မောင်စွမ်းရည် – ဒုက္ခလွတ်မြောက်ရေးတရား

July 3, 2015

မောင်စွမ်းရည် – ဒုက္ခလွတ်မြောက်ရေးတရား

(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

နေ့စဉ် ကြားနေရတဲ့ စကားတလုံးရှိတယ်။ သတိထားလိုက်မိတယ်။ “သြော် …  ဒုက္ခ၊ ဒုက္ခ”တဲ့။ “ဒုက္ခပါပဲ”တဲ့။ “ဒုက္ခမပေးနဲ့”တဲ့။ ဒီလို စကားပြောနေတာကြတာက နေ့စဉ် ကြားနေကျ ဖြစ်နေပြီ၊ ရိုးနေပြီ၊ အမှတ်တမဲ့ ပြောနေကြတာဆိုတော့ ဒီစကားလုံးရဲ့ အတိမ်အနက်ကို သိပ်ပြီး မစဉ်းစား မိကြဘူးပေါ့။ ဒုက္ခ – ဒုက္ခ-တဲ့။

ဒုက္ခ-ဆိုတာ ပါဠိ စကားပဲ။ ဗမာလိုတော့ “ဆင်းရဲခြင်း”တဲ့။ ဒါကို လူတိုင်း သိကြတယ်။ “ငါ့နှယ်, စိတ်ဆင်းရဲလိုက်တာ” ပြောတာလဲ ကြားနေကြတာပဲ။ “ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြ ဆောင်ပါမည်”ဆိုတဲ့ သီချင်းကိုလဲ နေ့စဉ်လို ကြားနေကြရတာ ရာစုနှစ်ဝက် မကတော့ဘူး။ ဗုဒ္ဓ ဘာသာ ဗမာတို့ရဲ့စကား “ဒုက္ခ”နဲ့ “ ဆင်းရဲ”ကို လက်ခုပ် လက်ဝါး ရေလဲထား သုံးစွဲနေကြလေရဲ့။

“ဒုက္ခ”နဲ့ တွဲလျက် စကားလုံးက “သုခ”တဲ့။ ဒုက္ခနဲ့ တွဲနေပေမဲ့ ဆန့်ကျင်တဲ့စကား။ အနက် ဆန့်ကျင်ဘက် စကား မဟုတ်လား။ ဆင်းရဲခြင်းရဲ့  ဆန့်ကျင်ဘက် “ချမ်းသာ”ခြင်း။

ဗုဒ္ဓဘာသာဟာ ဗမာပြည်ကို သရေခေတ္တရာ ခေတ်ကတည်းက ရောက်ကြောင်း အထောက် အထားများ ရှိပေမဲ့ ပုဂံခေတ်မှာမှ ဆိုက်ဆိုက်မြိုက်မြိုက် အသေအချာ ရောက်ပါတယ်။ ဘုရားတည် ကြ၊ ကျောင်းဆောက်ကြ၊ လှူကြ တန်းကြ၊ ကျောက်စာတွေ ရေးထိုးပြီး အလှူအတန်းကို မှတ်တမ်း တင်ကြနဲ့ ကုသိုလ်ပြုကြတာ ကမ္ဘာ့အံ့ဖွယ်ဖြစ်အောင် များပြားလှတယ်။ ဗုဒ္ဓဘာသာနဲ့အတူ ရောက်ရှိ လာတဲ့ ပါဠိစကားကိုလဲ သင်ယူလိုက်ကြတာ ဒီနေ့ထိပါပဲ။ ဗမာစကားထဲမှာလဲ ပါဠိစကားတွေ ဝင် ရောက်နေတာလဲ အများကြီးပါပဲ။ “ဒုက္ခ”ဆိုတာ ပါဠိစကားပဲ။ ပါဠိစကား။ ကျောက်စာပေါ်မှာ ဘာသာ ပြန်ပြီး ရေးထိုးထားကြလေရဲ့။ “ဆိုးငြဲ”တဲ့။ ဆိုးငြဲကမှ “ဆင်းရဲ” ဆိုတဲ့ စကားလုံး ပြောင်းလဲလာခဲ့ပါ သတဲ့။ အဲဒီ စကားလုံး ရောက်ပြီးကတည်းက ဗမာတွေဟာ “ဒုက္ခ”နဲ့ နပန်းလုံးနေကြရတာလဲ မနားရ ပါဘူး။ ဒါလဲ သဘာဝတရားပဲ ထင်ပါရဲ့။

“ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်”ဆိုတဲ့ သီချင်းက နဂါးနီ စာအုပ်အသင်း ရဲ့ သီချင်းပါ။ နဂါးနီ စာအုပ်အသင်းကို တည်ထောင်သူက ဝန်ကြီးချုပ် ဦးနုပါ။ ဦးနုဟာ ဆင်းရဲခြင်း လွတ်ကင်းအောင် လောကီ – လောကုတ် နှစ်ဖက်လုံး အားထုတ်ခဲ့ရှာပေမဲ့ နှစ်ဖက်လုံး လွတ်မြောက် အောင် အဆုံးတိုင် မစွမ်းဆောင်နိုင်ခဲ့ရှာဘူးလို့ သံဝေဂ ယူမိပါတယ်။

ကျုပ်တို့လဲ ဒုက္ခ-ဒုက္ခနဲ့ ညည်းညူရင်းက အသက်ကြီးလာလိုက်တာ ဇရာပိုင်းကိုတောင် ရောက်လာခဲ့ပြီဆိုတော့ အမှတ်တမဲ့နေလို့ မရတော့ဘူး။ ဒုက္ခဆိုတဲ့ စကားလုံးကို နားကျပ်တပ်ပြီး နားဆင်နေရပြီ။ မျက်မှန်တပ်ပြီး ဖတ်ရှုနေရပါပြီ။ ဒုက္ခရဲ့ အနက်အဓိပ္ပာယ်ကို မဝံ့မရဲနဲ့ စူးစမ်းနေရပါပြီ။ အိမ်ခေါင်းထဲမှာပဲ ဒုက္ခ ဆင်းရဲကို ဆင်ခြင်နေရုံနဲ့ ပြီးမယ်မထင်လို့ ဘုန်းကြီးကျောင်းတို့၊ တရားရိပ်သာ တို့ကို ဝင်ရောက် စူးစမ်းနေရပါပြီ။ ဘုန်းကြီးကျောင်းကို သင်္ကန်းဝတ်နဲ့ ဝင်ရောက်ရင်းက ကံကောင်း ထောက်မလို့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို ဖူးမြော်ဆုံဆည်းခွင့် ကြုံရပါတယ်။ ဆရာတော်ကြီး က လောကီ လောကုတ် ဗဟုသုတ နှံ့စပ် ကြွယ်ဝသူ ဖြစ်ပါတယ်။ ဘာသာရေး ပြဿနာတွေကို လူပြိန်းနားလည်လွယ်အောင် ဘာသာမျိုးစုံနဲ့လဲ ရှင်းလင်းဟောကြားတော်မူနိုင်ပါတယ်။ ဒုက္ခအ ကြောင်း၊ ဒုက္ခက လွတ်မြောက်ရေးတရားအကြောင်းတို့ကို ဆရာတော်ကြီးထံက မေးမြန်းနာယူ မှတ် သားခွင့်တွေကို ကံကောင်းထောက်မစွာ ရရှိခဲ့ပါတယ်။

“ဒုက္ခ”။ ဆင်းရဲခြင်း။ ဒုက္ခ ဆင်းရဲခြင်းက လွတ်မြောက်ချင်ရင် ဆင်းရဲခြင်းတရားရဲ့ အရင်းခံ အကြောင်းတရားကို သိရပါမယ်။ ဆင်းရဲခြင်း ဒုက္ခရဲ့ အကြောင်းတရားက ဘာလဲ။ ဘာတွေလဲ။

