မျက်ရှု – ကွဲကြေသွားသော မြို့တစ်မြို့

August 10, 2015

 

မျက်ရှု – ကွဲကြေသွားသော မြို့တစ်မြို့

(မိုးမခ ဝတ္ထုတို) သြဂုတ် ၁၀၊ ၂၀၁၅

(၁)

သည်မြို့ပျက်ကြီးသို့ မည်သို့ မည်ပုံ ရောက်လာခဲ့မှန်း သူ မမှတ်မိ။ သူ သတိရလာသည့်အချိန်တွင်ကား နေစောင်းလုပြီ။ မြို့ပျက်ကြီးဟု ပြောနိုင်သည့်အကြောင်းမှာ သူ့ ခန္ဓာနှင့်အသိဝိဥာဉ်ဖမ်းကပ်မိချိန်တွင် ပထမဆုံး သတိပြုလိုက်မိသော မီးလောင်ပြင်မှ သစ်ငုတ်တိုများနှင့် အသား ညှော်နံ့ကြောင့်ဖြစ်သည်။ ဖြစ်ချင်တော့ နေ၀င်ခါနီး အစွမ်းကုန် စူးရဲစွာ တိမ်တောက်နေပုံကလည်း ကောင်းကင်မှပင် မီးတောက်မီးလျှံများ လျှံကျလာသကဲ့သို့ ရှိသည်။ သည်မြင်ကွင်းသည် ပန်းချီကားတစ်ကားဖြစ်သည်ဟု ဆိုကြပါစို့။ မိစ္ဆာတို့ မြူးခုန်နေသော ငရဲတိုင်းပြည်၏ သရုပ်ဟုသာ သူ ခိုင်းနှိုင်းလိုပါသည်။

ပတ်ဝန်းကျင်တ၀ိုက်ကို သူ အနုလုံပဋိလုံ ဆင်ခြင်မိလိုက်တော့ မှုန့်မှုန့်ကြေနေသော ဖန်ကွဲစများ၊ ထိုမှတဆင့် တိုးထက်ကြည့်ပြန်တော့ ခပ်လှမ်းလှမ်းတွင် အဆံကျွတ်ထွက်လာသည့် ကားဘီးတစ်လုံး၊ သူနှင့် မနီးမဝေးတွင် လိပ်တကောင်လို ပက်လက်လှန်လျက် အပူငွေ့မသေသေးသော ကားတစ်စီးနှင့် မီးလောင်တစပြင်တွင် ထင်းထင်းကြီးရှိနေသော စွတ်ကြောင်းတစ်ခုကို ဦးစွာတွေ့ရသည်။ လူ (သို့မဟုတ်) အခြားသော သက်ရှိသတ္တ၀ါဟူ၍ တစ်ဦးတစ်ယောက်တစ်ကောင်မျှ သူ မမြင်မိ။ သူ လဲနေရာအရပ်မှ မျှော်ကြည့်လျှင် တနင်္ဂနွေထောင့်တွင်မူ မီးကြွင်းမီးကျန် လက်စလက်နတစ်ချို့ ကျန်နေဆဲဖြစ်ပြီး ကျန်အရပ်မျက်နှာများတွင် မီးခိုးအမျှင်တန်းများ ဟိုနေရာတစ်စု သည်နေရာတစ်စု ဝေ့၀ဲနေဆဲဖြစ်သည်။ မတ်တပ်ထဖို့ရာ လှုပ်ရှားကြည့်သည့်အခါ စူးခနဲ ဖြစ်သွားသော နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ်အနှံ့ ဆန်းစစ်ကြည့်တော့မှ ညာဘက် ဒူးရင်းနေရာတွင် နှစ်လက်မလောက် အလျားလိုက် ပေါက်ပြဲနေကြောင်း တွေ့ရသည်။  ဘယ်ဘက်ပါးရိုးသည်လည်း တဆစ်ဆစ်နာလျက်၊ ညာလက်ဖျံကတော့ သွင်သွင်ကျိုးနေပြီထင်၊ တစ်ရွေးစာမျှ လှုပ်ဖို့ငှာပင် မစွမ်းသာ။ သို့သော် ဘယ်လိုနည်းနှင့်ဖြင့်ဖြင့် သည်နေရာမှ ခွာမှဖြစ်မည်ဟု သူ၏ မသိစိတ်က စေ့ဆော်လျှက်ရှိသည်။ တိတ်ဆိတ်ငြိမ်သက်လွန်းမှုသည် ခြောက်ခြားစေမှုကို တစိမ့်စိမ့် တိုးလာစေသည်။ သို့မဟုတ်တိုင် ဘေးပတ်ဝန်းကျင်မှ ညှော်နံ့နှင့် ပုပ်အဲ့ညှီစို့နေသော အနံ့များကြောင့် သူ မူးဝေနောက်လှပြီ။ 

