ဘဂျမ်းတင်မြန်မာပြန်သည် – လေချွန်သံ

July 7, 2015

ဘဂျမ်းတင်မြန်မာပြန်သည် – လေချွန်သံ
cherry Leaves and the Whistler by Osamu Dazai

(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅

ကျမ ယ္ခုလို အသက်အတန်ငယ်ရလာသောအခါ ချယ်ရီရွက်တွေ ပိန်းပိန်းထပြီး အပွင့်တွေ ဖြိုးပြောက်ပြူစအချိန်ကို သတိရ လာမိသည်။

လွန်ခဲ့သော သုံးဆယ့်ငါးနှစ်က ဖြစ်သည်။ အဖေရှိသေးသည်။ ကျမတို့မိသားစု (ခေါ်မည့်သာခေါ်ရသည်) တွင် အဖေ၊ ညီမ လေးနှင့် ကျမတို့သုံးယောက်သာရှိသည်။ အမေက ဆယ့်သုံးနှစ်သမီးအရွယ် လွန်ခဲ့သောခုနှစ်နှစ်ခန့်ကပင် ဆုံးခဲ့လေပြီ။ ကျမတို့မိသားစုသည် မီနီစီရင်စုမှ ခံတပ်မြို့ကလေး၏ ဆင်ခြေဖုံးရက်ကွက်မှာ နေကြသည်။ ဂျပန်ပင်လယ်နှင့်နီးပြီး လူဦးရေ နှစ်သောင်းကျော်သာရှိသော မြို့ကလေးပေါ့။ ကျမအသက် ဆယ့်ရှစ်နှစ် ညီမလေးအသက် ဆယ့်ခြောက်နှစ်တွင် အဖေက အဲဒီမှာ အလယ်တန်းကျောင်းအုပ်ရာထူးကို ရခဲ့သည်။ သို့သော် မြို့ထဲတွင် ဟုတ်ဟုတ်ငြားငြား အိမ်ခန်းမရနိုင်သဖြင့် တောင်ခြေအနီး ဝတ်ကျောင်းမြေပေါ်၌ ဆောက်ထားသော အိမ်အဖီကလေးနှစ်ခန်းကို ငှားခဲ့ရသည်။ အဖေ မာဆု အလယ် တန်းကျောင်းကို မပြောင်းမှီအထိကို ထိုအိမ်မှာပင် ခြောက်နှစ်ကြာနေခဲ့ကြရသည်။ မာဆုသို့ပြောင်းပြီး ကျမအသက် နှစ်ဆယ့်လေးနှစ် ဆောင်းရာသီအထိ အိမ်ထောင်မပြုရသေး။ ထိုခေတ်ကာလ မိန်းမသားတစ်ယောက်အနေနှင့် အတန်ငယ် ဟိုင်းနေပြီပေါ့။ ငယ်စဉ်ကတည်းက အမိမဲ့ခဲ့ရ၊ ဖခင်က ကျောင်းလုပ်ငန်းတွေထဲ ခေါင်းမြှုပ်ထားရသဖြင့် ကျမမှာ လောက ရေးရာတွေကို ကောင်းစွာမပွန်းတီးခဲ့ရ။ ကျမမရှိလျှင် အိမ်မှုကစ္စတွေ လစ်ဟင်းလျော့ရဲကုန်မှာ ကျမသိသည်။ နောက်ပြီး ကျမကို ကမ်းလှမ်းသူတွေရှိသည့်တိုင် မိသားစုကိုစွန့်ပစ်ရမည်မို့ ဘယ်သူ့ကြင်ဖော်မှ ဖြစ်လိုစိတ်မရှိ။ ညီမလေးသာ ကျန်း ကျန်းမာမာဆိုပါက ဘာမဆို ကျမစိတ်တိုင်းကျ လုပ်နိုင်ပေမည်။ သို့်သော် ညီမလေးက ကျမလိုမဟုတ်။ ဆံပင်ကောင်းကောင်း၊ ရုပ်လှလှ၊ ညဏ်ထက်ထက် ကောင်မလေး တစ်ယောက်ဖြစ်သော်လည်း ခန္ဓာကိုယ်က ချူချူချာချာ ဖြစ်နေသည်။ အဖေ ခံတပ်မြို့၌ အလုပ်လက်ခံပြီး ဒုတိယနှစ် နွေဦးပေါက်၊ ကျမအသက် နှစ်ဆယ်၊ သူမအသက် ဆယ့်ရှစ်နှစ်မှာပင် ဆုံးသွားတော့ သည်။ ယ္ခုပြောပြမည်က သူမမဆုံးမှီဖြစ်ခဲ့သော ဇာက်လမ်းတိုကလေးသာ ဖြစ်ပါသည်။

