ဇင်လင်း – မမေ့အပ်သည့် နိုင်ငံ့ သားကောင်းတယောက် ဦးလှသန်း (၁၉၄၇ – ၁၉၉၆)

August 3, 2015

 

ဇင်လင်း – မမေ့အပ်သည့် နိုင်ငံ့ သားကောင်းတယောက်  

ဦးလှသန်း (၁၉၄၇ – ၁၉၉၆) NLD ပါတီ၏ ၉၀ ခုနှစ် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်

(မိုးမခ) သြဂုတ် ၃၊ ၂၀၁၅

၂၀၁၃ခုနှစ် သြဂုတ်လ (၂) ရက်နေ့ ဆိုလျှင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ရေးအတွက် ဦးလှသန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်း မဲဆန္ဒနယ်) အသက်ပေးဆပ်သွားခဲ့သည် မှာ (၁၉) တင်းတင်းပြည့်ပြီဖြစ်သည်။ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲကား ယနေ့ တိုင် ဆက်လက်ဆင်နွှဲနေရဆဲ။ ဦးလှသန်း မှာမူ သမိုင်းရေးတာဝန်ကို ကျေပွန် စွာထမ်းဆောင်သွားခဲ့သည့် နိုင်ငံ့သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့ပြီးဖြစ်ပေသည်။

ဦးလှသန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခရီးသွားလာရေးခက်ခဲရုံမက စည်းရုံးရေးလုပ်ရန်လည်း မလွယ်ကူသော ကိုကိုးကျွန်း မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် စွန့် စွန့် စားစားဝင်ရောက် အရွေးခံခဲ့သူဖြစ်သည်။ အရပ် ၅ ပေ ၆ လက္မခန့် အသားညိုညို ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ဦးလှသန်းသည် ကျစ်လစ် ကြံ့ ခိုင်မှုရှိသူဖြစ်သည်။ ဥပဒေအကျိုး ဆောင်ဖြစ်လာ၍ လားမသိ၊ အ၀တ်အစားကို အမြဲသပ်သပ်ရပ်ရပ် ၀တ်ဆင်တတ် သည်။ အဖွဲ့ ချုပ်သို့ လာသည့်အခါတိုင်း ပင်နီတိုက်ပုံအင်္ကျီအမြဲဝတ်လေ့ရှိသူဖြစ်သည်။ ရှေ့ နေအဖြစ်အသက်မွေး သော်လည်း စကားကို လိုအပ်မှသာ ပြောလေ့ရှိသည်ကို သတိထားမိသည်။

သူနှင့် စာရေးသူ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီကပင် ခင်မင်ရင်းနှီးခဲ့သည်။  ၁၉၈၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရန်ကုန်တိုင်းရုံးတွင် စာရေးသူ ရုံးအဖွဲ့ မှူးတာဝန်ယူခဲ့စဉ်က ဖြစ်သည်။ ဦးတင်မောင်ဝင်း (အင်းစိန်ထောင် အတွင်း ၁၈၊၁၊ ၁၉၉၁။ တွင် ကျဆုံးသူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခရမ်း လွှတ်တော် ကိုယ်စားလှယ်) ၏ မိတ်ဆက်ပေးမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြည့်မြင်တိုင် မြို့ နယ် ဥက္ကဌ ဦးလှသန်း၊ သူနှင့်အတူ ပါလာသူ ဒုတိယဥက္ကဌ ဦးကျော်သန်း တို့ ကို စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဦးလှသန်းသည် အသက်အားဖြင့် (၄၂) နှစ်မျှသာရှိသေးသည်။

ထိုစဉ်က ရန်ကုန်တိုင်းရုံးသည် အဖွဲ့ ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက်စာရွက်စာတမ်းများကို နေ့ စဉ် (အခမဲ့) ဖြန့် ဝေပေးခဲ့သည်၊ ထိုသို့ အခမဲ့ ဖြန့် ဝေ နိုင်စေရန် စာရေးသူ၏ စာပေမိတ်ဆွေများက လိုအပ်သော စက္ကူများကို လှူဒါန်းခဲ့ကြ၍ဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်၏ မြို့ နယ်ဆိုင်းဘုတ်တင်ပွဲများ တွင် ပြောကြားသည့် မိန့် ခွန်းများကို လက်နှိပ်စက် ဖြင့်ရိုက်နှိပ်၍၎င်း၊ ကက်ဆက်ခွေ၊ ဗီဒီယိုခွေ အဖြစ်ကူးယူ၍၎င်း၊ သက်သာသောဈေးနှုန်းများဖြင့် ရန်ကုန်တိုင်းရုံးက ဖြန့် ဝေပေးခဲ့သည်။ ဗီဒီယိုခွေ မိန့် ခွန်း မ၀ယ်နိုင်သူများကို တိုင်းရုံးက ငှားရန်းသည့် စနစ်ဖြင့်လည်း မျှဝေသည်။

ဦးလှသန်းသည် ထို မိန့် ခွန်းခွေများကို သူပိုင်ငွေကြေးစိုက်ထုတ်ကာ၊ ပုံမှန် တက်တက်ကြွကြွ ၀ယ်ယူ၍ ကြည့်မြင်တိုင် မြို့ နယ်အတွင်းရှိ လူထုထံ ပြန်လည်ဖြန့် ဝေပေးလေ့ရှိ သည်။ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မြို့ နယ် ရပ်ကွက် ဆိုင်းဘုတ်တင်ပွဲများတွင် အခါအားလျော်စွာ လိုက်ပါ အားပေးတတ်သည်။ ဤသို့ ဖြင့် (၁၉၈၉-၉၀) ကာလများတွင် ဦးလှသန်းနှင့် သူ့ မြို့ နယ်တာဝန်ရှိသူများမှာ အဖွဲ့ ချုပ် ရန်ကုန်တိုင်းရုံးသို့ နေ့ စဉ်ပုံမှန် လာကြသူများတွင် အပါ အ၀င်ဖြစ်သည်။ လာတိုင်းလည်း မြို့ နယ်စုံမှ ရောက်လာကြသော အဖွဲ့ ချုပ်ဝင်များ၏ အလွတ်သဘောထိုင်ကြသည့် ဆွေးနွေးဝိုင်းများတွင် ဦးလှသန်း စိတ်အားထက်ထက်သန်သန် ပါဝင်ဆွေးနွေးလေ့ရှိသည်။

