စံလှကြီး – ဆင်းရဲချင် ဆင်းရဲပါစေ ဆိုပါလားဟေ့

July 23, 2015

– ဆင်းရဲချင် ဆင်းရဲပါစေ ဆိုပါလားဟေ့
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၅

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းများ လူသုံးများလာပြီးကတည်းက မြန်မာလူမျိုးများ အများဆုံး သုံးသော မီဒီယာမှာ facebook ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ သူသူကိုယ်ကိုယ် လက်ကိုင်ဖုန်းလေးများ ကိုယ်စီနှင့် ဖေ့ဘုတ် ဖွင့်ကြည့်နေသည်ကို တွေ့ရများလာသည်။ ကောင်းသည်လည်းရှိ မကောင်းသည်လည်း ရှိ၏။

လူသုံးများသော facebook လို ဆိုရှယ်မီဒီယာများတွင် အားသာချက်ရော အားနည်းချက်တွေပါ ရှိသည်။ အားနည်းချက်များမှာ မဟုတ်မမှန်သော လုပ်ကြံ သတင်းတုများ ဖတ်မိနိုင်ခြင်း၊ အကိုးအကား သိပ်မရှိပဲ ပါးစပ်ရာဇဝင်များ အရပ်ပြော စကားများကို အခြေခံပြီး ရေးထားသည့် စာများရှိခြင်း၊ လူမျိုးရေး ဘာသာရေး မုန်းတီးမှု ဖြစ်စေနိုင်သည့် စာများ တွင်တွင်ကျယ်ကျယ် ဖြန့်နိုင်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော ဆဲဆိုစာများ ရေးနိုင်ခြင်း စသည်တို့ ဖြစ်သည်။

တခါတရံတွင်လည်း ဟိုတယ်ကြီးများတွင်သာ ရနိုင်သော ဘူဖေးပွဲမျိုးကို ဓာတ်ပုံရိုက်ပြီး “ဒါ အဘစားတဲ့ ညစာလေးပါ အဘဟာ ငမွဲလေးပါ ဟီ ဟိ” ဆိုပြီး ရေးထားသည့် အူကြောင်ကြောင် စာမျိုးတွေလည်း ရှိသည်။ ရံဖန်ရံခါလည်း “နတ်ပြည်ကို သိပ္ပံပညာရှင်များ တွေ့ပြီ သို့မဟုတ် ဆိုက်ဘေးရီးယားတွင် ရေနံတွင်းတူးရင်း ငရဲသားများကို တွေ့ရသည့် သတင်း” ဆိုသည့် သတင်းမျိုးတွေလည်း ဓာတ်ပုံတွေ ဘာတွေနဲ့ ဖတ်ရတတ်သည်။ ခက်သည်က အောက်က သတင်းရေးသူ၏ အမည်မှာ မစ္စတာစိမ်းပေါက် သို့မဟုတ် ကိုစူးရောက် ဟု ရေးထားခြင်းမျိုး ဖြစ်သည်။ မစ္စတာစိမ်းပေါက်တို့ ကိုစူးရောက်တို့ ဆိုမှတော့ စဉ်းစားသာ ကြည့်ပေတော့။ သို့သော် အနှီ မစ္စတာစိမ်းပေါက် ဆိုသူ၏ သတင်းမှာ ဆက်လက် ဖြန့်ဝေသူ သောင်းဂဏန်းကျော် ရှိပြီး ပုံနှိပ်မီဒီယာပေါ်မှာ ပုံနှိပ်တာမျိုးလည်း ဖြစ်သွားတတ်ပေသေးသည်။

လူတိုင်း ကလေးကအစ သိနေပြီးသား ဖြစ်သော မြန်မာနိုင်ငံ ဆင်းရဲတယ် ဆိုတဲ့ သတင်းကိုပဲ မှိုချိုးမျှစ်ချိုး အားရဝမ်းသာ တစ်တစ်ခွခွ ပြောတတ်ပါက နေ့ချင်းညချင်း ထင်ပေါ်ကျော်ကြားသည့် ဖေ့ဘုတ် စာရေးဆရာကြီးလည်း ဖြစ်သွားနိုင်သည်။

ဒါကြောင့် အခုနောက်ပိုင်း သတင်းတွေ ဆောင်းပါးတွေ ဖေ့ဘုတ်ပေါ်မှာ တွေ့လျှင် ယုံကြည်ထိုက်/မထိုက် ဆိုသည်ကို ကြည့်ပြီးမှ ဖြန့်ဝေတာတို့ ဘာတို့ လုပ်ရပါသည်။ မဟုတ်ပါက ကိုယ်လည်း မစ္စတာစိမ်းပေါက်၏ တပည့် အချိန်မရွေး ဖြစ်သွားနိုင်သည်။

သို့သော် ကောင်းတဲ့ အချက်များလည်း ရှိ၏။ လူသိများ ထင်ရှားသူများ နောက်သို့ ကိုယ်က လိုက်ကြည့်စရာ မလို။ သူတို့ပြောသည့် ရယ်စရာများ ပြုလုပ်သည့် ထူးခြားမှုများကို တစ်ယောက်မဟုတ် တစ်ယောက်ကတော့ လက်ဆင့်ကမ်း သယ်လာသဖြင့် ကိုယ့်မျက်စိရှေ့တွင် အဆင်သင့် မြင်နိုင်ခြင်း ဖြစ်ပါသည်။ ကိုယ်တိုင် အချိန်ပေးပြီး ရှာရန်မလိုတော့။ တလောကပင် ဝန်ကြီးချုပ်ဟောင်း တဦး၏ တွေ့ဆုံမေးမြန်းခန်း ဗီဒီယိုဖိုင်ကို ဖေ့ဘုတ်တွင် လူပေါင်းများစွာ ဖြန့်ကြသဖြင့် အဆင်သင့် ကြည့်လိုက်ရသည်။ ဒေါသတကြီးနှင့် ရင်ဘတ်ကို တဘုန်းဘုန်း ပုတ်ပြတာ မြင်ရတော့ သနားရမလို ရယ်ရမလို ဖြစ်မိသေးသည်။

