သင်္ချာဆရာကြီး၏ မှားယွင်းခဲ့သော အတွေးအခေါ်များ

October 23, 2013

သင်္ချာဆရာကြီး၏ မှားယွင်းခဲ့သော အတွေးအခေါ်များ
ဒေါက်တာခင်မောင်ဝင်း၊ အောက်တိုဘာ ၂၄၊ ၂၀၁၃

လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ကျွန်တော်တို့၏ ဆရာများဖြစ်ကြသော ဦးဘတုတ်၊ ဦးကိုကိုလေး၊ ဦးမောင်မောင်တင်၊ ဦးအောင်မြင့် စသည်တို့ကို ဆရာကြီးများဟု ခေါ်ခဲ့ကြသည်။ ယခုအခါ ကျွန်တော့အား ကျွန်တော်၏ ကျောင်းသားများက ဆရာကြီးဟု ခေါ်ခြင်းကို ခံနေရသည်။

   ယခု ဆရာကြီးဟု အခေါ်ခံနေရသော ကိုယ်တိုင်သည် ကျောင်းသားဘ၀ကို ဖြက်သန်းခဲ့ရသည်။ ကျွန်တော်ငယ်စဉ်ဘ၀က သင်ကြားခဲ့ဖူးသော ကျောင်းသားဘ၀ကို မေးကြည့်လျှင် ကျွန်တော့်အား သင်္ချာတော်သည်ဟု မည်သူကမျှ မပြောကြပါ။ အင်္ဂလိပ်စာတောသည် ဟု ပြောသူများသာ ရှိပါသည်။

   သင်္ချာမည်မျှ ညံသနည်းကိုမူ ကျွန်တော်၏ လက်ဦးဆရာနှစ်ဦးကို ကြည့်လိုက်ရုံနှင့် သိနိုင်ပါသည်။ ပထမ လက်ဦးဆရာမှာ ကျွန်တော့အဖေဖြစ်ပြီး ဒုတိယလက်ဦးဆရာမှာ ကျွန်တော့်အမေဖြစ်သည်။ နှစ်ဦးစလုံးသည် ယခု စံချိန်နှင့်ပဲဖြစ်စေ၊ ရှေးစံချိန်နှင့်ပဲဖြစ်စေ၊ သင်္ချာညံ့သူများဖြစ်ကြသည်။ သို့သော် သူတို့နှစ်ဦးစလုံးကို ဆရာတင်ရသော ကျွန်တော်သည် မည်မျှ သင်္ချာညံ့မည်ကို စဉ်းစားကြည့်နိုင်ပါသည်။

   သင်္ချာညံ့လွန်း၍ အောင်မှတ်ရဖို့ပင် ကြိုးစားခဲ့ရသော ကျွန်တော့ကို ရှေးဦးစွာ ပညာပေးခဲ့သူမှာ အဖေဖြစ်သည်။ အဖေသည် အင်္ဂလိပ်စာ ဆရာကြီးဖြစ်သည့်အတွက် သင်္ချာဘာသာကို တိုက်ရိုက် သင်ကြားပေးနိုင်စွမ်း မရှိသော်လည်း အကြံဥာဏ်ပေးနိုင်သည်။ အဖေပေးခဲ့သော အကြံဥာဏ်နှင့် အဖေပြောခဲ့သော စကားများမှာ ဤသို့ဖြစ်သည်။

