ငြိမ်းချမ်းအေး – ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ…

July 18, 2015

ငြိမ်းချမ်းအေး – ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ…
(Friday Times / မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၅
၁၉၄၇ ခုနှစ် ၁၉ ဇူလိုင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက် ကြိုးကိုင်မှု ရှိ/မရှိ သုံးသပ်ချက်တွေကို ဗြိတိသျှ နိုင်ငံခြားရေးဋ္ဌာနက ဆက်စပ်တဲ့ လျှို့ဝှက်မှတ်တမ်းတွေ ကန့်သတ်ခုနှစ်ပြည့်လို့ အများပြည်သူကို ထုတ်ဖော်ခွင့်ရလာချိန်ကျမှ ပေါ်ထွက်လာခဲ့တဲ့ ဗြိတိသျှအသံလွှင့်ရုပ်မြင်သံကြား “အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ (Who Really Killed Aung San?, BBC Documentary Programme, 1997)” မှတ်တမ်းရုပ်ရှင်မှာ တွေ့နိုင်တယ်။  ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော (၁၉၁၉-၂၀၁၂) ရဲ့ ပြောဆိုသုံးသပ်မှုများ အပါအဝင် ရုပ်သံအစီအစဉ်တက်ဆက်မှုကနေ စဉ်းစားပုံဖော်ကြည့်နိုင်တယ်။  ဗိုလ်ချုပ်ကျော်ဇောဟာ သူ့ရဲ့ စာနယ်ဇင်း တွေ့ဆုံမေးမြန်းခန်းအားလုံးလိုလိုမှာ ဗိုလ်ချုပ်တို့ကျဆုံးရမှုဟာ နောက်ကွယ်က နယ်ချဲ့အရင်းရှင် ဗြိတိသျှတွေရဲ့ စီစဉ်မှုကြောင့်ပဲလို့ တသမတ်တည်း ဆုံးသည့်တိုင် ဆိုသွားခဲ့တယ်။

“…ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး။  ဒါကိုငါလည်း သိတယ်။  မင်းတို့ ဗြိတိသျှတွေလည်း သိတယ်။  ဘာဖြစ်လို့လဲဆိုတော့.. မင်းတို့က အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ ရှိနေလို့ပဲ…”။

(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်းက ရန်ကုန်မြို့ ဆူးလေးဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည်ဆုံး အရက်ဘားလို့ အဲဒီခေတ်တုန်းက နာမည်ကြီးတဲ့ အရာရှိများကလပ်မှာ ဗြိတိသျှလူငယ်စစ်ဗိုလ် အန်တိုနီစတိုနာကို ချဲတဲ့စကား)

အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုကို ဦးဆောင်စုံစမ်းဖော်ထုတ်ခဲ့ရတဲ့ လက်ထောက်ရဲမင်းကြီးဦးထွန်းလှအောင်ရဲ့ သားဖြစ်သူ ဦးခင်အောင်ကလည်း မိသားစု မှတ်တမ်းစကားတွေ၊ ဖြစ်ရပ်မှန် သမိုင်းမှတ်တမ်းမှတ်ရာတွေကိုစုစည်းပြီး “အောင်ဆန်းကို ဘယ်သူသလဲ” (Who Killed Aung San?, 1993) သမိုင်းစာအုပ်တစ်အုပ် ပြုစုခဲ့ဖူးတယ်။  အဲဒီစာအုပ်မှာလည်း နယ်ချဲ့ရဲ့ သွေးထိုးမှုတွေ၊ မသင်္ကာဖွယ်ရာ နောက်ခံ အခြေအနေတွေကို ကျယ်ကျုယ်ပြန့်ပြန့် လေ့လာနိုင်ပါတယ်။  ဒီသမိုင်းဖြစ်ရပ်ဆိုးကြီးအကြောင်း လေ့လာနိုင်တဲ့ အခြား သမိုင်းစာအုပ်များလည်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ အများအပြားရှိပါတယ်။

