လောအယ်စိုး – ဇာသပြင်

August 2, 2015

လောအယ်စိုး – ဇာသပြင်
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၅

ချောင်းရိုးတလျှောက် လှော်ခေတ်နေကြသော လှေငယ်များ။ ‘တဘုံးဘုံး’နှင့် အိုးရိုက်နေသည့်အသံ။ အပြန်အလှန် အော် ဟစ်ပြီး ကလေးငယ်များတို့၏ ညနေခင်းအချိန် ကစားနေကြသည့် မြင်ကွင်းတွေ။ ‘မုန့်လက်ဆောင်း သောက်ကြဦး မလား’ ဆိုသော ရွာကိုလှည့်၍ ဦးခေါင်းပေါ်တွင် ဈေးမုန့်ဗန်းကြီးနှင့် မုန့်သည်။

ကောင်းကင်ပြာပြာကြီးအောက်မှ မီးခိုးငွေ့ တလူလူထွက်နေသော အိုးဖိုကြီးများ။ ရင်ထဲမှ တမ်းတခြင်းများအပြင်၊ လွမ်းမော ခွင့်ပေးပါ ‘ဇာသပြင်’။ မွန်ဘာသာလား၊ ဗမာစကားမှ ဆင်းသက်လာသည်ပဲလား၊ ‘ဇာသပြင်’ ဆိုသည့်အဓိပ္ပါယ်ကို ယနေ့ တိုင် ကျွန်တော်မသိခဲ့ပါ။ လသားအရွယ်မှ အသက် ဆယ်နှစ်ကျော်သည်အထိ ကျွန်တော်ရှင်သန်ကြီးပြင်းခဲ့သောရွာသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ဇာသပြင်ဆိုသောရွာ ဖြစ်သည်။

ဂျိုင်းမြစ်နှင့် ဇာသပြင်ချောင်းရိုးတို့သည် ကျွန်တော်၏ ဇာသပြင်ရွာသို့ဖြတ်သန်း၍ စီးဆင်းသွားသည်။ ဗမာလူမျိုး အများစု တို့က ရွာ၏အရှေ့ဘက်ကမ်းတွင် နေထိုင်ပြီး၊ မွန်လူမျိုးနှင့် အိန္ဒိယအနွယ်ဝင်လူမျိုးများက အနောက်ဘက်ကမ်းတွင် နေထိုင် ကြသည်။ အရှေ့ဘက်ကမ်းတွင်လည်း မွန်လူမျိုးနှင့် အိန္ဒိယအနွယ်ဝင်လူမျိုးများ ရောနှောကာနေထိုင်ကြသည်။

ဝန်ထမ်းဖြစ်သူ မိခင်၏သားဖြစ်သော ကျွန်တော်သည်လည်း မြစ်ရိုး ချောင်းရိုးတလျှောက်ရှိ သစ်ပင်များကဲ့သို့ ကျန်းမာ ရေးဆရာမ မိခင်ဖြစ်သူ ရွှေ့ပြောင်းရသောဒေသ၊ ကျေးရွာအသီးသီးသို့ လိုက်ပါရသည်။ ရွေးချယ်စရာမရှိ။ မိဘနှစ်ပါးတို့သည်ကြုံတွေ့ရင်ဆိုင်ရသော ရုန်းကန်မှုများကြားမှ သားသုံးဦးဖြစ်သော ကျွန်တော်တို့ ညီအစ်ကိုများအား ကြိုးစား၍ နှစ်ပတ် တခါ၊ သို့မဟုတ် တလလျှင် တကြိမ်လောက်မော်လမြိုင်မြို့ရှိ ခရစ်ယာန်ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းသို့ပို့ကာ တနင်္ဂ နွေ ဘုရားဝတ်ပြုခြင်း၊ သမ္မာကျမ်းစာ သင်ကြားခံရန်အလို့ငှာ ဂျိုင်းမြစ်ရိုးပေါ်တွင် စုန်ဆန် ခုတ်မောင်းသော မော်တော်ဘုတ်ကို စီးပြီး ခရီးပြုတတ်သည်။

ကျွန်တော့်အတွက် ထိုစဉ်က မော်လမြိုင်မြို့သည် ကမ္ဘာပေါ်တွင် အကြီးမားအစည်ကားဆုံး မြို့တမြို့ပမာပင် ထင်မှတ်ခဲ့ သည်။ ရုပ်ရှင်ရုံကြီးများ၊ မြို့ကိုပတ်၍ခရီးသည်များကိုတင်ကာ သွားနေကြသည့် ဘတ်စ်ကားကြီးများ။ တခါ ‘မင်းမင်းစာပေ’။ မော်လမြိုင် သင်္ဘောဆိပ်ခံ အနီးတဝိုက်တွင် မုတ္တမဘက်သို့ ကူးကြမည့် ကိုးရိုးကားယားနိုင်လွန်းလှသော ကိုယ်ခန္ဓာကို အ ဝတ် ပိတ်စကြီးများဖြင့် စည်းနှောင်ထားကြသည့် မှောင်ခိုရောင်းဝယ်ရေးပြုသူများ။ သူတို့တတွေကတော့ ဝမ်းစာရေးမောဟ များဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပုံမရ။

‘ပါးပါ — ဟိုမှာ တကိုယ်လုံး အဝတ်တွေပတ်ထားတာ ဘာကြောင့်လဲ’ ဟု ကျွန်တော်က ဖခင်ဖြစ်သူကို မေးမိသောအခါ
‘ရှာဖွေရေးတွေ၊ ကပ်စတမ် (Custom) တွေ မဖမ်းရအောင်ပေါ့ ငါ့သားရယ်’ဟု ဖခင်က ပြုံး၍ ကျွန်တော့်ကိုဖြေ၏။

ခြသေ့င်္တံဆိပ်ကို အင်္ကျီလက်မောင်းပေါ်တွင် ကပ်၍တပ်ဆင်ထားသည့် ‘အကောက်ခွန်’ ဆိုသော ‘ကပ်စတမ်များ’ ကို ငယ်စဉ်က ကျွန်တော် အလွန်မုန်းတီးရွံရှာသည်။ ကျွန်တော်တို့ ခရီးပြုစီးသော ဇာသပြင်ကျေးရွာနှင့် မော်လမြိုင်မြို့သို့ ပြေးဆွဲသော မော်တော်ဘုတ်များတို့ကို ထိုစဉ်က တင်းမာခက်ထန်သည့် မျက်နှာထား၊မောင်းပြန်သေနတ်များ လွယ်ထား သော ခြသေ့င်္တံဆိပ်လက်မောင်းပေါ်တွင် ကပ်ထားသည့် လူစု။ တခါတရံ အမျိုးသမီးများပင် ပါသေးသည်။ ထိုအမျိုး သမီးကြီးများက လက်နက်ကိုင်ထားသည်လား၊ ခါးတွင် ချိတ်ထားသည်လား ကျွန်တော်မမှတ်မိတော့။

ဂျိုင်းမြစ်ပြင်လယ်တွင် ခရီးသည်တို့၏ မော်တော်ဘုတ်များကို တားသည်။ပြီးတော့ ၎င်းတို့၏ စွမ်းအားမြင့်သော အင်ဂျင် ကြီးများတပ်ထားသည့် ရေယာဉ်အသေးစားပေါ်မှ ကျွန်တော်တို့ မော်တော်ပေါ်သို့တက်လာပြီး ခရီးသည်တို့၏ အကြီး အ သေးသောအိတ်များတို့ကို မွှေနှောက် စစ်ဆေးသည်။ အစည်းလိုက်သော ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အမျိုးသမီးဝတ် ထမီများ၊ ရောင်စုံ ရှပ်အင်္ကျီများ၊ စတီးချိုင့်များတို့ကို သိမ်းဆည်းယူဆောင်သွားတတ်ကြသည်။ မျက်ရည်လည်ရွှဲနှင့် အမျိုး သားကြီး၊ အမျိုးသမီး ကြီးငယ် ပစ္စည်းပိုင်ရှင်များ၏ မျက်နှာများကို ယနေ့တိုင် ကျွန်တော်မမေ့ပါ။
‘ပါးပါ၊ သူတို့တတွေ ဘာကြောင့် အဲဒီပစ္စည်းတွေကို လုယူသွားရတာလဲ’ ဝမ်းနည်းသောလေသံဖြင့် ကျွန်တော်က မေးသော အခါ –
‘အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းလို့ထင်ရင် ဒီကပ်စတမ်တွေက သိမ်းတာပဲ။ ငါ့သားရယ် သူတို့ကို အစိုးရက ခိုင်းတာပေါ့’

ကျွန်တော်၏ မိဘနှစ်ပါးနှင့် ညီငယ်နှစ်ဦးကလည်း ထိုမြင်ကွင်းတို့ကို စိတ်မကောင်းခြင်းများစွာဖြင့် မြင်ခဲ့ရသည်။

‘ပါးပါ သူတို့က အစိုးရဝန်ထမ်းဆိုပြီး ဘာကြောင့် ဓားပြအလုပ်လုပ်တာလဲ’ ဟု ကျွန်တော်က စောဒကတက်မိသောအခါ ဖခင်ကြီးသည် တွေဝေခြင်းများစွာနှင့် ဂျိုင်းမြစ်ရေပြင်ကြီးကိုသာ ငေး၍ ကြည့်နေတော့သည်။

ထိုလက်နက်ကိုင် ကပ်စတမ်များမှ ပစ္စည်းများသိမ်းဆည်း၍ မော်တော်ပေါ်မှဆင်းသွားကြသောအခါ ခရီးသည်များထဲမှ ငိုသူ က ငို၊ ကျိန်ဆဲသောသူက ကျိန်ဆဲနှင့်အေးမြသော မြစ်ပြင်ပေါ်ဝယ် ကျွန်တော်တို့စီးလာသော မော်တော်ဘုတ်ကြီး ဗလောင် ဆူကာ သောကမီးတို့ဖြင့် ပွက်ပွက်လောင်နေတော့သည်။

