ဖိုးထက် – ဆိုင်ဂုံက ၀ါးချွန်ဆွဲချင်ပြီ

August 17, 2015

ဖိုးထက် – ဆိုင်ဂုံက ၀ါးချွန်ဆွဲချင်ပြီ
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၅

သမိုင်းနောက်ခံဝထ္တုတွေထဲမှ သမိုင်းအချက်အလက်များ၊ ဇာတ်ကောင်များသည် ၀တ္ထုဖြစ်သည့်အတွက် ရာနှုန်းပြည့် အမှန်ပါဟု ပြောလို့မရတာတော့ အမှန်။ သို့သော်လည်း သမိုင်းစာအုပ်ကြီးတွေ ဖတ်ရသည်ထက်စာလျှင် ထိုဝတ္ထုများသည် ဖတ်ရတာ ဆွဲဆောင်မှု ပိုရှိသည်။ စိတ်ဝင်တစား လက်ကမချတမ်း ဖတ်ဖို့ ကြိုးစားအားထုတ်နေစရာ မလို။ ပြီးတော့ ဗဟုသု တလည်း တိုးစေသည်။ သမိုင်းသီးသန့်စာတွေဖတ်ရတာကျတော့ စာမသွားချင်။ ဆရာကြီး ဒေါက်တာသန်းထွန်း၏ အချို့ သမိုင်း ဆောင်းပါးများသော်မှ အသက်ကလေးရလာမှ တန်ဖိုးထား ဖတ်တတ်လာခြင်းဖြစ်သည်။ စာဖတ်သက် မရင့်ခက်က ဆရာကြီး၏ ဆောင်းပါးတွေထဲက ကျောက်စာ အကိုးအကား ပုံများ၊ စာရင်းဇယားများထက် ဟုတ်တာတွေရော၊ မဟုတ်တာ တွေရော ရောရေးထားသည့် မှန်နန်းရာဇ၀င်တို့၊ အရူးလွယ်အိတ်တို့ကို ဖတ်ရတာက အရသာပိုခဲ့သည်။ သမိုင်းနောက်ခံကို ကျောရိုးပြုထားသည့်ဝတ္ထုတွေကျတော့ ဒီလိုမဟုတ်။

ဥပမာအားဖြင့် ဆရာနတ်နွယ်ရေးသည့် “မြန်မာပြည် မြောက်ပိုင်း” ၀တ္ထုကြီး ဆိုပါစို့။ ကျွန်တော်တို့ ကျောင်းဖတ်စာ သမိုင်း တွေထဲမှာ ၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူသည်ဆိုတာနှင့် မြန်မာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်ရောက်သည်ဟု အဆုံးသတ်သည်။ ဆရာ၏ မာရသွန်ဝတ္ထုကြီးကိုဖတ်ပြီးမှ ၁၈၈၅ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်တွေ ခေါင်းခြောက်အောင် စဉ်းစား၊ ကြိုးစားပြီးမှ မြန်မာပြည်တပြည်လုံး အုပ်စီးနိုင်ခဲ့သည်ကို အသေးစိတ်နီးပါး သိခဲ့ရသည်။

မြန်မာ့သမိုင်းကို မြန်မာတစ်ယောက် ဖြစ်သည့်အတွက် အဆက်ပြတ်မသွားပေမယ့် အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ သမိုင်းတွေကျတော့ ကျောင်းစာတွေထဲမှာ ကျန်ခဲ့ပြီ။ သူများနိုင်ငံကိုနှိမ်ချိုးပြီး အတိတ်က ရွှေထီးကြီးတွေကို က သောကမျောကြီး ရွှေချထားသည့် ကျောင်းဖတ်စာအုပ်သမိုင်းတွေ ဖြစ်နေတတ်သည်။ သမိုင်းပညာနှင့် အသက်မွေးသူ မ ဟုတ်ပြန်တော့ အိမ်နီးချင်း နိုင်ငံများ၏ အစစ်အမှန် သမိုင်းတွေကို သမိုင်းသီးသန့်စာအုပ်တွေမှ သီးသီးသန့်သန့် အချိန်ပေး ရှာဖတ်၊ လေ့လာဖို့ ၀န်လေးပြီ။ အထက်ကဆိုခဲ့သော သမိုင်းနောက်ခံ ၀တ္ထုများလောက်ကိုဖတ်ဖြစ်အောင်ဘဲ ကြိုးစားမိ သည်။