ဗိုလ်ချုပ်ရဲ့ ကျန်ရစ်သူ ဇနီး ဒေါ်ခင်ကြည် (၁၉၁၂-၁၉၈၈) ကကျ ဗိုလ်ချုပ်လုပ်ကြံခံရမှုကို ဒီလိုသုံးသပ်ဖူးပါသတဲ့။

“…လက်ျာသမားတချို့ရဲ့ ပယောဂလည်း ပါတယ်။  အထူးသဖြင့်တော့ နယ်ချဲ့သမားက ထိုးနှက် တိုက်ခိုက်ခံလိုက်ရတာ၊ ဒါကို သဘောပေါက်လို့ လက်ဝဲညီညွတ်ရေး ပြန်တည်ထောင်ဖို့ ကိုအောင်ဆန်းနဲ့ ကိုသန်းထွန်းတို့ ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲကာလမှာ လုပ်ကြံခံလိုက်ရတာပဲ။  လုပ်ကြံမခံရလို့ လက်ဝဲညီညွတ်ရေး မအောင်မြင်ဘဲ လက်ျာ အချောင်သမားတွေနဲ့ ဆက်လက် ပေါင်းမိသွားရင် နာမည်ဆိုး၊ နာမည်ပျက်နဲ့ သေရမှာ။  မင်းတို့ သိတဲ့အတိုင်းပဲလေ။ လက်ျာအုပ်စုတွေဟာ ဆိုရှယ်လစ်အုပ်စုထဲက ဆိုရှယ်နီတွေ ကန်ထုတ်၊ နောက်ဆုံး ဖဆပလကြီး ပြိုကွဲအောင် လုပ်ခဲ့ပြီး တည်မြဲ၊ သန့်ရှင်း စသဖြင့် တစစီ ကွဲထွက်ခဲ့တယ် မဟုတ်လား။  အခုတော့ ဆိုရှယ်ဒီမိုကရက်အုပ်စုဟာ နာမည်ဆိုးနဲ့ နိဂုံးချုပ်ခဲ့တာ..”။

(ဒေါ်ခင်ကြည်ရဲ့ ကိုယ်တိုင်ပြောပြချက်ကို ပြန်လည်ရေးသားတဲ့ လှကွန့်ရေး “ဒေါ်ခင်ကြည် ပြောပြတဲ့ လူငါးယောက် အကြောင်း”၊ မြန်မာသစ် မဂ္ဂဇင်း၊ ဧပြီ/၂၀၁၂  ခုနှစ်ထုတ်ကနေ ကောက်နှုတ်ပါတယ်။)

သမိုင်းတွေပြောကြရေးကြသုံးသပ်ကြရင် ဘယ်လောက်ပဲ အချက်အလက်အပေါ် အခြေခံရေးရပေမဲ့ ရေးသူ၊ မေးမြန်းခံရသူတွေရဲ့ အတွေ့အကြုံ၊ အမြင်၊ ယုံကြည်တွေးထင်ချက်၊ အတွေးအခေါ်တွေလည်း အနည်းအများပါတတ်တာ သဘာဝပါပဲ။  သမိုင်းကို မအအောင် သင်ယူတတ်ရမယ့် မျိုးဆက်သစ်ကသာ အားလုံးအမြင်တွေ၊ အပြောတွေကို စုစည်း လေ့လာ ဆင်ခြင်ထုတ်နှုတ်ယူတတ်ရပါမယ်။

