စိုးနေလင်း – မနက်ငါးနာရီ၊ လင်းယုန်တောင်ပံတစုံနဲ့ ဗေဒါကြပ်တဲ့ မြစ်တစင်း

August 1, 2015

– မနက်ငါးနာရီ၊ လင်းယုန်တောင်ပံတစုံနဲ့ ဗေဒါကြပ်တဲ့ မြစ်တစင်း
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၅


၁။
မနက် ငါးနာရီကို သူအလွန်မုန်းတီးပါသည်။

၂။
အမှန်မှာ ကာလတိုင်းတာမှု ကိန်းဂဏာန်းသက်သက်အနေနှင့်မူ ငါးနာရီအား မည်သို့မျှ မုန်းတီးရန် အကြောင်းမရှိပါ။ သို့သော် ထိုမနက် ငါးနာရီသည် သူ၏ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ရုပ်များနှင့် ပူးပေါင်းလိုက်သောအခါ များစွာ စက်ဆုပ်မုန်း တီးဖွယ်ရာ အရာတခု ဖြစ်သွားပါတော့သည်။ မနက်ငါးနာရီထိုးတိုင်း သူ၏မှတ်ဉာဏ်အာရုံတွင် ပြန်၍ အမှတ်ရပုံပေါ်လာတတ် သော ဆီဆုံတခုကို လှည့်နေရသည့် နွားတကောင်၏ပုံ ရေဆေးပန်းချီကားတချပ်ကြောင့်လည်း မနက်ငါးနာရီသည် ပို၍ဆိုး ဆိုးဝါးဝါး မုန်းတီးစရာကောင်းသွားရခြင်းလည်း ဖြစ်နိုင်ပါသည်။

ထိုပန်းချီကားကိုရေးဆွဲခဲ့သူ ပန်းချီဆရာ၏အမည်ကိုမူ ဝေေ၀၀ါးဝါးမျှပင် သူမမှတ်မိတော့ပါ။ ထိုပန်းချီဆရာကို သူအလွန် အားနာမိသောလည်း မည်သို့မျှ မတတ်နိုင်ပါ။ မှတ်ဉာဏ်တို့၏သဘောသဘာဝနှင့်ပတ်သက်၍ အတော်အတန်ပင် ဖတ်မှတ်ခဲ့ဖူးသော်လည်း အချက်အလက် ပြည့်ပြည့်စုံစုံ တိတိကျကျ ပြန်၍ ရှင်းပြနိုင်စွမ်း သူ့တွင် မရှိပါ။ ဦးခေါင်းကို မကြာ ခဏ ထိုခိုက်နာကျင်ခံရပါက မှတ်ဉာဏ်စွမ်းအား ချို့ယါင်းအားနည်းတတ်ကြောင်းကိုတော့ သူမှတ်မိနေပါသည်။

သူ့ပတ်ဝန်းကျင်တနေရာမှ နာရီတလုံး၏ နာရီအလိုက် မတူခြားနားသော အော်ဂင်တေးသွားလေးများကိုလည်း သူမှတ်မိပါ သည်။ အဆိုပါ အော်ဂင်တီးလုံးလေးများသည် အတော်ပင်နားဝင်ချိုသာသည်ဟုဆိုလျှင် သူမငြ်းချင်ပါ။ သို့သော မနက်ငါး နာရီ အောဂင်တီးလုံးနှင့် နားရီထိုးချက်တို့ကိုမူ သူ မည်သို့မျှ နားထောင်လိုစိတ်မရှိပါ။ ဆန္ဒမရှိခြင်းသက်သက်မျှသာမဟုတ်ဘဲ မုန်းတီးစက်ဆုပ်နေမိသည်ဟု ဆိုရပါမည်။ မနက်ငါးနာရီအချိန်ရောက်သည်နှင့် ဆက်တိုက်လိုလို ကြားရတတ်သော အခြား နာရီထိုးသံများ၊ သံချောင်းခေါက်သံများအားလုံးသည်လည်း သူ၏ မုန်းတီးစက်ဆုပ်မှုတါင် အပါအ၀င်ဖြစ်ပါသည်။

သူ့တွင် အချိန်နာရီနှင့်ပတ်သက်သော စိတ်ရောဂါအနည်းငယ်မျှပင်မရှိကြောင်းကိုလည်း သူ အတိအကျသိပါသည်။ စိတ် ရောဂါ ကုသနည်းဖြစ်သော (Chimney Sweeping) ခေါ် မီးခိုးခေါင်းတိုင်လှဲကျင်းခြင်းနည်းစနစ်ဖြင့် ကုသစရာလိုမည် မထင်ပါ။ မနက်ငါးနာရီထိုးသည်နှင့်တပြိုင်နက် လှုပ်ရှားထကြွလာသည့် လူသံအချို့၊ သောက်ရေအိုးဖုံးဖွင့်သံ၊ ဖျာဆွဲသံ၊ ခြေ သံ၊ စောင်ခါသံ၊ ချောင်းဆိုးသံ စုပေါင်းအော်ဆိုလိုက်သော “သြကာသ” အစချီ ဘုရားရှိခိုးသံ၊ အာရုံတွင် ထင်ဟပ်သတိရလာ သော ဆီဆုံကိုလှည့်နေသည့် နွားတကောင်ပုံပန်းချီကား၊ ၎င်းတို့အားလုံးပေါင်းစပ်လိုက်သောအခါ သူ့ရင်ထဲမှာ အုံကြွလာ သော မုန်းတီမှုအစိုင်အခဲကို သူ မည်သို့မျှ တားဆီးဖယ်ရှား၍မရတော့ပါ။ မုန်းတီးရွံ့ရှာခြင်း၊ ချစ်ခင်နှစ်သက်ခြင်း စသည်တို့မှာ လူပုဂ္ဂိုလ်တဦးချင်းစီအလိုက် ရှိနေကြသော ကိုယ်ပိုင်ခံစားမှုများဖြစ်ကြောင်း သိရှိနှင့်ကြပြီး ဖြစ်ပါလိမ့်မည်။ သူ သည်လည်း သူ၏ ကိုယ်ပိုင်မုန်းတီးပိုင်ခွင့်ဖြစ်သော မနက်ငါးနာရီကို မုန်းတီးနေခဲ့ခြင်းဖြစ်ပါသည်။ သူ၏ မုန်းတီးမှုသည် သူ့ပတ်ဝန်းကျင်ကို သက်ရှိ (လူ) တစုံတယောက်၏ ရုပ်နှင့် စိတ်အခြေအနေတရပ်ရပ်ကို ထိပါးနိုင်ခြင်းမရှိကြောင်း သူကောင်းစွာ သိရှိနေပါသည်။