ရှစ်နှစ်သားအရွယ်ဖြစ်သော ထိုစဉ်က ကျွန်တော်သည် ‘အစိုးရက ဘာလို့ ဒီဓားပြတွေကို အလုပ်ပေးထားပြီး လက်နက်တွေ အပ်ထားသလဲ’ ဟု တွေးမိခဲ့သည်။

မှတ်မိသလောက်တော့ ကျွန်တော့်ဖခင်အပါအဝင် ဇာသပြင်ကျေးရွာမှ လူထုအတော်များများ ထိုင်းနိုင်ငံမှ ပစ္စည်းများကို မော်လမြိုင်မြို့သို့ ရောင်းဝယ်ကြသည့်မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အရင်းအနှီးမရှိသောသူများက ထိုင်းမြန်မာနယ် စပ်မှ ဇာသပြင်ကျေးရွာအနီးအထိ မှောင်ခိုပစ္စည်းများကို ထမ်း၍၊ အထမ်းသမားဘဝဖြင့်ရုန်းကန်ကာ မိသားစု၏ဝမ်းရေးများကို ဖြေရှင်းကြသည်။ ကပ်စတမ်တို့၏ရန်အပြင်ပစ္စည်းသယ်ရာ လမ်းတလျှောက် အစိုးရစစ်ကြောင်းမှပေးသော ဘေးဒုက္ခ၊ ဓား ပြတို့၏ ရန်စွယ်အသီးသီးတို့ကလည်း တမျိုးနှင့်တမျိုး မရိုးနိုင်အောင် လူးလှိမ့်ကာဖြင့် ခံကြရရှာသည်။

‘ငါ့သားရေ၊ ပါးပါ ဒီတခေါက် အဆင်ပြေရင် မိသားစုအတွက် အိမ်တလုံးမော်လမြိုင်မှာ ဝယ်မယ်’မိခင်ကြီးနှင့် ကျွန်တော်တို့ ညီအစ်ကို သုံးဦး၊ ဒေသအခေါ် ‘တောင်ပေါ်တက်’ဆိုသည့် ထိုင်းမြန်မာနယ်စပ်သို့ မှောင်ခိုရောင်းဝယ်မှုခရီးမပြုမီ ပြောသောစကားကြောင့်မိသားစု၏ အနာဂတ် အိပ်မက်နန်းတော်ကြီးသည် ဟီးဟီးထ၍ နေပေသည်။မော်လမြိုင်မြို့ပေါ်တွင် အိမ်ဝယ်ဖြစ်ပါက ကျွန်တော်တို့ ညီအစ်ကို သုံးဦးမြို့ကြီးသားတွေ ဖြစ်ပေတော့မည်။ မြို့ပတ် ဘတ်စ်ကားကြီးတွေ စီးမည်။ တပတ်တခါ နန်းတော်ရုံ အပါအဝင် အခြားသော ရုပ်ရှင်ရုံကြီးများ၌ နိုင်ငံခြားရုပ်ရှင်ကားများကြည့်မည်။ မော်လမြိုင်ရွှေမြို့တော်သားကြီးများနှင့် ပုခုံးချင်း ယှဉ်ပြီး လွယ်အိတ်တွေကိုယ်စီလွယ်ကာ ညီအစ်ကို သုံးဦး မော်လမြိုင်မြို့၏ ကျောင်းတွင် ပညာသင်ခွင့် ရပေတော့မည်။

စိတ်ကူးအိပ်မက်ထဲ ကျွန်တော်တို့ မိသားစု၏ အနာဂတ်သည် ဝင်းဝင်းတောက်နေ၏။ ‘ငါ့အဖေ ငွေလေး ပိုရင် ငါတို့ ညီအစ်ကိုတွေအတွက် စက်ဘီး တစီးစီတောင်ဝယ်ပေးမလား’ ဟူသောအတွေးက အဆစ်ပါလိုက်သေးသည်။

‘အို မော်လမြိုင် ရွှေမြို့တော်ကြီး၊ မကြာမမြင့်မီကာလအတွင်း ကျွန်တော်တို့မိသားစု မြို့ကြီးသားများအဖြစ် ဇာသပြင်ကျေးရွာမှ ပြောင်းရွှေ့လာတော့မည် ဖြစ်ပါသဖြင့်၊ ဝမ်းပန်းတသာ ကြိုဆိုမှုကို ပြုရန် အသင့်ပြင်ထားပါလော့’။ စိတ်ကူးထဲမှကြိုတင်ကာ အကြိမ်ကြိမ်ြေ<ွကးကြော်ပါတော့သည်။

ဖခင်ကြီး ခရီးထွက်သွားသည့်နေ့မှ ရက်ပေါင်း နှစ်ဆယ်နီးပါးခန့် ရှိမည်ထင်သည်။ မူလတန်းကျောင်းသားဖြစ်သည့် ကျွန် တော်နှင့် အထက်အောက် ညီငယ်နှင့်အိမ်ရှေ့မြေပြင် တလင်းထဲတွင် ဆော့ကစားနေကြသည်။

အမျိုးသမီးကျန်းမာရေးဆရာမဝတ်စုံဖြစ်သော အဖြူရောင် ရင်ဖုံးအင်္ကျီနှင့် ထမီနက်ပြာရောင်ကိုဝတ်ထားသော မိခင်ကြီး အိမ်သို့ဦးတည်ကာ လမ်းလျှောက်လာသည်။အိမ်နှင့် မျက်စောင်းထိုး ချောင်းငယ်လေးကို ဖြတ်၍ဆောက်ထားသည့် သစ် သားတံတားငယ်လေးပေါ် တလှမ်းချင်းလျှောက်လာသည်။ မျက်နှာလည်း မကောင်း။
‘ပါးပါး ပြန်လာပြီ’ ဟု ညီအစ်ကို သုံးဦးသား ပြေး၍အော်ကာ မိခင်ကြီး၏နံဘေးတွင် လမ်းလျှောက်လာသည့် ဖခင်ကြီးကိုလည်း အံ့သြဝမ်းသာခြင်း များစွာနှင့်ကျွန်တော်တို့ တွေ့လိုက်သည်။

ထိုင်းနိုင်ငံလုပ် စပို့ရှပ် လက်တို၊ အဖြူရောင်သန်းနေသောအင်္ကျီကို ဖခင်ကြီးဆင်မြန်းထားသည်။ ပုဆိုးကလည်း တိုတို ဝတ် ထားသည်။ ကြေကွဲဝမ်းနည်းနေသောမျက်နှာနှင့်။ သူ ကျောပိုးလွယ်နေကျ ကျောပိုးအိတ်ပင် မပါတော့။ ပြေး၍ဖက်သော  သားငယ်သုံးဦးကိုကြည့်၍ ကျွန်တော့်ဖခင်ကြီး ဝမ်းနည်းသောအသံဖြင့် ‘အေး ပါးပါပြန်လာပြီ ငါ့သားတို့’။ မိခင်နှင့် ဖခင်တို့နောက်တွင် ထိုင်းနယ်စပ်သို့ ဖခင်ကြီးနှင့်အတူ ပစ္စည်းများသယ်ပိုးပေးရန် လိုက်သွားကြသည့် ရွာမှအထမ်းသမား နှစ်ဦး။ သူတို့တတွေလည်း မျက်နှာမကောင်းကြ။ ဘာတွေဖြစ်ကုန်ကြပြီလဲဆိုသောမေးခွန်းတွေ ကျွန်တော့်အတွေးထဲ ဝင် လာပါတော့သည်။

အိမ်ပေါ်သို့ ကျွန်တော်တို့မိသားစုတွေ အတူတက်ခဲ့ကြသည်။ မိခင်ကြီးက ဖခင်ဘေးတွင်ထိုင်လျက်၊ ကျွန်တော်တို့ ညီအစ် ကိုနှစ်ဦးကလည်း မိဘနှစ်ပါး၏ အရှေ့တွင်ထိုင်မိကြသည်။ ညီအငယ်ဆုံးက မိခင်ကြီး၏ ပေါင်ပေါ်တွင်။

‘ရွာကိုမရောက်ခင်လေးမှာပဲ အစိုးရစစ်ကြောင်းနဲ့တိုးတော့ ပစ္စည်းတွေအားလုံး အဲဒီဗိုလ်ကြီးက သိမ်းလိုက်တယ်။ လူကို တောင် ထိပ်တုံးခတ်ပြီး တညချုပ်ထားလိုက်တယ်’

ဝမ်းနည်းသော မျက်နှာဖြင့် မိခင်ကြီးသည် ကျွန်တော်တို့ ညီအစ်ကိုများနှင့်ဖခင်ကြီးကို တလှည့်စီ ကြည့်၍နေသည်။

‘ငါ့သားတို့အတွက် ဝယ်လာတဲ့မုန့်တွေတောင် သူတို့ အားလုံးသိမ်းပြီး၊ အဲဒီညမှာပဲ ဖောက်စားလိုက်တာ အဖေမြင်တော့ စိတ်မကောင်းဘူး သား’

ဖခင်ကြီး၏ ဝမ်းနည်းကြေကွဲနေသည့်အတိုင်းအဆကို ယခု ဖခင်ဘဝရောက်ပြီဖြစ်သော ကျွန်တော်မှန်းဆနိုင်ပါသည်။ ထပ် တူထပ်မျှ ခံစားရပါသည်။

