လှကျော်ဇော – ရည်ရွယ်ချက် တူညီသူများ

August 8, 2015

၁၉၇၀ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ- လွတ်မြောက်တဲ့ဒေသတနေရာမှာတွေ့ရတဲ့ ရဲဘော်နော်ဆိုင်း
လှကျော်ဇော – ရည်ရွယ်ချက် တူညီသူများ
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၅

၁၉၄၉ ခုနှစ် အစောပိုင်း ဖေဖေ မေမြို့မှာ မြောက်ပိုင်းတိုင်းမှူးတာဝန် ထမ်းဆောင်နေရာက ဗိုလ်ချုပ်နေဝင်းက ရန်ကုန်အမြန် ဆင်းလာဖို့ခေါ်ပြီး ဖေဖေရန်ကုန်ရောက်တာနဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ပေးလွှတ်ပြီး အင်းစိန်တိုက်ပွဲကို တိုက်ဖို့ ညွှန်ကြားလိုက်ပါတော့တယ်။

အဲဒီအချိန်က တပ်မတော်တွင်းမှာရှိတဲ့ ကရင်လက်နက်ကိုင်တပ်ရင်းများက ကေအင်ဒီအိုများနဲ့ ပူးပေါင်းလိုက်ပြီး မင်္ဂလာဒုံ မှာရှိတဲ့ ကရင်တပ်များက ဖဆပလ အစိုးရကိုပုန်ကန်ကြောင်း ကြေညာပြီး တောင်ပိုင်းစစ်ဌာနချုပ်ကို ခေတ္တဝင်စီးပြီး အင်း စိန်ထဲ ဝင်သွားကြပါတယ်။ ဒါကြောင့် အဓိကစစ်မြေပြင်ဟာ အင်းစိန်ဖြစ်ပြီး စစ်ဌာနချုပ်ကိုလည်း အဲဒီမှာဖွင့်ထားပါတယ်။ အဲဒီစစ်မျက်နှာကို ဖေဖေက ကွပ်ကဲဖို့ ရောက်သွားပါတော့တယ်။

ဒီမှာတင် မေမေတို့သားအမိ မေမြို့မှာ သောင်တင်ကျန်ခဲ့ပါတော့တယ်။ ဖေဖေက သူခဏပြန်ပြီး မေမေတို့သားအမိကို ခေါ်ပါရစေလို့တောင်းပန်ပေမယ့် မရတော့ဘဲ၊ မေမေတို့ကိုခေါ်ပေးဖို့ ယူဘီအေက လေယာဉ်တစီးလွှတ်ဖို့ အစိုးရက စီစဉ် ပေးပါတယ်။ အဲဒီလေယာဉ်က မိတ္ထီလာလေယာဉ်ကွင်းကိုဆင်းပြီး ဓာတ်ဆီဖြည့်ရပါတယ်။ ဒီတင် မိတ္ထီလာကို သိမ်းထားတဲ့ ဗိုလ်နော်ဆိုင်းဦးစီးတဲ့ ကရင်တပ်က အဲဒီလေယာဉ်ပျံကို စီးနင်းသိမ်းပိုက်လိုက်ရပါတယ်။ အဲဒီကရင်တပ်များက ပဲခူးစစ် မျက်နှာက ဆုတ်လာတဲ့ တပ်များပါ။ တပြည်လုံးလည်း ဖရိုဖရဲ ကသောင်းကနင်းဖြစ်နေလို့ အဲဒီနေ့ မနက်အစောကြီးက မိတ္ထီလာကို သိမ်းတဲ့သတင်း မင်္ဂလာဒုံမရောက်ခင် ဒီလေယာဉ်က ထွက်လာခဲ့တာပါ။ အဲဒီနေ့ဟာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ဖြစ်ပါတယ်။

ဗိုလ်နော်ဆိုင်းဟာ အဲဒီလေယာဉ်နဲ့ မေမြို့ကိုသွားပြီး မေမြို့ဆက်သွယ်ရေးတပ်ဝင်းအတွင်းမှာ ဖေဖေ လက်နက်ဖြုတ်ပြီး ထိန်းသိမ်းထားတဲ့ ကရင်တပ်သားများကို လက်နက်တပ်ဆင်ပေးပြီး အဲဒီနေ့မှာပဲ မေမြို့ကို သိမ်းလိုက်ပါတော့တယ်။