ရန်ကုန်တိုင်းရုံးသို့ လာသည့် အခါများတွင် ရံဖန်ရံခါ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ ဝင်များဖြစ်ကြသော ဆရာဦးထွန်းတင် (တရားရုံးချုပ်ရှေ့ နေ၊ကိုကိုး ကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်း၊ကွယ်လွန်)၊ ဦးတင်မောင်ဝင်း(ခရမ်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ကွယ်လွန်)၊ ဦးမြင့် (၁၉၇၄ အလုပ်သမား အရေး နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ဦးသိန်းတင် (စာရေးဆရာ တင်သိန်းမောင်၊ ဇန္န၀ါရီ ၁၈၊ ၁၉၉၈ အကျဉ်းကျနေစဉ် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သူ) စသူများနှင့်လည်း မပြတ် ထိတွေ့  ဆွေးနွေးမေးမြန်းမှုများလုပ်တတ်သည်။ မသိမီလိုက်သော အတိတ်က နိုင်ငံရေး အဖြစ်အပျက်များ၊ အတွေ့ အကြုံ များ၊ အယူအဆများကို ဂရုတစိုက် လေ့လာ မှတ်သားတတ်သည်။ စာရေးသူလည်း ထိုစဉ်က ဦးလှသန်းနှင့် ဦးကျော်သန်း တို့ နှင့်အတူ့ လက်ငင်းနိုင်ငံရေး စီးပွားရေး လူမှုရေးအခြေအနေများကို ပြောဖြစ်ဆိုဖြစ်ပါသည်။ သူနှင့် စကားပြော ဖြစ်သော အတွေ့ အကြုံများကို ပြန်၍ စဉ်းစားကြည့် မိမှ သူ၏ နိုင်ငံရေး ၌ စိတ်ထက်သန်ပုံ၊ ပညာလိုလားပုံ၊ စာဖတ်အား ကောင်းပုံ၊ ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူတတ်ပုံတို့ ကို ပြန်လည် မြင်ယောင်လာသည်။

သူ့ ဘ၀နောက်ခံကို အကြမ်းဖျင်းပြန်လည် သုံးသပ်ကြည့်လျှင် သူသည် တပ်မတော် (ရေ) တွင် အသက် (၁၈) နှစ်ပြည့်ချိန် (၁၉၆၅) မှစတင် စစ်မှုထမ်း ခဲ့သည်။ ရတနာပုံရေတပ်စခန်း၊ စစ်တွေရေတပ်စခန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ရေတပ် ကမ်းတက်တိုက်ခိုက်ရေးတပ်ရင်း၊စစ်ရေယာဉ် (၁၁၀)၊ စစ်ရေယာဉ် ရန်ကြီးအောင် စသည့်နေရာဌာနများတွင်တာဝန်ထမ်း ခဲ့သည်။ သို့ သော် စစ်မှုထမ်းရင်း သူ့ ဘ၀တိုးတက်မှုအတွက် မနားမနေ ကြိုးစား ပညာရှာခဲ့သည်။ လက်ရေးတိုပညာနှင့် စာရင်းအင်းပညာကို တပ်တွင်း၌ပင် သင်ယူတတ်မြာက်ခဲ့သည်။ အတန်းပညာကိုလည်း တပ်တွင်းမှာပင် ဆက်လက် အားထုတ်သင်ယူခဲ့ရာ စစ်သက် (၁၀) နှစ်ပြည့်သည့်(၁၉၇၅) တွင် တပ်တွင်းမှပင် (၁၀) တန်းကို ရူပဗေဒဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ဆယ်တန်း အောင်ပြီး နောက်တွင် ပညာတတ်လိုစိတ် ပိုမိုပြင်းပြထက်သန်လာခဲ့သည်ဟု ဦးလှသန်းကပြောဖူးသည်။

ထို့ ကြောင့် အသက် (၃၀) ပြည့် သည့် (၁၉၇၇)တွင် တပ်မှ အငြိမ်းစားယူ၍ ရန်ကုန်တက္ကသိုလ် ၌ ဥပဒေပညာ အဓိကဖြင့် ပညာဆက်လက်သင်ယူ သည်၊ ၁၉၈၀ ပြည့်နှစ်တွင် သူ ဥပဒေ ၀ိဇ္ဇာဘွဲ့  ရရှိခဲ့သည်။  ထို့ နောက် ရှေ့ နေလောကသို့ ရောက်ရှိခဲ့ပြီး၊ အထက်တန်းရှေ့ နေ၊ ဗဟိုတရားရုံးချုပ်ရှေ့ နေအဖြစ် မြန်မာနိုင်ငံအနှန့်  တရားရုံးများ တွင် ဥပဒေ အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ တရားရုံးချုပ်ရှေ့နေ ဦးလှသန်းသည် ပညာတန်ဖိုးကို သိရှိလာသူဖြစ်သည့်အလျောက်၊ တဖက်တွင် ပရဟိတစိတ်ဖြင့် ရပ်ရေးရွာရေးလူမှုရေးကိစ္စများတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူဖြစ်သည်။

၁၉၇၈ မှ ၁၉၈၈ အထိ ကြည့်မြင်တိုင် မြို့ နယ် စစ်မှုထမ်းဟောင်းအဖွဲ့ တွင် ရုံးအဖွဲ့ မှူးတာဝန်နှင့် သက်သာချောင်ချိရေးအဖွဲ့ အတွင်းရေးမှူး တာဝန်များကိုလည်း မအားလပ်သည့်ကြားမှ  ဦးလှသန်း ထမ်းရွက်ခဲ့သည်။

၁၉၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ဦးလှသန်းသည် ရန်ကုန်ရှေ့ နေများအစည်းအရုံးနှင့်အတူ လူထုဆန္ဒ၏z ဖေါ်ထုတ်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ စက်တင်ဘာ  (၂၇) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့ စည်းပေါ်ထွန်းလာသော အခါ ဦးလှသန်းသည် ကြည့်မြင်တိုင် မြို့နယ်တွင် မြို့ နယ် ဆော်သြရေးအဖွဲ့ ဝင်ဖြစ်လာခဲ့သည်။ သူ၏ ရိုးသားမှု ကြိုးစားမှု ပရဟိတစိတ်ထားရှိမှု လူမှုဆက်ဆံရေးကောင်းမွန်မှုစသည့် အရည်းအချင်းများကြောင့် အဖွဲ့ ချုပ်အဖွဲ့ ဝင်များက သူ့ အား ကြည့်မြင်တိုင်မြို့ နယ် ပထမအကြိမ် ညီလာခံတွင် ဥက္ကဌ အဖြစ်၎င်း၊ နိုင်ငံလုံးဆိုင်ရာညီလာခံကိုယ်စားလှယ်အဖြစ်၎င်း ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့ ဖြင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်က ၁၉၈၉ နိုဝင်ဘာ (၁၀)ရက်စွဲဖြင့် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့်နေ့ ရက်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း (တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း) တို့ နှင့် စပ်လျဉ်းသည့် နေ့ ရက်များကြေညာခဲ့သည်။ ထို ကော်မရှင်ကြေညာချက် အမှတ် (၃၂၆) အရ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့ တွင်ကျင်းပမည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ (၂၈) မှ ၁၉၉၀ ဇန္န၀ါရီလ (၃) ရက်နေ့ အတွင်း တင်သွင်းကြရမည် ဖြစ် သည်။ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့ နယ် ပထမအကြိမ် ညီလာခံတွင် ဥက္ကဌ အဖြစ်၎င်း၊ နိုင်ငံလုံးဆိုင်ရာညီလာခံ ကိုယ်စားလှယ်အဖြစ်၎င်း ရွေးချယ်ခံထားရ သူဖြစ်၍ ကြည့်မြင်တိုင်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကော်မရှင်သို့ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။