ထိုစဉ်အချိန်က မှာထားသော ကစားစရာအရုပ်များ၊ သကြားလုံးနှင့် မုန့်များမပါလာတော့ပါလား ဆိုသော ခံစားမှုများက ကျွန်တော့်အပေါ် စိတ်မကောင်းခြင်း ခံစားမှုကသာ လွှမ်းမိုး၍နေသည်။ ပြီးတော့ တဖန်၊ ဒီတခေါက် သူတို့သိမ်းလိုက်တာ စုစုပေါင်း ကျပ်ငွေ တသိန်းခွဲဖိုးလောက်ရှိတယ်။ ၁၉၇၈ ခုနှစ်ကာလ နေ့ရက်များတွင် မြန်မာကျပ်ငွေတသိန်းခွဲသည် နည်းမည်မထင်ပါ။ မော်လမြိုင်မြို့တွင် အိမ်ဝယ်၍ မိ သားစုဘဝ မြို့ကြီးသားများအဖြစ် အခြေချတော့မည်ဆိုသော အိပ်မက် တို့သည် တစစီ၊ တစစီ ကြွေလွင့်ပျက်သုဉ်းခဲ့ပါပြီ။

အစိုးရစစ်တပ်မှ အဖေ့ပစ္စည်းများကိုသိမ်းဆည်းလိုက်သော ဗိုလ်ကြီး၏အမည်ကို ယနေ့တိုင် ကျွန်တော်မှတ်မိနေဆဲ။ အ လယ်တန်းကျောင်းသားဘဝထိ ထိုအစိုးရစစ်ကြောင်း၏ ‘ဗိုလ်ကြီး သိန်းဟန်’ ဆိုသောအမည်ကို ဖခင်ကြီးနှင့် မိခင်တို့က တခါတရံ စကားစပ်မိတိုင်း ပြောနေသံကို ကျွန်တော်ကြားရသည်။

ကျွန်တော် အဆိုပါ ဗိုလ်ကြီး၏အမည်ကိုလည်း မမှတ်မိချင်တော့ပါ။ ကျွန်တော်တို့မိသားစု၏ အိပ်မက်အနာဂတ်ကို ဖျက်ဆီး ခဲ့သူတဦးဟု ရင်ထဲမှ ခါးသည်းစွာနာကြည်းမိခဲ့သည်။ တခါ ‘အေးလေ၊ သူလည်း သူ့တာဝန်ကို သူထမ်းဆောင်တာဖြစ်မှာ ပဲလေဟု မိမိကိုယ်ကို ဖြေသိမ့်မိပြန်သည်။

ပြီးတော့ ‘ဒီဗိုလ်ကြီးလည်း ကပ်စတမ်တွေလိုပဲ။ အစိုးရဆီက သေနတ်ကိုင်ခွင့်ရထားပြီး ဓားပြတိုက်တဲ့လူ’ ဟူ၍ တမျိုးတွေး မိပြန်သေးသည်။ ထိုအချိန်မှစတင်ပြီး ဖခင်၏ မှောင်ခိုကုန်သည်ဘဝ နိဂုံးချုပ်ကာ ပြည်ဖုံးကားချသွားပါတော့သည်။

ပွင့်လင်းရာသီတွင် ကျင်းပသော ဘာသာရေးပွဲတော်များကို မှတ်မိပါသေးသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီဒေသများအထိ နာမည်ကြီး ထင်ရှားသောဇာတ်မင်းသားကြီး ‘အုန်းမုတ်စိန်’ သည် ကျွန်တော်တို့ ဇာသပြင်ရွာသားကြီး ဖြစ်သည်။ ‘အဲဒါ ဦးအုန်းမုတ်စိန်ရဲ့ အမေပေါ့’ ဟူ၍ တခါတရံ အမေ့ဆီလာပြီး ကိုယ်ပူ၊ ချောင်းဆိုး၊ အားဆေးထိုးရန် ရောက်လာတတ်သည့် အမေအိုကြီးကို မိခင်ကပြုံး၍ ကျွန်တော့်ကို မိတ်ဆက်ပေး ခဲ့ဖူးသည်။

‘သူက ငယ်ငယ်ကတည်းက ဇာတ်မင်းသား အရမ်းဖြစ်ချင်တာ။ အုန်းမုတ်ခွက်တွေကို ဆိုင်းဝိုင်းကြီးအမှတ်နဲ့ တီးပြီး ကလေး ဘဝ အမြဲတမ်းကစားတယ်လေ။ ဇာတ်မင်းသားရူးပေါ့။ ကြီးလာတော့ တကယ်ပဲ ဇာတ်မင်းသားဖြစ်အောင် သူ ကြိုးစားတယ်’ ဟုဆိုကာ ဦးအုန်းမုတ်စိန်၏ ငယ်စဉ်က ပြင်းထန်ပြီး တခုတည်းသောရည်ရွယ်ထားရာကို တစိုက်မတ်မတ် ကြိုးစားခဲ့သည့် သူ၏ဘဝခရီးသည် ကျွန်တော့်အတွက် အတုယူစရာ၊ အားကျစရာ ဖြစ်ခဲ့သည်။

တခါတရံ မိုးတွင်းကာလ သဘင်သည်များ ဇာတ်နားသည့်အချိန်တွင် ပုဆိုးကို လက်ဖြင့်ပင့်ကာ ရွာထဲ လမ်းလျှောက်နေသော ဦးအုန်းမုတ်စိန်ကို ငယ်စဉ်ကကျွန်တော်မြင်တိုင်း၊‘ဟေး ဦးအုန်းမုတ်စိန်’ ဟူ၍ နှုတ်ဆက်စမြဲ။ သူကလည်း ပြုံး၍ ကျွန်တော့်ကို အသိအမှတ်ပြုစမြဲ။

‘သြော် မင်းက ဆရာမ သားလား’ ဟူ၍။

‘အုန်းမုတ်စိန် ဇာတ်သဘင်’ ကြော်ငြာ ပိုစတာကြီးကို ဝါးထရံ နံရံတွင် ကပ်ကာဆံပင်ညှပ်ဆိုင် ဖွင့်ထားသော ဦးအုန်းမုတ်စိန်၏ ညီဖြစ်သူ ဆိုင်တွင် ကျွန်တော် တခါတရံ ဆံပင်ညှပ်ဖြစ်သည်။ ဇာတ်မင်းသား၏ခေါင်းပေါင်းကို ဦးထိပ်တွင် ဆင်မြန်းထားပြီး သဘင်သည်ဝတ်စုံကြီးနှင့် မင်းသားအုန်းမုတ်စိန်က အမြဲတမ်း ကျွန်တော် သူ၏ညီဖြစ်သူထံ ဆံပင်ညှပ်တိုင်း ပြုံးကာ ပြနေ သယောင်။ ဦးအုန်းမုတ်စိန်ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၏မြို့တော် ဘားအံတွင် ‘အုန်းမုတ်စိန်’ ဆိုသော လမ်း ရှိသည်။

သူကား ဇာသပြင်ရွာမှ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာသော သဘင်အနုပညာရှင် တဦးဖြစ်ပါသည်။ လေးစားအားကျပါ၏။ နှစ်စဉ် ဝါလကင်းလွတ်ပြီး သီတင်းကျွတ်လအခါသမယနှင့် နွေနှောင်းကာလအထိ ဇာသပြင်ကျေးရွာတွင် မြို့မှ ဇာတ်သ ဘင်ကြီးများတို့ကို ငှားရမ်းလေ့ရှိသည်။ထို့အတူ ဇာသပြင်ရွာမှ အနုပညာ ပါရမီအခံရှိသူတို့၏ တေးသရုပ်ဖော် စင်တင်ဇာတ် ကလည်း အခါသင့်သလို ကျင်းပလေ့ရှိသည်။ ယခုအချိန်တွင် ထို တေးသရုပ်ဖော်ဇာတ်များ ရှိတော့မည်မထင်ပါ။

‘ရဲဘော် မောင်တူး’’ “ရှိပါတယ် ဗိုလ်မှူး’ ဆိုသည့် ပျဉ်းမငုတ်တို ဇာတ်လမ်းကြီးသည် ကျွန်တော်တို့ ကလေးများ၏ အသည်းစွဲ ဖြစ်ခဲ့သည်။ဆော့ကစားစဉ် ‘စစ်သားကြီး လုပ်မယ်၊ စစ်သားကြီး လုပ်မယ်’ ဆိုသောပျဉ်းမငုတ်တို စတီရီယိုဇာတ်လမ်းမှ သီချင်းလေးသည် ယခုအချိန်တွင် မွေးဖွားကြီးပြင်းလာခဲ့သော မျိုးဆက်သစ်များအတွက် လှောင်ပြောင်စရာ ဘဝင်မကျတော့ သည့် ဇာတ်ဝင်ခန်း ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ သို့သော် ထိုစဉ်က ကျွန်တော်တို့အတွက် အတူး၏ ‘စစ်သားကြီး လုပ် မယ်’ ဆိုသော သီချင်း၏စာသားကို နှလုံးသားမှ လှိုက်လှဲထက်သန်ခြင်းများစွာဖြင့် ငယ်ပေါင်းသူငယ်ချင်းများနဲ့အတူ သီဆို ခဲ့ကြသည်။ ယခု ကျွန်တော်၏ ရဲဘော် မောင်တူးများတို့သည်လည်း အသီးသီး လောကဓံ စစ်မြေပြင်ကြီးတွင်တိုက်ပွဲဝင်နေကြပေပြီ။