မေမေ့ကို အဲဒီနေ့က ရန်ကုန်က လေယာဉ်လာခေါ်မယ်လို့ အကြောင်းကြားထားလို့ အထုပ်အပိုးတွေပြင်ပြီး စောင့်နေတာ ညနေစောင်းအထိ လာမခေါ်ဘဲ၊ မေမြို့ကရင်တွေလက်ထဲ ရောက်သွားပြီဆိုတဲ့သတင်းပဲ ရလိုက်ပါတော့တယ်။ အဲဒီညတွင်း ချင်းမှာပဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဧည့်ခံရိပ်သာမှာ ဖေဖေ နေရာချထားပေးခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းက လူလွှတ်ပြီး သူတို့ နဲ့ လာပေါင်းနေဖို့ခေါ်လို့ မေမေတို့သားအမိ လိုက်သွားပြီး အဲဒီဧည့်ရိပ်သာမှာပဲ ဗိုလ်ချုပ်စမစ်ဒွန်းမိသားစုနဲ့ အတူနေခဲ့ကြရပါ တယ်။ မေမေ့ကိုလည်း ဗိုလ်ချုပ်စမစ်ဒွန်းက ဘာမှ စိတ်မပူဖို့နဲ့ သူအသက်ရှင်နေသရွေ့ မေမေတို့သားအမိကို ကာကွယ်စောင့် ရှောက်ပါမယ်လို့ မေမေ့ကို အားပေးသတဲ့။

မေမြို့ကို ကရင်တပ်တွေက သိမ်းလိုက်ပြီဆိုပေမယ့် တမြို့လုံးကို သိမ်းလိုက်နိုင်တာ မဟုတ်ပါဘူး။ နဂိုမြောက်ပိုင်း တိုင်းမှာ ရှိတဲ့ အစိုးရတပ်များကလည်း မြို့ထဲကို ဆုတ်သွားပြီး မြို့ထဲကနေ ချောင်ရင်ချောင်သလို ပြန်ပစ်ခတ်တိုက်လိုက်၊ ကရင် တပ်က ပြန်ပစ်လိုက်နဲ့ မေမေတို့မှာ ရင်တမမနဲ့ နေခဲ့ကြရပါတယ်။ (မေမြို့ဟာ တပ်မြို့ဖြစ်ပေမယ့် စစ်တပ်အများ အပြားဟာ မြို့နောက်ဘက် အစွန်ဘက်မှာရှိနေပြီး၊ မြို့လည်ခေါင်မှာတော့ အရပ်ဘက်ဆိုင်ရာ ရုံးများ၊ ဈေးများ ရှိနေပါတယ်။ ကရင်တပ် က အဓိကသိမ်းထားတာဟာ အဲဒီမြို့အပြင်အစွန်က တပ်နယ်ကိုသာဖြစ်ပါတယ်။)

ဒါကြောင့် ဗိုလ်ချုပ်စမစ်ဒွန်း မိသားစုက မြစ်ကြီးနားပြောင်းချင်တဲ့အကြောင်း စစ်ရုံးကို အကြောင်းကြားပါတော့တယ်။ ဒီ တော့ ဖဆပလအစိုးရက ဗိုလ်ချုပ်စမစ်ဒွန်းမိသားစုကို မြစ်ကြီးနားပို့ပေးမယ်။ အပြန်အလှန်အားဖြင့် ဗိုလ်ကျော်ဇောမိသားစု (မေမေတို့ သားအမိ) ကို ခေါ်မယ်လို့ ကေအင်ဒီအိုများနဲ့ အပေးအယူလုပ်ပြီး ယူဘီအေလေယာဉ်နှစ်စီး စီစဉ်ပေးလိုက်လို့ မေမေနဲ့ စန်း ရန်ကုန်ပြန်ရောက်လာပါတော့တယ်။

