မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ

July 18, 2015

 

cartoon win aung
 
မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၅
 
နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေ အနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်း စိုရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်း သမား”တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှု မရှိတဲ့။ ခံစားမှုမဲ့တဲ့ လူမျိုးကို ဆိုလိုပါတယ်။ နိုင်ငံကို ချစ်ကောင်း ချစ်ပေမဲ့ ပြည်သူလူထုအပေါ် ကရုဏာ နည်းတတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦး ဖြစ်ပါတယ်။ ဒါကြောင့်လဲ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာ ဖြေရှင်းတာကို မနှစ်သက်သူ ဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လဲ ပညာတတ် လူယဉ် ကျေးဆိုတာမျိုးဟာ စာပေ အနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲ မဟုတ်ပါလား။ 
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ခဏတဖြုတ်လောက်ပဲ အချိန်အားရင်ပဲ သူ့အနီးအပါးမှာ ဆရာဒဂုန်တာရာ ရှိလို့ကတော့ စန္ဒယား တီးခိုင်းတော့တာပါပဲ။ တခါတရံ မဆိုတတ်ဆိုတတ်နဲ့ သီချင်းဝင်ဆိုတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ် တိုင် စန္ဒယားတီးပြီး ဂီတနဲ့ မွေ့လျော်လေ့ရှိသူ ဖြစ်ပါတယ်။ ဦးအောင်ဆန်းဟာ လွှတ်တော်နားချိန်မှာ ဒီးဒုတ် ဦဘချို၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာမောင်ထင်တို့နဲ့ စကားလက်ဆုံကျလေ့ရှိပြီး သူလဲ စာရေးဆရာ လုပ်မယ်လို့ ပြောလေ့ရှိသတဲ့။
 
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စတင် တွေ့ဆုံဖူးတာက ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်မှာ ဖြစ်ပါတယ်။ နောင်လဲ စာကြည့်တိုက်မှာပဲ ဆုံရတာ များပါတယ်။ အချိန်ရှိသရွေ့ စာပေမှာ မွေ့လျော်သူတဦး ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ကျနော်က ကဗျာဆရာတဦးဖြစ်လို့ ကဗျာဆရာ တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲဆိုတာ နည်းနည်း တင်ပြချင်ပါတယ်။ ဒေါ်စု ဘက်ကလဲ ကဗျာဆရာများအပေါ်မှာ ဘယ်လို မြင်တယ်ဆိုတာကိုပဲ ကျနော်တို့ ဖြတ်သွားဖြတ်လာ တွေ့ဆုံရင်းနဲ့ အကဲခတ် သိရှိရသမျှကို ဖော်ပြချင်ပါတယ်။
 
ထူးခြားချက်တခုကတော့ ဒေါ်စု အနေနဲ့ ဗမာပြည်မှာ လူထုလှုပ်ရှားမှုထဲကို ပါဝင်လာပြီးတာနဲ့ သိပ်မကြာဘူး။ မြန်မာစာပေလောကထဲက ကဗျာဆရာတွေ အားလုံးလောက်နဲ့ သိကျွမ်းရင်းနှီးပြီး ဖြစ်နေခဲ့ပြီဆိုတာပါပဲ။ ဗမာပြည်မှာ ဒီမိုကရေစီ အရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့တဲ့အခါ ပြည်သူ အားလုံးနဲ့အတူ ကဗျာဆရာ အားလုံးလဲ ထောက်ခံပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြ လက်မှတ်ကောက်ခံတဲ့ အခါမှာ အသက်အကြီးဆုံး စာဆိုကြီး နှစ်ဦးဖြစ်တဲ့ ခေတ်စမ်းစာဆိုကြီး နှစ်ဦးက အဦးဆုံးလက်မှတ် ထိုးပေးခဲ့ကြပါတယ်။ ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်စမှာပဲ ကဗျာဆရာကြီး ဇော်ဂျီက ကျန်းမာရေး ချို့တဲ့လာခဲ့ပါတယ်။ အိမ်ထဲမှာပဲ တွန်းလှည်းပေါ်မှာ နေထိုင်ရွေ့လျားခဲ့ရပါတယ်။ မကြာခင် အိမ်ရာပေါ်မှာပဲ နေရတဲ့ အခြေအနေကို ရောက်ပြီး ကွယ်လွန်သွားခဲ့ရှာပါတယ်။ 
 
ဆရာကြီး မင်းသုဝဏ်က ကမာရွတ် အဝိုင်းမှာ နေ့ရော ညပါ လေထဲမိုးထဲ အစာငတ်ခံ ဆန္ဓ ပြကြတဲ့ ကျောင်းသားလူငယ်တွေကို မျက်ရည်စက်လက်နဲ့ ထွက်ပြီး အားပေးနိုင်ခဲ့ပါသေးတယ်။ “ငါ မျက်ရည် မထိန်းနိုင်လို့” ဆိုပြီး အိမ်ပြန်သွားပါတယ်။ အိမ်မှာ ကဗျာတပုဒ်ရေးဖွဲ့ပြီး ကျနော့် လက်ထဲ ကို ထဲ့လိုက်ပါတယ်။ လူငယ်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ ကဗျာပါ။ ကျနော့်ကိုပဲ ဖတ်ပြပေးပါလို့ တာဝန်ပေးလို့ ပရိသတ်ရှေ့ကို သွားရောက် ဖတ်ပြရတဲ့အခါ ပရိသတ်က အကြိမ်ကြိမ်ထပ်ပြီး ဖတ်ခိုင်း ပါတယ်။ အလွန်အားတက် ဂုဏ်ယူကြပါတယ်။ (ပရိသတ်ထဲမှာ ကဗျာဆရာ ပုတီကုန်း မောင်စိန်ဝင်းနဲ့ ပျဉ်းမနား မောင်နီသင်းလဲ ပါပါတယ်။) 