ညီမလေးမှာ ဗြုန်းကနဲသေသွားနိုင်သည့် ကျောက်ကပ်တီဗီရောဂါ စွဲကပ်နေသည်။ ဆေးစစ်မကြည့်မှီကပင် သူ့ကျောက်ကပ် နှစ်ဘက်စလုံးမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေပါပြီ။ ဆရာဝန်က ရက်တစ်ရာအတွင်းသေနိုင်ကြောင်း အဖေ့ကို အခိုင်အမာပြော လိုက်သည်။ ဆရာဝန်လည်း ဘာမှမတက်နိုင်တော့။ ကျမတို့လည်း ဘာမှမတတ်နိုင်တော့။ တလပြည့်အောင် အသာ လေးစောင့်နေ၊ နောက်ထပ်တလပြည့်အောင်ထပ်စောင့်နှင့်ပင် ရက်တစ်ရာပြည့်ဖို့ နီးကပ်လာတော့သည်။ ညီမလေးကတော့ သေဘို့နီးနီးလာကြောင်း မသိရှာ။ နေ့ရောညပါ အိပ်ယာထဲ ခွေနေရလင့်ကစား လူကောင်းပကတိနှင့်မခြား သီချင်းလေး ညည်းလိုက်၊ ဟာသလေး နှောလိုက်နှင့် ကျမပြုသ မျှ ဒူခံနေပါသည်။ ညီမလေးအသက်ရှင်ဘို့ ရက်သုံးဆယ်လေးဆယ်မျှသာ ကျန်တော့သည်ဟူသော အတွေးက ကျမတစ်ကိုယ်လုံးကို အပ်နှင့်ဆွသလို ခံစားနေရသည်။ ရူးမတတ်လည်း ဖြစ်ရသည်။ မတ်၊ အေပရယ်၊ မေ …. အင်း … မေလလယ်ရောက်ခဲ့ပြီ။ ထိုနေ့ကို ကျမ ဘယ်တော့မှ မေ့မည်မဟုတ်။

မြက်ခင်းတွေ တောင်တန်းမှာ စိမ်းလဲ့ရောင်သန်းနေပြီ။ အနွေးဓာက်ကလည်း ကဲနေပြီ။ ကျမ မြက်ခင်းလမ်းကလေးကို လျှောက်မိလျှင် နေရောင်အောက်၌ တောက်ပလွန်းသည့် စိမ်းသစ်ရောင်က ကျမမျက်စေ့ကို စူးလာသည်။ ကျမက မျက်နှာ လွှဲပစ်ပြီး အတွေးထဲနစ်နေမိသည်။ ခေါင်းငိုက်စိုက်ချပြီး လက်တဖက်ကို လည်စီးပုဝါထဲ သွင်းထားလိုက်သည်။ ကျမအတွေး တွေက နာကျင်လွန်း၊ ခြောက်ခြားလွန်းသဖြင့် အသက်ပင် မနဲရှူရသည်။ ထို့နောက်မှာတော့ ကျမခြေဖဝါးအောက်မှ နွေဦး မြေပြင်မှာ ကတိမ်းကပါးဖြစ်လာ၏။ ဝုန်းကနဲအသံကြီး၊ အခြားကမ္ဘာမှအသံမျိုး။ တသိမ့်သိမ့်ပေမယ့် ပြင်းထန်လိုက်ပါဘိ။ အဝီစိမှ ပတ်မကြီးနှက်လိုက်သလိုမျိုး။ ပုံမှန်ဒလစပ်အသံတွေ။ ဤကြောက်ခမန်းလိလိအသံတွေမှာ ဘာမှန်းမသိရ။ ကျမ စိတ်ကို မနဲတင်းထားရသည်။ ကိုယ့်ကိုယ်ကိုလည်း တောင့်နေအောင် ရပ်နေရသည်။ မတောင့်နိုင်သည့် အဆုံး ပူပန်အော် ဟစ်ကာ မြက်ခင်းပေါ်ပုံလဲကျပြီး ငိုလိုက်မိတော့သည်။

