လှကျော်ဇော – ဖေဖေနှင့် ပြည်တွင်းစစ်

July 24, 2015

  ဒုဗိုလ်မှုးကြီးဟရန်သီယို (၁၉၄၉ အင်းစိန်တိုက်ပွဲကာလ)

(ပြည်တွင်းသောင်းကျန်းမှုသမိုင်း – ဒုတိယတွဲ)

လှကျော်ဇော – ဖေဖေနှင့် ပြည်တွင်းစစ်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၅

ဖေဖေ တီဘီရောဂါပျောက်ကင်းပြီး မိထ္ထီလာက ပြန်လာတဲ့အချိန်ဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်း ဖြစ်ပါတယ်။ ရန်ကုန်ပြန်ရောက် တော့ တပ်ရင်းတော်တော်များများ တောခိုကုန်ပါပြီ။ ကရင်လူမျိုးတို့ရဲ့ ကေအင်ဒီအိုလှုပ်ရှားမှုများလည်း စတင်လာပါပြီ။ ဖေဖေ့ကို မြောက်ပိုင်းတိုင်းမှူးခန့်လိုက်တဲ့အတွက် မေမြို့ကို မေမေ၊ ကျွန်မအောက်ညီမ ‘စန်း’ ကိုခေါ်ပြီး ဖေဖေပြောင်း ရွှေ့ သွားခဲ့ရပါတယ်။ ကျွန်မကတော့ ထုံးစံအတိုင်း သုံးဆယ်မှာ ဘိုးဘွားများနဲ့ ကျန်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ၁၉၄၉ ခုနှစ် နှစ်ဆန်း ကရင်တပ်များ တောခိုပြီး မြို့အချို့ကို သိမ်းယူရာမှာ ရန်ကုန်နားကပ်နေတဲ့ အင်းစိန်မြို့ကို ဖေဖော်ဝါရီ ၁ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။ ဒီတင် စစ်ဦးစီးချုပ်လုပ်နေတဲ့ ဗိုလ်နေဝင်းက ဖေဖေ့ကို ရန်ကုန် ခဏဆင်းလာဖို့ ကြေးနန်းရိုက်ခေါ်လိုက်ပြီး ရန်ကုန်ရောက်လို့ သူ့ကို သတင်းပို့တာနဲ့တပြိုင်နက် အင်းစိန် မြေပုံကြီး ကို ထိုးပေးပြီး “တောင်ပိုင်းတိုင်းမှူးအဖြစ်နဲ့ အင်းစိန်တိုက်ပွဲတိုက်ပေတော့” လို့ အမိန့်ပေးလိုက်ပါတော့တယ်။

ဒီနောက်မှာတော့ ဖေဖေဟာ ပြည်တွင်းစစ်ကြီးကို တိုက်ရပါတော့တယ်။ သူ့ဘဝမှာ “ပြည်တွင်းစစ်တိုက်ခဲ့ရတာ စိတ်အထိ ခိုက်ဆုံးပဲ” လို့ ဖေဖေက မကြာခဏ ပြောတတ်ပါတယ်။ ပြည်တွင်းစစ်အတွင်းက သူ့အနီးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကျဆုံးသွားခဲ့ရတဲ့  သူရင်းနှီးတဲ့ ရဲဘော်များအကြောင်းလည်း ကျွန်မတို့ကို မကြာခဏ ပြောပြတတ်ပါတယ်။

ဖေဖေက ၂၀ဝ၃ ခုနှစ်မှာ စတင်ရေးသားပြီး ၂၀ဝ၇ ခုနှစ်မှာ ပြီးဆုံးလို့ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိကြီးထဲမှာ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ဒီလိုရေးသားဖူးပါတယ်။

“ပြည်တွင်းစစ်ကြီးအတွင်းမှာ တချိန်က ဗမာ့လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့ကြသူများ အချင်းချင်းအကြား ပြန် လည်တိုက်ခိုက်ကြရပြီး ဗမာ့သားကောင်း၊ သမီးကောင်းမြောက်များစွာ သေကြေခဲ့ကြရပေသည်။ တိုင်းပြည်အတွက် နှမြော တသစရာ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အချင်းချင်းကြား မတိုက်ကြရဘဲ မသေဆုံးကုန်ကြဘဲ အားလုံးတိုင်းပြည်ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးများမှာသာ ဝိုင်းအလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် ဘယ်လောက် ကောင်းလိုက်မလဲ ဟုလည်း ယူဆစဉ်းစားနေမိပါသည်။ ပြည်တွင်းစစ်သည် ကျွန်တော်တို့တိုင်း ပြည်တိုးတက်ရေးအတွက် အနှောက် အယှက်ဖြစ်စေခဲ့သော အကြောင်းဆိုးကြီးဖြစ်ခဲ့သည်ဟု ကျွန်တော့်စိတ်တွင် ထင်မြင်မိသည်” လို့ ရေးထားပါတယ်။