ဖေဖေဟာ အဲဒီအချိန်က အင်းစိန်တိုက်ပွဲ အပြင်းအထန်တိုက်ပွဲတိုက်နေရချိန်ဖြစ်လို့ မင်္ဂလာဒုံလေဆိပ်ကို အရာရှိ နှစ် ယောက်လွှတ် အကြိုခိုင်းလိုက်ပြီး တခါတည်း မေမေ့မိဘများရှိရာ သုံးဆယ်မြို့ကို ပြန်ပို့ခိုင်းလိုက်ပါတော့တယ်။
ဖေဖေက အဲဒီအဖြစ်အပျက် အဆုံးသတ်ကလေးကို “ကျနော်လည်း တဖက်တလမ်းက စိတ်အေးသွားရပါသည်။ မေမြို့ကျ သွားကြောင်း ကျနော်ကြားရကတည်းက ကျနော့်ဇနီး တခုခုဖြစ်သွားလျှင် သူ့မိဘများကို ဘယ်လိုပြောရမလဲဟု ပူပန်နေမိရာ ယခုတော့ တပူအေးသွားပါတော့သည်” လို့ သူ့စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။

အဲဒီမေမြို့က ဧည့်ရိပ်သာမှာ မေမေတို့သားအမိ ဗိုလ်ချုပ်စမစ်ဒွန်းတို့မိသားစုနဲ့ အတူနေခဲ့ကြစဉ်က အဲဒီဧည့်ရိပ်သာကို စောင့်ရတဲ့ ဗိုလ်နော်ဆိုင်းတပ်က ကရင်တပ်သားများနဲ့ မေမေ နောင်နှစ်ပေါင်းများစွာအကြာမှာ ပြန်လည်ဆုံစည်းကြရပါ တယ်။

၁၉၇၆ ခုနှစ် ဖေဖေနဲ့ ကျွန်မတို့မောင်နှမတတွေ တောခိုလာပြီးနောက် လေးနှစ်အကြာ ၁၉၈၀ ခုနှစ်မှာ မေမေ တယောက် တည်း နောက်က ကျွန်မတို့ရှိရာ တောထဲလိုက်လာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မတို့က တရုတ်ဗမာနယ်စပ်က ပန်ဆန်းဆိုတဲ့ အရပ်မှာ နေနေကြပါတယ်။ ကျွန်မက အရှေ့မြောက်စစ်ဒေသကဖွင့်ထားတဲ့ စစ်ဒေသဆေးရုံတွင်းမှာနေပြီး ဖေဖေတို့ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုရုံးချုပ်မှာနေပါတယ်။ ကျွန်မက စစ်ဒေသဆေးရုံနဲ့ တွဲဖွင့်ထားတဲ့ ဗဟိုဆေးကျောင်းမှာ တာဝန်ယူသင်ကြားပေးနေရပြီး၊ နေတော့ စစ်ဒေသဆေးရုံ ဒုနိုင်ငံရေးမှူး ရဲဘော်ငွေ (ကျွန်မတို့အခေါ် ဆရာမကြီး) နဲ့အတူ ဆေးရုံဝိုင်းထဲက တန်းလျားတခုမှာ နေပါတယ်။

မေမေဟာ ဖေဖေနဲ့ ဗဟိုရုံးမှာနေပေမယ့် အားရင် အားသလို စစ်ဒေသဘက် ဆင်းလာတတ်ပါတယ်။ ကျွန်မတို့နေတဲ့ တန်း လျားမှာတော့ တခါတလေ ညအိပ်ပြီးမှ မနက် ဗဟိုရုံး ပြန်တက်သွားတတ်ပါတယ်။ မေမေ ဒီလိုဆင်းလာပြီး ကျွန်မတို့အိမ်မှာ ရောက်နေစဉ် တနေ့မှာ ကျွန်မတို့အိမ်နောက်မှာနေတဲ့ ရဲဘော်ရှဒန်ဟာ သူ့ခြံထွက် ငှက်ပျောဖီးလေး တဖီးဆွဲပြီး ကျွန်မတို့ဆီ ရောက်လာပါတယ်။