ဒီလိုရှုပ်ထွေး နက်နဲပြီး အရုပ်ဆိုးလှတဲ့ နိုင်ငံရေးလုပ်ကြံမှုကြီးရဲ့ အခြားနောက်ခံကွင်းဆက် တစ်ဆက်ကတော့ အနာဂတ်မှာ တပ်မတော် ဦးဆောင်သူနေရာကနေ ရေရှည် အာဏာလက်ဝါးကြီးအုပ်လိုမှု ရည်မှန်းချက်ရှိတဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ သင်္ကာယနမကင်းစရာ နောက်ခံအနေအထားပါ။  ဒီအချက်ကိုလည်း ဆိုခဲ့တဲ့ သမိုင်းမှတ်တမ်းရုပ်ရှင် စာအုပ်တွေနဲ့ သိန်းဖေမြင့် (၁၉၁၄-၁၉၇၈)၊ သခင်တင်မြ (၁၉၂၄-၂၀၁၅) တို့လို  ခေတ်ပြိုင်ပုဂ္ဂိုလ်များ ပြန်လည် မှတ်တမ်းတင်တဲ့ လွတ်လပ်ရေးသမိုင်းစာအုပ်တွေမှာ တစွန်းတစ တွေ့နိုင်၊ မြင်နိုင်၊ စဉ်းစားသုံးသပ် နိုင်ပါတယ်။  မလှမ်းမကမ်း ရှေ့မီနောက်မီ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) (၁၉၂၆-၂၀၀၈) ရဲ့ “A Journalist, A General And An Army in Burma, 1995၊ မြန်မာပြန်- ဘီလူးတို့ရွာ (၁၉၉၉)” စာအုပ်နဲ့ “ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ ၂၀၀၁ ခုနှစ်)” စာအုပ်တွေမှာ လည်း ဗိုလ်ချုပ်နေဝင်းဟာ ဂျပန်မှာ စစ်ပညာသင်စဉ်ကာလကစပြီး နောက်ပိုင်း တလျှောက်လုံး စစ်တပ်ရာထူး အထွတ် အထိပ်ကို ရောက်နိုင်ဖို့ အမျိုးမျိုးကြံစည်လုပ်ဆောင်ခဲ့ပုံတွေကို စာရေးသူ ဦးသောင်းရဲ့ သုံးသပ်ချက်တွေ လေ့လာနိုင်ပါတယ်။   ဒါကိုလည်း ယနေ့ခေတ် လူငယ်များ အလေးထား ဂရုပြု ဆင်ခြင်ဉာဏ်ထုတ် သမိုင်းပြန်လှန်တတ်ရပါမယ်။

မည်သို့ဆိုစေ အခြားသမိုင်းနောက်ခံစာအုပ်တွေမှတ်တမ်းစာတွေမှာလည်း ဗိုလ်နေဝင်း ဂျပန်ခေတ်မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လူငယ်အုပ်စုနဲ့ “ဆရာမွေး၊ တပည့်မွေး” လုပ်ကြပြီး မြေအောက်တော်လှန်ရေး ဦးဆောင်နေတဲ့ သခင်စိုးနဲ့ သွားတွေ့ညှိ ဂျပန်လက်နက်ကိုင်တော်လှန်ရေးစလုပ်ဖို့ ဆွေးနွေးခဲ့တာတွေ၊ သခင်စိုးက သူတို့ စစ်တပ်ကလူချင်း အာဏာလုပွဲမှာ ငါက ဘာလို့ ခေါင်းခံရမလဲဆိုပြီး ငြင်းလွှတ်လိုက်တာတွေ စတဲ့ သမိုင်းအချက်တွေ ငြင်းမရအောင် ဖြစ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်နေဝင်ရဲ့ အထက်ကို ဖြတ်လမ်းက ရောက်ဖို့ ကြံခဲ့တဲ့ ကလိမ်ဉာဏ်တွေကိုသိနိုင်ပါတယ်။

