ငြိမ်းချမ်းအေး – နိုင်ငံအမည်၊ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားပြဿနာ

June 29, 2015

ငြိမ်းချမ်းအေး – နိုင်ငံအမည်၊ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားပြဿနာ
(Friday Times / မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

• ဘောလုံးပွဲတွေမှာ ကြားရလေ့ရှိတဲ့ ‘မြန်မာ (Myanmar) ဟေ့’ က တိုင်းပြည်တခုလုံးကို ကိုယ်စားပြုပါရဲ့လား
အသက် ၂၀ နှစ်အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ (နယူးဇီလန်) နဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ (စင်ကာပူ) အသက် ၂၃ နှစ်အောက် ဘောလုံးပွဲတွေမှာ မြန်မာလူငယ်ဘောလုံးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုက်သင့်တဲ့ ခြေစွမ်းတွေ ပြနိုင်၊ အောင်မြင်မှုတွေရကာ ဘောလုံးဝါသနာကြီးလှတဲ့ မြန်မာပရိသတ်တွေကြားမှာ သည်းခြေ ကြိုက် ရေပန်းစားခဲ့တယ်။  ဒီလိုဘောလုံးအားကစားကို သဲကြီးမဲကြီးအားပေးမှုနဲ့အတူ Myanmar (မြန်မာ) ဆိုတဲ့ တရားဝင် ပြဋ္ဌာန်းထားတဲ့ နာမည်ဟာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာ ရုပ်သံသတင်းမီဒီယာတွေမှာ ကြိမ်ဖန်များစွာ မြင်ခဲ့ရသလို တိုင်းပြည်းနာမည်လည်း လူသိများ၊ နိုင်ငံဂုဏ်လည်း ပိုတက်လာခဲ့ပါတယ်။  ဒါပေမဲ့ မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာစုံ ရာစုနှစ်တွေချီ မှီတင်းနေထိုင်လာခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လက်ရှိနာမည်ဟာ ပြည်ထောင်စုအတွင်းက လူမျိုးစုစုံကို ဘယ်လောက် ကိုယ်စားပြုနိုင်ပါသလဲ။  ဒီအပတ် တိုင်းပြည်နဲ့လူမျိုးအမည် ဝေါဟာရဇစ်မြစ်များနဲ့ နောက် ဆက်တွဲ တိုင်းရင်းသား လူမျိုးစုပြဿနာအကြောင်း ဆွေးနွေးချင်ပါတယ်။

• ‘မြန်မာ (Myanmar) နှင့် ဗမာ (Burma) ဆိုတာ

နိုင်ငံရဲ့အမည်နာမမှာ နိုင်ငံရေးသဘောအရ အဓိက အလေးနက်ထား စဉ်းစားရမယ့်အချက်က တိုင်းပြည်မှာ ဆယ်စုနှစ် များစွာ စွဲကပ်နေတဲ့ ပြည်တွင်းစစ်ပြဿနာနဲ့ သက်ဆိုင်နေပါတယ်။  အကြောင်းက နိုင်ငံကို ခေါ်ဝေါ်ညွှန်းဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ မူကွဲနှစ်မျိုးစလုံး၊ မြန်မာ (Myanmar) နဲ့ ဗမာ (Burma) ဟာ နိုင်ငံမှာ ရှေးပဝေသဏီကတည်းက ဓားမဦးချအခြေချ နေထိုင်လာခဲ့တဲ့ မြန်မာ မဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးရဲ့ ဖြစ်တည်တည်ရှိမှု (Idenity ) ကို ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်ပါတယ်။  သမိုင်းကြောင်းကို အကျယ် တင်ပြပါမယ်။

လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင် ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Burma’ နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ်တလျှောက်နဲ့ လက်ရှိအချိန်ထိ သတ်မှတ်ထားတဲ့ မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Myanmar’ နှစ်ခုစလုံးဟာ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး တမျိုးတည်းကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် ရှေးပဒေသရာဇ် သက်ဦးဆံပိုင် စစ်ဘုရင်ခေတ်တွေလို အင်အားကြီး၊ အရေအတွေက်များသူ ဦးဆောင်ခြယ်လှယ်စတမ်း လူမျိုးကြီးဝါဒ (Chauvinism) ပုံဆောင်၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေပါတယ်။  ဒီသဘောဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ တကယ့် ပြည်ထောင်စုစနစ် ပီပီပြင်ပြင် တည်ဆောက်လိုရင် အလေးအနက်ထား စဉ်းစားရမယ့် အချက်တခုပါပဲ။