ရဲဘော်ရှဒန်ဟာ အဲဒီကာလက အရှေ့မြောက်စစ်ဒေသကဖွင့်ထားတဲ့ အကျဉ်းထောင်ရဲ့တာဝန်ခံဖြစ်ပြီး ဂျင်းဖောအမျိုးသား တယောက်လည်းဖြစ်ပါတယ်။ ဗိုလ်နော်ဆိုင်းနဲ့အတူ တရုတ်ပြည်ပါလာတဲ့ ရဲဘော်တဦးဖြစ်ပြီး သူ့ဇနီးက တရုတ် အမျိုးသမီး တဦးဖြစ်ကာ ကျွန်မတို့ ဆေးရုံက ဌာနတခုမှာ အလုပ်လုပ်နေသူပါ။ ဒါကြောင့်ပဲ သူတို့မိသားစု ဆေးရုံဝိုင်းထဲမှာ နေနေတာပါ။
ရဲဘော်ရှဒန် ကျွန်မတို့ အိမ်ထဲဝင်လာတဲ့အချိန်မှာ ကျွန်မရယ်၊ မေမေရယ်၊ ဆရာမကြီး ဒေါ်ငွေရယ် ထိုင်စကားပြော နေကြ တာပါ။ ကျွန်မလည်း အိမ်ဝိုင်းထဲ ဝင်လာတဲ့ ရဲဘော်ရှဒန်ကို ထနှုတ်ဆက်ပြီး နေရာပေးရပါတော့တယ်။ အကျဉ်း ထောင်ထဲက အကျဉ်းသားတဦးဦးနေထိုင်မကောင်းလို့ ဆေးရုံက ဆရာဝန်လွှတ်ပေးဖို့ လာအကြောင်းကြားတာလို့ပဲ အောက်မေ့လိုက်ပါ တယ်။ သူက ကျွန်မနဲ့ဆရာမကြီးကို နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး မေမေဘက်လှည့်ကာ အစ်မကြီး ၁၉၄၉ ခုနှစ်က ဗိုလ်ချုပ် စမစ်ဒွန်းအိမ်မှာနေတုန်းက အဲဒီအိမ်ကိုကင်းစောင့်ပေးရတဲ့ တပ်စိတ်ထဲမှာ ကျွန်တော် ပါပါတယ်။ အဲဒီတုန်းက အစ်မကြီး ချီချီထားတဲ့ကလေးဟာ ဒီဆရာမလားလို့ ကျွန်မကို လက်ညှိုးထိုးပြီး မေးပြော ပြောပါတယ်။

မေမေလည်း ရုတ်တရက် အံ့အားသင့်နေရာက ဖော်ဖော်ရွေရွေပဲ ပြန်နှုတ်ဆက်ပြီး “အဲဒီကလေးက သူမဟုတ်ဘူး။ သူ့ အောက်အငယ်ပါ” လို့ ပြန်ဖြေပါတယ်။ ဒီနောက်တော့ အဲဒီကာလက အကြောင်းအရာတွေရော ဒီနောက်ပိုင်းကာလ အဖြစ် အပျက်တွေရော ရှေးဟောင်းနှောင်းဖြစ် ပြောမကုန်အောင် ဆက်ပြောကြဆိုကြပါတယ်။

ရဲဘော်ရှဒန်ဟာ အဲဒီလို ပထမအကြိမ် လာမိတ်ဆက်ပြီးကတည်းက မေမေ ကျွန်မ ဆေးရုံအိမ်ဆင်းလာတယ်ကြားတိုင်း ကျွန်မတို့အိမ်ဘက် ကူးကူးလာပြီး မေမေကို လာနှုတ်ဆက်တတ်ပါတယ်။ ရဲဘော်ရှဒန်ပြန်သွားပြီးတိုင်းလည်း မေမေက သူမှတ်မိလာတဲ့ အကြောင်းအရာတွေကို ပြောပြတတ်ပါတယ်။