ထိုခံယူချက်သည် ကျွန်တော် အထက်တန်းကျောင်းသားဘဝ ရောက်သည်အထိ လေးနက်စွာ စွဲလန်းခဲ့သည်။ နောင်မှ ‘ငါ အစိုးရဘက်မှာ စစ်သားကြီးများလုပ်ခဲ့ရင် ငါ့ကရင်လူမျိုးကိုပဲ ပြန်ပြီး သတ်ရတဲ့အလုပ်ကို လုပ်ရတော့မှာပေါ့’ စဉ်းစားကာ တွေးမိခဲ့သည်။

ကျွန်တော်၏နှလုံးသားတို့ ဆယ်ကျော်သက်ရွယ်ကာလအထိ စွဲလန်းကာနေရာယူခဲ့သော ‘ပျဉ်းမငုတ်တို’ ကက်ဆက် စတီရီ ယိုဇာတ်လမ်းမှ ရဲဘော် မောင်တူးကို ယနေ့တိုင် ကျွန်တော်မမေ့နိုင်သေးကြောင်း ဝန်ခံပါရစေ။
နံနက်ခင်းစောစောနှင့် ညဦးယံစောစောပိုင်းအထိ လူများ၊ သတင်းများ အစုံလင်ဆုံးနေရာသည် ဇာသပြင် တံတားကြီးအနီး တဝိုက် ဖြစ်သည်။ ခြူသံလေး တလွင်လွင်နှင့် မကြူး၏ ကြံရည်ဆိုင်။ ကျွန်တော်တို့ ကလေးများနှစ်သက်စွာ စားသုံးသော ရေခဲထုပ်လည်း ရပါ၏။ နံပြားရသော ဦးဒန်ဘီ၏ လက်ဖက်ရည်ဆိုင်။ ရွာတွင် တေးသရုပ်ဖော် ဇာတ်ပွဲကတိုင်း ထူးထူးခြားခြား အိန္ဒိယစုံတွဲအကဖြင့် တင်ဆက်တတ်သော အိန္ဒိယအမျိုးသား ‘အနဲပု’ တို့ ညီအစ်ကိုနှစ်ဦး ပိုင်ဆိုင်သည့်ကွမ်းယာဆိုင်။ အနဲပုတို့ ညီအစ်ကို နှစ်ဦးစလုံးသည် တမူထူးကာ သာမန်လူများထက်အရပ်ပုသည်။

အနဲပုသည် ခေါင်းကလေးတရမ်းရမ်းနှင့် စကားကို သွက်လက်စွာပြောလေ့ရှိသည်။ ဖာလာနံ့လေး တသင်းသင်းနှင့် အနဲပု၏ ဆိုင်တွင် ကွမ်းယာဝယ်စားကြသူ အလွန်များသည်။

အိန္ဒိယမှ တမီလ်လူမျိုးအနွယ်များ၏ ‘လေး လေး လေး လေး’ ဟု သံပြိုင်ဆိုပြီး မီးနင်းပွဲမစမီ သားရေပြား စည်းထားသော ဗုံပြတ်လေး၏ သံစဉ်ကလည်း ထိုကာလအတွင်း မြိုင်၍နေသည်။ ထိုစဉ်အချိန်က ကျွန်တော်၏ ဇာသပြင်ရွာလေးသည် လူမျိုးရေး၊ ဘာသာရေး အာဃာတ အမှောင့်ပယောဂများ မဖုံးလွှမ်းခဲ့ပါ။‘ငါတို့တတွေသည် အမိဇာသပြင်ရွာမှ သားသမီးများ ဖြစ်ကြသည်’ ဆိုသောအပြန်အလှန် လေးစားချစ်ခင်မှု ရှိပါသည်။ ထိုမြင့်မြတ်ကာ လူသားဆန်လှသည့်စိတ်ထား ဆက်လက် ရှင်သန်နိုင်ပါစေဟု ကျွန်တော်ဆုတောင်းမိသည်။

လူသတ္တဝါ စုပေါင်းနေထိုင်ရာ မည်သည့်ဒေသတွင်မဆို ပြဿနာ၊ ပဋိပက္ခ၊ စိတ်အနှောင့်အယှက်ဖြစ်စရာများ ရှိမည် ဆို သည်ကိုတော့ မည်သူတဦးတယောက်မျှငြင်းဆန်၍မရပါ။

အိမ်နီးနားချင်း နားလည်မှုမှားကာ ရန်ပွဲ၊ လောကီသားတို့၏ စရိုက်သဘာဝအတိုင်း တွေ့ကြုံရသော နေ့စဉ် စိမ်ခေါ်မှု၊ လူမှုပြ ဿနာ အခက်အခဲတွေကိုတော့ ဇာသပြင်ကျေးရွာသားတို့လည်း ကြုံတွေ့ရင်ဆိုင်ရပါသည်။ လူ့ဘုံဇာတ်၏ တခန်းချင်း ပြောင်းသွားသည့် လူမှုဇာတ်ကွက်များပင် မဟုတ်ပါလော။

သင်္ကြန်ကာလရောက်တိုင်း အဖွဲ့လိုက် ညပိုင်း အိုးမည်းသုတ်၊ တိုင်တွင် ကြိုးဖြင့် ချည်ထားပြီး ခါကျဉ်နီကောင် ကိုက်စေခြင်း စသော တဦးနှင့်တဦး ကျီစယ်မှုများကလည်း ကလေးအရွယ် ကျွန်တော်တို့အဖို့ တခါတရံတော့ စိတ်ချောက်ချားစရာမြင် ကွင်းများ ဖြစ်ခဲ့ကြသည်။

ဇာသပြင်ချောင်းရိုးအတိုင်း ဘယ်ကမျော၍လာသည် မသိသော လူသေအလောင်းများကိုလည်း တွေ့ရတတ်သေးသည်။
‘ဦးကုလားကိုင်တဲ့ သေနတ်က မီးသေနတ်လို့ ခေါ်တယ်’ ကစားဖော် စန်းမြင့်က ဆိုသည်။ ထိုစဉ်က ကျွန်တော်တို့တတွေသည် ခုနစ်နှစ်ကျော်ကျော် ရှစ်နှစ်အရွယ်မျှသာ ရှိပေသေးသည်။ M 16 မောင်းပြန်သေနတ်ကို အစဉ်လွယ်၍ ရွာထဲတွင် တွေ့ရတတ်သောမုတ်ဆိတ်မွေးကြီးနှင့် ဦးကုလားသည် အိန္ဒိယလူမျိုးတဦးမဟုတ်ပါ။ အသားက အနည်းငယ်ညိုသည်။ သူ၏မိဘဘိုး ဘွားတို့တွင် အိန္ဒိယအနွယ်ဝင်အချို့ ပါကောင်းပါတန်ရာသည်။ ဇာသပြင် အရှေ့ဘက်ကမ်းတွင် သူက ပြည်သူ့စစ်တာဝန်ကို ယူထားသူတဦး။ ဘုရားပွဲတော်တခုကျင်းပတိုင်း ဆယ်ကျော်သက်အရွယ် ဦးကုလား၏သားဖြစ်သူ ကိုမောင်ချိုက ဖခင်၏ ခွင့်ပြုချက်အရ တနှစ်လျှင် တကြိမ်ခန့် ထိုမီးသေနတ်ဆိုသော M 16 မောင်းပြန်ကို ဘုရားပွဲတော်လှည့်နေစဉ်အတွင်း ကျွန် တော်တို့ ကလေးများဝိုင်းအုံပြီးကြည့်ရှုခြင်းခံရကာ မာန်ပါပါဖြင့် မီးသေနတ်ကို မိုးပေါ်ထောင်၍ ငါးကြိမ်သို့မဟုတ် ဆယ်ကြိမ် ခန့် ပစ်ခတ်ခွင့်ရသည်။ ကျွန်တော်တို့ကလေးများက စိတ်ဝင်တစားဖြစ်နေသလို ကိုမောင်ချိုကလည်း မီးသေနတ်ကြီးကို ခလုတ်တချက်နှိပ်တိုင်းမာန်က တဝင့်ဝင့်။

ဦးကုလားတို့သားအဖနှစ်ဦးစလုံး ရွာလယ်တွင် ဆံပင်ညှပ်ဆိုင် ဖွင့်ထားသည်။ အစဉ် ခပ်တည်တည် မျက်နှာပေးရှိသော ဦးကုလားကို ကျွန်တော်ကရှိန်ပေမယ့် ကိုမောင်ချိုနှင့် ဆံပင်ညှပ်တိုင်း စကားတွေအများကြီးပြောဖြစ်စမြဲ။ သူက ‘ငါက ဆံ ပင်ညှပ်ရတာ ပျော်တယ်ကွာ။ ကပ်ကြေးသံလေးက တော်တော်နားထောင်လို့ကောင်းတယ်မဟုတ်လား’ ဟူ၍။

‘ဟုတ်တာပေါ့ ကိုမောင်ချိုရယ်’ ဆိုပြီး မြန်မြန်ပြီးပါစေတော့ဟုသာ စိတ်ထဲကတွေးမိသည်။ ဆံစများနှင့် ကျွန်တော်လည်း ယား၍နေပေပြီ။ သူက ကျွန်တော်တို့၏ကလေးဗိုလ်တဦးပင်။
ဦးကုလားရော၊ ကိုမောင်ချိုပါ ယနေ့အချိန်တွင် ဇာသပြင်ကျေးရွာ၌ ရှိကောင်းမှ ရှိနေနိုင်ပေလိမ့်မည်။ ဇာသပြင်ချောင်းရိုးလေး မပြတ်စီးဆင်းနေသကဲ့သို့ ဇာသပြင်မှကျေးရွာသူကျေးရွာသားများတို့၏ ဘဝတို့သည်လည်း နိမ့်တခါ မြင့်တလှည့်ဖြင့် လောကမြစ်ချောင်း ပင်လယ်အသီးသီး၊ ရေကြည်ရာ မြက်နုရာအရပ်များသို့ ဘဝရှင်သန်မှုများအတွက် စီးဆင်းနေရကြပေ လိမ့်မည်။