ဂျပန်တော်လှန်ရေး တကယ်စတော့လည်း ဗိုလ်ချုပ်နေဝင်းဟာ သူ တာဝန်ကျတဲ့ ဒေသမှာ မနေခဲ့ဘူး၊ ရန်ကုန်မှာ ဂျပန်ဆုတ်တဲ့ သတင်းကြားတော့ ရန်ကုန်ကို အမိန့်မရဘဲ သွားခဲ့တယ်။  သူဦးဆောင်တဲ့ ဗမာ့တပ်မတော်က ရန်ကုန်ကို သိမ်းလိုက်ပြီ ဖြစ်ကြောင်းသူ့လက်မှတ်နဲ့ ခပ်တည်တည်စာထုတ်၊ မြန်မာ့အသံမှာတက် အသံလွှင့်တာမျိုးအထိ လုပ်ခဲ့ပြီး ဝင်လာတော့မယ့် ဗြိတိသျှကို သူဟာ ဗမာစစ်တပ်ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြုနိုင်ဖို့ ကြိးစားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့တယ်။  သခင်စိုးတောင် မျက်စေ့မလည်ခဲ့တဲ့ အကွက်ကို ကမ္ဘာပတ်ဗိုလ်ကျနယ်ချဲ့နေတဲ့ လူပါး အင်္ဂလိပ်ကလည်း ပိုမိုနားလည် တွက်မိတဲ့အတွက် နောက်ပိုင်း တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့သာ ပြုလုပ်တာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) က ဗိုလ်နေဝင်း (၁၉၁၀-၂၀၀၂) ကို ဂျပန်စစ်ပညာ သင်ချိန် ဟိုင်နန်မှာကတည်းက အသက်အရွယ်အရရယ်၊ တစ်ဖက်ဂိုဏ်း (သခင်ဗစိန်-ထွန်းအုပ် ဒို့ဗမာအစည်းအရုံး) က လူလည်း ဖြစ်တဲ့အတွက် ညီညွတ်မှု ပြချင်တာရယ်ကြောင့် နေရာအထိုက်အလျောက် ပေးခဲ့တယ်။  ဗိုလ်ချုပ်နေဝင်းရဲ့ ဉာဏ်ကောင်း၊ ထက်မြက်၊ အထက်လူကြီးခိုင်းရင် ဖင်ပေါ့ သွက်လက် လုပ်ပေးတတ်တဲ့အကျင့်ကလည်း မျက်နှာသာပေးခြင်းခံရတဲ့ တစ်ကြောင်း ဖြစ်နိုင်တယ်။  ဒါပေမဲ့ ဗိုလ်နေဝင်းဟာ ရဲဘော်သုံးကျိပ်မှာ အထက်အောက် အဆင့်အရ သူအထက်မှာ ပိတ်ခံနေတဲ့သူတွေ အများကြီးဆိုတာ သိတဲ့အပြင်၊ သူရဲ့ နိုင်ငံရေး အရည်အချင်း မရှိမှု၊ တက္ကသိုလ်ကျောင်းသားဘဝ နောက်ခံနိုင်ငံရေးသမိုင်းမရှိ၊ မကောင်းမှုတွေကြောင့် နိုင်ငံရေးရာထူးမှာ ထိပ်ဆုံး မရောက်နိုင်ဘူးဆိုတာကို ကောင်းကောင်းနားလည်ထားခဲ့တယ်။  ဒီအတွက်လည်း မကျေမနပ် ဖြစ်နေကာ  ထိပ်ကို လှမ်းနိုင်ဖို့ အမြဲ ကြံစည်နေခဲ့တယ်။

ဂျပန်ခေတ်ရဲဘော်သုံးကျိပ်တုန်းက စစ်ခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်ထွန်းအုပ်ရှိတယ်။  ဒုတိယ စစ်ခေါင်းဆောင်အဖြစ်နဲ့ ကျောင်းသားနိုင်ငံရေးကို ၁၉၃၆ ဒုတိယကျောင်းသားသပိတ်က တည်းက ဦးဆောင်ပါဝင်လှုပ်ရှား နိုင်ငံရေးသမိုင်းကောင်းခဲ့သူလည်းဖြစ်သူ ဗိုလ်လက်ျာ (သခင်လှဖေ) (၁၉၁၁-၁၉၇၈) ရှိတယ်။  နောက်စစ်ခေါင်းဆောင်တွေ အဖြစ် ဗိုလ်ဇေယျ (သခင် လှမောင်)၊ ဗိုလ်စကြာ (သခင်အောင်သန်း၊ သခင် ဗစိန်- ထွန်းအုပ် ဂိုဏ်း) တို့ကလည်း ဗိုလ်နေဝင်းရဲ့ အထက်အဆင့်အနေနဲ့ ရှိခဲ့တယ်။