တခါတရံလည်း ဖေ့ဘုတ်ထဲမှပင် သနားစရာ ကောင်းသော လူများ တိရ စ္ဆာန်လေးများ အကြောင်းကို ဖြန့်ကြရင်းဖြင့်လည်း အတိဒုက္ခရောက်နေကြသူများကို စောင့်ရှောက်မည့် လှူဒါန်းမည့်လူများ ပေါ်လာတတ်သည်။ ထို့ပြင် ဖေ့ဘုတ်ထဲမှာ လူများ ပြောနေကြသည်ကို နားထောင်ခြင်းဖြင့်လည်း လူတွေ ဘာကို စိတ်ဝင်စားနေသလဲ အယူအဆများ ဘယ်လို ရှိသလဲ ဆိုတာလည်း အလွယ်တကူ သိခွင့်ရလေသည်။ ဒါကတော့ ကောင်းကွက်များ ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းလောက်ကတော့ စိတ်ဝင်စားစရာ စကားလေး တစ်ခုကို facebook ထဲတွင် တွေ့လိုက်ရပါသည်။ ရွေးကောက်ပွဲတွင် မဲပေးဖို့ ကိစ္စနှင့် ပတ်သက်ပြီး ပြောကြတာ ဖြစ်ပါသည်။ ပြောတဲ့ စကားက “အမျိုး ဘာသာ သာသနာက ပထမပဲ။ လူ့အခွင့်အရေး မရလည်း နေပါစေ တိုင်းပြည် မတိုးတတ်လည်း နေပါစေ။ တိုင်းပြည် ဆင်းရဲချင် ဆင်းရဲပါစေ အမျိုး ဘာသာ သာသနာ မညှိုနွမ်း မပပျောက်ဖို့ လိုတယ်” ဟူသတည်း။

ရွေးကောက်ပွဲ လုပ်ဖြစ်မည် မဖြစ်မည် တရားမျှတမည် မမျှတမည် မည်သူ့ကို မဲထည့်သင့်သလဲ ဆိုသည့် အချက်များကိုတော့ မဆွေးနွေးလိုပါ။ တိုင်းပြည် ဆင်းရဲချင် ဆင်းရဲပါစေ အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်ရင် တော်ပါပြီ ဆိုသော စကားလေး၏ အဓိပ္ပါယ်ကိုသာ စိတ်ဝင်စားမိပါသည်။ ထိုစကားလေးကို အခုနောက်ပိုင်းတွင် ခပ်စိပ်စိပ် ကြားရစ ပြုလာပါသည်။ လူတချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ထပ်ခါ ထပ်ခါ ပြောနေသည့် သဘောကိုလည်း တွေ့မိပါသည်။

တကယ်ရော တိုင်းပြည်က ဆင်းရဲနေသည့် အချိန်မှာ အမျိုး ဘာသာ သာသနာက ကွက်ပြီး တောက်ပြောင်နိုင်သလား။ မဖြစ်နိုင်ပါ။ အမျိုး ဘာသာ သာသနာ ဆိုသည်မှာ သူ့ချည်းသက်သက် တည်နိုင်သည် မဟုတ်ပါ။ တိုင်းပြည်၏ ဆင်းရဲ ချမ်းသာ သို့မဟုတ် ထိုတိုင်းပြည်ထဲရှိ လူများ၏ ဆင်းရဲ ချမ်းသာပေါ် မူတည်ပြီး အနိမ့် အမြင့် ဖြစ်ခြင်း ဖြစ်ပါသည်။ ရေနှင့်ကြာလိုပဲ ရေမြင့်လျှင် ကြာတင့် ဆိုသည့် သဘောသာ ဖြစ်သည်။

ဤအချက်နှင့် ပတ်သက်၍ ဆရာကြီး ဒေါက်တာလှဘေ ရေးသော တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း စာအုပ်ထဲမှ စာပိုဒ်လေး တစ်ပိုဒ်ကို ထိထိခိုက်ခိုက် မှတ်မိနေပါသည်။

