ကျော်မောင်(တိုင်းတာရေး) – ကျနော့်ခြေထောက် ညစ်ပတ်နေသည်

August 4, 2015

ကျော်မောင်(တိုင်းတာရေး) – ကျနော့်ခြေထောက် ညစ်ပတ်နေသည်
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅

မိတ်ဆွေတယောက်က သူ့အယူအဆကို ပြောဖူးသည်။ ငါတော့ လက်သီးတွေ တံတောင်တွေထက် ခြေထောက်ကို ပိုသဘောကျတယ်။ ခြေထောက်ဆိုတာ ခန္ဓာကိုယ်မှာ အပြင်ကိုဆန့်ထုတ်တဲ့အခါမှာ အရှည်ဆုံးကွ။ လက်နက်မဲ့ တိုက်ခိုက်ရမယ်ဆို ခြေထောက်နဲ့သာ လှမ်းကန်ပေတော့။ လက်သီးနဲ့ ထိုးတာက တဖက်လူအနား ကပ်နေရသေးတယ်။ နောက်ပိုင်းတွင် တိုက်ကွမ်ဒို ကစားနည်းကို ထိုမိတ်ဆွေ လေ့လာလိုက်စားမည်ဟု မှန်းကြည့်မိသည်။

ခြေထိုးအကသည် တချိန်တခါက နာမည်ကြီးခဲ့သည်။ အခုထိလည်း နာမည်ကြီးဆဲဖြစ်သည်။ တောင်ကြီး ခြေဖ၀ါးအောက်ဆိုတာ ပြောကြဆိုကြသည်။ တောင်ကြီးတွေလည်း မရှိတော့။ လက်ဖ၀ါးအောက်တွင် လက်မှတ်ထိုးရင်း ပျောက်ကုန်ကြသည်။ အိပ်ရာမ၀င်ခင် ခြေထောက်ကို ဆေးရတယ်၊ ဒါဆို မဆင်းရဲဘူးဟု ပြောသောကြောင့် အိပ်ခါနီး ခြေဆေးကြသည်။

တရက်တွင် ပစ္စည်းတခုသွားဝယ်ရာ ရောင်းသောဆိုင်ရှင်က ကြမ်းပြင်မှာ ချထားသောပစ္စည်းကို ခြေထောက်ဖြင့် ထိုးပြသည်။ စူပါမားကတ်များတွင် ဈေးဝယ်သည့်အခါ ဆိုင်မှပေးထားသော ဈေးဝယ်ခြင်းတောင်းဖြင့် ၀ယ်ကြသည်။ ပစ္စည်းများ ထည့်ပြီးသောအခါ ခြင်းကို ငွေရှင်းကောင်တာဆီသို့ လက်ဖြင့်ဆွဲသွားသည်။ လူများ၍ တန်းစီရသည့်အခါ ဈေးဝယ်ခြင်းကို ကြမ်းပြင်သို့ချသည်။ ရှေ့တိုးသောအခါ ခြင်းကို ခြေဖြင့် တွန်းကာ တိုးသွားသည်။ ချက်ပြုတ်မည့်အစားအစာ၊ စားသောက်မည့် အစားအသောက်ထည့်ထားသောခြင်းကို ခြေထောက်ဖြင့် တွန်းထိုးကာ ရွှေ့သည့်ဓလေ့ကို နားမလည်နိုင်ဖြစ်ရသည်။ ကြမ်းပြင်ကို ခပ်ကြမ်းကြမ်းမနင်းရ၊ ခြေနင်းအရမ်းကြမ်းတာပဲဟု အကဲ့ရဲ့ခံရမှာကို အလွန်စိုးရွံ့ခဲ့ကြသည်။ ကမ္ဘာကျော်ဘောလုံးသမားတွေ၏ ခြေထောက်တွေသည် ဘောလုံးကန်ဖို့သက်သက် အတွက်သာ ပေါက်ပေးရတာလားဟု တခါက တွေးခဲ့ဖူးသည်။