အဲဒီခေတ် အဲဒီကာလက (အင်းစိန်တိုက်ပွဲ ကာလဝန်းကျင်) က အဖြစ်အပျက်များကို ဆောင်းပါးများရေးပြီး “မုန်တိုင်းကိုမမှု အံတုလေသော်” (မိုးမိုးတာရောစံရေး) ဆိုတဲ့လုံးချင်း စာအုပ်ထုတ်ထားတာမှာလည်းကောင်း၊ သမ္မတဟောင်း ဒေါက်တာ မောင်မောင်ရဲ့ အမှာစာမှာလည်းကောင်း အဲဒီလိုသဘောမျိုး ရေးထားတာတွေ့ရပါတယ်။

ဖေဖေက ကေအင်ဒီအိုလှုပ်ရှားမှုတွေဟာ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ပယောဂလို့ သတ်မှတ်ပြီး “အင်းစိန်တိုက်ပွဲကြီး” ကို  ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး မလွဲမရှောင်သာတိုက်ရပါတော့တယ်။ ဖေဖေက အင်းစိန်တိုက်ပွဲကြီးကို သူ့ရဲ့ ပထမဆုံး “စစ်တက္ကသိုလ်” လို့ သတ်မှတ်ပြောဆိုခဲ့ပြီး မိမိရဲ့စစ်သားဘဝမှာ အခက်ခဲဆုံး၊ အပင်ပန်းဆုံး။ အကြပ်အတည်း အရှိဆုံး။ ဘေးအန္တရာယ်အများဆုံးနှင့် ထိခိုက်ကျဆုံးမှု အများဆုံး အချိန်အကြာဆုံး ဆင်နွှဲခဲ့ရတဲ့ တသက်မမေ့နိုင်တဲ့တိုက်ပွဲကြီး” လို့ကင်ပွန်း တပ်ခဲ့ပါတယ်။

သူဒီလိုသဘောထားတာကလည်း အလွန်တော့မဟုတ်ပါဘူး။ ဒီတိုက်ပွဲအတွင်းမှာ သူအင်မတန်ချစ်ခင်ပြီး ရင်းနှီးခဲ့တဲ့ သူ့ တိုက်ဖော်တိုက်ဖက်အချို့ ကျဆုံးကုန်ရတာကို သူမျက်ဝါး ထင်ထင်တွေ့ခဲ့ရလို့ပါပဲ။ ဒီကျဆုံးသူတွေထဲက ကျမတို့ငယ်ငယ် ကလေးကတည်းက နာမည်အရ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့သူတွေရှိပါတယ်။ ဖေဖေက သူတို့အကြောင်း မကြာခဏ ပြောဆိုတတ် လို့ပါ။
၁။ ချင်းသေနတ်ကိုင်တပ်ရင်း ၁၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဟရန်သီယို။ ။ ဖက်ဆစ်တော်လှန် ရေးအပြီး ဗမာ့မျိုးချစ် တပ်ဖွဲ့ကြီးကိုဖျက်သိမ်းပြီး ကန္ဒီစာချုပ် (၁၉၄၅၊ စက်တင်ဘာ ၆ ရက်) သဘောတူညီချက်အရ ဗမာ့တပ်မတော် ပြန်လည်ဖွဲ့ စည်းရာမှာ ဗမာ့သေနတ်ကိုင်တပ်ရင်း ၃ ရင်းအပြင် တခြားတိုးချဲ့ဖွဲ့စည်းခဲ့တဲ့  တပ်ရင်းများထဲမှာ ကရင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်း သား လူမျိုးစုတွေ ပါဝင်တဲ့ တပ်ရင်းများလည်း ပါဝင်ပါတယ်။ အဲဒီတပ်ရင်းများမှာ အများစုပါ ဝင်သူများဟာ ဗြိတိသျှဖွဲ့စည်းခဲ့တဲ့ တပ်များကလူများ ဖြစ်ပါတယ်။ အဲဒီထဲက ကရင်တပ်ရင်း ၂ ရင်းဟာ ကေအင်ဒီအိုလှုပ်ရှားမှုများနဲ့ ပူး ပေါင်းသွားပြီး၊ ချင်းတပ်ရင်း ၂ ရင်းနဲ့ ကချင် တပ်ရင်းက လူအချို့ကတော့ ဗမာ့တပ်မတော်ရဲ့ ဦးဆောင်မှုအောက်မှာကျန်ခဲ့ပြီး အင်းစိန်စစ် မျက်နှာကို ရောက်ရှိလာခဲ့ပါတယ်။