ဂျပန်တော်လှန်ရေးအပြီး ဗမာ့မျိုးချစ်တပ်မတော် ရဲ့ ရာထူးအဆင့်မှာ စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-စစ်သေနာပတိ ဗိုလ်မှူးကြီး လက်ျာ၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဇေယျတို့ ရှိတယ်။  ဗိုလ်နေဝင်းက နောက်ခံ နိုင်ငံရေးသမိုင်းအပြင် ပုဂ္ဂလိကဘဝဖြစ်ရပ်တွေကြောင့် စစ်တပ်ရာထူးမှာ ဗိုလ်ဇေယျ အောက်ရောက်လိုက်၊ အထက်ရောက်လိုက် အမျိုးမျိုး ဖြစ်နေခဲ့တယ်။  ကာလအပိုင်းအခြား အလိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူ့အပေါ် ကိုင်တွယ်ပုံ အလိုက် ရာထူး အတက်အကျ ပြောင်းလဲနေခဲ့တယ်။

ဒီအနေအထားနဲ့ ကန္ဒီစာချုပ် (၁၉၄၅-စက်တင်ဘာ-၇) ချုပ်တယ်။  စာချုပ်အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်စမစ်ဒွန်း (၁၉၀၆-၁၉၇၉) (BC ၅၁၀၆)၊ ဗိုလ်မှူးချုပ် စောကြာဒိုး (BC ၅၁၀၇) တို့လို အင်္ဂလိပ်သင်တန်းဆင်း ဗြိတိသျှဘားမားတပ်က လာသူတွေနဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း တို့လို ဂျပန်သင်တန်းဆင်း မျိုးချစ် ဗမာ့တပ်မတော်ဘက်က လာသူတွေ ဆိုပြီး အုပ်စုနှစ်ခု ပူးပေါင်းပါဝင်ခဲ့ရတယ်။  စစ်တပ်နဲ့ နိုင်ငံရေး မသက်ဆိုင်ကြောင်း သက်သေပြုနိုင်ဖို့ရာ တပ်မတော် အစုအဖွဲ့တစ်ခုလုံးဟာ ဖက်ဆစ်တော်လှန်ရေးတုန်းက အခြားသောအင်အားစုတွေနဲ့ အတူ လက်တွဲပါဝင်လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးတပ်ပေါင်းစု အဖွဲ့ကြီး ဖ-တ-ပ-လ အဖွဲ့ချုပ် ကနေ ၁၉၄၅ခုနှစ် အောက်တိုဘာ ၂၃ မှာ ထွက်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း စစ်ရာထူးနဲ့ နိုင်ငံရေးအာဏာမယူချင်တာကြောင့် မျိုးချစ်ဗမာ့တပ်မတော် ဗိုလ်ချုပ်ရာထူးကို ၁၉၄၅ခုနှစ် အောက်တိုဘာ၂၇ မှာ စွန့်တယ်။  ဗိုလ်ချုပ်နဲ့အတူ ဗိုလ်မှူးအောင် အပါအဝင် ရဲဘော်သုံးကျိပ်ဝင် တချို့ နိုင်ငံရေး လုပ်ဖို့ စစ်တပ်ကနေ တပါတည်း လိုက်ထွက်တယ်။  စစ်တပ်မှာ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ရဲထွဋ်တို့သာကျန်ခဲ့တယ်။  ဘုရင်ခံ အမှုဆောင်ကော်မတီမှာ ဗိုလ်ချုပ်က ဒုတိယ သဘာပတိ ဖြစ်လာတယ် (၁၉၄၆-စက်တင်ဘာ၊ ၂၆)။  ဒီအနေအထားနဲ့ လုံးဝလွတ်လပ်ရေးလှုပ်ရှားမှုဖြစ်စဉ် အဖြစ် အောင်ဆန်း-အက်တလီ စာချုပ် (၁၉၄၇-ဇန္နဝါရီ-၂၇)၊ ပင်လုံစာချုပ် (၁၉၄၇-ဖေဖေါ်ဝါရီ-၁၂) တွေ ဖြစ်ပေါ်တိုးတက်လာခဲ့တယ်။