တချို့ပုဂ္ဂိုလ်တွေမှာ ခြေဖ၀ါးတွေ၊ ခြေဖမိုးတွေက နုနေသည်။ ခြေအိတ်အမြဲတမ်းဝတ်၊ ရှူးဖိနပ်ကို တပတ် ငါးရက်လောက် စီးနေရသည့်အတွက် နုနေတာမဆန်း။ ခြေအိတ်ဝတ်ထားသည့်အတွက် ပေစရာ ရေစရာမရှိ။ ခြေညှပ်ဖိနပ်စီးတော့မှ ခြေထောက်တွေကို ခဏခဏ ဆေးရတော့သည်။ ကတ္တီပါဖိနပ်စီးလျှင် သဲကြိုးကြားမှ ခြေဖမိုးက ထင်းထင်းကြီးဖြစ်နေသည်။ ခြေသည်းတွေ မရှည်အောင်လည်း ညှပ်ရသေးသည်။ ခြေအိတ်စွပ် ရှူးဖိနပ်စီးထားရသည့် အခြေအနေမှ ခြေအိတ်မပါပဲ သဲကြိုးဖိနပ်စီးရသည့် ဘ၀အရောက်တွင် ရှူးဖိနပ်စီးခဲ့ရတုန်းက ခြေအိတ်တွေလျှော်ရတဲ့ ဘ၀ကို ပြန်လည်အောက်မေ့တသသူများ ရှိပေလိမ့်မည်။

တခါတုန်းက ဖြစ်သည်။ ဇာတိမြို့ကလေးမှာ တနေရာသွားမယ်ကြံတော့ ဖိနပ်က ရှာမရ။ တွေ့မယ့်တွေ့တော့ တဖက်မကောင်းသည့် အရံတွေပဲ တွေ့သည်။ မထူးပါဘူး ခြေဗလာလျှောက်တာပေါ့ဆိုကာ မြို့လုံးပတ်ကာ ဖိနပ်မပါ ခြေဗလာဖြင့်သွားသည်။ အိမ်ပြန်ရောက်တော့ ခြေထောက်နှစ်ဖက်က အတော့်ကို ညစ်ပတ်နေခဲ့ဖူးသည်။

လမ်းလျှောက်တတ်စ ကလေးကို မြေဓာတ်ရအောင်ဆိုကာ ဖိနပ်မစီးပေးဘဲ ခြေဗလာနင်းစေသည်။

ခြေဦးတည့်ရာသွားသည်၊ ခြေသလုံးအိမ်တိုင်သမားများ၊ ခြေကုန်သုတ်သည်၊ ခြေကုပ်ယူသည်၊ ခြေကျသွားသည်၊ ခြေကျင်လျှောက်သည်၊ ခြေကြွခ တောင်းသည်၊ ခြေချင်းလိမ်နေသည်၊ ခြေစုံပစ်ဝင်သည်၊ ခြေဆုံးခေါင်းဆုံးကြည့်သည်၊ ခြေတိုအောင်သွားရသည်၊ ခြေထိုးကောင်းသည်၊ခြေနင်းဖက်ထဲ မအိပ်ရ၊ ခြေရာတိုင်းသလား စသည်တို့သည် လည်းကောင်း၊ “ခြေထောက်တဖက် ထောက်လို့ရပ် တချောင်းငင်လို့မှတ်၊ နှစ်ဖက်ရပ်တော့ နှစ်ချောင်းငင် ပြေးပွဲပြိုင်ပွဲဝင်၊ ပြေးရင်းပင် နောက်ပြန်လဲ၊ နောက်ပစ် ကလေးပဲ “ စသည်တို့သည်လည်းကောင်း ခြေကို ဖော်ပြသော စကားလုံးများ၊ စာစုများဖြစ်ပေသည်။ အဘိဓာန်ကောက်လှန်ကာ တကူးတက ရှာရေးလိုက်ခြင်းဖြစ်သည်။ ကဗျာမှာ ငယ်ငယ်ကတည်းက အလွတ်ရခဲ့တာဖြစ်သည်။ တော်ပေစွ။

