မောင်စွမ်းရည် – ကံဆိုးရှာသူ ဗိုလ်မင်းယောင်

July 21, 2015

 

 မောင်စွမ်းရည် – ကံဆိုးရှာသူ ဗိုလ်မင်းယောင်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၅

မြို့လုလင် မြို့သူကြီး ဦးမင်းယောင်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗြိတိသျှကို အသက်စွန့်ပြီး ခုခံတွန်းလှန်ခဲ့တဲ့ သူရဲကောင်းကြီး တဦးအဖြစ် လေးချိုးကဗျာကြီး တပုဒ်ဖွဲ့ပြီး ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ ဗိုလ်မင်းယောင်ကို ဖော်ထုတ်ရတာကလဲ သူ့တပည့် သခင်အောင်ဆန်းကို ဗြိတိသျှ တော်လှန်ရေး သူရဲကောင်း ရာဇဝင်ကို ဆက်ခံသူအဖြစ် ဂုဏ်ပြု ဖော်ထုတ်ချင်လို့ပါပဲ။

တနေ့သောအခါ တို့ဗမာ အစည်းအရုံးရဲ့ နာယက ဥက္ကဋ္ဌကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဟာ သခင်တရားဟောရင်း တောင်တွင်းကြီးနယ်ဘက်ကို ရောက်ရှိသွားခဲ့ပါသတဲ့။ တောင်တွင်းကြီး နယ်မှာ ကြုံရာ ဘုရား စေတီတွေကို လှည့်လည် ဖူးမျှော်ရင်းက မြို့လုလင်ရှိ ဘုရား စေတီတွေကိုလဲ ဝင်ရောက် ဖူးမျှော်တော့ ထူးဆန်းတဲ့ အချက်တချက်ကို သတိပြုမိလိုက်သတဲ့။ ရောက်ရာအရပ် ဘုရား စေတီတွေမှာ ဘုရားဖူးပြီးရင် ကုသိုလ်အမျှဝေစရာ ခေါင်းလောင်းတွေ ရှိနေပေမဲ့ မြို့လုလင်က ဘုရားစေတီတွေမှာ ကုသိုလ်လုပ်ပြီး ခေါင်းလောင်းထိုးစရာ မရှိဘဲ ဖြစ်နေပါသတဲ့။ ဒါကြောင့် ဘာဖြစ်လို့ ခေါင်းလောင်း မရှိရသလဲ ဆိုတာကို မြို့ခံလူကြီးသူမများကို မေးကြည့်မိပါသတဲ့။ မြို့ခံ လူကြီးများက ခုလို ဖြေပါတယ်။

ဗြိတိသျှ တပ်တွေ ဗမာပြည်ကို နောက်ဆုံး ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ချိန်က မြို့လုလင်ရဲ့ မြို့သူကြီးက ဦးမင်းယောင်တဲ့။ အင်္ဂလိပ်တွေ တောင်တွင်းကြီးမြို့နယ်တွင်းကို ဝင်လာတော့ မြို့ လုလင် မြို့သူကြီး ဗိုလ်မင်းယောင်က လူစုပြီး ခုခံတိုက်ခိုက်သတဲ့။ အဲသလို ခုခံတိုက်ခိုက်ရင်း လက်နက် ကျည်ဆန်တွေ ပြတ်လပ်တော့ ဘုရားစေတီတွေကို ချဉ်းကပ်ပြီး ရှိခိုးပန်ကြားသတဲ့။ “အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ ခေါင်းလောင်းတွေ ခေတ္တ စွန့်ပါဘုရား။ စစ်နိုင်တော့ ဒီခေါင်း လောင်းတွေကို ပြန်လည် တပ်ဆင် လှူဒါန်းပါမယ်ဘုရား”လို့ ခွင့်ပန်ကြားပြီး ခေါင်းလောင်းတွေ အကုန်ဖြုတ်ယူ၊ အရည်ကျိုပြီး လက်နက် ကျည်ဆန်တွေ သွန်းလုပ်ပါသတဲ့။ ဒါ့ကြောင့် ဒီမြို့နယ်က ဘုရားစေတီတွေမှာ ခေါင်းလောင်းတွေ မရှိရတာ ဖြစ်ကြောင်း ရှင်းပြကြသတဲ့။

