သွန်းခ – သမ္မတကြီးပါးကို မနမ်းချင်တော့ဘူး

July 29, 2015

Cartoon Saw Ngo, 2011

– သမ္မတကြီးပါးကို မနမ်းချင်တော့ဘူး
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၅

ကျွန်တော်ရေးမယ်။ရေးမယ်နဲ့မရေးဖြစ်တာပါ။ အလုပ်ကလည်းများတယ်ဗျ။ အခုတော့မရေးလို့ကိုမဖြစ်တော့ဘူး။ တော်နေကြာ သမ္မတကြီးတာဝန်ကအနားယူသွားခဲ့ရင် သမ္မတကြီးလို့တောင် ခေါ်ခွင့်ရချင်မှရတော့မှာ။ နောက်ပြီး သမ္မတသက်တမ်းကလည်း ဘာကြာတော့တာမှတ်လို့ဗျာ။ သမ္မတကြီးကလည်း သေချာပေါက်ကိုအနားယူတော့မှာလို့ အားလုံးကတွက်ထားကြတာလေ။ အသက်ကလည်းကြီးပြီကိုး။ အနားယူသွားရင် သမ္မတကြီးက စိုက်ပျိုးရေးတွေ လုပ်၊ တခြားစီးပွားရေးတွေလုပ်နဲ့ဆို အခုစီးနေတဲ့ကားကြီးစီးချင်မှ စီးတော့မှာလေ။ ဟုတ်တယ်လေဗျာ၊ သရက်ပင်ပေါက်တွေ၊ မြေဆွေးအိတ်တွေ၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ ဘယ်လိုလုပ်အခုစီးနေတဲ့ကားကြီးနဲ့အဆင်ပြေမှာတဲ့တုံး။ အဲဒီအခါကျတော့ ဘတ်စ်ကား စီးချင်စီးဖြစ်တော့မှာ၊ ကားဌားစီးချင်စီးဖြစ်တော့ မှာ၊ သမ္မတကြီး အလွန်ချစ်တဲ့မိဘပြည်သူတွေနဲ့ တစ်သွေးတည်း၊တစ်သားတည်းနေဖြစ်ချင်နေဖြစ်တော့မှာ။

အဲဒါကိုစိုးရိမ်တာပဲခင်ဗျ။ လူထုထဲရောက်လာတာနဲ့ကို ပြဿနာကစတော့မှာ။ ဒီ့ပြင်ဟာမဟုတ်ပါဘူး။ ဆေးယဉ်တီဘီ ရောဂါအကူးခံသွားရမှာ စိုးတာပဲဗျို့။သာမန်တီဘီက ၆ လ၊၈ လ ဆေးထိုး ဆေးသောက်ပျောက်နိုင်သေးတယ်။ အဲ ဒီဆေးယဉ်တီဘီဆိုတာကြီးက ၂၄ လ၊အခုတော့ လပေါင်း ၂ဝ ဆက်တိုက်ကို ကုမှပျောက်မှာတဲ့ဗျ။ ဆေးဖိုးကလည်းမသေးတဲ့အပြင်၊ လိုအပ်ရင် တီဘီဆေးရုံမှာ သလိပ်ပိုးမတွေ့တော့တဲ့အထိ အလုပ်ပျက်အကိုင်ပျက် သွားတက်နေရမှာပါတဲ့ခင်ဗျာ။ ရောဂါပိုးကူးစက်ပုံတွေကလည်း တီဘီရောဂါသည်တစ်ယောက်က အကာအကွယ်မဲ့နှာချေ၊ ချောင်းဆိုးရုံတင်မကဘူး သီချင်းကျယ်ကျယ်ဆိုတာတို့၊ ရယ်တာတို့ ကနေတောင်ကူးတတ်တာဆို တော့ ကျွန်တော်ချစ်တဲ့ သမ္မတကြီး ပြည်သူလူထုကြားထဲ ဘယ်လိုလုပ်နေထိုင်သွားလာနေလို့ သင့်ပါ့မတုန်း။ တစ်ခါတလေအပျင်းပြေသီချင်းလေး၊ ဘာလေးဆိုချင်ရင်တောင်အိမ်မှာပဲဆိုပါလို့  ချစ်လွန်းလို့ သတိပေးရဦးမယ်။

ကျွန်တော်တို့ကတော့နေသားကျနေကြပါပြီဗျာ။ သမ္မတကြီးသာ ဘတ်စ်ကားတက်စီးလို့ တီဘီ ရောဂါသည်တစ်ယောက်ယောက် ချောင်းဆိုး၊ နှာချေ လိုက်တာနဲ့တိုးသွားရင်ခက်ရချေရဲ့။ သာမန်တီဘီဆိုတော်သေးတာနော်။ စောစောကပြောတဲ့ ဆေးယဉ်တီဘီသာဆိုခဲ့ရင်တော့ သမ္မတကြီးမချောင်ပေဘူးခင်ဗျ။