   “ဒီမှာ သားက သင်္ချာညံ့တာဆိုတော့ အရေးကြီးတာက အမှတ်များများရဖို့ မဟုတ်ပဲ၊ အောင်မှတ်ရဖို့ မဟုတ်လား။ ဒီတော့ အောင်မှတ်ကို သေချာပေါက် ရဖို့ နည်းကို စဉ်းစားရမယ်။ သင်္ချာဆိုတဲ့ ဘာသာက အင်္ဂလိပ်စာတို့၊ မြန်မာစာတို့လို မဟုတ်ဘူး။ ကွဲပြားချက် တစ်ခုရှိတယ်။ အဲဒါက တကယ်သာ အကုန်ဖြေနိုင်ရင် အမှတ်ပြည့် တကယ်ရနိုင်တာပဲ။ ဥပမာ ဆယ်မှတ်တန် ပုစ္ဆာတစ်ပုဒ်ကို ဆယ်မှတ် တကယ်အပြည့်ရအောင် ဖြေလို့ရတယ်။ လျှော့လို့မရဘူး၊ ဒါကတော့ အမှတ်ရတဲ့ဘက်က ပြောတာပေါ့ကွာ။ မဖြေနိုင်ရင်လည်း အမှတ်ပေးစရာကို မရှိဘူးကွ။ သားတို့ သင်္ချာမေးခွန်းတွေ လေ့လာကြည့်တဲ့နေရာမှာ ကြိုက်ရာ (၇)ပုဒ်ကို ဖြေခိုင်းတယ်။ အောင်မှတ်က (၄၀) ဆိုရင် သုံးပုဒ်အပြည့် ဖြေနိုင်ရင် အောင်မှတ်ရမယ်။ အချိန်သုံးနာရီမှာ (၇)ပုဒ်မဖြေပဲ သုံးပုဒ်ပဲဖြေရင် တစ်ပုဒ်ကို တစ်နာရီရမယ်။   ဒီတော့ စဖြေကတည်းက သုံးနာရီမှာ (၇)ပုဒ်မဖြေပဲ သုံးပုဒ်ဖြေမယ်လို့ ဆုံးဖြတ်ထားလိုက်။ အားလုံးအတွက် နှစ်ဆယ့်ငါးမိနစ်လောက်နဲ့ ဖြေဖို့ပေးထားတဲ့ ပုဒ်စ္ဆာကို သားက တစ်နာရီနဲ့ ဖြေနိုင်အောင်တော့ လုပ်ရမှာပေါ့ကွာ၊ စိတ်အေးအေးထားရင် ဒီလောက်တော့ ရနိုင်ပါတယ်။ ဒါဟာ အောင်မှတ်ရဖို့ အသေချာဆုံးနည်းလို့ ထင်တာပဲ”

   ကျွန်တော်သည် ငါးတန်းမှစ၍ ဤအကြံဥာဏ်အတိုင်း လိုက်နာခဲ့ရာ သင်္ချာကြောင့် စာမေးပွဲကျရှုံးခြင်း မဖြစ်တော့ပါ။ စာမေးပွဲတိုင်းပင် တစ်နာရီကို တစ်ပုဒ်၊ သုံးနာရီ သုံးပုဒ်ဖြေနိုင်ခြင်းကို အလွန်ကျေနပ်လျှက်ရှိသည်။ ၄င်းထက် ပိုမိုရအောင် ကြိုးစားရကောင်းမှန်း မသိ။ ဤမျှလောက်နှင့် ကျေနပ်နေသည်။

   ထိုအခြေအနတွင် ပိုမို၍ရအောင် ကြိုးစားလာရန် ညွန်ပြခဲ့သည့် နောက်ထပ်ဆရာမှာ မိခင်ဖြစ်သူ စာရေးဆရာမကြီးဖြစ်သည်။ ကျွန်တော် ရှစ်တန်းရောက်လာသည့်အချိန်တွင် ဤသို့ စကားစတင်ခဲ့သည်။