ပင်ကိုယ်သဘာဝအရ ငြိမ်သက်အေးချမ်းခြင်းကို သူများစွာနှစ်သက်ခဲ့ပါသည်။ ငြိမ်သက်အေးချမ်းစွာ တွေးတောစဉ်စားရခြင်း ၏ ရသအရသာကို သူကောင်းစွာခံစားတတ်ခဲ့သည်မှာ ကာလအားဖြင့် ကြာမြင့်လှပြီဖြစ်ပါသည်။ ဆိတ်ငြိမ်ခြင်းသည် ရွှေဖြစ် သည်ဆိုတော့ ပညာရှိစကားတခုကို သူကြားဖူးသည်ဟု ထင်ပါသည်။

၃။
မနက်ငါးနာရီကို သူမုန်းတီးသော်လည်း မနက်ငါးနာရီသည် သူ့အား သံပတ်အသစ်တဖန်ပြန်တင်ပေးခြင်းမှလွဲ၍ သူ့အား ပင် ပန်းဆင်းရဲစေခြင်း၊ မနိုင်ဝန်ကိုထမ်းစေခြင်း၊ ကြိမ်ဖြင့် ရိုက်နှက်ခြင်း အလျဉ်းမရှိပါ။ မနက်ငါးနာရီထိုးသည့်အချိန်တွင် မုန်းတီး စက်ဆုပ်မှုအပြည့်နှင့်အတူ အိပ်ရာသိမ်း၊ မျက်နှသစ်၊ အညစ်အကြေးစွန့် စသည့်စဉ်းစားတွေးခေါ်မှု မလိုအပ်သောလုပ်ဆောင် မှုကလေးများ လုပ်ရုံကလွဲ၍ သူ့တွင် ဘာမျှလုပ်စရာမရှိပါ။ ထ၊ ထိုင်၊ လဲလျောင်း၊ နှစ်သက်ရာတခုခုကို လုပ်လိုက်ရန်သာ ရှိ ပါသည်။ လူအတော်များများလုပ်လေ့ရှိသော ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်းအလုပ်ကိုလည်း သူ့အနေဖြင့် လုပ်ရန်မလိုအပ် ကြောင်း ခိုင်ခိုင်မာမာသိရှိထားပြီး ဖြစ်ပါသည်။ ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ တရားထိုင်ခြင်းအလုပ်များကို မှန်မှန်လုပ် ကိုင်ရင်း၊ ဒေါသ၊ လောဘလွန်ကဲနေဆဲလူများကို သူ မကြာခဏ အံ့သြစိတ်ပျက်ဖွယ်ရာတွေ့မြင်နေရပါသည်။ သူ့အား သူတော်ကောင်းဟု မထင်မြင်ကြစေလိုပါ။ သူ့တွင် လူသားတို့တွင်ရှိအပ်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ကာမ ဂုဏ်အာရုံခံစားမှု၊ တပ်မက်စိတ်များရှိသလို လူသားတယောက်အနေဖြင့် ရှိသင့် ရှိအပ်သော သိက္ခာမာနလည်း အပြည့်အ၀ ရှိနေပါသည်။ ယခုအချိန်တွင် သူ၏ မျက်စိစွမ်းအား အတော်ပင်ကျဆင်းနေသည်ဟု ထင်ပါသည်။ သူ့ပတ်ဝန်းကျင်ရှိ လူအတော်များများ၏ မျက်နှာကို သူကြည့်၍ မမြင်ပါ။ အံ့သြစရာကောင်းသည်မှာ သူကြည့်နေကျ New Gem အိတ်ဆောင် အင်္ဂလိပ်အဘိဓာန်စာအုပ်ကလေးမှ စာလုံးသေးသေးလေးများကိုမူ သူဖတ်၍ ရနေဆဲဖြစ်ပါသည်။