တပ်မတော်မှာတော့ ဗိုလ်ချုပ်စမစ်ဒွန်းက ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတယ်။  ဗိုလ်မှူးချုပ် စောကြာဒိုးက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နဲ့ စစ်ဆင်ရေးမှူး ဖြစ်လာတယ်။  ဒုဗိုလ်မှူးကြီး စောရှိရှိုက ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်လာတယ်။  ရေကြောင်းတပ်မှူး ခင်မောင်ဘို (မေယု စစ်သင်္ဘော အင်္ဂလိပ်ဆီက ဗိုလ်ချုပ်အောင်ဆန်း လွှဲပြောင်းယူတော့ ဗိုလ်ချုပ် အမိန့်ပြန်တမ်း အရ မေယု စစ်သင်္ဘော ရဲ့ ပထဦးဆုံး ဗမာ စစ်ရေယာဉ်မှူး ဖြစ်ခဲ့သူ) က ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်တယ်။  ဒုဗိုလ်မှူးကြီး စောဒိုနီက စစ်ထောက်ချုပ် ဖြစ်တယ်။  အစရှိသဖြင့် စစ်ရုံးရာထူးအဆင့် အသီးသီးရှိနေတယ်။  (စကားချပ် – ဗမာ့တပ်မတော် နောက်ခံသမိုင်း၊ လွတ်လပ်ပြီးခေတ် ဗမာ့တပ်မတော် ရာထူး၊ ပုဂ္ဂိုလ်အမည်နဲ့ ဖွဲ့စည်းပုံ အချက်အလက် အသေးစိတ်ပါတဲ့ ပြည်တွင်းပြည်ပ လေ့လာသူ ပညာရှင်များ ရေးထားတဲ့ စာအုပ်တွေရှိပါတယ်။  ဥပမာ – စတိုင်းဘတ်၊ အင်ဒရူးဆတ်နဲ့ မောင်အောင်မျိုး)

ဆိုတော့ ဗိုလ်ချုပ်နေဝင်းဟာ ခေတ်သစ် ဗမာ့တပ်မတော် ရာထူးအဆင့်မှာ ဗိုလ်ချုပ်အောင်ဆန်းတပ်ကနေ အနားယူသွားပြီ ဖြစ်တဲ့အပြင် ဗိုလ်ဇေယျ (ကြည်း ၃၅၀၃) ထက် အမှတ်စဉ် တစ်ဆင်ြ့မင့်တဲ့ (ကြည်း ၃၅၀၂) အမှတ်စဉ်ကို အကြောင်းအမျိုးမျိုးကြောင့်အရယူနိုင်ခဲ့ပေမယ့် အထက်မှာ ဗိုလ်လက်ျာ (ကြည်း ၃၅၀၁) အပြင် အခြား အင်္ဂလိပ်တပ်ကလာသူ အထက်မှာဆိုခဲ့တဲ့ ဝါရင့် ကရင်စစ်ဗိုလ်ကြီးတွေ ရှိနေတဲ့အတွက် စစ်တပ် ရာထူးတက်ရေး ရည်မှန်းချက်က အလှမ်းဝေးနေပြန်သေးတယ်။  အောင်ဆန်း-အက်တလီ စာချုပ်၊ နု-အက်တလီ စာချုပ်၊လက်ျာ-ဖရီးမင်း၊ အစရှိတဲ့ သမိုင်းမှတ်တိုင်နာမည်တွေသာ ရှိတဲ့ ဗမာ့ လွတ်လပ်ရေးနဲ့ ဗမာ့တပ်မတော်သမိုင်းမှာ သူဟာ ဖြတ်လမ်းနည်းမှ မသုံးရင် ထိပ်ဆုံးမရောက်ဘူးဆိုတာကို ဗိုလ်နေဝင်း ကောင်းကောင်း သိဟန်တူပါတယ်။