၁၉၈၈ ခုနှစ်လောက်တွင် ဆရာကြီး ဒေါက်တာလှဘေနှင့် ဆရာကြီးကတော်တို့ ပြင်သစ်ပြည်မှ အပြန် စင်ကာပူသို့ ခဏ ဝင်ပြီး ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာ ဝင်စားလေသည်။ ဆိုင်မှ တရုတ် အမျိုးသား စားပွဲထိုးလေးက မှာသည့် ဟင်းမည်များကို စာရွက်ပေါ် ချရေးပြီးနောက် ဆရာကြီးတို့ မောင်နှံကို ဘယ်တိုင်းပြည်ကပါလဲဟု မေးသည် ဆိုသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆရာကြီး ပြန်ရေးပုံမှာ ” တရုတ် အမျိုးသား စားပွဲထိုးကလေးက မှာသည့် ဟင်းမည်တွေကို စာရွက်ပေါ် ရေးပြီးနောက် ဘယ်တိုင်းပြည်ကလဲဟု မေးရာ ကျွန်တော်က မီးယင်း(မြန်မာပြည်)က ဟု ပြန်ဖြေလိုက်သည်။ သူက backward(နောက်ကျတဲ့ တိုင်းပြည်) ဟု ဆို၏။ ထိုအခါ မသန်းမြက မခံချင်သောစိတ်ဖြင့် forward(တိုးတက်တဲ့ တိုင်းပြည်) ဟု အော်လိုက်ရာ သူလည်း မျက်နှာသေကလေးနှင့် ထွက်သွား၏။ ဒေါ်လှလှဝင်းက စားသောက်သူတို့အား ဤကဲ့သို့ စော်ကားသူမျိုးကို ဆိုင်မန်နေဂျာအား တိုင်လျှင် အလုပ်ဖြုတ်ပစ်တယ်။ သွားတိုင်မယ် တကဲကဲ လုပ်နေ၍ မနည်းဆွဲထားရပါသည်။ တိုင်းပြည်တိုင်းတွင် အားနည်းချက် အားသန်ချက် ရှိစမြဲပင်။ ဟာကွက်များကို ပြည်သူ ပြည်သား အချင်းချင်းသာ ဆွေးနွေးခွင့်ရှိသည်။ နှစ်ကိုယ်ကြား ဝေဖန်လိုလျှင် ဝေဖန်ခွင့် ရှိသည်။ တိုင်းတစ်ပါးသားက ဤကဲ့သို့ စော်ကားသည့် အခါမျိုး၌ ကောင်းလည်း ကိုယ့်ပြည် မကောင်းလည်း ကိုယ့်ပြည်ဟု သဘောထားသူတိုင်းက မခံမရပ် ဖြစ်ရသည်မှာ ဓမ္မတာပင်” ဟု ရေးသားထားလေသည်။

တကယ်တော့ ဆရာကြီး ဒေါက်တာလှဘေမှာ နိုင်ငံခြား တက္ကသိုလ်ကြီးများကပင် ဘာသာဗေဒနှင့် ပတ်သက်ပြီး လာရောက် ဟောပြော ပို့ချပေးပါရန် လေးလေးစားစား ဖိတ်ခေါ်ခြင်း ခံရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ထိုသို့သော ပညာရှင်ကြီးပင် ကိုယ့်တိုင်းပြည်က ဆင်းရဲနေသည့် အခါ ကိုယ့်ထက် အဆင့်နိမ့်သည့် စာပွဲထိုးလိုလူက အလွယ်တကူ စော်ကားတာ ခံခဲ့ရသည်။ စားပွဲထိုးမျှသာ ဖြစ်သဖြင့် ပညာလည်း သိပ်တတ်ပုံ မရပဲ လူ့ကျင့်ဝတ် နားမလည်တာတော့ မှန်ပါသည်။ သို့သော် ဆရာကြီးသာ ထိုစဉ်က မြန်မာပြည်အစား ဂျပန်ပြည်လို နိုင်ငံမျိုးကဟု ပြောလိုက်မည် ဆိုလျှင် ထိုလူ ဘာမျှ ပြောဝံ့မည် မဟုတ်ပေ။

စာရေးသူ၏ အသိများထဲတွင် ဂျပန်ကုမ္ပဏီကြီးများတွင် အလုပ်လုပ်နေသူများလည်း ရှိသည်။ ဂျပန် ကုမ္ပဏီကြီးများမှာ တိုင်းပြည် ချမ်းသာသဖြင့် အာရှတစ်ခွင် အနှံ့အပြား ရှိသည်။ မြန်မာပြည်မှာလည်း ရှိသည်။ ကျန် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ရှိမှာ မလွဲပါ။ ကျနော် တစ်ခါက မိတ်ဆွေ တစ်ဦးကို “ကုမ္ပဏီက ဂျပန် အရာရှိတွေကို အလုပ်နားချိန်မှာ ဒုတိယကမ္ဘာစစ် အကြောင်းတို့ ဘာတို့ ပြောရဲသလား” ဟု မေးရာ သူက “ဘယ်ပြောရဲမှာလဲ ကိုယ့်ကို စိတ်ဆိုးသွားမှာပေါ့” ဟု ဆိုလေသည်။ သူပြောတာ အမှန် ဖြစ်ပါသည်။ ကုမ္ပဏီသူဌေးက ဂျပန်လူမျိုး မဟုတ်လား။ အရာရှိတွေ အားလုံးက ဂျပန် တက္ကသိုလ်ကြီးတွေက ဆင်းလာသည့် ဂျပန်လူမျိုးတွေ မဟုတ်လား။ ကိုယ့်အထက်လူများက ကိုယ့်ကို ငြိုငြင်သွားမည့် စကားမျိုး ဘယ်သူမှ ပြောဝံ့ဖို့ မလွယ်ပါ။ အဆင့်တူ ကုမ္ပဏီချင်း ဆိုလျှင်တောင် ပြောဖို့ မဖြစ်နိုင်ပါ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ ချမ်းသာတဲ့ ဝယ်လက်ကို ဘယ်သူက ပြောဝံ့ပါ့မလဲ။ ကျန် အရှေ့တောင်အာရှသားများလည်း ကိုယ်လိုပဲ ဖြစ်မှာ မလွဲအမှန် ဖြစ်ပါသည်။