သို့သော် သူ့ကိုယ်သူ အဆင်သင့်ဖြစ်စေဖို့ရာ မိနစ်တော်တော်များများ ဖြုန်းတီး၍ ပြင်ဆင်လိုက်ရသေးသည်။ သူ၏ အပေါ်ဝတ်အင်္ကျီ အကွပ်ကျဲနှင့် ရှပ်လက်ရှည်ကို ထက်ပိုင်းဖြဲကာ ဒူးက ဒဏ်ရာကိုလည်းကောင်း၊ ကျိုးနေသော လက်ဖျံအတွက်လည်းကောင်း တုပ်နှောင်ကျပ်စည်းစရာ ပတ်တီးအဖြစ် အသုံးပြုရချေပြီ။ အားပြုထောက်နိုင်ရန်အတွက် အလောတော် သစ်ကိုင်းခြောက်ကို ရှာတော့ မီးရှိန်ဟပ်သဖြင့် ညှိုးရော်နေသော ရွက်သစ်များနှင့် အပင်တစ်ချို့ကို တွေ့ရသည်။ တစ်ချို့အပင်တွေကတော့ တစ်ခြမ်းမျှ မီးတိုက်စားခြင်းခံထားရပြီး ယိုင်လုလု၊ တစ်ချို့အပင်များကတော့ မီးသွေးတောင် ဖြစ်နှင့်နေပြီ။ အရွက်တစ်ရွက်မျှပင်မကျန် ပိန်လိန်မဲခြောက်နေသော မီးလောင်အပင်အိုကြီးများသည် လက်ကားယား၊ ခြေကားယားဖြင့် ကခုန်နေသော တစ္ဆေများအသွင် ခြောက်လှန့်နေလျက်ရှိသည်။ သူသည် သစ်ကိုင်းခြောက်တစ်ခုကို အမှီပြုလျက် ဖြည်းဖြည်းချင်း စရွေ့ကြည့်သည်။ 

နှစ်ဖာလုံလောက် လျှောက်မိတော့မှ သူ ရောက်နေသည်က မြို့တော့ မြို့၊ သို့သော် မြို့အစွန်အဖျား၊ အထူးသဖြင့် ယိုယွင်းပျက်သုဉ်းကျနေသော လောင်မီးကျ မြို့စွန်မြို့ဖျားဖြစ်ကြောင်း သိရတော့သည်။ ဒါကလည်း မီးစားသွားသော ရိုးပြတ်များနှင့်၊ ထိုမှလွန်သော် မြေသို့ ဘုန်းဘုန်းလဲကျ သက်ဆင်းရရှာသော မီးခိုးတိုင်နှင့် ငွေစကြေးစ အနည်းငယ်အပါအ၀င် ရှုပ်ပွပြန့်ကျဲနေသော စက်ပစ္စည်းကိရိယာများနှင့် စက်ရုံပျက်တစ်ခုကို တွေ့ရသောကြောင့် ဖြစ်သည်။ ခပ်လှမ်းလှမ်းတွင် နောက်ထပ် စက်ရုံငယ်လေးတစ်ခု။ မြို့ပြင်တွင် ထိုစက်ရုံနှစ်ရုံသာ ရှိသည်မှအပ ထူးထူးခြားခြား အခြားသော အဆောက်အအုံဟူ၍ မရှိ။ စက်ရုံကလည်း ဆန်းဆန်းပြားပြား ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ မဖြစ်တန်ရာ။ ပြီးတော့ စွန့်ပစ်ခဲ့တာ ကြာပြီထင်သည်။ အေးစက်လျက် အ၀တွင် ဆီချေးများပိတ်နေသည့် ဘွိုင်လာအိုးအဟောင်းများ၊ ကျပ်ခိုးစွဲကာ မဲညစ်နေသော စက်ရုံမျက်နှာကြက်နှင့် သံချေးကိုက်ဒဏ်ရာကြောင့် လူတကိုယ် ခေါင်းလျှိုဝင်လို့ရလုနီးပါး ထုတ်ချင်းပေါက်နေသည့် စက်ရုံ အ၀င်တံခါးတို့ကြောင့် ချုံးချုံးကျနေသော စက်ရုံအိုကြီးဟု သူ ခန့်မှန်းမိသည်။