  “မေမေတို့ မိသားစုထဲမှာ စာပေသမားတွေချည်း ဖြစ်နေတယ်။ ဒီတော့ သားက သင်္ချာသမား၊ သိပ္ပံသမား ဖြစ်အောင်လုပ်ပါလား”
  “မဖြစ်နိုင်ပါဘူး မေမေရာ၊ ကျွန်တော်က အမှတ် လေးဆယ်ရရင်ပဲ လာဘ်ကြီးတစ်ပါးလို့ အောက်မေ့တာ”
  “ဒါက ဒီလိုရှိတယ် သားရဲ့၊ မေမေတို့ သင်္ချာညံ့တဲ့ အကြောင်းကို စဉ်းစားကြည့်တော့ မေမေတို့က ၀ိဇ္ဖာဘာသာတွဲကို ယူခဲ့လို့ဆိုတာ တွေ့ရတယ်။ သင်္ချာတော်တဲ့လူတွေက သိပ္ပံယူကြတယ်။ ဒီတော့ သားလည်း သိပ္ပံယူလိုက်ရင် သင်္ချာတော်လာမယ် ထင်တယ်”
  “ဒါတော့ မဟုတ်ပါဘူးထင်တယ်။ သင်္ချာတော်တဲ့လူတွေ သိပ္ပံဘွဲ့ယူတာ ဟုတ်ပါတယ်။ ဒါပေမယ့် သိပ္ပံယူတာနဲ့ သင်္ချာတော်လာတယ်ဆိုတာ မဟုတ်နိုင်ပါဘူး”

   သို့သော်လည်း နောက်ဆုံးတွင် သိပ္ပံဘာသာတွဲကို ပြောင်းယူရန် သဘောတူခဲ့ရသည်။ အဖေကလည်း ၀င်ရောက်၍ ဆရာတစ်ဦးထံ အပ်နှံပေးခဲ့သည်။ ထိုဆရာနှင့် တွေ့လိုက်ခြင်းသည် ကျွန်တော့အတွက် အလွန်အရေးကြီးသော အပြောင်းအလဲဖြစ်ခဲ့ရသည်။
   အချိန်မှာ ၁၉၅၅ခုနှစ်လောက်ကဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် အလွန်နာမည်ကြီးသော ကျူရှင်ဆရာနှစ်ဦးရှိခဲ့သည်။ ၄င်းတို့မှာ မစ္စတာဆန်ဘန် နှင့် မစ္စတာဒေါ်ဆင် တို့ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးသည် အိန္နိယလူမျိုးများ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် ထိုအချိန်က ဆယ်တန်းတွင် ဂုဏ်ထူးရှင်အများဆုံးကို မွေးထုတ်ပေးခဲ့သည်။ သို့သော် ကျွန်တော်ကြိုတင်၍ အစီရင်ခံလိုသည်မှာ ထိုဂုဏ်ထူးရှင်များထဲတွင် ကျွန်တော်မပါဝင်ခဲ့ပါ။ အဘယ်ကြောင့် မပါဝင်ခဲ့သည်ကိုလည်း ဆက်လက်ရှင်းပြပါမည်

   ကျွန်တော်၏ ဆရာဖြစ်သူမှာ မစ္စတာဆန်ဘန် ဖြစ်သည်။ မစ္စတာဆန်ဘန် ၏ သင်ကြားပုံ၊ သင်ကြားနည်းကို ကျွန်တော်သည် ယခုထက်တိုင် အတုခိုးနေရဆဲ ဖြစ်ပါသည်။

 မစ္စတာဆန်ဘန်းသည် တစ်နေ့လျှင် ပုစ္ဆာာအများဆုံး သုံးပုဒ်သာ သင်သည်။ ခက်လွန်းလျှင် တစ်ပုဒ်သာ သင်သည်။ အတန်းထဲသို့ ၀င်လာလာချင်း ထိုနေ့တွင် သင်ကြားမည့် (တစ်ခါတစ်ရံ နှစ်ပုဒ်၊ တစ်ခါတစ်ရံ တစ်ပုဒ်တည်းသာ) ကို ရေးပြလိုက်သည်။ ထိုပုစ္ဆာများ၏ အဓိပ္ပါယ်ကို ရှင်းပြပြီး ကျောင်းသားများအား စဉ်းစားရန် နာရီဝက်လောက် အချိန်ပေးသည်။ သူကိုယ်တိုင် လိုက်ကြည့်သည်။ နာရီဝက်လောက် ကြာသော် ဆရာက ပုစ္ဆာများ၏ နောက်ခံသဘောတရားများ၊ စဉ်းစားပုံစဉ်းစားနည်းများကို ရှင်ပြပြီး တွက်ပြသည်။ နောက်ပိုင်းတွင် ထိုသဘောတရားအရ အလားတူတွက်နိုင်သည့် ပုစ္ဆာများကို ပြဌာန်းစာအုပ်များထဲမှ ရွေးထုတ်ပေးပြီး ကိုယ်တိုင်လေ့ကျင့်ရန် မှာကြားခြင်းဖြင့် အဆုံးသတ်သည်။