နောက်မှ ကျမသိရသည်မှာ ဤထူးခြားကြောက်မတ်ဖွယ်ရာအသံကြီးမှာ စစ်သင်္ဘောမှ အမြှာက်သံများဖြစ်သည်။ ရေ ကြောင်းဗိုလ်ချုပ်ကြီး တိုဂိုဦးစီး၍ ရုရှား ဘဲလ်တစ်စစ်သင်္ဘောများကို ပစ်ခပ်နှစ်မြှုပ်လိုက်ခြင်းသာတည်း။ ထိုအဖြစ်အပျက်နှင့် တစ်ချိန်တည်းတိုက်ဆိုင်နေသည်ကို သိနိုင်ကြပါသည်။ ရေတပ်မတော်နေ့လည်း ထိုအချိန်တဝိုက်လောက်မှာပင် မဟုတ်ပါ လား။

ပင်လယ်နှင့်နီးနေသော ခံတပ်မြို့ထဲမှ လူတွေမှာလည်း အမြှောက်သံဒလစပ်ကြောင့် သေမတတ်ကြောက်ဒူးတုပ်ခဲ့ကြရပါဘိ။ သို့်သော် ကျမကတော့ ဘာမှမ သိခဲ့။ ညီမလေးအတွက်သာ သွေးပျက်မတတ် ဖြစ်ခဲ့ရသည်။ အဝီစီမှ ပတ်မကြီး နှက်သံဟုထင်ပြီး မြက်ခင်းပေါ်မှာ အကြာကြီးထိုင်ကာ ငိုနေမိသည်။ မော်လို့တောင် မ ကြည့်ရဲခဲ့။ နောက်ဆုံးတော့ နေမဝင်လုသေးခင်မှာပင် သေခြင်းတံခါးဝဆီမှ ထ၍ လမ်းလျှောက်လာနိုင်တော့သည်။ ဝတ်ကျောင်းဆီ ပြန်ခဲ့တော့သည်။

အိမ်ပြန်ရောက်တော့ ညီမလေးက ကျမကိုခေါ်နေသည်။ အခုတော့ သူ့ခမြာ ပိန်ချပ်ချိနဲ့နေပြီး ကြာကြာခံမည့်ပုံမရှိကြောင်း သိသာလှသည်။ သူသည် ကျမကို စိတ်ထင်တိုင်း ခိုင်းပစ်ချင်ပုံလည်း မရှိတော့။ အလိုလိုက်လည်း ခံချင်ပုံမရတော့။ ထို့ ကြောင့်ပင် ကျမမှာ ပို၍ ပို၍ ရင်နာမိတော့သည်။

“ဒီစာ-ဘယ်တုန်းက ရတာလဲ” ဟု သူမေးလိုက်သည်။

မေးခွန်းစလိုက်သည်နှင့် ကျမရင်ထဲ စူးမျက်သွားပြီး မျက်နှာလည်း ပူထူသွားသည်။

“ဒီစာ- ဘယ်တုန်းက ရောက်နေတာလဲ” သူက မေးရိုးမေးစဉ်အတိုင်းဘဲ သာမန်ကာ လျှံကာ မေးနေပြန်သည်။

“ခုလေးတင်။ ညည်းအိပ်နေတုန်းကပေါ့။ ညည်းက အိပ်ရင်းပြုံးနေတယ်။ ငါ ညည်းခေါင်းဦးဘေးမှာ ချထားခဲ့တာ။ ညည်းမသိ လိုက်ဘူးမို့လား” ကျမက ဟန်မပျက် ရှင်းပြလိုက်သည်။

“ဟင့်အင်း- ကျမမသိဘူး”
မှောင်ရိပ်ပျိုးနေပြီမို့ အခန်းထဲမှ မှုန်ဝါးဝါးအလင်းထဲတွင် သူ့မအပြုံးက ဖျော့တော့လှပနေသည်။

“ကျမ ဖတ်ပြီးပါပြီ။ ဂွကျလိုက်တာ။ အဲဒီလူကို ကျမမသိဘူး”