ဖေဖေဟာ  အဲဒီ ချင်းတပ်ရင်း ၁၊ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး ဟရန်သီယိုနဲ့ အလွန်ရင်းနှီးပါတယ်။ သူဟာ တိုက်ရည်ခိုက် ရည်ပြည့်ဝပြီး အလွန်ကျန်းမာ ကြံ့ခိုင်တောင့်တင်းပြီး ဘောလုံးကန်လည်း အင်မတန်ကောင်းဆိုပဲ။ (နဝတခေတ်ထုတ် တပ်မတော်သမိုင်း စာအုပ်များမှာ သူ့ပုံတွေ ပါလာတာ တွေ့ရတော့ ဖေဖေပြောဖူးတဲ့ ကိုယ်ခနြွာ သိပ်တောင့်တင်းပြီး၊ ကျန်း မာရေး သိပ်ကောင်းတယ်ဆိုတဲ့ စကားကို သတိရမိတယ်။ တကယ့်ကို ဗလတောင့်တင်းသူပါ။ အားကစားသမားကြီးလည်းဖြစ်၊ တောင်ပေါ်သား ကြီးလည်း ဖြစ်လေတော့ ဖေဖေ နှမြောတသစွာ တဖွဖွပြောလည်း ပြောလောက်စရာပါပဲ။ )

အဲဒီချင်းတပ်ရင်းကို ဖေဖေက အတော်အရေးပေး တလေးတစား ဆက်ဆံပါတယ်။ သူတို့တတွေဟာ အခြေခံ ရိုးသားကြပြီး သူတို့အပေါ် တန်းတူရည်တူ စိတ်စေတနာထား ဆက်ဆံရင် သိပ်ကျေနပ်ကြပြီး ဘာခိုင်းခိုင်း စိတ်ရော ကိုယ်ပါ လုပ်ဆောင်ကြ လေ့ရှိတယ်။ ကျေးဇူးတရားလည်း သိပ်သိတတ်သူတွေလို့ဖေဖေက မှတ်ချက်ချ ပြောဖူးပါတယ်။ တခုပဲရှိတယ်တဲ့။ သူတို့က သိပ်အရက်ကြိုက်တော့ သူတို့တပ်ရင်းက ကျင်းပတဲ့ပွဲတွေသွားရင် သူတို့တိုက်သမျှ သောက်ရတယ်။ အဲဒါတခုပဲ ဒုက္ခ ရောက်တာလို့ ဖေဖေက ပြောပြပါတယ်။

အဲဒီတပ်ရင်းနဲ့ပတ်သက်လို့ မေမေပြောပြဖူးတာ တခုလည်းရှိပါတယ်။ သူတို့တပ်ရင်းရဲ့ “တပ်ရင်းနေ့” (တပ်ရင်းများ အ လိုက် မိမိတို့တပ် စတင်ဖွဲ့စည်းတဲ့နေ့အထိမ်းအမှတ်ပွဲ) ပွဲလုပ်ရာမှာ ဖေဖေကိုဖိတ်လို့ ဖေဖေက သွားတက်သတဲ့။ အဲဒီည စာစားပွဲမှာ ဒန်ပေါက်ထမင်းနဲ့ ဧည့်ခံတယ်။ ခေါင်ရည်နဲ့လည်း ဧည့်ခံဆိုပဲ။ ဖေဖေက အရက်မသောက်နိုင်ပေမယ့် တခြား တပ်ရင်းတွေဆိုတောင်းပန်လို့ ကောင်းပေမယ့် အခု ချင်းတပ်ရင်းက တပ်မှူးများက ဝိုင်းတိုက်တာဆိုတော့ ငြင်းလို့မကောင်း ဘူး။ (သူတို့တိုက်တာမသောက်ရင် သူတို့ကို အထင်သေးလို့၊ သူတို့ခင်မင်လေးစားသလို သူတို့ကို ပြန်မလေးစားဘူးထင်မှာစိုးလို့တဲ့) ဒါကြောင့် ဖေဖေလည်း သူတို့တိုက်သမျှ သောက်ရသတဲ့။ သောက်ပြီးအိမ်ပြန်လာတော့ ကားကလည်း   ဝီလီဂျစ် ကားလေးဆိုတော့ လေတဟူးဟူးနဲ့ပေါ့။ လေတိုက်လေမူးလေနဲ့ အိမ်ပြန်ရောက်တော့ ဒေါင်ချာဆိုင်းနေပြီတဲ့။