ဖေဖေက မေမေ့ကို ရန်ကုန်ကခေါ်လို့ ခဏဆင်းသွားဦးမယ်လို့ ပြောပြီးထွက်သွားလိုက်တာ မေမေတို့သားအမိ မေမြို့ကို ကရင်တပ်တွေသိမ်းချိန်မှာ မေမြို့မှာ ပိတ်မိနေခဲ့ပါတယ်။ အဲဒီအချိန် ဗိုလ်ချုပ်စမစ်ဒွန်းက သူ့အိမ်လာနေဖို့ခေါ်လို့ လိုက်သွား ခဲ့ရပါတယ်။ အဲဒီအိမ်မှာ နေတုန်းမှာ ဖေဖေတို့ကလည်း အင်းစိန်တိုက်ပွဲကို အပြင်းအထန် တိုက်နေရပါပြီ။ မေမေက ညည ရေဒီယိုသတင်းတွေ နားထောင်ပြီး အခြေအနေတွေကို နားလည်ယူကြည့်နေရပါတယ်။ “ညညသတင်းတွေမှာ ဗိုလ်မှူးကြီး ကျော်ဇော (အဲဒီကာလ အစောတုန်းက ဖေဖေက ဗိုလ်မှူးကြီးပဲ ရှိပါသေးတယ်) ဦးစီးတဲ့ တပ်အမှတ် ဘယ်လောက်က ဘယ်တောင်ကုန်းကို အောင်မြင်စွာ သိမ်းပိုက်လိုက်ပါပြီဆိုတဲ့ အသံလွှင့်ချက်တွေ မပြတ်ပါနေတာ။ သူက အဲဒီမှာ သူရဲ ကောင်းလုပ်နေပေမယ့် မေမေကတော့ ကရင်တွေလက်ထဲရောက်နေတော့ ည တထိတ်ထိတ်၊ နေ့ တထိတ်ထိတ်ပဲ”လို့ ပြန်ပြောပြဖူးပါတယ်။ “တခါလည်း မြို့ထဲ ဈေးဝယ်သွားတဲ့ ထမင်းချက်ရဲဘော်လေးကို မြို့ထဲမှာရှိတဲ့ မေမေတို့တပ်က ရဲဘော်တွေက ကပ်စည်းရုံးပြီး မေမေ့ကိုပေးဖို့ စာတစောင်ပေးလိုက်တယ်။ အဲဒီစာထဲမှာ ရေးထားတာက “သူတို့ညနေဧည့်ရိပ်သာကိုဝင်စီးပြီး မေမေ့ကိုဝင်ကယ်မယ်။ ဒါကြောင့် သူတို့နဲ့လိုက်ဖို့ အသင့်ပြင်ထားပါ”လို့ ရေးထားတယ်။ ညနေလည်း ကျရော သူတို့ရှိတဲ့အမြောက်တွေနဲ့ ဧည့်ရိပ်သာကို ကျော်ကျော်ပြီးပစ်တယ်။ ရွှေဉာဏ်တော်စူးရောက်ပုံက သူတို့အမြောက် နဲ့ပစ်ရင် ကင်းက ကရင်ရဲဘော်တွေကထွက်ပြေးလိမ့်မယ်။ အဲသလိုထွက်ပြေးရင် မေမေတို့သားအမိကို ဝင်ဆွဲမယ်လို့ စီစဉ် တာတဲ့။ ကရင်ရဲဘော်တွေက ဘယ်ငြိမ်ခံမလဲ။ သူတို့ကလည်း ရှိတဲ့လက်နက်နဲ့ ပြန်ပစ်တာပေါ့။ ဒီတင် ဟိုဘက်ဒီဘက် နှစ် ဖက်ပစ်တဲ့ကျည်ဆန်တွေက မေမေတို့ခေါင်းပေါ်က ပလူပျံနေတာပဲ။ ကင်းရဲဘော်တွေက မေမေတို့သားအမိ ဗုံးခိုကျင်းထဲ ဆင်းဖို့ လာခေါ်တယ်။ မေမေက ခပ်ပေပေပဲ၊ သမီးစန်းကို ရင်ခွင်ထဲ ပွေ့ထိုင်နေပြီး သေလည်း သားအမိနှစ်ယောက် အတူတူသေမယ်ဆိုပြီး ဗုံးခိုကျင်းထဲ မဆင်းဘဲ အိမ်ထောင့်တထောင့်မှာပဲ ထိုင်နေလိုက်တယ်။ နှစ်ဖက်လုံး ပစ်ရခတ်ရတာ မောသွားတော့မှ ရပ်သွားကြတော့တယ်။ တော်သေးတယ်။ အကုန်သေမကုန်တာလို့ ပြောဖူးပါတယ်။ (၁၉၈၀ ခုနှစ်များ မှာထုတ်တဲ့ သပြေမဂ္ဂဇင်းတစောင်မှာ အဲဒီကာလအဖြစ်အပျက်တွေကို တပ်မတော်သား ရဲဘော်ဟောင်းတဦး ရေးထားတဲ့ စစ်အတွင်း အတွေ့အကြုံ ဆောင်းပါးတစောင်မှာ ဖတ်လိုက်ရဖူးပါတယ်။)