တီဘီရောဂါဆိုတာကလည်း အစားအသောက်၊ အနေအထိုင်ဆင်းရဲကြရှာတဲ့ ဆင်းရဲမွဲတေသူတွေမှာ အဖြစ်များတာဆိုတော့ သမ္မတကြီးအကောင်အထည်ဖော်မယ်ဆိုတဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးကိစ္စကြီးကိုလည်း အမြန်အကောင်အထည်ဖော်မှခင်ဗျ။ အချိန်တောင်ရပါဦးမလားမသိပါဘူးဗျာ။အနားမယူခင်လေးတော့လုပ်ဖြစ်အောင်လုပ်သွားခဲ့ရင်ကောင်းမှာဗျ။ သမားတော်ကြီးတစ်ယောက်ကတော့ ရောဂါပိုးတွေခုခံ တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားမြင့်တက်အောင် တစ်နေ့နွားနို့တစ်ခွက်တော့ သောက်သင့်တယ်လို့ အမိန့်ရှိတာပါပဲ။ နွားနို့စစ်စစ်က မရနိုင်တော့ဘူးသမ္မတကြီးရဲ့။ မွေးမြူရေးနွားနို့တွေက ကျွန်တော်တို့ငယ်ငယ်ကနွားနို့တွေလောက် တော့ အာဟာရမပြည့်တော့ အခက်သားပါပဲလား ခင်ဗျာ။

အိပ်ရေးဝဝအိပ်ရမယ်လို့လည်းမှာ ထားသေးတာကိုး။ ကျွန်တော်တို့ပြည်သူတွေ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာနဲ့၊ နောက်နေ့အရေးကိစ္စတွေ တွေးပူနေရတာနဲ့ အိပ်ရေးဝတယ်ကို မရှိပါဘူး။ မနက်ဆိုအစောကြီးအလုပ်ကို အချိန်မှီအောင်ပြေးရသေးတာ။ ညနေဆို မိုးကြီးကိုချုပ်မှ အိမ်ပြန်ရောက်ကြတာလေ။ ယာဉ်ကြောပိတ်တဲ့ပြဿနာကြောင့်ပေါ့ သမ္မတကြီးရယ်။

လူနေထူထပ်တဲ့မိသားစု တွေအတွက်လည်း အသက်ရှုလမ်းကြောင်းကနေကူးစက်တတ်တဲ့ တီဘီ ပိုးရဲ့စိန်ခေါ်မှုကရှိနေပြန်တာဆိုတော့ ၁ဝ ပေပတ်လည်အခန်းထဲစုပြုံနေကြရသူတွေအတွက်ကလည်း ရတက်မအေးစရာ ပါပဲခင်ဗျာ။ စီမံချက်တွေကတော့ အားရစရာပါပဲ။ မိဘပြည်သူတွေအဖို့ ကျန်းမာရေးဗဟုသုတ၊ ကျန်းမာရေးပညာပေးအစီအစဉ်တွေ အင်မတန်အားနည်းနေသေးတော့ သမ္မတကြီးကိုယ်တိုင်ပဲ စိန်ခေါ်မှုတွေထဲ ထည့်စဉ်းစားပေးပြီး လစဉ်မိန့်ခွန်းတွေထဲ ထည့်မိန့်ကြားပေးရင် မိဘပြည်သူတွေ ပိုသတိထားဖြစ်ကြမလားလို့ပါ။

သမ္မတကြီးအလုပ်များမှန်းတော့ နားလည်ပါတယ်ခင်ဗျာ။ အချိန်နဲ့အမျှ အရေးတကြီးကူးစက်ပျံ့နှံ့လာနိုင်တော့ စိုးရိမ်နေရလို့ပါ။ သလိပ်ပိုးတွေ့တီဘီလူနာတစ်ယောက် ဆေးဝါးကုသမှုစနစ်တကျ မခံယူထားခဲ့ရင် သူကနေ တခြားလူ ၁ဝ ယောက်ကနေ ၁၅ ယောက်ကို တစ်နှစ်အတွင်း ကူးစက်နိုင်တယ်ဆိုထားတော့ အများ ပြည်သူတွေကြားထဲသွားလာနေကြတဲ့သူတွေထဲမှာ ဘယ်သူကဖြင့် သလိပ်ပိုးရှိနေပါတယ်ဆိုတာ ဘယ်လိုခန့်မှန်း ပြီးဘယ်လိုရှောင်နိုင်ကြမှာတဲ့လဲခင်ဗျာ။ လူအများနေ့စဉ်မဖြစ်မနေစီးနေကြရတဲ့ ဘတ်စ်ကားပေါ်မှာဆို မခက်ပေ ဘူးလား။ အဲဒါကြောင့်သမ္မတကြီးအတွက်စိတ်ပူတယ်လို့ပြောရတာပါ။