မင်းသုဝဏ် ရေးခဲ့တဲ့ ကဗျာ မိတ္တူ  (မိုးမခ၏ ၈၈ – ၂၃ နှစ် အစီအစဉ်မှ)




အမေ လူထု ဒေါ်အမာက လှမ်းပြီး မန္တလေးမှာ ထုတ်နေတဲ့ ရှစ်လေးလုံး ဂျာနယ်အတွက် မင်းတို့တယောက်ရဲ့ ကဗျာပေးပါ- တောင်းလို့ ဆရာကြီးရဲ့ ကဗျာရ တော့ အလွန်ဝမ်းသာပြီး တယ်လီဖုန်းပေါ်မှာ နှုတ်နဲ့ပဲ ရွတ်ဆိုပြီး ပို့ပေးလိုက်ရပါတယ်။ မန္တလေးက ထုတ်တဲ့ ရှစ်လေးလုံး ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ 
 
“ဆရာကြီး မင်းသုဝဏ်ဟာ တရားရိပ်သာတခုကို ဝင်ဖို့ ပြင်နေဆဲပါ။ ဒါပေမဲ့ “ငါ့သူငယ်ချင်း”ရဲ့ သမီးကို ငါမျက်နှာလွှဲနေလို့ ဘယ်ဖြစ်မလဲ”လို့ ဆိုပြီး ဒေါ်စုကို ထောက်ခံအားပေးခဲ့ပါတယ်။ ၁၉၃၆ က ကိုအောင်ဆန်းတို့ သပိတ်မှောက်တော့ ဆရာ မင်းသုဝဏ်က တက္ကသိုလ်မှာ ဆရာဖြစ်နေပါတယ်။ ကိုအောင်ဆန်းတို့ရဲ့ ဆရာပါ။ ဒါပေမဲ့ ဆရာက သူငယ်ချင်းလို့ပဲ ပြောခဲ့ပါတယ်။ ခေတ်စမ်းစာဆိုကြီး နှစ်ဦးဟာ ဖခင်လက်ထက်မှာရော သမီးလက်ထက်မှာပါ အုပ်စိုးသူများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်အံတုပြီး အမှန်တရားဘက်က ထောက်ခံရပ်တည်ခဲ့ကြပါတယ်။
 
နဝ ခေတ်စမ်းစာဆိုတဦးဖြစ်ခဲ့ပြီး ကိုအောင်ဆန်းနဲ့လဲ ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့သူ ကဗျာဆရာ ဒဂုန်တာရာဟာ စစ်ပြီး ခေတ်မှာ ပြည်သူ့ စပေခေတ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ စာဆို တာရာကလဲ သူ့သူငယ်ချင်းရဲ့ သမီးကို အားပေးထောက်ခံပါတယ်။ “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း ဖြစ်တယ်”ဆိုတဲ့ ဂန္ဒီ၊ မင်ဒဲလား လမ်းစဉ်ကို စွဲကိုင် ကြေညာရင် ဒေါ်စု ဘက်က ရပ်တည်ခဲ့ပါတယ်။
 
ရှစ်လေးလုံး အရေးတော်ပုံကာလမှာ မန္တလေးက ဆင်းလာခဲ့ကြတဲ့ ကျနော်တို့ စာပေသမား တင်မိုး၊ မောင်မိုးသူ၊ မောင်သာနိုး၊ မောင်စွမ်းရည်တို့တတွေ “တတ်သိအဖွဲ့”ဖွဲ့တော့ စုဝေးပါဝင်ကြပါ တယ်။ အဲဒီတုန်းက အခမ်းအနား သဘာပတိ လုပ်သူဟာ ကဗျာဆရာ တင်မိုးပါ။ ကဗျာဆရာ တဦးက ဦးဆောင်ဖွဲ့စည်း လှုပ်ရှားခဲ့တာကို သမိုင်းတင်ထားရပါလိမ်မယ်။ 
 
