မောင်စွမ်းရည် – ဝေဖန်ရေးအကြောင်း

July 8, 2015

မောင်စွမ်းရည် – ဝေဖန်ရေးအကြောင်း
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅

ကျနော့်ရဲ့ စာပေဘဝ သက်တမ်းတလျှောက်မှာ ကဗျာရေးတာနဲ့ စာပေဝေဖန်တာတို့ကိုပဲ လုပ်လာခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပါပြီ။ ဝေဖန်တယ် ဆိုတာကတော့ စာပေသက်သက်ပါပဲ။ ဒါပေမဲ့ ဒီစာပေ ဝေဖန်တာကိုပဲ စိုက်လိုက်မတ်တတ် တသက်လုံးလုပ်သူက အလွန်နည်းပါတယ်။ ဒါကြောင့် “ဝေဖန်ရေး”ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လာရင် ဘာကို ဝေဖန်တာပဲဖြစ်ဖြစ် စာဖတ်ပရိသတ်က သတိရမိကြတဲ့သူတွေထဲမှာ ကျနော်လဲ ပါဝင်နေပါတယ်။ ခုလဲ ကြည့်တော့။ နိုင်ငံရေး ဝေဖန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်ကိုပဲ သတိတရ မေးလာပါတယ်။
ကျနော်က စာပေသမားပါ။ နိုင်ငံရေးသမား မဟုတ်ပါ။ စာပေသမားဆိုတော့ နိုင်ငံရေးကိုလဲ စာပေရဲ့ နောက်ခံကားအဖြစ် စိတ်ဝင်စားရပါတယ်။ ဒါကြောင့် ဖြေလိုက်ရပါတယ်။ မေးသူက “အမေရိကန် လွတ်လပ်တဲ့ အာရှအသံ”က စန်းစန်းတင်ပါ။ စန်းစန်းတင်က ကဗျာဆရာမ တယောက်လဲ ဖြစ်ပါတယ်။ သူကျောင်းသူဘဝ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ခင်မင်ရင်းနှီးလာခဲ့သူ ဖြစ်ပါတယ်။ သူက ကျနော့်ကို ရင်းနှီးခင်မင်ရင်းစွဲလဲ ရှိတဲ့အပြင် အားကိုး ယုံကြည်လို့ မေးတာလဲ ဖြစ်မယ်ဆိုတော့ တလေးတစား ဖြေရပါတယ်။ လေထဲမှာပဲ မေးတာ၊ ဖြေတာဆိုတော့ ပြီးပြီးပျောက်ပျောက် ဖြစ်သွားမှာပဲ ဆိုပြီး စာနဲ့ ချရေးလိုက်ပါတယ်။ ဒါပေမဲ့ မှတ်မိသလို ပြန်ရေးတာဖြစ်လို့ မူရင်း မေးဖြေ လုပ်ထားတာနဲ့တော့ ထပ်တူ ဖြစ်မှာ မဟုတ်တော့ပါ။ သဘောရင်းကတော့ မကွဲပါ။

