ဇင်လင်း – ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး

July 20, 2015

ဇင်လင်း – ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၅

——–
ရွေးကောက်ပွဲနေ့ဟာ ရက်ပေါင်း (၁၀၀) သာသာပဲ လိုပါတော့တယ်။ လက်ရှိ ဦးသိန်းစိန်အစိုးရသက်တမ်း (၄) နှစ် ကျော် ခဲ့ပေမယ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအပိုင်းမှာ ထင်ရှားတဲ့တိုးတက်မှုရယ်လို့ ပြစရာ မမြင်မိပါ။  နိုင်ငံရေး ပြဿနာတွေကို၊ ယေဘုယျစိပ်ဖြာကြည့်တဲ့အခါ၊ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ ဘာတစ်ခုမျှ အောင်မြင်တာ ပြစရာ မရှိတာ မြင်တွေ့နေရတယ်။ ဥပဒေမဲ့ မြေသိမ်းယာသိမ်းကိစ္စ၊ အနိမ့်ဆုံး လုပ်ခ/လစာ ကိစ္စ၊ အမျိုးသား ပညာရေး ဥပဒေ ကိစ္စ၊ ကုန်ဈေးနှုန်းမတည်ငြိမ်တာကြောင့် လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေအနေတွေ ဆုတ်ယုတ်ပြီးရင်း၊ ဆုတ်ယုတ်ရင်း ဖြစ်နေတဲ့ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် သာမန်ပြည်သူလူထု အားကိုးလောက်တဲ့ တရားစီရင်ရေး စနစ် ဖေါ်ဆောင် မပေးနိုင်တဲ့ကိစ္စ၊ ပညာရေး ကျန်းမာရေး လမ်းပန်း ဆက်သွယ်ရေး၊ ရေကိစ္စ လျှပ်စစ်မီးကိစ္စ အစစ အရာရာမှာ ရလဒ်ကောင်း မထွက်တာကို ကြည့်ရင် လက်ရှိ အစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေ တိုးတက်မှု ရှိ မရှိ သိနိုင်ပါတယ်။ အဆိုးဆုံးကတော့ မရပ်နိုင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတဲ့ ကိစ္စဖြစ်ပါ တယ်။ အစိုးရရဲ့ စေတနာ ဖြောင့်မှန်ရဲ့လား။ ဒါမှမဟုတ် တပ်မတော်ရဲ့ စေတနာကပဲ လွဲချော်နေတာလား။ အစိုးရနဲ့ တပ်မတော်အကြား မူဝါဒ သဘောထားကွဲလွဲမှု ရှိနေ သလား….စသည်ဖြင့် တိုင်းရင်းသားအဖွဲ့တွေဘက်က မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ တစ်ဖက်မှာ အစိုးရရဲ့ MPC က ငြိမ်းချမ်းရေး စကားပြော၊ အခြားတစ်ဖက်မှာ တပ်မတော်က စစ်ဆင်ရေးဆက်လုပ်၊ ဖြစ်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အာဏာတည်မြဲရေး သေနင်္ဂဗျူဟာတွေထဲက နည်းဗျူဟာ တစ်ကွက်လား။ ရွေးကောက်ပွဲကာလမှာ စစ်ရပ် စဲရေး မရရှိအောင် တမင် ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်နေ တာလား။ စစ်ပွဲကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှာလား….စသဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ခေတ်သစ် မြန်မာ့သမိုင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခုကို ဖန်တီးနိုင်ဖို့ ကျောင်းသားများနဲ့ တိုင်းရင်းသား ပြည်သူ လူထုဟာ ၁၉၈၈ ခုနှစ်ကစပြီး သွေးမြေ အကြိမ်ကြိမ် အကျခံ ကြိုးပမ်းခဲ့ကြတယ်။ အဲဒီ ပြည်သူလူထု ကြိုးပမ်း အားထုတ် မှုတွေရဲ့ အကျိုးဆက်အဖြစ် မကြာမီ ၂၀၁၅ နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကြီးတစ်ရပ် မြန်မာနိုင်ငံမှာ ကျင်းပပါတော့မယ်။ ဒါပေမယ့် ရွေးကောက်ပွဲအခင်းအကျင်းက လွတ်လပ်မျှတတဲ့ အခြေအနေ ဖြစ်လာနိုင်ပါ့မလားလို့ လူထုအတွင်း စိုးရိမ်မှုတွေ ရှိနေတာလည်း တွေ့ရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့အပြည့်အ၀ ယုံကြည်မှု မရှိကြောင်း၊ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ဇူလိုင် (၁၁) ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် တာဖြစ်ပါတယ်။