ထိုမှတစ်ပါး လူသူလေးပါး မမြင်မိသေး။ လမ်းမကြီးအတိုင်း သွားလျှင်တော့ မြို့တွင်းသို့ ရောက်လိမ့်မည် ထင်သည်။ မြို့ထဲတွင် သူ့အတွက် အစာရေစာ၊ သို့တည်းမဟုတ် နားခိုရာတစ်နေရာ ရနိုင်သော အားထားရာနေရာ ရှိကောင်းရဲ့ဟု မျှော်လင့်မိသည်။ မြို့သည် ဘယ်အရပ်တွင် ရှိသည်ကို သူ မသိ။ တောင်အရပ်လား၊ မြောက်အရပ်လား။ သူ မျှော်ကြည့်တော့ မြောက်စူးစူး ခန့်မှန်းခြေ နှစ်မိုင်လောက်အကွာတွင် မီးခိုးငွေ့ငွေ့ကို သူ တွေ့ရသည်။ ဒါနှင့်ပဲ လူရှိရာ အရပ်ဟု သူ မှတ်ယူလျက် ဇွဲတင်းကာ ခရီးဆက်သည်။ လမ်းတလျှောက်တွင် ပတ်ဝန်းကျင်ကား စိမ်းစိမ်းစိုစိုမရှိ။ အပင်ငယ်ဟူ၍ မြက်ပင်မျှပင် ရှင်သန်ပုန်းခိုချင်းငှာ မစွမ်းသာလောက်အောင် ပတ်ကြားအက်မြေကြီးသည် အငွေ့ချောင်းချောင်း မှုတ်ထုတ်လျက်ရှိသည်။ စပါးပင်တို့နှင့် စိမ်းစိုတင့်တယ်စွာ ရှိရမည့်လယ်ကွင်းအစား ခြောက်သယောင်းထနေသော ဖုန်ဆိုးတောကို ဖြတ်လျက် ခရီးကြမ်းနှင်ရသည်။ တမျှော်တခေါ် လယ်ကွင်းပြင်ကျယ်ထဲတွင် ဆော့ကစားရင်း ကြီးပြင်းခဲ့ရသူမို့ မသန့်ရှင်းသော လေ၊ ညစ်ထေးသော ၀န်းကျင်နှင့် အလဲလဲအပြိုပြိုရှိနှင့်နေသော အဆောက်အဦတို့သည် သူ့စိတ်ကို တစ်ခဏအတွင်း နောက်ကျိမှုန်မှိုင်းသွားစေသည်။ 

ဒါနဲ့ သူ သည်အရပ်ကို ဘယ်လို ရောက်လာခဲ့တာပါလိမ့်။ သူ တစ်ယောက်ထဲပဲလား။ အလုပ်ကိစ္စလာတာလား။ ဘယ်လိုကြောင့် သူဟာ မေ့မြောနေခဲ့တာလဲ။ လယ်တောနှင့် မလှမ်းကမ်းရှိ မြေစိုက်တဲလေးတွင် ရှင်သန်ခဲ့ရသော သူ့ငယ်ဘ၀ကို ဖြတ်ကနဲ သတိတရ အသိဖမ်းဆုပ်မိတော့ သူ၏ ပစ္စုပ္ပန်ဘ၀ကို အဖြေထုတ်ကြည့်မိသည်။ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေး၍ စဉ်းစားသော်လည်း သူ သတိမမေ့ခင် နောက်ဆုံးကာလကို ရေးရေးမျှပင် မမှတ်မိနိုင်။ သူ့ဘောင်းဘီ၊ အင်္ကျီအိတ်ကပ်များထဲ စမ်းကြည့်တော့ ငွေလက်ခံပြေစာတချို့ကို တွေ့ရသည်။ ဒါဆို သူက ကုန်သည်လား။ သာမန် အရောင်းဝန်ထမ်းလား။ သေချာသည်က သူ လဲကျနေခိုက်တွင် မည်သည့် ကုန်ပစ္စည်း၊ ငွေကြေးမှ သူနှင့် အတူ ရှိမနေပါ။ ဒါဆို သူဟာ အလုယက်ခံရတာလား။ လုပ်ကြံခံရတာလား။ သူ့ကို တမင်ဦးတည် အတိုက်ခိုက်ခံရတာလား။  ဒါမှမဟုတ် မြို့ပျက်ကြီးကို သူ ဖြတ်သန်းခိုက် ဆွမ်းခံရင်း ငှက်သင့်တာလား။ ဖြစ်နိုင်ချေများကို ဆန်းစစ်ကြည့်သော်လည်း သူ အဖြေရှာမရနိုင်။ သူ့ကိုယ်သူ ပျောက်ဆုံးနေဆဲဖြစ်သည်။ သူ့ကိုယ်သူ ပျောက်ဆုံးနေလေလေ သူသည် အားကိုးရာကို ရှာလိုလေလေဖြစ်သည်။ ကယ်တင်ရှင်ကို ငံ့လင့်သည်။ ဒါနဲ့ပဲ မြို့တွင်းသို့ တိုးဝင်ရန် သူ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချလိုက်သည်။