ဦးမင်းယောင်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ သခင်ဋီကာမှာ “ယ-ပက်လက်”နဲ့ ဦးမင်း ယောင်လို့ ရေးသတဲ့။ ဦးမင်းယောင်ဟာ အင်္ဂလိပ်ကို တိုက်တော့ “ဗိုလ်လရောင်”လို့ ဘွဲ့ခံ တိုက်ခိုက်သတဲ့။ လူအင်အား၊ လက်နက်အင်အား မမျှလို့ မြင်းမဏိတောင်စခန်းဘက်ကို ဆုတ်ခွာ ခုခံစဉ် အင်္ဂလိပ်တို့ရဲ့ အဖမ်းခံရတဲ့အခါမှာ အညံ့ခံ ပူးပေါင်းရင် ရာထူးပေးမယ်လို့ စည်းရုံး သွေးဆောင်သတဲ့။ အညံ့မခံရင် ခေါင်းဖြတ်သတ်မယ်ဆိုတော့ “သတ်ချင်သတ်၊ အညံ့မခံဘူး”လို့ ငြင်းပယ်လိုက်တယ်။ ဒါ့ကြောင့် လေးတိုင်စင်ရွာမှာ ဗိုလ်လရောင်ကို ဦးခေါင်းဖြတ်ပြီး သတ်လိုက်ကြပါ သတဲ့။ ဒူးမထောက် လက်မမြှောက်တဲ့ သူရဲကောင်း ဗိုလ်လရောင်ရယ်လို့ ပြောစမှတ်ပြုပြီး ရာဇဝင် တွင်ကျန်ရစ်ခဲ့ကြောင်း ပြောပြပြီးတဲ့နောက် အဲဒီမြို့သူကြီးရဲ့ မြေးကလေးတယောက်က ခုအခါမှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိနေလေရဲ့။ သူနာမည်က “မောင်အောင်စန်း”တဲ့လို့ ပြောကြတော့ ဆရာကြီးက “ကျုပ်တပည့် တက္ကသိုလ်ကျောင်းသား မိုက်တိမိုက်ကန်း ကောင်လေးတယောက်  မောင်အောင်စန်းဆိုတာ ရှိတယ်။ အဲဒီ မောင်အောင်စန်းများ ဖြစ်လေမလား။ ပြန်ရောက်မှ စုံစမ်းကြည့်ရဦးမယ်”လို့ ပြောခဲ့ သတဲ့။

ရန်ကုန် ပြန်ရောက်လို့ စုံစမ်းကြည့်တော့ မြို့လုလင်သူကြီး ဗိုလ်လရောင်ရဲ့မြေး မောင် အောင်စန်းဆိုတာ သူ့တပည့် “သခင်အောင်ဆန်း” ဖြစ်နေတာ တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာနဲ့ တော်လှန်ရေးအမွေ ယူဖို့ သဘောထား ရည်ရွယ်ပြီး ဗိုလ်လရောင်ဘွဲ့ လေးချိုးကြီးကို ရေးခဲ့တာ ဖြစ်ပါ တယ်။ ခုအခါမှာ ဗိုလ်လရောင်ဘွဲ့ လေးချိုးကြီးကို အင်တာနက်ပေါ်မှာရော၊ စာအုပ်တွေထဲမှာရော အမျိုးမျိုး ပြုပြင်ရေးထားကြပါတယ်။ ကျနော်တို့ရဲ့ ရဲဘော်ကြီး ဒေါက်တာ အောင်ခင်ဆင့်က ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဖိုတို အယ်လဘမ်၊ ဓာတ်ပုံစာအုပ် အမှတ်(၁)ကို ပြုစု ထုတ်ဝေလိုက်တော့ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့မို့ ဝမ်းသာအားရ ဝယ်ယူ ဖတ်ရပါတယ်။ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်း တအုပ်ပါ။ ဒါပေမဲ့ ဆွမ်းဆန်ထဲ ဟိုဒင်းကျသလို ဆရာကြီးရဲ့ ကဗျာမှာ အကျအပေါက် အမှားအယွင်းတွေ ပါနေပါတယ်။ အဲဒါကို အမှားနဲ့ အမှန် နှိုင်းယှဉ်ကြည့်ပြီး အမှန်အတိုင်း သိမ်းဆည်းစေချင်ပါတယ်။ မန္တလေးက ရေးဘော်လေး “ဆူးငှက်”ရဲ့ ဆောင်းပါးမှာလဲ ပြင်စရာတွေ ရှိပါတယ်။ ကြည့်ပြီးတော့သာ ပြင်ကြပေတော့။ အောက်ပါ စာပိုဒ်ဟာ “ရွှေလရောင်ဘွဲ့” လေးချိုးကြီးထဲက တပိုဒ်ပါ။ ဒေါက်တာ အောင်ခင်ဆင့်ရဲ့ စာအုပ်မှာ ထည့်သွင်းထားပါတယ်။ အမှားနည်းနည်း ပါနေပါတယ်။

