူကြီး သေနတ်ထဲမှာကျည်အပြည့်ရှိလို့ ဖြစ်ပါလိမ့်မည်။

ဪ ငွေ ငွေ ယခင်က သေနတ်သာရှိသည်၊ ကျည်မရှိ။  တနည်းဆိုသော် အာဏာသာရှိ၊ ငွေမရှိ၊ ကံဆိုးချင်တော့ ဆရာသမားက အင်္ဂလိပ် ဖြစ်နေသည်။  မိမိဇာတိသွေးဇာတိမာန်တို့ တဖွားဖွားပေါ်လာသည်။  အမိ မြန်မာနိုင်ငံကိုကျွန်ပြုအုပ်ချုပ်ပုံကို တရေးရေး မြင်လာသည်။  တဆက်တည်းပင် ဘုံဘေဘားမား၊ စတီးဘရားသား၊ ဘီအိုစီ…  အားပါးပါး ငါတို့နိုင်ငံက မတရားခေါင်းပုံဖြတ် သွေးစုပ်သွားခဲ့ပါလား။  

ဆရာဗိုလ်ကလေးတင့်အောင်၏ ပြဇာတ်ထဲကလို အကယ်ဒမီ ညွှန့်ဝင်း၏ ကြွေးကြော်သံအတိုင်း “သူ့ကျွန်မခံပြီ…. သူ့ကျွန်မခံပြီ..”။

ကဲ အလှည့်ကျ မနွဲ့စတမ်း၊  လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံးလ စိုက်၊ ဗ.. ဗလ အင်အားပြ၊ အချိန်နှင့်ဒီရေသည်လူကိုမစောင့်..။  ဘာမသိ ဘာမဆိုင် ပထမတန်းဖတ်စာက အကြောင်းအရာများသည် အစီအရီဝင်ရောက်လာသည်။

တကယ်တော့ မိမိသည် ဤဌာန၏ ပြန်တမ်းဝင် အရာရှိတယောက်။  သင်း.. ဒါကိုသိလျက်နှင့် ဖုန်းပြောနေသည်။  လောလောဆယ် ကိုယ်ရွှေ အင်္ဂလိပ် ပြစ်မှုနှစ်ခုကျူးလွန်နေပြီ။  တခုက အထက်အရာရှိကို မလေးစားမှု၊ နံနက်တိုင်း နှုတ်ဆက်လေ့ရှိသော အင်္ဂလိပ် ထုံးတမ်းစဉ်လာကို ဖောက်ဖျက်မှု။  ထိုပြစ်မှုနှစ်ခုထဲနှင့် ပြဿနာ ရှာရန် လုံလောက်ပြီ။  မချေမငံပြန်ပြောလျှင် Human Resource ကိုတိုင်မည်။  ဟိုက အရေးမယူလျှင် “လူတန်းစားခွဲခြားမှုပုဒ်မ”နဲ့ တရားစွဲမည်။  လူ့အခွင့်အရေး ရှေ့နေဦးရောဘတ်စန်းအောင်လို ပုဒ်မ တသီကြီးနဲ့အလုပ်ရှုပ်သွားသည်။

ဪ.. ခဏခဏ ပြဿနာရှာတာတော့ ဟုတ်ပါပြီ..။  ဘယ်လို စ ရှာရပါ့မလဲ..။  မိမိ အင်္ဂလိပ်စာ အခြေအနေ မိမိသာ သိသည်။  အလုပ်ဖြစ်အောင်တော့ ပြောတတ်သည်။  အမှုအခင်း ဖြစ်ရန်လောက်တော့ မိမိအင်္ဂလိပ်စာကို မကျွမ်းကျင်။  ဒီအချိန်ကျမှ ဇနီးဖြစ်သူကို ဖုန်းဆက်လှမ်းမေးရင် ကိုယ့်ရှုးကိုယ်ပတ်မည်။  ပြဿနာ ပြန်ရှာခံရတာ ကိုယ်ကိုယ်တိုင် ပြန်ဖြစ်မည်။  ခေါင်းထဲတွင် ပြဿနာ ရှာရန် စာကြောင်းရလိုက်ပြီ။  ကျိန်းသေအောင် စိတ်ထဲတွင် ပြန်ရေရွတ်မိသည်။

You Are Rude! 