အဲဒီတုန်းက ဖေဖေက တောင်ပိုင်းတိုင်းမှူးအဖြစ်နေတဲ့ မင်္ဂလာဒုံအိမ်ကြီးမှာ ကျမတို့ အရပ်က စစ်ပြေးလာတဲ့ ဆွေမျိုးတွေနဲ့ ပြည့်နေပါတယ်၊ ကျမတို့အရပ်ကို ပါတီက တပ်များ (ဗိုလ်ရဲထွဋ်ဦးစီးတဲ့) သိမ်းထားတဲ့အချိန်ဖြစ်ပါတယ်။ ဖေဖေ့ဘက်က အမျိုးတွေရော မေမေ့ဘက်က အမျိုးတွေရော အတော်များများ ရောက်ပြီးနေ နေကြတာပါ။

ဖေဖေက အိမ်လည်း ပြန်ရောက်ရော လူမှန်းကိုမသိအောင်မူးနေတာ။ အိမ်အပေါ်ထပ် တွဲတင်ရ။ မူးမူးနဲ့ ထိုးအန်တော့ စား ထားတာကလည်း ဒန်ပေါက်တွေဆိုတော့ အပြေးအလွှားသိမ်းရဆည်းရနဲ့ တအိမ်လုံး အလုပ်ရှုပ်သွားကြတာပေါ့လေ။ ဖေဖေကို အိပ်ခန်းထဲ ဆွဲသွင်းပြီး ခုတင်ပေါ်တင်ရုံရှိသေး ခုတင်ပေါ်အန်ချလိုက်လို့ မေမေက အကြီးအကျယ်ဒေါပွသတဲ့။ ဒါ ကြောင့် ဖေဖေက မူးမူးနဲ့မေမေ့ကို တတောင်းပန်တည်း တောင်းပန်နေတာ ထပ်ချည်းတလဲလဲ ဖြစ်နေရောတဲ့။

အဲဒီတော့ အိမ်မှာ စစ်ပြေးခိုလှုံနေတဲ့ ဖေဖေ့အစ်ကိုကြီး ဦးကြီးပုက “ငါ့ – မှပဲ (ဦးကြီးက စကားပြောရင် အတိုင်းလေး၊ အထွာ လေးနဲ့ ပြောတတ်ပါတယ်။) ဒီကောင်က မူးသာမူးတာ။ ပါးစပ်က  မိန်းမကို တစိန်စိန်နဲ့ ချကိုမချဘူး” လို့ ဆဲပါသတဲ့၊ အဲသ လိုဖြစ်ခဲ့ဖူးကြောင်း မေမေက ပြောပြဖူးပါတယ်။

အဲဒီချင်းတပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဟရန်သီယိုဟာ ၁၉၄၉ ခုနှစ် မေလအတွင်းမှာ တိုက်နေရတဲ့ ဖော့ကန်ရွာ အနီးက တိုက်ပွဲ (အင်းစိန်တိုက်ပွဲကြီးအတွင်းက တိုက်ပွဲစဉ်တခု) မှာ ပေါင်မှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီကနေ ခြေ ထောက်ပုပ်လိုက်လာလို့ ခြေထောက်ကို ဆရာဝန်များက ဖြတ်ဖို့စီစဉ်တော့ သူနောင်မှာ ဘောလုံးမကန်ရတော့မှာစိုးလို့ မဖြတ်ဘူး တင်းခံနေပါတယ်။ ဖေဖေကို လာအကြောင်းကြားလို့ ဖေဖေဆေးရုံလိုက်သွားပြီး ဖျောင်းဖျလို့ သူခြေတဖက် အဖြတ်ခံပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ၊ ခြေပုပ်ရောဂါ (gas-gangrene) က နောက်ခြေတဖက်ကို ကူးစက် သွားခဲ့ပါပြီ။ နောက် ခြေတဖက်ကိုလည်း ထပ်ဖြတ်လိုက်ပေမယ့် အသက်မကယ်နိုင်တော့ပါဘူး၊  ဒီလိုနဲ့ တိုင်းရင်းသားထဲက အလွန်ထက်မြက်ပြီး သတ္ပိ    ဗျတ္တိနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုသားတဦး ပြည်တွင်းစစ်အတွင်း ကျဆုံးသွားခဲ့ရပါတယ်။

သူ့နေရာကို ဆက်ခံတဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဗန်ကူးဟာ ဗိုလ်မှူးကြီးအဆင့်နဲ့ နောင် မဆလခေတ်မှာ ဝန်ကြီးဖြစ်လာပြီး ယခုအသက် ၈၄ နှစ်ထိ ကျန်းကျန်းမာမာရှိနေတာ သိရပါ တယ်။ တလောကပဲ ဂျာနယ်တစောင်မှာ တွေ့ဆုံမေးမြန်းခန်းလုပ်တာ တွေ့လိုက်ရပါသေးတယ်။ ဖေဖေတရုပ်ဖြူ တိုက်တုန်းကလည်း သူပါဖူးပါတယ်။

