fbpx

ဦးဝိသုဒ္ဓဝံသ (မောင်စွမ်းရည်) – “ဗုဒ္ဓသာသနာ ဤကမ္ဘာ ရောင်ဝါနေထက် ထွန်းစေသောဝ်”

July 6, 2015

 

ဦးဝိသုဒ္ဓဝံသ (မောင်စွမ်းရည်) – “ဗုဒ္ဓသာသနာ ဤကမ္ဘာ ရောင်ဝါနေထက် ထွန်းစေသောဝ်”

(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၅

 

ငယ်ငယ်တုန်းက သမိုင်းသင်တော့ Missionary (မစ်ရှင်နရီ)ဆိုတဲ့ စကားကို စတင်ကြား သိခဲ့ရဖူးတယ်။ ဗမာပြည်ကို အင်္ဂလိပ် နယ်ချဲ့ဖို့ လာတဲ့အခါ ပထမ မစ်ရှင်နရီတွေ လွှတ်သတဲ့။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်တွေပေါ့။ နောက် ဆက်လက်ပြီး Merchants ခေါ် ကုန်သည်တွေ လွှတ်တယ်။ ကုန်သည်တွေရဲ့ နောက်ကမှ Millitary ခေါ် စစ်တပ်က လိုက်လာခဲ့သတဲ့။ စစ်တပ် ဝင်လာပြီး တိုက်ခိုက် သိမ်းပိုက်လိုက်တာပေါ့။ အဲဒီ နယ်ချဲ့စနစ်ရဲ့ လမ်းကြောင်းကို အတိုကောက် “3M” စနစ်တဲ့။ Missionary, Merchant, Millitary ဆိုတဲ့ M သုံးလုံး။ တချို့ကလဲ စစ်တပ်ကို အရင်လွှတ်သတဲ့။ စစ်တပ်ပြီးမှ ကုန်သည်တွေဝင်။ အသားကျမှ သာသနာပြုတွေ ဝင်သတဲ့။ ဗမာ ပြည်မှာတော့ သာသနာပြုတွေ အရင်လာတယ်။

 

သာသနာပြုအကြောင်းကို သင်ပြန်တော့ Judson ခေါ် ယုဒသန် အကြောင်း သင်ရတယ်။ သူက ဗမာပြည်ကို ရောက်တဲ့ သာသနာပြုထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ပေါ့။ အမေရိကန်လူမျိုးပါ။ သူက ဗမာစကား၊ ဗမာစာကို ဘုန်းကြီးလူထွက် (လူပြန်တော် ပညာရှိလို့ ခေါ်မှ ကြိုက်သတဲ့။)တွေ ဆီက သင်ယူလို့လဲ ပြီးရော၊ မြန်မာ သဒ္ဒါနဲ့ မြန်မာအဘိဓာန်တောင် ပြုစုရေးသားလိုက်သေး သတဲ့။ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ – အဘိဓာန်နှစ်မျိုးတောင်မှ ပြုစုခဲ့တာပါ။ သူတို့ရဲ့ ခရစ်ယာန် သမ္မာကျမ်းစာ (Bible)ကိုလဲ မြန်မာလို ပြန်ဆိုလိုက်ပါတယ်။ ဒီလိုနဲ့ ဗမာတွေကို ခရစ်ယာန် ဘာသာထဲ ရောက်အောင် အားထုတ်ခဲ့သတဲ့။

 

ဗမာပြည်မှာ ဗုဒ္ဓဘာသာ သာသနာပြုတာကိုတော့ “တောင်တန်း သာသနာပြု”ဆိုတဲ့ စကားကို စတင်ကြားဖူးပါတယ်။ ချင်းတောင်တန်းမှာ ချင်းနဲ့ နာဂများကို သွားရောက် သာသနာပြုတဲ့ အကြောင်း ပါ။ သာသနာပြုသူကတော့ ဦးဥတ္တမသာရ ကိုယ်တော်ကြီးတဲ့။ တော်တော် ခက်ခဲ ပင်ပန်းတာလို့ ကြားရဖူးတယ်။ သာသနာပြုအဖွဲ့ရယ်လို့ မရှိဘဲ တပါးတည်း စွန့်စား အားထုတ်ရတာကြောင့် ပင်ပန်း ခက်ခဲတာ ဖြစ်ကြောင်း နားလည်ရပါတယ်။

 