အားလုံး သိကြသည့် အတိုင်း ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ် ကာလက အရှေ့တောင်အာရှ နိုင်ငံများကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ရက်စက်မှုများလည်း လုပ်ခဲ့ပါသည်။ တချို့အကြောင်းများမှာ ဖတ်နေရင်းတောင် ထိတ်လန့်မှုကို ခံစားရပါသည်။ ဒါပေမယ့် ဒီအချိန်မှာ သူတို့ကို ဘယ်သူကများ အပြစ်တင်ဝံ့တော့မည်နည်း။ လူတစ်ဦးချင်းပင် မလုပ်နိုင်သဖြင့် နိုင်ငံအလိုက် ဆိုလည်း ဒီအတိုင်းပဲ ဖြစ်ပါတော့သည်။ ဂျပန်က အာရှနိုင်ငံ တော်တော်များများကို ငွေတွေ ချေးထားခဲ့သည် မဟုတ်ပါလား။ ဒီအချိန်မှာ ဂျပန်နိုင်ငံက စစ်အတွင်းက ကိစ္စတွေ စိတ်မကောင်းပါဘူးဟု ပြောလိုက်ရုံနှင့် အားလုံးက လက်ခံရတော့မည်။ သူနဲ့မှ မကင်းနိုင်တာကိုး။ ဒီအချိန်မှာသာ သူက မချမ်းသာပဲ ကိုယ်လိုပဲ ဆင်းရဲနေမယ် ဆိုရင် တောင်းပန်တာတောင်မှ “နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ” ဆိုသည့် အချိုးမျိုး ဖြစ်သွားပါမည်။(ဤအချက်မှာ လူ့သဘာဝကို အခြေခံပြီး ကျနော် တွေးမိခြင်းသာ ဖြစ်ပါသည်။)

တိုင်းပြည် ချမ်းသာခြင်း တိုးတက်ခြင်းများသည် လူမျိုး တစ်မျိုး၏ ဂုဏ်သိက္ခာ ညှိုနွမ်းစေမည့် အချက်များကိုပင် အလိုလို ကာကွယ်ပေးပါသည်။ တကယ်တော့ လူ့သဘာဝပဲ ဖြစ်သည်။ မိသားစုအလိုက် ဖြစ်စေ တိုင်းပြည်အလိုက် ဖြစ်စေ ချမ်းသာသောသူများကို တော်ရုံလူက မထိပါးဝံ့တာ အမှန် ဖြစ်ပါသည်။ တိုင်းပြည် ဆင်းရဲချင် ဆင်းရဲပါစေ မတိုးတက်လျှင် နေပါစေ အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်ရင် တော်ပါပြီ ဆိုတာ မှန်ပါတော့မလား။

သိပ်ဝေးဝေးလည်း ကြည့်ဖို့ မလိုပါ။ တိုင်းပြည် ဆင်းရဲနေသည့် အချိန်တွင် မတတ်သာသဖြင့် ကိုယ့်ထက် ချမ်းသာသော တိုင်းပြည်များထံ သွားအလုပ်လုပ်ရပြီ။ ဒီမှာတင် တမျိုးသားလုံး အနေဖြင့် အောက်စည်း ရောက်သွားပြီ။ မျက်နှာငယ်ရတာတွေ ရှိမည်။ အနှိမ်ခံရတာတွေ ရှိမည်။ အမျိုးအနေဖြင့်တော့ ညှိုးနွမ်းသလို ဖြစ်သွားပါပြီ။ ငါ့နိုင်ငံကြောင့် ငါမျက်နှာငယ်ရတယ်ဟု မတွေးပဲ ငါ့နိုင်ငံ မျက်နှာမငယ်အောင် ငါကြိုးစားမယ် ဟူသော အလွန်မြင့်သော စိတ်ထားကို လူသာမန်များ မထားနိုင်ကြပါ။ ဤစိတ်ဓာတ်မှာ စိတ်ထား ကြံ့ခိုင်သော အာဂယောကျာ်း အာဂမိန်းမ အနည်းငယ် အတွက်သာ ဖြစ်ပါသည်။ ရှိလျှင်တော့ အလွန် ကောင်းပါသည်။ ရှိအောင်လည်း ကြိုးစားသင့်သည်။

ပိုပြီး ဆိုးသည်က တိုင်းပြည် ဆင်းရဲသည့်အခါ လူ အတော်များများတွင် သိမ်ငယ်စိတ် ဝင်သွားခြင်း ဖြစ်ပါသည်။ တိုင်းပြည်ချမ်းသာ တင့်တယ်သော အခါ အခြေအနေပေါ် လိုက်၍ လူများ၏ စိတ်ဓာတ်များမှာလည်း ပြောင်းလာလေ့ ရှိသည်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်ကြီးစိတ် စသည်တို့လည်း တက်လာလေ့ရှိသည်။

