သင့်မြတ် (ချင်းတွင်း) – သစ်ပင်စိုက်ကြရအောင်

July 25, 2015

 
– သစ်ပင်စိုက်ကြရအောင်
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၅
(၁)
 ‘၀ုန်း..’ ခနဲ အသံကြားလို့ ထကြည့် လိုက်တော့ အိမ်ရှေ့က ပိန္နဲပင်ကြီးက ခေါင်းခိုင်ကြီးကျိုးနေတာတွေ့လိုက်ရသည်။  မိုးဦးကျမှာ ကြုံရတတ်တဲ့ အညာမိုးသက်လေက တစ်ပင်လုံး မလဲနိုင်ပေမယ့် အကြီးဆုံးကိုင်းကိုတော့ ကျိုးအောင် ချိုးချသွားခဲ့ပြီ။
ကျွန်တော် ၆ နှစ်သားအရွယ် ဒီအိမ်ကို ပြောင်းလာပြီးကတည်းက အသီးရော အရိပ်ပါပေးသည့် ပိန္နဲပင်ကြီး၊ ည ည ဆို စာကလေးတစ်သိုက် အိပ်တန်းလာတက်လေ့ရှိသော ပိန္နဲပင်ကြီး အခုတော့ ခေါင်ကိုင်းကျိုးပြီး စာကလေးတွေ လန့်ပျံကုန်ကြပြီ။
အကြောက်လွန်ပြီး ပျံသွားကြသော စာကလေးတွေ အနည်းဆုံး ၃-၄ ညတော့ အိပ်တန်းခက်တော့မည်။
 (၂)
မှတ်မိပါသေးသည်။  ကျွန်တော်တို့ ငယ်ငယ်တုန်းက ရွာ့မြောက်ဘက်စွန်း ချင်းတွင်းမြစ်ကမ်းနဖူးပေါ်တွင် အမြစ်တွေက ခွေလိမ်ပြီး မြစ်ကမ်းပါးပေါ်ထိုးထွက်နေတဲ့ ဧရာမ မန်းကျည်းကုလားပင်ကြီးရှိသည်။  ထိုမှ တောင်ဘက်နား ပေ ၁၀၀ ခန့်အကွာ ရွာဦးဘုန်းတော်ကြီးကျောင်း ခြံစည်းရိုးထောင့်တွင် ကုက္ကိုပင်ကြီးတစ်ပင်နှင့် ထိုအပင်ကြီး၏အောက်တွင် ၃ ပေ ခန့်မြင့်ပြီး  ၄ပေ x ၆ပေ ခန့်ကျယ်သည့် ၀ါးကြမ်းခင် စင်ကလေးရှိသည်။   ထိုဝါးကြမ်းစင်လေးသည်ကား မြစ်ရေခပ်ဆင်းကြလေသော ပျိုမေတစ်သင်းတို့ ခေတ္တ နားခိုရာအေးရိပ်သာ။  မြစ်ကမ်းပါးခပ် နက်နက်ကနေ ရေအိုးခေါင်းပေါ်ရွက်ပြီးတက်လာသည့် ပျိုမေတို့ ခဏနားလိုနား၊ ရေအိုးအနေအထားပြင်လိုပြင် ၀ါးကြမ်းစင်လေးက အဆင်သင့်၊ အဆင်းနှင့်အတက်တို့ ခဏနား စကားဖလှယ်ကြရာနေရလေးလည်းဖြစ်သည်။  မလှမ်းမကမ်း ကုက္ကိုရိပ်အစွန်းတွင် ခြင်းခတ်နေကြသော ဦးဦး ကိုကိုများ စ, မှာကို စိုးရွံ့တတ်သော ပျိုမေတို့ကတော့ နားဖို့ နေနေသာသာ မမြင်ချင်ယောင်ဆောင်ပြီး ခပ်သွက်သွက်လျှောက်သွားကြသည်။  ၀ါးကြမ်းစင်လေး၏ ဘေးတွင် ကွမ်းယာဆိုင်လေးနှင့် လက်တောက်ခုံလေးကလည်း အမြဲလူစည်နေတတ်သည်။  တစ်မတ် ငါးမူးတန်း တောက်ကြသူရှိသလို အပျော် ရှုံးထွက်တောက်ကြသူတွေကလည်း မနည်းမနောဆိုတော့ တောက်သည့် လူသာပြောင်းမည် လက်တောက်ခုံလေးကတော့ မနားရ၊ လျှပ်စစ်မီးမရှိသော အရပ်ပီပီ.. မှောင်ရီပျိုးမှပဲ ၀ိုင်းသိမ်းကြတာထုံးစံလိုဖြစ်နေသည်။
မြစ်ကမ်းပါးပေါ် ခွေလိမ်ကာ ထိုးထွက်နေသော မန်းကျည်းကုလားမြစ်များပေါ်ထိုင်ပြီး မြို့အပြန် မော်တော်ဖြင့် ပါလာမည့် ကိုယ့်မိဘဆွေမျိုးများကို မျှော်ကြရသည်။  ချင်းတွင်းရေကြောင်းကို အားပြုထားရသော ကမ်းနဖူးရွာပီပီ မန်းကျည်းကုလားနှင့် ကုက္ကိုပင်ရိပ်သည် ကုန်တင်ကုန်ချဆိပ်ကမ်း၊ ခရီးသွားလာရာ မော်တော်ဆိပ်၊ အရောင်းအ၀ယ် သမားတို့ အညာအကြေ စုန်ဆန်ကြဖို့ စုရပ်နေရာဖြစ်သည်။  သူစိမ်းသူကျက်  ရွာပေါ်တက်လာလျှင် အရင်ဆုံးသိရသော နေရာ……ရွာ့ ဂိတ်တံခါးလည်းဖြစ်သည်။
ကျွန်တော်တို့ ကာလသားသူငယ်ချင်းတစ်စုကတော့ နေ၀င်ရီရိုးအချိန် ရွာရိုးကိုးပေါက် သီချင်းလှည့်ဆိုအပြီး မန်းကျည်းကုလားမြစ်ပေါ်ထိုင်ကာ ညည ကြယ်တွေကြည့်လိုက်၊ မြစ်ကိုကြည့်လိုက်နှင့် သီချင်းတွေဆိုခဲ့ကြဖူးသည်။  ကမ်းနဖူး ကုက္ကိုပင်အောက်က ကြမ်းစင်လေးပေါ်တွင် တုံးလုံးပက်လက် လှဲရင်း ကုက္ကိုရွက်အကြိုအကြားက လတစ်ခမ်းပဲ့လေးကြည့်ပြီး စကားတွေ ဖောင်ခဲ့ကြဖူးသည်။  စိတ်ကူးတွေ ရွက်လွှင့်ခဲ့ကြဖူးသည်။  ယခုတော့ ကုက္ကိုပင်ကြီး ရှိနေသေးပေမယ့် မန်းကျည်းကုလားပင်ကြီးကတော့ တတိတိ နဲ့ မြစ်ရေတိုက်စားခံရပြီး အမြစ်ပါမကျန်တော့ပြီ။  ကုက္ကိုပင်သာလာထိလျှင် ၀တ္တကမြေ ဘုရားကျောင်းကန်ပါ စိုးရိမ်စရာ ဖြစ်တော့မည်။