တကယ်တော့ မူကွဲနှစ်ခုစလုံး ရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် ‘မြန်မာ’ ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လို့မှ ဆက်နွယ်မှု မရှိခဲ့ဘူး။  ဗြိတိသျှကိုလိုနီမဖြစ်ခင်အထိ လက်ရှိနိုင်ငံနယ်နမိတ်အတွင်း နေထိုင်နေတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေရှိသော်ငြားလည်း တကယ့်သဘောအနေနဲ့က သီးသန့်ပဒေသရာဇ် မြို့ပြနိုင်ငံလေး များအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့နေခဲ့ကြတဲ့ အတွက် ‘မြန်မာနိုင်ငံ’ ဆိုတဲ့ အခေါ်ဟာ အခြားတိုင်းရင်းသား အားလုံးနဲ့ ပတ်သက်စရာအကြောင်းလည်းမရှိပါဘူး။  ဥပမာ – ပဒေသရာဇ်ခေတ်တလျှောက် မြန်မာက အင်အားသာတဲ့အချိန်မှာ မွန်နိုင်ငံ ဟာ မြန်မာနိုင်ငံလက်အောက်မှာရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံလက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်ပါတယ်။

• ကနဦး လူမျိုးနဲ့တိုင်းပြည် အမည်

မြန်မာစကား အရေး/အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ ‘မြန်မာ’ နဲ့ ‘ဗမာ’ ဆိုပြီး နှစ်မျိုးစလုံးရော ရောနေပါတယ်။ ယေဘုယျသဘောအရ ‘မြန်မာ’ ကို အရေးမှာသုံးလေ့ရှိပြီး အပြောမှာတော့ ‘ဗမာ’ လို့သုံးကြတယ်။  ဒါဟာ အခြားသော အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဘာသာစကားများမှာလည်းတွေ့နိုင်တဲ့ အရေးနဲ့အဖတ် အဓိပ္ပါယ်တူ စကားလုံး တချို့ကို ‘ရေးတော့အမှန်၊ ဖတ်တော့ အသံ’ ဆိုတဲ့ သဘောကွဲနေခြင်းပါ။  ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံနယ်နိမိတ် အရှေ့ဘက်တောင်ပေါ်ဒေသမှ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုဝန်းကျင်မှာ ဝင်ခဲ့တယ်၊ ပုဂံမှာ အခြေပြုကြတယ်။  အသစ်ဝင်လာသူတွေကို မြေပြန့်မှာ ရှေးဦးရှိနေပြီးဖြစ်တဲ့ မွန်တွေက မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ခေါ်ခဲ့တယ်။  ဒီအချက်ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့အထဲက ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာတွေ့နိုင်ပါတယ်။

ရှေးမြန်မာတွေ အလယ်ပိုင်းကို အခြေချနေထိုင်ပြီးနောက် ပျူ၊ မွန်တွေထံကတဆင့် အိန္ဒိယအက္ခရာကို အခြေခံတဲ့ စာပေကို မွေးစားယူ ရလာလို့ ကိုယ်တိုင်မှတ်တမ်းတွေ ရေးလာနိုင်ရာမှာလည်း လူမျိုးနာမည်ကို မွန်တွေခေါ်တဲ့နာမည်အတိုင်း မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ပဲ သုံးခဲ့ပါတယ်။  ဒါကိုလက်ရှိရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက (နာမည်အခေါ်နဲ့သက် ဆိုင်တဲ့) ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုးထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်ပါတယ်။  နောက်ပိုင်း မြန်မာဘာသာစကားမှာ ရကောက်သံ ‘ရ (Ra )’ သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် ‘မရမာ/မိုင်းရ်မာ (Mirma/Mranma)’ ကနေ ‘မြမ္မာ/မြန်မာ (Myanmar)’  ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားခဲ့ပါတယ်။

ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယတို့ဆီကနေ ယဉ်ကျေးမှု၊ စာပေ တင်သာမက ကိုးကွယ်ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွယ်တဲ့ ‘ဗြဟ္မာ’ က ဆင်းသက်တဲ့သဘော ‘ဗြဟ္မာ’ လူမျိုး၊ အဲဒီကတဆင့် ‘ဗမာ’ လူမျိုးဆိုပြီး လူမျိုး နာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာခဲ့ပါတယ်။  ဒီ ‘ဗမာ’ ဆိုတဲ့ လူမျိုးအခေါ်အသစ် ထပ်ပေါ်လာခြင်းက ဘာသာဗေဒ သဘော၊ အသံထွက် စနစ် ပြောင်းလဲပုံနဲ့ ဆက်စပ်ဟန်ရှိပါတယ်။  မည်သို့ဆိုစေ လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း ကျောက်စာအထောက်အထား၊ သုတေသနများအရ ရှေးမြန်မာတွေ မြေပြန့်ကို စဝင် လာခဲ့တဲ့ သမိုင်းမှတ်တမ်းရှိချိန်ကတည်းက ‘မြန်မာ’ လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ ‘မြန်မာ’ က မူလ၊ ‘ဗမာ’ က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူးဆိုတာကိုလည်းထည့်စဉ်းစားရပါမယ်။  နောက်ပိုင်း အင်အားကြီးမားလာပြီး ပုဂံ ပဒေသရာဇ် စစ်လက်နက်နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက်နိုင်ငံတော်ကြီး ပထမ မြန်မာနိုင်ငံတော် ပေါ်လာခဲ့ပါတယ်။  ကျန်ရှိနေသေးတဲ့ ကျောက်စာမှတ်တမ်းများမှာ နိုင်ငံကို ‘မြန်မာပြည်’ လို့ တိုက်ရိုက်တပ်ခေါ်တာကို နရပတိစည်သူ/ဒုတိယစည်သူ (၁၁၆၅-၁၂၁၁) ရဲ့ မြေး၊ ဇေယျသိင်္ခခေါ် နန်းတောင်းများမင်း (ထီးလိုမင်းလို မင်း) ရဲ့ သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ မှတ်တမ်း (တွဲလျက် ဓာတ်ပုံတွင် ရှု) မှာ အထင်အရှားတွေ့နိုင်တယ်။

[မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ပုဂံခေတ်ကျောက်စာမှတ်တမ်း၊ ဓာတ်ပုံ – ဆရာမ မသိင်္ဂီ စာအုပ် “Defiled on the Ayeyarwaddy: One Woman’s Mid-Life Travel Adventures on Myanmar’s Great River by Ma Thanegi”, (2011)]

နောက်ပိုင်း ခေတ်တွေမှာလည်း နိုင်ငံနာမည်ကို ဒီသဘောမျိုး ပဲခေါ်ခဲ့ကြောင်း သမိုင်းအထောက်အထားတွေရှိပါတယ်။  ဥပမာ – ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း (၁၈၀၈-၁၈၇၈) က သူဟာ မြန်မာလူမျိုးတို့ရဲ့ ဘုရင်ဆိုပြီး ညွှန်းဆိုခဲ့တယ်။

ဒါပေမဲ့ မင်းတုန်းခေတ် မြန်မာကုန်းဘောင်အင်ပါယာဟာ မြန်မာလူမျိုး တမျိုးတည်းနေထိုင်တဲ့ နေရာများထက် ကျော်လွန်ပြီး ဖြစ်တဲ့အတွက် ဒီအခေါ်အဝေါ်ဟာ အခြားတိုင်းရင်းလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မြန်မာ လူမျိုကြီးဝါဒ သဘော ပဒေသရာဇ်အခေါ် သက်သက်သာ ဖြစ်ကြောင်း သတိပြုပါ။  အဲဒီခေတ်အခြေအနေ၊ စနစ်နဲ့ အတွေး အခေါ်အရ နိုင်ငံနာမည်ကို လူအများစု အခြေပြု ‘မြန်မာ’ တပ်ခေါ်ခဲ့ခြင်းဟာ မျက်မှောက်ခေတ်လို တိုင်းရင်းသားလူမျိုးစုအားလုံး မူရင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေအတိုင်း သာတူညီမျှ ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ လုံးလုံး မသင့်လျော်တော့ပါ။

• ဒို့ဗမာ အမျိုးသားရေးလှုပ်ရှားမှုကြီးရဲ့ မူဝါဒ

ဒါကြောင့် ဌာနေတိုင်းရင်းသားအားလုံး (မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့) နဲ့ နိုင်ငံခြားမှလာရောက် အခြေချနေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်းပါဝင်ခဲ့တဲ့ ကိုလိုနီကျွန်ဘဝ လွတ်မြောက်ရေးကြိုးပမ်းမှုခေတ်မှာ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ ရှေးသခင်ကြီးတွေရဲ့ ‘ဒို့ဗမာအစည်းအရုံးကြီး’ က တနိုင်လုံးမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ အမျိုးသားရေးစိတ်နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ ‘မြန်မာ’ နိုင်ငံမဟုတ်၊ ‘မြန်မာ’ တမျိုးတည်းမပိုင်၊ ‘မြန်မာ’ အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများ ပိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ‘ဗမာ’ နိုင်ငံ လို့သာ ခေါ်ဆိုရမယ် ဆိုပြီး ‘ဒို့ဗမာအစည်းအရုံး ကြေညာစာတမ်း’ မှာ အတိအလင်း ရေးသား တိုက်တွန်းခဲ့ပါတယ်။

အဖွဲ့အမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော ‘ဒို့ဗမာအစည်းအရုံး’ လို့သာ ပေးခဲ့ပြီး၊ ‘ဒို့မြန်မာအစည်းအရုံး’ လို့ မခေါ်တွင်စေခဲ့ပါဘူး။  ဒါဟာ မြန်မာအပါဝင် အခြား လူမျိုးစုများ မှီတင်းနေထိုင်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံနာမည်ကို  (သမိုင်းအထောက်အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်တဲ့) မြန်မာ လူမျိုးနာမည် အစမူလ ဖြစ်တဲ့ ‘မြန်မာ’ ကို မသုံးဘဲ ဆင့်ပွားမူ ‘ဗမာ’ ကိုသာ ‘ဒို့ဗမာအစည်းအရုံးကြီး’ က သုံးဖို့ညွှန်းဆိုခဲ့ခြင်း၊ တကယ် သုံးခဲ့ခြင်းဟာ မြန်မာ မဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း (အဲဒီခေတ်အခြေအနေအရ) ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရပါတယ်။  ‘ဒို့ဗမာ အစည်းအရုံး’ က မွေးထုတ်လိုက်တဲ့ သခင်ကြီးတွင် နိုင်ငံမှာ ပထမဆုံး အာဏာစရတဲ့ ဂျပန်ခေတ်မှာလည်း နိုင်ငံရဲ့ တရားဝင် နာမည်ဟာ ‘ဗမာနိုင်ငံတော်’ ဖြစ်ခဲ့ပါတယ်။