“ခေါင်းဖြတ်ခံရတဲ့ ဗိုလ်လရောင်”

သြော် … တဖောင်ဖောင် သတင်းတွေနဲ့

xxxxxxxxxxxxxxxxx (ကျကျန်ရစ်)

xxxxxxxxxxxxxxxxx

အောင်ခြင်းမရခင် ဖမ်းတဲ့ပြင် (အောင်တြင်းမရခင်လို့ – အမှန်ပြင်)

အကြမ်းပတမ်း မလုပ်ကောင်းသော်လည်း

(ဦးခေါင်း)ဖြတ်ကာ အသေသတ်ကြသတဲ့ (ဥက္ခောင်း – ဟု ပြင်)

မကျေနပ်ရှာသူ ချောင်တပည့်(ကမ်း)တို့ရဲ့ (ဘန်း-ဟု ပြင်)

ပြေရပ်မှာ တပေါင်ပေါင်လွမ်းရပေါ့

(ပြေရဋ္ဌ်မှာ တဘောင်နဲ့လွမ်းရပေါ့-ဟု ပြင်ပါ။)

အမယ်မင်း (တောင်သမန်မြို့နေ) နေလတဆောင် အညှိုးတွင်ဖြင့်

(တောင်တမန်းမြို့-လို့ ပြင်ပါ။ (နေ)တခု ဖြုတ်ပါ။)

(ပြေမြန်မာ့တောင် မညှိုးခဲ့ရတဲ့) (ပြေမြန်မာ့ဘောင် မစိုးရရှာတဲ့-ဟု ပြင်ပါ။)

သြော် … အခေါင်မမြန်း၊ အမှောင်သန်းသမို့

အောင်ပန်း ညို့ခဲ့ရတဲ့

အောင်ဆန်းတို့ “ရွှေလရောင်” အဖိုး။

အမှားတွေ ပါတဲ့အတွက် ဗိုလ်လရောင် ကံဆိုးရပြန်ပါတယ်။ မူရင်းကဗျာအမှန်ကို မောင်တင် ရွှေ စုဆောင်းတဲ့ လေးချိုးပေါင်းချုပ်က ကူးယူပေးလိုက်ပါတယ်။