အို- ညည်းမသိဘူး ဟုတ်လားဟု ကျမတွေးလိုက်မိသေးသည်။ စာပေးလိုက်သူကို ကျမသိသည်။ နာမည်က အမ်တီ။ သူ ယ်သူဆိုတာ ကောင်းကောင်းသိသည်။ လူကိုတော့မတွေ့ဘူးပါ။ လွန်ခဲ့သော ငါးရက်ခြောက်ရက်ခန့်က ညီမလေးအဝတ် ဗီရိုကိုရှင်းတော့ အHဆွဲတခုအောက်တွင် ဝှတ်ထားသော ဖဲကြိုးအစိမ်းနှင့်စည်းထားသည့် စာထုပ်ကြီးတထုပ်ကို တွေ့ရသည်။ ကျမက မသင့်တော်မှန်းသိလျှက်နှင့် ဖဲကြိုးကိုဖြေပြီး စာတွေကို ဖတ်ကြည့်လိုက်မိသည်။ စာအစောင် သုံးဆယ်ခန့်ရှိမည်။ အမ်တီဆီကချည်း ဖြစ်သည်။ စာအိတ်ပေါ်မှာတော့ နာမည်ရေးမထား။ စာအားလုံး သူ့လက်မှတ်ထိုးထားသည်။ စာအိတ် ပေါ်မှာ ညီမလေး၏ အပေါင်းအသင်းမလေးတွေ နာမည်တွေကို ရေးထားသည်။ ညီမလေးသည် လူတယောက်နှင့် ဤမျှထိ စာပေးစာယူလုပ်နေသည်ကို အဖေရော ကျမရော တစက်မျှ မရိပ်မိခဲ့ကြ။

အမ်တီသည် အကွက်စေ့စေ့လုပ်တတ်သူဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိ။ ညီမလေး၏ သူငယ်ချင်းမနာမည်တွေ မေး ထားပြီး ပိပိရိရိ စာရေးဆက်သွယ်နိုင်သူ ဖြစ်သည်။ ကျိုးကြောင်းဆက်ကြည့်မှ လူငယ်တွေ အတင့်ရဲကြပုံကို သဘောပေါက် ကာ ကျမကိုယ်ကျမ အံ့သြမိလေသည်။ အဖေသာသိသွားခဲ့သော် ကျမတို့ဘယ်လောက်ထိ အနေရကြပ်မည်ကို တွေးမိ၍ ရင်ထဲဒိတ်ခနဲဖြစ်သွားမိသေးသည်။ ပေးလိုက်သည့်စာတွေအတိုင်း အစီအစဉ်မပျက် ကျမဖတ်ကြည့်လိုက်သည်။ နည်းနည်း တော့ မူးနောက်ပြာဝေသွားသည်။ ကလေးတယောက်လို ရိုးစင်းသောစကားလုံးတွေကြောင့်လည်း ခဏခဏ အသံထွက် ရယ်လိုက်မိသေးသည်။ ကျမအတွက်တော့ ကျယ်ပြောသောကမ္ဘာသစ်ကြီးတခု လမ်းပွင့်သွားသလို ဖြစ်သွားချေပြီ။

ကျမမှာ အသက်နှစ်ဆယ်ရှိပြီဖြစ်သော်လည်း မိန်းမပျိုတယောက်၏ တောင်တောင်အီအီအတွေးတွေကို စကားလုံးဖောဖော သီသီဖြင့် မဖော်ပြတတ်သေးသည်ကို သိလိုက်ရပါပြီ။ ကျမသည် စာအစောင်သုံးဆယ်ကျော်ကို တောင်ကျရေစီးသလို ဒလဟော ဖတ်ကြည့်လိုက်သည်။ နောက်ဆုံးရောက်လာသောစာကို နောက်ဆုံးမှဖတ်ကြည့်မိသောအခါ ကျမမှာ ထခုန်မိ လိုက်တော့သည်။ မိုးကြိုးပစ်ခံလိုက်ရသလို ကတုန်ကယင် ကယောင်ခြောက်ခြားဖြင့် ရယ်ပစ်လိုက်မိသည်။ ညီမလေး၏ အချစ် စိတ်ကူးမှာ သာမာန်စိတ်ကူယဉ်ရုံမျှ သက်သက်မဟုတ်တော့။ အော့နှလုံးနာစရာအထိ ရင့်နေလေပြီကော။

ကျမက စာတစ်စောင်ခြင်းကို မီးရှို့ပစ်လိုက်သည်။ တွက်ဆကြည့်တော့ အမ်တီမှာ ကျမတို့မြို့ရှိ နွမ်းနွမ်းပါးပါး ကဗျာဆရာ တယောက်ဖြစ်သည်။ ညီမလေးမှာ ရောဂါရှိမှန်း သူသိလိုက်သောအခါ ညီမလေးကို စွန့်ပစ်ဖို့ မယုံ့မရဲ ဖြစ်နေဟန်ရှိသည်။ နောက်ဆုံးစာကတော့ ပက်စက်လွန်းပြီး လက်တန်းချရေးလိုက်ပုံရသည်။ သူ့အခြေအနေကြောင့် တယောက်နှင့် တယောက် မေ့ပစ်သင့်ပြီဖြစ်ကြောင်း လေချိုသွေးထားသည်။ ထို့နောက်တော့ စာရေးတာ မတွေ့ရတော့။