အင်္ဂလိပ် စာရေးဆရာကြီး ဖီးလ်ဒင်းဟော(Fielding Hall) က သူ့ခေတ်က အင်္ဂလိပ် လူမျိုးများ၏ စိတ် အနေအထားကို ရေးခဲ့သည့် စာပိုဒ် တစ်ပိုဒ် ရှိသည်။ သူက “ကျွန်ုပ် အမြင်အရ ကျွန်ုပ်တို့ အင်္ဂလိပ် လူမျိုးများသည် သူများ မကောင်းသတင်းကို ဝမ်းသာအားရ ကြားလိုကြ ယုံလိုကြသော လူများ ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်တို့နှင့် မတည့်သော တိုင်းပြည်များ လူမျိုးများသည် ပို၍ ဆိုးသွမ်းသည် ယုတ်မာသည်ဟု ကျွန်ုပ်တို့ ကြားချင်ကြသည်။ ယုံကြည်ချင်ကြသည်” ဟု ရေးခဲ့ဖူးသည်။ ဒီလိုပဲ ဖြစ်ရပေမည်။ အဲဒီ အချိန်တုန်းက ဝိတိုရိယ ဘုရင်မကြီးခေတ် ဖြစ်ရာ ဗြိတိသျှ အင်ပါယာကြီး ကောင်းစားစဉ် အခါက ဖြစ်သည်။ ဒီတော့ ဗြိတိန်နိုင်ငံက အာရှ နိုင်ငံ အများကို သိမ်းပိုက်ဆဲ သိမ်းပိုက်လတ္တံ့ ဖြစ်သဖြင့် အင်္ဂလိပ်လူမျိုးများ အနေဖြင့် သူတို့ လုပ်ရပ်များ မှန်ကန်ကြောင်း ရန်သူများက ဆိုးသွမ်းလွန်းလို့ ဖြစ်ရကြောင်း အလိုလို ယုံကြည်နေခြင်း ဖြစ်သည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဘယ်လိုပြောပြော မကောင်း မမြင်နိုင်သည့် အချိန် ဖြစ်သည်။ ရန်သူတွေ ရှိရာ စစ်သဘောင်္ အမြန်လွှတ် ဒင်းတို့ကို ဦးညွှတ်စေရမည် ဟုပင် ဝင့်ကြွားနိုင်ခဲ့သော အချိန်လည်း ဖြစ်သည်။(လူ့စိတ် သဘာဝကို သိစေလို၍ ဖော်ပြခြင်းသာ ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုးများကို ရှုတ်ချလို၍ မဟုတ်ပါ။ ကိုယ်တိုင်လည်း သူတို့ နေရာရောက်ရင် သူတို့လိုပဲ ဖြစ်လိမ့်မည် ထင်ပါသည်။ စာရေးဆရာကြီး ဖီးလ်ဒင်းဟော(Fielding Hall)၏ Thibaw’s  Queen ဆိုသော ဤစာအုပ်ကို သီပေါ၏ မဟေသီဟူသော အမည်ဖြင့် ဆရာပါရဂူ မြန်မာဘာသာသို့လည်း ပြန်ဆို ဖော်ပြဖူးပါသည်။)

သို့သော် “ဖြစ်ပြန် ပျက်ပြန် လံကဓောတဲ့ လောကဓံ” ဆိုသလို ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင်တော့ နေမဝင်သော ဗြိတိသျှ အင်ပါယာကြီး ပြိုကွဲရလေသည်။ စစ်မဖြစ်မီက ပထမ နေရာတွင် ရှိသော ဗြိတိသျှ ရေတပ်ကြီးမှာလည်း တတိယ နေရာလောက် အထိ ဆင်းပေးလိုက်ရသည်။ ကမ္ဘာစစ်ကြီးကို အားသွန် တိုက်ခဲ့ရသဖြင့် ဗြိတိသျှ စစ်သည်များ စစ်ပန်းနေသည်ကို အခွင့်ကောင်း ယူကာ လက်အောက်ခံ နိုင်ငံများကလည်း လွတ်လပ်ရေး ရသွားကြသည်။ တိုင်းပြည်မှာလည်း စစ်အသုံးစရိတ်ကြောင့် ကြွေးတွေ လည်ပင်းနစ်နေခဲ့သည်။ ရာရှင်စနစ်နှင့် နေထိုင် စားသောက်ကာ တမျိုးသားလုံး ကျပ်တည်း ကျဉ်းမြောင်းစွာ နေပြီး အကြွေးဆပ်ဖို့ လုပ်ခဲ့ရသည်။

ဒီတော့ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး ဆာဝီလီယံဆလင်းက အင်္ဂလိပ် လူမျိုးများကို ဇွဲသတ္တိရှိရှိနှင့် ဒီဒုက္ခအစုစုကို တောင့်ခံကြဖို့ အားပေးသည့် မိန့်ခွန်းကို ရေဒီယိုမှ ပြောခဲ့ရသည်ဟု ဆိုသည်။ မိန့်ခွန်းကတော့ အင်္ဂလိပ်လူမျိုးများ၏ ဂုဏ်ပုဒ်များကို ဖော်ကျူးကာ သတ္တိကောင်းသဖြင့် ကမ္ဘာစစ်ကြီးတိုင်းကို အနိုင်တိုက်ခဲ့သည့် အမျိုးအနွယ် ဖြစ်ပါသည် ဟူ၍ အားပေးကာ ယခု ဒုက္ခအစုစုကိုလည်း တောင့်ခံဖို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ စိတ်ဓာတ်မကျဖို့ အားပေးတဲ့ မိန့်ခွန်းတောင် ပြောရတယ် ဆိုတော့ စိတ်ဓာတ်ကျနေလို့ ဖြစ်မှာပေါ့။ ဘယ်လောက် စိတ်ဓာတ်ကျနေသလဲ ဆိုတာတော့ သူတို့သာ သိပေလိမ့်မည်။ ဒါတောင် သူတို့ နိုင်ငံက ကိုယ့်အမိနိုင်ငံလို လူမွဲစာရင်း ဝင်သွားတဲ့ အခြေအနေ မဟုတ်သေးပေ။

အင်ပါယာကြီး ထူထောင်နိုင်တဲ့ အချိန်တုန်းကတော့ စိတ်ဓာတ်တွေ တက်ပြီး ငါ့လူမျိုးသာ ကောင်းတယ်။ ငါ့လူမျိုးနဲ့ မတည့်တဲ့ လူမျိုးတွေ မကောင်းဘူးဟု ယုံနေသဖြင့် စာရေးပြီးတောင် သတိပေးရသည်။ ပြိုကွဲသွားသည့် အချိန်ကျတော့လည်း စိတ်ဓာတ်မကျဖို့ ဇွဲရှိဖို့တောင် မိန့်ခွန်းပြောပြီး အားပေးရသည်။ လူဆိုသည်မှာ ဒီအတိုင်းပါပဲ။ ကိုယ်က ချမ်းသာနေလျှင် စိတ်ဓာတ် တက်ကြွပြီး မာနတွေ ဝင်နေမည်။ ဆင်းရဲလျှင် သိမ်ငယ်စိတ်ဝင်ကာ စိတ်ဓာတ်ကျမည်။