အင်းစိန်တိုက်ပွဲအပြီးမှာ ကျဆုံးသူ ဒုဗိုလ်မှူးကြီး ဟရန်သီယိုကို ဖဆပလအစိုးရက ဘွဲ့တခုချီးမြှင့်သေးတယ်။ ဘာဘွဲ့ ဆိုတာတော့ ဖေဖေလည်း မေ့သွားပြီလို့ ဖေဖေက ပြောပြဖူးပါသေးတယ်။

၂။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထောက်လှမ်းရေးအရာရှိ (၍ဥ) ဗိုလ်ကြီး စိုးမင်း။ ဖေဖေက သူ့ကိုယ်ရေး အထုပ္ပတ္တိရေးတော့ အသက် ၈၀ ကျော်နေပါပြီ။ အတော်မေ့လျော့စ ပြုနေပါပြီ။ ဒါကြောင့် ကိုးကားရမယ့် စာအုပ်စာတမ်းများကို မကြာခဏ ပြန်ဖတ်ရ၊ လေ့လာရပါတယ်။ ကျွန်မမောင်အကြီး ကိုအောင် (အောင်ကျော်ဇော) က ရွှေလီ (တရုတ်-ဗမာနယ်စပ်မြို့) မှာနေတော့ သူက ဗမာပြည်ကထုတ်တဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ၊ အကုန်ပြန်ရှာပြီး ပို့ပေး ပါတယ်။ ဒီကြားထဲ ဖေဖေက ဂေါက်ရောဂါ (အဆစ်အမြစ်ကိုက်ရောဂါ-  Gout ) မကြာခဏထ တတ်တော့ သူ့လက်ချောင်းကလေးများ ရောင်ရောင်လာ တတ်ပါတယ်။ ကျွန်မက ရေနွေးအိတ် ကလေး ထည့်ပေးပြီး လက်ချောင်းထိပ်ကလေးတွေ ဖော်ထားတဲ့ သိုးမွှေးလက်အိတ်ကို ရှာဝယ်ပေးထားပါတယ်။ ရိုးရိုးလက်အိတ်ဆိုရင် စာရေးရတာ အဆင်မပြေပါဘူး။ ဖေဖေက အဲဒီလက်အိတ်ကလေးနဲ့စာရေး၊ လက်ချောင်းလေးတွေနာလာရင် နားပြီး ရေနွေးအိတ်ကလေး ကပ်လိုက် လုပ်ရပါတယ်။

တနေ့ ဖေဖေစာရေးစာဖတ်လုပ်နေတဲ့ အခန်းထဲကို ကျွန်မဝင်သွားပါတယ်။ ရေနွေးအိတ် အေးနေရင် လဲပေးမလားဆိုပြီး ဝင်သွားတာပါ။ ဖေဖေက လက်ထဲမှာ စာအုပ်တအုပ်ကိုင် ထားပြီး ငူငူကြီးထိုင်နေပါတယ်။ မျက်နှာလည်း အတော်ပျက်နေပြီး အနားကပ်ကြည့်တော့ မျက်ရည်စတွေတောင် တွေ့ရပါတယ်။ ကျွန်မလည်း ဖေဖေစိတ်ထိခိုက်စရာတခု ဖတ်မိပြီလို့ ရိပ်မိပြီး ချက်ချင်းပဲ မသိချင်ယောင်ဆောင်ကာ ဖေဖေ့လက်ထဲက စာအုပ်ကိုယူလိုက်ပြီး “ကဲကဲ  ဖေဖေတော်ပြီ။ နားကြစို့။ တော်ကြာထမင်းစားတော့မှာ အညောင်းပြေ အညာပြေ ခဏလမ်းလျှောက်ရအောင် ”ဆိုပြီး အပြင်ခေါ်ထုတ်လာရပါတယ်။
အဲဒီတုန်းက ဖေဖေဖတ်နေတဲ့ စာအုပ်ကတော့ မိုးမိုးတာရောစံရဲ့ “မုန်တိုင်းကိုမမှု အံတုလေသော်”ဆိုတဲ့ စာအုပ်ဖြစ်ပြီး ဖေဖေစိတ်ထိခိုက်ရတဲ့အခန်းကတော့ ဗိုလ်ကြီးစိုးမင်းရဲ့ ကျဆုံးခန်းနဲ့ ဈာပနအစီအစဉ်ပါပဲ။ စာရေးသူဟာ အဲဒီအခန်းကို အသေးစိတ် ခြယ်မှုန်းထားပြီး သူနဲ့ အလွန်ရင်းနှီးတဲ့မိတ်ဆွေ၊ ရဲဘော်ရဲဘက်ဖြစ်တဲ့အတွက် စိတ်ထိခိုက်စဖွယ် ရေးထားတာ တွေ့ရပါတယ်။