နောက်တော့ “နိုင်ငံခြား သာသနာပြု”ဆိုတာ ကြားရဖူးပြန်တယ်။ ဆရာတော် ဦးသေဋ္ဌိလတဲ့။ အင်္ဂလန်က အခိုင်အမာ အစွဲအမြဲ ရှိနေတဲ့ ခရစ်ယာန်တွေကြားမှာ ဗုဒ္ဓတရားတော်ကို ဟောကြား ဖြန့်ချိရတာပါ။ အင်္ဂလိပ်လို ကောင်းကောင်း တတ်ရပါတယ်။ တခြား ကိုးကွယ်ယုံကြည်မှုတွေကိုလဲ ကောင်းကောင်း လေ့လာသိရှိထားရပါတယ်။ လောကဓာတ် သိပ္ပံပညာရှင်များ၊ ဒဿန ပညာရှင်များ နဲ့လဲ ရင်ဆိုင်ဆွေးနွေးနိုင်ရပါတယ်။ ဘာသာပြောင်းပြီး ဗုဒ္ဓဘာသာ ဖြစ်မလာတောင်မှ ဗုဒ္ဓဘာသာကို နိုင်ငံခြား ပညာရှင်များ အများအပြား သိရှိသွားစေခဲ့ပါတယ်။ ဒီဆရာတော်ကြီးကို ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီကာလက အိန္ဒိယပြည် ဗုဒ္ဓသာသနာပြုအဖွဲ့တဖွဲ့က ထောက်ပံ့ပြီး လွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ စစ်မြေပြင် သူနာပြုအဖွဲ့မှာ ကူညီဆောင်ရွက်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အင်္ဂလန်မှာ အတန်ကြာနေခဲ့တဲ့ သာသနာပြု အတွေ့အကြုံကို မှီပြီး “Essentials of Buddhism”ဆိုတဲ့ စာအုပ်ကလေး တအုပ်ပြုစုပြီး ဗုဒ္ဓဘာသာ အခြေခံတရားများကို စုစည်း ပြုစု ထုတ်ဝေခဲ့ဖူးပါတယ်။

 

ပြည်ပကို ရောက်လာတော့ အမေရိကန်ပြည်မှာ ဗမာလူမျိုးတွေ စုစု စုစု ရောက်ရှိနေထိုင်တဲ့ မြို့ရွာ ဒေသတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ နှစ်ကျောင်း သုံးကျောင်းဆိုသလို တွေ့ရပါတယ်။ ဘုန်း တော်ကြီး တချို့လဲ အင်္ဂလိပ်စာ မတတ်ဘူး။ တချို့က သီဟိုဠ်တို့၊ အိန္ဒိယတို့က ပါရဂူဘွဲ့တွေ ရလာ သူတွေ ဖြစ်ပါတယ်။ နောက်ထပ်လဲ သွားလိုက် ပြန်လိုက်နဲ့ ကြွရောက်လာကြတဲ့ ဘုန်းတော်ကြီးတွေ လဲ မပြတ်ပါဘူး။ တချို့ကတော့ ဖူးတွေ့ရသမျှ သံဃာတော်များကို သာသနာပြု ဆရာတော်များလို့ လွယ်လွယ် ခေါ်လိုက်ကြပါတယ်။ ခေတ္တ ခဏ ကြွရောက်လာကြတဲ့ ဆရာတော် ကြီးများကိုလဲ သာသနာပြုခရီး ကြွလာတယ်လို့ ခေါ်လိုက်ကြပါတယ်။ အမှန်ကတော့ ရှိပြီးသား ဗုဒ္ဓသာသနာတော်ကို “စောင့်ရှောက်တော်မူကြခြင်း”သာ ဖြစ်တယ်လို့ ယူဆပါတယ်။

 