ဟုတ်ပြီ.. ကျိန်းသေပြီ..။

(စာဖတ်သူများခင်ဗျာ.. ဤအဖြစ်အပျက်သည် စာအရ ရှည်လျားသောလည်း တကယ်တမ်း စက္ကန့်ပိုင်းအတွင်းမှာပင် ဖြစ်ပါသည်၊ သိပ္ပံပညာရှင်များ၏ အဆိုအရ လူ့စိတ်သည် အလင်းတန်းကဲ့သို့ပင် မြန်ဆန်သည်။)

ကဲ.. မိမိ ပြဿနာရှာရန် မောင်းတင်လိုက်ပြီ..၊  ကျည်ဆန်လည်းရှိပြီ (အသပြာ)၊  ကျည်မီးကူးရန် ယမ်းအား (You are rude စကားလုံး) လည်း အဆင်သင့်ဖြစ်ပြီ..။ ဘာလိုဦးမည်နည်း..။

ထိုအခိုက် အဖိုးဖြစ်သူကို ရုတ်ခြည်း သတိရလိုက်သည်။  ပြောရန် စကားများ တွန့်သွားသည်။  တကယ်တော့ အဖိုးဖြစ်သူ စောပန်းတုတ်မှာလည်း မိမိလို အင်္ဂလိပ်ဗြူရိုကရေစီ ယန္တရား၏ ပြန်တမ်းဝင်အရာရှိတဦးပင်။  အင်္ဂလိပ်ခေတ်ဟောင်းနှင့် ခေတ်သစ်သာကွာသည်။  သိပ်တော့မကွာ နှစ်ပေါင်း ၁၀၀ လောက်။

ကိုလိုနီခေတ် ဂျပ်ဆင်ကောလိပ်ဘွဲ့ရ စောပန်းတုတ်သည် မြို့ပိုင် တယောက် ဖြစ်ခဲ့သည်။  သူနှင့်ကျောင်းအတူပြီးသော ကရင်လူမျိုးများမှာ ဒေါက်တာချစ်မောင်၊ ဦးပေါ်သစ်တို့ဖြစ်သည်။  မြို့ပိုင်လေး စောပန်းတုတ်သည် ညောင်ဦးမြို့တွင် တာဝန်ကျခိုက် ရှေ့နေကြီး၏သမီး ကျွန်တော့်အဖွား ညောင်ဦးသူ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင်ကျသည်။  ဒေါ်ကြည်ကြည်၏မောင်နှမများမှာ ယခင် ရုပ်ရှင်ကောင်စီ ဥက္ကဌ ဒါရိုက်တာ ဦးချင်းစိန်(ရွှေညာမောင်)၊ တော်လှန်ရေးကောင်စီခေတ် ပ.လ.က က ဗိုလ်မှုးထင်ပေါ်၊ ဒေါ်တင်တင်၊ ဒေါ်မမလေး၊  အခြားသူများမှာ ကျွန်တော်မမှတ်မိတော့။  

ဆော်ရီးဗျာ..။  ကျွန်တော်သမိုင်းဘက် နွယ်သွားတယ်။  (သမိုင်းဘက်လည်း နွယ်မှာပေါ့၊ အင်းစိန်မှာနေခဲ့တာကိုး။) 

ပြန်ဆက်မယ်နော်..။  ယခင် အင်္ဂလိပ်ခေတ်အရာရှိများမှာ သေနတ် တရားဝင်ကိုင်ခွင့်ရ၏။  တကယ့်သေနတ်၊ ကျွန်တော့်လို ပါးစပ်သေနတ်မဟုတ်။

တနေ့ ညောင်ဦးမြို့ပိုင် ဦးပန်းတုတ် တပည့်တပန်းများနှင့် အမဲလိုက်ခိုက် တပည့် တယောက်ကို သားကောင်နှင့် လူမှားပစ်မိရာ ထိုသူမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်။  ဘာသာရေးအလွန်ကိုင်း ရှိုင်းသော ဦးပန်းတုတ်မှာ အလွန်ယူကျုံးမရဖြစ်ပြီး မိမိ အလွန်နှစ်သက်သော အင်္ဂလိပ် ပြန်တမ်းဝင်အရာရှိ ဘဝကို စွန့်လွတ်ကာ ခရစ်ယန် သာသနာ့ဘောင် ထဲသို့ဝင်ကာ တောင်ငူ ပကူးကျောင်းအုပ်/နှစ်ခြင်း သင်းအုပ်ဆရာဘဝဖြင့် သေသည်အထိ အရိုးထုတ်သွားသည်။  (ထိုအဖြစ်မှန်ကို၂၀၁၃ခုနှစ် ဆန်ဖရန်စ္စကို