မော်လမြိုင် သို့မဟုတ် ဘားအံမြို့တို့မှ အစိုးရခန့်အပ်သော ကျောင်းဆရာသို့မဟုတ် ကျောင်းဆရာမတို့ အသစ်ရောက် လာတိုင်း ကျွန်တော်တို့တတွေ ရင်ခုန်ကြည်နူးခြင်းများဖြင့် ကြိုဆိုတတ်သည်။ ကျွန်တော့်ဘဝတွင် အာစရိယဖြစ်သော ဆရာဆရာမများတို့၏ ကျေးဇူးများကို ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ပေ။ မူလတန်းကျောင်းသားဖြစ်သည့် ကျွန်တော့် ကို ပထမတန်းမှ တတိယတန်းအထိ တာဝန်ယူသင်ကြားပေးရသည့် အတန်းပိုင်ဆရာမ ဒေါ်ခင်စောသည် မော်လမြိုင်မြို့ ဇာတိဖြစ်သည်။ နုပျိုလန်းဆန်းသော နှစ်ဆယ်ကျော်အရွယ် ဆရာမသည် ကျွန်တော်တို့ ဇာသပြင်ကျေးရွာသို့ အစိုးရခန့် ပညာရေးဝန်ထမ်းတဦးအဖြစ် ရောက်လာခဲ့သည်။ မြို့ကြီးသူတဦးဖြစ်သည့် ဆရာမတယောက် ကျေးလက်ဒေသသို့ မင်း အစိုးရ၏အမှုထမ်းဖြစ်၍သာ မဖြစ်မနေလာခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မိသားစုကိုခွဲခွာ၍ ဆရာမတယောက် တစိမ်း တရံစာတို့၏အရပ်သို့ လှမ်းလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ စိမ်ခေါ်မှု၊ အခက်အခဲများက သူမအဖို့ ခါးသည်းနေပေလိမ့်မည်။

သို့သော် ဆရာမ ဒေါ်ခင်စောသည် ကျွန်တော်တို့ ကျေးလက်မှ မူလတန်းကျောင်းသားကျောင်းသူများအတွက် မေတ္တာ၊ စေတနာ၊ အနစ်နာတို့ဖြင့် လျှံ၍နေသောဥယျာဉ်မှူးကောင်းတယောက်ဖြစ်ခဲ့သည်။ နှစ်ပေါင်း သုံးဆယ်ကျော်ကျော် အချိန် စက်ဝိုင်း ယန္တရားကြီးကို ကျွန်တော် ဖြတ်သန်းခဲ့ရသော်လည်း ကျွန်တော် ဆရာမဒေါ်ခင်စော၏ကျေးဇူးနှင့် မေတ္တာတရားကို ဘယ်လိုမှ မေ့မရနိုင်ခဲ့ပါ။

မြန်မာစာနှင့် သင်္ချာဘာသာရပ်ကို အတန်းပိုင်ဖြစ်သည့်ဆရာမကသာ သင်ကြားရသည်။ ထိုစဉ်ကာလက ဇာသပြင် အလယ် တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးသည်ဦးဟုတ်ကြည် ဖြစ်သည်။ အမေ့ကို နံနက်စောစော နှိုးခိုင်းပြီး ဆောင်းဦးကာလ တွင်ဆရာမအတွက် ကျွန်တော် အပင်မှကြွေသော မရမ်းသီးအကင်းလေးများကိုကောက်ယူပြီး ဆားရည်စိမ်ကာ ဆရာမ ထမင်းနှင့် တို့စားရန်အတွက် ကျောင်းသို့ ဖန်ခွက်ငယ်ကလေးထဲ ယူသွားတတ်သည်။ ကျေးဇူးတင်၍ ပြုံးသော ဆရာမ၏ ရွှန်းလဲ့သောမျက်နှာသည် ကျွန်တော့်အတွက် ကောင်းချီးမင်္ဂလာဆုလာဘ်ကြီးတခုဖြစ်ခဲ့သည်ဆိုရင်လည်း မမှားပေ။ အတန်းဖော် ကျောင်းသူကျောင်းသားတို့ကလည်း မရိုးနိုင်အောင် ရာသီအလိုက်ပွင့်သော ပန်း၊ အိမ်မှ မိဘတို့ပြုလုပ်သည့် မုန့်တို့ကို ယူလာပေးစမြဲ။

ကျွန်တော် ဒုတိယတန်းတွင် သီတင်းကျွတ်ကျောင်းပိတ်ချိန်ကာလ သူမနှင့်အတူ မော်လမြိုင်ရွှေမြို့တော်ကြီးသို့ အလည်တ ခေါက် ဆရာမမှ ကျွန်တော့်ကို ခေါ်ခဲ့ဖူးသည်။

ဆရာမ မော်လမြိုင်မြို့သို့ ပြန်၍ပြောင်းသောအခါ ကျွန်တော်တို့ အတန်းဖော်များ ဝမ်းနည်းခြင်းကြီးစွာဖြင့် ငိုကြွေးခဲ့ကြသည်။ ထိုနေ့ရက်များတို့သည် ကျွန်တော်တို့၏ဘဝများ၌ အရောင်စွန်းထင်းခြင်းကင်းမဲ့သော အဖြူရောင်နေ့ရက်များ ဖြစ်သည်။ ကျွန်တော် အထက်တန်းအောင်မြင်ပြီး မော်လမြိုင်မြို့သို့သွားကာ ဆရာမဒေါ်ခင်စောကို သူမနေထိုင်သည့် လိပ်စာအတိုင်း ရှာပုံတော်ဖွင့်ခဲ့သည်။ ဆရာမ၏အိမ်နီးချင်းက ဆရာမတယောက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားပြီဆိုသောသတင်းကိုသာ ရခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမစတင်မီ ရက်အနည်းငယ်သာလိုတော့သောအချိန်တွင် ဆရာမ ဒေါ်ခင်စော၏လိပ်စာကို ကျွန်တော် စုံစမ်းရရှိခဲ့သည်။ အင်းစိန် အ-ထ-က (၂) တွင် ဆရာမတယောက် အထက် တန်းပြတယောက်ဖြစ်၍ နေပေပြီ။ ယခုဆိုလျှင် ဆရာမတယောက် အငြိမ်းစားတဦး ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ ဆရာမ ပြုစုပျိုးထောင်ခဲ့သော ဇာသပြင်ကျေးရွာမှ ကျွန်တော်အပါအဝင် တပည့်ဟောင်းများတို့၏နှလုံးသားထဲတွင် ဆရာမ၏ အပြုံး နှင့် စေတနာတို့ အစဉ်ရှင်သန်နေဆဲ၊ လန်းဆန်းပျိုမျစ်နေဆဲပင်။ ရင်ထဲမှ ကျွန်တော် ဆရာမဒေါ်ခင်စောအားတမ်းတခြင်းများ စွာဖြင့် ကျေးဇူးတင်နေဆဲပါ။

ဦးကုလားကဲ့သို့ပင် မီးသေနတ် M 16 မောင်းပြန်ကိုင်သည့် နောက်တဦးကား မွန်အမျိုးသားကြီး ဦးငွေသိုက်ပင် ဖြစ်သည်။ အသားက ဖြူဝင်း၍ တောက်ပသောအပြုံးကို အစဉ် ဆင်မြန်းထားသူတဦးဖြစ်သည်။ ထိုစဉ်က ဦးငွေသိုက်သည် အသက် ရွယ်အားဖြင့် သုံးဆယ်ကျော်ကျော်ပင် ရှိပေလိမ့်မည်။

လက်ဖက်ရည်ဆိုင် ထိုင်ပြီး ကျွန်တော်၏ မိဘနှစ်ပါး လှမ်း၍ နှုတ်ဆက်တတ်သည့် ဦးငွေသိုက်။ ဇာသပြင်ရွာ အရှေ့ပိုင်း မဏ္ဍပ်ကြီး အနီးတဝိုက်တွင် ပုဆိုးကိုခါးတောင်းကျိုက်ပြီး ခြင်းခတ်နေသော ဦးငွေသိုက်ကို ကျွန်တော် ယနေ့တိုင် မြင်ယောင် မိနေသည်။ သူကလည်း ဇာသပြင်ကျေးရွာ အရှေ့ဘက်ကမ်း၏ ပြည်သူ့စစ်ခေါင်းဆောင်တဦး။ မွန်လူမျိုးများ နေထိုင်သည့် ‘မွန်စု’ တွင် ဦးငွေသိုက်တို့မိသားစု ပျော်ရွှင်ငြိမ်းချမ်းစွာဖြင့် နေထိုင်ကြသည်။

သုံးရက်ခန့် ဆရာမ ဒေါ်ခင်စောနှင့် မော်လမြိုင်သို့ အလည်သွားပြီး ဇာသပြင်ရွာသို့ မော်တော်ဘုတ်စီးပြီး ရွာပြန်အရောက်၊ မော်တော်ဆိပ်တွင် ဈေးရောင်းသည့်အစ်မတဦးက ဆရာမအား ‘ဆရာမရေ၊ ညက ဦးငွေသိုက်တယောက် သေသွားပြီ။ ရွာ ထဲ သူပုန်ဝင်တာနဲ့ သူ့ကိုပစ်သတ်သွားတယ်လေ’။ ဆရာမရော ကျွန်တော်ပါ ပါးစပ်အဟောင်းသားနှင့်။