ဗိုလ်ကြီးစိုးမင်းဟာ မိုးမိုးတာရောစံ (ဗိုလ်မှူးကြီး ခင်မောင်သောင်း) နဲ့ တမြို့တည်းသား (စစ်ကိုင်းသား) များ ဖြစ်ကြကာ ဘီဒီအေ ကာလတွင် အတူတူတပ်ထဲရောက်ပြီး မင်္ဂလာဒုံ ဗိုလ်သင်တန်း (ဒုတိယပတ်၊ ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ် အမြောက်တပ် သင်တန်း) စတာတွေ အတူတူတက်ခဲ့ကြပြီး ဗမာပြည်ရောက်တော့လည်း အတူတူတာဝန်တွေ ထမ်းဆောင် ရင်း အင်းစိန်တိုက်ပွဲကာလမှာ ပါဝင်ဖြတ်သန်းရတာတွေကို ရေးသားထားတာ တွေ့ရပါတယ်။

ဗိုလ်ကြီးစိုးမင်းဟာ ဖေဖေရဲ့ ထောက်လှမ်းရေးအရာရှိဖြစ်ပြီး၊ ရုံးအဖွဲ့နဲ့လိုက်နေရာကနေ ရှေ့တန်းသွားချင်လှချည်ရဲ့လို့ တပူပူတဆာဆာ လုပ်လွန်းလို့ ဖေဖေက သူ့ကို ခရီးတိုထိုး ဖောက်ခြင်း (Short-Range Penetration S.R.P) လေ့လာစေဖို့ စေလွှတ်လိုက်တာပါ။ သွားရင်းလာရင်း အေးရွာအနီးမှာ ကေအင်ဒီအို ပြောက်ကျားများနဲ့တိုးပြီး ကျဆုံးသွားတာပါ။ ၁၉၅၀ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာပါ။

ဖေဖေက ဗိုလ်ကြီးစိုးမင်းလုပ်တာကိုင်တာ သေသပ်မှု၊ တည်ငြိမ်မှု စဉ်စားဉာဏ်ရင့်ကျက်မှုတို့ကြောင့် အလွန်အားကိုးပြီး မျှော်လင့်ချက်လည်း ကြီးကြီးထားပုံရပါတယ်။ ဒါကြောင့် ဗိုလ်ကြီးစိုးမင်းကျဆုံးကြောင်းကြားရတော့ ရုတ်တရက် စကား တောင်မပြောနိုင်ဘဲ ငိုင်ကျသွားမိတယ်လို့ ပြောဖူးပါတယ်။

ဒါကြောင့် မိုးမိုးတာရောစံ စာအုပ်မှာ အဲဒီအခန်းကိုဖေဖေက ပြန်ဖတ်ရတော့ စိတ်ထိခိုက်မိတာ ဖြစ်ပါလိမ့်မယ်။ မိုးမိုး တာ ရောစံကိုယ်တိုင်လည်း အတော်ခံစားပူဆွေးရပုံရပါတယ်။ မိုးမိုးတာရောစံဟာ မိမိဘက်သားများကျဆုံးခန်းကို အဲသလို ရသ မြောက်အောင်ရေးသလိုဘဲ သူတို့လက်ချက်နဲ့ကျဆုံးသွားကြတဲ့ ကေအင်ဒီအို ပြောက်ကျားများအကြောင်းရေးရာမှာလည်း ဂရုဏာသက်စွာရေးထားတာကိုတွေ့ရတော့ ပြည်တွင်းစစ်ရဲ့ စိတ်ထိခိုက်ဖွယ်အနိဋ္ဌာရုံတွေကို ဆင်ခြင်မိပါတယ်။ ညီအကို မောင်နှမ အချင်းချင်းသတ်ဖြတ်ရတာကို စိတ်မကောင်းဖြစ်ဟန်တွေကို တွေ့ရပါတယ်။

မှူးသမိန် (ဗိုလ်မှူးကြီးစောမြင့်) ရဲ့ ဘုံဘဝ ကြုံတွေ့ရဇာတ်လမ်းများဆိုတဲ့ စာအုပ်မှာလည်း ဒီသဘောထားတွေ တွေ့ရပါ တယ်။ သြော် အခုခေတ်လူငယ်များ ဒါတွေဖတ်ပြီး သင်ခန်းစာထုတ်နိုင်ပါစေလို့ ဆန္ဒပြုရပါတယ်။