ကဗျာဆရာ တင်မိုးကိုတော့ “ဒီမိုကရေစီ အရေးတော်ပုံ စာဆို”လို့ ဆိုချင်ပါတယ်။ အရေး တော်ပုံကာလ တလျှောက်လုံး ကဗျာတွေ ရေးဖွဲ့၊ ရွတ်ဆိုဟောပြောခဲ့ပါတယ်။ အဖွဲ့ချုပ်က ထုတ်သမျှ လက်ကမ်းစာစောင်တွေမှာလဲ ကဗျာနဲ့ ပါဝင်ရေးဖွဲ့ အားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင် ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းကို ဖွဲ့ဆိုဂုဏ်ပြု ကဗျာတွေ အများဆုံး ရေးဖွဲ့ခဲ့သူဟာလဲ တင်မိုးပဲ ဖြစ်ပါတယ်။ ကဗျာဆရာ တင်မိုးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်အရ အရင်းနှီးဆုံး ကဗျာဆရာလဲ ဖြစ်ပါတယ်။ အရေးတော်ပုံကာလ အရေးအကြီးဆုံး အချိန်တွေမှာ မုံရွာ တင်ရွှေ၊ ဦးဝင်းတင်၊ ဗိုလ်သော်က၊ မောင်မိုးသူ စတဲ့ စာပေသမားများနဲ့အတူ ဒေါ်စုရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် အဖြစ်နဲ့ ရှိနေခဲ့ပါတယ်။ “အာဇာနည်မျိုး သေရိုးမရှိ၊” “ခမောက်ဆောင်းတော့ တသောင်းဗိုလ်ချေ ညက်ညက် ကျေ”ဆိုတဲ့ ဆောင်ပုဒ်တွေကို တင်မိုးက အဲဒီ ရဲဘော်ကြီးတွေနဲ့ တိုင်ပင် ဖော်ထုတ်ခဲ့ တာပါ။
 
ကဗျာဆရာ တင်မိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အရေးတော်ပုံ မတိုင်မီကာလ ကတည်း က သိကျွမ်းရင်းနှီးခဲ့ပါတယ်။ တင်မိုးက ဒေါ်စုကို ရန်ကုန်မြို့ထဲက လမ်းဘေး စာအုပ်အဟောင်းဆိုင် တွေကို တနေကုန် ဘာမှ မကျွေးဘဲ ခေါ်သွားခဲ့ဖူးတာဟာ အမှတ်တရ ပြောစရာ ဖြစ်ခဲ့ပါတယ်။ ဒေါ်စုက “ဆရာမိုးရေ ကျမတော့ ဆာလာပြီ”ဆိုမှ သတိရပြီး လမ်းဘေး ခေါက်ဆွဲသုတ်ဆိုင်တဆိုင်ကို ခေါ်သွားသတဲ့။ ဒေါ်စုကလဲ လမ်းဘေး အသုပ်ဆိုင်မှာပဲ မြိန်ရည်ရှက်ရည် စားရှာပါသတဲ့။ ဒီလိုနဲ့ စာအုပ်ရှာတာ တနေကုန်သွားခဲ့ပါတယ်။
 
ကဗျာဆရာ ကြည်အောင်နဲ့ ကိုလေး(အင်းဝဂုဏ်ရည်)တို့ နှစ်ဦးကတော့ အညာမှာပဲ နေကြ တာ ဖြစ်လို့ အရေးတော်ပုံကာလမှာ ကျနော်တို့နဲ့ မဆုံနိုင်ခဲ့ကြပါဘူး။ ရန်ကုန်မှာ ဒေါ်စုကို အနီးကပ် မဝန်းရံနိုင်ဘဲ အဝေးကပဲ ဝန်းရံခဲ့ရပါတယ်။ ဒါပေမဲ့ အမျိုးသားနေ့လို အခါကြီး ရက်ကြီးတွေမှာ ကြည်အောင်နဲ့ ကိုလေးတို့ နှစ်ဦးကို ရန်ကုန်ရုံးချုပ်မှ ဖိတ်ခေါ်ပြီး ဟောကြားစေပါတယ်။ ဒီကဗျာဆရာ နှစ်ဦး သူများနဲ့ မတူတာက မန္တလေးတက္ကသိုလ် ကျောင်းထွက်တွေ ဖြစ်ကြတဲ့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးလိုဟာမျိုးကအစ၊ ရတု၊ ရကန်၊ အဲ၊ အန်တွေကို စနစ်တကျ ရွတ်ဆိုတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ ရွတ်ဆိုဟောပြောတာတွေကို ဒေါ်စုကအစ အဖွဲ့ချုပ်က ရဲဘော် ရဲဘက်တွေက အထူးသဘောကျကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကိုပဲ နှစ်စဉ် ဖိတ်ကြား လေ့ရှိပါတယ်။ ဒေါ်စုက သူတို့ကို နိုင်ငံခြားက စာအုပ်တွေ မှာပြီး လက်ဆောင်ပေးပါတယ်။ 
 
ကဗျာဆရာ အောင်ဝေးကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ပေးချက်အရ မြစ်ဝကျွန်းပေါ်ဒေသ စည်းရုံးရေး ကိစ္စတွေကို ဆောင်ရွက်ရသူ ဖြစ်ပါတယ်။ “ကိုအောင်ဝေးရေ ဒေါ်ုစုနဲ့ ကဗျာအကြောင်း စာအကြောင်းလေးများ ဆွေးနွေးဖြစ်တာရှိရင် ဒို့များလဲ မှတ်သားရအောင် ဖောက် သယ်ချပါအုံး”လို့ ပြောဖူးပါတယ်။ “ဆရာရေ – ဆုံဖြစ်ကြတာတွေက အဖွဲ့ချုပ်ကိစ္စတွေနဲ့ချည်းဆိုတော့ ကဗျာအကြောင်း စာအကြောင်း မပြောဖြစ်ပါဘူး”လို့ ပြန်ဖြေပါတယ်။
 