မေးတဲ့ အကြောင်းအရာက “ဝေဖန်ရေး”တဲ့။ စစ်အစိုးရ အဖွဲ့ဟောင်းထဲက ဖယ်ရှား ဖြုတ်ချခံရတဲ့ ဗိုလ်ချုပ်ဟောင်း တယောက်အကြောင်းပါ။ စစ်တပ်ကို အသုံးပြုပြီး ဘိန်းကုန်ကူးလို့ဆို ထင်ပါရဲ့။ စစ်တပ်က ပုံပျက်ပန်းပျက် ဖြုတ်ထုတ် ဖယ်ရှားခံခဲ့ရသူ တဦးပါ။ သူ့ကို အမျိုးသမီး သတင်းထောက်တဦးက မေးပါတယ်။ သူက ဖြေပါတယ်။ ဖြေတဲ့အခါ ဝူးဝူးဝါးဝါး ဒေါနဲ့မောနဲ့ (စစ်ဗိုလ် လေသံနဲ့) ဖြေသတဲ့။ စန်းစန်းတင်က “အဲဒါ နားထောင်ပြီးပြီလား”လို့ မေးလာတော့ “မထောင်ရသေး”လို့ ဖြေလိုက်တယ်။ နားထောင်ကြည့်မလားလို့ဆိုတော့ အတိတ်က အမှိုက်ပုံထဲ ရောက်သွားတဲ့ လူတယောက်အကြောင်းကို စိတ်မဝင်စားဘူး။ နားမထောင်ချင်ဘူးလို့ ပြောလိုက်တယ်။ ဘာတွေ ထူးလို့လဲ။ အတိတ်က လက်မရွံ့ လူသတ်သမား “ကျားသေ”တကောင်ကို ဘာလို့ အသက်သွင်းနေမှာလဲ။ မသမာမှုနဲ့ အလုပ်ဖြုတ်၊ ထောင်ချခံခဲ့ရသူတဦးရဲ့ အသံကို နားချဉ်၊ နားခါး၊ နားနောက်အောင် ဘာဖြစ်လို့ နားထောင်နေတော့မလဲ။ အချိန်ကုန်ခံပြီး နားမထောင်ချင်ဘူး။ ဘာတွေ ပြောထားတာမို့လို့လဲလို့ မေးလိုက်မိတယ်။ အကျဉ်းချုပ် ပြန်ပြောရရင် –
“(၁) အတိတ်ကို ပြန်ပြီး ဝေဖန်မနေနဲ့။ ဝေဖန်စရာ မလိုဘူး။ ပြီးတာ ပြီးပြီပဲ …” တဲ့။
“(၂) လူပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေး ဝေဖန်စရာမလိုဘူး။ မဝေဖန်နဲ့ …” တဲ့။

အဓိက အဲဒီ ၂ ချက်ပါပဲ။ ကျနော်က ခြုံငုံပြီးတော့ ခုလို ပြောလိုက်ပါတယ်။ ဝေဖန်တယ်ဆိုတာ ဘာလဲ။ ဝေဖန်တယ်ဆိုတာ အမှားအမှန် အကောင်းအဆိုးကို အကြောင်းအကျိုးနဲ့တကွ သုံးသပ် တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ဘယ်ကိစ္စမဆို၊ ဘယ်အကြောင်းအရာမဆို အတိတ် ပစ္စုပ္ပန် ဘယ်ကကာလမှာမဆို၊ ဘယ်သူ့ကိုမဆို ကြီးကြီးငယ်ငယ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ကျွန်ပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ပဲဖြစ်ဖြစ်၊ ဗိုလ်ပြုတ်ပဲဖြစ်ဖြစ် ဝေဖန်နိုင်ပါတယ်။ ဝေဖန်ခွင့် ရှိရပါမယ်။ ဝေဖန်၊ စဉ်းစား၊ တွေးခေါ်တယ်ဆိုတာ လူ့အခွင့်အရေးတရပ်ပါပဲ။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်ဆိုတာတွေဟာ လူ့အခွင့်အရေး အခြေခံတရားတွေပဲ မဟုတ်လား။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာလဲ ပါတယ်။ နိုင်ငံတော် အခြေခံ ဥပဒေတွေမှာလဲ ပါရှိပါတယ်။

မဝေဖန်နဲ့၊ ဝေဖန်ရင် သေဒဏ်လို့ဆိုရင်တောင်မှ အသံမထုတ်ဘဲ စိတ်ထဲကဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် ဝေဖန်မိကောင်း ဝေဖန်မိကြပါမယ်။ အမှားအမှန်၊ အဆိုးအကောင်း၊ ကျိုးကြောင်းဆင်ခြင်တာဟာ လူ့သဘာဝပဲလေ။ ခွေးများ ကြောင်များတောင် သူတို့ စားရမယ့် အစားအစာကို အနံ့ခံပြီး ဝေဖန်ကြသေးတယ်မဟုတ်လား။ တချို့က အသံကို နားနဲ့ ဝေဖန်တယ်။ အန္တရာယ်ပြုမယ့် အသံလား၊ အန္တရာယ်ကင်းတဲ့ အသံလား၊ နီးသလား၊ ဝေးသလား။ ညောင်သီးလဲစား၊ လေးသံ မြားသံကိုလဲ နားစွင့် ဆိုတဲ့ စကားလဲ အရှိသား မဟုတ်လား။ အလားတူပဲ အလင်းအမှောင်၊ အတိမ်အနက်တို့ကို တွေးဆဝေဖန်ကြရတယ်လေ။ ဗုဒ္ဓအဘိဓမ္မာရဲ့ စိတ်သဘာဝကို ကြားဖူးနားဝရှိရင် သိနိုင်မှာပဲ။