၃။ ဗမာ့သေနတ်ကိုင်တပ်ရင်း ၅ မှ တပ်ခွဲမှူး ဗိုလ်မှူးလှသောင်း။ ၁၉၄၉ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဆင်နွှဲခဲ့တဲ့ ပွိုင့်ဝမ်း ဝမ်းတူး Point ၁၂၂ တောင်ကုန်းသိမ်းတိုက်ပွဲမှာ တပ်ရင်း ၅ မှ တပ်ခွဲမှူး ဗိုလ်မှူးလှသောင်းအပါ အရာရှိအရာခံ အကြပ်တပ် သား ၈၀ ကျဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့တဲ့အကြောင်း ဗိုလ်မှူးလှသောင်းကျဆုံးပုံ အသေးစိတ်၊ အဲဒီတိုက်ပွဲကပေးတဲ့ သင်ခန်းစာများ စတာတွေကို ဖေဖေက သူ့ရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိစာအုပ်ထဲမှာ အပြည့်အစုံ ရေးပြီးပါပြီ။

မှူးသမိန်ရဲ့စာအုပ်ထဲမှာလည်း သူ့တပ်ရင်း ၅ က ကျဆုံးသွားရပြီဖြစ်တဲ့ ရဲဘော်များအကြောင်း ပြည့်ပြည့်စုံစုံရေးထားတာတွေ့ရပါတယ်။ (ဗိုလ်မှူးလှသောင်း ကျဆုံးပြီးနောက် သူရဘွဲ့ အပ်နှင်းခြင်းခံရကြောင်း အဲဒီ စာအုပ်ထဲမှာတွေ့ရပါတယ်။)
ဒါတွေကတော့ ဖေဖေမကြာခဏပြောပြဖူးတဲ့ သူနဲ့အတူ တိုက်ပွဲတိုက်ရင်းက ကျဆုံးကုန်တဲ့ ရဲဘော်တွေအကြောင်းပါ။ အဲဒီတိုက်ပွဲတွေမှာ သူနဲ့အတူတိုက်ခဲ့ရတဲ့ တခြားသူတွေအကြောင်းတွေလည်း ရှိပါသေးတယ်။ အဲဒီလူတွေ အကြောင်းတွေ တိုက်ပွဲတွေ သူ့အတွေ့ အကြုံတွေ ပြောဆိုပြီးတိုင်း ဖေဖေရဲ့ နိဂုံးချုပ်စကားကတော့ …

‘တောက် ဒီအင်္ဂလိပ်တွေ ငါတို့တတွေကို ဒီလောက်လွတ်လပ်ရေး လိုချင်တဲ့ကောင်တွေ အချင်းချင်းတိုက်ကြတော့ဆိုပြီး လုပ်ခဲ့တာ တို့တတွေ ဂျပန်တော်လှန်ရေးပြီးတော့ အင်္ဂလိပ်တွေနဲ့တော့ တချီတမောင်း တွေ့ကြအုံးမယ်လို့ထင်ထားတာ သိပ်လည်တဲ့အကောင်တွေ သူတို့က လှိမ့်ထွက်သွားပြီး တို့တတွေသာ အချင်းချင်း ပြန်တိုက်ကျန်ခဲ့ရတာ သိပ်နာကျည်း စရာကောင်းတယ်ကွာ’ ဆိုတာပါပဲ။

တခါတလေ စိတ် သိပ်အချဉ်ပေါက်ဟန်တူပါရဲ့ အခုနေများ အင်္ဂလိပ်ကိုပြန်တိုက်မယ့်တပ်များရှိရင် ငါ ဗော်လံတီယာလုပ် ပါ့မယ်ကွာဆိုပြီး ပါလိုက်ချင်သေးရဲ့လို့လည်း ဆိုတတ်ပါတယ်။

၁၉၄၈နှစ်က ပေါ်ထွက်ခဲ့တဲ့ ပြည်တွင်းစစ်ပထမလှိုင်းလုံးဟာ နယ်ချဲ့ ပယောဂလို့ ဖေဖေက သတ်မှတ်ခဲ့ပြီးဝင်ရောက်ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ဗိုလ်နေဝင်း စစ်အစိုးရတက်လာပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ် ဒုတိယ လှိုင်းလုံးကတော့ လူမျိုးစုံ (ကချင်၊ ချင်း၊ ရှမ်း စသဖြင့်) တော်လှန်ရေးတွေပါ ပါဝင်လာပြီး ဗိုလ်နေဝင်းက စစ်အာဏာရှင် ယန္တရားကို ထိန်းသိမ်းဖို့အတွက် တိုးတက်ဖိနှိပ်မှုကြောင့် ပေါ်ပေါက်ရတာဖြစ်ပါတယ်။

ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ရတာကို အသဲနာလှပါတယ်ဆိုဖူးတဲ့ ဖေဖေဟာ ၁၉၇၆ မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကြီးထဲ ပါဝင်လာရပြီး ပြည်တွင်းစစ်ကို ပါဝင်ဆင်နွှဲခဲ့ရတာ ၁၉၈၉ ခုနှစ် ပါတီ ဖရိုဖရဲဖြစ်သွားချိန်အထိပါပဲ။ ဖေဖေဟာ သူ့ဘဝကို ဗမာပြည် အဖိနှိပ်ခံပြည်သူများဘဝနဲ့ ထပ်တူပြုထားသူဖြစ်လို့ (အဖိနှိပ် ခံပြည် သူများဆိုတာ ကိုယ်သွားချင်တဲ့လမ်းကို ရွေးချယ်ပိုင်ခွင့် မရှိပါဘူး) အုပ်ချုပ်သူများက အကြမ်းဖက်ဖိနှိပ်လာရင်တော့ ခေါင်းငုံ့ခံနေလို့ မဖြစ်ဘူးလေ။

၁၉၉၀ ခုနှစ်များမှာတက်လာတဲ့ နဝတ၊ သူ့ဆက်ခံတဲ့ နအဖခေတ်များမှာတော့ သူတို့ရဲ့ လုပ်ပုံတွေကို ကြည့်ပြီး (အထူးသဖြင့် ၂၀ဝ၃  ဒီပဲရင်း အဖြစ်အပျက် အပြီးမှာ) ဖေဖေက ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်စွာနဲ့  သတင်းဌာနများက တဆင့် မကြာခဏ သတိပေးပြောကြားနေတတ်ပါတယ်။

အခုအခါ အသက် ၉၀ ကျော်ပြီး ကျန်းမာရေးအရလည်း ယိုင်လဲချည့်နဲ့လာပြီဖြစ်တဲ့ (ယခု ကွယ်လွန်) ဖေဖေရဲ့ အဲဒီလို စိုးရိမ်ပူပန်စိတ်နဲ့ ဗမာပြည်ကြီး ပြည်တွင်းငြိမ်းချမ်းရေးရပြီး အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်ကာ အိမ်နီးချင်း နိုင်ငံများ (အထူး သဖြင့် ယခု ကျွန်မတို့ ခိုလှုံနေထိုင်တဲ့ နိုင်ငံကြီးလို) ဆင်းရဲခြင်း တဖြည်းဖြည်း ပပျောက်ပြီး ပြည်သူအများ သာယာဝပြော ချမ်းသာစေလိုတဲ့ စိတ်စေတနာကို ကျွန်မအမွေဆက်ခံပြီး ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။
၃၁-၅- ၂၀၁၁။

မှတ်ချက်
၁။ မိုးမိုးတာရောစံနဲ့ မှူးသမိန်တို့ရဲ့ စာအုပ်များဟာ ၁၉၈၀ ခုနှစ်များအတွင်းက ထုတ်ဝေတဲ့ စစ်ပြန်မဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း စတာတွေမှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးများကို စုပေါင်းထုတ်တာဖြစ်လို့ (အဲဒီကာလက ဖေဖေက ပါတီထဲ ပြန်ရောက်နေပြီဖြစ်လို့) ဖေဖေနာမည် မဖော်ပြဘဲ တိုင်းမှူးတို့ စစ်ဆင်ရေးမှူးကြီးတို့လို့သာ ဖော်ပြထားပါတယ်။

၂၊ နဝတခေတ် “တပ်မတော်သမိုင်း”စာအုပ်များမှာတော့ ဖေဖေ့နာမည်ကို ဖော်ပြရုံမက ကိုးကားတဲ့စာအုပ်စာရင်းမှာလည်း ဖေဖေရေးသားခဲ့တဲ့ စာအုပ်များ၊ ဖေဖေ့ရဲ့ အစီရင်ခံစာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ (ဒီကာလမှာတော့ ပါတီဖရို ဖရဲဖြစ်ပြီး ကျွန်မတို့လည်း ပြည်ပရောက်နေပြီလေ)။

ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၂၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော, ဖြစ်ရပ်များ၊ အမှတ်တရများ

2 Responses to လှကျော်ဇော – ဖေဖေနှင့် ပြည်တွင်းစစ်

  1. Ro Ding on July 24, 2015 at 10:27 pm

    Great article.

  2. Zau li on July 27, 2015 at 12:58 am

    Kachin soldiers sacrifice their lives during 2nd world war and civil war too. But we never get credit for it. If the author can share some of her memories a bout Kachin soldiers I do appreciate it. God bless our country.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်