အိပ်ယာသိမ်းပြီးဖြစ်သော်လည်း အများအားဖြင့် သူသည် ပြန်၍လဲလျောင်းရင်း တွေးတောစဉ်းစားနေလေ့ရှိပါသည်။ သို့သော်လည်း သူမြင်ယောင်နေမိသည့် ပန်းချီကားထဲမှ ဆီဆုံဆွဲနေသည့် နွား၏ ပင်ပန်းဆင်းရဲမှုနှင့် စိတ်ပျက်ငြီးငွေ့မှုတို့ သည် သူ့အား ကူးစက်စီးဝင်နေသလို ခံစားရပါသည်။ နွားသည် စက်ဝိုင်းကို တပတ်ပြီးတပတ် ထပ်ပြန်တလဲလဲ ရေးဆွဲနေရ ရှာပေလိ့်မည်။ သို့သော် နွားသည် ဂျီသြမေတြီဘာသာရပ်ကို သင်ကြားနေသည့် ကျောင်းသားတယောင်မဟုတ်ပါ။ ကျောင်း သားတယောက်အဖို့ ကွန်ပါသံချွန်ကို စက္ကူတွင်ထောက်၍ လိုအပ်သော အချင်းဝင်ဖြင့် ကွန်ပါချွန်၏ထိပ်မှအတံလေးကို လက်ညှိုးနှင့် လက်မကြားတွင်ညှပ်၍ သက်တောင့်သက်သာ လှည့်လိုက်ရုံမျှဖြင့် စက်ဝိုင်းတခုကို ရေးဆွဲနိုင်ပေလိမ့်မည်။ စက်ဝိုင်းကို အထပ်ထပ်ဖြစ်အောင် ဆွဲလိုလျှင်လည်း လက်ညှိုးလက်မကို အသာလေးလှည့်ပေးနေရုံသာဖြစ်ပါသည်။ မည် သို့မျှ အပန်းကြီးစရာမရှိပါ။ သို့သော်လည်း ကျောင်းသားသည် ဆီဆုံလှည့်သော နွားမဟုတ်နိုင်သလို ဆီဆုံလှည့်သော နွားသည်လည်း ကျောင်းသားတယောက်မဖြစ်နိုင်ဟုသော အချက်မှာမူ အလွန်သေချာပါသည်။

၎။ 
ထုံးစံအတိုင်း အပြောင်းအလဲမရှိသော အော်ဂီတီးလုံးသံအဆုံး မနက်ငါးနာရီတီးသံကို သူစိတ်ပျက်စွာ နားထောင်နေလိုက် ပါသည်။ သူသည် အိပ်ရာမှနိုးလာသူတဦးမဟုတ်ကြောင်း ကျိန်းစပ်နေသော မျက်လုံးများက ပြောပြနေပါသည်။ ပတ်ဝန်း ကျင်မှအသံများနှင့် ဆီဆုံဆွဲနွားပန်းချီကားကို သူ၏စိတ်အာရုံမှ ခါလွှင့်ဖယ်ထုတ်ပစ်လိုက်စဉ်တွင် ထိုနေ့မှာ ဇွန်လကိုးရက်နေ့ ဖြစ်ကြောင်း လျှပ်ပြက်သလို သူသတိရလိုက်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်က သည်လို ဇွန်လ၏ သည်လိုနေ့မျိုး တနေ့တွင် သူ့အား မိခင်က မွေးဖွားပေးခဲ့ခြင်း ဖြစ်ပါသည်။ သူ၏မိခင်သည် နာကျင်ကိုက်ခဲနေဆဲ ဝေဒနာကြားမှပင် သူ့အား ကြည်ကြည်နိုးနိုး ပွေ့ယူနမ်းမွှေးခဲ့ပေလိမ့်မည်။ မိခင် ဖခင်တို့သည် သားသမီးတို့အား တာဝန်အရသာ ချစ်ခင်မြတ်နိုးကြခြင်း မဟုတ်ကြောင်းကို သူပီပီပြင်ပြင် နားလည်သိရှိပြီးဖြစ်ပါသည်။ မွေးနေ့တါင် သူစိတ်ကြည်ကြည်လင်လင် ရှိနေချင်ပါသည်။  မိခင် ဖခင်တို့၏ ကျေးဇူးတရား၊ မေတ္တာတရားတို့ကို ပြန်ပြီး အောက်မေ့တသချင်ပါသည်။ မွေးနေ့တွင် အမှတ်တရ တခုခု ရှိစေချင်ပါသည်။ မြန်မာ့ယဉ်ကျေးမှုတွင် မွေးနေ့ကျင်းပခြင်းဓလေ့မရှိသော်လည်း မွေးနေ့ကျင်းပခြင်းကို သူနှစ်သက်ပါသည်။ ငွေကြေးနှင့် အခြေအနေအရ တတ်နိုင် ဖြစ်နိုင်ပါက သူ၏မွေးနေ့၊ သူ့ချစ်ဇနီး၏မွေးနေ့၊ သူ့သားငယ်တို့၏မွေးနေ့များကို နှစ် စဉ်တခမ်းတနား ကျင်းပပေးချင်ပါသည်။ မွေးနေ့ကျင်းပခြင်းသည် မည်သည့်ယဉ်ကျေးမှုပင်ဖြစ်စေ ကောင်းမွန်သင့်လျော်သည် ဟု သူယုံကြည်ပါသည်။ မိခင် ဖခင်ရင်းတို့၏ ဂုဏ်ကျေးဇူးနှင့် မေတ္တာတရားတို့ထက် ပို၍ ခမ်းနားကြီးကျယ်သောအရာမရှိဟု ထင်ပါသည်။ မိခင် ဖခင်ရင်းဟု သုံးနှုန်းခြင်းမှာ ပထွေး မိထွေးများ၏ အခန်းကဏ္ဍမပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ အလွန်တရာ နည်းပါးသော အရေအတွက်မှလွဲ၍ လင်ပါ မယားပါသားသမီးများကို ပထွေး မိထွေးတို့က နှိပ်စက်ညှဉ်းဆဲတတ်ကြောင်း စာ တွေ့ လက်တွေ့ သိနားလည်ထားကြသူများ များပါသည်။ အချို့သူများမှာ အများအမြင်တွင် မိခင် ဖခင်ရင်းကဲ့သို့ မေတ္တာ အကြင်နာထားဟန်ဖြင့် ဟန်ဆောင် ပန်ဆောင် လေသံကောင်း ဟစ်တတ်ပြီး အမှန်တကယ်တွင်မူ ကောက်ကျစ်စဉ်းလဲစွာ နှိပ်စက်ညှဉ်းပန်းတတ်ကြပါသည်။ ထိုသူများမှာ ပို၍ပင် ကြောက်စရာ စက်ဆုပ်ရွံရှာစရာကောင်းပါသည်။ မည်သို့ပင်ဖြစ်စေ  ပထွေး မိထွေးသည် ဖခင် မိခင်ရင်း မဖြစ်နိုင်၊ မတူညီနိုင်ပါ။ ပထွေး မိထွေးတို့၏လက်အောက်တွင် ပင်ပန်းဆင်းရဲစွာ၊ နာ ကြဉ်း ကြေကွဲစွာ ကြီးပြင်လာကြသူများစွာတို့အတွက် သူ မကြာခဏ ၀မ်းနည်းမိတတ်သလို ဒေါသဖြစ်ရတတ်ပါသည်။