မနားတမ်း တရွေ့ရွေ့လျှောက်လာရင်း တဖြည်းဖြည်းနှင့် မြို့ထဲသို့ ရောက်လာသည်။ မြို့ဟုဆိုသော်လည်း တိုက်အိမ်များများစားစား မရှိဘဲ ယိုင်နဲ့နဲ့ပျဉ်ထောင်အိမ်နှင့် ရေနံချေးလွင့်ပြယ်နေသော အရောင်မွဲမွဲအိမ်များသာ ခပ်စိပ်စိပ်ရှိသည်။ လူရိပ်လူရောင် မြင်ဖို့ မဆိုထားဘိ၊ အိမ်တော်တော်များများမှာ ပြတင်းပေါက်ရော၊ တံခါးပေါက်ပါ မြဲမြံစွာ ပိတ်ထားကြသည်။ အထဲတွင် လူတဦးဦးတော့ ရှိကောင်းရဲ့ဟူသော အထင်ဖြင့် သူ အသံပေးကြည့်ပါသေးသည်။ မည်သူ တဦးတယောက်မျှ ထွက်မလာချေ။ အိမ်အပေါက်ဝ တံခါးနားသို့ တိုးကာ နားစွင့်ကြည့်သော်လည်း ချိုးချိုးချွတ်ချွတ်တောင် သူ မကြားရ။ သို့သော် တူညီသည်ကား အဆိုပါအိမ်များမှာ တံခါးပိတ်၊ လေသံတိတ်စွာဖြင့် ငြိမ်သက်နေသော်လည်း တချို့မှာ ခေါင်မိုးများ လန်နေပြီး၊ တချို့မှာတော့ ခြံစည်းရိုးများကို ရိုက်ချိုးခံထားရသဖွယ်ရှိသည်။ ၀င်းတံခါးက ဖရိုဖရဲဖြစ်နေသည့်အပြင် အိမ်ရှေ့တွင် ဖန်ကွဲစနှင့် အိုးခြမ်းကွဲစများကိုလည်း တွေ့ရသည်။ ဘယ်လိုကြောင့်များ တစ်မြို့လုံး ဆိတ်သုဉ်းသွားရတာပါလိမ့်၊ သဘာဝဘေးအန္တရယ် တစ်ခုခုကြောင့်လား၊ စစ်မက်ဖြစ်ပွားလို့လား၊ ကပ်ရောဂါ တစ်ခုခု သင့်လို့ပေပဲလား။ သူ အတွေးရ ကြပ်သွားသည်။ လျှောက်လာရင်း ရှေ့ ကိုက် (၅၀) လောက်တွင် ဟာလာဟင်းလင်းပွင့်နေသော အိမ်တအိမ်ကို လှစ်ကနဲ တစွန်းတစ လှမ်းမြင်လိုက်ရတော့ သူ ၀မ်းသာသွားသည်။ အနည်းငယ်လည်း လုံခြုံသွားသယောင် ခံစားမိသည်။ တကယ်ဆို သူ ရေဆာလှပါပြီ။ မြို့အစွန်မှ မြို့တွင်းသို့ ဒဏ်ရာ နာသည့်ကြားက အားတင်းလျှောက်လာရသဖြင့် ပင်ပန်းလှပြီ။ လမ်းတလျှောက် မြို့၏ အနေအထားကို စူးစမ်းလာရသဖြင့် သူ့ဒဏ်ရာကို သိပ်ဂရုမထားမိ၊ အခုလို သတိဝင်၍ တချက် စောင်းငဲ့ကြည့်တော့မှ ဒဏ်ရာက တိုး၍ နာလာကြောင်းကို သတိပြုမိသည်။ သွေးများလည်း တစိမ့်စိမ့် ယိုထွက်နေသည်။ ဆေးဝါး၊ အာဟာရ၊ နားခိုစရာကို နေစုန်းစုန်းမမြှုပ်ခင် သူ ရှာတွေ့မှ ဖြစ်တော့မည်။ ထို့ကြောင့်ပင် တံခါးပွင့်နေသော အိမ်ဆီသို့ သူ ခြေလှမ်းခပ်သွက်သွက်လှမ်းလိုက်သည်။ သို့သော် ထိုတစ်အိမ်မှအပ ထိုအိမ် ၀န်းကျင်ရှိ အခြားသော အဆောက်အဦများမှာ လမ်းတလျှောက် သူ မြင်တွေ့ခဲ့ရသည့် အခြားအဆောက်အဦများလို ပြာကျလုလု ရှိနှင့်နေသည်။

(၂)

“ဂလုံ ဂလုံ ခွမ်”

တစ်စုံတစ်ခုကို တိုးတိုက်မိသော အသံနှင့် တဆက်တည်း ထော့ကျိုးဖြစ်နေသော သူ့ခြေထိပ်ကလေးများလည်း အနည်းငယ် နာကျင်သွားသည်နှင့် အောက်သို့ သူ ငုံ့ကြည့်မိသည်။ သည်တော့မှ သူတိုက်မိသည်ကား ကိုင်းမှ ပြုတ်ထွက်ပြီး မြေပြင်ပေါ်တွင် ဖရိုဖရဲ မှောက်ကျနေသော ဒန်ထမင်းချိုင့်ကလေးတစ်လုံးဖြစ်သည်။ ခပ်လှမ်းလှမ်းတွင်လည်း တနေရာစီတွင် တဖက်စီ ကျွတ်ကျကျန်ခဲ့ဟန်ရှိသော ဖိနပ်များ။ တကယ်တော့ ဆယ်နှစ်ဝန်းကျင်ကလေးစီး ဖိနပ်များရယ်ပါ။ ထိုအခိုက် လေရူးတချက်ဝေ့လိုက်သည်။ ဖုန်မှုန့်သဲမှုန့်များ သူ့အာခေါင်တွင်းနှင့် သူ့မျက်လုံးတွင်း ဒရောသောပါး ပြေးဝင်လာကြသည်။ အသက်ကိုအောင့်၊ မျက်နှာရှုံ့လျက် ဆယ်မိနစ်လောက် သူ မျက်လုံးမှိတ်ရင်း နားနှင့်ပင် ပတ်ဝန်းကျင်ကို အကဲခတ်သည်။ တဖျတ်ဖျတ် လွှင့်နေသော အသံကြောင့် လေငြိမ်သည့်အခါ ဘေးဘီဝဲယာကို အနည်းငယ် လျှောက်ရင်း အသံလာရာကို စူးစမ်းမိသည်။ 