သာသနာပြုတယ်ဆိုတာ “ပြု”တယ်ဆိုတဲ့ စကားလုံးပါရှိတဲ့အတွက် အသစ်ပြုလုပ်ခြင်း၊ ပြုစုခြင်းသဘော ပါဝင်ရမယ်လို့ ယူဆပါတယ်။ ယုဒသန် သာသနာပြုသလို၊ ဦးဥတ္တမသာရ၊ ဦး သေဋ္ဌိလတို့ သာသနာပြုသလို ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ဗုဒ္ဓဘာသာဝင် ဖြစ်လာအောင်၊ ဘာသာ တရား မရှိသေးသူများနဲ့ နတ်ကိုးကွယ်သူများကို ဘာသာယဉ်ကျေးမှု ရှိလာအောင် ပြုစု ပျိုးထောင် ပေးခြင်းများ ဖြစ်သင့်ပါတယ်။ လွတ်လပ်ရေးရပြီး ခုခေတ် ဝန်ကြီးချုပ် ဦးနုလက်ထက်မှာ ကမ္ဘာအေး ဗုဒ္ဓသာသနာအဖွဲ့ကို စနစ်တကျ စီစဉ်ခဲ့ပေမဲ့ ဗိုလ်နေဝင်း စစ်အစိုးရက အာဏာသိမ်း လိုက်လို့ အတက် ဇက်ပြတ် ဆိုသလို ဖြစ်သွားခဲ့ရပါတယ်။ အိန္ဒိယမှာ “အိန္ဒိယတောင်ပိုင်း ဗုဒ္ဓဘာသာအဖွဲ့ (၁၃)ဖွဲ့ကို ပီနန်ဆရာတော်ကြီး ဦးပညာဝံသက တာဝန်ယူ စောင့်ရှောက်ဖို့ စီစဉ်ထားတယ်။ ဝန်ကြီးချုပ် ဦးနုက သဘောတူပြီး ကျောင်းထောင်ဖို့ ငွေပို့ လှူရန် စီစဉ်ရာမှာလဲ ဗိုလ်နေဝင်း စစ်တပ်က အာဏာ လုလိုက်လို့ ရပ်သွားခဲ့ရတာပဲ။ ဗိုလ်နေဝင်း အာဏာသိမ်းပြီးကတည်းက သာသနာပြု လုပ်ငန်းတွေလဲ ပျက်ရတယ်။ သံဃာသွေးခွဲမှု၊ သံဃာဆန္ဒပြမှု၊ သံဃာများကို စစ်တပ်က ဖမ်းဆီး နှိပ်စက် ထောင်ချမှု၊ အစုလိုက် ပစ်ခတ် သတ်ဖြတ်မှုတွေလဲ ပြုလုပ်ခဲ့တော့ နိုင်ငံခြားကို သာသနာပြုဖို့ ဝေးလို့ ပြည်တွင်းမှာ တောင် သာသနာ မပျက်အောင် မနည်း လုပ်ကြရရပါလိမ့်မယ်။ ပြည်သူလူထုက ဆင်းရဲ ငတ်ပြတ် တော့ သာသနာ စည်ပင်ရေးဟာ မလွယ်ပါဘူး။

 

“သာဂါရာ အနာဂါရာ စ၊ ဥဘော အညောည နိဿိတာ။

အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမ မနုတ္တရံ။”

 

မြတ်စွာဘုရား ဟောကြားမှာထားချက် ဖြစ်ပါတယ်။ ဒီတရားကို ပီနန်ဆရာတော်ကြီး ဦးပညာဝံသထံမှာ တရားနာကြားရတိုင်း မကြာခဏ ကြားရဖူးတာကြောင့် ကူးယူမှတ်သားပြီး ဆောင်ပါးတွေမှာ အဆင်သင့် အခွင့်ကြုံတိုင်း ကိုးကား ရည်ညွှန်းခဲ့ဖူးပါတယ်။ အဓိပ္ပါယ် ဆိုလိုရင်းကေ တာ့ လူများနဲ့ သံဃာတော်များဟာ အချင်းချင်း အပြန်အလှန် အကူအညီ အထောက်အပံ့ပြုပြီး သာသနာရေး၊ နိဗ္ဗာန်ချမ်းသာ ရရှိရေးတရားတို့ကို လက်ညီ တက်ညီ ဆောင်ရွက်သွားရပါမယ်တဲ့။ ပြည်သူဆိုတဲ့ အထဲမှာ စစ်သည် စစ်သားများလဲ ပါမှာပေါ့။ (ခရူးဆိတ် စစ်ပွဲခေတ်ကာလတွေမှာလို စစ်တိုက် လူသတ်ပြီး သာသနာပြုလို့ကို မရဘူးပေါ့။) ဒါန၊ သီလ၊ ဘာဝနာကို မေတ္တာ အခြေခံနဲ့ ဆရာ-ဒကာ လက်တွဲ ဆောင်ရွက်ရေးကိုသာ ဆိုလိုပါတယ်။ 

 

သာသနာပြု လုပ်ငန်းတွေကို ခရစ်ယာန်များကတော့ အဖွဲ့အစည်း နောက်ခံ စနစ်တကျ ဖွဲ့စည်းပြီး သာသနာပြုပုဂ္ဂိုလ်ကို စနစ်တကျ လေ့ကျင့် မွေးမြူပါတယ်။ တရားဟောဖို့သာ မဟုတ်ဘဲ အဝတ်အစား၊ ဆေးဝါး ကူညီမှုဟာ သာသနာပြုသူအတွက်သာမက သာသနာအပြုခံရမယ့်လူများ အတွက်လဲ ကူညီထောက်ပံ့ဖို့ လိုမှာပါပဲ။ အဓိက အချက်(၂)ချက် ရှိပါတယ်။