သူသည် မတရားမှုကို အလွန့်အလွန် စက်ဆုပ်မုန်းတီးသူ ဖြစ်ပါသည်။

၅။
သူ၏တရားမျှတမှုကို ချစ်မက်နှစ်သက်သည့်စိတ်ဓာတ်သည် မနက်ငါးနာရီကို သူမုန်းတီးစက်ဆုပ်မှုနှင့် ဆက်စပ်နေပါလိမ့် မည်။ သို့သော် ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင်မွေးဖွားပြီး ဇွန် ၁၀ ရက်နေ့ မနက် ၅ နာရီကို စတင်မုန်းတီးလာခဲ့ခြင်း မဖြစ်နိုင်ပါ။ မနက် ၅ နာရီအား သူမုန်းတီးစက်ဆုပ်ခြင်း စတင်ခဲ့သည့်အချိန်မှာ ၁၉၇၆ ခု မတ်လ ၂၆ ရက်နေ့ ဖြစ်နိုင်ပါသည်။ ခါးသည် ခက်ရှသော အရာများစွာရှိသည့်အနက် အခါးသည်း အခက်ရှဆုံးသောအရာမှာ အမှန်တ ရားဆိုသည့်အရာဖြစ် ကြောင်း သူမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ သူသည် ထိုစဉ်က နောက်ဆုံးနှစ် သိပ္ပံကျောင်းသားတယောက် ဖြစ်ပါသည်။ ပယ် လယ်ကဗွီးပင်ကြီးများ၏ ငိုကြွေးသံကို သူ မည်သည့်အခါမှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။

သို့သော် ထိုအချိန်ကရှိခဲ့သော မနက်ငါးနာရီအပေါ် မုန်းတီးမှုမှာ ယခုအချိန်လောက် ပြင်းထန်ဆိုးဝါးခြင်းမရှိဟု သူ ထင်ပါ သည်။ စေ့ဆော်မှုအတိုင်းအဆ ပမာဏအနည်းအများကြောင့်ပင် ဖြစ်ပါလိမ့်မည်။ ပိုမိုကြီးမားပြင်းထန်သော စေ့ဆော်မှု ကြောင့် ယခုတကြိမ် မနက် ငါးနာရီအား ပြင်းပြင်ထန်ထန် မုန်းတီးစက်ဆုပ်လာခြင်း စတင်ခဲ့သောအချိန်မှာ ၁၉၈၉ ခု စက် တင်ဘာလ ၂၄ ရက်နေ့ဖြစ်ကြောင်း တိတိကျကျ သူမှတ်မိနေပါသည်။

အသေအချာ ကြိုတင်ပြောမထားနိုင်သော နေ့တနေ့တွင် ထိုမုန်းတီးမှုသည် ရုတ်ချည်းရပ်တန့် ကွယ်ပျောက်သွားလိ့်မ်မည်ဖြစ် ကြောင်း သူကြိုတင်၍ပြောနိုင်ပါသည်။ မနက်ငါးနာရီနှင့် ယှသ်တွဲနေကျ ပတ်ဝန်းကျင်ရုပ်အခြေအနေများ ယှဉ်တွဲပေါင်းစပ်နိုင် ခြင်း မရှိတော့သောအခါ သူသည်လည်း မနက်ငါးနာရီဆိုတော့အချိန်ကို မုန်းတီးစရာအကြောင်း ရှိတော့မည် မဟုတ်ပါ။ ထို အချိန်တွင် သူ့အနေ စက်ဆုပ်မုန်းတီးစရာ တစုံတရာမျှ မရှိနိုင်တာ့ဟု ဆိုလိုခြင်းကာ မဟုတ်ပါ။