သို့ သော် ဦးလှသန်းက ရန်ကုန်တိုင်းအတွင်း မြို့ နယ် (၄၂)ခု၊ မဲဆန္ဒနယ် (၆၁) နယ် ရှိသည့်အနက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွားရောက်အရွေးခံမည့် ကိုယ်စားလှယ် မရှိဖြစ်နေသည်ကို သတိပြုမိပုံရသည်။ ထို့ ပြင် ကိုကိုးကျွန်းစုသည် ကိုကိုးကျွန်းကြီး ကိုကိုးကျွန်းငယ်နှင့် စားပွဲကျွန်းဟူ၍ (၃)ကျွန်းရှိသည့် အနက် ကျွန်းမကြီး၌သာ လူနေများသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ထိုကျွန်းစုကလေးသည် မြန်မာပြည်မ မြစ်ဝကျွန်းပေါ်ဒေသ၏ တောင်ဖက် မိုင် ၂၀၀ ခန့် တွင် တည်ရှိသဖြင့် သွားလာမှုလွယ်ကူလှသည်မဟုတ်ပေ။ နေထိုင်သူအများစုမှာ ရေတပ်၊ ရဲအဖွဲ့ နှင့် အရပ်ဖက်ဝန်ထမ်း မိသားစုများ ဖြစ်သည်။ အုန်းခြံ လုပ်ငန်းလုပ်သူ အရပ်သားမိသားစုများအပါအ၀င် ကိုကိုးကျွန်း မြို့ နယ် လူဦးရေမှာ (၁၀၀၀) သာသာ ကလေးသာ ရှိသည်။ ဆန္ဒမဲပေးခွင့်ရှိသူမှာ (၆၁၃) ဦးသာရှိ၍ စစ်တပ်သြဇာ လုံးဝ သက်ရောက်ရာ မြို့ နယ်လည်းဖြစ်သည်။

ကိုကိုးကျွန်းစုသည် ၁၉၅၈ ခုနှစ် စစ်တပ်က ပထမအကြိမ် အာဏာသိမ်းစဉ်က နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းချရာ နေရာအဖြစ် နာမည်ဆိုးဖြင့် ထင်ရှားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံတိုက်ပွဲ အောင်မြင်ပြီးနောက် ၁၉၇၁ ခုနှစ်တွင် ထိုကျွန်းထောင်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ ထို ကျွန်းစုမြို့ နယ်တွင် နေထိုင်သူများ၏ ဒီမိုကရေစီဆန္ဒကို ဖြည့်ဆည်းရေး၊ အဖွဲ့ ချုပ်အတွက်လည်း ပထ၀ီအရအရေးပါသည့် မဲဆန္ဒနယ်တနယ် မဆုံးရှုံးရေး အတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွားရောက် အရွေးခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးလှသန်းက စကားစပ်၍ ပြောဖူးသည်။ ဤသို့ ဖြင့် ဦးလှသန်း အား အဖွဲ့ ချုပ်က ၀မ်းမြောက်ဝမ်းသာ ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် အဖွဲ့ ချုပ်အားကိုယ်စားပြုယှဉ်ပြိုင်ရန် လက်ခံအတည်ပြု ခဲ့သည်။

၁၉၉၀ မေလ (၄) ရက်နေ့ တွင် ဦးလှသန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်(၄)တို့ ကိုကိုးကျွန်းစု ဆီသို့ ထွက်ခွာခဲ့ကြ သည်။ သူတို့ မရောက်မီကပင် ကျွန်းအာဏာပိုင်တို့ ထံ အဖွဲ့ ချုပ်ကိုယ်စားလှယ်အား မည်သည့်အကူအညီမှ မပေးရန် ညွှန်ကြားချက်ကရောက်နှင့်ပြီးဖြစ်ပုံရကြောင်း ဦးလှသန်းက ပြောပြ ဖူးသည်။ သူတို့ အဖွဲ့ နေထိုင်ရေးကိုပင် အာဏာပိုင် တို့ ကခက်ခဲအောင်လုပ်ထားသဖြင့်၊ ကိုယ်တိုင်သစ်ဝါးခုတ်ကြကာ ယာယီတဲဆောက် နေခဲ့ရသည်။ သူ့ ကို တအိမ်တက် ဆင်း မဲဆွယ်စည်းရုံးခွင့်လည်းမပြု၊ စာရွက်စာတမ်းလက်ကမ်းစာစောင်လည်း ဝေငှခွင့်မပြုခဲ့ဟုပြောသည်။ မဲဆန္ဒရှင် အများစု မှာ ၀န်ထမ်းများဖြစ်သဖြင့် ၀န်ထမ်းအိမ်ယာများသို့ သွားရောက်လည်ပတ်ခြင်းမပြုပါဟုလည်း ၀န်ခံလက်မှတ် ရေးထိုးရန် ဦးလှသန်းကို အာဏာပိုင်များ က ဖိအားပေးခဲ့သည်။ သို့ သော် သူက လက်မှတ်မထိုးနိုင်ဟု တင်းတင်းမာမာ ငြင်းဆိုခဲ့သည်။ သူအားလိုလိုလာလားဖိတ်ခေါ်သည့် အိမ်အချို့ သို့ ဦးလှသန်း သွားရောက်လည်ပတ်ခွင့်ရခဲ့သည်၊ ထို အိမ်များကတဆင့် ကျန်မဲပေးမည့်သူများထံ၊ သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သတင်းများရောက်ရှိခဲ့သည်၊

သူ့ ပြိုင်ဘက်မှာ ရေတပ်စစ်လက်နက်ခဲယမ်းတပ်(၂၄) တပ်မှူး(အငြိမ်းစား) ကိုကိုကျွန်း မဆလပါတီယူနစ် ဥက္ကဌဟောင်း ဦးအောင်သိန်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြည်မနှင့် အလှမ်းဝေးသည့် ကျွန်းစုကလေးမှ မဲဆန္ဒရှင် (၆၁၃)ဦးမှာ ဦးအောင်သိန်းအား မဲပေးကြရန် ကျွန်းအာဏာပိုင်တို့ က ပြောထားပြီးဖြစ်ကြောင်း ကျွန်းသူကျွန်းသားတချို့ က ပြောကြသည်။ သို့ သော် ဦးလှသန်းတို့ ရဲဘော်ငါးဦးအဖွဲ့ သည် ရက်သတ္တသုံးပတ်မျှ အချိန် အတောအတွင်း အကန့် အသတ်များအကြားမှ ကျွန်းသူကျွန်းသားတို့ ထံ ပြည်မမှ ဒီမိုကရေစီအရေးတော်ပုံ သတင်း စကားများကို အရောက်ပါးခဲ့နိုင်ကြသည်။