 

(၁) စနစ်တကျ ခိုင်မာတဲ့ သာသနာပြုအဖွဲ့အစည်း ရှိရမယ်။

 

(၂) သာသနာပြုပုဂ္ဂိုလ်များကို သာသနာပြု အင်္ဂါနဲ့ ညီအောင် ပြုစု ပျိုးထောင် သင်တန်း ပေးရပါမယ်။

 

သာသနာပြုတာဟာ ရာထူးစည်းစိမ် လုပ်ငန်း မဟုတ်လို့ အနစ်နာခံနိုင်သူ၊ စိတ်ရှည် သည်းခံ နိုင်သူမှ ဖြစ်မယ်လို့ သဘောရပါတယ်။ ဗမာပြည်မှာ သာသနာပြုအဖွဲ့ ရှိသလား ဆိုတာကို စုံစမ်းကြည့် မိပါတယ်။ “စုံစမ်း”ရတယ်ဆိုကတည်းက ထင်ရှားသိသာအောင် လုပ်ဆောင်နေတာ မမြင်တွေ့ရလို့ပဲ ပေါ့။ ရှိတော့ ရှိပေမဲ့ လှုပ်လှုပ်ရှားရှား မရှိဘူးလို့ ကြားသိနေရပါတယ်။ နိုင်ငံခြား ရောက်နေသူများအဖို့ သာသနာပြုကိစ္စကို မကြာခဏ စဉ်စား မိတတ်ကြပါတယ်။

 

တနေ့တော့ ကမ္ဘာ့သာသနာပြု ပီနန်းဆရာတော်ကြီးက မဟာသန္တိသုခ သာသနာပြု ကျောင်း တော်ကြီး တည်ထောင်တယ်ဆိုတာ နားစွန်နားဖျား ကြားလိုက်ရတာနဲ့ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိ လိုက်ပါတယ်။ ဒီလို နေတုန်းမှာပဲ ခေတ်ဆိုးကြီးရဲ့ လှိုင်းကြီးလေထန် အခြေအနေကြောင့် စာရေး ဆရာလဲ ပြည်ပကို လွင့်ထွက်သွားခဲ့ရတော့ သတင်းအဆက်ပြတ်သွားတယ်။ ဒါပေမဲ့ သာသနာပြု ကိုယ်တော်များဟာ ပထမငယ်၊ ပထမလတ်၊ ပထမကြီး အောင်ရုံ ရိုးရာပညာနဲ့တော့ မဖြစ်နိုင် ဘူးဆိုတာ ဒီခေတ်ဗမာလူမျိုး သာမန် အရပ်သားများတောင် သဘော ပေါက်နိုင်ပါတယ်။ နိုင်ငံခြား သာသနာပြုဖို့ ကျောင်းတော်ကြီးဟာ အင်္ဂလိပ်စာ၊ မြန်မာစာ ဆရာတွေက ကူညီသင်ကြား ပို့ချပေးမယ်။ နိုင်ငံခြား သွားမယ်ဆိုတော့  ကမ္ဘာ့သမိုင်း၊ ဗမာ့သမိုင်းလဲ သိတန် သလောက် သိရမယ့် အပြင် နိုင်ငံခြားသား တွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုလဲ သိသွားရမှာပေါ့။ အထွေထွေ သိပ္ပံခေါ်တဲ့ General Science လဲ သိရမှာပေါ့။ နယူတန်တို့၊ အာခိမိဒိတို့၊ အိုင်းစတိုင်းတို့လို ခေတ်သစ် သိပ္ပံပညာရှင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ အဆိုအမိန့်တွေရောပေါ့။ ဆရာတော်ကြီး ဦးပညာဝံသက ကမ္ဘာလှည့်နေတာဆိုတော့ ဒါတွေ အကုန်နားလည် သိရှိလို့ စီစဉ်တာပဲပေါ့။ ဒါပေမဲ့ ကောင်းတာ လုပ်ရင် မာရ်နတ်က ဖျက်မြဲပဲ ဆိုသလို စစ်အစိုးရတို့၊ ဘောင်းဘီချွတ် အရပ်သား အစိုးရတို့နဲ့ လက်အောက်ခံအဖွဲ့အစည်းများရဲ့ ပယောဂတို့ကြောင့် ကျောင်းတော်ကြီး မဖွင့်ဖြစ်ရုံ မကဘဲ မဟာ သန္တိသုခ အဆောက်အဦကိုပါ အသိမ်းခံလိုက်ရပါတယ်။ ဒါကြောင့် ပြည်ပရောက် ဗမာတွေလဲ အဝေးကနေပြီး အံ့သြရ၊ ဝမ်းနည်းရပါတယ်။

မဟာသန္တိသုခ အဆောက်အဦဆိုတာ သာသနာပြု ကျောင်းတော်ကြီးဖွင့်ဖို့ပါ။ စီးပွားရှာဖို့ မဟုတ်ပါ။ ဘာဖြစ်လို့ သာသနာပြု ကျောင်းတော်ကြီး ဆက်လက် မဖွင့်သလဲ မသိ။ မဖွင့်တတ်၊ မဖွင့်နိုင်၊ မဖွင့်ရဲ၊ မဖွင့်လိုတာလား မသိ။ အဆောက်အဦဆိုတာထက် သာသနာပြုဖို့က အရေးကြီးပါ တယ်။ ပီနန်ဆရာတော်ကြီးက ကမ္ဘာနိုင်ငံပေါင်း ၂၀ ကျော်မှာ သာသနာပြု ကျောင်းတွေ ဆောက်လုပ် လှူတန်းထားတာ မှိုလိုပေါက်နေပါတယ်။ မဟာသန္တိသုခလို အဆောက် အဦတခုအတွက် ဣနြေ္ဒ ပျက်ပြီး အရပ်ရပ် “နေပြည်တော်” ကြားလို့ မတော် ဖြစ်ရတာ ရှက်စရာပါ။ 

 

ဒီလို အဆောက်အဦမျိုး လိုအပ်ရင် ၁၀ လုံးလောက် ဆောက်ပေးရမလား၊ ပီနန်းဆရာတော်ကြီး ဆောက်ပေးနိုင်တယ် ဆိုတာ ပြည်ပမှာ ဆရာတော်ကြီး ဆောက်လုပ်လှူတန်းထားတဲ့ ကျောင်းတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကြားဖူးနားဝ ဗဟုသုတ ရှိကြရင် သိနိုင်ပါတယ်။ ဆရာတော်ကြီးက နိုင်ငံခြား တိုင်းပြည်တွေမှာ ကျောင်းတွေ ဆောက်ပြီး အင်္ဂလိပ်စာ၊ တရုတ်စာ စတဲ့ နိုင်ငံခြား ဘာသာ စကားတတ်သူ၊ တက္ကသိုလ် ဘွဲ့ရ ဆရာတော်တွေကို ကျောင်းအပ်ပြီး သာသနာစောင့်ရှောက်မှု၊ သာသနာပြုမှုတို့ကို ဆောင်ရွက် ပေးတာပါ။ ဗမာ အစိုးရရော၊ ဘယ်ဗုဒ္ဓဘာသာ နိုင်ငံအစိုးရမှ ဒါမျိုး မလုပ်နိုင်၊ လုပ်ဖူးတယ်လို့လဲ မကြားဖူးပါ။ အစိုးရကရော မဟန အဖွဲ့ကြီးကရော ဒီလို သာသနာပြု လုပ်ငန်းကြီးကို စီးပွားပြိုင်လဲ မဟုတ်၊ နိုင်ငံရေး သိပ္ပံလဲမဟုတ်ဘဲနဲ့ ဘာကြောင့် ဒီလို ကပျက်ယပျက် လုပ်ရသလဲဆိုတာ နားမလည်နိုင်ပါ။

 

စေတနာမှန်ရှိရင် လုပ်ဖို့ အကြံပေးလိုတာက Traditional ရှေးရိုးနည်းနဲ့ သာသနာပြုလို့ မရဘူး။ ခေတ်မီ ပြုစုပျိုးထောင်ပြီးတော့ သာသနာပြုပါလို့ “ဓမ္မာစရိယ သကျသီဟဘွဲ့တွေ ရရုံနဲ့လဲ မဖြစ်မြောက်ပါ။ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ သိပ္ပံ၊ ဒဿနိက စတဲ့ လူမှု ဆက်ဆံရေးပညာတွေလဲ သင်ပေးပါလို့ ပြည်တွင်း ပြည်ပ အတွေ့အကြုံ၊ စာတွေ့ လူတွေ့ အတွေ့အကြုံများနဲ့ အကြံပေး ရေးသား လိုက်တာပါ။

 

မင်းက ဘာမို့လဲလို့ မမေးပါနဲ့၊ ငါဘာမို့လဲလို့သာ မေးပြီး လုပ်သင့်တာ လုပ်ဖို့ပါပဲ။ 

 

ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု။

 

 

နယူးယောက်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Swan Yi, အတွေးအမြင်, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)