ကျမတွေ့သိသမျှတွေကိုသာ မသိကျိုးကျွံပြုထားလိုက်ပါက ညီမလေးသည် မှဲ့တပေါက်မထင် အပျိုစင်ကလေးအဖြစ် ရာ သက်ပန်နေသွားနိုင်မည်ဟု တွေးလိုက်မိသည်။ သိသူတယောက်တော့ ရှိနေဦးမည်ဟုတွေးမိတိုင်း ကျမမှာ ရင်နာရပြန်တော့ သည်။ သို့သော် အဖြစ်မှန်ကို သိပြီးပြီမို့ ညီမလေးအပေါ် ပို၍ ဂရုဏာသက် မိလာသည်။ ကျမမှာ ပက်စက်သောအတွေးများဖြင့် အသဲထဲ တမြေ့မြေ့လှိုက်ဆူလာသည်။ မွန်းကြပ်ခံစားလာရသည်။ အရွယ်ရောက်သောမိန်းမသားမျိုးသာ နားလည် နိုင်သော ခံစားမှုမျိုးဖြစ်သည်။ အရှင်လတ်လတ် ငရဲကို တယောက်တည်း ကျိတ်မှိတ်ခံစားနေရ၏။ ထိုစဉ်ကတော့ ဒီဝေဒနာ မျိုးကို ကျမတစ်ယောက်တည်းခံစားရသည် တော့ မဟုတ်ပါချေ။

“ဒါကိုဖတ်ကြည့်စမ်းပါဦး။ ကျမကတော့ ဒါနဲ့ပတ်သက်လို့ အထွေအထူးမတွေးမိဘူး” ဟု ညီမလေးကပြောသည်။ ထိုတဒဂ်၌ ဟန်မပျက် ဟန်တမင်လုပ်နေပြီး ကျမကို မနှစ်မြို့ပုံလည်း ရှိသည်။

“ညည်း တကယ်ပြောနေတာလား” ဟု ကျမက ခပ်ဖွဖွမေးလိုက်သည်။ စာကိုလှမ်းယူလိုက်တော့ ကျမလက်ချောင်းတွေက တုံယင်နေ၏။ စာထဲရေးထားတာတွေကို ဖွင့်မဖတ်ဘဲ ကျမသိနေပါပြီ။ သို့သော် မသိဟန်ဘဲဆောင်နေရသည်။ စာလုံးတွေကို သေသေချာချာမကြည့်တော့ဘဲ အသံကျယ်ကျယ်နှင့် ဖတ်ပြလိုက်သည်။