မေလ (၂၇) ရက်နေ့ တွင် ကိုကိုးကျွန်းစုရှိ မဲရုံ (၂) တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၆၁၃) ဦးအနက် (၄၃၂) ဦးလာရောက် မဲပေးခဲ့ ကြသည်။ ဦးလှသန်းက ၂၄၆ မဲ(၅၆.၉၄)ရာခိုင်နှုန်း၊ တစညကိုယ်စားလှယ်က ၁၈၆ မဲ (၄၃.၀၆)ရာခိုင်နှုန်း စီအသီးသီး ရရှိခဲ့ကြသည်။ ရေတပ် အငြိမ်းစား အရာရှိကြီးတဦးနှင့် ရေတပ် အငြိမ်းစား ရဲဘော်တဦးတို့ ၏ အားပြိုင်ပွဲလည်းဖြစ်သည်။ စစ်အာဏာဖြင့် ချုပ်ကိုင်ထားသည့် မဲဆန္ဒနယ်ဖြစ်၍ ဦးလှသန်း၏ အောင်ပွဲမှာ ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်မှု အတွက် ထူးခြားထင်ရှားသည့် လက္ခဏာဟုဆိုနိုင်သည်။ သူတို့ (ရဲငါးဘော်)အား ရန်ကုန် အပြန်ခရီး တွင် သောင်းသောင်း ဖျဖျ ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မဲ ဆန္ဒနယ် (၄၈၅) နေရာအနက်မှ (၄၄၇)နေရာတွင် ၀င်ရောက် အရွေးခံခဲ့ရာ၊ (၃၉၂) နေရာ အနိုင်ရခဲ့သည်။ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်များရွေးကောက်ပြီးသော်လည်း လွှတ်တော်ပေါ်ပေါက်လာခြင်း မရှိသဖြင့်၊ အဖွဲ့ ချုပ်က ၁၉၉၀ ဇူလိုင်လ (၂၈-၂၉)တွင် ဂန္ဒီခမ်းမ ၌ ပထမအကြိမ် အဖွဲ့ ချုပ်လွှတ်တော်ကိုယ်စားလှယ်များ ၏ ပဏာမညှိနှိုင်းအစည်းအဝေးကြီးကျင်းပခဲ့သည်။ ဂန္ဒီခမ်းမကြေညာစာတမ်းထုတ်ပြန်ကာ ပြည်သူ့ လွှတ်တော်ခေါ်ယူ ဖွဲ့ စည်းရေးသဘောထားကို ပြည်သူ သို့ အသိပေးခဲ့သည်။ ဂန္ဒီအစည်းအဝေး မတိုင်မီတရက် (၂၇ ဇူလိုင် ၁၉၉၀)တွင် န၀တ အဖွဲ့ ကလည်း ကြေညာချက်အမှတ်(၁၊၉၀)ကို ထုတ်ပြန်ခဲ့သည်။ (၁၊၉၀)၏ အနှစ်ချုပ်မှာ ယာယီဖွဲ့ စည်းပုံအခြေခံ ဥပဒေ ရေးဆွဲ၍ အစိုးရဖွဲ့ စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံ၊ ထိုသို့ ဆောင်ရွက်ပါက ထိရောက် စွာ အရေးယူမည် ဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ် ကြောင်း။ ပြည်သူ့ ဆန္ဒသဘောထားကို ဥပဒေအရ ၎င်း။ ကျင့်ဝတ် သိက္ခာအရ၎င်း န၀တ က မလေးမစားလုပ်လိုက်ခြင်းလည်းဖြစ်သည်။

ဆက်လက်၍ ၁၉၉၀ စက်တင်ဘာ (၆)ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် (ယာယီ) ဥက္ကဌ ဦးကြည်မောင်အား (၁၊၉၀) ကို ဆန့် ကျင်မှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြင့် န၀တ က အဖွဲ့ ချုပ်အားစတင် ဖြိုခွဲတော့ သည်။ ရွေးကောက်ပွဲပြီးနောက် (၂)ကျော်လာသည်အထိ စစ်အုပ်စုက အာဏာစွန့် လွှတ်မည့် လက္ခဏာ မပြတော့။ သို့ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အချို့ သည် ပြည်သူ့ ဒီမိုကရေစီ ဆန္ဒကို ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးမှုများလုပ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးပွဲများပြုလုပ်ကြသည့်အနက် ၁၉၉၀ စက်တင်ဘာ (၂၉) နေ့ တွင် အမရပူရမြို့ မဲဆန္ဒနယ်(၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘဘွား နေအိမ်၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့ စည်းရေး လျှို့ ဝှက် အစည်းအဝေး၊ စက်တင်ဘာ(၃၀) မန်းအနောက်တောင်မြို့ နယ် အဖွဲ့ ချုပ်ရုံး၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့ စည်းရေး လျှို့ ဝှက် အစည်းအဝေးနှင့် ၁၉၉၀ အောက်တိုဘာ (၁) အမာခံ (၆) ဦး ယာယီစင်ပြိုင်အစိုးရဖွဲ့ စည်းရေး အစည်းအဝေးများလည်း အပါအ၀င်ဖြစ်သည်။

ဦးလှသန်းသည် စက်တင်ဘာ(၂၉၊၃၀) အစည်းအဝေးများတွင် တက်ကြွစွာပါဝင် ဆွေးနွေးခဲ့သည်။ အောက်တိုဘာလတွင် ထိုအစည်းအဝေး သတင်းများ ပေါက်ကြားသဖြင့် အဖွဲချုပ်ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အများအပြားကို န၀တ က ပိုက်စိပ်တိုက်ဖမ်းတော့သည်။ ထိုအဖမ်းခံသူများထဲ တွင် ဦးလှသန်းလည်း ပါဝင်သည်။စုစုပေါင်း ၃၅ ဦး ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂(၁)  နှင့် ၁၂၄ တို့ ဖြင့် တရားစွဲခြင်းခံရသည်။ ၁၉၉၁ ဇန္န၀ါရီလ(၁၅) တွင် စတင် ရုံးတင် တရားစွဲဆို၍ ဧပြီလ (၃၀) တွင် စီရင်ချက်ချခဲ့သည်။

ဦးချစ်တင် (မင်းလှ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးမြ၀င်း(အင်္ဂပူ ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊

ဦးလှထွန်း(ကြည့်မြင်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်)၊

ဦးထွန်းအောင်(ရေတာရှည် ၂၊ လွှတ်တော်ကိုယ်စားလှယ်)၊

ဦးအောင်ဆန်းမြင့် (မြိုင် ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊

ဦးစောလှိုင် (အင်းတော် ၊လွှတ်တော် ကိုယ်စားလှယ်)၊

ဦးမြင့်ကြည် (ကသာ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဦးသိန်းထွန်း (သဲကုန်း ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးရဲထွတ် (ဒိုက်ဦး ၊လွှတ်တော် ကိုယ်စားလှယ်)၊

ဦးခင်မောင်သိန်း(ခင်ဦး ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဦးသောင်းမြင့် (ခင်ဦး ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးသိန်းဖေ (ကန့် ဘလူ ၁ ၊ လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါက်တာမြင့်နိုင် (ကန့် ဘလူ ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါ်ခင်စန်းလှိုင် (၀က်လက် ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါ်စန်းစန်းဝင်း (အလုံ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါ်စန်းစန်း (ဆိပ်ကမ်း ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါက်တာ မောင်မောင်လတ် (သာကေတ ၊ လွှတ်တော်ကိုယ်စားလှယ်)၊

 ဦးကျော်သွင် (ခရမ်း ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးလှသန်း (ကိုကိုးကျွန်းစု ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးသာဆိုင် (တွံတေး ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးဘဘွား (အမရပူရ ၂ ၊လွှတ်တော် ကိုယ်စားလှယ်)၊

 ဒေါက်တာစိုးလင်း (မန်း အနောက်တောင် ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးတင်အောင်အောင် (မန်း အနောက်မြောက် ၁ ၊လွှတ်တော် ကိုယ်စားလှယ်)၊

 ဒေါ်အုန်းကြည် (မြစ်သား ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊

 ဒေါက်တာဇော်မြင့် (ဟင်္သာတ ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးပိုက်ကို (ပခုက္ကူ အဖွဲ့ ချုပ်မြို့ နယ် စည်း) နှင့်

 ဒေါ်ဝင်းမေ (စစ်ကိုင်းတိုင်း စည်း)၊ စုစုပေါင်း (၂၈) ဦးမှာ ဥပဒေပုဒ်မ ၁၂၂(၁)  နိုင်ငံတော်အား သစ္စာဖေါက်ဖျက် ပုန်ကန်မှုဖြင့် ထောင်ဒဏ် (၂၅)နှစ်စီ အပြစ်ပေးခံရသည်။

ဦးခင်မောင်ဆွေ (စမ်းချောင်း ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးနိုင်းနိုင်း (ပုဇွန်တောင် ၊လွှတ်တော်ကိုယ်စားလှယ်)၊

ဦးစိန်လှဦး (အင်းစိန် ၊လွှတ်တော် ကိုယ်စားလှယ်)၊

 ဦးစောနေဒွန်း (အဖွဲ့ ချုပ် ပေါက်ခေါင်းမြို့ နယ် ဥက္ကဌ)၊

ဦးတင်မောင်ဝင်း (စာရေးဆရာ လေးကိုတင်)

၊ ဦးဖေအောင်လင်း နှင့်

 ဒေါ်ရွှေဝါစိုးတို့ (၇) ဦးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ နိုင်ငံတော်အား သစ္စာဖေါက်ဖျက် ပုန်ကန်မှုနှင့် စပ်လျဉ်း၍ သတင်းထိန်ချန်မှု အရ ထောင်ဒဏ် (၁၀)နှစ်စီ အပြစ်ပေးခံရသည်။

ထို ယာယီအစိုးရဖွဲ့ စည်းရေး အမှုကိစ္စနှင့် ငြိစွန်းသဖြင့် ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေစဉ် နှိပ်စက်ညှင်းပမ်းမှုပြင်းထန်သဖြင့် ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ဗဟိုအလုပ်သမား ဦးစီးအဖွဲ့ ) သည် ၁၉၉၀ နိုဝင်ဘာ (၉) ရက်နေ့ တွင် ရေကြည်အိုင် စစ်ထောက်လှမ်းရေးအချုပ်၌ ကွယ်လွန်ခဲ့ သည်။ ဦးတင်မောင်ဝင်း (ခရမ်း ၂ ၊လွှတ်တော်ကိုယ်စားလှယ်) သည်လည်း ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ဆေးဝါးနှင့် အစားအစာဖြတ်တောက်ခံရ သဖြင့် အင်းစိန် တွဲဖက်ထောင် ကျွန်းတိုက်၌ ဇန္န၀ါရီ ၁၈ ၁၉၉၁ တွင် ကွယ်လွန်ခဲ့ရသည်။

ဦးလှသန်း(ကိုကိုးကျွန်းမဲဆန္ဒနယ် ၊လွှတ်တော်ကိုယ်စားလှယ်) သည်လည်း ဆေးဝါးကုသမှု နုံချာ ညံ့ ဖျင်းလှရုံမက၊ လူမဆန်စွာပြုမူဆက်ဆံရာ၌ နာမည် ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်တွင် တခါသုံးဆေးထိုးအပ် မသုံးမှုကြောင့်  (HIV/AIDS) ရောဂါကူးစက်ခံရ၍ ၁၉၉၆ ခုနှစ် သြဂုတ်လ (၂) ရက်နေ့ အသက်(၅၀) တွင် အချိန်မတိုင်မီ ကွယ်လွန်ခဲ့ရ သည်။

ဦးလှသန်းသည် သူ့ ကျန်းမာရေးကို သူ အလွန်ဂရုစိုက်သူဖြစ်သည်။ အင်းစိန်ထောင်၊ တိုက် ၄ (အတို)တွင် သူနှင့်အတူ စာရေးသူနေခဲ့ဖူးသည်။ မိလ္လာချ ခွင့်ပေးချိန်၊ ရေချိုးခွင့် ပေးချိန်များတွင် ဦးလှသန်းသည် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ အမြဲလိုလို လုပ်လေ့ရှိသည်။ အခြားသူတို့ ကိုလည်း ကျန်းမာရေးဂရုစိုက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်ပင် သူက တိုက်တွန်းနှိုးဆော်တတ်သေးသည်။ စာရေးသူမှတ်မိသလောက် သဘောမဆိုးသော ထောင် ၀ါဒါများက ရေချိုးပြီးနောက် တိုက်ခန်း မပိတ်သေးဘဲ၊ လွတ်လွတ်လပ်လပ်နေခွင့် ပြုလျှင် တိုက်ခန်းနံပတ် (၁၉)တွင် နိုင်ငံရေး ဆွေးနွေးကြမြဲဖြစ်သည်။ ထိုဆွေးနွေးဝိုင်းတွင် ဦးလှသန်း အမြဲ ထက်ထက်သန်သန်ပါဝင်တတ်သည်ကို မှတ်မိနေသည်။