[ဂျပန်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ဗိုလ်မှူးဗထူး အမှတ်တရ ကျောက်စာ၊ အောင်ပန်းမြို့၊ ဓာတ်ပုံ – ရဲရင့်ကျော်]


• လွတ်လပ်ပြီးခေတ်မှာ ပြန်အသက်ဝင်လာတဲ့ ပဒေသရာဇ် လူမျိုးကြီးဝါဒ အသုံးအနှုန်း

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှကိုလိုနီဘဝက လွတ်မြောက်၊ အပြည့်အဝလွတ်လပ်ရေးယူတဲ့ အချိန်မှာတော့ ‘ဒို့ဗမာအစည်း အရုံး’ ခေတ်က တည်ဆောက်ထားနိုင်ခဲ့တဲ့ မြန်မာနဲ့ အခြား လူမျိုးစုတိုင်းရင်းသားများ ရဲ့ စည်းလုံးညီညွတ်၊ သာတူညီမျှ၊ ဥမကွဲသိုက်မပျက် စိတ်ဓာတ်နဲ့အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ ဘက်နှစ်ဖက်စလုံးရဲ့ လူမျိုးရေး သူငယ်နာမစင် မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်သွားခဲ့ပါတယ်။  လွတ်လပ်တဲ့နိုင်ငံရဲ့ အခြေခံအုတ်မြစ် ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) မှာကိုက ပြည်ထောင်စုစစ်စစ်မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘောနဲ့ အကြိုသဘောတူညီထားခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အပြည့်အဝ မဖော်ဆောင်နိုင်ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ် ခေတ်မှာကတည်းက အပြန်အလှန် အင်ပါယာချဲ့ထွင်မှုကြောင့် အရင်းတည်ခဲ့တဲ့ လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။

လွတ်လပ်ရေး ရရချင်းမှာ မြန်မာအမျာစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ တချို့လူမျိုးစုတွေနဲ့လည်း စတင် ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တယ်။  ဥပမာ – ကရင်။  ကရင်နဲ့က ဒုတိယကမ္ဘာစစ်အတွင်း ပထမအကြိမ် အင်္ဂလိပ် အဆုတ်မှာကတည်းက လူမျိုးရေး ပဋိပက္ခတွေ ရှိခဲ့တယ်။  တကယ် လွတ်လပ်ရေးရတဲ့ အချိန်မှာတော့ နှစ်ဖက်စလုံး လူမျိုးရေး အမြင်ကျဉ်းမြောင်းမှု တွေအပြင် အထက်ကဆိုခဲ့တဲ့  နိုင်ငံရေးသဘာနဲ့ ပြည်ထောင်စုစစ်စစ် မတည်ထောင်နိုင်ခြင်းသဘော တွေကြောင့် စစ်ပွဲအသွင်ထိဖြစ်ခဲ့ ရပါတယ်။  ဒီလို လွတ်လပ်ရေးခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး/လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် ‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်’  ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့အခြား တိုင်းရင်းသာများအကြား နိုင်ငံရေး သဘောမတူညီမှု အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒသဘောဆောင်တဲ့၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် ‘မြန်မာ’ ဟာလည်း ပြည်လည် အသက်ဝင် နိုင်ငံရဲ့ တရားဝင်ပြဋ္ဌာန်းခံ အမည်ဖြစ်လာပါတော့တယ်။

လွတ်လပ်တဲ့ နိုင်ငံရဲ့ခေတ်ဦး ပါလီမန်ဒီမိုကရေစီအစိုးရဟာ တိုင်းရင်းသားတွေကို အထိုက်အလျောက် နေရာပေးပါတယ်။  အခြေခံဥပဒေအရ နိုင်ငံ့အုပ်ချုပ်ရေးမှာ အာဏာမရှိတဲ့ သမ္မတရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့တယ်။  တိုင်းရင်းသားအခွင့်အရေးကို လေးစားတယ်လို့ဆိုနိုင်ပေမဲ့ အထက်မှာဆိုခဲ့သလို ရှုပ်ထွေးနေတဲ့ မွေးကင်းစတိုင်းပြည်မှာ ပြည်ထောင်စုစစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသားလူမျိုးစု ရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်ကို ဝင်ရောက်ခြယ်လှယ်လိုခြင်း၊ တိုင်းပြည်ရဲ့အရင်းအမြစ်များကို မျှတစွာ မခွဲဝေခြင်း သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေတည်လာခဲ့ပါတယ်။  မြန်မာလူမျိုးကြီးဝါဒဟာ ခေတ်ဦး ပါလီမန်ဒီမိုကရေစီစနစ်မှာ အဓိက မကျင့်သုံး၊ မရှင်သန်ခဲ့ပေမဲ့ အာဏာရပါတီရဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အစိတ်အပိုင်း တချို့မှာတော့ လူမျိုးကြီးအတွေးအခေါ်တွေကို စတင်တွေ့ခဲ့ရကြောင်း သမိုင်းမှန်ပြန်လှန်လေ့လာနိုင်ပါတယ်။