“ကျမတို့ ဒီနေ့သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်နေပါတယ်၊ အားလုံးသိတဲ့ အတိုင်းပဲ ရွေးကောက်ပွဲတွေကို သြဂုတ်လ (၈) ရက်နေ့အပြီး ကိုယ်စားလှယ်စာရင်းတွေ တင်ပြီးတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ်ဆိုတာကတော့ ကြေညာပြီးသားဖြစ်ပါတယ်၊ အဲ့ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်အနေနဲ့ ဒီနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးခေါ် ပြီးတော့ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကို ဆွေးနွေးခဲ့ပါတယ်၊ တိုတို ပြော ရမယ်ဆိုလို့ရှိရင်တော့ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တယ် ဆိုတာကတော့ အဓိကအားဖြင်တော့ မပြီးသေးတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက်ပြီးတော့ အ ကောင်အထည်ဖော်ဖို့ပါပဲ”

အဓိပ္ပာယ်ကတော့ လက်ရှိရွေးကောက်ပွဲ အခင်းအကျင်းမှာ သံသယဖြစ်စရာတွေ အများအပြားတွေ့နေရပေမယ့်၊ မပြီး သေးတဲ့ “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း”ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဒီပွဲမှာ မဲဆန္ဒနယ် (၁၂၀၀) ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဒေါ်စုက ဆိုလိုတာဖြစ်ပါတယ်။ လောလောဆယ် လူအများ စိုးရိမ် မကင်း ဖြစ်နေတဲ့ကိစ္စကတော့ မဲဆန္ဒရှင်စာရင်းတွေ အမှားအယွင်းများလွန်းနေတဲ့ ဖြစ်စဉ်ပါပဲ။ NLD က ဧပြီလ မတိုင်ခင် ကတည်းက မဲစာရင်းတွေ စိစစ်ခဲ့တယ်လို့ဆိုပါတယ်။ စိစစ်တဲ့အခါမှာ ၃၀% ကနေပြီးတော့ ၈၀% ကြား အမှားတွေ ရှိကြောင်း တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ် ကော်မရှင်တာဝန်ရှိသူ တချို့က အဲလောက်မှားခြင်းမရှိဘူးလို့ ငြင်းပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင် အတော်များများရဲ့ အဆိုအရလည်း မဲစာရင်း အမှားများနေတာကတော့ သေချာသလောက်ရှိပါတယ်။

၂၀၁၃ ဒီဇင်ဘာလတုံးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာ တာဝန်ထမ်းနိုင်ဖို့ စစ်ဘက်ဆိုင်ရာ အရာရှိ (၆၁) ဦး ခန့်လိုက်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် ၄၇/ ၂၀၁၃ နဲ့ ထုတ်ပြန်ခဲ့တာ သတိပြုမိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးကနေ ဗိုလ်မှူးအဆင့် (၅၈) ယောက်ကို လက်ထောက်ညွန်ကြားရေးမှုးတာဝန်ပေးပြီး၊ ဗိုလ်ကြီး အဆင့်(၃) ယောက်ကို  ဦးစီးအရာရှိ အဖြစ် ဒီဇင်ဘာလဆန်းက စပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ဘက်လိုက်မှု ကင်းရှင်းသူ တွေကို ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ပေးရမယ့်အစား၊ စစ်ဖက်အရာရှိတွေကို တင်ကြိုနေရာချထားတာ ကလည်း ပြည်သူလူထုအဖို့ စိုးရိမ်စရာ ကိစ္စပါပဲ။ စစ်ဖက်က နှစ်ပေါင်း (၅၀)ကျော် အုပ်ချုပ်ခဲ့လို့ လူထုဟာ မွဲပြာကျခဲ့ရပြီး၊ အထိတ်ထိတ်အလန့်လန့်နေခဲ့ရတာကြောင့် ဒီကိစ္စအတွက် စိုးရိမ်ကြပုံရပါတယ်။