အရေးတော်ပုံကာလမှာ တင်မိုးက အစိုးရအလုပ်က အငြိမ်းစားယူပြီးပါပြီ။ ကျနော်ကတော့ အရေးအခင်းအပြီးမှာ ရုံးကို ပြန်တက်နေပါတယ်။ ပြီးမှ စောပြီး အငြိမ်းစား ယူလိုက်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်က သူ့ရုံး၊ သူ့ခြံထဲ အလုပ်ရှုပ်နေလို့ ကဗျာဆရာတွေနဲ့ အာလာပ သလ္လာပ ပြောဖို့ အချိန်မရရှာပါဘူး။ လမ်းဘေး ဂိတ်ပေါက် ဟောပြောပွဲတွေ လုပ်တာကိုတော့ ကျနော်တို့ မပြတ် သွား နားထောင်ပါတယ်။ ဒေါ်စု သာရေး နာရေးတွေကို ထွက်လာတဲ့အခါမှာလဲ ဆုံဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်တို့၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ထမနှဲပွဲတွေမှာ အမြဲလာပါတယ်။ အဲလို အခါတွေမှာ ကဗျာဆရာကြီး ဒဂုန်တာရာနဲ့ရော ကျနော်တို့နဲ့ရော ဆုံခွင်ကြုံရပါတယ်။
 
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လေထီး ဦးအုန်းမောင်၊ ဗိသုကာ ဦးကျော်မင်း၊ တိုင်းစည်းရုံး ရေးမှူး ဦးသိန်းတင်၊ မုံရွာ ဦးတင်ရွှေ၊ ဟာဂျီ ဦးမြသန်း၊ စာရေးဆရာ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်ကြီးများ ရဲ့ ကွယ်လွန် နှစ်လည်ပွဲတွေမှာလဲ မပျက်မကွက် လာလေ့ရှိပါတယ်။ အဲလိုလာတဲ့အခါ ဒေါ်စုနဲ့ အတူ ဦးတင်ဦး၊ ဦးကြည်မောင်၊ သခင် အုန်းမြင့်တို့ သုံးဦးကတော့ အမြဲပါလေ့ရှိပါတယ်။ 
 
မုံရွာ တင်ရွှေက ကျနော်တို့ရဲ့ ရဲဘော် သူငယ်ချင်းပါ။ မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ပါ။ ဒါကြောင့် တင်မိုး၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ခေါ် ခရစ်ယာန် သာသနာပုင်ချုပ် အင်ဒရူး မြဟန် စတဲ့ ငယ်ပေါင်းရဲဘော်များက မပျက်မကွက် စုံစုံညီညီ သွားလေ့ရှိပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က မုံရွာ ဦးတင်ရွှေရဲ့ အိမ်(အင်းစိန်၊ နံ့သာကုန်း)ရဲ့ အပေါ်ထပ်မှာ အစောကြီး ရောက်နေနှင့်တယ်။ ကျနော်တို့ အဖွဲ့က နောက်ကျ ရောက်ပြီး အောက်ထပ်မှာပဲ စကားဝိုင်းဖွဲ့နေကြပါတယ်။ ခဏနေတော့ ရဲဘော်တယောက် ရောက်လာ ပြီး ကျနော်တို့ကို “အပေါ်ကြွပါ”လို့ ဖိတ်ခေါ်ပါတယ်။ အပေါ်တက်သွားတော့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ စားပွဲဝိုင်းက သခင် အုန်းမြင့်က လှမ်းပြီး လက်ရပ်ခေါ်ပါတယ်။ သူနဲ့ အဖွဲ့ဝင်တချို့က ထပေးပြီး ကျနော်တို့တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောကြဖို့ ဆုံပေးပါတယ်။ ဒီလို စကားဝိုင်းဖွဲ့ခွင့် မျိုးကို သခင်အုန်းမြင့်က မကြာခဏ လုပ်ပေးလေ့ရှိပါတယ်။
 
ကျနော်တို့ကတော့ ဒေါ်စုနဲ့ ဆုံမိကြတဲ့အခါ တခါမှ နိုင်ငံရေးစကား မပြောဖြစ်ကြပါဘူး။ နိုင်ငံ ရေး အကြောင်းအရာ အနေနဲ့ ထူးပြီး ပြောစရာလဲ မရှိပါဘူး။ နိုင်ငံရေး အသိအမြင်ကလဲ ခြားနားတာ ရှိကြတာမှ မဟုတ်ဘဲကိုး။ ဒါကြောင့် စာကြောင်း ပေကြောင်း လောက်ပဲ ပြောဖြစ်ပါတယ်။ 
 
မုံရွာ ဦးတင်ရွှေရဲ့ အဲဒီနှစ်လည်ပွဲမှာ ထူးထူးခြားခြား ပြောမိကြတာကို ခေါင်းစဉ်တပ်ရရင် “ကဗျာဆရာများနဲ့ နိုင်ငံရေး”လို့ တပ်ရပါလိမ့်မယ်။ ဒေါ်စုက ကျနော်တို့ ကဗျာဆရာတွေကို ကြည့်ပြီး “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့က ရောက်လာပြီး ပါဝင် ဆင်နွှဲကြ လေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျမတော့ ထင်မိတယ်။ ဆရာတို့ ဘယ်လို သဘောရသလဲ”တဲ့။ ဒီပွဲမှာ ကျနော့်ထက် အသက်လဲကြီး ဝါလဲကြီးတဲ့ ကဗျာဆရာ သုံးဦးပါဝင်နေ ပါတယ်။ တင်မိုး၊ မောင်ပေါက်စည်(မန်းတက္ကသိုလ်)နဲ့ မောင်သာနိုးတို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အဖြေကို စောင့်နေရပါတယ်။ အတန်ကြာ ငြိမ်နေတော့ တင်မိုးက “ခင်ဗျား ပြောလိုက်ပါ”လို့ ကျနော့် ကို လှည့်ပြီး မေးထိုး ပြောလိုက်ပါတယ်။ (ဒီပွဲမှာ ကဗျာဆရာ မောင်မိုးသူ ထောင်က မလွတ် သေးဘူးနဲ့ တူတယ်။)
 