မှားယွင်းသောအတွေးအခေါ် (၁)

  ဤအတိုင်း ခြောက်လလောက် သင်ကြားပေးပြီးသောအခါ ကျွန်တော်၏ ခေါင်းထဲတွင် နောက်ထပ်အတွေးသစ် တစ်ခု ၀င်လာသည်။ ဤအတွေးသည် အပေါ်ယံကြည့်လျှင် မှန်သည်ဟု ထင်ရသော်လည်း ၄င်းသည် သင်္ချာနှင့်ပတ်သက်၍ ကျွန်တော့၏ ပထမဆုံးသော မှားယွင်းသည့် အတွေးအခေါ်ဖြစ်သည်။ ထိုအမှားကြောင့် ဆရာကြီးမစ္စတာဆန်ဘန်း မွေးထုတ်ပေးခဲ့သော ဂုဏ်ထူးရှင်များထဲတွင် ကျွန်တော်မပါဝင်ခဲ့ခြင်း ဖြစ်လေသည်။

   ထိုအချိန်က ၀င်ရောက်လာသော အတွေးအခ်ါမှာ ဤသို့ဖြစ်သည်။ သင်္ချာ၏ အနှစ်သာရသည် အဘယ်နည်း၊ တကယ့် အနှစ်သာရမှာ ပုံသေနည်းများ၊ တွက်နည်းချက်နည်းများ၊ သီအိုရီများနှင့် စဉ်းစားပုံ စဉ်းစာနည်းများသာ မဟုတ်သလော။ လေ့ကျင့်ရန် ပုစ္ဆာများနှင့် အခြားပုစ္ဆာများသည် တကယ့်အနှစ်သာရမဟုတ်၊ အကာရံမျှသာဖြစ်သည်။ အနှစ်သာရဖြစ်သော ပုံသေနည်းများ၊ တွက်နည်းများ၊ သီအိုရီများနှင့် စဉ်းစားပုံ၊ စဉ်းစာနည်းများကို ပိုင်ထားလျှင် မည်သည့်ပုစ္ဆာမျိုးကိုမဆို တွက်နိုင်သည်။ အနှစ်သာရသည် ပုစ္ဆာများ၏ နောက်တွင်ရှိသော နောက်ခံသဘောတရားများသာ ဖြစ်၍ ပုစ္ဆာများကို လေ့ကျင့်ခြင်းသည် မလိုအပ်တော့ပေ။

   ထိုအတွေးဝင်ရောက်လာသည့်အချိန်မှစ၍ ကျွန်တော်သည် ဆရာလေ့ကျင့်ခိုင်းသော ပုစ္ဆာများကို မတွက်တော့ပါ။ ပုဒ်စ္ဆာတွက်မည့်အစား၊ ပုဒ်စ္ဆာကို ဖတ်၍ မည်ကဲ့သို့ တွက်မည်ကို စဉ်းစားသည်။ စဉ်းစား၍ရလျှင် နောက်တစ်ပုဒ်ဆက်ဖတ်ပါသည်။

   ဆရာက တွက်ခိုင်းသည့်အခါတွင်လည်း ဤသို့ပြန်၍ ဆင်ခြေပေးသည်။ “မလိုပါဘူး ဆရာရယ်၊ ကျွန်တော်က နောက်ခံသဘောတရားကို ပိုင်ထားပြီးသား၊ အချိန်မရွေးတွက်ချနိုင်ပါတယ်”