• စစ်ဝါဒီများရဲ့ သမိုင်းလိမ်

တိုင်းပြည်ကို ချောက်ထဲလုံးလုံးကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလမှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစုထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေးစိတ်ကို အလွဲသုံးစားလုပ်ကာ တမျိုး၊ တဘာသာ ဗဟိုပြု လူမျိုးကြီးဝါဒ သဘောတရားတွေကို စိတ်ကြိုက်ဖန်တီးထားတဲ့ စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထုဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းတော့တာပါပဲ။  ဒါကြောင့် တိုင်းရင်းသား ပြဿနာ ပိုမို အမြစ်တွယ် ဖြေရှင်းမရ ဖြစ်ခဲ့မှုနဲ့အတူ အကျိုးဆက်များစွာထဲက တခုကတော့ နိုင်ငံ နဲ့အများစုရှိတဲ့ လူမျိုးရဲ့နာမည်ဟာ မူရင်းအမှန်နဲ့ပြောင်းပြန် ဖြစ်ခဲ့ရပါတယ်။  နိုင်ငံကို ‘မြန်မာ’၊ လူမျိုးကို ‘ဗမာ’ ဆိုပြီး နိုင်ငံကို ‘မြန်မာ’ လူမျိုးသာသီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုးနာမည်ကိုလည်း ဒုတိယမူကွဲ ‘ဗမာ’ အဖြစ်သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီးဝါဒ ဇာတ်သွင်းခြင်းခံခဲ့ရပါတယ်။  ဒါဟာ စစ်ဝါဒီတွေလက်ရှိအချိန်အထိ ကြောက်ရွံ့ထိတ်လန့်၊ မှားကြောင်းဝန်မခံနိုင်သေးဘဲ မျိုးဆက်သစ်ကို ဆက်မှိုင်းတိုက် အယုံသွင်းထားတဲ့ နိုင်ငံနာမည်နဲ့ လူမျိုး နာမည် မြန်မာလို အခေါ်ရဲ့ သမိုင်းမှန်ပါပဲ။

နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို ‘Burma’ ကနေ ‘Myanmar’ လို့လည်း စစ်ဗိုလ်ချုပ်များပဲ ပြောင်းလဲခဲ့ပါတယ်။ ဒါကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာပါ။  ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြေား အဖွဲ့တည်ထောင်မှုအကွဲ (ဗကသ/မကသ အကွဲ) ကို ပိုမို သပ်သျှိုသွေးထိုးလိုစိတ် တခုတည်းနဲ့ အာဏာရှင်ဟောင်း ဗိုလ်နေဝင်း အမွေခံ ဗိုလ်ခင်ညွန့်ဟာ ပညာရှင်တွေပါတဲ့ ကော်မရှင်တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့ပါတယ်။  အဲဒီကော်မရှင်က နိုင်ငံနာမည်ကို အင်္ဂလိပ်လို ‘Myanmar’ လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် (၃) ချက်ပေးခဲ့ပါတယ်။  ဒီထဲက မခိုင်လုံဆုံးအချက်က တော့ မြန်မာလို နိုင်ငံနာမည် ‘မြန်မာ’ ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လိုမှာလည်း မြန်မာအသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံးပေါင်းတဲ့ ‘Myanmar’ လို့သာ သုံးမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။  တကယ်တော့ အထက်မှာ ဆွေးနွေးခဲ့သလို မြန်မာလို ‘မြန်မာ’ ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသားအားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့အတွက် အင်္ဂလိပ်လို ‘Myanmar’ ဟာလည်း တိုင်းရင်းသားအားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါဘူး။  အစဉ်အဆက် နိုင်ငံနာမည်ကို ‘Burma’ လို့ပဲ သုံးစွဲလာခဲ့တယ်။  ဗမာနိုင်ငံသားအားလုံးပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အင်္ဂလိပ်လို ‘Burma’ လို့ပဲ တပ်ခေါ်ခဲ့ပါတယ်။  ဥပမာ – တော်လှန်ရေးတပ်တွေရဲ့ အင်္ဂလိပ်အမည်ဟာ BIA, BDA ပါ၊ MIA, MDA မဟုတ်ပါ။  စစ်အစိုးရ တည်ထောင်ခဲ့တဲ့ ‘မဆလ’ ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ်အမည်ကို ‘BSPP’ လို့သာ ‘Burma’ နာမည် သုံးခဲ့ပါတယ်။