ရဲဘော်ရှဒန်တို့ဟာလည်း ဗိုလ်နော်ဆိုင်း တပ်ဆုတ်ရာပါလာပြီး တရုတ်ပြည်ကို ရောက်လာပါတယ်။ တရုတ်ပြည်က သူတို့ တတပ်လုံးကို ကွေ့ကျိုးပြည်နယ်က ခိုင်လီဆိုတဲ့အရပ်မှာ လက်ခံထားပြီး နိုင်ငံရေးသင်တန်းတွေပေးလို့ သူတို့ရဲ့ အရင်အမြင် တွေဖြစ်တဲ့ အမျိုးသားရေးတွေပျောက်သွားပြီး လူတန်းစားအမြင်စိတ်ဓာတ်တွေ ဝင်လာကာ ကျန်အဖိနှိပ်ခံ ဗမာပြည်သူများ အားလုံး အတူတူ လွတ်မြောက်မှသာလျှင် သူတို့အမျိုးသားရေးလုပ်ငန်းတွေလည်း အောင်မြင်မယ်၊ သူတို့အမျိုးသားတွေလည်း လွတ်မြောက်မယ်ဆိုတဲ့ အမြင်မှန်ကို နားလည်သဘောပေါက်လာကြပါတယ်။ အဲဒီအမြင်အောက်မှာ သူတို့တတွေ (ရဲဘော် နော်ဆိုင်းဦးစီးတဲ့ တပ်ဖွဲ့အနေနဲ့) ၁၉၆၈ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ အဝေးရောက် ဗဟိုအဖွဲ့ရဲ့ဦးဆောင်မှုကို ခံယူပြီး ဗမာပြည်တွင်း ပြန်လည်ဝင်ရောက်လာပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးထဲ ပါဝင်လာခဲ့ကြပါတော့တယ်။

ဒီလိုနဲ့ ကျွန်မတို့တတွေ အဲဒီကာလတော်လှန်ရေးကြီးရဲ့ ဌာနချုပ်ပန်ဆန်းမှာ ပြန်လည် ဆုံဆည်းကြရတာပါ။ ရည်ရွယ် ချက် ပန်းတိုင်တူကြသူတွေဟာ တနေ့နေ့ တချိန်ချိန်မှာ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ပြန်ဆုံတွေ့ကြရတတ်ပါတယ်။ တော် လှန်ရေးလမ်းကြောင်းဆိုတာ ရှည်လည်းရှည် ရှုပ်လည်းရှုပ်နဲ့ မပြီးနိုင်မစီးနိုင် လျှောက်ကြရတဲ့လမ်းကြောင်း မဟုတ်ပါလား။

(မှတ်ချက်- ဗိုလ်နော်ဆိုင်းမှာ ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းတဲ့ ဗမာ့တပ်မတော် သေနတ်ကိုင်တပ်ရင်းမှာ တပ်ရင်း မှူးဖြစ်ပြီး ၁၉၄၉ ကေအင်ဒီအို (ကရင်အရေးတော်ပုံ) ပေါ်ပေါက်လာတဲ့အခါ တပ်ရင်းလိုက် အဲဒီအရေးတော်ပုံနဲ့ ပူးပေါင်းခဲ့ သူဖြစ်ပါတယ်။ သူ့တပ်မှာ (ဂျင်းဖော) တိုင်းရင်းသားများက အများစုဖြစ်ပါတယ်။)

၈-၈-၂၀၁၁
ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၂၃)

——
ထပ်မံဖြည့်စွက်ချက်

ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ – ဆောင်းပါးအမှတ်(၂၂)
ဖေဖေနဲ့ ။ ဆောင်းပါးကို မိုးမခမှာ ဇူလိုင် (၂၄) ရက်မှာတင်ခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ဖေဖေနဲ့အတူပြည်တွင်းစစ်အစောပိုင်းကာလ (၁၉၄၉) က လက်တွဲတိုက်ခဲ့တဲ့ ချင်းသနကတပ်ရင်း (၁) က တပ်ရင်းမှူး ဒုဗိုလ်မှုးကြီး ဟရန်သီယို အကြောင်းဓာတ်ပုံနဲ့တကွ ဖေါ်ပြရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးကို မှတ်ချက်ရေးသူ ဇော်လူဆိုသူက–ဗမာပြည်တွင်းဒုတိယကမ္ဘာစစ်အတွင်းကရော၊ ပြည်တွင်းစစ်အတွင်းမှာရော၊ ကချင်လူမျိုးများ အသက်ပေးပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ သော်လည်း ဘယ်သူကမှအသိအမှတ်မပြုကြောင်း ဆောင်းပါးရေးသူအနေနဲ့ ကချင်လူမျိုးများ ပါဝင်လုပ်ဆောင်ချက်များကိုမှတ်မိသိရှိသမျှရေးသားပါလျှင် ကျေးဇူးတင်မှာဖြစ်ကြောင်း—ရေးသားချက်ကိုတွေ့ရပါတယ်။