ထိုစဉ်က တိုက်ခန်း(၁၉)တွင် ပြည်သူ့ တိုးတက်ရေးပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသော ဦးမြစိန် (စာရေးဆရာ စိန်မင်း)၊ ဦးလေးမြင့် (စာရေးဆရာလှကွန့် )၊ ဦးဟန်တင့်နှင့် ဦးသောင်းထိုက် (ကွယ်လွန်)တို့ နေကြသည်။

စာရေးသူက အခန်း(၂၃)တွင် ဦးချို(ကျိုက္မရော)နှင့်၎င်း ဦးလှသန်းက အခန်း(၂၇)တွင်ဦးမြ၀င်း(အင်္ဂပူ ၁၊ လွှတ်တော် ကိုယ်စားလှယ်၊ ယခု အမေရိကန်တွင်နေသူ) နှင့်၎င်း နေရသည်။

စကားပြောခွင့် အချိန် ကလေးရတိုင်း အခန်း(၁၉) စကားဝိုင်းတွင် ဦးလှသန်းကို ပုံမှန်တွေ့ ရတတ်သည်။ ထို့ ပြင် ဦးလှထွန်း(ကြည့်မြင်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ မောင်မောင်လတ် (သာကေတ ၊ လွှတ်တော်ကိုယ်စားလှယ၊ကွယ်လွန်)၊ ဦးကျော်သွင် (ခရမ်း ၁ ၊လွှတ်တော် ကိုယ်စားလှယ်၊ယခု နော်ဝေ)၊ ကျောင်းသားများဖြစ်ကြသော ကိုတင့်ဆန်း(ရကသ)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ ဘောင်သစ်၊ယခု နော်ဝေ)၊ ကိုဝင်းသိန်းနှင့် ကိုစိန်လှိုင် (သုံး ရောင်ခြယ်) တို့ လည်း (၄) တို တိုက်မှာပင် ရှိနေကြ သည်။

 (၁၉၉၃-၉၄) ကာလဖြစ်၍ ထိုစဉ်က နိုင်ငံရေးတိုက်ဝင်းများတွင် လွှမ်းမိုးနေသော အကြောင်း အရာမှာ အမျိုးသား ညီလာခံ တက်သင့်၊ မတက်သင့် ကိစ္စပင်ဖြစ်သည်။ ညီလာခံက ချမှတ်လိုက်သော အခြေခံမူ (၆)ချက်အနက်၊ (အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး) ဆိုသည့် နံပတ် (၆) အချက်ကို လက်ခံသင့် မသင့် ဆိုသော ပြဿနာက အဓိက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

ဦးလှသန်းသည် တပ်မတော်(ရေ)တွင် ၁၂ နှစ်မျှ စစ်မှုထမ်းခဲ့ဖူးသူဖြစ်သော်လည်း ထိုကိစ္စကို စဉ်းစားရာ၌ အချို့ သော ပုဂ္ဂိုလ်များကဲ့သို့ တွေဝေမှုမရှိ။ သူ က တပ်မတော်သည် ကာကွယ်ရေးဝန်ကြီး၏ စီမံကွက်ကဲမှုအောက်၌ သာရှိရမည်ဟု ယူဆသူဖြစ်သည်။ ဦးလှသန်းသည် တက္ကသိုလ်တွင် ဥပဒေပညာ သင်ယူစဉ်က ဖွဲ့ စည်းပုံအခြေခံဥပဒေဘာသာရပ်ကို လေ့လောသင်ယူခဲ့ရသူဖြစ်သည်။ ထို့ ကြောင့် တိုက်ခန်းနံပတ် (၁၉) နိုင်ငံရေးဆွေးနွေးဝိုင်းများ၌ ဥပဒေဆိုင်ရာ ကိစ္စရပ်များ ဆိုလျှင် သူက ဒိုင်ခံရှင်းပြတတ်သည်။ အဖွဲ့ ချုပ်တွင် တာဝန်ရှိသူဖြစ်လာသောအခါ သူသည် ဖွဲ့ စည်းအုပ်ချုပ်ပုံနှင့် စပ်လျဉ်း၍ ပိုမိုဖတ်ရှုလေ့လာဖြစ်ကြောင်းလည်းပြောပြဖူးသည်။ လွတ်လပ်ရေးအတွက် တက်သုတ်ရိုက်ဆောင်ရွက်ခဲ့ရသဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ တွင် အားနည်းချက်များရှိခဲ့ကြောင်း သူက ဝေဖန်ပြဖူးသည်။ အဓိကအားနည်းချက်မှာ တိုင်းရင်းသားများအား တန်းတူအခွင့်အရေးပေးရန် ပျက်ကွက်ခဲ့မှု ဖြစ်ကြောင်း သူက ထောက်ပြဖူးသည်။ တာဝန်ရှိသည့် ဖဆပလ ခေါင်းဆောင်များက ထို အားနည်းချက်များကို အချိန်မီ မပြင် ဆင်နိုငိခဲ့သည့်အပြင်၊ မိမိတို့ အုပ်စု အာဏာမြဲရေးကို အာရုံစိုက်နေခဲ့သဖြင့် တိုင်းပြည်ဖရိုဖရဲဖြစ်ရသည်ဟူသော သူ့ ဝေဖန်ချက်ကို မှတ်မိနေသေးသည်။

ဦးမြစိန် (စာရေးဆရာ စိန်မင်း)က ထိုစဉ်က အကြောင်းများကို ပြန်ပြောဖြစ်တိုင်း ဦးလှသန်းသည် သူ အထူးလေးစားသူများ အနက်တွင် တဦးဖြစ်ကြောင်း ပြောပြတတ်သည်။ အထူးသဖြင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့် ပြည်သူဘက်က ရပ်ရမည်၊ ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်ရမည် ဆိုသည်ကို ကောင်းစွာသိရှိသူ၊ နိုင်ငံရေးအမြင် ရှင်းလင်းသူဟု ဦးမြစိန်က ဦးလှသန်းအပေါ် မှတ်ချက်ပေးဖူးသည်။