ရောက်မှ ရှေ့မီနောက်မီ ဦးနပိုလီယံကွေး ပြောပြ၍ သိရသည်။  မိဘများကမပြောပြ။  ဦးနပိုအား ဤစာစုကနေ ကျေးဇူးတင်အပ်ပါသည်။)

အဖိုး အကြောင်းပြန်စဉ်းစားခိုက် ပစ်အံ့ဆဲဆဲ မိမိပါးစပ်သေနတ်က ကျည်တို့သည် ‘အ’ ကုန်၏။  အဖိုးကဲ့သို့ မှားပစ်မိရင် ဒုက္ခ။  တောင်တွေးမြောက်တွေး အတွေးတွေ ထပ်ကုန်သည်။  အလုပ်ချိန်မှာ ဖုန်းပြောသူ အင်္ဂလိပ်မှာ ခေသူမဟုတ်နိုင်။  နယူးယောက်ဌာနချုပ်နှင့် အလုပ်အကြောင်း ဖုန်းပြောတာလည်း ဖြစ်နိုင်သည်။

လွန်ခဲ့သည့် နှစ်က အလုပ်က ဟော်တယ်ပိုင်ရှင် ကာတာစော်ဘွားရှိတ်နှင့် ဒီလုံခြုံရေး အင်္ဂလိပ် တရင်းတနှီး ဖက်လဲတကင်း စကားပြောတာ ပြန်အမှတ်ရလာသည်။  မှားပြီ၊ မိမိမုဆိုးဘဝကနေ သားကောင် ပြန်ဖြစ်သလို ခံစားမိလိုက်သည်။

အလိုလို ဇော်ချွေးများပင် ပြန်လာသည်။  သားကောင် မှားပစ်တော့မလို့။  ခက်တာက မိမိ၏ သိက္ခာ၊ အပြင် ပန်းအနေဖြင့် ကြည့်လျှင် သူက လုံခြုံရေး၊  ကိုယ်က ဒီဟော်တယ်၏ ဌာနတခုမှာ ဒုတိယ အရေးပါဆုံး ပုဂ္ဂိုလ်။  ဒီက ဝန်ထမ်းတိုင်း သိသည်။  တွေ့ရင် နှုတ်ဆက်သည်။  မိမိကို မသိနိုင်စရာ အကြာင်းမရှိ။  မိမိ၏ ကြော်ငြာ ပိုစတာက ဟော်တယ်မျက်နှာစာမှာ တကမလုံးကိုကြည့် ပြုံးပြနေတယ်။

ဒီတိုက်ပွဲက မိမိ၏ သိက္ခာ ထိန်းသိမ်းပွဲ၊ အခန့်မသင့်လျှင် အလုပ်ပါ ပြုတ်နိုင်သည်။  စက်ထဲကဒ်ဝင်သွားတာက ရှင်း၍ ရသည်။  အလုပ်မရှိတော့ဘူးဆိုလျှင် အတွေးကဝင်လာတော့.. ပညာဆုံးခန်း မရောက်သေးသည့် သမီးလေးမျက်နှာ၊ နာမကျန်း ဖြစ်နေတဲ့ မိခင်ကြီးရဲ့မျက်နှာ၊ လခထုတ်တိုင်း ဟင်းကောင်း ချက်ကျွေးတတ်သည့် ယောက္ခမမျက်နှာ။

တဖက်မှာလည်း တချိန်တုန်းက အောင်မြင်ခဲ့သည့် တေးရေးဆရာတယောက်၏ အနုပညာမာန။  လန်ဒန်ရွှေမြို့တော်ကြီး၏ ပျိုတိုင်း ကြိုက်သည့် စာဖိုမှုးဘဝ။  (မည်သည့် အပျိုမှ မိမိကိုမကြိုက်ပါ၊ တင်စားခြင်းသာ။)၊ နှစ်ဖက်မိဘပိုင် ခြံမြေများ စသည့် အတွေးများလွန်ဆွဲလို့နေသည်။

မိမိ ဆယ်ကျော်သက် အရွယ်မဟုတ်တော့၊ ပိုးဖလံမျိုးမို့ မီးကိုတိုး ပြောလျှင် ပြောပါစေတော့။  မိမိ ပါးစပ် သေနတ်ကို ထိုလုံခြုံရေး ရင်ဝနှလုံးသားကို ပစ်ချလိုက်သည်။  စစ်မရောက်ခင်က မြားကုန်ချင်နေသော မိမိ၏ စကားလုံး ကျည်ဆံသည် လိုရင်းကိုမရောက်။  