  ဆရာက စာမေးပွဲတွင် ဂုဏ်ထူးထွက်လိုလျှင် ဤမျှလောက်ဖြင့် မလုံလောက်ကြောင်း၊ ဧကန်အမှန် လေ့ကျင့်မှုသည် လိုအပ်ကြောင်းကို ရှင်ပြသည်။ သို့သော် ကျွန်တော်က နားမထောင်ခဲ့ချေ။  ဤကဲ့သို့ ဆရာ့စကားကို နားမထောင်ခဲ့ခြင်းကြောင့် ကျွန်တော်ဒုက္ခရောက်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဂုဏ်ထူးရှင် အများဆုံး မွေးထုတ်ပေးသော ဆရာနှင့် တွေ့ပါလျှက်နှင့် သူ၏ မွေးထုတ်သော ဂုဏ်ထူးရှင်များထဲတွင် ကျွန်တော်မပါဝင်ခဲ့ခြင်း ဖြစ်လေသည်။

  ကျွန်တော်သည် သင်္ချာသဘောတရာများကို ပိုင်နိုင်ပါလျှက်နှင့် စာမေးပွဲတွင် အဘယ့်ကြောင့် အောင်မှတ်ကိုပင် အနိုင်နိုင်ဖြေခဲ့ရသော အဖြစ်မျိုး ကြုံခဲ့ရသည်ကို ယခုတိုင် ရှင်မပြတတ်သေးပါ။ ဆရာစကားကို နားမထောင်ပဲ လေ့ကျင့်မှု၏ အရေးကြီးပုံကို အလေးမပေးခဲ့ခြင်းကြောင့်သာ ဟု ကောက်ချက်ချစရာ ရှိပါတော့သည်။

  ဤအတွေ့အကြုံကြောင့် ကျွန်တော်သည် လေ့ကျင့်မှု၏ အရေးကြီးပုံကို သဘောပေါက်၍ ဆရာစကားကို နားထောင်သူ တစ်ဦး ဖြစ်လာသည်ဟု မထင်လိုက်ပါနှင့်။ ကျွန်တော့၏ “သဘောတရားသည်သာလျှင် အဓိကဖြစ်သည်။ သဘောတရားကို ပိုင်လျှင် အားလုံးပြီးစီးရမည်” ဟူသော ယုံကြည်ချက်ကို မစွန့်လွှတ်သေးပါ။ ဆယ်တန်းတွင် ကံမကောင်း ၍သာ ဤသို့ဖြစ်ရသည်။ ဧကန်တကယ်တော့ ကျွန်တော့ယုံကြည်ချက်သည် မှန်သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

မှားယွင်းသောအတွေးအခေါ် (၂)

   ကျွန်တော် တက္ကသိုလ်ရောက်ပြီး မကြာမီတွင် သင်္ချာမေးခွန်းပုံစံ တစ်မျိုးပြောင်းသွားသည်။ ယခင်ကကဲ့သို့ ကိုးပုဒ်မေးပြီး၊ ကြိုက်ရ ခုနှစ်ပုဒ် ဖြေခိုင်းသည့် စနစ်နောက်မှ ခြောက်ပုဒ်ပေးထားပြီး အားလုံးဖြေဆိုခိုင်းသည့် စနစ်ဖြစ်လာသည်။ ထိုစနစ်ဖြစ်ပေါ်လာသောအခါ နောက်ထပ်မှားယွင်းသော အတွေးတစ်ခု ၀င်ရောက်လာသည်။

  ထိုအချိန်သည် ကျွန်တော့ကိုယ် ကျွန်တော် အထင်ကြီးစိတ် ၀င်လာသည့်ကာလ ဖြစ်သည်။ ကိုယ့်ကိုယ်ကို သင်္ချာတွင် ဂုဏ်ထူးရနိုင်သည်ဟု ထင်လာသည်။ သို့သော် စာမေးပွဲဟူသည် အခက်သား၊ မေးခွန်းများသည် လွယ်သည်လည်းရှိမည်။ ခက်သည်လည်း ရှိမည်။ မေးခွန်းခြောက်ပုဒ်စလုံး ဖြေနိုင်မှ ဂုဏ်ထူးကို စိတ်ချလက်ချ ရနိုင်မည်။ ထို့ကြောင့် မေးခွန်းခြောက်ပုဒ်စလုံးကို ဖြေနိုင်အောင် ဘာကစဖြေမည်နည်း  ဟူသော မေးခွန်းပေါ်ပေါက်လာသည်။