ဒီလိုဆိုတော့ ဗြိတိန်ထက် အများကြီး ပိုဆိုးပြီး လူမွဲစာရင်း ဝင်ခဲ့ရသည့် မြန်မာပြည်က လူများရော စိတ်ဓာတ်ကျကာ သိမ်ငယ်စိတ် မဝင်ဘူးလား ဆိုလျှင်တော့ ကိုယ်လည်း ဘာသားနဲ့ ထုထားတာမို့လဲ သိမ်ငယ်စိတ် ဝင်တာပေါ့ဟု ဆိုလိုက်ချင်သည်။ အခုနောက်ပိုင်း ဖေ့ဘုတ်တွင် မြန်မာပြည် ဆင်းရဲကြောင်း မြန်မာလူမျိုးများ အောက်တန်းကျကြောင်း ပို့စ်တစ်ပုဒ်လောက်သာ ရေးလိုက်လို့ကတော့ နေ့ချင်းညချင်း ကျော်ကြားသူ ဖတ်ရှုသူ များသွားပေလိမ့်မည်။ အချို့ မြန်မာပြည် ဆင်းရဲကြောင်း တစ်တစ်ခွခွ ရေးထားသော ပို့စ်များ ဆောင်းပါးများကို အားပါးတရ ဖတ်ရှုသူများပြီး ရေးသူလည်း ချက်ချင်း ကျော်ကြားသွားလေသည်။ ဤသည်မှာ အချို့ မြန်မာများတွင် အလွန်ဆိုးသော ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နေပြီ ဆိုသည်ကို ပြခြင်း ဖြစ်သည်။

သိမ်ငယ်စိတ်ဝင်သည်မှာ စိတ်ဓာတ်က အောက်ဆုံး ရောက်နေပြီး အဝီစိနဲ့ နီးနေပြီ ဟု ဆိုချင်သည်။ စိတ်ဓာတ်မကျဖို့ သမိုင်းအရ မညံ့သော လူမျိုးများ ဖြစ်ပါကြောင်း အားပေးသည့် အနေဖြင့် ပြောသူကိုပင် ရန်လုပ်ချင်သည်ကို တွေ့ရသည်။ “ရှေးရိုးစွဲသမား” “ကွန်ဆာဗေးတစ်ကြီး” “ပုဆိုးနဲ့ တိုက်ပုံဝတ် နိုင်ငံရေးသမား” “ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့ရတာကို သာယာနေသူ” စသည်ဖြင့် ဘွဲ့ထူးတွေ ချီးမြှင့်လိုက်ဦးမည်။ ဘဝင်မမြင့်ပါနဲ့ မာနမကြီးပါနဲ့ ဆိုပြီး ဆောင်းပါး အတိုအစ လေးတွေတောင် ရေးလိုက်ဦးမည်။ စိတ်ဓာတ် မကျဖို့တောင် ပြောလို့ မရတော့။ ကိုယ်တိုင်က သိမ်ငယ်စိတ်ဝင်ကာ အောက်အထိ ခုန်ဆင်းချင်နေကြပြီ ဖြစ်သည်။

အင်္ဂလိပ် စာရေးဆရာကြီး ဖီးလ်ဒင်းဟောသာ မြင်လျှင် “ကျွန်ုပ်အမြင်အရ သူတို့ မြန်မာလူမျိုးများကား ထူးဆန်းသော စိတ်ထား ရှိကြ၏။ သူတို့လူမျိုး၏ မကောင်းသတင်းကို ဝမ်းသာအားရ ကြားလိုကြ ယုံလိုကြသော လူများ ဖြစ်သည်။ အထူးသဖြင့် သူတို့ တိုင်းပြည် သူတို့လူမျိုးသည် ဆိုးသွမ်းသည် အောက်တန်းကျသည်ဟု ကြားသိချင်ကြသည်။ ယုံကြည်ချင်ကြသည်” ဟူ၍ ရေးလိမ့်မည် ထင်သည်။

အမှန်အတိုင်း ဆိုသော် မည်သူမဆို အမိမြန်မာပြည် ဆင်းရဲပုံ မြန်မာလူမျိုးများ အောက်တန်းကျပုံတို့ကို နှိမ့်ချသော စကားလုံးများ သုံးပြီး အလွယ်တကူ ရေးနိုင်ပါသည်။ ဒီလို အချိန်တွင် ကိုယ့်တိုင်းပြည် ဆင်းရဲနေကြောင်း ရေးဖို့ ဆိုသည်မှာ မှီငြမ်း စာအုပ်များ ဖတ်စရာမလို ဘာမှ စဉ်းစားစရာမလို အလွန်လွယ်ကူသော ကိစ္စ ဖြစ်ပါသည်။ သို့သော် ကျနော်တော့ မလုပ်နိုင်ပါ။ လူတစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကိုမူ ရှုတ်ချကောင်း ရှုတ်ချမည် ဖြစ်သော်လည်း ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသားတည်းဟူသော အများဆိုင်နာမ်များကိုတော့ ကောင်းစေလို၍ စာနာသော ညှာတာသောစိတ်ဖြင့် ပြောရုံမှတပါး အထင်သေးသည့် စကား ကဲ့ရဲ့သည့်စကားများဖြင့် သိမ်ငယ်အောင် မလုပ်နိုင်ပါ။ လုပ်လည်း မလုပ်သင့်ပါ။ ဆရာကြီး ဒေါက်တာလှဘေ သဘောထားခဲ့သလိုပင် ကောင်းလည်း ကိုယ့်တိုင်းပြည် မကောင်းလည်း ကိုယ့်တိုင်းပြည် ဟုသာ သဘောထားရမည် ဖြစ်ပါသည်။