မ.ဆ.လ ခေတ်က ကျေးရွာအုပ်စု ရုံးများအတိုင်း ရွာ့အလယ်ကောင်တွင် ပါတီကောင်စီရုံးနှင့် ရုံးဝင်းထောင့်၊ လမ်းမကြီး၏ဘေးတွင် ဧရာမ ကုက္ကုပင်ကြီးတစ်ပင် .. ထိုမှ တောင်ဖက် ပေ ၃၀၀ ခန့်အကွာတွင် တစ်ပင်ရှိသည်။  ရုံးဘေးက ကုက္ကိုပင်၏ သက်တမ်းမည်၍မည်မျှ ဆိုသည်ကို သေသေချာချာ မသိပေသော်လည်း လူ ၄-၅ ယောက်လောက် လက်ချင်းယှက် ဖက်မှ တစ်ပတ်ပြည့်သည်ကိုကြည့်၍ အပင်၏သက်တမ်းကို ခန့်မှန်းကြည့်ရမည်ထင်သည်။  ကုက္ကိုပင်တို့ ထုံးစံအတိုင်း ဖြောင့်စင်း လုံးဝန်းသော အပင်မျိုး မဟုတ်တော့ ပင်စည်ဧရိယာက ပိုကျယ်သွားတာလည်း ပါသည်။
ပါတီကောင်စီရုံးနှင့်ကပ်လျှက်ရှိသော ကုက္ကိုပင်သည်… ရွာ လွှတ်တော်အဆောက်အအုံလို့ဆိုရမည်။  ရွာရေးရပ်တာကိစ္စများကို တစ်အိမ်တစ်ယောက် စုဝေးတိုင်ပင်ရာအရပ်၊ ရုံးပြင်ကနား ကိစ္စများရင်ဆိုကြရသောအခါ လာရောက်နားစွင့်ရာ အရိပ်အာဝါသလည်းဖြစ်သည်။  အလှူပွဲကျောင်းပွဲတွေ ဆိုလျှင်လည်း တိုင်ပင်စည်းဝေးရာ စုရပ်၊ ဓာတ်စက်သံ တညံညံနှင့် နိဗ္ဗာန်ဆော်ရာ အရပ်၊ စတုဓိသာနှင့် ရိုးရာသင်္ကြန် မေဏ္ဍာပ်ရှိရာနေရာလည်း ဖြစ်သည်။  ထိုမျှမက ရပ်ဝေးရပ်နီးမှ ဘုရားကျောင်းကန်အတွက် အလှူခံလာလျှင် အထွေအထူးစဉ်းစားစရာမလို ကုက္ကိုပင်ပေါ် ခွကောင်းကောင်းတစ်နေရာတွင် ဓာတ်စက်(Loud Speaker) ကို တောင်ဘက်တစ်လုံး မြောက်ဘက်တစ်လုံးတင်ပြီး ဖွင့်လိုက်ရုံနှင့် ကိုယ့်ရွာတွင်းသာမက ဘေးနားရွာများကပါ သတင်းပါးပြီးသား ဖြစ်နေတတ်သည်။ 
ထိုကုက္ကိုရိပ်သည် လူကြီးများအတွက်သာမက ကလေးများအတွက်လည်း ကစားကွင်းကြီးဖြစ်သည်။  ငယ်ငယ်တုန်းက သံဗူးဂလောက်တန်း တူတူပုန်းဆော့လျှင် ဝေးဝေးပြေးစရာမလို ကုက္ကိုပင် ပတ်ချာလှည့်ပုန်းရုံနှင့် ကိုယ်ခွေးရူးမကျအောင် ရှောင်လို့ရသည်။  ရွာလယ်ကုက္ကိုပင်က ပင်စည်ကကြီးကြီး၊ အကိုင်းအခက်က ဝေေ၀ဆာဆာနှင့်ဆိုတော့ နွေရာသီအတွက် ကျွန်တော်တို့ ကလေးများဆော့စရာ အရိပ်ကောင်းကောင်း ကွင်းပြင်ကျယ်ဖြစ်သည်။  အဆော့မက်သော ကိုယ့် သားသမီးအကြောင်းသိမိဘများက အိမ်မကပ်တဲ့ ကလေးကို ဝေးဝေးမရှာ၊ ရွာလယ် ကုက္ကိုရိပ်လာပြီး မေးရုံမြန်းရုံ ရှာပုံတော်ဖွင့်ရုံပင်။  ကုက္ကိုရိပ်မှာမရှိလျှင်တောင် မောင်ငယ်ရွှေသွေး တစ်နေရာရာမှာ အဖော်ကောင်းကောင်း တစ်ခုခုလုပ်နေကြောင်း သတင်းအစ သေချာပေါက်ရနိုင်သည့် နေရာလည်းဖြစ်သည်။  အိမ်မကပ်သည့် သားမောင်လူလှကို တွေ့ရင် ရိုက်ဖို့ ၀ါးခြမ်းပြား ကိုင်လာသည့် အမေ့ကိုမြင်လျှင် လက်တို့အသိပေးပြီး အမေ မမြင်ကွယ်ရာကနေ အိမ်ပြန်ခိုင်းသည့် အပေါင်းအသင်းကောင်းရှိသလို ၀ါးခြမ်းပြားကိုင်လာတဲ့ အမေ့ကို မြင်ပါလျှက်နှင့် အချင်းချင်းလက်တို့ တိတ်တိတ်နေပြီး အမေအရိုက်ခံရအောင် ချွန်တတ်သည့် အပေါင်းအသင်းမျိုးလည်းရှိသည်။
ကုက္ကိုပင်ကြီး၏ ခွကြားတစ်နေရာက သစ်ခေါင်းထဲတွင် ဇီးကွက်ရှိသည်ဟု ပြောကြသော်လည်း ညဥ့်ဦးအချိန်မှ ထွက်တတ်သော ဇီးကွက်ကိုတွေ့ရန် ခက်လှသည်။  နေ၀င်ပြီဆို ကြားရတတ်သော တောက်တဲ့ အော်သံကိုလိုက်ပြီး ‘မိုးလား…. လေလား’ နှင့် ဗေဒင်မေးရင်း အိမ်ပြန်ဖို့ စိုင်းပြင်းရသည်။  ညနေ ထမင်းစားချိန် ဆက်ရက်ငှက်တွေ တညံညံတစီစီနှင့် အိပ်တန်းလာချိန်လောက်တော့ ဆော့တာတွေရပ်ပြီး  အိမ်သို့ ဦးတည်ရသည်။  မိုးချုပ်တော့မည်လေ….။ 
အခုတော့ ရွာလယ်က ကုက္ကိုပင်ကြီး နှစ်ပင်စလုံး မရှိတော့။  သက်တမ်းပဲကုန်လို့လား ၊ လေဒဏ်မိုးဒဏ် ခဏခဏခံရပြီး အကိုင်းအခက်တွေ ကျိုးကုန်တဲ့အပြင် မြစ်ရေလျှံ ရေ၀ပ်သည့်ဒဏ်ကို ခံရပါများတာကြောင့်လားတော့ မပြောတတ်၊ ငုတ်တိုတောင် မကျန်တော့ သေကုန်ကြရှာပြီ။  လူကြီးသူမများ၏ လွှတ်တော် ကလေးတို့ရဲ့အဖော်အစစ် သစ်ပင်ကြီးမရှိတော့တာ နှမြောစရာကောင်းလှသည်။
(၃)
ပြည်တော်သာစီမံကိန်းနှင့်အတူ အရပ်သင် စာသင်ကျောင်းမှ အစိုးရအသိအမှတ်ပြု မူလတန်း အဖြစ်စတင်ခဲ့သော ကျွန်တော်တို့စာသင်ကျောင်းတွင်လည်း သစ်ပင်ကြီးကြီးတွေ ရှိခဲ့ဖူးသည်။  ပျဉ်ထောင် သွပ်မိုး ကျောင်းဆောင် ၂ ဆောင်တို့ရဲ့မျက်နှာစာ၊ နိုင်ငံတော်အလံတိုင်၏ နောက်ဘက်နားခပ်ကျကျ၊ တန်းစီဧရိယာ၏ ညာဘက်တွင် ဧရာမပိတောက်ပင်ကြီးရှိသည်။  ငယ်ငယ်တုန်းက အအေးဓာတ်ပိုတတ်သော