  ကျွန်တော်၏ မိဘများက အကြံပေးသည်မှာ အလွယ်ဆုံးကို စဖြေရန်ဖြစ်သည်။ အလွယ်ဆုံးပုဒ်စ္ဆာများကို အချိန်တိုတိုဖြင့် ဖြေခြင်းအားဖြင့် နောက်ပိုင်း အခက်များကို အချိန်ယူ၍ စဉ်းစားရမည်ဟု ဆိုကြသည်။ ဆရာသမားများနှင့် အပေါင်းအသင်းများကလည်း ဤသို့ပင် လက်ခံကြသည်။

  သို့သော် ကျွန်တော်က ပြောင်းပြန်တွေးသည်။ အခက်ဆုံးကို စဖြေခြင်းသည် စိတ်အချဆုံးဖြစ်သည်။ အခက်ဆုံးပုစ္ဆာကို ရသွားလျှင် နောက်ပိုင်းအားလုံး အမှတ်ပြည့်ရဖို့ စိတ်ချရမည်။ ထို့ကြောင့် ဂုဏ်ထူးရဖို့ သေချာချင်လျှင် အခက်ဆုံးပုစ္ဆာကို စတင်၍ ဖြေရမည် ဟူသော အတွေး ၀င်လာသည်။ ဤအတွေးသည်ကား ကျွန်တော်၏ နောက်ထပ်အမှားပင်ဖြစ်သည်။

   ဖြစ်ပုံမှာ စာမေးပွဲတွင် အခက်ဆုံးပုစ္ဆာကို စတင်ဖြေလိုက်ရာ တစ်နာရီးနီးပါး ကြာသွားသည်။ အဖြေလည်း မရသေး။ ထိုအခါ စိတ်ပူပင်လာသည်။ စိတ်ပူပင်လာသည့်အလျောက် စဉ်းစား၍မရ ဖြစ်လာသည်။ နောက်ဆုံးတွင် အချိန်တစ်ဝက်မျှကုန်သည်အထိ တစ်ပုဒ်မှ မပြီးသေးသည့် အဖြစ်ရောက်ရသည်။ နောက်ဆုံး၌ အချိန်ကုန်ခါနီး မိနစ်လေးဆယ်လောက်တွင် အောင်မှတ်ရအောင် နှစ်ပုဒ်ခွဲလောက်ကို မနည်းဖြေယူလိုက်ရသည့် အဖြစ်သို့ ရောက်ရသည်။

နိဂုံး
ဤသည်ကား တစ်ချိန်တွင် သင်္ချာဆရာကြီးဖြစ်လာမည့် ကျွန်တော့၏ မှားယွင်းခဲ့သော အတွေးအခေါ်များဖြစ်ပါသည်။ ဤအတွေးအခေါ်များကို ယုတ္တိဗေဒနည်းအရ ဆင်ချင်ကြည့်လျှင် မှန်သည်ဟု ထင်ရသော်လည်း လက်တွေ့ဘ၀တွင် မှန်းချက် နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရခြင်းကြောင့် မှားယွင်းသည်ဟု ကောက်ချက်ချရခြင်းဖြစ်ပါသည်။

ဒေါက်တာခင်မောင်ဝင်း
အတွေးအမြင်စာစဉ် (၉၅) ဆောင်းပါး။

(သင်္ချာပညာတော်သင်ဘ၀ နှင့် သင်္ချာဆရာတစ်ဦး၏ မျှော်မှန်းချက်များ (၁၅ မတ်လ ၂၀၀၂ – ဒေါင်းစာပေမှ ထုတ်ဝေသောစာအုပ်) မှ ကောက်နုတ်ဖေါ်ပြခြင်းဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်