သာမန်လူတစ်ယောက် တီဘီ ရောဂါပိုးကူးစက်ခံရမှာ သတိထားဖို့အရေးကြီးသလို တီဘီဖြစ်ဖူးထားတဲ့လူနာဟောင်းတစ်ယောက်ဟာလည်း တစ်သက်တာမှာ နောက်ထပ်အကူးစက်ခံရဖို့ တစ်ဆယ်ရာခိုင်နှုန်း ရှိနေသေးပါသတဲ့။ ကြောက်စရာဆိုတာထက် သတိထားစရာကိုပြောရတာပါခင်ဗျာ။ လူနာတွေနဲ့ နေ့စဉ်ထိတွေ့နေကြရတဲ့ အလွှာအသီးသီးသော ကျန်းမာရေးဝန်ထမ်းတွေအဖို့ ကူးစက်နိုင်ချေ နှစ်ဆယ်ရာခိုင် နှုန်း ရှိတယ်လို့ လေ့လာထားမိတော့ ကိုယ်ချစ်တဲ့သူကိုတောင် ချစ်လို့၊ခင်လို့ နမ်းချင်ဦးတော့ဆင်ခြင်နေရပါတယ်။အိတ်ခ်ျအိုင်ဗီ ပိုးရှိတဲ့သူကတောင်နမ်းသွားဦး၊ မကူးစက်နိုင်ဘူးခင်ဗျ။ အလုပ်အကိုင်ကလည်း ကျန်းမာရေးဝန်ထမ်းဆိုတော့ မလုပ်ချင်လည်း လုပ်နေရတဲ့ တီဘီရောဂါ၊ ဆေးယဉ်တီဘီရောဂါသည်တွေကို ကျန်းမာရေးပညာပေးရ၊ ဆေးကုသမှုစနစ်တကျခံယူဖို့တိုက်တွန်းရ၊ နှစ်သိမ့်ဆွေးနွေးပေးရနဲ့ ကူးစက်နိုင်ခြေများလွန်လွန်းလို့ အိမ်က ကလေးကိုလည်းမနမ်းရဲ၊ အိမ်သူသက်ထားကို လည်းမနမ်းရဲနဲ့ဆိုတော့ ကျွန်တော် အင်မတန်ချစ်တဲ့ သမ္မတကြီး ကိုလည်း မနမ်းချင်တော့ပါဘူး။ နမ်းလည်းမနမ်းရက်တော့တာကိုလည်းနားလည်ပေးပါတော့ခင်ဗျာ။

မိဘပြည်သူတွေကိုချစ်ရှာလွန်းတဲ့ ကျွန်တော်တို့သမ္မတကြီး တိုင်းပြည်တာဝန်တွေကအနားယူသွားခဲ့ရင် ကျန်းမာရေးပြည့်စုံစွာနဲ့ ဝါသနာပါရာ စိုက်ပျိုးရေးလုပ်ငန်းတွေစိတ် ချမ်းသာစွာလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးရမှာပဲ။ အကာအကွယ် နှာခေါင်းစည်း လေးတော့တပ်ထားပါဦး ခင်ဗျ။ အခုပဲကြည့်၊ အရှေ့တောင်အာရှကိုခြိမ်းချောက်နေပြန်ပါပြီ။ မားစ်တဲ့။ အဲဒါလည်းစိန်ခေါ်မှုတစ်ခုပေပဲကိုး။ သမ္မတကြီးခမျာမှာလည်းအဲဒီစိန်ခေါ်မှုတွေနဲ့ကို လွတ်မလွတ်နိုင်ပါဘူး။ ကျွန်တော်တို့ကတော့စိန်ခေါ်မှုတွေကို ပြန်စိန်ခေါ်နေရတာနဲ့ ဘာကိုမှမမှုနိုင်တော့ပါဘူးခင်ဗျာ။ ဘာပဲဖြစ်ဖြစ် သမ္မတကြီးပါးကိုတော့မနမ်းချင်တော့ပါဘူး။ နားလည်ပေးပါခင်ဗျာ၊ နားလည်ပေးပါခင်ဗျ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်