တိုက်ပိတ်ခံထားရသည့် အချိန်များတွင် ဦးလှသန်းသည် ပလပ်စတစ်လက်ဆွဲအိပ်များ ထိုးခြင်းဖြင့် ငြီးငွေ့ ဖွယ်အချိန်များကို ကျော်ဖြတ်လေ့ရှိသည်။ မိသားစုများ ထောင်ဝင်စာလာတွေ့ သည့်အခါ ငါးပိကျော် ငါးခြောက်ကျော်အစရှိသည့် စားသောက် စရာများကို ပလပ်စတစ်အိပ် များဖြင့် ထည့်ပေးလေ့ရှိ သည်။ ထိုပလပ်စတစ်အိပ်များကို သန့် စင်အောင် ဆေးကြော၍ ၀ှက်ထားရသည့် ဘလိတ်ဓါး တခြမ်းပဲ့လေးဖြင့် ညီညီညာညာ စိပ်ဖြာရသည်။ ပြီးမှ စိပ်ဖြာ ထားသော ပလပ်စတစ်ပြား ကလေးများကို စိတ်ရှည်လက်ရှည် ရာဂဏန်းများစွာ ရရှိအောင် နန်းဆွဲရသည်။ ထို ပလပ်စတစ် နန်းကြိုးများကို အသုံးပြု ၍၊ ဒီဇိုင်းလက်ရာမြောက်သည့် လက်ဆွဲအိပ်များထိုးခြင်းဖြစ်သည်။ ဦးလှသန်း၏ လက်ရာ လက်ဆွဲအိပ်များမှာ မည်ကာမတ္တ အဖြစ်မျှ ထိုးယက်ထားခြင်း မဟုတ်ပေ။ စိတ်ကူးစိတ်သန်းကောင်းကောင်း အရောင် အစပ်အဟပ်ညီညီဖြင့် ဒီဇိုင်းလှလှ အိပ်ကလေးများဖြစ်လာအောင် ထိုးထားခြင်းဖြစ်သည်။

ဤသည်ကို ကြည့်၍ ဦးလှသန်းတွင် အနုလက်မှုပညာ၌လည်း ထူးချွန်သည့် အရည်အချင်းများ စိတ်ကူးစိတ်သန်းကောင်း များ ရှိနေသည်ကို သိရသည်။ ထိုသို့ သူကိုယ်တိုင် လုပ်သည့် လက်မှုပညာ ပစ္စည်းကလေးများဖြင့် အပြင်မှ မိသားစုနှင့် မိတ်ဆွေများကို လက်ဆောင်ပေးတတ်သည်။ တနည်းအားဖြင့် ပြင်ပမှ မိသားစုနှင့် မိတ်ဆွေ သင်္ဂဟများ၏ မေတ္တာ စေတနာ စာနာထောက်ခံမှုတို့ ကို သူ့  လက်မှုပညာ လက်ရာကလေးများနှင့် မေတ္တာတုန့် ပြန်ခြင်း ဖြစ်သည်။ သူ့ လက်ရာ တခုပြီးတိုင်းလည်း ရဲဘော်ရဲဘက်များကိုပြ၍ လိုအပ်ချက်ရှိ မရှိ ဝေဖန်ခိုင်းတတ်သည်။ အခြား အိပ်ထိုးလိုသူများကိုလည်း သူက အိပ်ထိုးနည်း သင်ပေးတတ်သေးသည်။ (၄)တို တိုက်တွင် သူနှင့် ထိတွေ့ ဆက်ဆံရင်း ဦးလှသန်းသည် စိတ်နေ စိတ်ထား နုညံ့ပျော့ပျောင်းသူ၊ အနုပညာ စိတ်ရှိသူ၊ လူသားဆန်သူဖြစ်ကြောင်း ပိုမိုနားလည်ခဲ့ရသည်။ ၁၉၉၄ ဧပြီလတွင် စာရေးသူ(၅)တိုက်သို့ ပြောင်းရသောအခါသူနှင့် အဆက်ပြတ်သွားသည်။ သို့ သော် ထောင်ဝင်စာထွက်သည့်အခါ အမှတ် မထင် တွေ့ ဖြစ် နှုတ်ဆက်ဖြစ်ခြင်းမျိုးတော့ရှိသည်။ ထိုနှစ် အောက်တိုဘာလောက်တွင် စာရေးသူ (၃)တိုက်သို့ ပြောင်းရ ပြန်သည်။ ဦးလှသန်းကတော့ (၄) တို တိုက်မှာပင် ရှိနေဆဲဖြစ်သည်။

(၃)တိုက် နိုင်ငံရေးအကျဉ်းသားများ တာဝန်ယူပြုစုသည့် ထောင်တွင်းလူ့ အခွင့်အရေးချိုးဖေါက်မှုအစီရင်ခံစာတွင် လူတရာကျော်လက်မှတ်ရေးထိုး၍ ကုလသမဂ္ဂသို့ လျှို့ ဝှက်ပေးပို့ စဉ်က ဦးလှသန်း၏ လက်မှတ်လည်းပါဝင်ခဲ့သည်။ သူ ညနေတိုင်းဖျားသဖြင့် ဆေးထိုး ဆေးသောက်နေရကြောင်း သတင်း ကြားရသည်။ သူ့ အဖျားကို ငှက်ဖျားဆိုကာ ထောင်ဆေးမှူးက ဆေးထိုးပေးနေသည်မှာ လချီ၍ကြာသည်။ နောက် မပျောက်တော့မှ သလိပ်စစ်ရာ၊ တီဗီ အဆုတ်ရောဂါဟုဆိုကာ ဆေးပြောင်းထိုးပြန် သည်။ အင်းစိန်အကျဉ်းထောင်ကို (၁၈၆၅ ခုနှစ်) ဆောက်လုပ်သည်။ ဗြိတိသျှကိုလိုခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်၊ န၀တခေတ် အဆက်ဆက် နှစ်တရာကျော် လူပေါင်းမရေမတွက်နိုင် အောင် အကျဉ်းချထားခဲ့သဖြင့် ရောဂါဘယပိုးမွှားအစုံ ခိုအောင်းနေပေ သည်။ ထို့ ကြောင့် မူလက ကျန်းကျန်း မာမာ ရှိသော ဦးလှသန်းမှာ ရောဂါကူးစက်ခံရပုံရသည်။ လတ်ဆတ်သန့် ရှင်းသော ရိက္ခာကို မမှီဝဲရ၊ သန့် ရှင်း သည့် ရေ မသောက်ရ၊ လေကောင်းလေသန့် မရှူရှိုက်ရ၊ နေရောင်ခြည်အလုံအလောက်မရရှိဘဲ၊ တိုက်ပိတ်ခံထားရခြင်းကြောင့် ရောဂါကူးစက်ရန် အလွန်လွယ်သည့်နေရာဖြစ်သည်။ ပိုဆိုးသည်မှာ မကျန်းမာ သည့် အခါ သန့် ရှင်းသည့် တခါသုံး ဆေးထိုး အပ်ဖြင့် မဟုတ်ဘဲ၊ ပြီးစလွယ် ကြုံရာအပ်ဖြင့် ဆေးထိုးခံရခြင်းဖြစ်သည်။ အရက်ပြန်ကိုပင် ကျကျနန အသုံးပြုခြင်းမရှိ။ သက်ဆိုင်ရာအိမ်များက ခက်ခက်ခဲခဲ တခါသုံးအပ် ပို့ ပေးသော်လည်း ကိုယ့်အပ် ကို သိမ်းထားခွင့်မရှိ၊ သူတို့ ထံ၌သာ ပေးအပ်ထားရသည်။ တကယ်ဆေးထိုးသည့်အခါ ကိုယ်အပ်နှင့် ကိုယ် သုံးရခြင်းဟုတ် မဟုတ် စိစစ်ရန်မလွယ်။ သို့ ဖြင့် ဦးလှသန်းမှာ နောက်ဆုံးအိပ်ယာတွင်လဲကာ ဆေးရုံတင်ရသည်အထိ ဖြစ်ရတော့သည်။ ဆေးရုံတွင် စစ်ဆေးချိန်ကျမှ သူ့ တွင် (HIV/AIDS) ရောဂါကူးစက်ခံနေရသည်ကို သိရတော့သည်။