သီရိလင်္ကာနိုင်ငံတွင်မွေးဖွားပြီး ကနေဒါနိုင်ငံတွေင် အနေကြာခဲ့သူ စာရေးဆရာ မိုက်ကယ်အွန်ဒါရီ (သူတို့အသံထွက်ကို အသေအချာမသိပါ။ မိုက်ကယ်အွန်ဒါချီဟုလည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်) ကို သူအလွန်သဘောကျပါသည်။ တိတိကျကျ ပြောရလျှင် သူ၏ “အင်္ဂလိပ်လူနာ” ဆိုသော ၀တ္ထုထဲမှကောက်နုတ်ဖော်ပြချက်အား သဘောကျခြင်း ဖြစ်ပါသည်။ ၎င်းသည် စာရေးသူ မိုက်ကယ်အွန်ဒါရီ၏အတွေးအမြင်လည်း ဖြစ်ပုံရပါသည်။ မိုက်ကယ်အွန်ဒါရီက လူမျိုးဟူသည်များကို ကျွန်ုပ်မုန်း တီးလာမိခဲ့ပြီး လူမျိုးနိုင်ငံများသည် ကျွန်ုပ်တို့အား ပုံပျက်ပန်းပျက် ဖြစ်စေခဲ့ပြီဟု ရေးခဲ့ပါသည်။ သူသည်လည်း စာရေးဆရာ မိုက်ကယ်အွန်ဒါရီကဲ့သို့ပင် လူမျိုးဆိုသည့်အရာကို မုန်းတီးလာခဲ့မိသည်မှာ အချိန်အတန်ကြာခဲ့ပြီဟု ထင်ပါသည်။

သူ့တွင် လူမျိုးစွဲ၊ နိုင်ငံ တိုင်းပြည်စွဲ၊ ဒေသစွဲမရှိဟုပြောလျှင် ရနိုင်ပါလိမ့်မည်။ ရှိရမည်ဆိုလျှင်လည်း အလွန်သေးမွှားသော ပ မာဏမျှသာ ဖြစ်ပါလိမ့်မည်။ ထိုအချက်ကို သူရဲရဲဝံ့ဝံ့ ပြောနိုင်ပါသည်။ အခြားသူများက ထိုသို့ လူမျိုးစွဲ၊ ဒေသစွဲမရှိခြင်း (သို့မဟုတ်) အနည်းငယ်ဆိုရုံမျှသာရှိခြင်းအတွက် အထင်အမြင်သေးကောင်း သေးနိုင်ပါသည်။ မုန်းတီးပင် မုန်းတီးနိုင်ပါ သည်။ သူ့အနေဖြင့်မူ ထိုသူတို့၏ ဦးခေါင်းများအတွက် စိတ်မကောင်းဖြစ်ရုံသာရှိပါသည်။ သူတို့အား နှုတ်ခမ်းကို အနည်းငယ် မျှ တွန့်ကွေး၍ ပြုံးပြလိုက်ရန် သင့်မည်ထင်ပါသည်။ သို့သော် သူတို့၏ ချွန်ထက်သောအစွယ်တို့ကိုမူ အနည်းငယ် သတိထား ရပါလိမ့်မည်။

၆။
လူမျိုးစွဲ၊ နိုင်ငံစွဲ၊ ဒေသစွဲများရှိနေကြသကဲ့သို့ ဘာသာအယူဝါဒစွဲ၊ ၀ါဒစွဲ၊ ပါတီစွဲ၊ ယဉ်ကျေးမှုစွဲနှု့် အခြားအစွဲပေါင်း မြောက်များ စွာရှိနေကြပါသေးသည်။ ထိုသို့စွဲလမ်းခြင်းကြီးမားမှုများကိုလည်း သူမုန်းတီးတတ်ပါသည်။ မုန်းတီးသည်ဟုဆိုရာတွင် ရန်ပြု တိုက်ခိုက်လိုသော သဘော မပါရှိကြောင်း သူအာမခံနိုင်ပါသည်။ သူ၏မုန်းတီးမှုမှာ ပြင်းထန်သော မနှစ်သက်မှုသက်သက်မျှ သာ ဖြစ်ပါသည်။ လူမျိုးစွဲ၊ နိုင်ငံစွဲ၊ ဒေသစွဲကြီးမားမှုများကို သူမုန်းတီးရခြင်းအကြောင်းမှာ သူ၏လူသားအားလုံးအပေါ်ထားရှိ သည့် ကြီးမားသော ချစ်ခြင်းမေတ္တာကြောင့်ပင် ဖြစ်ပါလိမ့်မည်။ အချစ်သည် ကြီးမားကျယ်ပြန့်ပါက များစွာ ကောင်းမွန် အကျိုးကျေးဇူးရှိသော်လည်း အချစ်သည် ကြီးမားကျဉ်းမြောင်းပါက အရှိအဟုန်ပြင်းစွာဖြင့် လောင်မြိုက်ပျက်စီးစေတတ်ပါ သည်။ ၎င်းအတွင် ကမ္ဘာ့သမိုင်း၏ စာမျက်နှာတိုင်းလိုလိုမှာပင် သင်ခန်းစာများ လုံလောက်စွာရှိနှင့်ပြီး ဖြစ်သည်ဟု သူထင် ပါသည်။ လူသားတို့သည် ထိုကဲ့သို့ မကြာခဏ သင်ခန်းစာပေးရန် လိုအပ်လောက်အောင် မိုက်မဲကြသူများမဟုတ်ဟု သူ မိုက်မဲရူးနှမ်းစွာ ယုံကြည်ခဲ့ဖူးပါသည်။ မကြာမီက မဂ္ဂဇင်းတအုပ်တွင်ဖတ်ခဲ့မိသော နာမည်ရ စာရေးဆရာတယောက်၏ ကမ္ဘာပေးတွင် မြန်မာလူမျိုးလောက် ယဉ်ကျေးသောလူမျိုးမရှိဟူသော အံ့သြစရာကောင်းလောက်အောင် ကြောင်တောင် ပေါသွပ်သော အတွေးအမြင်ကို သူ သတိရမိလိုက်ပါသည်။ အချို့သောသူများသည် မီးသွေးဖိုများထဲတွင် နေထိုင်ကြ ကြောင်း အစက သူမသိခဲ့သည်ကို သူ ၀မ်းနည်းစွာ ၀န်ခံရပါလိမ့်မည်။