ဒီနေ့တော့ ကိုယ့်ကို ခွင့်လွတ်ပါလို့ တောင်းပန်ရတော့မှာဘဲ။ ကိုယ် ဒီစာကိုမရေးခင်မှာ အတော်လေး မယုံ့မရဲဖြစ်ရတယ်။ ကိုယ်ဟာ ချို့ငဲ့ပြီး အစွမ်းအစမရှိတဲ့ လူတယောက်ပါ။ မင်းအပေါ် ဘာမှလဲ ကူညီပံ့ပိုးမပေးနိုင်ခဲ့ဘူး။ မင်းကိုပေးနိုင်တာဆို လို့ စကားလုံးတွေဘဲရှိခဲ့တယ်။ စကားလုံးတွေကလည်း မုသားလုံးဝမဖတ်ပေမယ့် တောင်စဉ်ရေမရတွေချည်းပါဘဲ။ မေတ္တာ ကလွဲလို့ ဘာမှမအပ်နှင်းနိုင်ခဲ့လို့ အစွမ်းအစမရှိတဲ့ ကိုယ့်ကိုကိုယ်လည်း ရွံ့မုန်းစပြုလာပါပြီ။ ဒါတွေတွေးမိတိုင်း ရင်ထဲမှာ နာ ကျင်လာရလို့ ဒို့တွေလမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မင်းကလည်း ကံခေ၊ ကိုယ့်မှာလည်း အသဲနင့်အောင်ချစ်ပေမယ့် နီးစပ် ဖို့က ခက်နေတယ်။ မင်းသဘောပေါက်ပါတယ်နော်။ ကိုယ်က ခွင့်လွှတ်ပေးဘို့ပဲတောင်းဆိုနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ကိုယ်ဟာ လုပ်သင့်တာလုပ်လိုက်တယ်လို့ဘဲ ယုံကြည်တယ်။ ဒါပေမယ့် ကိုယ်မှားခဲ့ပြီ။ အခုတော့ ကိုယ်မှားတာလည်း ကိုယ်သိ လိုက်ပြီ။ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ့်ရဲ့ ပင်ရင်းစိတ်မှာတော့ ကိုယ်ဟာမင်းအတွက် စံပြလူတယောက်ဘဲ ဖြစ်ချင် တယ်။ ကိုယ်တို့က အထီးကျန်ပြီး အရှိန်အဝါမရှိသူတွေပါကွာ။ ဒီစာကို မှန်မှန်ကန်ကန် ရိုးရိုးသားသားရေးလိုက်လို့ မင်း မကျေနပ်ဘူးဆိုရင်လည်း ကိုယ့်အဖို့တော့ ရင်ထဲပေါ့သွားမယ်လို့ မျှော်လင့်ထားပါတယ်။ ကိုယ်ကသာ မင်းကို ကြီးကျယ် မြင့်မြတ်တာတွေ အပ်နှင်းနိုင်ရင်တော့ ဘာပြဿနာမှ မရှိဘူးပေါ့။ ကိုယ်ကမင်းကို တောရိုင်းပန်းပွင့် ဝါတာတာလေးတပွင့် တလေကလွဲလို့ ဘာများအပ်နှင်းနိုင်ခဲ့လို့လဲကွာ။ ကိုယ်တော့ မရှက်မကြောက်ဘဲ ရေးလိုက်ရတော့တာဘဲ။ လူတယောက် အနေနဲ့ လုပ်သင့်လုပ်ထိုက်တာမို့ အရဲစွန့်ပြီး လုပ်လိုက်ရတာပါ။ ကိုယ် မင်းနဲ့ဝေးရာ မပြေးသာပါဘူး။ မင်းကို ချစ်တယ်လေ။ နေ့စဉ်မပြတ် မင်းအတွက် ကဗျာစပ်မယ်။ မင်းဆီပို့မယ်။ နောက်ပြီး မင်းတို့ခြံအပြင်မှရပ်ပြီး လေချွန် မယ်။ မနက်ဖြန်ညနေ ခြောက်နာရီဆိုရင် ကိုယ်အဲဒီမှာရှိမယ်။ “စစ်သင်္ဘော ချီတတ်ပွဲ” ကို လေချွန်လိုက်မယ်။ ကိုယ် လေချွန်ကောင်းတာ မင်းသိပါတယ်။ ဒါ မင်းအတွက် မခက်မခဲ ကိုယ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအလုပ်ပါ။ မင်း ကိုယ့်ကို မရယ်ရဘူးနော်။ အို မဟုတ်ဘူး။ ရယ်လိုက် ရယ်လိုက်။ မင်းပျော်ပါစေ။ ဘုရားသခင်ဟာ ဒို့ကို တစ်နေရာရာ က စောင့်ကြည့်နေတာ သေချာပါ တယ်။ ဒါကို ကိုယ်ယုံတယ်။ မင်းရောကိုယ်ရောဟာ ဘုရားသခင်ရဲ့ကလေးတွေဘဲ ဥစ္စာ။ ဒို့တွေ ချစ်ခင်ပေါင်းသင်းဘို့ သေချာပါတယ်။

ဒီနှစ်မက်မွန်
ပွင့်ဖူးချိန်
စောင့်လျှက်စောင့်ကာ စောင့်ကာသာ
ကြားဘူးဒါက အပွင့်ဖြူဖြူဖွေး။
ဒီအပွင့်တွေကတော့ ခရမ်းရင့်အသွေး။

ကိုယ်လေ့လာနေရတာတွေ ကောင်းပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ်။ မနက်ဖြန်နော် …။

အမ်တီ

“အမလက်ချက်မှန်း ကျမသိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ အမ ဒီစာကိုရေးလိုက်တာမို့လား” ဟု ညီမလေးက ဖွင့် မေးလိုက်သည်။