“ရွှေပြည်တော် မျှော်တိုင်းဝေး” ဘာသာပြန်ဝတ္ထုကို ဆရာကြီး မြသန်းတင့်ကျေးဇူးကြောင့် ဖတ်ဖြစ်ပြီး အိန္ဒိယ၊ အာဖဂန် နစ္စတန်၏အတိတ်ကို မှန်းဆနိုင်ခဲ့သည်။ ဆရာကြီး နေ၀င်းမြင့်၏ကျေးဇူးကြောင့် “ရေကန်သာ ကြာတိုင်းအေး” ဘာသာ ပြန်ကိုဖတ်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့် မြန်မာနိုင်ငံ၏ ဆက်စပ်ပတ်သက်မှုကို လိုက်တွေးတတ်လာခဲ့သည်။ အခုလဲ ဆရာ မောင်ထွန်းသူ ကျေးဇူးကြောင့် “ဆိုင်ဂုံ” ကို မပျင်းမရိ၊ လက်က မချတမ်း ဖတ်နေမိပြန်သည်။

“ဆိုင်ဂုံ” ကို မူရင်းရေးသူက အန်တိုနီဂရေး။ သူရေးသည့် “ပီကင်း” ကို ဆရာမောင်ထွန်းသူ ဘာသာပြန်ကို ဖတ်ဘူးသည်။ ၀တ္ထုထဲက ဇာတ်ကောင်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေကို အသေးစိပ်မမှတ်မိတော့သော်လည်း တရုတ်ပြည်၏ မိုင် ထောင်ချီ တော်လှန်ရေးသမိုင်းက ကျွန်တော့်ခေါင်းထဲမှာ ကျန်နေဆဲဖြစ်သည်။ ချန်ကေရှိတ်တွေ မြန်မာပြည်ထဲကို ဘယ်လို ရောက်လာသလဲ ဆိုသည့်အဖြစ်အပျက်တွေက အရင်က သမိုင်းစာကျက်ရသလို မေ့မသွားတော့။ ဟိုတစ်စ ဒီတစ်စ ဖြစ်မ နေဘဲ အဆက်အစပ်ရှိရှိ မှတ်မိနေသည်။ အခု “ဆိုင်ဂုံ” ကိုဖတ်ပြန်တော့ အမေရိကန်တွေ၏ ၀ါဒဖြန့် ဗီယက်နမ်စစ်ကားများဖြင့် ကြီးလာရသည့် ကျွန်တော့်အသိထဲက ခပ်ဆိုးဆိုး ဗီယက်ကောင်းတွေကို အပေါင်းလက္ခဏာဆောင်သည့် အခြား အမြင် တမျိုးဖြင့် ခံစား၊ နားလည်မိလာသည်။

ဆရာကြီး အန်တိုနီဂရေးက သတင်းစာဆရာပီပီ သူရေးခဲ့သော ပီကင်း၊ ဆိုင်ဂုံ ၀တ္ထုကြီးတွေက နှစ်ဖက်မျှသည်။ အရှိကို အရှိအတိုင်း၊ အဆိုးကို အဆိုးအတိုင်း၊ အကောင်းကို အကောင်းအတိုင်း အတော်ကြီး ဘက်မလိုက်ဘဲ ရေးနိုင်သည်လို့ ကျွန် တော် ထင်သည်။