• Burma နာမည်ရဲ့ နောက်ခံသမိုင်း

နိုင်ငံနာမည် အင်္ဂလိပ်လို ‘Burma’ ဖြစ်ခဲ့ရခြင်းဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့ပါတယ်။  စကားလုံးရဲ့ မူရင်းနဲ့ရှေ့ကွင်း ဆက်သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေကတည်းက ဖြစ်ပါတယ်။  အိန္ဒိယက လူမျိုးတွေက မြန်မာ (ဗမာ) တွေကို ဗရမာ/ဗြဟ္မာ (စာကို ဘာရမီ) လို့ခေါ်ကြတယ်။  ဒါဟာ မြန်မာ (ဗမာ) တွေ ကိုယ့်ဘာသာ ညွှန်းဆိုတဲ့ စကား (စာပေ မဟုတ်) ကို နိုင်ငံခြားသားတွေက သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာအယူအဆကို လက်ခံတဲ့ လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်းဖြစ်နိုင်ပါတယ်။  ဒီ အိန္ဒိယ အခေါ်ကို ၁၆/၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ) တွေကို သူတို့ အသံထွက်နဲ့ဘာမင်နီယား (Birmania) လို့ခေါ်ခဲ့ပါတယ်။  ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက ၁၈ ရာစုလောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ) တွေ နေထိုင်တဲ့ နေရာဟာ ဗမာ/ဘားမား (Burma) ဖြစ်လာပါတော့တယ်။  မူလအင်္ဂလိပ်စာလုံးပေါင်းမှာ ‘Burma’ ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုးရှိခဲ့တယ်။  (ဥပမာ – Bermah, Birmah, Brama, Burmah။)၊

နောက်ပိုင်းကျမှ ‘Burma’ က အတည်ဖြစ်လာခဲ့ပြီး ကိုလိုနီဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံနာမည်ဟာ ‘Burma’ အဖြစ် တရားဝင် ရုံးသုံး အခေါ်ဖြစ်လာခဲ့ပါတယ်။ မြန်မာ လူမျိုးကိုတော့ ‘Burman’ လို့ သုံးပါတယ်။  ‘Burmese’ ဆိုရင် ဗမာပြည်က မြန်မာအပါအဝင် လူမျိုးစု အားလုံးလို့ ရည်ညွှန်းကြပါတယ်။  ဒါတွေကို ကိုလိုနီခေတ် အင်္ဂလိပ်လိုရေး ခေတ်ပြိုင် မှတ်တမ်းတွေ၊ ဝတ္ထုတွေ၊ အစိုးရ ပြန်တမ်းတွေမှာ တွေ့နိုင်ပါတယ်။  နိုင်ငံခြားသားတိုင်းက မြန်မာ (ဗမာ) လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ ‘ဗမာ’ ကို သူတို့လျှာနဲ့နီးစပ်တဲ့ အသံထွက်နဲ့ခေါ်ဆိုမှာသာဖြစ်ပါတယ်။  ဒီနေရာမှာ သူတို့မဖတ်တတ်တဲ့ စာပေအရေးအသားမှာ အများစုသုံးတဲ့ ‘မြန်မာ’ ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမယ်။  ဒါကြောင့် လူမျိုးခြားအားလုံးက မြန်မာ (ဗမာ) တွေကို ခေါ်တဲ့ နေရာမှာ စကားသံ ‘ဗမာ’ ကိုပဲ အခြေပြုခေါ်တတ်ကြပါတယ်။  ဥပမာ – ထိုင်းတွေက မြန်မာ (ဗမာ) တွေကို “ဖမာ” လို့ခေါ်ပါတယ်။