“Hello…”  တဖက်က လုံခြုံရေး ပြူးပြူးပြာပြာ ဖြစ်သွားသည်။  သူ၏မျက်နှာသည် တမုဟုတ်ချင်း ပြောင်းသွားသည်။  စစ်၏ သဘော သဘာဝအရ ထိုးစစ်ကို ပီပြင်အောင် မတိုက်နိုင်လျှင် တန်ပြန်ထိုးစစ်သည် ကြောက်စရာကောင်းလှသည်။  တနည်းဆိုသော် ကျားနာကို မှန်အောင် မပစ်နိုင်လျှင် ကျားနာ၏ ခုန်အုပ်ခြင်းကိုခံရမည်။

ထိုအချိန်တွင် မဆီမဆိုင် ဘဏ်ကပ်ပေးလိုက်သော ဇနီးကို အပြစ်တင်မိသည်။  ဒီဘဏ်ကဒ် ကြောင့် မကိုင်ဖူးသည့် ငွေတွေကိုင်၊ ပုန်းကွယ်နေသည့် မာနတွေ သွေးနားထင်ရောက်၊ အခုတော့မဖြစ် သင့်တာတွေ ဖြစ်တော့မည်။  မိမိ မျက်စေ့တွေ ဝေဝါးလာသည်။

သို့ပေမဲ့ တဖက်က မမျှော်လင့်သော တုန့်ပြန်သံကြောင့် ဝေဝါးသော မျက်လုံးများ ကြည်လင်လာသည်။  

Good Morning, CHEF! (မင်္ဂလာနံနက်ခင်းပါ.. စာဖိုမှုး)..။

ပြုံးရွှင်နှစ်လိုဖွယ် မျက်နှာဖြင့် လုံခြုံရေး၏ တုံ့ပြန်သံ၊ မိမိက အပြုံးရဲ့ရဲ့ဖြင့် လက်ပြ အသိအမှတ်ပြုလိုက်သည်။  တိုက်ပွဲတခု ပြီးသွားပြီ။  သေချာတာက မိမိထိုတိုက်ပွဲကို မနိုင်ချင်တော့ စက္ကန့်ပိုင်းအတွင်း လူရော စိတ်ရော ပင်ပန်းလှပြီ။ 

တဆက်တည်း ဓာတ်လှေကားပေါ် တက်ပြီး သက်ပြင်းအရှည်ကြီး တခုကို ချရင်း ဆုံးဖြတ်ချက်တခုကို ပီပြင်စွာချလိုက်သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်တနေ့နံနက်

နေရာ…. လန်ဒန်ဆင်ခြေဖုံး

အချိန်…. ဂရင်းနစ်စံတော်ချိန် ၇:၄၅ 

အိပ်မောကျနေသော ဇနီးသည်ကို တလှည့်၊ လက်ထဲက ဘဏ်ကဒ်ကို တလှည့်ကြည့်ရင်း အတန်ကြာ ငေးငိုင်နေသည်။  စိတ်ထဲမှာတော့ နယူးယောက်စတော့ဈေးကွက်၊ ခေတ်မီ ဖက်ရှင်ပြကွက်များ၊ ငယ်ငယ်က ရိုဒီးရှား အသားအရောင် တိုက်ဖျက်ရေး ဆန့်ကျင်ပွဲ၊ ဗီယမ်နမ်စစ်ပွဲ၊ လူ့အခွင့်အရေးကြေညာာစာတမ်း… …။

“အလုပ်သွားတော့မလား..”  ။

ဇနီးသည်၏ အသံကြောင့် အတွေး ကမထဲက ရုတ်ခြည်း လန့်နိုးလာသည်။  တချက်ပြုံးပြရင်း  လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သော တိုင်းရင်းသား ခေါင်းဆောင်တို့၏ မျက်နှာဖြင့် “ကဒ်.. စားပွဲပေါ်တင်ထားခဲ့တယ်..”။

ဇနီးသည်၏ အပြုံးကို မကြည့်ဘဲနှင့် သိနိုင်သည်။  သူမအပြုံးက “တပ်မတော်၏ သဘောထား အမှန်ကို ထင်ဟပ်သော ဗိုလ်ချုပ်မှူးကြီးလို အောင်နိုင်သူအပြုံး..”။

 

ကလိုမူး (တေးပြု)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်