ကျနော်အနေနဲ့ကလဲ အဖြေကို သိပ်စဉ်းစားချိန် မရပါဘူး။ ကိုယ်က ဖြေရဖို့လဲ အသင့်ပြင် မထားပါဘူး။ ခုလို တင်မိုးက မေးထိုးပြီး ခိုင်းလိုက်တော့ ပြောလိုက်ရပါတယ်။ “ကျနော်တို့ ခေတ်သစ် ဗမာစာပေလောကမှာ ရှေ့ဆုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရှိပါတယ်။ ဆရာကြီးက နိုင်ငံရေးမှာ အရေးကြုံတိုင်း ရှေ့ဆုံးက ပါခဲ့ပါတယ်။ “အရေးကြီးရင် သွေးနီးရာ ပါစမြဲ”လို့ ကြွေးကြော် ဝင်ရောက် လာလေ့ရှိပြီး လေးချိုး၊ ကဗျာကြီတွေနဲ့ ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။ ဒီအစဉ်အလာအရ ကဗျာဆရာဆို တာ နိုင်ငံရေးမှာ ပါရမယ်လို့ စွဲမြဲယုံကြည်ထားကြပါတယ်။ ဒါဟာ ဆရာကြီး ချမှတ် စိုက်ထူးခဲ့တဲ့ မြန်မာ ကဗျာဆရာတွေရဲ့ အစဉ်အလာ ဖြစ်နေပါပြီ”လို့ ပြောလိုက်တယ်။
 
 ကျမက ဗမာပြည်မှာသာ ပြောတာမဟုတ်ဘူး။ တကမ္ဘာလုံးကို ပြောတာပါတဲ့။
 
 ဒီတော့ ကျနော်တို့လို စာပေသမားမဟုတ်တဲ့ ဘဘဗိုလ်ချုပ်က ဝင်ကယ်လိုက်ပါတယ်။ “ဒီလို ကျနော် ထင်တာကို ပြောကြည့်မယ်လေ။ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေ အားလုံးဟာ အမှန်တရား၊ သစ္စာတရားကို ခံစားပြီး အနုပညာကို ဖန်တီးကြရ တာ မဟုတ်လား။ နိုင်ငံရေးမှာ ပြည်သူလူထုဘက်က ရပ်တည်တဲ့ အဖွဲ့အစည်းဟာ အမှန်တရား ဘက်က ရပ်တည်တာပဲလေ။ ဒါကြောင့် ကဗျာဆရာတွေဟာ အရေးတော်ပုံကြီးတွေ ဖြစ်လာရင် ပြည်သူနဲ့အတူ ရှေ့က ဝင်ပြီး ရပ်ကြတယ်။ ပြည်သူတွေ ရှေ့က ရပ်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဝင်ရပ်ကြတယ်။ ဒီလို မဟုတ်လား”တဲ့။ ဘဘဗိုလ်ချုပ် တင်ဦး ဝင်ကယ်မှပဲ ကျနော်တို့ အားလုံး သက်ပြင်းချနိုင်ပါတော့တယ်။ ဒေါ်စုကလဲ ဒါကို သဘောတူပုံရပါတယ်။
 
ဒီပွဲမှာ မောင်မိုးသက ထောင်ထဲက မထွက်ရသေးလို့ မပါလာတာ ဖြစ်တယ်။ ဒါ စစ်အစိုးရ ကြမ်းခင်းပေါက်ဈေး”က နိုင်ငံရေးသမားတွေကို ပုဒ်မ ၅ (ည)နဲ့ ဖမ်းရင် “ငါးည”နဲ့ မပြီး အနည်းဆုံး သုံးနှစ်၊ နောက်ကျတော့ ၅ နှစ်၊ နောက်ကျ ၁၀ နှစ်၊ ၁၅ နှစ်၊ နောက်ကျတော့ နှစ်ပေါင်း ၂၀ စသဖြင့် “ဈေးတက်”သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့တန်း ထွက်လာတော့ နယ်တကာကို စည်းရုံး ရေး ဆင်းတဲ့အခါ ပထမဆုံး ပါသွားလေ့ရှိတာက ကျနော်တို့ မောင်မိုးသူပါ။ သူက အကြေအညာ ဒေသပေါင်းစုံမှာ မိတ်ဆွေတွေ ပေါပါတယ်။ ကျောင်းသားခေါင်းဆောင် လုပ်ခဲ့တာ။ ရုပ်ရှင်လောက၊ စာအုပ်ထုတ်ဝေရေးလောက ဝင်ခဲ့တာ။ ထောင်ခဏခဏကျခဲ့တာတွေက အပေါင်းအသင်း များစေခဲ့ တယ် ထင်ပါတယ်။ ရောက်ရာအရပ်မှာ ရဲဘော်တွေ၊ မိတ်ဆွေတွေပေါတယ်။ စီမံခန့်ခွဲတတ်တာ ရှေ့ ဆောင် ရှေ့ရွက်လုပ်တတ်တာတွေကလဲ သူရဲ့ အရည်အချင်းတွေပါပဲ။ ဒါကြောင့် ဒေါ်စုနဲ့ အမြဲ ပါခဲ့တယ်။ ဒါကြောင့် စောစော အဖမ်းခံရပြီး ထောင်သုံးနှစ်၊ ၅ နှစ်၊ ၇ နှစ် စသဖြင့် အစောဆုံး အချခံရ သူထဲမှာ ပါဝင်ပါတယ်။
 