ဒီလိုနဲ့ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှာ နိုင်ငံရေးအယူဝါဒတွေကွဲ ဖြစ်ခဲ့တယ်။  စစ်တပ် တပ်ရင်းတချို့ တောခိုတယ်။  အဲဒီအချိန်မှာ ဗိုလ်နေဝင်းကစစ်တပ်ကို ဦးဆောင်ပြီး တောခိုမယ်၊ (ဦး) သိန်းဖေမြင့်က နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ တောခိုမယ်ဆိုပြီး လက်ဝဲယိမ်းလုပ်ခဲ့ဖူးသေးတယ်။  ဦးသိန်းဖေမြင့်ကို အဲဒီအချိန်မှာ သူ့သူငယ်ချင်း ဦးကျော်ငြိမ်းက တောမခိုစေချင်လို့ နေအိမ်ကို ထမင်းစားဖိတ်ပြီး ထောင်ထဲ ထည့်ထားလိုက်တယ်။  ဗိုလ်နေဝင်း တောထဲ လိုက်မသွားတာကတော့ တောခိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အာဏာရဖို့ မသေချာတာကို တွက်မိလို့ ဖြစ်ဟန်ရှိတယ်။  စစ်တပ်ရာထူးပြိုင်ဖက် ဗိုလ်ဇေယျကတော့ တောထဲပါသွားတယ်။

တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးအပြင် အယူဝါဒရောင်စုံ လက်နက်ကိုင်အဖွဲ့အစည်စုံ တောခိုနေပြီး ဖြစ် လို့အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ မဆပလ ဦးနုအစိုးရကလည်း ဗိုလ်ချုပ်နေဝင်းနဲ့ အောက်က လက်အောက်ငယ်သားမြန်မာစစ်ဗိုလ်များ သွေးထိုးမှုနဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်း ကရင် စစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေကို အတင်းအကျပ် အနားပေးခဲ့ရတယ်။   ဒီလိုနဲ့ ဗိုလ်ချုပ်နေဝင်းဟာ စစ်တပ်ခေါင်းဆောင်ရာထူးကို အတိုက်အခံမရှိ လွတ်လွတ်ကျွတ်ကျွတ် နောက်ဆုံးမှာ ရသွားပါတော့တယ်။  ဒီစစ်တပ်ကိုပဲ မောင်ပိုင်စီးပြီး နိုင်ငံအာဏာကိုလည်း ၁၉၆၂ မှာ အပြီးသိမ်းခဲ့တယ်။  ဗမာပြည် စစ်အာဏာရှင်စနစ်ဆိုး အမြစ်တွယ်ခဲ့ရခြင်း အကြောင်းတစ်ချက်၊ တိုင်းပြည်ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ အချက်လို့လည်း ဆိုနိုင်ပါတယ်။

ဗိုလ်နေဝင်းရဲ့ တိုင်းပြည်ရဲ့ အထွတ်အထိပ်ရောက်ရေးလမ်းစဉ်မှာ ပထမဆုံးနဲ့ အရေးကြီးဆုံး ဆူးညောင့်ခလုတ်ကတော့ အားလုံးသိတဲ့ သူလည်း ဘယ်လိုမှ ရိုးရိုးနည်းနဲ့ပြိုင်လို့ မရနိုင်တဲ့ အတုမရှိ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။  ဒါကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံခံရမှု ဖြစ်စဉ်မှာ  ဗိုလ်ချုပ်နေဝင်းနဲ့ အပေါင်းအပါ ငယ်မွေးခြံပေါက်များ ဘယ်လောက် သိနေ၊ ဘယ်လောက် လက်လွှတ်စပယ် မျက်ကွယ်ပြုခဲ့တာတွေ ရှိသလဲဆိုတာ သမိုင်းသုံးသပ်သူများအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ရာ မဖြစ်မနေ လိုလာပါတယ်။  အကြောင်းက ရာဇဝတ်မှုတစ်ခုမှာ “Means (နည်းလမ်း)၊ Motive (အကျိုးခံစားခွင့် ရည်ရွယ် ချက်)၊ Opportunity (အခွင့်အရေး)”  ရှိသူအားလုံးကို သံသယတရားခံစာရင်းမှာ ထည့်ရမှာ ဖြစ်သလို၊ ပူးပေါင်းပါဝင်လက် ရောက်ခဲ့မှု ရှိ/မရှိလည်း သုံးသပ်ရမှာ ဖြစ်ပါတယ်။