လူပုဂ္ဂိုလ်ကို ဝေဖန်ရာမှာလဲ ဒီလိုပဲ။ လူတယောက်ကို မြင်ရင် ယောက်ျားလား၊ မိန်းမလား။ ငါ့အသိလား၊ သူစိမ်းလား။ မိတ်ဆွေလား၊ ရန်သူလား စသဖြင့် စိတ်ထဲက ချက်ချင်း ခွဲခြားဝေဖန်မိမှာပါပဲ။ တွေ့လိုက် မြင်လိုက်မိတဲ့သူက နိုင်ငံကျော် သူပုန်ခေါင်းဆောင်၊ သခင်သန်းထွန်း၊ သခင်စိုးလို၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းလို၊ ဗိုလ်ကျော်ဇောလို စသဖြင့် လူသိ လူမြင်များတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်နဲ့ ဝေဖန်ရတော့မှာပဲ။ ရုပ်ရှင်မင်းသားဆိုရင် အနုပညာ ရှုထောင့်က ဝေဖန်ရမှာပဲ။ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇောတို့လို ကွယ်လွန်သူတွေဟာ “အတိတ်”ဖြစ်သွားပြီ။ ကွယ်လွန်ပြီပဲ၊ မေ့လိုက်ကြတော့လို့ ပြောလို့ မဖြစ်ဘူး။ သူသည် အရပ်ဘယ်၍ ဘယ်မျှ မြင့်သည်၊ အသားဖြူသည်၊ ညိုသည်၊ ဘယ်နှစ်ခုနစ်က မွေး၍ ဘယ်နှစ်တန်း အောင်သည်၊ ဘယ်နှစ်တွင် သေဆုံးသည် ဆိုတာလောက်နဲ့ မပြီးပါဘူး။ တိုင်းပြည်နဲ့အမျှ ကျော်ကြားသူတွေ ဖြစ်တဲ့အတွက် တိုင်းပြည်နဲ့ ပတ်သက်တဲ့ အကောင်းအဆိုး လုပ်ဆောင်ချက်တွေကို ဝေဖန်ချင့်တွက်ပြီး သမိုင်းတန်ဖိုး ဖြတ်ရတော့မှာပဲ။ ဘာသာရေးအမြင်နဲ့ ဆိုရင် “သေတာကို သေတယ်လို့ မှတ်” ပြောလိုက်ရင် ပြီးကောင်းပြီးမယ်။ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်နဲ့ ဝေဖန်ချင့်တွက်ရတော့မှာပေါ့။ “ပြုတ်တာကို ပြုတ်ပြီမှတ်”ဆိုလို့ မပြီးဘူးလေ။

ရဲဘော်သုံးကျိပ်ဝင်တွေ သမိုင်းဝင်တွေ ဖြစ်နေပြီ။ အနော်ရထာ၊ ကျန်စစ်သား၊ နရသီဟပတေ့ တရုတ်ပြေးမင်းတို့လို သမိုင်းဝင်ပြီး သူတို့အကြောင်းကို အတိတ်သမိုင်းအဖြစ် ကျောင်းသားတွေ သင်ယူရတော့မယ်။ ကျောင်းတွေမှာ ရာဇဝင် သမိုင်းဆိုတာ မသင်မနေရဘူးလေ။ ဘာလုပ်ဖို့လဲ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလားလို့ ပြောလို့ မရဘူး။ ဝေဖန်ရမယ်။ ကြောင်းကျိုး ကောင်းဆိုး ဆင်ခြင်ရမယ်။ သင်ခန်းစာ ယူရမယ်။ သမိုင်းပါမောက္ခကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့ဖူးတယ်မဟုတ်လား။ သမိုင်းမသင်ရင် လူ ‘အ’ဖြစ်မှာပေါ့။ နောင်လာနောက်သားတွေ လူ ‘အ’ ဖြစ်စေချင်ရင် “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ” လို့ ပြောရတော့မှာပေါ့။