ယခုအချိန်ထိမူ သူသည် သူ့ကိုယ်သူ လူယဉ်ကျေးတယောက်ဖြစ်သည်ဟု ထင်နေမိဆဲပင် ဖြစ်ပါသည်။ မည်သည့်အခြေအနေ မျိုးကို ကြုံတွေ့ရသည်ဖြစ်သေ သည်းခံခွင့်လွှတ်နေထိုင်ခြင်းသည် ယဉ်ကျေးမှုတခုဖြစ်လာချိန်တွင် သူသည် သေချာပေါက် လူရိုင်းတယောက်ဖြစ်သွားပါလိမ့်မည်။

တွားသွားသတ္တ၀ါများကို သူမည်သည့်အခါကမှ မနှစ်သက်ပါ။

၇။
သူ၏ တွေးမြင်ယုံကြည်ချက်တော်တော်များများနှင့် အ၇ာရာ အကြောင်းကြောင်းသော ဖြစ်ပျက်မှုများပေါ်တွင် ချဉ်းကပ်စဉ်း စား သုံးသပ်ပုံ နည်းလမ်းများအတွက် ကျေးဇူးအတင်ထိုင်ဆုံးသူများမှာ သူ၏ ဖခင်နှင့် မိခင်တို့ပင် ဖြစ်ပါသည်။ အခြား ကျေးဇူး တင်ထိုက်သူများစွာရှိသည့်အနက် အစီအစဉ်တကျမဟုတ်သောလည်း ဆိုဗီယက်သမ္မတဟောင်း မစ္စ မီခေးလ်ဂေါ် ဘာချက်ကို ဦးစွာဖော်ပြချင်ပါသည်။ သူ၏ ဂလက်စနော့နှင့် ပယ်ရယ်စထရွိုက်ကာသည် သူ့အား များစွာ ဆွဲဆောင်နိုင်ခဲ့ပါ သည်။ ရီဇာဂေါ်ဘာချက်ရေးသားခဲ့သော “ကျမမျှော်လင့်မိသည်” ဆိုသော စာအုပ်ကို အနည်းငယ်မျှသာ မြည်းစမ်းဖတ်ရှုခွင့်ရ ခဲ့သော်လည်း သူအလွန်နှစ်သက်မိပါသည်။ တပြိုင်နက်တည်းပင် ထိတ်လန့်တုန်လှုပ် မုန်းတီးစက်ဆုပ်စရာများကိုလည်း အနှံ့အပြား တွေ့ရှိခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ ဓာတ်ခွဲစမ်းသပ်မှုတခု၏ ရလဒ်ကို သူသိချင်နေသည်မှာ ကြာပြီဖြစ်ပါသည်။

လူသားတို့၏ သက်တမ်းပမာဏအရ ဓာတ်ခွဲစမ်းသပ်မှုတခု၏အချိန်ကာလမှာ ထိုမျှအထိကြာရန် မသင့်ပါ။ စမ်းသပ်ခံပစ္စည်း များအတွက် သူ့ရင်ထဲတွင် ကြေကြေကွဲကွဲ ခံစားခဲ့ရပါသည်။ နှစ်ပေါင်း ၇၀ ကျော် ဓာတ်ခွဲစမ်းသပ်မှု၏အဖြေကို သူ ယခု ထင်ထင်ရှားရှားပင် တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။ ထိုအဖြေသည် မှားယွင်းစရာအကြောင်းမရှိပါ။ သေချာပါသည်။

မြစ်ကြောင်းတချို့တွင် ချာလည်လည်နေဆဲဖြစ်သော လှေတချို့ကို တွေ့မြင်နေရဆဲဖြစ်ပါသည်။ အနီးကပ်သွား၍ ကြည့်ရှု ရန် မလိုဘဲ ထိုလှေတို့၏ လှေနံတွင် ဓားထစ်ရာများစွာရှိနေမည်ဟု သူ အတတ်ပြောနိုင်ပါသည်။ ထိုလှေများအောက်ရှိ မြစ် ရေမှာမူ စီးဆင်းနေဆဲဖြစ်ပါသည်။ သူသည် မြစ်ကြောင်းများ၏စီးဆင်းမှုကို ကြည့်ရှုနေရင်းပင် စဉ်းစားဆင်ခြင်ဖွယ်ရာ အတု ယူဖွယ်ရာ၊ နှစ်သက်မြတ်နိုးဖွယ်ရာ၊ မုန်းတီးရွံရှာဖွယ်ရာများစွာကို သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော ဟာမင်း ဟက်စ်၏ သိဒ္ဓတ္ထလို သင်ယူတတ်မြောက်မှုနှင့်မူ တူညီနိုင်မထင်ပါ။ များစွာ ကွာခြားကောင်း ကွားခြားနိုင်ပါသည်။