ပြန်ချုပ်ရရင် “ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ…” မေးခွန်းမှာ အခြား အာဏာပြိုင်ဘက်တစ်ဦးဖြစ်သူ ကာယကံမြောက် ကြံစည်ကျူးလွန်သူခဲ့သူ နယ်ချဲ့အလိုတော်ရိ မျိုးချစ်အမည်ခံ ဦးစော၊ သွေးထိုးသူ အင်္ဂလိပ်အရင်းရှင် အစိုးရ၊ လက်နက်ထုတ်ပေးသူ အင်္ဂလိပ်တပ် အပြင်မှာ လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေးဇာတ်ခုံကို ဗြောင်ဆန်စေခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ အပေါင်းအပါ ဆိုရှယ်လစ် စစ်ဗိုလ်များ၊ ဒေါ်ခင်ကြည် မှတ်ချက် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လက်ဝဲညီညွတ်ရေးတည်ဆောက်နေမှု အောင်မြင်တာကို မလိုလားတဲ့ လက်ယာအုပ်စုနဲ့ ဖဆပလရဲ့ ဖောက်ပြန်တဲ့ ဆိုရှယ်လစ်အစိတ်အပိုင်း အားလုံးရဲ့ အခန်းကဏ္ဍကိုပါ ထည့်သွင်းတွက်ချက် စနစ်တကျ သုတေသနပြု ဖော်ထုတ်မှုတွေ အနာဂတ်မျိုးဆက်သင်ခန်းစာယူနိုင်ဖို့ရာ ပိုမိုပြုလုပ်ဖို့ လိုနေပါတယ်။

မဆလ၊ နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက် အာဏာနိုင်ငံရေးအရ ဗိုလ်ချုပ်ရုပ်ပုံ မချိတ်ဝံ့လောက်အောင်၊ ဗိုလ်ချုပ်ပုံ နိုင်ငံတရားဝင်ငွေကြေး တွေကနေ ပျောက်ကွယ်အောင်၊ အာဇာနည်နေ့ ဥသြမဆွဲဝံ့လောက်အောင်၊ ဗိုလ်ချုပ်ကြေးရုပ် အလေးပြု၊ ပန်းခြင်းချ မလုပ်ဝံ့လောက်အောင် စတဲ့ ဗိုလ်ချုပ်သမိုင်းကို မှေးမှိန်ဖို့ရာ စနစ်တကျ ကြံစည်ခဲ့သူများအားလုံး ဟာလည်း ဗိုလ်ချုပ်ကို သမိုင်းမှာ အကြိမ်ကြိမ်သတ်သူများ စာရင်းဝင်ကြောင်း၊ သမိုင်းအမှားတွေ ထိမ်ချန်မှုတွေမြင် အမှန်ပြင်ကြဖို့ လိုနေပြီ ဖြစ်ကြောင်းလည်း နိဂုံးချုပ်တိုက်တွန်းရင်း ၆၈ နှစ်ပြည့် အာဇာနည်နေ့ အမှတ်တရ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ။

 
ငြိမ်းချမ်းအေး

(မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၁၆)၊ (၂၀၁၅) ခုနှစ် ဇူလိုင်လ (၁၇) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သတင်းဆောင်းပါး, သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်