ကျမမှာ ရှက်လွန်းသဖြင့် ကိုယ့်ဆံပင်ကိုယ် ဆောင့်ဆွဲပြီး စာရွက်ကိုလည်း အစိတ်စိတ်အမွှာမွှာ ဆုပ်ဖြဲပစ်လိုက်ချင်တော့သည်။ စိတ်ပျက်ဆိုသော စကားလုံးကိုသာ တွေးမိသည်။ ညီမလေးခံစားနေရတာ မကြည့်ရက်သဖြင့် အမ်တီ၏လက်ရေးကို အတု ခိုးကာ ခံစားချက်မိမိ ကဗျာလေးတစ်ပုဒ်အပါအဝင် စာတစ်စောင်ရေးဘို့ နေ့တိုင်းကြံနေမိသည်။ ညီမလေးဆုံးသွားသည့် အချိန်အထိ နေ့တိုင်းခြောက်နာရီထိုးလျှင် ဝင်းထရံအပြင်ဘက်သွားပြီး လေချွန်သံပေးဘို့ပါ ရည်ရွယ်ထားခဲ့သည်။

ညာတာပါတေး ခပ်ညံ့ညံ့ကဗျာလေးလည်း သွားပါပြီ။ စိတ်တခြားလူတခြား ကြောင်စီစီဖြစ်နေ၍ ဘာမှ ခွန်းတုန့်မပြန်နိုင်တော့။

“ကဲပါ စိတ်ပူမနေပါနဲ့တော့” ညီမလေးက တည်ငြိမ်အေးဆေးပြီး အလှဆုံးနှင့် အသိမ်မွှေ့ဆုံးပြုံးကာ စကားဆိုလိုက်၏။ ဖဲကြိုးအစိမ်းနဲ့ စည်းထားတဲ့စာတွေကို အမဖတ်ပြီးပြီမို့လား။ အဲဒါတွေ အဲဒါတွေက တကယ်မဟုတ်ဘူး။ ပြီးခဲ့တဲ့ တနှစ် လောက်ကတည်းက ဗုန်းဗုန်းလဲနေရတဲ့ ကျမဟာ အထီးကျန်ဖြစ်နေရတာ အမသိပါတယ်။ ဒါနဲ့ဘဲ အဲဒီစာတွေ ကျမဘာသာ ရေးပြီး ကျမဆီ ကျမ ပြန်ပေးနေရတာပေါ့။ ကျမကို ရူးလိုက်တာလို့တော့ မထင်နဲ့နော်။ ကျမ နာမကျန်းဖြစ်မှ ငယ်ရွယ်မှုရဲ့ တန်ဖိုးကို ကောင်းကောင်းသဘောပေါက်လာခဲ့တယ်။ ကိုယ့်ဆီကိုယ် စာရေးပေးရတာ တော်တော်ဆိုးတဲ့အလုပ်ဆိုတာ ကျမသိပါတယ်။ ရွံ့ဖို့လည်းကောင်း၊ အရူးထတာလည်း ဟုတ်ပါ့။ နို့ပေမယ့် ကျမဟာ သန့်သန့်ပြန့်ပြန့် မိတ်ကောင်းတ ယောက်နဲ့ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ဆက်ဆံတဲ့အခွင့်ရေးလေးတခုတော့ ရချင်တယ်။ ကျမလို တယောက်ယောက်က အားပါးတရ ပွေ့ဖက်တာခံချင်တယ်။ ကျမမှာ ချစ်သူမရှိတာတခုဘဲ။ ယောက်ျားသားတယောက်နဲ့ စကားတောင် လက်ဆုံ မကျဘူးဘူး။ ကိုယ့်အသိုင်းအဝိုင်းကမဟုတ်တဲ့ တစိမ်းယောက်ျားကို ပြောတာနော်။ အမလည်း အဲဒီလိုဘဲမို့လား။ ဒါ ကျမတို့ အမှားဘဲ။ အတွေးလွန်နေကြတာပဲ။ အို သေရမှာကို ကျမမုန်းတယ်။ ကျမလက်၊ ကျမ လက်ချောင်းထိပ်၊ ကျမဆံပင် တွေ၊ ကျမ မသေချင်ဘူး။ မသေချင်ဘူး။

ကျမ ဝမ်းနည်းသည်။ ကြောက်ရွံ့သည်။ ပျော်ရွှင်သည်။ ရှက်သည်။ ခံစားချက်တွေ ထွေပြားဖိတ်လျှံနေ၍ ဘာမှန်းပင်မသိ တော့။ ညီမလေးကိုသာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ပါးချင်းကပ်ထားလိုက်မိပြီး မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့လာ သည်။