ကျွန်တော် ငယ်ငယ်က အလွန်နှစ်သက်ခဲ့သည့် ဗီယက်နမ်စစ်ကားတွေထဲမှာ အမေရိကန် ယန်းကီးတွေသည် အမြဲကောင်း။ စွန့်လွှတ် စွန့်စားသူ။ သနားကြင်နာတတ်သူတွေ။ ဗီယက်နမ်တွေသည် ၀ံပုလွေကဲ့သို့ကောက်ကျစ်သောသူများ။ မိုက်ရူးရဲဆန်သူများ၊ ဆိုင်ဂုံကိုဖတ်ပြီးမှ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် စိတ်ဓာတ်ပြင်းပြထက်သန်သော ဗီယက်ကောင်း များကို လေးစား၊ အားကျသည်။ ကြည်ညိုမိသည်။

ကိုယ်ရေးကိုယ်တာခံစားချက်အရ အရှေ့တောင်အာရှနိုင်ငံများထဲမှ ကျွန်တော် သဘောအကျဆုံးလူမျိုးကိုပြပါဟု ဆိုလာ လျှင် ဗီယက်နမ်တွေကို ပြရမည်။ “အသားအရေ အလွန်လှတဲ့ ဗီယက်နမ်မလေးတွေကြောင့် မဟုတ်ဘူးဗျ” ဟု လိပ်ပြာ သန့်ရှင်းစွာ ငြင်းဆိုပါရစေ။ ဗီယက်နမ်တွေကို ကြည့်မိတိုင်း သူတို့၏ စိတ်ဓာတ်ခိုင်မာ ပြတ်သားမှုက သူတို့၏ တောက်ပသော မျက်လုံးတွေမှ သက်သေခံနေသည်။ အနေအထိုင် သပ်ရပ်သည်လို့လည်း ထင်သည်။ စည်းလုံးမှုနှင့် စည်းကမ်းသေ၀ပ်မှုမှာလဲ မခေသောလူမျိုးများ ဖြစ်မည်။

ကိုရီးယားနိုင်ငံမှာ ကျွန်တော် အလုပ်လုပ်စဉ်က ထိုင်းတွေစုရပ်ဖြစ်သည့် ဘူတာ၊ ဗီယက်နမ်တွေစုရပ်ဖြစ်သည့် ဘူတာ၊ နီပေါတွေ စုရပ်ဖြစ်သည့်ဘူတာ စသည့် ကိုယ့်နိုင်ငံမဟုတ်သည့် နိုင်ငံတွေမှာ စုရပ်တွေလို ဖြစ်နေတတ်ကြသည့် ဘူတာတွေ ကို ကျွန်တော် မကြာခဏ ရောက်ဘူးသည်။ တရုတ်တွေစုရပ်ကတော့ အသံဆူသည်။ လူရှုပ်သည်။ အစားအသောက် ကောင်းကောင်းရသည်။ ထိုင်းတွေကျတော့ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတတ်တာ သတိထားမိသည်။ ဗီယက်နမ်တွေ အများ စု စုကြသည့် ဘူတာကျတော့ သူတို့ဈေးဆိုင်တွေက သပ်သပ်ရပ်ရပ်။ ကိုယ့်အစုအဝေးလေးနှင့်ကိုယ်၊ ကိုယ့်စည်းနဲ့ ကိုယ် နေတတ်ကြသည်လို့ ကျွန်တော်ထင်သည်။ ကျွန်တော်တို့ မြန်မာတွေစုရပ်ဖြစ်သည့် ဘူဖျောင်း ဘူတာလို ကွမ်းသွေးတွေဖြင့် လမ်းတွေက ပေပွမနေ။ မူးလာရင် အော်ဟစ်ဆဲဆို ရိုက်ချိုးကျတာလည်း ကျွန်တော်သွားတိုင်း မတွေ့ဘူး။ ကျွန်တော်တို့ မြန်မာစုရပ်ကတော့ ရန်ဖြစ်သံလဲ ကြားရ၏။ ဆဲဆိုသံလဲ ကြားရတတ်၏။ သို့သော် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ဘူတာ တွေထဲမှာ ကျွန်တော် အချစ်ဆုံးဘူတာကိုပြပါဆိုလျှင် ဘူဖျောင်းဘူတာသာ ဖြစ်ပါသည်။