ထောင်တွင်းလူ့ အခွင့်အရေးချိုးဖေါက်မှုအစီရင်ခံစာ အပြင်သို့ ရောက်သွားခဲ့သဖြင့် ၁၉၉၅ အောက်တိုဘာလထဲတွင် အင်းစိန်ထောင် နိုင်ငံရေးတိုက်ဝင်း အတွင်း စစ်ထောက်လှမ်းရေးက ၀င်ရောက်စီးနင်းရှာဖွေခဲ့သည်။ နိုင်ငံရေးအကျဉ်းသား အများအပြား အမှောင်တိုက်ပိတ်ခံကြရသည်။ ကြမ်းတမ်းစွာ စစ်ကြောမေးမြန်းခံကြရသည်။ ဆရာဦးဝင်းတင်၊ ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ ၁ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာမြင့်နိုင် (ကန့် ဘလူ ၂ ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနိုင်းနိုင်း (ပုဇွန်တောင် ၊လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာခင်ဇော်ဝင်း၊ မျိုးမြင့်ငြိမ်း၊ ကိုထွန်းဝင်း(မင်းဗျားစီးနင်းမှု) နှင့် စာရေးသူတို့ မှာ စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသည်၊

ထိုကာလတွင် ဦးလှသန်းသည် (HIV/AIDS) ရောဂါကူးစက်ခံရ၍ ရန်ကုန်ဆေးရုံကြီး မြေအောက်အချုပ်ခန်း၌ ရောက်ရှိ နေသည်။ ဆေးရုံတင်ထား သော်လည်း စနစ်တကျ ဆေးဝါးကုသမှု ရရှိသည်မဟုတ်။ ဦးလှသန်းသည် ယုံကြည်ချက် အလွန် ခိုင်မာသူဖြစ်သည်ဟု သူနှင့်အတူ ဆေးရုံအချုပ်ခန်းတွင် အတူနေခဲ့ဖူးသည့် ခရမ်းရဲစခန်းမှ ရဲတပ်သားတဦး(အမည် မမှတ်မိ) က ပြန်ပြောပြသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ဘာကြောင့် ပေါ်ပေါက်ခဲ့ရ သည် ဆိုခြင်းကို ဦးလှသန်းက ဆေးရုံအချုပ်တွင် မမောနိုင် မပန်းနိုင်ရှင်းပြတတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အကြောင်း၊ အမျိုးသားညီလာခံကို ဘာကြောင့် အတုအယောင်ဟု ဆိုနိုင်ကြောင်း၊စသည်တို့ ကိုလည်း သူတို့ အား ဦးလှသန်းကရှင်းပြပုံ တို့ ကို ထို ရဲသားဟောင်း လူငယ်က ပြောပြခဲ့သည်။ ရဲအထူးသတင်းတပ်ဖွဲ့ နှင့် စစ်ထောက်လှမ်းရေး ဘက်မှ ပုဂ္ဂိုလ်များ နေ့ စဉ်လာ၍ ဦးလှသန်းအား နိုင်ငံရေး မလုပ်တော့ရန်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက် ရန် လာပြောကြသည်ကို တွေ့ ရပြီး၊ ဦးလှသန်းက လုံးဝမနှုတ်ထွက်နိုင်ဟု ငြင်းဆိုခဲ့ပုံ တို့ ကိုလည်း ထို လူငယ်က ပြောပြ သည်။

နောက်ဆုံးတွင် စစ်ထောက်လှမ်းရေးက ဦးလှသန်းအတွက် လိုအပ်သည့်ဆေးများကို နိုင်ငံခြားမှ မှာထားကြောင်း၊ ဦးလှသန်း အနေဖြင့် နိုင်ငံရေးမှ နှုတ်ထွက်မှသာ ထိုဆေးဝါးများဖြင့် ကုသပေးမည်ဖြစ်သည်ဟု အကြပ်ကိုင်ခဲ့ပုံကိုလည်း ထိုလူငယ်က ပြောပြခဲ့သည်။ ဦးလှသန်းက ဆေးကုသမှု မပေးလိုလျှင်လည်း ရှိစေ၊ သူ့ အနေဖြင့် လူထုက အပ်နှင်းထား သည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လုံးဝ နှုတ်ထွက်မည် မဟုတ်၊ အသေသာခံ သွားမည်ဟု ခိုင်ခိုင်မာမာ တုန့် ပြန်ခဲ့ ကြောင်း အဆိုပါ လူငယ်မှတဆင့် ပြန်ကြားခဲ့ရသည်။

ဦးလှသန်းကား သူ့ သန္နိဋ္ဌာန်နှင့်အညီ ယုံကြည်ချက်ကို မစွန့်  လွှတ်ခဲ့။ သူ၏ နောက်ဆုံးအချိန်များကို တည်ငြိမ်စွာရင်ဆိုင်သွားခဲ့သည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် ထောင်တွင်း၌ သူ ရောဂါရခဲ့ရသည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် သူ ဆေးဝါးကုသခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၉၉၆ သြဂုတ်(၂)ရက်နေ့ ၌ အာဏာရှင်စနစ်က ဦးလှသန်းအား လူမဆန်စွာ သတ်ဖြတ်လိုက်သည်။ သို့ သော်လည်း သူ၏ သန္နိဋ္ဌာန်နှင့် ယုံကြည်ချက်ကိုကား အာဏာရှင်တို့ သေအောင် မသတ်နိုင်ခဲ့။

ဦးလှသန်းကား သူ့ ပခုံးထက်သို့ ကျရောက်လာသော သမိုင်းရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်သွားခဲ့ပေပြီ။ သူ့ နာမည်ကား နိုင်ငံ့သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့ပြီ။ သူကား မမေ့အပ်သည့် နိုင်ငံ့သားကောင်းများအနက်မှ တဦးဖြစ်ပေသည်။

 

ကိုးကား။     ။

(၁) ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း – မြန်မာ့အလင်း အောင်သန်း

(၂) ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း – ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့ နယ် အမှတ်(၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)၊

(၃) Letters from Burma – Aung San Suu Kyi


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)