“ရွှေလရောင်ဘွဲ့” လေးချိုးကြီး

မြို့လုလင် သာတဲ့ကွန်းဆီသို့၊

တို့သခင် စာဖွဲ့လို့ ညွှန်းလိုက်ကဲ့၊

(ကေသာရယ်) ဒါနဲ့ လွမ်းကြပေတော့ကွာ။

(သြော်) မြို့သူကြီးရယ်လို့၊

တို့ထီး (နေ)တမျှပေပ၊

“ရွှေလရောင်” ဘွဲ့သတင်းရယ်နှင့်၊

“ဦးမင်းယောင်” ဗိုလ်ဝင်ခံလို့မို့၊

ဟိုအရင်ယမန် စစ်အင်ကျင်းတယ်ကွယ်၊

ခင်းတဲ့ဗြူဟာ။

မြတ်လောကီ သဘာဝတွင်ဖြင့်၊

ဓာတ်ကောလီ ခါမရတာမို့၊

မြန်မာမျာ့း ဘုန်းသမ္ဘာ၊

အို ရှုံးမှာပေါ့ ကံတမျိုး။

မန်း အပျက်မှာ၊

စန်းလက် မသာမယာဘို့၊

ဗမာ, ဗမာချင်းတောင်မှ၊

အတင်းရန်မူလို့၊

ရန်သူ ရန်ဟူ၍ မမှတ်တဲ့ပြင်၊

ကိုယ့်တပ်ကိုယ်ပြန်လို့ နင်းကြတဲ့၊

ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်တချို့ရယ်က၊

ကိုယ်ဘို့အတွက် ရုန်းရောမလို့၊

တောင်ကုန်း သာသာယာယာ၊

“မြင်းမဏိ” စခန်းဆီက၊

တရှောင်ရှောင် ပုန်းကာ အတွင်းသိတဲ့၊

မင်း, အမိ ဖမ်းချင်ကြတဲ့ပြင်၊

ဘရမ်းဘတာ တော်ရာရော်ရာ ပြေးကြတော့၊

အရေးရှင် မကြံသာသနှင့်၊

ကံကြမ္မာ ရှေးဝဋ်ကြွေးပေထင့်၊

“လေးတိုင်စင်” ရွာအတွင်းတွင်ဖြင့်

အင်္ဂလိပ်တွေကို အတင်းကြိတ်မလေလို့ စမ်းခဲ့တဲ့၊

(သြော်) တဖောင်ဖောင် သတင်းတွေနဲ့၊

တပြောင်ပြောင် လင်းခဲ့တဲ့၊

တောင်တွင်းကသခင်ကို အောင်တြင်း မရခင် ဖမ်းတဲ့ပြင်၊

အကြမ်းဘတမ်း မလုပ်ကောင်းသော်လဲ၊

ဥက္ခောင်းဖြတ်ကာ အသေသတ်ကြသတဲ့၊

မကြေနပ်ရှာသူ ချောင်တပဲ့ ဘန်းတို့ရဲ့၊

ပြေရဋ္ဌ်မှာ တဘောင်နဲ့ လွမ်းရပါတော့၊

(အမယ်မင်း) တောင်တမန်းမြို့ နေလနှစ်ဆောင် အညှိုးတွင်ဖြင့်၊

ပြေမြန်မာ့ဘောင် မစိုးရရှာတဲ့၊

(သြော်) အခေါင်မမြန်း အမှောင်သန်းသမို့၊

အောင်ပန်းညို့ခဲ့ရတဲ့၊

“အောင်ဆန်း”တို့ ရွှေလရောင် အဖိုး။

သခင်ကိုယ်တော်မှိုင်း

(သခင်ဋီကာ)မှ။

အထက်ပါ လေးချိုးကြီးကို အခြေခံပညာအထက်တန်း မြန်မာကဗျာလက်ရွေးစင် စာအုပ်မှာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပေမဲ့ –

(၁)     သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာဖြစ်တာကြောင့် တကြောင်း၊

(၂)     “ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်တချို့ရယ်က၊ ကိုယ်ဘို့ အလွတ်ရုန်းရော့ထင့်”လို့ ကဗျာတကြောင်း ပါရှိနေတာကြောင့် တကြောင်း၊

(၃)     ဗိုလ်ချုပ်အောင်ဆန်းအမည် ပါရှိနေတာကြောင့် တကြောင်း၊

ဆယ်တန်း အတန်းတင်စာမေးပွဲကြီး မေးခွန်းထုတ်သူများက ထည့်သွင်း မေးရဲ့မှာ မဟုတ်လို့ မြန်မာစာ ဆရာ ဆရာမများက အတပ်သိနေတာကြောင့်  ကျောင်းသားတွေကို သင်ကြားလေ့ မရှိပါ။ ဒါ့ကြောင့် ဗိုလ်နေဝင်း စစ်အစိုးရခေတ်မှာ ဗိုလ်မင်းယောင် ခင်မျာ ကံဆိုးရှာရပြန်ပါတယ်။

မောင်စွမ်းရည်

၂၀၁၅၊ ဇူလိုင် ၁၉

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်