စာထဲက ခြေတွေတင်မက အပြင်ကခြေထောက်တွေကိုပါ လိုက်ကြည့်မိသည်။ အတော်များများ၏ ခြေထောက်များမှာ လှလှပပ သန့်သန့်ရှင်းရှင်း။ ကျနော်တယောက်သာ ညစ်ပတ်နေသော ခြေထောက်များဖြင့်။ ရေဆေးရန် ရေရှာသည်။ မတွေ့။ ထပ်ကာ ကြိုးစား၍ရှာသည်။ တနေရာတွင် ရေဗူးကြီးတွေထဲမှာ ရေတွေကို ထည့်ထားတာကို တွေ့မိသည်။ ဘာပဲဖြစ်ဖြစ် ဆေးရတော့မည်ဟု ကြံလိုက်သည်။ ထိုရေမှာ ခက်ခက်ခဲခဲ ခပ်ယူလာရသော ရေဖြစ်သည်။ ရေကြီးဒေသမှ လူများ သုံးစွဲရန်သင့် မသင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးဖို့ ထိုဒေသတွေမှ တကူးတက သယ်ယူလာသောရေဖြစ်ကြောင်း သိရသည်။ ရေဗူးတွေမှာ ဘယ်အရပ် ဘယ်ဒေသက ရေများ ဆိုပြီး စာများကပ်ထားသည်။

သောက်ရေအတွက် တွေးပူမိသည်။ ရေသန့်ကားကြီးများ ထိုအရပ်ဒေသများသို့ အစီအရီသွားနေကြောင်းသာမက ရေသန့်စက်ပါသော ကားကြီးများ စောစောကပင် ရောက်နေကြောင်း သတင်းကြေငြာသွားသည့်အခါမှ သက်ပြင်းချမိသည်။ ဟင် ကားလမ်းတွေကော ရေမကြီးဘူးလား၊ သူတို့ ဘယ်လိုမောင်းကြပါလိမ့်ဟု စဉ်းစားမိသည်တွင် တခါတုန်းက ရေဒီယိုတွင် နားထောင်ခဲ့ဖူးသော ဟဒယရွှင်ဆေး အစီအစဉ်ထဲမှ အဘ ရှေ့ဖုံးထဲမှာ နွားပါတယ် ဆိုတာကို သတိရမိသည်။ အခုလည်း ကားလမ်းပိတ်လျှင် လင်းနို့လူသားလုပ်သလို ကားတွေက လေယာဉ်ပျံ အလိုအလျောက် ဖြစ်သွားကာ လေထဲက သွားကြပေလိမ့်မည်။

ခြေထောက် မဆေးမီ တယောက်က သတိပေးသည်။ စစ်ဆေးပြီးမှ သုံးဖို့အကြံပေးသည်။ ကျနော်က မမှု။ ခြေထောက်များတွင် ပေရေနေသည့်ရွှံ့ဗွက်များကို ဖယ်ရှားဖို့သာ ခေါင်းထဲမှာရှိသည်။ ဒီရေတွေသုံးလိုက်လို့ စစ်ဆေးဖို့ရေတွေ လျော့သွားမှာကိုပဲ စိုးရိမ်မိသည်။ နောက်တယောက်က ဒီကိစ္စကို မပူပါနဲ့ဟု အားပေးစကားဆိုရှာသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်တွေက နေ့တိုင်းပျံသန်းနေကာ အကူအညီပေးနေတာဖြစ်ကြောင်း၊ အသက်ကယ်ဝတ်စုံများမှာ ပိုလျှံကာနေသေးကြောင်း၊ လက်ရှိတာဝန်ယူနေသော ပုဂ္ဂိုလ်များကလည်း သူတို့ခြေထောက်များ ပေချင်ပေပါစေ၊ ညစ်ပတ်ချင်ညစ်ပတ်နေပါစေ၊ ရေဘေးဒုက္ခသည်များနှင့် တသားတည်းရှိနေကြကြောင်း ပြောသည်။