‘ညဘက် မှောင်မည်းနေလို့ မင်းအဖေမမြင်မှာစိုးလို့ ရွာလယ်ကနေပြီး လက်နှိပ်ဓာတ်မီးကြီးထိုးလို့ ဦးငွေသိုက်တယောက် အဲဒီညက အိမ်ကိုတောင် လာပို့သွားပေးတယ်လေ။ ညပြင်နားဘက် ညကင်းလှည့်နေတုန်း ကရင်လက်နက်ကိုင်တွေနဲ့ ထိပ် တိုက်တွေ့လို့ သူ့ကိုပစ်သတ်သွားတယ် ငါ့သား’။ မိခင်ကြီးလည်း စိတ်မကောင်းခြင်း များစွာနှင့် ကျွန်တော့်ကို ပြောပြရှာ၏။ ဖခင်ကြီးလည်း အတော်ပင် စိတ်ထိခိုက်သွားရှာသည်။

ကျေးရွာကိုကာကွယ်ရန်ဟူသောရည်ရွယ်ချက်ဖြင့် မွန်အမျိုးသားဖြစ်သူဦးငွေသိုက်နှင့် အမျိုးသားရေးအတွက် တိုက်ပွဲဝင် သည့် ကရင့်လက်နက်ကိုင်အဖွဲ့ဝင်တို့ မတူညီကြသော အမှန်တရားကိုယ်စီ မျက်မှန်ကြီးများတပ်ဆင်ပြီး တဦးနှင့်တဦး အာဃာတအငြိုးများမရှိကြဘဲ ထိပ်တိုက် လက်နက်ကိုင်ပဋိပက္ခတွင် ကျွန်တော်ချစ်သော ဦးငွေသိုက်တယောက် အသက် ဆုံးရှုံးခဲ့ရသည်။ နောက်တရက် ကျောင်းသို့သွားသောအခါတွင်လည်း ကျွန်တော့်အတန်းဖော်များက ဦးငွေသိုက် ကွယ် လွန်သွားသည့်အကြောင်းကိုသာ မိမိတို့ အရွယ်အလိုက် ဉာဏ်မီသလောက် ကျွန်တော်တို့တတွေဆွေးနွေးကြသေးသည်။ လူမမယ် ကလေးငယ်များနှင့် ဇနီးသည်ကို မုဆိုးမအဖြစ် ဦးငွေသိုက်တယောက် ထားရစ်ခဲ့ရှာသည်။

ထိုစဉ်အရွယ်ကတည်းက ကျွန်တော်၏နှလုံးသားထဲတွင် ဇာသပြင်ကျေးရွာမှပြည်သူ့စစ်ခေါင်းဆောင် ဦးငွေသိုက်နှင့် ၎င်း ကို ရက်စက်စွာ ပစ်သတ်သွားသည့် ‘သူပုန်’ ဆိုသူတို့အကြောင်းကို စတင်ကာ တွေးမိလေသည်။

‘အေး သူပုန်တွေဆိုတော့ သူတို့တတွေက ရုပ်ရှင်တွေထဲက အံ့ကျော်တို့၊ ဇော်မှိုင်းတို့လို အရက်တွေဝိုင်းဖွဲ့သောက်ပြီး နှုတ်ခမ်းမွေးတွေနဲ့ မကောင်းတာလုပ်တဲ့လူတွေများလား’ ဟုဆိုကာ တမျိုးစဉ်းစားမိပြန်သေးသည်။ ကျွန်တော်တို့ ကလေး များမှ လူကြီးတွေကို မေးခွန်းများမေးသောအခါ အချို့သော လူကြီးများက လေးလေးစားစားနားထောင်ပြီး မေတ္တာဖြင့် ဖြေကြားကြသည်။
‘သောင်းကျန်းသူ ဆန့်ကျင်ရေးဆိုတဲ့ပွဲ ရွာမှာ ဘာကြောင့်လုပ်တာလဲ ဘကြီး’
‘ဟ တိုင်းပြည် မငြိမ်အောင်၊ ထ ထပြီး သောင်းကျန်းနေတဲ့သူတွေကို ငါတို့ဆန့်ကျင်ရှုတ်ချရမှာပေါ့ကွ’

ကျွန်တော်က ဆက်ပြီး၊
‘ဘကြီး အဲဒီသောင်းကျန်းသူဆိုတာ သူပုန်တွေလား’

ဘကြီးငြိမ်းက၊
‘ဒါပေါ့၊ သူပုန်တွေပဲရှိတာပေါ့ကွာ’

‘သူတို့က လူဆိုးတွေပေါ့’
‘ဒါပေါ့ကွာ’

‘အဲဒါဆို အစိုးရဘက်က ကျွန်တော့်အဖေရဲ့ မှောင်ခိုပစ္စည်းတွေသိမ်းပြီး သူတို့တတွေရဲ့မိသားစုတွေကို ပြန်ပေးတဲ့သူတွေက ရော ဘကြီး’

ဘကြီးငြိမ်းက တွေသွားပြီး၊
‘အေး သူတို့က အစိုးရဘက်ကဆိုပေမယ့် သူတို့လည်း လူဆိုးပဲကွ။ ဒါပေမဲ့သူပုန်တော့ မဟုတ်ဘူး’

‘ဘကြီး ဒါဆို သူပုန် ဘာကြောင့်ဖြစ်ရတာလဲ’
‘ဟေး အစိုးရကို မကျေနပ်လို့ပေါ့ကွ’

ဘကြီးငြိမ်းလည်း ခေါင်းကုတ်နေပြီ။
‘ဘကြီးငြိမ်း၊ အစိုးရကရော ကောင်းလို့လား။ ရွာထဲမှာ ကပ်စတမ်တွေဝင်ပြီးပစ္စည်းတွေ သိမ်း၊ လူတွေဖမ်း၊ ပြီးတော့ အဲဒီ ပစ္စည်းတွေကို သူတို့ပဲယူ၊ ဓားပြတွေပဲဘကြီးငြိမ်းရာ။ အဲဒါ အစိုးရ ခိုင်းတာ မဟုတ်လား’

ဘကြီးငြိမ်းက ကျွန်တော့်ကို ကြည့်ပြီး၊
‘အေး၊ ဖိုးခွား မင်းပြောတာလည်းဟုတ်တာပဲကွ။ အစိုးရကလည်း သူတို့တတွေကို ဓားပြထွက်တိုက်ခိုင်းသလို ဖြစ်နေတယ်ကွ’
‘ဒါဆို သူပုန်တွေက မှန်တာပေါ့နော် ဘကြီးငြိမ်း’ ဟူ၍ ကျွန်တော် မေးမိသောအခါ၊

‘အဲဒါတော့လည်း အပြည့်မဟုတ်သေးဘူးကွ။ ငါတို့ ရွာတွေက ဆက်ကြေးတွေပေးနေရတာရယ်၊ တခါတခါ ဟိုကားကို သေနတ်တွေနဲ့ပစ်၊ စက်လှေတွေကိုလည်း တခါတခါ အစိုးရချောဆွဲသလို ဆွဲ၊ အဲဒါတွေလည်း သိပ်တော့ မကောင်းဘူးကွ’

‘ဘကြီးငြိမ်း၊ ဆက်ကြေး ဆိုတာ ဘာလဲ’
‘ဟာ ငါတို့က မပေးချင်လည်း နှစ်တိုင်း ရွာကလူကြီးတွေ သူပုန်တွေအတွက်ပိုက်ဆံကောက်ပြီး သူတို့ဆီပေးနေရတာကွ။ မပေးရင် သူတို့က ရွာထဲဝင်ပြီး သေနတ်တွေပစ်ဦးမှာကွ’

‘ဒါဆို ချောဆွဲတာကရော’
‘အေး ဒါကတော့ကွာ၊ မော်တော်ခ၊ စက်လှေခတွေကို မပေးဘဲ အတင်းခေါ်သွားပြီးခိုင်းတာကွ။ တခါတခါ လူတွေကိုတောင် ခိုင်းတယ်ကွ။ အဲဒါကိုတော့ ပေါ်တာလို့ ခေါ်တယ်’

‘ဘကြီးငြိမ်း၊ သူပုန်လည်း ပေါ်တာဆွဲတာပဲလား’
‘သူပုန်တွေက ရွာမှာပေါ်တာတော့ မဆွဲပါဘူးကွာ။ ဆက်ကြေးသာ မှန်မှန်ပေးရင် ဘာမှကိုမလုပ်တာ။ ဒါပေမဲ့ သူတို့နဲ့ ဆုံရင်တော့ ပစ္စည်းတွေ ထမ်းခိုင်း၊ လှေကြုံစက်လှေကြုံ ပို့ခိုင်းတာတွေတော့ ရှိတာပေါ့ကွာ’

ကျွန်တော် ဘကြီးငြိမ်း ပြောပြနေသော အစိုးရနှင့် သူပုန်ဆိုသော ခေါင်းစဉ်နှစ်ခုအကြား ဇဝေဇဝါ ဖြစ်နေပါသည်။မည်သူက လူကောင်းလဲ၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လူဆိုးလဲ၊ မခွဲခြားတတ်တော့ပါ။ မှောင်ခိုရောင်းဝယ်နေသော ကျွန် တော့် ဇာသပြင်ရွာမှလူများကို အစိုးရဘက်မှ ရှာဖွေရေးများ၊ ကပ်စတမ်များက ပစ္စည်းယူ ဓားပြတိုက်။ သူတို့တတွေသည်လည်းလူဆိုးတွေပဲပေါ့။

တခါ ကျွန်တော်တို့မိသားစု၏ မိတ်ဆွေကြီး၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးငွေသိုက်ကို ရက်ရက်စက်စက်သတ်သွားသော ကရင်သူပုန်တွေကလည်း လူဆိုးမဟုတ်ဘူးလား၊ စသည့် စသည့်အတွေးများ ဆယ်ကျော်သက်ရွယ်မရောက်မီ လွှမ်းမိုးခဲ့ သည်။