(စကားချပ် အထူး သတိပြုရန်မှာ အမိတိုင်းပြည်ကိုသာ ကောင်းလည်း ကိုယ့်တိုင်းပြည် မကောင်းလည်း ကိုယ့်တိုင်းပြည်ပဲဟု သဘောထားမည် ဖြစ်သော်လည်း အုပ်ချုပ်သည့် အစိုးရ အဖွဲ့ကိုမူ ကောင်းလည်း ကိုယ့်အစိုးရ မကောင်းလည်း ကိုယ့်အစိုးရဟူ၍ လုံးဝ လုံးဝ သဘောထားမည် မဟုတ်ပါ။ မကောင်းသည့် အချက်များကို တွေ့ပါက တစ်တစ်ခွခွ ပြောသင့်လျှင် ပြောရမည်သာ ဖြစ်သည်။ အစိုးရနှင့် မိခင်တိုင်းပြည်လည်း လုံးဝ မတူပါ။ အစိုးရအဖွဲ့ ဆိုသည်မှာ အခြေအနေ အချိန်အခါပေးလျှင် ပြည်သူကလည်း ဖြုတ်ချနိုင်သည်။ သူတို့ဘာသာလည်း ပြုတ်ကျနိုင်သည်။ သို့သော် ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသားများတည်း ဟူသော အများဆိုင်နာမ်များကတော့ သေသည်အထိ ပြောင်းလဲလို့ ရနိုင်တော့မည် မဟုတ်ပါ။ ကိုယ်မမွေးခင်ကလည်း အမိမြန်မာပြည် ဆိုသည့် အများဆိုင်နာမ်က ရှိနေခဲ့သည်။ ကိုယ်မရှိတော့လျှင်လည်း ရှိနေမည်သာ ဖြစ်သည်။ အချို့လူများမှာ အမိတိုင်းပြည်နှင့် အစိုးရအဖွဲ့ဆိုသည်မှာ မတူ ကွဲပြား ခြားနားကြောင်း နားလည်ပုံ မရပါ။ အစိုးရကို ဝေဖန်ချင် အရွဲ့တိုက်ချင်ဇောဖြင့် ကိုယ့်တိုင်းပြည် ကိုယ်ပြန်ပြီး ရှုတ်ချနေသည်ကို တွေ့ရပါသည်။ ကောင်းစေချင်၍ အားနည်းချက်လေးများကို အပြုသဘောဖြင့် ထောက်ပြသူများ တိုင်းပြည်၏ ဆင်းရဲခြင်းသည် အစိုးရ၏ စီမံပုံ ညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု ထောက်ပြလိုသူများကို အပြစ် မဆိုလိုပါ။)

သို့ဆိုလျှင် စာရှုသူ မိတ်ဆွေ တိုင်းပြည် ဆင်းရဲချင် ဆင်းရဲပါစေ မတိုးတတ်ချင် နေပါစေ အမျိုး ဘာသာ သာသနာ မညှိုနွမ်းရင် တော်ပါပြီ ဆိုတာ မှန်ပါတော့မလား။ အလွန်မှားသော အယူအဆသာ ဖြစ်ပါသည်။ ကိုယ့်တိုင်းပြည် ဆင်းရဲလျှင် မတိုးတက်လျှင် သူတစ်ပါးကလည်း သိမ်ငယ်အောင် ညှိုးနွမ်းအောင် လုပ်လိုသည်။ ကိုယ်တိုင်လည်း သိမ်ငယ်စိတ် ဝင်ကာ ညှိုးနွမ်းအောင် လုပ်မိတတ်သည်။

ဘာသာ သာသနာလည်း ထို့အတူသာ ဖြစ်သည်။ ကိုယ့်တိုင်းပြည် ချမ်းသာလျှင် တိုးတတ်လျှင် ကိုယ့်ဘာသာ ကိုယ့်သာသနာကိုလည်း ကိုယ်က စောင့်ရှောက်နိုင်သည်။ ထွန်းတောက်အောင် လုပ်နိုင်သည်။ ကိုယ့်တိုင်းပြည် မချမ်းသာပါက ဘာသာ သာသနာကိုလည်း စောင့်ရှောက်နိုင်မည် မဟုတ်ပါ။ ဂျပန်ကုမ္ပဏီကြီးများ တရုတ်ကုမ္ပဏီကြီးများမှာ အလုပ်လုပ်သူများမှာ ဂျပန်စကား တရုတ်စကားကို ကျွမ်းကျင်အောင် သင်ကြရသည်။ ဂျပန်သူဌေးကြီးတို့ တရုတ်အရာရှိကြီးတို့ကို သူတို့ ဘာသာစကားဖြင့် နှုတ်ဆက်မှ မျက်နှာကောင်းရမည် မဟုတ်ပါလား။ ဒီတော့ ကိုယ့်အမိတိုင်းပြည် ကြီးပွားလာလျှင် မြန်မာပြည် အခြေစိုက် ကုမ္ပဏီများမှ ကရင်စသော တိုင်းရင်းသား အရာရှိကြီးတို့ကို သူတို့ဘာသာ စကားဖြင့် နှုတ်ဆက်ချင်သူတွေ မျက်နှာလုပ်လိုသူတွေ အလိုလို ပေါ်လာပါလိမ့်မည်။ အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်လိုလျှင် ကိုယ့်တိုင်းပြည် ချမ်းသာ တိုးတတ်ရေးသည် အရေးကြီးလှပါသည်။