ကျနော် ပြန်မေးလိုက်သည်။ သူတို့စီးတဲ့ ကတ္တီပါဖိနပ်တို့၊ သားရေဖိနပ်တို့ ဘယ်နားသွားထားသလဲဆိုတာ သိချင်သောကြောင့် ဖိနပ်တွေကော ဖိနပ်တွေလေဟု မေးလိုက်သည်။ အဲဒီဖိနပ်တွေပေါ့၊ အိမ်က ထွက်သွားကတည်းက မစီးသွားကြတာဟု ဟိုလူကြီးများ၏ မိန်းမဖြစ်သူတွေမှ မကြားကြားအောင် ပြောသည်။ တွေ့ဖူးပါတယ် ဒီမိန်းမကြီးတွေဟု တွေးရင်း တလောက လုပ်သွားသော အားကစားပြိုင်ပွဲပိတ်ပွဲမှာ ၀တ်ကောင်းစားလှတွေနှင့် ထိုင်နေသောသူများဖြစ်ကြောင်း မှတ်မိသွားသည်။ သူတို့က အခုအခါတွင် ရေထဲမှာ ဒေသခံများနှင့်အတူ သဲအိတ်များကို သယ်ကာ လုပ်အားပေးနေကြခြင်းဖြစ်သည်။ သူတို့သည်လည်း ဖိနပ်မစီးထားကြောင်း တွေ့ရသည်။ ဖိနပ်ဆိုင်တွေ အရှုံးပေါ်နေကြောင်း တဆက်တည်းပြောသည်။ လူကြီးတော်တော်များများ ယခုတလော ဖိနပ်မစီးကြတာကို အဖြေရသွားသည်။ ထို့ကြောင့် သူတို့ခြေထောက်များသည် ကျနော့်ခြေထောက်များထက် ပိုမိုကာ ညစ်ပတ်နေကြပေသည်။

ယခုမှ သတိထားမိသည်။ လှေများပေါ်က လူများသည် ခေါင်မိုးပေါ်တွင် ချထားသော ကျနော့်ခြေထောက်နှစ်ဖက်ကို လှမ်းကြည့်သွားကြတာဖြစ်သည်။ သူတို့တွေကလည်း ခြေဗလာများနှင့်ဖြစ်သည်။ သူတို့ခြေထောက်များသည် ရက်အတော်ကြာကြာ ရေမဆေးဘဲ ထားသည့်အတွက် အလွန်ဆိုးရွားစွာ ညစ်ပတ်နေကြသည်။ သဘောပေါက်သလိုလိုရှိလာသည်။ ကျနော့်ခြေထောက်များကို ကြည့်ပြီး အကဲဖြတ်သွားကြခြင်းဖြစ်သည်။

ကျနော်က သတင်းယူဖို့ရောက်နေသူသာဖြစ်သည်။ ရာဘာဖိနပ်ကလည်း စီးထားသေးသည်။ ခြေထောက်ကိုကြည့်ပြီး ဒုက္ခရောက်နေသူတွေကို အမှန်တကယ်ကူညီသူ ဟုတ်မဟုတ် ချိန်ထိုးသွားကြခြင်းပင်။ ကျနော့်ခြေထောက်ကို ရေမဆေးဖြစ်တော့။ ကင်မရာအစုတ်ကို ပုဆိုးဟောင်းတထည်ဖြင့် သေသေသပ်သပ်ထုပ်လိုက်ပြီး ပါလာသော ကျောပိုးအိတ်ထဲသို့ အသာအယာ ထိုးထည့်လိုက်သည်။ ရာဘာဖိနပ်ကို ခါးမှာမထိုးခင် ပုဆိုးကို တိုတိုပြင်ဝတ်လိုက်သည်။ သတင်းယူဖို့ထက် လုပ်စရာတွေက များလှပေမည်။ နိုင်ငံတကာမှ အကူအညီတွေကလည်း အားရစရာပင်ဖြစ်သည်။ ရေကြီးသတင်းတွေကို မိနစ်တိုင်း စက္ကန့်တိုင်းမှာ သတင်းမီဒီယာတွေမှ မပြတ် တင်ပေးနေသည်။ ကောင်းကင်မှာလည်း ယာဉ်ပျံတွေက စုံလှသည်။ ရေပေါ်မှာလည်း အသက်ကယ်လှေများ၊ ရိုးရိုးလှေများဖြင့် ပြည့်နှက်နေသည်။

ကျနော် တရေးအိပ်မိလိုက်သလိုဖြစ်သွားသည်။ နိုးလာသည့်အခါ ပတ်ဝန်းကျင်က မမှောင်သေး။ သို့သော် အသံတွေက တိတ်ဆိတ်နေသည်။ အဝေးမှ လှော်တက်ခတ်သံကို သဲ့သဲ့ကြားလိုက်ရသည်။ တအောင့်မှာပင် အနားက ဖြတ်သွားပေတော့မည်။ ဟေ့ နေကြဦး ကျနော်လည်းလိုက်မယ်ဟု ကျယ်ကျယ်အော်လိုက်ရင်း ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ မိုးဆက်မရွာလို့သာ တော်တော့သည်။ မိုးကာဝတ်စုံက မနေ့ကပင် ပြဲသွားပြီ ဖြစ်သည်။အသုံးမ၀င်တော့သောကြောင့် လွှတ်ပစ်လိုက်ရသည်။ ဟိုကောင်လေး သိသွားလျှင် စိတ်မကောင်းဖြစ်ပေတော့မည်။ မတတ်နိုင်။ မိုးကာက သူစွန့်ကြဲသွားတာဖြစ်သည်။ သူ့မှာ မိုးကာပေါင်း သောင်းခြောက်ထောင်မက ရှိသည်ဟုဆိုသည်။