ဒါ့ကြောင့်ကျွန်မရေးခဲ့ဘူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တော်လှန်ရေးအတွင်းတွေ့ခဲ့ရတဲ့ကချင် (ဂျင်းဖေါ ရဲဘော်များအကြောင်း တစေ့ တစောင်းပါတဲ့ အထက်ပါဆောင်းပါးအမှတ် (၂၃) ကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

တကယ်တော့ ကျွန်မတို့ဗမာပြည်တွင်းနေထိုင်နေကြတဲ့ လူမျိုးပေါင်းစုံပြည်သူများဟာ ဗမာပြည်ရဲ့လွတ်လပ်ရေးတိုက်ပွဲစဉ်မှာရော၊ လွတ်လပ်ရေးရပြီးနောက် တောက်လျှောက် အဆက်မပြတ်ဆင်နွှဲနေတဲ့ ဗမာပြည်သူတရပ်လုံး တန်းတူညီမျှ အခွင့်အရေးရရှိရေး ဒီမိုကရေစီရရှိရေးငြိမ်းချမ်းရေးရရှိရေး စတဲ့ တိုက်ပွဲများကို နည်းသဏ္ဍာန်ပေါင်းစုံ (လက်နက်ကိုင်လို့ဖြစ် ဖြစ် စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်မှာဖြစ်ဖြစ်) နဲ့ အောင်ပွဲမရမချင်း အလံမလှဲစတမ်း တိုက်ပွဲဝင်ကြိုးပမ်းနေကြပါတယ်။ ဘယ်လူမျိုးစုမှ နောက်ကျန်မနေခဲ့ပါဘူး။ ဗမာပြည်သူများအားလုံးအတွက် အလွန်ဂုဏ်ယူဖွယ်ရာအချက်ပါ။

ဒီလိုအဆက်မပြတ်တိုက်ပွဲဝင်နေတဲ့ ဗမာပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ဇွဲသတ္တိဟာ တိုက်ပွဲစဉ်ကြီးတလျှောက် စွန့်လွှတ် စွန့် စားခဲ့ကြတဲ့ လူမျိုးပေါင်းစုံက မျိုးဆက်ဟောင်းရဲဘော်ကြီးများကို အမြင့်မားဆုံးဂုဏ်ပြုချက်ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်ရစ်သူမျိုးဆက်သစ်များအနေနဲ့ တမျိုးဆက်ပြီးတမျိုးဆက် လက်ဆင့်ကမ်းပြီး တိုက်ပွဲအဆက်ဆက် (ယခု နောက်ဆုံးဆင်နွှဲနေတဲ့-စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအပါ) ဆင်နွှဲကာ  ဗမာပြည်သူတရပ်လုံး  ငြိမ်းချမ်းတဲ့ သာယာဝ ပြောတဲ့ တမျိုးသားလုံးစည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီသစ်နိုင်ငံတော်ကြီးပေါ်ပေါက်လာရေးအတွက် ဆက်လက်ကြိုးပမ်း သွားကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေစွန့်လွှတ်ခဲ့ရတဲ့ အသက် သွေး ချွေး မျက်ရည်တွေ တစက်မှ အလဟသ မဖြစ်စေရပါဘူး။ ဒီသံဓိဌာန်ဟာ မျိုးဆက်ဟောင်းကြီး အားလုံးရဲ့စိတ်ဆန္ဒ စိတ်ကူးအိမ်မက်တွေကို အကောင်းဆုံး အမြင့်မားဆုံး အသိ အမှတ်ပြုချက်ပါ။

ဗမာပြည်ရဲ့ရှည်ကြာ ကြမ်းတမ်းလှတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲစဉ်ကြီးအတွင်း ကျဆုံး ကွယ်လွန်ကုန်ကြပြီဖြစ်တဲ့ သမိုင်းပေး အမျိုးသားရေးတာဝန်တွေ ကျေပွန်ပြီဖြစ်တဲ့ မျိုးဆက်ဟောင်းရဲဘော်ကြီးများအားလုံး ငြိမ်းချမ်းစွာ အနားယူနိုင် ကြပါစေ။

လှကျော်ဇော
၈-၈-၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်