မြတ်စွာဘုရားရဲ့ သုတ္တန်တရားတော်တွေမှာ အတိတ်ကို ဆောင်ထားတာပဲလေ။ လေးသင်္ချေနဲ့ ကမ္မာတသိန်း၊ ရှစ်သင်္ချေနဲ့ ကမ္ဘာတသိန်း – “နုမှာ ၅၀၀၊ ရင့်မှာ တကျိပ်”တဲ့။ ဇာတက ဝတ္ထုတွေနဲ့ ဗုဒ္ဓဝင် ဝတ္ထုတွေ ဟောခဲ့တယ်။ လူသားတွေကို အတိတ်ဆောင်ပြီး ဟောကြားတယ်။ တရံရောအခါ ငါသည် ဒီပင်္ကရာ ဘုရားရှင် လက်ထက်တော်၌ ရသေ့တပါး ဖြစ်ခဲ့၏။ တရံရောအခါ ငါသည် ဗာရာဏသီ၌ ဗာရာဏသီ မင်းကြီး ဖြစ်၏။ ယစ်ထုပ်ကြီး ဖြစ်၏။ ကျေးမင်း ဖြစ်၏။ မျောက်မင်း ဖြစ်၏။ နွားလား ဥသဘ ဖြစ်၏ – စသည် စသည်ဖြင့် ဟောကြားတော်မူခဲ့တာတွေကို ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတိုင်း ဖတ်ဖူး၊ မှတ်ဖူး၊ ကြားနာဖူးကြပါတယ်။ သူတို့ ကိုယ်ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင်တွေပါလို့ ကြေညာခံယူထားတဲ့ ဗိုလ်ချုပ်၊ ဗိုလ်ပြုတ်ကြီးများ အားလုံးလဲ ကြားဖူး၊ မှတ်ဖူး၊ ဖတ်ဖူးကြမှာ မလွဲပါဘူး။

ဗုဒ္ဓဝင်တို့၊ ရာဇဝင်တို့၊ ဇာတက ဝတ္ထုတို့ဆိုတာ အားလုံး အတိတ်ချည်းပဲ။ အတိတ်ကို ဟောရ၊ ပြောရ၊ ဖတ်ကြ၊ သင်ကြရတာဟာ အတိတ်ရဲ့ အမှားအမှန်၊ အဆိုးအကောင်းတွေကို ဝေဖန်ဆင်ခြင်ပြီး နှောင်းလူတွေ သင်ခန်းစာ ယူကြဖို့ပဲ။ အတိတ်ကို မဝေဖန်နဲ့ဆိုရင် အတိတ်က သင်ခန်းစာတွေကို မယူကြနဲ့။ ‘လူအ’လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ မဟုတ်လား။ တချို့လူတွေက အတိတ်မှာ အမှားတွေ လုပ်ခဲ့တာကို သူတပါး ဝေဖန်ပြောကြားစရာ မလိုဘဲ သူတို့ဘာသာ သိကြပြီးသားပါ။ အတိတ်လူတွေဟာ အတိတ်ကို ဖုံးကွယ်ချင်ကြတယ်။ အတိတ်ကို ပြန်မကြည့်စေချင်ဘူး။ သူတို့အတိတ်ကို သူတပါး ကြည့်မှာ ကြောက်တယ်။ ဇွတ်ကြည့်မယ်ဆိုရင် ဒေါသဖြစ်မယ်။ အတိတ်မှာ ကောင်းတာပဲ လုပ်ခဲ့တဲ့သူဟာ သူ့ကို ဝေဖန်မှာ မကြောက်ဘူး။ ကြောက်စရာ မလိုဘူး။