သြော်.. စာအုပ်လေးတွေပဲ။ ကလေးတွေ ကျ ကျန်ရစ်ခဲ့တဲ့ စာအုပ်တွေ ထင်ပါရဲ့။ တစ်အုပ်၊ နှစ်အုပ်၊ ဟော ဟိုမှာ နောက်ထပ်နှစ်အုပ်ထင်တယ်။ စာအုပ်ခမျာ လူပေါင်းများစွာ အနင်းခြေခံထားရသဖြင့် ဖိနပ်ရာတို့ဖြင့် မဲညစ်လျက်ရှိနေသည်။ ဗလာစာအုပ်၏ တချို့စာမျက်နှာများမှာလည်း စုတ်ပြဲနေပြီ။ အမှောင်ထု စတင်ချဉ်းနင်းနေပြီမို့ အမြင်မသည်းကွဲနိုင်တော့သဖြင့် ဘယ်အတန်းက ကလေးစာအုပ်ဟူ၍ သူ သေချာ မစူးစမ်းနိုင်။ မြင်နေရသော အပြာနှင့် အနီကျား လေးကြောင်းမျဉ်းများကြောင့် မူလတန်းကလေးငယ်တို့၏ စာအုပ်ဟု သူ မှတ်ယူလိုက်သည်။ ကလေးတို့ ပြေးလွှားရာ လမ်းကြောင်း၏ အစမှတ်ကို သူ ရပ်လျက်မျှော်ကြည့်တော့ မလှမ်းမကမ်း အရှေ့စူးစူးတွင် ခနော်နီခနော်နဲ့ ဇရပ်လိုလို ပျဉ်ထောင်အိမ်တလုံးကို တွေ့ရသည်။ အိမ်ရှေ့ ကွင်းပြင်တွင် နိုင်ငံတော်အလံထောင်ထားသည်ကို တွေ့၍ ထိုပျဉ်ထောင်အိမ်ကား ကလေးငယ်တို့၏ ကျောင်းစာသင်ခန်း ဖြစ်ဟန်ရှိသည်ဟု သူ တွေးလိုက်သည်။ အခုများတော့ ကျောင်းသည်လည်း တခြမ်းကား မီးလောင်ကြွမ်းပြီး သစ်ငုတ်တိုဖြစ်နေပြီး ကျန်တခြမ်းမှာလည်း လေခပ်ပြင်းပြင်း တစ်ချီတစ်မောင်းလောက် ဆော်ထည့်လိုက်လျှင် တမုဟုတ်ချင်း လဲပြိုနိုင်သည့် အနေအထားဖြစ်သည်။ ကျောင်းလှေကားနှင့် လက်ရမ်းဟု ယူဆဖွယ်ရှိသော အကျိုးအပဲ့သစ်ပုံအုတ်ပုံကိုလည်း လှမ်းမြင်ရသည်။ လမ်းလျှောက်သွားလျှင် ဆယ်မိနစ်ဖြင့် ရောက်နိုင်သော နေရာသို့ လှမ်းကြည့်ရတာတောင် အမြင်ေ၀၀ါးလှပြီ။ မကြာခင် နေစုန်းစုန်းမြှုပ်တော့မည်။

သူ သွားမည့်အိမ်ဘက်ကို လှမ်းကြည့်တော့ မျှော်လင့်လို့သာ မျှော်လင့်ရသည်။ သိပ်တော့ အားရစရာမကောင်း။ သည်လောက် တစ်မြို့လုံး မီးဟုန်းဟုန်းတောက်နေမှတော့ အိမ်တံခါးသည် ဖွင့်လို့သာ ဖွင့်ထားရသည်။ လူတစ်ဦးတစ်ယောက်မျှ ကျန်နေခဲ့မည်မထင်။ ဘာပဲဖြစ်ဖြစ် စားစရာတချို့နှင့် သောက်စရာ ရေအနည်းငယ်ရပြီး၊ ခရီးမဆက်မီ ထိုအိမ်တွင် ခဏတဖြုတ် ၀င်တည်းခိုနိုင်လျှင် မဆိုးလှဟု တွေးမိသည်။ မဟုတ်လျှင် မှောင်ကြီးမည်းမည်းတွင် သူ ဘယ်အရပ်သို့ လားရမည်ကို မသိ။ မြို့ပျက်တစ်ခုတွင် မမြင်တွေ့နိုင်သည့် အန္တရာယ်များကား လက်တကမ်းတွင် ရှိသည်။ 

(၃)

အိမ်ရှေ့ကို ရောက်တော့ ထုံးစံအတိုင်း သူ အသံပေးကြည့်ပါသေးသည်။ 

“ဗျို့ အိမ်ရှင်တို့၊ ဗျို့”