တခါတော့ မောင်မိုးသူ စည်းရုံးရေးခရီးက ပြန်လာချိန်မှာ သူအိမ်ကို သွားလည်တယ်။ ကိုလေး (အင်းဝဂုဏ်ရည်)လဲ ပါတယ်။ ဒေါ်စုနဲ့ စည်းရုံးရေးခရီးစဉ်တွေကို ကိုမိုးသူရဲ့သား မောင်ပန်းသီးခေါ် ထွန်းမြတ်ဦးက ဗီဒီယို ရိုက်ပြီး မှတ်တမ်းတင်ထားတယ်။ ကျနော်တို့က အဲဒါတွေကို ဖွင့်ကြည့်ကြ တယ်။ အတွေ့ကြုံတွေကိုလဲ မေးကြတယ်။ ကျနော်က အစိုးရဝန်ထမ်းလုပ်နေဆဲ ဖြစ်ပေမဲ့ အဖွဲ့ချုပ် လှုပ်ရှားမှုတွေနဲ့ အဆက်မပြတ်ပါဘူး။ တင်မိုး၊ မောင်မိုးသူ၊ ကိုတင်ရွှေ၊ ကိုဝင်းတင်၊ ကိုသိန်းတင် စတဲ့ ရဲဘော်ကြီးများနဲ့လဲ အဆက်မပြတ်ပါဘူး။ အထူးသဖြင့်တော့ သူတို့ လိုချင်တဲ့ စာရွက်စာတမ်းတွေ ရှာပေးရတာပါပဲ။ (စာကြည့်တိုက်တွေကပါ ငှါးပေးရတယ်။ တအုပ်မှ ပြန်မရပါ။)
 
တခါ ကျနော် ရောက်သွားတော့ မောင်မိုးသူက ဒေါ်စုနဲ့ အတူလိုက်သွားပြီး ခရမ်းသုံးခွတို့၊ သန် လျင်တို့ ဘက်က ပြန်လာတာနဲ့ ကြုံတယ်။ ကျနော်က ဒေါ်စုနဲ့ တင်မိုးတို့ တခါက လမ်းဘေးခေါက်ဆွဲ သုပ်ဆိုင်မှာ ခေါက်ဆွဲစားခဲ့ကြပုံကို ပြောပြတယ်။ “ကိုဘဂျမ်း(တင်မိုး)ဆိုတဲံ လူကလဲ ဘာမှ အလိုက် ကမ်းဆိုး မသိဘူး။ လမ်းဘေးမှာ စာအုပ်ရှာတဲ့အခါ ထိုင်ရာက မထတော့ဘူး။ ဒေါ်စုက ဆာလို့ ပြော တော့လဲ လမ်းဘေးခေါက်ဆွဲဆိုင်မှာ ကျွေးသတဲ့လေ”လို့ ကျနော် အပြစ်တင်သံနဲ့ ပြန်ပြောတယ်။
 
 မောင်မိုးသူက “အဲဒါ ဘာဟုတ်သေးတုန်းကွ။ ငါတို့ သန်လျင်ဘက် ပြန်တော့ သီတာသဘောင်္ပေါ်မှာ ဇင်ယော်တွေကို ပဲကပ်ကြော်လေးတွေ ဖဲ့ပြီးကျွေးကြတယ်လေ။ ဒေါ်စုခမျာ သနားစရာပါကွာ” “ဘကြီး မိုး-ဇင်ယော်ကျွေးတဲ့အကြော်လေးတွေကို စားလို့ ရတယ် မဟုတ်လား မေးပြီး အားရပါးရ ဝါးရှာတယ်။ ငါတို့မှာ ဘာစားစရာမှလဲ မပါ။ ရေဘူးတို့၊ ကော်ဖီဘူးတို့ရော မပါဘူးလေ။ ငါမှာကွာ အားနာလိုက် တာ”တဲ့။
 
 ကျနော်က “ဘကြီးမိုး ညံ့တာပေါ့”လို့ ပြောလိုက်တော့ သူကလဲ “အေးပါ။ ငါကြီးကိုက ညံ့ သွားတာပါ”လို့ ဝန်ခံပါတယ်။
 