‘ဖိုးခွားရေ၊ သူပုန်တွေကို ဆက်ကြေးသွားပေးရင်လည်း အစိုးရသိသွားရင်လူကြီးတွေ ဒုက္ခရောက်မှာကွ။ အဲဒါကြောင့် ရွာ လူကြီးတွေက အဲဒီဆက်ကြေးကို တိတ်တိတ်လေးလိုက်ကောက်ရတာ။ ဒီဆက်ကြေးကို မပေးပြန်ရင်လည်း ရွာကိုတခါ သူပုန်ဝင်ပြီး ဦးငွေသိုက်ကိုသတ်သလို လူကြီးတွေကို တခါဖမ်းပြီးသတ်ရင်လည်း ဒုက္ခပဲ’
ကျွန်တော့်လို ကလေးတယောက် နားလည်နိုင်သော အသုံးအနှုန်းများဖြင့်စိတ်ရှည်လက်ရှည် ရှင်းပြနေသော ဘကြီးငြိမ်း၏ မျက်နှာသွင်ပြင်သည် တည်ငြိမ်ပြီးစိုးရိမ်မှု အရိပ်အယောင်များ လွှမ်းမိုးနေခဲ့ပါသည်။ ထိုအချိန်က လူကြီးများ၏ လက်ဖက် ရည်ဆိုင် စကားဝိုင်းများတွင် ပြောဆိုနေကြသည့် အမေရိကန်-ဗီယက်နမ်စစ်ပွဲကြီးထက်ပင် ကြောက်စရာ ဆိုးရွားလှသော အနေအထား ဇာသပြင်ရွာတွင် မကြာမီ ကျရောက်တော့မည်လောဟု ကျွန်တော် စိုးရိမ်ခဲ့ဖူးပါသည်။

ဝမ်းနည်းစရာကောင်းသည်က လန်းဆန်းကြည်လင်တက်ကြွသည့် ဖူးသစ်စအငုံအဖူး ကလေးငယ်များဖြစ်ခဲ့သော ကျွန်တော် တို့တတွေသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပဋိပက္ခဖြစ်သောဒေသများတို့တွင် စိုးရိမ်မှု၊ နာ ကျင်မှုများဖြင့် အကြောက်တရားအောက် ကြီးပြင်းခဲ့ရပါသည်။ အမုန်းတရားများ၊ သေနတ်သံများ မဆုံးတော့သော အငြိုး အာဃာတများလွှမ်းမိုးနေသည့် လူမှုအသိုက်အဝန်းတွင် ကျွန်တော်တို့ကလေးများ လတ်ဆတ်သော၊ငြိမ်းချမ်းရေး ချစ် မေတ္တာ လေညင်းလေးကို ကျွန်တော်တို့တတွေ အာသာငမ်းငမ်းဖြင့် ရှူရှိုက်ခံစားချင်ပါသည်။

‘အေး၊ ငါတို့ကလည်း စစ်ဆင်ရေးတာဝန်နဲ့ ဇာသပြင်ရွာထဲကို ညဘက်ဝင်တော့ မှောင်နေတဲ့အချိန်အဝင်၊ ရွာထဲကနေ ဓာတ် မီးကြီးတဝင်းဝင်းနဲ့ သူက လမ်းလျှောက်လာပြီး ငါတို့ကို ဓာတ်မီးနဲ့လှမ်းထိုးတယ်လေ’

အသက် ခုနစ်ဆယ်ကျော်ပြီဖြစ်သော ကရင့်လက်နက်ကိုင် စစ်ပြန်ကြီးနှင့်ကျွန်တော် ထိုင်းနိုင်ငံအတွင်းရှိ မယ်ခခီး ဒုက္ခသည် စခန်းတွင် ဆုံတွေ့ခဲ့စဉ်ကဖြစ်သည်။ အချိန်ကာလက ၂ဝဝ၁ ခုနှစ်၊ ဒီဇင်ဘာလ နံနက်ခင်း။ ပတ်ဝန်းကျင်တခွင်လုံး မြူ တွေက မှိုင်းမှုန်၍ ဝေနေသည်။ မိတ်ဆွေတဦးက မိတ်ဆက်ပေး၍ ဂျပန်လူငယ်တဦးက ကျွန်တော့်ကို မယ်ခခီးကရင် ဒုက္ခသည်စခန်းမှ ကရင်လူငယ်များအား အခြေခံဓာတ်ပုံရိုက်နည်းသင်ပေးရန်အတွက် ကျွန်တော်ကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

‘အစ်ကို အဲဒီအဖူးဟာ အတွေ့အကြုံတွေအရမ်းများတယ်။ စစ်ပြန်ကြီးတယောက်ပဲ။ တိုက်ရည်ခိုက်ရည်လည်း အရမ်း ကောင်းခဲ့တယ်လို့ ကျွန်တော့်အဖေကပြောပြဖူးတယ်’ ဟုဆိုပြီး စစ်ပြန်အဘိုးအိုအကြောင်းကို ကျွန်တော့်အား ပြောပြသော ကြောင့် ကျွန်တော်သည် ထိုအဘိုးအိုအား မိတ်ဆက်ပြီး သူဖြတ်သန်းခဲ့ရသောအတွေ့အကြုံများတို့ကို မေးမြန်းခဲ့ခြင်း ဖြစ် သည်။

အဘိုး စစ်ပြန်ကြီးသည် ထိုအချိန်က အသက်ခုနစ်ဆယ်ကျော်အရွယ် ရှိနေပြီဖြစ်သည်။ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး မကြာမီ သူ ဆယ်ကျော်သက်အရွယ်ကတည်းက ကရင့်လက်နက်ကိုင်တော်လှန်ရေးအတွက် ပါဝင် တိုက်ပွဲဝင်ခဲ့ သူတဦး ဖြစ်သည်။ အဘိုးသည် ကျွန်တော့်အား တည်ငြိမ်စွာဖြင့် မိမိဖြတ်သန်းခဲ့သော ဘဝဖြတ်သန်းမှုများထဲမှ တစိတ်တပိုင်း သောအကြောင်းအရာများကို ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။ ကျွန်တော့်အတွက် ပိုပြီး အံ့သြဝမ်း မြောက်စေသည့် အချက်က ကျွန်တော့်မိခင်၏ ကွယ်လွန်သွားပြီဖြစ်သော အစ်ကိုကြီးနှင့်အတူ စစ်ပြန်အဘိုးသည် ကရင့်တော်လှန်ရေး အစ ဦးကပင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

‘အေး၊ ဂျွန်နဲ့ငါနဲ့က အတူတူပဲ။ ငါတို့တတွေ ဆယ်ကျော်သက်ရွယ်တွေပေါ့ကွာ။ သူတို့အချင်းချင်း သစ္စာဖောက်ပြီး ရန်သူကို သတင်းပေးတော့ သထုံမှာမိသွားခဲ့တာ။ သြော်၊ မင်းဘကြီး ဂျွန်တောင် ဆုံးသွားပြီနော်’ စကားပြောဆိုနေစဉ် အဘိုး၏ မျက်လုံးအစုံသည် သူတို့တတွေ၏ နုပျိုလန်းဆန်းခဲ့သော နေ့ရက်များကို ပြန်၍အမှတ်ရသွားခြင်းကြောင့်လေလားမသိ၊ လင်းလက်၍သွား၏။

‘အေး၊ မင်းကြီးလာတဲ့ ဇာသပြင်ရွာက ပြည်သူ့စစ်ခေါင်းဆောင် ငွေသိုက်လည်း ငါတို့က သူ့ကိုမပစ်ရင် သူကလည်း ငါတို့ ကို အရှင်ထားမှာ မဟုတ်ဘူးလေ။ သြော် ငွေသိုက်၊ ငွေသိုက်’ စစ်ပြန် အဘိုးအိုသည် ဦးငွေသိုက်၏အမည်ကိုရေရွတ်ပြီး ကျွန်တော်တို့ နှစ်ဦးလှုံနေသည့် မီးပုံကြီးကို ငေး၍ ကြည့်နေ၏။

ယခု၊ ကျွန်တော် အဘိုးအို၏သတင်းကိုစုံစမ်းသောအခါ လွန်ခဲ့သော လေးနှစ်ကျော်ကာလကတည်းက အဘိုး ကွယ် လွန်သွားခဲ့ပြီဖြစ်ကြောင်း သိခဲ့ရသည်။ ဦးငွေသိုက်နှင့် အဘိုးတို့၏ဝိညာဉ်များလွတ်လပ်ပြီး အငြိုးအာဃာတကင်းသော အရပ်တွင် လန်းဆန်း ရှင်သန်နေပါစေဟူ၍သာ ကျွန်တော်ဆုတောင်းပါသည်။