သူ၏ သစ်ကိုင်းခြောက်နှင့်လည်း တံခါးများကို ပုတ်ကာ လူခေါ်ကြည့်သည်။ မည်သည့်တုန့်ပြန်သံကိုမျှ ပြန်မကြားမိ။ ဧကန္တ သူ တွေးထားတာ မှန်ပြီထင်။ သည်အိမ်က တခြားအိမ်တွေလို ခြံနှင့် ၀န်းနှင့်မဟုတ်။ အိမ်နှင့် ဆိုင်တွဲထားသည်။ ဆိုင်သည် ပရဆေးဆိုင်ဖြစ်ဟန်တူသည်။ အိမ်ထဲကို ၀င်လျှင်ဝင်ချင်း စူးခနဲရလိုက်သော ရှိန်းခိုအနံ့လိုလို ဆနွင်းခြောက်နံ့လိုလိုကြောင့် ဖြစ်သည်။ ပြီးတော့ နံရံကပ်မှန်ဘီရိုထဲတွင် စီရရီထည့်ထားသော ဖန်ပုလင်းအကြီး၊ အသေးများစွာထဲက အမြစ်ခြောက်နှင့် ဇီးဖြူသီးခြောက်များ။ ရှေ့မှန်ဘီရိုအသေးလေးကတော့ ရိုက်ခွဲခံထားရဟန်ရှိသည်။ အောက်ခြေတွင် လျက်ဆားလား၊ သွေးဆေးလား၊ ဘာမှန်းမသိနိုင်သော အမှုန့်များ။ နံရံကပ်ဘီရို၏ အရှေ့တွင်ရှိသော ချိန်ခွင်ကလည်း စောင်းရွဲ့လျက်၊ သူ့ဘေးတိုက်တွင်ရှိသည့် စားပွဲကတော့ ဇောက်ထိုးမှောက်လျက်ရှိသည်။ စားပွဲအံဆွဲကိုလည်း မွှေနှောက်မှောက်ထားခဲ့ဟန်ရှိပြီး ပစ္စည်းအတိုအစများက ဟိုဟိုသည်သည် ပြန့်ကျဲနေသည်။ သည်လောက် ၀ရုန်းသုန်းကားဖြစ်ခဲ့သည့် အခြေအနေကို ဆန်းစစ်ကြည့်ပြီး အိမ်ထဲတွင် လူမရှိတော့လောက်ဟု သူ ခန့်မှန်းလိုက်သည်။ သို့တစေ သူ့အတွက် သည်တည လုံလုံခြုံခြုံ နားခိုစရာနေရာရလျှင်ကိုပဲ တော်လှပြီ။ အိမ်အတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း စမ်း၍ တိုးဝင်ကြည့်သည်။ အမှောင်ထုစိုးမိုးလာပုံက လူလုံးပင် ကွဲအောင် မမြင်ရတော့သည့် အနေအထားမျိုး။ လှေကားကို သူ စမ်းမိသည်။ ပြီးမှ အပေါ်တက်တော့မည်ဟု တွေးကာ ဆက်လျှောက်လာသည်။ အိပ်ခန်းဟု ထင်ရသော အခန်းကို တွေ့ပြန်တော့ သူ ခဏ၀င်ကြည့်သေးသည်။ စိတ်ဝင်စားစရာ မည်သည့်အရာမှမတွေ့။ မှောင်ရီဝိုးတ၀ါးအလင်းဖြင့် သူ့မျက်လုံးကလည်း တဖြည်းဖြည်းအသားကျလာလို့ တော်တော့သည်။ အိပ်ခန်းကို ကျော်ပြီးနောက် နောက်ဖေးမီးဖိုချောင်ဘက်သို့ ရောက်လာသည်။  ရေအိုးကိုအရင်ရှာမည်ဆိုသည့်အတွေးဖြင့် မီးဖိုခန်းထဲသို့ ခြေသုံး လေးလှမ်းလောက် အလောတကြီး ၀င်လိုက်ပြီးမှ သူ့စိတ်ထဲတွင် အသံတစ်ခုခု ကြားလိုက်မိသလိုလို၊ တစ်ယောက်ယောက်ကပဲ သူ့ကို ချောင်းကြည့်နေသလိုလို စိတ်အထင်ကြောင့် နောက်ပြန်လှည့်ကြည့်လိုက်တော့မှ မီးဖိုချောင်မှ နောက်ဖေးအပေါက်သို့ ထွက်သည့် တံခါး၏ ညာဘက်ခြမ်းတွင် စူးစူးရဲရဲ မျက်လုံးတစ်စုံကို သူ သတိပြုလိုက်မိသည်။