ပြောခဲ့သလိုပဲ။ ကျနော်က ဒေါ်စုနဲ့ သိကျွမ်းခဲ့ကြတာဟာ ရှစ်လေးလုံး မတိုင်ခင်ကတည်းကပါ။ အမေ ဒေါ်ခင်ကြည် ရှိစဉ်ကတည်းပါ။ တနေ့တော့ နတ်မောက် ဘုန်းရောင် စတဲ့ နတ်မောက်သား ကျောင်းဆရာ စာရေးဆရာ သုံးလေးယောက်က လိုက်ပို့ပါဆိုလို့ ဒေါ်စုဆီ လိုက်ပို့ခဲ့ရဖူးပါသေးတယ်။ သူတို့က ကင်မရာလဲ ယူခဲ့ပါဆိုလို့ မြင်းခြံသား ကျောင်းဆရာ ကိုတင်ဝင်း(ကျနော် ညီရဲ့ သူငယ် ချင်း)ကို လူရော ကင်မရာပါ ခေါ်ဆောင်သွားပြီး ဓာတ်ပုံတွေ ရိုက်ကြရပါတယ်။ ဒေါ်စုကိုယ်တိုင် အကြော်စုံ ကြော်ပြီး လင်ပန်းလေးတချပ်နဲ့ ချပေးပါတယ်။ ဘိုစာတွေ ဘာတွေ လွယ်လွယ်ကူကူ ဝယ် ယူပြီး ကျွေးတာ မဟုတ်လို့ ကျနော်တို့ သဘောကျခဲ့ရပါတယ်။ အဲဒီ နတ်မောက်သားတွေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဆွေမျိုးမကင်းသူတွေပါ။ ဆွေမျိုးတွေကို  လူစိမ်းကြားလူက မိတ်ဆက်ပေးရလို့ အမှတ် တရ ဖြစ်နေရပါတယ်။ 
 
ကျနော် အမေ ဒေါ်ခင်ကြည်ဆီကို လမ်းပေါက်နေရတာက “အတွေးအမြင်” မဂ္ဂဇင်း ထုတ်ဝေ သူ အယ်ဒီတာ မောင်ဝံသရဲ့ ကျေးဇူးပါ။ သူက ကျနော်ကို အမေ ဒေါ်ခင်ကြည်ကို တွေ့ဆုံမေးမြန်ဖို့ အကူအညီ တောင်းတယ်။ ကားလဲ ပေးလိုက်တယ။် အမေနဲ့ စကားလက်ဆုံ ကျနေလို့ တနေကုန် ပြန် မလာတာနဲ့ မောင်ဝံသ စိတ်သောက ရောက်ခဲ့ရဖူးပါတယ်။ သွားရောက်တွေ့ဆုံရတာက ဒေါ်အောင် ဆန်းစုကြည်ရေးတဲ့ ဖခင်ဗိုလ်ချုပ် အောင်ဆန်းအကြောင်း စာအုပ်ကလေးတအုပ် ကျနော်တို့ လက် ထဲ ရောက်လာလို့ပါပဲ။ အဲဒီ စာအုပ်ကလေး ကျနော်တို့ လက်ထဲကို အစောဆုံးရောက်တယ် ထင်တယ်။ ကျနော်နဲ့ မောင်သာနိုင်းတို့ မိတ္တူကူး ဖတ်ကြပါတယ်။ မောင်သာနိုးက “သမီးရေးတဲ့ အဖေ့အကြောင်း” ဆိုပြီး အတွေးအမြင့်မှာ ဆောင်ပါး ရေးပါတယ်။ အရေးအခင်း မဖြစ်ခင်လေးကပါ။ အရေးအခင်း ဖြစ်လာတော့ အဲဒီစာအုပ်ရော ဓာတ်ပုံတွေရော တခြားနေရာပို့ပြီး လျှို့ဝှက် သိမ်းဆည်းခဲ့ရပါတယ်။
 
ဂျပန်ပြည်ကို ကျနော် ရောက်သွားတော့ အဲဒီစာအုပ်ကလေးက လူတိုင်းလက်မှာလိုလို ရှိနေပါ တယ်။ ဒေါ်စုက ဂျပန်ပြည်၊ ကျိုတို တက္ကသိုလ်မှာ ၁၉၈၅ – ၈၆ က ဧည့်ပညာရှင်အဖြစ် အရှေ့တောင် အာရှဆိုင်ရာ သုတေသနတွေ လုပ်ခဲ့ဖူးတယ်။ ဗမာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့ တက္ကသိုလ် ဘော်ဒါဆောင်အခန်းတခုကို စောင့်ရှောက်ထားတယ်ဆိုပေမဲ့ ဂရုတစိုက် တလေးတစား မဟုတ်ပါ။ ကျိုတို တက္ကသိုလ်မှာတော့ ဒေါ်စု ရုံးထိုင်သွားတဲ့ အခန်းကို ဂရုတစိုက် စောင့်ရှောက်ထားပါတယ်။ သူနေခဲ့စဉ်ကအတိုင်း လက်ရာ မပျက်ထားရှိပါတယ်။ သူရေးထားတဲ့ စာတမ်းတစောင်ရှိတယ်။ ကူးယူပုံနှိပ်ထားသင့်ပါတယ်။ ခုထက်ထိ ပုံနှိပ်ဖြန့်ချိတာ မလုပ်ရသေးပါ။ ဗမာပြည် ကွန်မြူနစ်ပါတီ အကြောင်း ထင်တယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ နိပေါမှာလဲ သူ့ခင်ပွန်းနဲ့ လိုက်နေဖူးတယ်။ အိန္ဒိယ၊ ဘူတန်တို့မှာ လဲ နေဖူးတယ်။ ကမ္ဘာအနှံ့ပါပဲ။ စာအုပ်တွေရေးတာကို (အများတွေ့ဖူးသလောက်ပဲ) ကျနော်လဲ တွေ့ဖူး ပါတယ်။ ကဗျာတွေလဲ ကြိုးကြား ရံခါ တွေ့ဖူးပေမဲ့ တထုပ် တအုပ် မထုတ်ဖူးသေးပါဘူး။ “အကယ်၍” ကဗျာ ဘာသာပြန်တပုဒ်နဲ့ “အမေ”ကဗျာတပုဒ်ကို သတိထားခဲ့မိတယ်။ ကဗျာဓာတ်ခံကောင်းသူလို့ ဆိုဝံ့ပါတယ်။ အချိန်အားလို့ ကဗျာတွေရေးခွင့်ကြုံရင် ကဗျာဆရာဖြစ်လာနိုင်တာပဲ။ ဒီလိုဆိုရင် ကျနော်တို့ ဗမာပြည်မှာ ကဗျာဆရာ ဝန်ကြီးချုပ်၊ ကဗျာဆရာ သမ္မတ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောရဲမလဲ။
 