နောက်အရေးကြီးတဲ့ အခြေအနေတစ်ခုက ၂၀၁၅ နိုဝင်ဘာ (၈) ရွေးကောက်ပွဲတွေဟာ မြန်မာခေါင်းဆောင်တွေအတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကတိကဝတ်တွေကို ဖြည့်ဆည်းဖို့ အခွင့်ကောင်းတစ်ခုဖြစ်တယ်လို့  အမေရိကန် အောက် လွှတ်တော် ဒီမိုကရက်ပါတီ ဒု-ဥက္ကဋ္ဌ Joseph Crowley ကပြောကြောင်း လွတ်လပ်တဲ့ အာရှအသံသတင်းမှာ ကြားရပါတယ်။ ဒါပေမယ့် လွှတ်တော်မှာ စစ်တပ်က အမတ်နေရာ ၂၅% ယူထားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ် ထားတာကြောင့်၊ အသွင်ကူးပြောင်းရေးအတွက် အန္တရာယ်ရှိတယ်လို့ Crowley က ဝေဖန်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ယုံကြည်လက်ခံနိုင်မှုကို ထိခိုက်နေတဲ့အတွက် ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့  Mr. Crowley က တိုက်တွန်းထားတယ်။

ဒီ့အပြင် အမေရိကန်အထက်လွှတ်တော်မှာ သြဇာကြီးတဲ့ ရီပါဘလီကင် အမတ် Mitch McConnell ကလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပပြီး တဲ့အထိ မြန်မာအပေါ် ကုန်သွယ်ရေးအထောက်အပံ့တွေ မပေးသင့်ဘူးလို့ ဇူလိုင် ၉ ရက်က ပြောကြားကြောင်း RFA မြန်မာသတင်းအရ သိရပါတယ်။ မြန်မာစစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ကို တချက်လွှတ်အာဏာပေးထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး တားဆီးထားတဲ့ အချက်တချို့ ပြင်ဆင်ရေးကို လွှတ်တော်မှာ ပိတ်ဆို့ခဲ့တဲ့အပေါ် Mitch McConnell က မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားခဲ့ပြီ လို့ ဝေဖန်ထားတာ သတိပြုမိတယ်။

ဒါကြောင့် အစိုးရအနေနဲ့ မိမိတပ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ကွပ်ကဲဖို့ လိုပါတယ်။ လက်ရှိ စစ်တပ်က အစိုးရပြုပြင် ပြောင်း လဲရေးလမ်းစဉ်ကို သွေဖည်ခွင့်ရရှိနေတာဟာ အခြေခံဥပဒေမှာ တပ်ကို တပ်နေရာမှာ မထားတာကြောင့်ပါပဲ။ နိုင်ငံတကာမှာ စစ်တပ်တိုင်းဟာ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ရှိပါတယ်။ လွှတ်တော်နှစ်ရပ်က သဘောမတူဘဲ၊ သမ္မတက အတည် မပြုဘဲ၊ စစ်ပွဲတစ်ပွဲ ဆင်နွှဲခွင့် မရှိပါ။ ကာကွယ်ရေးဦးစီးချုပ်က သမ္မတရဲ့ အမိန့်မရဘဲ တပ်တွေကို တိုက်ပွဲဝင်ဖို့ အမိန့်ပေး ခွင့်မရှိပါ။ မိမိမကျွမ်းကျင်တဲ့၊ မိမိနဲ့မပတ်သက်တဲ့၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာလည်း စစ်ဖက် က ပါဝင်ရန် မလိုပါ။ မိမိနဲ့မဆိုင်တဲ့ စီးပွားရေးကဏ္ဍမှာလည်း စစ်ဖက်က ၀င်ရောက် ဆောင်ရွက်စရာ မလိုပါ။ သူ့နေ ရာနဲ့ သူ၊ အရပ်ဖက်ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းရွက်မှုကို စစ်ဖက်က လေးစားလက်ခံ ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း (၅၀)ကျော် စစ်တပ်က မိမိနဲ့မပတ်သက်တဲ့ကဏ္ဍတွေမှာ ၀င်ရောက်စွက်ဖက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဟာ Least Developed Country ဘ၀ကို ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီအချက်ကို စစ်ခေါင်းဆောင်တွေ ငြင်းပယ်နေသမျှ၊ တိုင်းပြည် ဆင်းရဲတွင်းနွံမှာ နစ်မြဲ နစ်နေမှာဖြစ်လို့၊ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်တိုင်၊ လူထုမျှော်မှန်းတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကတော့ လေထဲမှာ တိုက်အိမ်ဆောက်သလို ဖြစ်နေလိမ့်မည် ဖြစ်ကြောင်းပါ။

((၂၀၁၅ ဇူလိုင်လ (၂၀) တနင်္လာနေ့ထုတ် ((ဒီလှိုင်း)) ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ဆောင်းပါး))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်