ဟို ဗိုလ်ချုပ်ဟောင်းဟာ ဝေဖန်ရေး အသံကြားရင် ဘာကြောင့် မကြိုက်တာလဲ။ ခုလောက်ပြောရင် သိကြပါတော့။ ကမ္ဘာ့ထိပ်တန်း ပညာရှင်တွေထဲမှာ ဗုဒ္ဓ ပါဝင်ပါတယ်။ ကျနော်တို့ ဘုရားပါဝင်တယ်။ ဗုဒ္ဓဟာ ဝေဖန်ရေးကို မပိတ်ပင်ဘူး။ ငါဟောတဲ့တရားဟာ အမှန်ပဲ။ ငါ့နောက် လိုက်ကြ။ ငါ့တရားကို မဝေဖန်နဲ့လို့ မပြောဘူး။ အယူအဆတခုကို (တရားဓမ္မ တခုကို) ငါဘုရားဟောတာမို့ ဆိုပြီး မျက်စိမှိတ် မယုံနဲ့။ ကျမ်းဂန်ထွက် ဆိုပြီးတော့မှလဲ မယုံနဲ့။ ရှေးလူကြီးတွေ ပြောခဲ့တာပဲ ဆိုပြီးတော့လဲ မယုံနဲ့တဲ့။ “ဧဟိ၊ ပဿိကော” လာပါ၊ ကြည့်ပါ။ ကျင့်ကြံပါ။ ကျင့်ကြံကြည့်လို့ မမှန်ဘူး၊ မဟုတ်ဘူးဆိုရင် ပစ်ပယ်ပါတဲ့။ ဘယ်ပညာရှင် ဒီလို ပြောရဲခဲ့သလဲ။ ဗုဒ္ဓဘုရားဟာ အတိတ်ကိုလဲ ဆောင်တယ်။ ဝေဖန်ရေးကိုလဲ စိန်ခေါ်တယ်။

ဒီလိုနိုင်ငံမှာ ဒီလိုတော်တရားတော်နဲ့ ကြီးပြင်းလာတဲ့လူမျိုးဟာ အတိတ်ကို ဝေဖန်မှာရော၊ ပစ္စုပ္ပန်ကို ဝေဖန်မှာရော မကြောက်ရဘူး။ ဒီသဘောတရားကို ငြင်းချင်သလား။ ငြင်းရဲပါသလား။ လူ့ဘုံအလယ်မှာ ငြင်းကြည့်ပါ။ အမှားလုပ်ခဲ့သူဟာ အမှားပြင်နိုင်ရင် ပြင်ပါ။ ဝန်ချရဲရင် ဝန်ချတောင်းပန်ပါ။ ဒီလိုမှ မဟုတ်ရင် သော်တာဆွေ ပြောသလို တော်ရာခွေ နေပါလေ။ (ဘုရားဟော ကာလာမသုတ်ကို ပြန်ကြည့်ပါလေ။)
သတင်းထောက်၊ သတင်းစာဆရာများ ခင်ဗျား။ သူ့ကို ပြည်သူ့တရားခွင် မတင်နိုင်ရင် ပြန်လည် ဖော်ထုတ်မနေပါနဲ့တော့။ အမြဲ ပြုတ်ခဲ့ပြီမို့ ပွဲထုတ်ဖို့ မလိုတော့ဘူးလို့ ယူဆပါကြောင်း။  ။

(ဝေဖန်ရေးသမားတဦးလို့ပဲ ….)
၂၀၁၅၊ ဇွန်၊ ၃၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဝေဖန်ရေးရာ, မောင်စွမ်းရည်

One Response to မောင်စွမ်းရည် – ဝေဖန်ရေးအကြောင်း

  1. Kyaw Htin on July 8, 2015 at 7:11 pm

    absolutely RIGHT ! ! !

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments