မောင်တူး – သက်ရှိပန်းချီ – အပိုင်း (၂၀)

July 31, 2015

 မောင်တူး – သက်ရှိပန်းချီ – အပိုင်း (၂၀)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅

နေ၀င်စောသွားတဲ့
ညနေခါးခါးတခုမှာတော့၊
သူချစ်တဲ့
တောင်တန်းကြီးတွေက
အရောင်ပြောင်းသွားပြီး၊
အဲ့ဒီကစ
ညတွေဟာ လရောင်မရှိကြတော့ဘူး။ ။

ကျဆုံးသွားတဲ့ ရဲဘော် ဒါင်ပန်း အား ဦးညွှတ် အလေးပြုလျှက်..)
လိုည်းနွေနှောင်း (၁၉ – ၁ – ၂၀၀၆)

ဒါင်ပန်းဟာ ဘာပန်းလည်းလို့မေးနေကြတယ်။ တအာင်း ပလောင်လူမျိုး ဒါင်ပန်း (သို့မဟုတ်) မိုင်အိုက်ပန်း (သို့မဟုတ်) ကိုမြမောင် (သို့မဟုတ်) ကျနော်တို့အခေါ် ကိုအိုက်ပန်းပေါ့။ ဒီနေ့ ဇူလိုင် ၃၁ ရက်ဟာ သူကျဆုံးခဲ့တဲ့ ၁၃ နှစ်မြောက်။ သူ့ကို ကျနော် တမ်းတမ်းတတ သတိရနေပါတယ်ဗျာ။ သူ့နဲ့ကြုံခဲ့တွေ့ခဲ့တာတွေ ပြန်မြင်လာနေတယ်။ သူ့အကြောင်းတွေ ပြောပြ ချင်နေတယ်။ ဒါတွေမပြောခင် ကျနော် လွန်ခဲ့တဲ့ ၄ လက စာကလေးတစ ဖေ့စ်ဘုတ်မှာ ရေးမိတာကို ပြန်ဖတ်လိုက်စေချင် တယ်။ အောက်က အတိုင်းပါပဲ။

• ခင်ဗျားတို့ဆိုရင်ဘာလုပ်မလဲ
မတ်လ ၃ ရက် ၂၀၁၅ က ကျနော့် ကျန်းမာရေးအတွက် လမ်းလျှောက်သွားရင်းက ငှက်ကလေးတကောင် ပိုက်ကွန်တခုမှာ ငြိပြီး မိနေတာကို တွေ့ခဲ့ရတယ်။

ခိုကလေးလို့ထင်တယ်။ သနားစရာပါပဲ။ ငှက်မုဆိုးက သူ့ကို သတ်စားမလား။ ရောင်းစားမလား။ ရောင်းလိုက်ရင်လည်း ၀ယ် သူကရော သတ်စားမလား။ ဒါမှမဟုတ် လှောင်အိမ်မှာ နှောင်ထားပြီး အလှမွေးမလား။ ဒါဆိုရင်လည်း တသက်လုံး နှောင် အိမ်မှာ အလှောင်ခံရမှာ။ သေတာထက် ဆိုးအုန်းမယ်။ စဉ်းစားနေရင်းက ငှက်မိနေတာက သိပ်မမြင့်တော့ လှမ်းဆွဲပြီး ပိုက် ကဖြုတ်ပြီး လွှတ်ပေးလိုက်လို့ရတယ်လို့ ကျနော်တွေးမိလာတယ်။ ကျနော့နေရာမှာ ခင်ဗျားဆိုရင်ဘာလုပ်မလဲ။

(၁) ဒီငှက်ကို ဖြုတ်ပြီး ပြန်လွှတ်ပေးမလား။
(၂) ဒီအတိုင်း ပိုက်ကွန် အနှောင် အချုပ်ထဲမှာပဲ ဆက်ထားမလား။

ကျနော့်ကို ပြောပြပါလား။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ဟာ ဘာလဲ။ သိချင်မိပါရဲ့။ ကျနော်ကရော ပိုက်ကွန်မှာမိနေတဲ့ ငှက်က လေးကို တွေ့ပြီး မြင်ပြီးတဲ့နောက်မှာ ဘာတွေ ဘယ်လို ပြုလုပ်ခဲ့တယ်လို့ ထင်မိပါသလဲ။
+++++++++++++++++++++++

ငှက်ကလေးဟာ ဒုက္ခလှလှကြီးကို တွေ့ကြုံနေရတာပါ။ တလောက ကျနော် ဖတ်ထား ရွတ်ထား ကျက်ထား မှတ်ထားတဲ့ ဦးပုညမေတ္တာစာထဲက (ကျားမိသည့်ခွေး၊ လေးမိသည့်စွန်၊ ကွန်မိသည့်ငါးမိုက်၊ ပိုက်မိသည့်ရွှေယုန်၊ ဆင်းရဲပေါင်းကြုံ) ဆို သလို အခက်ကြီးကြုံ ရတက်မီးပုံ ပွားနေရပါပြီ။ တကယ်တော့ ဒီငှက်ကို ထောင်ထားတဲ့မုဆိုးဟာ ထိုင်းတရုတ်လူမျိုးတဦး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့ မြို့အစွန်က သူ့နေအိမ်ရှေ့ရပ်ကွက် အားကစားကွင်းငယ်ကလေးမှာ ဒီပိုက် ကို ထောင်ထားတာပါ။ ဒီတရုတ်က ငှက်တွေကိုဖမ်းပြီး လှောင်အိမ်တွေနဲ့ထည့်ပြီး ရောင်းစားနေသူဖြစ်ပါတယ်။ သူ့အိမ်နား တ၀ိုက်မှာ ငှက်လှောင်အိမ်တွေ ၄ ခုလောက် ချိတ်ထားတာလည်း ရှိတယ်။ လှောင်အိမ်တွေထဲမှာ အမောက်ပါတဲ့ ဘွတ်ကလုံ ငှက်ကလေးတွေလည်း တွေ့ရဲ့။ ချိုးကလေးတွေလည်းတွေ့ပါရဲ့။ လူချမ်းသာတွေက ချိုးကူသံကလေးတွေ ကြားလိုကြတယ်။ တကူကူး ကူး ဆိုတဲ့ အသံကလေးတွေက သိပ်သာယာတာကိုး။ ဘွတ်ကလုံငှက် အော်သံကလေးတွေဆိုလည်း ကလုံ ကလုံနဲ့ တမျိုးပဲ နားထောင်လို့သိပ်ကောင်းပါရဲ့။ ဒါကြောင့် လှောင်အိမ်အပါအ၀င် ချိုးငှက်တကောင်ကို ဘတ်ငွေ ၄၀၀၀ လောက် ရောင်းဈေးရှိတယ်ဆိုတယ်။ ဒါကြောင့်လည်း ငှက်တွေကိုဖမ်းပြီး ရောင်းနေကြတယ်ထင်ပါရဲ့။ သဘာဝ ငှက်ကလေး တွေကို ချုပ်နှောင်ထားတဲ့အလုပ်က ၀င်ငွေကောင်းပုံရပါတယ်။ ဒီငှက်က ပျံနေရာကနေ ပိုက်ကို ၀င်တိုးလို့ မိသွားခဲ့ပုံရတယ်။ ပိုက်နဲ့ ငြိထားခဲ့ချိန်လည်း နည်းနည်းကြာသွားပြီထင်ပါရဲ့။ ငှက်ကလေးဟာ သိပ်မလှုပ်နိုင်တော့ဘူး။ မျက်လုံးကလေး က လယ် ကလယ် ဖြစ်နေတယ်။ ကဲ ကျနော်ဘာလုပ်ရမှာလဲ။ ဆုံးဖြတ်လိုက်တာကတော့ မှတ်တမ်းတင်ဖို့ပဲ။ ကင်မရာ ပြန်ယူပြီး ဗွီဒီယိုရိုက်ယူလိုက်တာပေါ့။ ငှက်ကလေး ပိုက်ထဲမှာမိနေပုံကို ရိုက်ကူးနေရင်း ကျနော် စိတ်မကောင်းဖြစ်လာပါတယ်။ သူ့ကို ကျနော် မကယ်နိုင်ဘူးလေ။ အနှောင်အချုပ် ထောင်သရုပ်ကနေ သူ့ကို ကျနော် ကယ်မထုတ်နိုင်တာကလည်း ကျနော့်ရဲ့ အားနည်းချက်ကြောင့်ပါ။ ကျနော့်အားနည်းချက် (၁) က ကျနော် မသန်စွမ်းဖြစ်နေလို့ပါ။ ကျနော် လေဖြတ်ရောဂါဖြစ်ပြီး ကိုယ်တပိုင်းသေခဲ့တာ တနှစ်ရှိပြီ။ လမ်းဖြေးဖြေးလျှောက်နိုင်ပြီဆိုပေမယ့် ငှက်ကလေးမိနေတဲ့ ပိုက်ကွန်အမြင့်ကို လှမ်းဖြုတ် ပေးနိုင်လောက်အောင် ကျနော်မစွမ်းသေးပါ။ ငှက်ကလေးကို ပိုက်ကွန်ကနေ မကယ်နိုင်စွမ်းခဲ့ပါ။ နောက်ထပ် အားနည်း ချက်ကတော့ ကျနော် ဗွီဒီယိုရိုက်နေတုန်း ငှက်မုဆိုး ထိုင်းတရုတ်က လာကြည့်နေတယ်။ သေသေခြာခြာကို လာကြည့်နေ တာပါ။ ကျနော်သာ ငှက်ကိုလွှတ်ပေးလိုက်ရင် သူနဲ့ကျနော် အချင်းများမယ်ထင်တယ်။ အခြေအတင် ဖြစ်မှာပဲ။ ဒါကြောင့် လည်း ငှက်ကလေးကို ပိုက်ကွန်ကနေ မကယ်နိုင်စွမ်းခဲ့ပြန်ပါ။ ကျနော် ကင်မရာကိုပိတ်။ အိမ်ပြန်ခဲ့ပါတယ်။ ငှက်ကလေးရေ မင်းကို ငါမကယ်နိုင်ခဲ့ဘူး။ လှောင်အိမ်မှာ အပိတ်အနှောင် အချုပ်ခံပေရော့နော်။ ငှက်ထီးလေးလား ငှက်မလေးလား မင့်မှာ အိမ်ရှင်မရှိသလား သားသမီးလေးတွေရှိသလား၊ အိုကွယ်- မင့်ရင်သွေး ဥကလေးတွေ ရှိလေသလား မသိပေမယ့် မင်းဟာ ရင်းနှီးကျွမ်းဝင် ခင်မင်သူတွေနဲ့တော့ နံရံခြားနေတော့မှာ သေခြာပါပြီ။ ပြီးတော့ မင်းလို ပိုက်ကွန်တွေထဲ မိနေတဲ့ ဘ၀တူတွေ၊ အချုပ်အနှောင်မှာ အပတ်ခံထားရဆဲဘ၀တူတွေ ဘယ့်ကလောက် ရှိနေပြီလဲ။ တွေးနေမိပါတယ်။ ငါ့လိုပဲ တွေးမိနေသူ တွေကော လူ ဘယ်လောက်များမလဲဆိုတာကို ထပ်ကာ ထပ်ကာ တွေးနေမိပါတယ်။
+++++++++++++++++++++++++++++++++++++

ဒီအကြောင်းကို ကျနော့်ဖေ့စ်ဘုတ်မှာ မတ်လ ၃ ရက်က ရေးခဲ့တာပါ။ နောက်ပိုင်း ဆက်မရေးဖြစ်တာကတော့ ပိုက်မှာ ငြိ နေတာကို ရုန်းရင်း ကန်ရင်း လွတ်မြောက်ဖို့ ကျိုးစားရင်းက မပျံနိုင်တော့ပဲ ငှက်ကလေး အသက်ပျောက်သွားတဲ့ အကြောင်း ပါ။ စိတ်မကောင်းလို့ ထပ်ရေးမတင်တော့တာပါ။ ငှက်ကလေးသေသွားပါတယ်။ ဒီအကြောင်းကို ကျနော်ပြန်ပြောရတာက ဒါင်ပန်းကြောင့်ပါ။ ဒါင်ပန်းဆိုတာ ဘာပန်းလဲလို့မေးနေကြတယ်ဆိုတာ ကနဦးကတည်းက ပြောပြီးသားနော်။

စိမ်းမြတဲ့ (ပလောင်)တောင်တန်းကြီးတွေကိုချစ်တဲ့ ဒါင်ပန်း
စိမ်းမြတဲ့ တောင်တန်းကြီးတွေကချစ်တဲ့ ဒါင်ပန်း
အဲ့ဒီ တောင်တန်းကြီးတွေကို စွန့်ခွာသွားပြီ ဆိုတဲ့အကြောင်း
ဂုတ်ထိပ်ချောင်းရေတွေကတောင် ခေါင်းမညိတ်ရက်ကြဘူး..တဲ့။

ဒါင်ပန်း (ခေါ်) မိုင်အိုက်ပန်းဟာ တအာင်းပလောင် တိုင်းရင်းသား တော်လှန်ရေးသမား တယောက်၊ ပလောင် အမျိုးသမီး၊ ကျောင်းသား၊ လူငယ် မျိုးဆက်သစ်တွေရဲ့ လမ်းပြကြယ်ပွင့်ကြီးတလုံး။ ပလောင်မြေပေါ်က ကြယ်နီတပွင့်။ လွန်ခဲ့တဲ့ ၁၃ နှစ် ဇူလိုင် ၃၁ ရက် ၂၀၀၂ ခုနှစ်က တရုပ် မုဆိုးရဲ့ပိုက်ကွန် အနှောင်အဖွဲ့မှာ ငှက်ကလေး အသက်ပျောက်ခဲ့ရသလို မော်လမြိုင် ထောင်မှာ ကျဆုံးသွားခဲ့ရသူလေ။

ဒါင်ပန်းအတွက် ရှစ်စက္ကန့်ငြိမ်ဖို့ ဘာကြောင့်လိုသလဲ။ “၁၉၈၈ နောက်ပိုင်း ဒီမိုကရေးအတွက်လှုပ်ရှားရင်း ကျဆုံးသွားသူ များကို ၁၉၈၈ ခုနှစ်၊ ၈ လပိုင်း၊ ၈ ရက်နေ့ ရှစ်လေးလုံးဒီမိုကရေစီလှုပ်ရှားမှုကြီးကို အသိအမှတ်ပြုခြင်းအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်ခြင်းဖြင့် အမှတ်တရ ဂုဏ်ပြုလေ့ရှိသည်” ဆိုပြီး AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထုတ် – ရှစ်စက္ကန့်ငြိမ် စွန့်လွှတ်သူတို့၏ရာဇ၀င်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အကျဉ်းကျစဉ်ကာလအတွင်း ကျဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်းတွေကို အဲ့ဒီရှစ်စက္ကန့်ငြိမ်စာအုပ်မှာ မှတ်တမ်းတင်ထားတာပါ။ ဒီအချိန်မှာတော့ အခါ အခွင့်သင့်ပြီမို့ ဒီရှစ်စက္ကန့်ငြိမ်ထဲမှာပါတဲ့ ဒါင်ပန်း (မိုင်အိုက်ပန်း) အကြောင်းကို ဖေါ်ပြပေးလိုက်ပါမယ်။

• မိုင်အိုက်ပန်း  
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ဇာတိဖြစ်သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံရ သည်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ကွယ်လွန်။ ကွယ်လွန်ချိန်တွင် အသက် ၄၀ရှိပြီ ဖြစ်သည်။

• နိုင်ငံရေးနောက်ခံ
မိုင်အိုက်ပန်းသည် အဖ အိုက်ဟွန်း၊ အမိ အေးယွန်းတို့၏သားဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း နမ့် ဆန်မြို့နယ်၊ ဘုရားကြီး ကျေးရွာအုပ်စု၊ ဇယ်ဘန်ကောက် ကျေးရွာတွင် ၁၉၆၂ ခုနှစ် မွေးဖွားသည်။ ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက် ရေးပါတီ၏ အဖွဲ့ဝင်တဦး ဖြစ်လာခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု မဒတ ဌာနချုပ်ရုံးသို့ ပါတီ၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရသည်။

၁၉၉၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးကို ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး ဗဟို အ လုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရသည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင်ပြုလုပ်သောတပ်ဦး၏ ပထမအကြိမ် ညီ လာခံတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသည်။ တွဲဖက် အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ် တပ်ဦးအင်အား တောင့်တင်းရေးအတွက် ပလောင်ဒေသမှ မျိုးချစ်လူငယ်များကို တပ်ဦးရဲဘော် ရဲမေများအဖြစ် စည်းရုံးကာ မဟာမိတ်များနှင့် ပူးပေါင်းလက်တွဲခဲ့သည်။

ထိုင်း- မြန်မာ နယ်စပ် ပလောင်လူငယ်လုပ်ငန်း ကွန်ရက်အဖွဲ့၊ ပလောင်အမျိုးသမီးအစည်းအရုံး စသည်တို့ ပေါ်ပေါက်ရေး အတွက် အဓိက ဦးဆောင်ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ပလောင် လူငယ်လုပ်ငန်းကွန်ရက်၏ အကြံပေးပုဂ္ဂိုလ်တဦးလည်း ဖြစ် သည်။

မိုင်အိုက်ပန်းသည် မြေအောက် လုင်ငန်းများကို လျှို့ဝှက်စွာ ထမ်းဆောင်နေစဉ် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့၌ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်စပ်တွင် အဖမ်းခံရသည်။ ထို့နောက် မော်လမြိုင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီိး မတ ရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁၊ ၁၃ (၁) တို့ဖြင့် ထောင်ဒါဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ ဖမ်းဆီးခံရချိန်တွင် မိုင်အိုက် ပန်းသည် ကျန်းမာရေး ကောင်းမွန်သူတဦးဖြစ်သည်။

• သေဆုံးပုံ
အကျဉ်းချထားစဉ် ရေဖျဉ်းရောဂါစွဲကပ်လာသည်။ ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျန်းမာရေး ဆိုရွား လာသဖြင့် ထောင်ဆေးရုံသို့ ရောက်ရှိခဲ့သည်။ ဇူလိုင် ၂၆ ရက်နေ့တွင် ထောင်ဆရာဝန်က အပြင်ဆေးရုံသို့ထုတ်၍ ကုသရန် ထောင် ပိုင်သို့ စာရေးသားအကြောင်းကြားခဲ့သည်။ ၃၁ ရက်နေ့ မွန်းလွဲတနာရီခန့်တွင် ထောင်အပြင် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် သေဆုံးခဲ့သည်။

• မှတ်ချက်
အာဏာပိုင်များက မိုင်အိုက်ပန်း ရုတ်တရက်ကွယ်လွန်သွားကြောင်း မိသားစုထံသို့ အကြောင်းကြားခဲ့သည်။ မိုင်အိုက်ပန်း၏ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး သည် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆန့် ကျင်ရာတွင် ပါဝင်ခဲ့သည်။

• ထောင် အရာရှိများ
ထောင်ပိုင်ကြီး       ဦးသက်ရှည်
ထောင်မှူကြီး        ဦးကျော်သန်းမြင့်
ထောင်ဆရာဝန်    ဒေါက်တာစိုးဝင်း

နေအ၀င်စောတဲ့ ညနေခါးခါးတခုရဲ့နောက်မှာ
ညတွေမှာ လရောင်မဲ့သွားလောက်အောင်
ငါ့အတွက်တော့ . . .
ညရောင်ဟာ မှောင် မှောင်နိုင်လွန်းတယ်
အဲ့ဒီ ညတွေပေါ့
နာကျင်မှုတွေ
ခါးသီးမှုတွေ
အလွမ်းတွေ
တနင့်တပိုးနဲ့ မျက်ရည်ခိုးတွေ။

တကယ့်ကို သန်းခေါင်ယံတခုပါပဲ
အောက်တိုဘာကို လက်ပြ နှုတ်ဆက်တဲ့နေ့က
နှင်းဆီနီတပွင့်ရဲ့ အဖြစ်
သင်္ခါရ မြစ်ထဲမှာ။

စိမ်းမြတဲ့ တောင်တန်းကြီးတွေကိုချစ်တဲ့
စိမ်းမြတဲ့ တောင်တန်းကြီးတွေကချစ်တဲ့ ဒါင်ပန်း
အဲ့ဒီ တောင်တန်းကြီးတွေကို စွန့်ခွာသွားပြီ ဆိုတဲ့အကြောင်း
ဂုတ်ထိပ်ချောင်းရေတွေကတောင် ခေါင်းမညိတ်ရက်ကြဘူး..တဲ့။

မနွမ်းခင် ကြွေလွင့်ရတဲ့
ပန်းတပွင့်အတွက်
စိမ်းလန်းခွင့်ကို ရှာဖွေနေတဲ့
သစ်တပင်ရဲ့ တန်ဖိုးကို
ဒီလို ရက်စက်သင့်ပါသလား။

တကယ်ဆို
သူဟာ ဖြူစင်ရှင်းသန့်လွန်းတဲ့
အမြင့်ပျံချိုးငှက်ဖြူ
စမ်းတ၀ါးဝါး ခရီးသွားတို့အတွက်
လင်းလက်တောက်ပလွန်းတဲ့ လမ်းပြကြယ်စင်။

နေ၀င်စောသွားတဲ့
ညနေခါးခါး တခုမှာတော့၊
သူချစ်တဲ့
တောင်တန်းကြီးတွေက
အရောင်ပြောင်းသွားပြီး၊
အဲ့ဒီကစ
ညတွေဟာ လရောင်မရှိကြတော့ဘူး။ ။

ကျဆုံးသွားတဲ့ ရဲဘော် ဒါင်ပန်းအား ဦးညွှတ်အလေးပြုလျှက်..)

လိုည်းနွေနှောင်း( ၁၉ – ၁ – ၂၀၀၆)

မိုင်အိုက်ပန်းအတွက် တအာင်းပလောင်တိုင်းရင်းသူ လွေးနွေနှောင်း (လိုည်းနွေနှောင်း) အလေးပြုရေးစပ်ခဲ့တဲ့ ကဗျာနဲ့ ကို အိုက်ပန်းရဲ့ ဘ၀မှတ်တမ်း တစ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၂၀၀၆ ခုနှစ် မေလထုတ် – ရှစ်စက္ကန့်ငြိမ် စွန့်လွှတ်သူတို့၏ရာဇ၀င်အစီရင်ခံစာမှာ ဖေါ်ပြထားချက်ဖြစ်ပါတယ်။ ဆက်လက်လို့ သူကွယ်လွန်ပြီး တလ အကြာ တအာင်း ပလောင် ကျောင်းသားလူငယ်တွေက ထုတ်ပြန်ခဲ့တဲ့ မိုင်းအိုက်ပန်းအတွက် စာတမ်းတခုကိုလည်း ရှုစားကြပါဦး။

မိုင်းအိုက်ပန်း (ခ) ကိုမြမောင် (1962- 2002)
(၇၁)  ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသား

ရဲဘော် မိုင်အိုက်ပန်းဟာ ၁၉၈၄ ခုနှစ်မှာ ပလောင်ပြည် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တဦးအဖြစ် စတင်ပါဝင် လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟို ဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်  လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရပါသည်။

၁၉၉၁ ခုနှစ် ဧပြီလတွင် ပင်မအဖွဲ့ဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၊ ပလောင်ပြည် နယ်လွတ်မြောက်ရေး တပ်မတော်က န၀တ၊ နအဖနှင့် မလွဲမရှောင်သာသော အခြေအနေကြောင့် အပစ်အခတ် ရပ်စဲရေးပြုခဲ့ရပါသည်။ ယင်းအပစ် အခတ်ရပ်စဲရေး သဘော တူညီချက်အပေါ် စစ်မှန်သည့် ငြိမ်းချမ်းရေးသာဖြစ်ကြောင်း ပြတ်သားစွာ ကန့်ကွက်ခဲ့ပြီး၊ စစ်မှန် သော ပြည်တွင်းငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်ရရှိရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် ဆက်လက်တိုက်ပွဲဝင် လာခဲ့ သူတစ်ဦးဖြစ်ပါသည်။

ထို့ကြောင့် ရဲဘော်မိုင်းအိုက်ပန်း အပါအဝင် မာနယ်ပလောတွင် အပစ်ခတ်ရပ်စဲရေးအပေါ် သဘောမတူ လက်မခံသည့် ခေါင်းဆောင်များ၊ တပ်ပေါင်းစု ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးညှိနှိုင်းပြီး ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေး  တပ်ဦးကို ဖွဲ့စည်းခဲ့ပြီး တပ်ဦး၏ ဗဟိုကော်မတီဝင်အဖြစ် ပါဝင်လှုပ်ရှားလာခဲ့ပါသည်။

၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ ပထမကြိမ်ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီအသစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ရဲဘော် မိုင်းအိုက်ပန်းအား တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရ ပါသည်။

ရဲဘော် မိုင်းအိုက်ပန်းသည် ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ၎င်း၏မြေအောက်လုပ်ငန်း တာဝန်ထမ်းဆောင် နေချိန်အတွင်း မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ်ဂိတ်အနီး၌ နအဖစစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပါသည်။ ထို့ နောက် မွန်ပြည်နယ်ရှိမော်လ မြိုင်ကကျဉ်းထောင်တွင် နအဖထုတ်ပြန်သော မတရားအသင်း အက်ဥပဒေ ၁၇-၁ အရ ထောင်ဒဏ် ၇ နှစ်ဖြင့် အပြစ်ပေးစီရင်ခြင်းကိုခံခဲ့ရပါသည်။ ရဲဘော်မိုင်းအိုက်ပန်းသည် ဖမ်းဆီးခံရစဉ်တွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက်ရှိပါသည်။ သို့သော်လည်း ၂၀၀၂ ခုနှစ်ဇူလိုင် လ ၃၁ ရက်နေ့တွင် ရေဖျဉ်းရောဂါဖြင့် ရုတ် တရက်သေဆုံးသွားကြောင်း မော်လမြိုင်အကျဉ်းထောင် အာဏာပိုင်များက ၎င်း၏မိသားစုထံ အကြောင်းကြားစာပို့ခဲ့သည်။

ယခုကဲ့သို့ မိုင်းအိုက်ပန်း ရုတ်တရက်သေဆုံးရခြင်းသည် နအဖ၏အကျဉ်းထောင်ထဲတွင် စားဝတ်နေရေး ချို့တဲ့မှု၊ ကြမ်း တမ်းသော စစ်ဆေးမေးမြန်း နှိပ်စက်မှုနှင့် ဖျားနာနေချိန်တွင် လူသားချင်းစာနာသော ထိုက်သင့်သည့် ဆေးကုသမှု မရရှိခြင်း ကြောင်းသာလျှင် ဖြစ်သည်ဟု ပြည်ပရောက် ပလောင်လူငယ်များက လေးနက်စွာ ယုံကြည်ထားပါသည်။

ဤသို့တော်လှန်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေချိန်အတွင်း နအဖလက်ထဲတွင် ကျဆုံးခဲ့ရခြင်းသည် ပလောင်တမျိုးသားလုံးအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်သာမက မြန်မာပြည်ဒီမိုကရေစီ လိုလားသော ပြည်သူတရပ်လုံးအတွက်ပါ ဆုံးရှုံးမှုတရပ်ပင်ဖြစ်ပေသည်။ ရဲဘော် မိုင်းအိုက်ပန်းကျဆုံးမှုအတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ရဲဘော်များ၊ ဇာတိမြေမှ ပလောင်အမျိုးသားများအားလုံးနှင့်တကွ လုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ် ဆွေအပေါင်းက နှမြောတသကာ အထူးဝမ်းနည်း ကြေကွဲရပါသည်။ ထို့ပြင် မိုင်းအိုက်ပန်း၏ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့ အစည်းများမှ ရဲဘော်ရဲဘက်များနှင့်အတူ ဦးလည်မသုန် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းခဲ့မှု များကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရဲဘော် မိုင်းအိုက်ပန်းအား လေးစားဂုဏ်ပြု ဦးညွတ်လျှက်။
ရဲဘော် မိုင်းအိုက်ပန်း ကောင်းရာသုဂတိလားပါစေ။  

(ပြည်ပရောက်ပလောင်လူငယ်များ) ၂၀၀၂ ခုနှစ် ဇူလိုင် ၃၁ ရက်

ကွယ်လွန်သူမိုင်အိုက်ပန်းနဲ့ တော်လှန်ရေးတာဝန်တွေ လက်တွဲလုပ်ဆောင်ခဲ့သူ မိုင်အိုက်ဖုန်းကတော့ “ကိုအိုက်ပန်း ကျဆုံး သွားတာကြောင့် ကျနော်တို့ တအာင်းပလောင် တိုင်းရင်းသားတွေအတွက်သာမက တပြည်လုံး ဒီမိုကရေစီရေးနဲ့ အမျိုး သားတန်းတူရေးအတွက် အလွန်ဘဲ နစ်နာဆုံးရှုံးမှုဖြစ်ရသလို သူ့ဟာ အလွန်ပဲဆက်ဆံရေးကောင်းပြီး အနစ်နာခံသူပါ။ သူလိုလူ နောက်တယောက် ကျနော်မတွေ့သေးဘူး။  သူရှိနေရင် ကျနော်တို့အတွက် ခွန်အားဖြစ်စေတယ်။” လို့ မိုင်အိုက်ပန်း ကျဆုံးခြင်း ၁၃ နှစ်မြောက် အောက်မေ့တသ ပြောဆိုခဲ့ပါတယ်။

ဒီအချက်ကို ကျနော်သဘောတူပါတယ်။ ကိုအိုက်ပန်းနဲ့ ကျနော်တို့ မာနယ်ပလော တော်လှန်ရေးဌာနချုပ်မှာ၊ သံလွင်မြစ် ထဲမှာ လှေအတူစီးရင်း ဆုံခဲ့ကြ၊ သောင်းရင်းမြစ်ရေနည်းချိန် ဖြတ်ကူးခဲ့ကြ၊ မဲဆောက်မှာ အတူနေခဲ့ကြတာတွေ သတိရ တယ်။ အတူနေကြတော့ ထမင်းဟင်းချက်လည်း ကောင်းသူဆိုတာ သိခဲ့ရတယ်။ ခေါင်းဆောင်ဆိုပြီး ဟိတ်ဟန်မကြီး အောက်ခြေသိမ်းအလုပ်တွေကိုလည်း လုပ်သူ။ ထိပ်တန်းတာဝန်ကြီးတွေလည်းယူသူဖြစ်တာပါ။ သူနဲ့ စကားပြောတိုင်း ပလောင်လူငယ်​တွေနဲ့ ပလောင် အမျိုးသမီးအဖွဲ့တွေ ဖွဲ့ဖြစ်​​အောင်​ သူလုပ်ချင်တယ် ဆိုတာ အမြဲပါခဲ့တယ်။ ဒီနေ့ရှိနေတဲ့ တအာင်း ပလောင် ကျောင်းသား၊ လူငယ်​နဲ့ တအာင်းအမျိုးသမီးအဖွဲ့တွေ ဖွဲ့ဖြစ်​​အောင်​  သူဦး​ဆောင်​ပြီး လုပ်​ခဲ့တာ…. နိုင်​ငံ​ရေးကို ပ​လောင်​ပြည်​သူ​တွေသိ​အောင်​ ကျုပ်တို့ လုပ်​​ချင်တယ်ဗျာ..ဆိုတဲ့သူ့စကားကို ၁၃ နှစ်ကြာတဲ့အထိ ကျနော့်နားထဲ ကြားနေတုန်းပါ။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ဒေါက်တာစင်သီရာရဲ့ မယ်တော်ဆေးခန်း လက်ဖက်ရည်ဆိုင်မှာ ကျနော်တို့ အတူသောက်နေခဲ့ကြတယ်။ သူက ပြည်တွင်းကို ပညာပေးစာအုပ်တွေ ကယ်​ရီနဲ့ ထည့်​လိုက်​ပေး လိုက်တယ်​ ကယ်​ရီမိ​တော့ သူ့ကို လာရှင်းဖို့ မြ၀တီက ဖုန်းဆက်ခေါ်တယ်။ သူသွားတော့ အဖမ်းခံရတာပါ။ မဲဆောက်မှာ သူက စက်ဘီးစီးတာပါ။ သူ့ကိုဖမ်းထားတော့ စက်ဘီးလေးက သောင်းရင်းမြစ်ဘေး ထိုင်းဖက်ကမ်းမှာ ကျန်နေသပေါ့။

မော်လမြိုင်ထောင်မှာလည်း နိုင်ငံရေး အကျဉ်းသားတွေကြား ကိုအိုက်ပန်းဟာ အနစ်နာခံပြီး နေတဲ့သတင်းတွေ ကြားရ ပါတယ်။ သူ့ကို ပြန်တွေ့လိမ့်ဦးမယ် မျှော်လင့်ရင်း ၂၀၀၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က သူ ကျဆုံးသွားခဲ့ပေါ့။ အခု ၁၃ နှစ်တောင်ရှိပြီ။  ကျွန်တော်အခုရေးခဲ့တဲ့ ကိုအိုက်ပန်း (ဒါင်ပန်း) ရဲ့အကြောင်းဟာ ပြည့်စုံမှာမဟုတ်ပါ။ လိုအပ်ချက်တွေ တောင်လိုပုံနေဦးမှာပါ။ ပလောင်စကားမှာ “ ၀ီဒါင် ” = “ ဒါင် ” = အကိုကြီး လို့ အဓိပ္ပါယ်ရပါတယ်။ သူအကြောင်း သူဂုဏ်ပုဒ်၊ သူကျေးဇူး၊ သူမွှေးရနံ့တွေက နှိုင်းမရ၊ တုပလို့မရ ဒီလောက်ရေးယုံနဲ့ မကာမိသေး၊ မလုံလောက်သေးပါ။ သူ့မွေးနေ့ကိုတောင် အပြည့်အစုံ ကျနော် မရေးနိုင်ခဲ့ပါ။ သူ့လုပ်ဖေါ်ကိုင်ဖက်တွေ မျိုးဆက်သစ် တအာင်း အမျိုးသား၊ အမျိုးသမီးတွေ ဒါင်ပန်း အကြောင်း၊ ဒါင်ပန်း အထုပ္ပတ္တိ၊ ဒါပန်းဋီကာ ဆက်ရေးကြပါဦးလို့သာ တောင်းပန် တိုက်တွန်းလိုက်ပါရစေ။ ဒါပေမယ့် အဆုံး ထိ ဖတ်ပြီးရင်တော့ ရဲဘော် ဒါင်ပန်းအတွက်ရှစ်စက္ကန့််ငြိမ်ပေးကြပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ, မောင်တူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်