လူဟုတော့ သူ မထင်၊ သတ္တ၀ါတစ်ကောင်ကောင်၏ မျက်လုံးဟု သူ အတပ်သိပေမယ့် သူ့အတွက် အန္တရာယ်ဟု မသိစိတ်က စေ့ဆော်သတိပေးချက်အရ သူ့မှာ ရဲရဲပင် အသက်မရှူရဲ။ မှန်သည်။ သတ္တ၀ါတစ်ကောင်က စူးရှသော အကြည့်ဖြင့် သူ့ကို မမှိတမသုံ ကသိုဏ်းရှုနေသည်။ ထို သတ္တ၀ါက တဖြည်းဖြည်း စရွေ့လာတော့ သူကလည်း တဖြည်းဖြည်း နောက်သို့ ဆုတ်ရသည်။ အလင်းမှိန်ပျပျအောက်ကို ၀င်လာမှ ခွေးတကောင်မှန်းဖြစ်မှန်း သိရတော့သည်။ သို့သော် ခွေးအ ဖြစ်သည်။ ပိန်ကိုင်းကိုင်း၊ အမြီးတွဲလဲ၊ ကျောတွင် ပြောက်ကျားကွက် အမွေးဖွာဖွာနှင့် ထိုခွေးအသည် နားကြားပြင်းကတ်ဖွယ် တိုးညှင်းသလောက် စူးလှသော အသံဖြင့် တအစ်အစ်အော်လျက် သူ့အနားသို့ ကပ်လာသည်။ ခွေးအဖြစ်သည်ကို သိသည်နှင့်တပြိုင်နက် ကြောက်စိတ်က ငယ်ထိပ်ကို ဆောင့်တက်တော့သည်။  ခွေးအတို့မည်သည် အုံနှင့်ကျင်းနှင့် သားကောင်ကို တစ်စစီကိုက်ယူဆွဲဖြဲတတ်သောသူ၊ ကျားသည်ပင်လျှင် ယှဉ်မတုနိုင်သော သတ္တ၀ါအဖြစ် သူ ကြားဖူးထားသည်။ သည်ခွေးအသည် ဘယ်နည်းနှင့်မျှ တစ်ကောင်ထဲ မဖြစ်နိုင်။ အုပ်စုနှင့် ဖြစ်ရမည်။ မည်သို့ ရင်ဆိုင်ရမည်မှန်းမသိ။ ခွေးအ က ရုတ်တရက် ရပ်လိုက်သည်။ သူ့ကို စားတော့ ၀ါးတော့မတတ် ကြည့်ရင်း ဂီးခနဲ တချက် အသံဆွဲလိုက်ရင်း တအစ်အစ်နှင့် ခပ်စူးစူးထိုးဟောင်လိုက်သည်။ ခွေးအဟောင်သံသည် သာမန်ခွေးတို့လို မကျယ်လှသော်လည်း ထိုခပ်စူးစူးအသံက သူတို့အချင်းချင်း အချက်ပြနိုင်ရန်အတွက်တော့ လုံလောက်ပါလိမ့်မည်။ လက်ထဲက သစ်ကိုင်းခြောက် တုတ်ကို ယမ်းလျက် “ဟိတ်” ဟု အသံခပ်ပြင်းပြင်းအော်၍ မာန်ကာ သူ အလျင်အမြန် နောက်ဆုတ်သည်။ အိမ်ပြင်ရောက်အောင် ဆုတ်သည်။ ခွေးအသည် သူ့အနားသို့ ချက်ချင်း မကပ်ရဲ။ သူဆုတ်လျှင် လိုက်၍ တိုးသည်။ သူသည် အိမ်နံရံများကို တုတ်နှင့် ရိုက်ကာ အသံပြု ခြောက်လျက် အိမ်အပြင်သို့ ရောက်အောင် အလျင်အမြန်ထွက်ခဲ့သည်။ အိမ်အပြင်ရောက်တော့ ခွေးအက ခပ်လှမ်းလှမ်းကနေ၍ သူ့ကို လှည့်ပတ်အကဲခတ်ပြီးနောက် တအစ်အစ်နှင့် အဆက်မပြတ်ဟောင်သည်။ သူ ဇောချွေးပြန်လာသည်။ သူ သေရတော့မည် ထင်သည်။ ထို့နောက်တဖန် ခွေးအ က ဆွဲဆွဲငင်ငင်နှင့် အစ်ကနဲ အီးကနဲ အသံပြုလိုက်ပြန်သည်။ သည်တခါတော့ သူ့အဖော်တွေကို အချက်ပေးနေမှန်း သိသာလှပါသည်။ လက်က ဒဏ်ရာ၊ ခြေထောက်က ဒဏ်ရာကိုပင် မမှုနိုင်အား၊ အသက်လုရမည့်အခြေအနေသို့ ဆိုက်ရောက်နေမှန်း သူ သတိထားလိုက်မိသည်။ ခြေလှမ်း သုံးဆယ်လောက် သူ ခပ်သွက်သွက် ဆုတ်မိတော့ မီးညွှန့်ကျိုးကျနေပြီဖြစ်သော အဆောက်အဦတစ်ခုရှေ့တွင် တငွေ့ငွေ့ မီးစွဲနေသေးသော သစ်သားချောင်းတစ်ခုကို တွေ့မိသည်နှင့်တပြိုင်နက် ကောက်ယူလိုက်သည်။ 