ဆောင်းမနက်ခင်မျိုးဆိုလျှင် စာသင်ခန်းတွင်းစာမသင် ပိတောက်ပင်အောက် နေရောင်ကျရာ နေရာတွင် စာဆင်းသင်ခဲ့ရဖူးသည်။  တစ်ခါတစ်ရံ ပိတောက်ပင်အောက် ပတ်ချာလည်တွင် စာသင်ဝိုင်း ၂ ၀ိုင်း ၃ ၀ိုင်း ဆုံနေတတ်ကြသေးသည်။  သို့သော် ကိစ္စမရှိ…. ပိတောက်ပင်ကျယ်ကျယ်ရဲ့အောက်တွင် အ၀ိုင်းပတ်ပုံစံ ဆောက်ထားသော သစ်သားစင်မြင့်ပေါ်မှ ဆရာ ၃ ယောက်က ဖိုခနောက်ဆိုင် ကျောပေးထိုင်သင်လိုက်လျှင် ၃ ၀ိုင်းစာလုံလောက်သည်။  တစ်ရွာလုံးတွင် တစ်ပင်တည်းရှိသည့် အလား ပိတောက်ပွင့်သံကြားလျှင် ဘယ်အပင်ကလဲလို့မမေး…. ကျောင်းသို့သာ တန်းပြေးကြတော့သည်။  အပင်ပေါ်တက်လက်စ လူဆိုလျှင်တော့ ပြန်ဆင်းလာဖို့မစဉ်းစားလေနှင့် တစ်ရွာလုံးက လာတောင်းသူတွေရင်လည်းကုန်မှ၊ ပိတောက်ရင်လဲ ကုန်မှ ဆင်းခဲ့ဖို့သာပြင်ပေတော့။ အကိုင်းကို မလို အပွင့်ကိုသာ လိုသည်ဆိုတော့ နှစ်ပေါင်းများစွာ ရွာ့ဘုရားပန်းအလှ ပျိုမေပန်ဆင်ရာ ကေသာအလှ ဖြစ်ခဲ့ဖူးသည်။
ထိုပိတောက်ပင်မှ အရှေ့ဘက်တည့်တည့် ပေ ၂၀၀ လောက်အကွာတွင်တော့ ၃လုံး တစ်တောင် သရက်ပင်ကြီးတစ်ပင်လည်းရှိသေးသည်။  အညာဒေသထုံစံအတိုင်း သရက်ကင်းသီးချိန်ဆိုလျှင်လည်း ငံပြာရည်ချက်နှင့် တို့စားဖို့အဆွတ်ခံရ၊ သရက်သီးအရွယ် သရက်ကင်းကြီးလာချိန်ဆိုလျှင်လည်း လေဒဏ်ခံရ နှင့်ဆိုတော့ ထိုထိုသရက်သီးများကား အရွယ်ရောက်ခွင့်ကောင်းကောင်းမကြုံ လူဒဏ်ရော လေဒဏ်ပါခံကြရသည်။  အကြိုအကြားက ရွက်ပုန်းသီးများသာရင့်မှည့်သည်အထိ ကျန်နေတတ်သည်။  ထိုရွက်ပုန်းသီးများကိုတော့ တုန်းခုလို့လှန်းလဲမရ၊ တံချွန်(ချိတ်) နှင့်ဆွတ်လို့လည်း မပါ၊ ခါးတောင်းမြောင်အောင် ကျိုက်ပြီး ခါချဉ်မကြောက် ပရွတ်ဆိတ် မကြောက် တက်ဆွတ်လေသော ကိုကိုကာလသားများရှိမှသာ မှည့်ချိုလှသော သရက်သီးကို ဆွတ်ချူလို့ ရနိုင်ပေလိမ့်မည်။  အပုန်းလွန်သောသရက်သီးချိုများကတော့ ငှက်စာ ဖြစ်သွားရုံသာရှိသည်။