ဒုက္ခဆိုတာ မနှစ်သက်စရာ၊ မလိုချင်စရာ တွေ့ကြုံ ခံစားမှုတွေပဲ။ မလိုချင်ဘူး၊ လိုချင်တယ် ဆို တာတွေဟာ ဘယ်တံခါးပေါက်တွေက ဝင်လာသလဲ။ တံခါးပေါက် (၆)ပေါက်ရှိတယ်။ “မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်”တဲ့။ အဲဒီတံခါးပေါက်တွေကို ပါဠိလို “ဒွါရ”လို့ ခေါ်တယ်။

မျက်စိဆိုတဲ့ တံခါးပေါက်ထဲကို “အဆင်း”ရှိတဲ့အရာ ဝင်လာတယ်။ အဲဒီအခါမှာ “မြင်”တယ်။ “မြင်တယ်”လို့ ဆိုတဲ့ “အသိစိတ်”ဖြစ်ပေါ်လာတယ်။ အဲဒါကို “မြင်သိစိတ်”လို့ ခေါ်မယ်။

“နား”ဆိုတဲ့ တံခါးပေါက်ထဲကို “အသံ”ဝင်လာရင် အကြားအာရုံနဲ့ အသံနဲ့ ထိတွေ့ပြီး ကြား သိစိတ် ဖြစ်ပေါ်တယ်။

အလားတူပဲ နှာခေါင်းထဲကို အနံ့ဝင်လာလို့ အနံ့ခံယူတဲ့ နှာခေါင်းနဲ့ “အနံ့”နဲ့ ဆုံမိရင် “နံသိ စိတ်” ဖြစ်ပေါ်လာမယ်။ လျှာနဲ့ အရသာတခုခု- “ချို ချဉ် စပ် ငန်၊ ခါး အဖန်”ဆိုတဲ့ ခြောက်တန်သော အရသာတခုခုနဲ့ ဆုံမိရင် “ရသာသိစိတ်”။ ကိုယ်ကာယနဲ့ ကြမ်းနု၊ ပူအေး၊ မာပျော့ အတွေ့အထိ အာရုံ တခုခုနဲ့ ဆုံမိရင် “တွေ့သိစိတ်တခုခု ပေါ်လာမယ်။

အဲဒီလို တံခါးရယ်၊ အဆင်းရယ်၊ အသိရယ် ဆုံမိ တွေ့မိတာကို ဖဿလို့ ခေါ်တယ်။ အင်္ဂလိပ်လို Impact ပေါ့။ အဲသလို တံခါးပေါက်တခုခုရယ်၊ အာရုံရုပ်တခုခုရယ်၊ ထိမိ ဆုံမိရာက သိစိတ်တခုခု ဖြစ်ပေါ်၍ ယင်းသုံးခု ဆုံဆည်းသော ဖဿဆိုတဲ့  တရားကြောင့် ခံစားမှု ဝေဒနာ Feeling ဖြစ်ပေါ်လာမယ်။

အဲဒါကို ဖဿပစ္စယာ ဝေဒနာလို့ ဆိုတယ်။ Feeling ကို Sensation လို့လဲ အင်္ဂလိပ်လို ခေါ် တယ်။ ဒါပေမဲ့ Feeling ဆိုတာ ပိုပြီး ဆီလျော်တယ်။ Feeling ဆိုတာ ခံစားမှု ဝေဒနာပေါ့။ “ဝေဒနာ” ဆိုတာ သုံးမျိုးသုံးစားရှိတယ်။ (၁) မနှစ်သက်တဲ့ ခံစားမှု၊ (၂) နှစ်သက်တဲ့ ခံစားမှု၊ (၃) မနှစ်သက် တာလဲ မဟုတ်၊ နှစ်သက်တာလဲ မဟုတ်၊ ဥပေက္ခာပြုတာလဲ ရှိတယ်။ အင်္ဂလိပ်လို ပြောရရင် Indifference ပေါ့။ ဥပေက္ခာကို “ကြား”လို့ ပြောရင်လဲ ရတယ်။ မနှစ်သက်တာလဲ မဟုတ်၊ နှစ်သက်တာလဲ မဟုတ်တဲ့ ကြားထဲ ခံစားမှု တခုပေါ့။

အာရုံတခု ဒွါရတခု အသိတခုဆုံမိလို့ ဖဿ ဖြစ်ပေါ်ရင် ဝေဒနာ ဖြစ်ပေါ်တယ်။ ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်တယ်။ တဏှာဆိုတာ Craving or Attachment ပေါ့။ တဏှာကြောင့် ဒုက္ခ ဖြစ်ရ တာပဲ။ ဒုက္ခ မဖြစ်ချင်ရင်၊ ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်းကို ပယ်ရ၊ ဖြတ်ရ၊ ရှင်းရမှာပဲ။

မျက်စိနဲ့ အဆင်းနဲ့ ဆုံမိလို့ မြင်သိစိတ် ဖြစ်တယ်။ မြင်မိတဲ့အခါ နှစ်သက်ခြင်းလဲ မဖြစ်နဲ့၊ မနှစ် သက်ခြင်းလဲ မဖြစ်နဲ့၊ ချစ်ခြင်း မုန်းခြင်း မဖြစ်နဲ့၊ လိုချင်တာ မလိုချင်တာ မဖြစ်နဲ့ Indifference ဆိုရင် (ဥပေက္ခာပြုလိုက်မယ်ဆိုရင်) ဆက်စရာ မရှိတော့။ ခံစားမှု ဝေဒနာ မဖြစ်တော့။ ဝေဒနာ မဖြစ်ပေါ်ရင် တဏှာဆိုတာ မဖြစ်တော့။ တဏှာမဖြစ်ရင် ဒုက္ခလဲ မဖြစ်တော့ဘူးပေါ့။

ဝေဒနာတွေ ဖြစ်ရတာက တံခါးပေါက်တွေက ဝင်လာလို့။ ဒွါရပေါက်တွေက ဝင်လာလို့။ မဝင်စေချင်ရင် မဝင်အောင် တံခါးပိတ်ထားလိုက်ရမယ်။ တံခါးပိတ်ဖို့ တံခါးစောင့်လိုတယ်။ ဒွါရဆိုတဲ့ တံခါးပေါက်ကို စောင့်ကြည့်ရမယ်။ သတိလေးနဲ့ စောင့်ကြည့်ရမယ်။ ကောင်းတယ် ဆိုးတယ်ဆိုတဲ့ ခံစားမှု မဖြစ်အောင် သတိနဲ့ စောင့်ကြည့်ရပါမယ်။ အဲဒီ စောင့်ကြည့်တာကိုပဲ ဝိပဿနာ ခေါ်တာ ပေါ့လေ။ သတိနဲ့ စောင့်ကြည့်ပြီးတော့ မြင်ရင် မြင်တယ်လို့ပဲ မှတ်။ ကြားရင် ကြားတယ်လို့ပဲ မှတ်။ မြင်ရင် မြင်ကာမတ္တ၊ ကြားရင် ကြားကာမတ္တလို့ မှတ်။ အဲဒါကို “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ” လို့ခေါ်တယ်။ အိမ် တံခါးကို သူခိုးမဝင်အောင် စောင့်ရသလိုပဲ။ လူ့ရဲ့ ဒွါရ တံခါးပေါက်တွေကိုလဲ ဆိုးတဲ့အာရုံ မဝင်အောင် သတိနဲ့ စောင့်ကြည့်ရတယ်။ “သတိ”ဆိုတာ ဂိတ်စောင့်နဲ့ တူတယ်။ ဂိတ်စောင့် မရှိရင် သူခိုးဝင်မယ် ဆိုတဲ့ သဘာဝအတိုင်းပဲ။ လူ့ရဲ့ အာရုံတံခါးတွေကို သတိနဲ့ မစောင့်ရင် ဆိုးတဲ့အာရုံ ဝင်မှာပဲပေါ့။

အဲဒါကို မှတ်လို့ လွယ်အောင် လင်္ကာတိုလေး ဆရာတော်ကြီး လုပ်ထားတာ ရှိတယ်။ “မျက်စိ, နား, နှာခေါင်း၊ လျှာချောင်း,ကိုယ်,စိတ်၊ ဖွင့်ပိတ်တံခါး၊ ဤခြောက်ပါး၊ မှတ်သားအခြေခံ”တဲ့။

မြင်တာ မြင်တယ်၊ ကြားတာ ကြားတယ်လို့ပဲ မှတ်။ See things as they realy are. အဲဒါ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ”ပဲ။ သတိနဲ့ အမြဲစောင့်ကြည့်ပြီး မှတ်ရလို့ သတိပဋ္ဌာန်လို့ ခေါ်တယ်။ အသိတရား ဦးဆောင် ပြဋ္ဌာန်းတဲ့ အလုပ်ပေါ့။

ဘုရားဟောအတိုင်းပဲ။ သံယုတ်ပါဠိတော် “ဒုက္ခသုတ်”မှာ ပါတယ်။ ဒုက္ခသုတ်မှာ ဒုက္ခမှ လွတ်မြောက်ရေး တရားလို့ ခေါ်ထားတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး တရားရှိတယ်မဟုတ်လား။ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ချင်ရင် ကြောက်ရွံ့မှုကို ဖြစ်စေတဲ့ အကြောင်းတရား ဘာလဲဆိုတာ ရှာဖွေ ဖယ်ရှားပစ်ရမှာပေါ့။

မြတ်စွာဘုရားရဲ့ သာသနာသုံးရပ်ရှိတယ်။

(၁) ပရိယတ္တိသာသနာတဲ့။ “Learning,” “Study”ကို ခေါ်တာ။

(၂) ပဋိပတ္တိသာသနာဆိုတာ – Practice ကို ခေါ်တာ။ တရားတော်အတိုင်း လုပ်ဆောင် တာကို ပြောတာ။

(၃) ပဋိဝေဓသာသနာဆိုတာ – စာတွေ့ ကိုယ်တွေ့က ရတဲ့တရား။ Attainment ကို ပြော တာ။

အချုပ်က စိတ်ကို သတိနဲ့ စောင့်ကြည့်ပြီး သန့်ရှင်း စင်ကြယ်အောင် လုပ်ဖို့ပဲ။ အဲဒါကတော့ Purification ပေါ့။

ကျုပ်တို့ ဗမာဘုန်းကြီးတွေမှာ ခေတ်အကြောင်း ဗဟုသုတ ရှိဖို့လိုတယ်။ Traditional အတိုင်း – ရှေးရိုးကြီးအတိုင်း လုပ်နေကြလို့ မပြီးဘူး။

ဘုန်းကြီးက မဟာသန္တိသုခ သာသနာပြု ကျောင်းတော်ကြီး တည်ထောင်ချင်ရတာက သာသနာပြုမယ့် ခေတ်အမြင်ရှိတဲ့ ရဟန်းသံဃာတွေ မွေးထုတ်ဖို့ပဲ။ အင်္ဂလိပ်စာ သင်ပေးပြီး ခေတ်မီအောင် လုပ်ပြီး သာသနာပြုရမှာ။

ဆရာတော်ကြီးရဲ့ ဒုက္ခလွတ်မြောက်ရေးတရားကို မောင်ပဉ္စင်း ဝိသုဒ္ဓဝံသ (မောင်စွမ်းရည်) ကြားနာမှတ်သားပြီး မှတ်မိသမျှ ပြန်လည် ရေးသား မှတ်တမ်းတင်လိုက်ပါတယ်။

၃၀၊ ဇွန်၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်