နိုင်ငံ နာမည် ‘Burma’ ဖြစ်ခဲ့ခြင်းသဘောက ကိုလိုနီစဖြစ်ခဲ့တဲ့အချိန်နဲ့လည်း သက်ဆိုင်ပါတယ်။  ကိုလိုနီစဖြစ်ချိန်မှာ မြန်မာကုန်းဘောင်နိုင်ငံတော်ရဲ့ အာဏာဟာ မျက်မှောက်ခေတ်နိုင်ငံနယ်နိမိတ်က နေရာအများစုလို့ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်ပါတယ်။  ရခိုင်နဲ့မွန်နိုင်ငံတွေက မြန်မာကုန်းဘောင်မင်း နိုင်ငံရဲ့ လက်အောက်ကို လုံးလုံးရောက်နေပြီ၊ ရှမ်း၊ ကရင်နီဒေသတွေကိုလည်း တစုံတခုသော အတိုင်းအတာအထိ ကုန်းဘောင် အာဏာစက်ရောက်နေပြီ။  ဒီအနေအထားမှာ ဗြိတိသျှအင်ပါယာနဲ့ မြန်မာကုန်ဘောင်ဘုရင်အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) ဖြစ်ခဲ့တယ်။  မြန်မာစစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ ကုန်းဘောင်အင်ပါယာအောက်မှာ သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ (ရခိုင်၊ တနင်္သာရီ) ကို စစ်နိုင်သူ အင်္ဂလိပ်ထံ လွှဲလိုက်ရတယ်။  နောက် ဒုတိယစစ် (၁၈၅၂) ဖြစ်တယ်။  ရှုံးလို့ အင်္ဂလိပ်ကို အောက်ပိုင်းဒေသတခုလုံး ပေးလိုက်ရတယ်။  အင်္ဂလိပ်ကလည်း သူတို့နဲ့ စစ်တိုက်ခဲ့တဲ့ မြန်မာ (ဗမာ) ကုန်းဘောင်ဘုရင်တွေဆီက ရတဲ့ အတွက် အဲဒီနယ်မြေတွေအားလုံးကို အောက်ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးကာ ဗြိတိသျှ-အိန္ဒိယ အင်ပါယာအောက်ထဲ ထည့်အုပ်ချုပ်ခဲ့ပါတယ်။   နောက် တတိယစစ် (၁၈၈၅) ဖြစ်ပြီး အင်္ဂလိပ်က မြန်မာကုန်ဘောင်မင်းနန်းစိုက်ရာ နေရာအထိ သိမ်းပြီးတဲ့အချိန်မှာတော့ ကုန်ဘောင်မင်းဆက် အာဏာစက် ရောက်ခဲ့တဲ့ လက်ရှိနိုင်ငံနယ်နမိတ်နေရာအများစုကို ဗမာနိုင်ငံ ‘Burma’ လို့သတ်မှတ်လိုက်ပါတော့တယ်။

• မတူကွဲပြား လူမျိုးများနဲ့ ‘Burma’
ဒီနေရာမှာ သတိပြုရာမှာက မြန်မာကုန်ဘောင်မင်းဆက် အာဏာအပြည့်အဝ မသက်ရောက်ခဲ့တဲ့ နေရာတချို့ (ဥပမာ – ရှမ်းပြည်လို) ကို အင်္ဂလိပ်က တိုက်ရိုက်ကိုလိုနီအဖြစ် မသိမ်းပိုက်ဘဲ၊ အစောင့်အရှောက်ခံ နယ်မြေ အဖြစ်သတ်မှတ်ကာ ဒေသခံ ပဒေသရာဇ် စော်ဘွားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခဲ့ခြင်းပါ။   ဒီလို အင်္ဂလိပ်တွေအနေနဲ့သူတိုနဲ့စစ်ဖြစ်ခဲ့ရတဲ့ မြန်မာ (ဗမာ) လူမျိုးတမျိုးတည်းသာ ဒီနိုင်ငံမှာ မနေထိုင်တဲ့ သဘောကို သိတယ် ဆိုတာကို (ပိုသွေးကွဲစေချင်တဲ့အတွက် သုံးခဲ့တဲ့) Divide and Rule မတူကွဲပြားတဲ့ အုပ်ချုပ်ပုံစနစ်တွေကျင့်သုံးခဲ့ခြင်းက သက်သေပြုပါတယ်။  ဒါဟာ တနည်းအားဖြင့် အင်္ဂလိပ်တွေသုံးခဲ့တဲ့ ‘Burma’ ဟာ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ အနည်းအပါး ညွှန်းဆိုသက်ရောက်တယ်လိုလည်း ဆိုနိုင်ပါတယ်။  အကြောင်းက နိုင်ငံအမည် အင်္ဂလိပ် ‘Burma’ ဟာ မြန်မာ (ဗမာ) လူမျိုးကိုသာ အခြေခံပြီးဖြစ်ခဲ့တာ မှန်ပေမဲ့ မြန်မာ (ဗမာ) လူမျိုးတွေရဲ့ အခေါ် မူရင်းနဲ့ အမှန်အခေါ် ‘မြန်မာ’ ကို တိုက်ရိုက် အင်္ဂလိပ် စကားလုံးဖလှယ် သုံးထားတဲ့ ‘Myanmar’ ထက်တော့ ‘Burma’ က  နိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်နေရတဲ့ အခြားမြန်မာ မဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေ ကို ကိုယ်စားပြုရာ ရောက်တယ်လို ကောက်ချက်ဆွဲရမှာ ဖြစ်တာမို့ပါ။