မကြာပါ။ ဟိုမှ သည်မှ ခွေးအများ အလျှိုလျှိုထွက်လာပြီး သူနှင့် ဆယ်ကိုက်လောက်အကွာတွင် စုမိနေကြသည်။ သူသည် မီးတုတ် တယမ်းယမ်းနှင့် အစွမ်းရှိသမျှ ခြောက်လှန့်လိုက်သည်။ လားရာမတူသော နေရာမှ ဟောင်သံကြားမိ၍ လှည့်ကြည့်မိတော့ သူ့နောက်နားဆီမှာ နောက်ထပ် သုံးကောင်။ သူသည် ရှေ့နှင့်နောက် တလှည့်စီ မီးတုတ်နှင့် ယမ်းကာ ခြောက်လှန့်ရင်း အော်ဟစ်ငိုချင်စိတ်ပေါက်လာသည်။ ခွေးအတို့မည်သည် အုပ်စုတောင့်လို့ကတော့ တောဘုရင် ခြင်္သေ့ကိုတောင် မမှုသည့်အမျိုး။ မီးတုတ်နှင့် သည်လောက် ယမ်းနေသည့်ကြားက အလစ်ဝင်ဆွဲရင် ရှေ့သို့ တိုးလာသည့် အကောင်က တိုးလာသေးသည်။ ဖြစ်ချင်တော့ မီးတုတ်ကို ကိုင်ထားသော မီးသည်လည်း ယခုမှ မီးအားကောင်းလာသည်။ မီးရှိန်က သူ့လက်ကို လာဟပ်သည်။ သို့သော် မီးတုတ်ကို ချလို့မဖြစ်၊ ခွေးအ အတွက် သူ့ကိုယ်သူ စတေးပြီး ပွဲတော်စာမဖြစ်အောင် မီးတုတ်နှင့် ခြိမ်းခြောက်ကာမှ မီးလောင်ခံရမည့် အဖြစ်သို့ ရောက်နေသည်။ အစွယ်တဖွေးဖွေး ခွေးအများကလည်း သူ့ဘေးတွင် ပတ်လည်ဝိုင်းလျက်။ သွေးရူးသွေးတန်းနှင့် ခွေးအများကို ခြောက်ထုတ်နေရာမှ သူ့ညာဘက်တွင်ရှိသော မီးလောင်ပြင်မှတဆင့် ပြေးထွက်နိုင်မလားဟု ဦးနှောက်ကို အမြန်အလုပ်ပေးကာ စဉ်းစားလိုက်ပါသေးသည်။ မီးတုတ်၏ လောင်ကျွမ်းမှုအရှိန်က သွက်လာသည်။ သူ မလွှတ်ချလျှင်တောင် မကြာမီ မီးတုတ်သည် ပြာကျ ငြိမ်းသွားတော့မည်။ ခွေးအဟောင်သံများ ပိုမို ဆူညံလာသည်။ တကယ်တော့ ဟောင်သံဆိုခြင်းထက် ခွေးအတို့ ရယ်သံ။ သူ့ကို အမဲဖျက်ကြတော့မည်မို့ အောင်သေအောင်သား မစားမီ ကြွေးကြော်သံလည်း ဖြစ်ကောင်းဖြစ်မည်။ ထိုအသံစူးစူးများသည် နားမခံနိုင်လောက်အောင် ညံလှသည်။ ဒါသည် အိပ်မက်ဆိုးတစ်ခု ဖြစ်လျှင် အမြန်နိုးထပါတော့ဟု ဆုတောင်းမိသည်။ ဒါသည် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်လျှင် အမြန်ဇာတ်သိမ်းပါတော့ဟု တောင့်တမိသည်။ ဒါသည် စိတ်ကူးယဉ်မှုတစ်ခုဖြစ်လျှင် ရပ်တန်းက အမြန်ရပ်ပါတော့ဟု ဗလောင်ဆူစွာ သူ အော်ဟစ်လိုက်ချင်ပါသည်။ မီးတောက်ကြီးလာပြီ။ သူ ချပစ်ခဲ့ရတော့မည်။ ခွေးအများက သူ့ကို ခုန်အုပ်တော့မည့်အတိုင်း အရှိန်ယူနေကြပြီ။ နောက်ဆုံး မီးတောက်မငြိမ်းသက်မီ သူသည် မီးတုတ်ကို ခွေးအအုပ်ဘက်သို့ ပစ်သွင်းလိုက်သည်။ ထို့နောက် တရှိန်ထိုးပြေးသည်။ သူ့ရှေ့တည့်တည့်ဆီက ခွေးအအုပ်မှာ မီးတုတ်ကြောင့် အနည်းငယ် အရှိန်ပျက်သွားသော်လည်း သူ့နောက်ကျောဘက်က ခွေးအများက သူ့ဆီသို့ တရကြမ်းပြေးဝင်လာသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ခွေးအနှစ်ကောင် သူ့ကို ခုန်အုပ်လိုက်တာကို မြင်လိုက်ရသည်။ အစွယ်ဖွေးဖွေး၊ မျက်လုံးကျဉ်းကျဉ်း.. ထိုအကြည့်ထဲတွင် မီးတ၀င်းဝင်း။ ဇာတ်သိမ်းပါတော့ .. ဇာတ်သိမ်းပါတော့ဟု နောက်ဆုံးခွန်အားဖြင့် မောဟိုက်တုန်ရီစွာ ကယောင်ကတမ်း သူ အော်လိုက်မိသည်။

နောက်ဆုံးတွင် သူ တောင့်တသည့်အတိုင်း ပြီးပါပြီဟု စာတမ်းထိုးလိုက်ပါသည်။ သို့သော် အမှန်တကယ် မပြီးသေး။

 

မျက်ရှု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်