ဝန်ကြီးချုပ်တို့၊ သမ္မတတို့ ဆိုတာ သေနတ်ရှိရင်လဲ ဖြစ်နိုင်တာမျိုးပါ။ (အရှက်မရှိရင်လဲ ဖြစ်နိုင် တာပဲလို့ ဆိုရင် ဘယ်သူမှ စောင်းချိတ်ပြောတာ မဟုတ်ပါ။ သဘောတရား တခုအဖြစ် ပြောတာပါ။) ဒါပေမဲ့ ကဗျာဆရာဆိုတာကတော့ သေနတ်ရှိတိုင်း ဖြစ်နိုင်တာ မဟုတ်ပါ။ ပါရမီ ရှိမှ ဖြစ်နိုင်တာပါ။
 
အာရှတိုက်က ကဗျာရတနာသိုက်ကြီးပါ။ ဝါသနာ၊ စေတနာ၊ ပါရမီရှိရင် ပြေးရင်းလွှားရင်း ကဗျာရေးခဲ့ကြသူတွေလဲ ရှိပါတယ်။ ဥပမာ မော်စည်တုန်း၊ ဟိုချီမင်း-။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကဗျာ တအုပ်စီတော့ ထုတ်ခဲ့ကြဖူးပါတယ်။ ဗမာပြည်က ခေါင်းဆောင်ကြီးတွေ တအုပ်၊ တပုဒ် မထုတ်ဖူး သေးဘူး။ ကျောင်းမှာ သင်ရလို့ ကဗျာတွေကို ဖတ်တော့ ဖတ်ဖူးကြမှာပါ။ သမ္မတလဲ သမ္မတဂုဏ်နဲ့ ပါပဲလေ။ ပြည်သူ လူထုက ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဆိုရင် ဂုဏ်ကြီးတာပါပဲ။
 
တခါက တင်မိုးနဲ့ မောင်စွမ်းရည်တို့ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ အိမ်ကို ရောက်သွားကြ တယ်။ တခြားကဗျာဆရာတွေလဲ ပါတယ်။ ဆရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် အဖြစ် ကမာရွတ်မြို့နယ်က အရွေးခံမယ်။ တင်မိုးက “တိုဆရာက အမတ်ဖြစ်တော့မယ်။ အဖွဲ့ချုပ်က အစိုးရအဖွဲ့ဖွဲ့ရရင် ငါတို့ ဆရာက သမ္မတကြီး ဖြစ်လာမယ်”လို့ ဝင်ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဆရာက “ဟေ့ – ဟေ့ – မောင်ဘဂျမ်း၊ တော် – တော်- မဦးမချွတ် ဟိုပြော ဒီဟောတွေ လျှောက် မပြောနဲ့”လို့ မျက်နှာကြီး နီရဲပြီး တားမြစ်ပါတယ်။ ကျနော်တို့က ရယ်နိုင်ပေမဲ့ ဆရာက မရယ်နိုင်ရှာပါ။
 
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်တော့ ကဗျာဆရာ သက်တော်စောင့်၊ ကဗျာဆရာ ဥယျာဉ်မှူး၊ ကဗျာဆရာ ဒရိုင်ဘာ၊ ကဗျာဆရာ စားတော်ချက်၊ ကဗျာဆရာ ဆေးမှူး စသဖြင့် ခန့်ထား ဖို့ ကောင်းပါတယ်။ အပျော် စဉ်းစားရုံပါ။ ကဗျာဆရာ မဟုတ်သူများက မနာလို မဖြစ်စေချင်ပါ။ ကဗျာ ဆရာတွေချည်း ဝန်းရံနေရုံနဲ့လဲ ဘာမှ အလုပ်ဖြစ်မယ် မထင်ပါ။
 
ကျနော် ကဗျာဆရာ မောင်စွမ်းရည်ပါ။
 
မောင်စွမ်းရည်

 

စာပြီး ရက်စွဲ – ၂၀၁၅၊ ဇွန် ၁၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်