လှေထဲရောက်သွားသည်။ ဘယ်သွားမလည်း ရာဘာဆရာကြီး၊ ကျနော်တို့က လိုအပ်တာတွေ လိုက်ဝေနေတာ ဟု လှေလှော်နေသူတယောက်က နောက်လှည့်ကြည့်ရင်း လှမ်းပြောသည်။ သူက ရာဘာဖိနပ် ခါးကြားထိုးထားသော ကျနော့်ကို လှေပေါ်မတက်ခင် သတိထားမိသူဖြစ်နိုင်သည်။ ထို့ကြောင့် ရာဘာဆရာကြီးဟု အမည်လှမ်းပေးလိုက်ခြင်းဖြစ်သည်။ အသက်ကယ်ဝတ်စုံ မ၀တ်ထားသော ကျနော့်ကို ဆရာကြီး ရေကောင်းကောင်းကူးတတ်တယ်နော်။ ဆွင်မင်းအော်လော်ဂျီလေ။ သိတယ်မလားဟု လှမ်းနောက်သည်။ ရေကူးကန်တွေကို မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် ဖောက်လုပ်ပေးထားသော လူကြီးများနှင့် သူတို့၏ အကြံပေးများကို ကျေးဇူးလှမ်းတင်မိသည်။ ကျနော် ရေကူးတတ်တာက သူတို့ အမြော်အမြင်ကြီးမှု၏ ရလာဒ်ဖြစ်သည်။

သူပြောမှ နိုင်ငံခြားရုပ်ရှင်ကားတကားကို အမှတ်ရမိသည်။ “ရေကမ္ဘာ“ အမည်ရတဲ့ ဇာတ်ကားဖြစ်သည်။ ဇာတ်လိုက်မင်းသားက ရေအောက် ကြာကြာငုပ်နိုင်သည်။ ခေါင်းအသာ ညိတ်ပြရင်း ကျနော့်မျက်လုံးတွေက ခုနက မေးသူ၏ ခြေထောက်များဆီ အမှတ်မထင် ရောက်သွားသည်။ သူကတော့ သိဟန်မတူ။ ကျနော် အံ့သြသွားသည်။ သူ့ခြေထောက်များမှာ ညစ်ပတ်မနေသည်သာမက  သန့်ရှင်းနေပေသည်။ ရွှံ့တစက်ကလေးမျှ မတင်။ တခုပဲရှိသည်။ လှေထဲမှာ သူဖိနပ်စီးထားတာတွေ့လိုက်ရလို့ဖြစ်သည်။

သူက လှေလှော်ရင်း လှမ်းပြောသည်။ ခင်ဗျားခြေထောက်တွေ ညစ်ပတ်နေတယ်ဗျ။ ဟုတ်တယ် ကျနော့်ခြေထောက်တွေ ညစ်ပတ်နေတယ်။ ကျနော် ရေမဆေးဖြစ်တာ ကြာပြီဗျ။ သူ့ဆီက အပြုံးကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ ကျေနပ်သွားသည်ဆိုတာကို ကျနော် အသေအချာပြောရဲပါသည်။ ကောင်းကင်ကို မော့ကြည့်မိသည်။ မိုးက ရွာမည့်ဟန်ပြင်နေသည်။ မိုးရယ် မရွာပါနှင့်ဦးဟု စိတ်ထဲက ပြောမိသည်။ ချမ်းကလည်း ချမ်း၊ ထမင်းကလည်း ဆာလှပြီ ဖြစ်သည်။ ညစ်ပတ်ပေရေနေသော ကျနော့်ခြေထောက်များ အေးနေပေပြီ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်