လှပကောင်း လှပမည်ဖြစ်သော်လည်း ဗေဒါပင်တို့၏ စရိုက်လက္ခဏာကို သူမနှစ်သက်နိုင်ပါ။ ကွယ်လွန်သူကဗျာဆရာစာဆို ကြီး ဆရာဇော်ဂျီ၏ ဗေဒါပင်တို့အပေါ်အမြင်နှင့်မူ သူ၏အမြင်သည် ပြောင်းပြန်ဖြစ်သည်ဟု ဆိုရပါမည်။ ဗေဒါပင်တို့သည် ရေစီးအတိုင်းသာ ဖော့ဂုဏ်ကြီးကြီးဖြင့် အလိုက်သင့်မျောပါလေ့ရှိပါသည်။ သူသည် ဗေဒါပင်တို့ ပိတ်ဆို့လုမတတ် ကြပ်နေ တတ်သော မြစ်ချောင်းအတော်များများကို ခရီးသွားခဲ့ဖူးပါသည်။ ဗေဒါကြပ်သောမြစ်ချောင်းများသည် ခရီးလမ်းကောင်း မဖြစ်နိုင်ပါ။

၈။
ယခုတလောတွင် မနက်ငါးနာရီအချိန်တို့သည် တစုံတရာ ဖောက်ပြန်ပျက်စီးနေသည်ဟု ထင်ပါသည်။ မနက်အရုဏ်ဦး၏ အနီရောင် ပျို့ပျို့ကောင်းကင်ပြင်ကို သူ မတွေ့ရပါ။ ဖြူဖျော့ဖျော့နှင့် အရိုးငေါငေါကောင်းကင်ကိုသာ ကြောင်စီစီတွေ့မြင်နေရ ပါသည်။ ပို၍ဆိုသည်မှာ ကောင်းကင်သည် သူနှင့်လုံးဝလိုက်ဖက်ခြင်းမရှိသည့် ဒေါင်လိုက်အစင်းအစင်း အင်္ကျီရှည်ကြီးကို ကိုးရိုးကားယား ၀တ်ဆင်ထားခြင်းဖြစ်ပါသည်။ အမှန်မှာ ကောင်းကင်သည် သဘာဝအတိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြည် ကြည် စင်စင် သို့မဟုတ် ပြာပြာလွင်လွင်ပင် ရှိနေသင့်ပါသည်။ ကောင်းကင်ဓာတ်နှင့် ရနံ့ကို သူအလွန်ချစ်မက်နှစ်သက်ပါ သည်။ သို့သော် သူသည် ယခုအချိန်ထိ ကောင်းကင်ဓာတ်နှင့် ရနံ့ကို ပြည့်ပြည့်၀၀ တခါမှ ရယူရှူရှိုက်ခွင့် မရရှိခဲ့သေးသည်မှာ များစွာ ၀မ်းနည်းစရာကောင်းသည်ဟု ဆိုရပါမည်။ သူသည် ရေတွင်းတတွင်းထဲတွင် မွေးဖွားကြီးပြင်းခဲ့ခြင်း ဖြစ်နိုင်ပါသည်။

အချို့သူများမှာ မြေပြင်နှင့်ကောင်းကင်ကြားတွင် သွားလာလှုပ်ရှားနေကြသော်လည်း ကောင်းကင်ကို မော့ကြည့်ခဲ့ကြဖို့ မေ့လျော့နေခဲ့ကြပုံရပါသည်။ သို့မဟုတ် သူတို့၏ဦးခေါင်းများကို မော့ဖို့ရန် အလွန်ဝန်လေးကြောက်လန့်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ သူတို့၏ခြေတံများအောက်တွင် မြက်ပင်များ သန်စွမ်းစွာပေါက်နေကြပါသည်။ ထိုသူတို့၏ ငုံ့ထားသော ဦးခေါင်း များ မြက်ပင်များကို များစွာနှစ်သက်စွဲလမ်းနေပုံရပါသည်။

သူသည် မြေပြန့်၊ ကောင်းကင်၊ ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ သစ်ပင်ပန်းမန်၊ တောတောင်အာလုံးကို ချစ်မြတ်နိုးသူ ဖြစ် ပါသည်။ စားသောက်ရန်အတွက် သက်သက် အသက်ရှင်နေထိုင်ကြသူများရှိသည်ဆိုလျှင် သူများစွာအံ့သြမိပါလိမ့်မည်။ သူ၏ပတ်ဝန်းကျင်တွင် အစဉ်အလာ ဓလေ့ထုံးစံများဟု စာလုံးများရေးထိုးထားသော ၀န်ထုပ်ကြီးများကို တနင့်တပိုးထမ်း၍ သွားလာနေကြသူများစွာကို တွေ့မြင်နေရပါသည်။ သို့သော် ထိုသူများကို ကြည့်ရသည်မှာ ထိုဝန်ထုပ်ကြီးများကို ကျင့်သား ရနေကြသည်ဟု ထင်ရပါသည်။ အချို့မှာ သတို့ထမ်းပို့လာနေသော ၀န်ထုပ်များအတွက်ပင် မာနတက်နေကြဟန်တူပါသည်။ အာကသဟင်းလင်းပြင်နှင့် ကြယ်ကြီးများ၊ ဂြိုဟ်များ၊ အာကာသတွင်းနက်ကြီးများအကြောင်းကို စူးစမ်းလေ့လာ၍ စကြ၀ဠာ၏ အနက်အဓိပ္ပါယ်ဥပဒေသတို့ကို နားလည်ရန်ကြိုးစားနေကြသော သိပ္ပံပညာရှင်များကို သူအလွန်လေးစား ချီး ကျူးပါသည်။ ထိုသူတို့၏ကျောပေါ်တွင် ဟင်းလင်းပြင်ကြည့်မှန်ပြောင်းကြီးများကိုသာ တွေ့ရပါသည်။ ထိုပညာရှင်များထံမှာ သူသည် ကမ္ဘာဂြိုလ်အကြောင်း အတော်အတန်သိရှိခဲ့ပြီး ဖြစ်ပါသည်။ သို့သော် သူတို့သည် လူမှုလောကနှင့် လူတို့၏ ထူးခြား ဆန်းပြားသော စရိုက်လက္ခဏာများ၊ ရှုပ်ထွေးကောက်ကွေ့သော လှုပ်ရှားမှုများကိုမူ သူ့အား သင်ကြားပေးနိုင်စွမ်း မရှိကြပါ။

ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင်ဝိန်းဘတ်ကို မမြင်ဖူးသော်လည်း သူ၏ပြောစကားတခုကိုမူ သူ မှတ်မိနေပါသည်။ “ လူ့ဘ၀အကြောင်း သိချင်ရင်တော့ အိုင်းစတိုင်းနဲ့ ရှိတ်စပီးယားနှစ်ယောက်လုံးကိုမေးရမှာပဲ” ဟု သူက ဆိုခဲ့ပါသည်။ သူသည် ရှိတ်စပီးယား၏ နာမည်ကျော် ပြဇာတ်များကိုဖတ်ဖူးခဲ့သောလည်း မကြည့်ဘူးသေးကြောင်း ၀န်ခံရပါမည်။

၉။
နောက်တနေ့ မနက်ငါးနာရီဆိုသောအချိန်ကို သူမုန်းတီးစက်ဆုပ်ရဦးမည်မှာ သေချာပါသည်။ လူ့လောက၏ အစိုးမရမှု တရားအရဆိုလျှင်မူ သေချာသည်ဟုပြောရန် မဖြစ်နိုင်ပါ။ နောက်တနေ့ မနက်ငါးနာရီမထိုးမီ သူ့မုန်းတီးမှုကိုဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေမှ သူကင်းလွတ်သွားနိုင်ပါသေးသည်။ လူသားဟူသော ဖြစ်တည်မှုနှင့် ရုပ်ပတ်ဝန်းကျင်တခုလုံးမှပင် ရုတ်တရက်အပြီးတိုင်း ကင်းလွတ်လွင့်ပါးသွားနိုင်ပါသည်။ ထိုအချိက်မှာ ငြင်းဖျက်၍ မရနိုင်ကြောင်း သူနားလည်ပြီး ဖြစ်ပါသည်။

သို့သော် သူသည် ချစ်တတ်နေဆဲပင် ဖြစ်ပါသည်။ လူသားအားလုံးကို ချစ်ခြင်းနှင့်အတူ သူ၏ အချစ်ဆုံးလူသားသုံးဦးအားလည်း အခိုင်အမာချစ်နေဆဲ၊ သံယောဇဉ်ကြီးမားနေဆဲဖြစ်ပါသည်။ သူ၏ အချစ်ဆုံးလူသားသုံးဦးရှိနေသည့် ရုပ်ပတ်ဝန်းကျင်သို့ သူရုတ်ချည်းကူးပြောင်းရောက်ရှိသွားမည်ဆိုပါက သူမုန်းတီးစက်ဆုပ်နေသော မနက်ငါးနာရီအောဂင်တီးလုံးနှင့် နာရီထိုးသံ ကို သူနားထောင်ရတော့မည်မဟုတ်ပါ။ သူ၏အချစ်ဆုံး လူသားသုံးဦးရှိရာပတ်ဝန်းကျင်မှ မနက်ငါးနာရီထိုးသံကို သူမုန်းတီး မည်မဟုတ်သည်မှာ အလွန့်အလွန်သေချာလှပါသည်။ မုန်းတီးခြင်းမရှိနိုင်သည့်ပြင် ထိုမနက်ငါးနာရီထိုးသံတို့သည် သူ့အ တွက် အသာယာ အချိုမြိန်ဆုံးသောရသကို ခံစားနိုင်ရန် အချက်ပေးသံစဉ်လေးများပင် ဖြစ်သွားကြပေလိမ့်မည်။

နေ့သည် ခါတိုင်းလိုပင် ကျဲတောက်တောက်အပူရောင်အောက်တွင် ၀ပ်ဆင်းညည်းညူနေပါသည်။ ကောင်းကင်ပြင် သည်လည်း သူနှင့်မလိုက်ဖက်သည့် ဒေါင်လိုက်အစင်းအစင်း အင်္ကျီရှည်ကြီးနှင့် သိက္ခာမဲ့စွာ ပျင်းရိနေပါသည်။ သူ့အနီးတွင် ဟောင်းနွမ်းသော စိုထိုင်းထိုင်းလေစ အနည်းငယ်ရှိနေကြောင်း သတိပြုမိလိုက်ပါသည်။

သေချာသည်မှာ ထိုအရုပ်ဆိုးဆိုးကောင်းကင်ကွက်ကွက်ကို ဖောက်ထွက်ပျံသန်းနိုင်ရန် သူ့တွင် လင်းယုန်တောင်ပံတစုံ လိုအပ်ပါလိမ့်မည်။

(အသက် ၄၀ ပြည့်အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်