ထိုစဉ် “စစ်သင်္ဘော ချီတတ်ပွဲ” လေချွန်သံကို ကြားလိုက်ရသည်။ တိုးညှင်းညင်သာသော်လည်း ကြားယောင်နေမိခြင်းတော မဟုတ်။ ညီမလေးလည်း ကြားလိုက်သည်။ ညီမလေးက ခေါင်းထောင်ပြီး နားစွင့်လိုက်၏။ ကျမက နာရီကိုကြည့်လိုက်တော့ အလို- ခြောက်နာရီထိုးနေပါပေါ့လား။ အမယ်မရသော စိုးရွံ့မှုကကြီးစိုးလာ၍ ကျမတို့နှစ်ယောက် မထတမ်းထိုင်ကာ တ ယောက်ကိုတယောက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြသည်။ လေချွန်သံကတော့ အမှန်စစ်စစ်ဖြစ်၏။ ခြံထဲရှိ ချယ်ရီပင်တွေမှဖြစ်သည်။

ဘုရားသခင်လက်ချက်ဖြစ်မှာ သေချာပါပြီ။ နောက်ပိုင်းတော့ ကျမက ခိုင်ခိုင်မာမာ ယုံကြည်လိုက်တော့သည်။ နောက် သုံး ရက်အကြာ၌ ညီမလေး ဆုံးသွားသည်။ ညီမလေးဇာတ်သိမ်းပုံက တိုးတိတ်ညင်သာပြီး ကောက်ကာငင်ကာရှိလှသဖြင့် ဆရာဝန်ကပင် လျို့ဝှက်ဆန်းကြယ်အဖြစ် မြင်နေ၏။ ကျမကတော့ မအံ့သြပါ။ အရာအာလုံးမှာ ဘုရားသခင်ဆန္ဒအတိုင်း သာဟု ယုံကြည်ပါသည်။

အခုတော့ ကျမသည် ရှက်ဖွယ်လိလိတွေ တဖျောဖျော၊ အတ္တတွေ တသောသောနှင့် မိန်းမသားရင့်မကြီးတယောက် ဖြစ် နေပါပြီ။ စွဲလမ်းယုံ ကြည်မှုတွေမှာလည်း အရင်ကလို မထက်သန်တော့ပါ။ လေချွန်သံပေးလိုက်တာ အဖေများဖြစ်နေမလားဟု ကျမတွေးလိုက်ပါသေးသည်။ ထိုနေ့ကအဖေသည် ကျောင်းမှစောစောပြန်ခဲ့ပြီး ကျမတို့ ပြောနေတာတွေကို တဖက်ခန်းမှ ရပ်၍ နားထောင်နေလိမ့်မည်။ ဂရုဏာသက်လာ၍ ဤအကြံအဖန်လေးကို ကြံမိကောင်းကြံပေလိမ့်မည်။ အဖေ့လို စည်း စောင့်ပြီး တည်ကြည်သူတယောက်က တသက်တခါဆိုသလို သတိလက်လွတ်လုပ်မိတာလဲ ဖြစ်နိုင်သည်။ ဒါက တခါတရံ ကျမတွေးမိတာပဲ ဖြစ်သည်။ ဒါပေမယ့် မဟုတ်သေး။ တွေးရခက်လှပါဘိ။ အဖေသာရှိနေသေးလျှင် ကျမ မေးကြည့်လို့ ရနိုင်သေးသည်။ သို့သော် အဖေဆုံးသည်မှာ ဆယ့်ငါးနှစ်ကျော်ခဲ့ပြီ။ မဟုတ်သေး။ ဒါ ဘုရားသခင်လက်ချက်ဖြစ်မှာဘဲ သေ ချာနေတော့သည်။

နောက်ဆုံးတော့ ကျမကိုယ်ကျမ စိတ်သက်သာအောင် ဒီလိုဘဲယုံပစ်လိုက်ရသည်။ သို့သော် ကျမမှာ အရွယ်ရလာသည်နှင့် အမျှ လောကီဆန္ဒတွေ၊ ထွေလာ ကေလာတွေ ဗလပွေ ရွလာနေ၏။ ဒီလိုဖြစ်နေတာ မကောင်းကြောင်းလည်း ကျမသိသည်။ သို့သော် ကျမယုံကြည်မှုတွေမှာ တချိန်ကလိုတော့ ထက်သန်ခြင်း မရှိပါလေပြီ။

ဘဂျမ်းတင်
၅ ၊ ၂ ၊ ၁၀

cherry Leaves and the Whistler by Osamu Dazai

ဟာဇာကူရ တို မာတေကိ (ဂျပန်မူ)

အင်္ဂလိပ်- ဂျပန်- ညှိပြီး မြန်မာလိုပြန်ရေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်