ကျွန်တော်သာ ယခု အသက်လေးဆယ်သုံးနှစ်ကျော်ကျော်သို့ရောက်စေကာမူ မျိုးဆက်သစ်တို့အတွက် အစိုးရနှင့် သူပုန် များတို့၏ ပဋိပက္ခများကား ယနေ့တိုင်မပြီးဆုံးသေး။ အမုန်းတရားနှင့် စစ်ရိပ်လွှမ်းခြုံထားသော တိုင်းရင်းသားဒေသများအတွက်ရတက်မအေးနိုင်စရာ။ ဦးငွေသိုက်နှင့် ကရင့်စစ်ပြန် အဘိုးဘိုတို့၏ ဝမ်းနည်းစရာဇာတ်လမ်းအဖြစ်အပျက်မျိုးတွေက မဆုံးသေးပါ။ အပျို လူပျိုဖြစ်ကာစ ဆယ်ကျော်သက်ရွယ်လူငယ်များ ကြုံတွေ့နေရသောမိသားစုအသီးသီးတို့၏ ဝမ်းရေး အတွက် ‘တောင်ပေါ်တက်မယ်’ ဟူသော ထိုင်းနိုင်ငံသို့သွားကာ ကြုံရာအလုပ်မျိုးစုံကို လုပ်ကိုင်ရသည်။ ခါးသည်းစွာဖြင့် မိမိတို့၏ ငယ်ရွယ်သောဘဝအသီးသီးကို ရင်းနှီးရသည်။ လူပွဲစားတို့၏ ယုတ်မာမှုအမျိုးမျိုးတို့ကြောင့် ပြည့်တန်ဆာဘဝသို့ ရောက်ရှိသွားရသည့် နိုင်ငံ့သမီးပျိုအရေအတွက်က ထောင်သောင်းမကတော့ပေ။ သူတို့တတွေသည်အသီးသီးသော နိုင်ငံ တော်တည်ဆောက်မှု ယန္တရား၏ ကဏ္ဍအရပ်ရပ်တို့တွင် တန်ဖိုးရှိအစိတ်အပိုင်း တန်ဆာပလာများ ဖြစ်ကြသည်မဟုတ်လော။

ဘွဲ့ရလူငယ်များ၊ တက္ကသိုလ်အသီးသီးမှ မဟာဘွဲ့ရရှိထားသော လူငယ်များတို့ပင်လျှင် ထိုင်းနိုင်ငံတွင် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်၍ မိသားစုကို ထောက်ပံ့ရသည်။ သိန်း ထောင်ချီ၍ ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံရှိ စစ်ဘီလူး အာဏာရှင်တို့သည် မိမိတို့၏ စည်းစိမ်၊ အာဏာ ရမ္မက်နောက်ကိုသာ ငမ်းငမ်းတက်ပြီး လောဘအမှောင်ဖုံးနေကြသည်။ သူတို့၏တာဝန်မဟုတ်ဟု ဝမ်းနည်းစွာ ခံယူထားပုံရသည်။ နိုင်ငံ၏ရေမြေမှထွက်သော သယံဇာတများကိုသာ လောဘအမိုက်မှောင်ဖုံးပြီးသူတို့တတွေ ရှာဖွေကြသည်။ အရင်းအနှီးပြုကြသည်။ အနာဂတ် မြန်မာနိုင်ငံ၏ အညွန့်အဖူး မျိုးဆက်သစ်တို့၏ ကြီးမားသော စွမ်းဆောင်မှုများအတွက် ရင်းနှီးမြှုပ်နှံရမည့် ဉာဏစွမ်းအား၊ အရင်းအနှီး ပညာရေးတို့အတွက် ဝိသမလော ဘသား စစ်ဘီလူးတို့က ရက်စက်ယုတ်မာစွာဖြင့် လျစ်လျူရှုခဲ့ကြသည်။ သမိုင်း၏ဒဏ်ခတ်ခြင်းကို သူတို့တတွေ ခံယူရမည့် အရေးကိုလည်း ပျက်ရယ်ပြုကာ လှောင်ပြောင်ရဲကြသည်။

သို့သော် လူ့သမိုင်းသည် မည်သူတဦးတယောက်ကိုမျှ ဘက်လိုက်မည်မဟုတ်ပေ။ အပြောင်းအလဲကြီးတခုအတွက် တံခါး များဖွင့်ပေးလိုက်သည်ဆိုစေကာမူ အသီးသီးသော အာဃာတ၊ အငြိုး၊ လောဘ၊ စိုးရိမ်မှုတို့၏ လွှမ်းမိုးမှု အရိပ်မည်းများ ကအားကောင်း အရှိန်မြင့်နေဆဲဖြစ်သည်။ လှိုက်စားနေသည့် မြန်မာ့နိုင်ငံရေးရောဂါဆိုးကြီးကို ဆေးမြီးတိုများဖြင့် ကုနေကြ ဆဲ ဖြစ်သည်။ မည်သည့်ဆေးဝါးဖြင့် ကုသရမည်ကိုသိသောလည်း လျစ်လျူရှုနေကြဆဲ ဖြစ်သည်။အခြေခံ ကျောမွဲ ပြည်သူ လူထု၏ လိုအပ်ချက်၊ ပြင်းပြစွာသော ဆာလောင်မွတ်သိပ်မှုတို့ကို ဥပေက္ခာပြုနေကြဆဲဖြစ်သည်။ အသီးသီးသော လူငယ် များတို့၏ အသက်ချွေးများတို့ကို ရမ္မက်ကြီးစွာ အသုံးချနေကြဆဲ ဖြစ်သည်။ကျွန်တော် ချစ်သော ဇာသပြင်ရွာသည်လည်း အတိုင်းအတာတခုအထိပြောင်းလဲမှုရှိမည် ဖြစ်သော်လည်း အခြေခံလူထုတို့၏ ဘဝများစွာသည် ပြောင်းလဲမှုကြီးကြီးမားမား ရှိမည်ကား မဟုတ်ချေ။

ကျွန်တော် လသားအရွယ်ကတည်းက ကြီးမားသောမေတ္တာဖြင့် ကျွန်တော့်အား ရင်ဝယ်ပိုက်ကာ ကြည့်ရှုပြုစုခဲ့သည့် ဇာသ ပြင်ရွာသူ ဒေါ်ရင်ကြည် (ခေါ်) ဒေါ်ကြည်၏ကျေးဇူးကို ဘယ်သောအခါမျှ ကျွန်တော်မေ့မည်မဟုတ်ပါ။ ဗမာလူမျိုး ဒေါ်ကြည် နှင့် ကျွန်တော့်အကြား မည်သည့်လူမျိုးရေးအာဃာတ တံတိုင်း အကာအရံများ ဆီးတားပိတ်ဆို့၍ မရပါ။

ဇာသပြင်ရွာ၊ မန္တလေးရပ်ကွက်မှ ဗမာလူမျိုးစစ်စစ်တို့၏ ‘ဆရာမကြီး’ ဟုမိခင်ကြီးကို ခေါ်ဆိုနေသည့်အသံ၊ ‘ဖိုးခွားရေ’ ဆိုပြီး ကျွန်တော့်ကို ငယ်စဉ်က ခေါ်ဆိုနေသည့် မေတ္တာ၊ စေတနာလွှမ်းသော အသံများကို ကျွန်တော့်နားထဲတွင် အစဉ်ကြားယောင် နေဆဲပင်။

ဒေါ်ခင်ကြည်၊ မရွှေမိ၊ ကိုသန်းမြင့်၊ မအေးမြင့်တို့၏ ကျွန်တော်တို့ မိသားစုအပေါ် ကြီးမားသောမေတ္တာ၊ ခွင့်လွှတ်နားလည်မှု များတို့အပေါ် ရင်ထဲမှ လှိုက်လှဲကျေးဇူးတင်မှု များစွာဖြင့် ကျွန်တော့်အား အသိအမှတ်ပြုခွင့် ပေးပါ။

အနောက်ဘက်ကမ်းမှ မွန်လူမျိုး ဒေါ်ငွေ၊ အရှေ့ဘက်ကမ်းမှ ချစ်သောဆရာမဒေါ်ဌေးရီတို့၏ မေတ္တာ၊ စေတနာ အပြုံး ရနံ့တို့သည် ယနေ့တိုင် ကျွန်တော့်ဘဝတွင်သင်းပျံ့နေဆဲ ဖြစ်သည်။ငယ်စဉ်ကာလ ကလေးငယ်များအကြားရှိခဲ့သော မေတ္တာ၏အရှိန်သည်ဆက်လက်၍ အနာဂတ်မျိုးဆက်များအကြား ဆက်၍ ရှင်သန်ပါစေဟု ဆုတောင်းမိသည်။

အနာဂတ်မျိုးဆက်များ လွတ်လပ် ကြည်လင်စွာဖြင့် လူ့ဘဝခရီးကို ဆက်ကာရပ်ရွာအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်နိုင်ကြပါစေ။ယနေ့တိုင် ခေတ်စနစ်၊ လူမှုရေးအသွင်အပြင်များ ပြောင်းလဲစေကာမူ ဇာသပြင်ချောင်းရေသည် ပုံမှန် စီးဆင်းနေဆဲပင်။ ဇာသပြင် ရွာသူရွာသားတို့၏ ဘဝခရီးဖြတ်သန်းမှု အသီးသီးကို တည်ငြိမ်စွာဖြင့် ဇာသပြင်ချောင်းသည် အသိအမှတ်ပြုကာ ခံစားနားလည်နိုင်ပေသည်။ သူတို့နှင့်အတူ ဇာသပြင်ချောင်းလေးသည် ကြေကွဲမှု၊ ပီတိ၊ ဝမ်းမြောက်မှု အသီးသီးကို ဝေမျှပြီး ခံစားနိုင်ခဲ့သည်၊ ခံစားနေဆဲလည်း ဖြစ်သည်။ချောင်းကလေးသည် အဝေးရောက် သားသမီးတို့ကိုလည်း တမ်းတကာလွမ်းမိသောအချိန်များလည်း ရှိပေလိမ့်မည်။ သူတို့တတွေ၏ အသီးသီးသော မိဘတို့၏ ကြေကွဲခံစားမှုတို့ကိုလည်း တထပ်တည်း ခံစားပေးနိုင်လိမ့်မည်။

တမ်းတခြင်းများစွာဖြင့် ကျွန်တော့်နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ လွမ်းခွင့်ပေးပါ ဇာသပြင်။ ။

လောအယ်စိုး
၁ဝ/၂၃/၂ဝ၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Law Eh Soe, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်