ထို့ကြောင့် နိုင်ငံသား တစ်ယောက် အနေဖြင့် အမျိုး ဘာသာ သာသနာကို မညှိုးနွမ်းစေလိုဘူးလား ထွန်းတောက်စေချင်သလား။ ထိုသို့ဆိုလျှင် တိုင်းပြည် ချမ်းသာအောင် တိုးတတ်အောင် ကြံဆောင်ခြင်း လုပ်ဆောင်ခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပါ။ ထိုကဲ့သို့ တိုင်းပြည် ချမ်းသာအောင် တိုးတက်အောင် လုပ်ဆောင်နိုင်မည့် အရည်အချင်း ပြည့်စုံသူများကိုသာ ယုံကြည်ပါ။ “တိုင်းပြည်ဆင်းရဲချင် ဆင်းရဲပါစေ မတိုးတက်ချင် နေပါစေ အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်အောင် လုပ်မည်” ဟု ဆိုလာသူများကို မယုံကြည်ပါလေနှင့်။ ထိုသူများသည် အပျက်စိတ် အလွန်ထက်သန်နေသူများ ဖြစ်ပါသည်။ သူပြောသည့် စကားကို နားထောင်လျှင်ပင် ဆင်းရဲအောင် လုပ်မည့်သူ ဆိုတာ သေချာနေပါပြီ။ စကားထဲမှာပင် ချမ်းသာမည့် တိုးတက်မည့် အရိပ်အယောင် လုံးဝ မပါ ဆင်းရဲဖို့ကိုသာ တွင်တွင် ပြောနေခြင်း ဖြစ်သည်။ အမွဲတကာ့ ထိပ်ခေါင် ဖွတ်မင်းနောင်ဟု ဆိုရမလောက် သင့်တိုင်းပြည်ကိုရော သင်၏ အမျိုး ဘာသာ သာသနာကိုရော ဆင်းရဲခြင်းရောဂါဖြင့် ညှိုးနွမ်းအောင် သိမ်ငယ်အောင် ပျောက်ကွယ်အောင် လုပ်မည့်သူများ ဆိုတာ သေချာနေပါပြီ။

ထို့ကြောင့် အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်လိုလျှင် တိုင်းပြည် ချမ်းသာအောင် တိုးတက်အောင် လုပ်မည်ဟု ဆိုလာသူ လုပ်နိုင်စွမ်း ရှိသူများကိုသာ ယုံကြည်ပါဟု အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

မှီငြမ်း

တရုတ်နိုင်ငံသွား နေ့စဉ် မှတ်စာတမ်း(ဒေါက်တာလှဘေ)

မျိုးဆက်သစ် တိုးတက်ရစ်ဖို့(အောင်သင်း)

THIBAW’S QUEEN(H.FIELDING HALL)

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

4 Responses to စံလှကြီး – ဆင်းရဲချင် ဆင်းရဲပါစေ ဆိုပါလားဟေ့

  1. Dr. Maung Maung Gyi on July 23, 2015 at 4:31 am

    ဒီလိုရေးပြတာက ကလော်ဆဲပြတာထက် ပိုထိရောက်မယ်လို့ထင်ပါတယ်။

  2. Htwepaing on July 23, 2015 at 8:18 am

    Thanks for the right article

  3. Khin Maung Saw on July 24, 2015 at 7:02 am

    “တိုင်းပြည်ဆင်းရဲချင် ဆင်းရဲပါစေ မတိုးတက်ချင် နေပါစေ အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်အောင် လုပ်မည်” ဟု ဆိုလာသူများကို “အူမ မတောင့်က သီလမစောင့်နိုင်”၊ “ဆွမ်းတော်ဝေးလို့ ဝမ်းတော်မှအနိုင်နိုင်” ဆိုသောစကားပုံများကြားဘူးကြပါရဲ့လားဟုသာမေးလိုက်ပါ။

    • San Hla Gyi on July 24, 2015 at 8:49 pm

      ဟုတ်ကဲ့ အန်ကယ် Dr.Maung Maung Gyi ခင်ဗျာ။ ကြိုက်တယ် ဆိုလို့ ကျေးဇူးပါ။ ကျနော်က ဒီဆောင်းပါးကို ပုဂ္ဂိုလ်ရေး အတွက် မဟုတ်ပဲ စာဖတ်သူများ စဉ်းစားဖို့ မူသဘော သက်သက် ရေးခဲ့ပါတယ်။
      ကိုထွေးပိုင် ခင်ဗျာ နောင်လည်း ဖတ်ရှု အားပေးနိုင်ပါတယ်။
      ဟုတ်ပါတယ် အန်ကယ် ဦးခင်မောင်စော။ ကျနော် အခုတလော တချို့လူတွေ “တိုင်းပြည် ဆင်းရဲချင် ဆင်းရဲပါစေ အမျိုး ဘာသာ သာသနာ မညှိုးနွမ်း မပျောက်ကွယ်ရင် တော်ပြီ” ဆိုပြီး ပြောနေကြတာ နေရာ အချို့မှာ ကြားမိလို့ ရေးဖြစ်သွားတာပါ။ တကယ်တော့ တိုင်းပြည်ရဲ့ ချမ်းသာ တိုးတတ်ခြင်းသည် အမျိုး ဘာသာ သာသနာ ကြီးပွားခြင်းအတွက် တကယ့် ရေသောက်မြစ်လို့ ကျနော် ယုံကြည်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်