• နိုင်ငံနာမည် ဘာဖြစ်သင့်သလဲ
မြန်မာလူမျိုးအခေါ် မူရင်းက ‘မြန်မာ(Myanmar)’ ဖြစ်နေခြင်းကြောင့် နိုင်ငံအမည်အမှန်ဖြစ်သင့်တာက မြန်မာကို တိုက်ရိုက် မယူတဲ့ ဗမာနိုင်ငံတော် (Burma) ပဲဖြစ်သင့်ပါတယ်။ ဒါဟာ တင်ပြခဲ့သလို သမိုင်းအထောက်အထား အချက်အလက်များ၊ ကိုလိုနီဖြစ်စဉ်သဘော၊ ဒို့ဗမာအစည်းအရုံးကြီး ချမှတ်ခဲ့တဲ့ ပဒေသရာဇ်ခေတ်စနစ် မြန်မာလူမျိုးကြီးဝါဒ တိုက်ဖျက်စေလိုတဲ့ မူ အားလုံးနဲ့ ကိုက်ညီပါတယ်။  ဒါပေမဲ့ ဒီ ဗမာနိုင်ငံ (Burma) ဆိုတဲ့ နိုင်ငံအမည်အခေါ်ဟာလည်း မြန်မာလူမျိုးအပေါ်မှာသာ အခြေပြု ဆင့်ပွားပေါ်လာခဲ့တာသာဖြစ်တဲ့ အတွက် မြန်မာလူမျိုးတမျိုးတည်းသာ ကိုယ်စားပြုသလို ဖြစ်နေနိုင်သေးတာပါပဲ။   နောင်တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ အခြား လူမျိုးစုအသီးသီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့်ဖော်ဆောင်ခွင့်ရတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ် ဖော်ဆောင်နိုင်တဲ့ အချိန်ကျရင် ဖြစ်သင့်တဲ့ ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကိုလည်း ပြည်သူလူထုဆန္ဒ (အထူးသဖြင့် လူနည်းစု လူမျိုးစု တွေရဲ့ဆန္ဒ) သဘော တောင်းခံကာ ပညာရှင်များရဲ့ အကြံပြုချက်များနဲ့အညီ ပြုပြင်ပြောင်းလဲဖို့၊ သို့မဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

•  နိဂုံး
နိဂုံးချုပ်ရရင် အမည်နာမဆိုတာ အပေါ်ယံသဘော သညာတွေသာ ဖြစ်တယ်ဆိုတာ မှန်ပေသိ ခုလောလောဆယ် တရားဝင်သုံးနေတဲ့ နဝတ စစ်အစိုးရမူ နိုင်ငံအမည် ‘မြန်မာ (Myanmar)’ ၊ လူအများစု လူမျိုးအမည် ‘ဗမာ (Bamar)’ ဆိုတာဟာ ဘာသာဗေဒ၊ သမိုင်း အချက်အလက်များအရ မမှန်ပါဘူး။  မြန်မာလူမျိုးကြီးဝါဒကို အားပေးရာလည်း ရောက်နေပြန်တယ်။  ပြည်တွင်းစစ်နဲ့ တိုင်းရင်းပြဿနာ မဖြေရှင်းနိုင်ခြင်းရဲ့ မူဝါဒပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် နောက်ခံ အကြောင်းလည်း ဖြစ်ပါတယ်။  ဒါကြောင့် အခု ‘မြန်မာ (Myanmar) ဟေ့’ ဆိုပြီး ဘောလုံးပွဲတွေမှာ ကြွေးကြော်နေကြခြင်းဟာ တဖက်က ကြည့်ရင် တိုင်းပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံကို ကိုယ်စားမပြုနိုင်ကြောင်း စာဖတ်သူ၊ အထူးသဖြင့် စစ်အစိုးရခေတ် မွေးဖွားကြီးပြင်းခဲ့တဲ့ သမိုင်းမှန်ကို အစွဲကင်းကင်း စနစ်တကျ လေ့လာသင်ယူခွင့်မရခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များကို သိစေအပ်ပါတယ်။  ဒီမြန်မာ-ဗမာ နိုင်ငံအမည်ဟာ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေး ပြဿနာ တိုင်းရင်းသား လူမျိုးစု အချင်ချင်း သတ်ဖြတ်နေရတဲ့ ပဋိပက္ခနဲ့ ဆက်စပ်နေတာကြောင့် အားလုံးအလေးထား ဆင်ခြင်သင့်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

References:
• Hall, DGE,  “Pre-Pagan Burma”, (3rd Edition), (1960).
• Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004).
• Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
• Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010).
• Thant Myint-U, “The River of Lost Footsteps–Histories of Burma”, (2006).
• Thant Myint-U, “The Making of Modern Burma”, (2001).
• Ma Thanegi, “Defiled on the Ayeyarwaddy: One Woman’s Mid-Life Travel Adventures on Myanmar’s Great River”, (2011).
• တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂).

(၂၀၁၂ ဇွန်လ ဧရာဝတီ အွန်လိုင်းတွင် ရေးသားခဲ့သည့် “မြန်မာလား၊ ဗမာလားနှင့် တိုင်းရင်းသား ပြဿနာ” ဆောင်းပါးကို အသစ်ပြင်ဆင်ဖြည့်စွက် တည်းဖြတ်၍ မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၁၆)၊ (၂၀၁၅) ခုနှစ် ဇွန်လ (၁၉) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Op-Ed, ရသဆောင်းပါးစုံ, သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်