ပိတောက်ပင်နှင့် သရက်ပင်ကြားတွင်လည်း စောင်းလျှားပင်နှင့် ဗန်ဒါပင် တို့ရှိသေးသည်။  အကင်းအရွယ်တွင် ချဉ်ဖန့်ဖန့်ရှိသော်လည်း မှည့်လာပါက ချိုလာတတ်သော စောင်းလျှားသီးများကိုလည်း အလွတ်မပေး၊ သွားတွေ ကျိန်းသည်အထိ စိုစိုရွှဲရွှဲ အတင်းစားတတ်ကြသေးသည်။  အရွက်ခပ်ဖားဖားနှင့် ဗန်ဒါပင်ကတော့ ခပ်ဖန်ဖန်အသီးကိုလည်းစား၊ အထဲက ခပ်စိမ့်စိမ့်အရသာ အစေ့ကိုလည်း အလွတ်မပေး၊ လင်းနို့စာ မမိသော ဗန်ဒါသီးများက ကျွန်တော်တို့ ကျောင်းသားများအတွက် အဆာပြေ သွားရည်စာလည်း ဖြစ်သည်။
စာသင်ဆောင် ၂ ၏ ဘယ်ဘက်ကပ်လျက် ဘောလုံးကွင်းအစပ်တွင် ကျောင်းဖွင့်ချိန်ကို ကြိုလေ့ရှိသည့် စိန်ပင်နီနီအပင်ကြီးလည်း ရှိခဲ့ဖူးသည်။  ငယ်ငယ်တုန်းကတော့ စိန်ပန်းဖူးတွေထဲက ချိန်ကောက်ကောက် ၀တ်မှုံတန်လေးတွေ ကို ဖြုတ်ယူပြီး တစ်ယောက်နှင့်တစ်ယောက် ၀တ်မှုံ ခံချိတ်ချင်းချိတ်ကာ ဆွဲစတမ်း ကစားခဲ့ကြဖူးသည်။  အတုမြင် အတတ်သင်ပြီး ထိုကစားနည်းကို ကြက်ခွပ်တန်းကစားသည်ဟုဆိုချေသေးသည်။  ချိန်ချင်းချိတ်ပြီးဆွဲလို့ သူ့ဝတ်မှုံတန်က ၀တ်ဆံကျွတ်လျှင် သူရှုံးပြီ။  စိန်ပန်းနီက အရောင်လှပေမယ့် ကြာကြာမခံသောအပွင့်၊ ဆံကေသာထက်မှာ အလှမဆင်ရလေသောအပွင့်။  သို့သော် ကျောင်းသား ကျောင်းသူတိုင်းကို ရင်ခုန်စေသော အပွင့်…။  ကျောင်းတွေဖွင့်တော့မည်။
ထိုမျှမကသေး….။  ကျွန်တော်တို့ ၃တန်း ၄ တန်း မှာ စပြီး ဆောက်လိုက်သော  ကျောင်းဆောင်သစ်၏ ရှေ့မျက်နှာစာတွင်လည်း ဖွားဖက်တော်ပင်တွေ ရှိခဲ့ဖူးသည်။  နွေဦးမှာ အရွက်စောစောကြွေတတ်ပြီး သင်္ကြန်မတိုင်ခင် တစ်ပင်လုံး ဖွေးနေအောင်ပွင့်တတ်သည့် ဖွားဖက်တော်များက ရက်ရောလွန်းလှသည်ဟု ဆိုရမလားမပြောတတ်။  အပင်အုံတစ်ခုလုံး အရွက်ဖုံးအောင်ပွင့်ပြီး အညှာလွယ်သည့် ပွင့်ဖတ်များက မြေပြင်မပြင်ရအောင် ပျံ့ကြဲကြွေကျနေတတ်သည်။  ပန်းဖြူရောင် ဖျော့ဖျော့ပွင့်ဖတ် အ၀ါရောင်ဝတ်မှုံများနှင့် နူးညံ့လွန်းသော ပွင့်ကြွေများက အပင်အောက်မှာပတ်ချာလည်မှာ မနင်းရက်စရာ ဖြန့်ခင်းလို့နေတတ်သည်။  အကိုင်းဆတ်ဆတ်နှင့် ၃ လက်မ လုံးပတ်ကိုင်းလောက်မှ လူတစ်ကိုယ်တက်လို့ စိတ်ချရသည့် ဖွားဖက်တော်ပင်ကို ပန်းလိုချင်၍ တက်ချိုးရတာလည်း မလွယ်လှသလို ပန်းကလည်း ရေရှည်မခံတော့ အပင်သာ အလှကြည့်နေကြတာများပါသည်။  အပွင့်ကုန်လို့ မိုးတွင်းအရွက်ဝေစည်လာပြီဆိုလျှင်တော့ နေရောင်တိုးမပေါက်အော်တစ်ပင်လုံး အုံ့အုံ့သည်းသည်းရှိလှသည်။
အခုတော့… ကျွန်တော်တို့ကျောင်းက အပင်တွေ လေဒဏ် မိုးဒဏ် မြစ်ရေကြီးဒဏ် သာမက လူဒဏ်ပါ မခံနိုင်လေတော့ အပင်ကြီးတွေ မရှိရှာတော့ပေ။  အပင်အိုတို့နေရာ အပင်ပျိုတို့ အစားထိုးသော်ငြား နေရာကျယ်ဝန်းပြီး အရိပ်ကောင်းသော အပင်တွေလိုအပ်နေဆဲဖြစ်သည်။  သဘာဝဒဏ်ပေါင်းစုံကို အခေအနေတစ်ခုအထိ ခံနိုင်ရည်ရှိသော အပင်ကြီးတွေ လိုအပ်နေဆဲဆိုတာတော့ သေချာသည်။
(၄)
သစ်ပင်သည် ကျွန်တော်တို့အတွက် စကားမပြောသော ကစားဖော်၊ အချိန်အခါမရွေး ကျွန်တော်တို့ လိုရာ သုံးတတ်ဖို့ အဆင်သင့် ဖြစ်နေတတ်သော အဖော်မွန် ဖြစ်သည်။  သစ်ပင်သည် ကျွန်တော်တို့အတွက် အရိပ်လိုလျှင် အရိပ်၊ အသီးအပွင့်လိုလျှင် အသီးအပွင့်၊ အကိုင်းအခက်လိုလျှင် အကိုင်းအခက်၊ ယုတ်ဆွဆုံး ကျွန်တော်တို့ မဆင်မခြင် ခုတ်လှဲလျှင်သော်တောင်မှ ပင်စည် အနှစ်အသားမှအစ အခေါက်အခွံအထိ အိမ်ဝင်းထရံတိုင် အဖြစ်ကာလိုကာ၊ ထင်းမီးအဖြစ်သုံးလိုသုံး … ပြာဖြစ်သွားသည်အထိ မငြိုငြင်သော အဖော်မွန်ဖြစ်သည်။  သစ်ပင်သည် ကျေးငှက်သာရကာတို့ ခိုနားရာအိပ်တန်း၊ မြစ်ကမ်းပါးတို့ မပြိုရလေအောင် ကာထားလေသော သဘာဝ အကာအရံလည်းဖြစ်သည်။
သစ်ပင်ဝါးပင်များ၏ကျေးဇူးကိုသိဖို့၊ သစ်ပင်ဝါးပင်များကို ချစ်ဖို့ဆိုသည်ကို ရှင်းပြစရာလိုမည်မထင်ပေ။  
 ‘သစ်ပင်စိုက်ကြရအောင်’ ဟု တိုက်တွန်းချင်ပါသည်။  ‘တစ်သက်ပျော်ချင်လျှင် သစ်ပင်စိုက်’ ဆိုသောစကားလည်းရှိသည်မဟုတ်ပါလား။

 

သင့်မြတ် (ချင်းတွင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်