ဗီယက်ကောင်းတွေ၏ ကမ္ဘာကျော် ပျောက်ကျားစစ်ဆင်ရေးကို ငယ်ငယ်လေးကတည်းက ကျွန်တော်သိသည်။ ပြီးတော့ သူတို့၏ ခေါင်းဆောင်ကြီး ဟိုချီမင်း။ နိုင်ငံရေးနှင့် စစ်ရေး နှစ်ခုစလုံးကို အချိုးကျကျ ပေါင်းစပ် ကျင့်သုံးတတ်သည့် ကိုလိုနီ လက်အောက်ခံ နိုင်ငံများ၏ ခေါင်းဆောင်ကောင်းတစ်ယောက်။ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းလို အတတ်နိုင်ဆုံး လူထုမနာစေမည့်၊ ပြည်သူလူထု သွေးထွက်သံယို မဖြစ်စေမည့် နည်းလမ်းကို အရင်စဉ်းစားသူ။ ဒါကိုမှ နယ်ချဲ့နိုင်ငံတွေက ယုတ်မာ ပက်စက် ကောက်ကျစ်ချင်သေးသည် ဆိုလျှင်လည်း သေနတ်ကိုင်ဖို့ ၀န်မလေးကြသော ခေါင်းဆောင်ကြီးတွေ ဖြစ်သည်။ မိမိပြည်သူလူထု၏ အားသာချက်၊ အားနည်းချက်ကို နောကြေနေကြသည့် ခေါင်းဆောင်တွေ။ “ဆိုင်ဂုံ” ထဲမှာ ဟိုချီမင်း၏ ဗီယက်နမ်ပြည်သူလူထုကို ခေါင်းဆောင်သွားပုံက လက်ဖျားခါစရာ။ နယ်ချဲ့လက်ထဲက နိုင်ငံကို ပါးပါးနပ်နပ်ဖြင့်  ဘယ်လို ဆွဲထုတ်ရမည်ဆိုတာ သိခဲ့သည်။

ဆရာမြသန်းတင့်ဘာသာပြန်သည့် ရှရှားစာရေးဆရာ အီလျာအာရင်ဘတ်ရေးသည့် “လူများ သက္ကရာဇ်” များထဲတွင် အီ လျာ အာရင်ဘတ်က သူ့ငယ်ဘ၀ထဲမှ ပြင်သစ်နိုင်ငံကြီးကို အပြုသဘောဆောင်သည့် သဘောတွေ အများကြီးရေးခဲ့သည်။ ပြင်သစ်လူမျိုးတွေကို အထင်ကြီးလေးစားသည့် အရေးအသားတွေ အများကြီးပါသည်။ ဆိုင်ဂုံထဲမှာကျတော့ ပြင်သစ်လူမျိုး တွေလောက် အောက်တန်းကျ ရက်စက်တာ မရှိ။ ခေတ်နောက်ကျသည့် ဗီယက်နမ်လူမျိုးတွေကို အမျိုးမျိုးဖိနှိပ် သတ်ဖြတ် သည်။ အပ်တိုတစ်ချောင်းတောင် လက်နက်မပါဘဲ ချီတက်ဆန္ဒပြကြသည့် လူသောင်းကျော်ကို လေယာဉ်ဖြင့် ဗုံးကြဲသည်။ စက်သေနတ်ဖြင့် ဆွဲသည်။ အစာရေစာ မ၀တ၀ပေးပြီး ရော်ဘာခြံတွေမှာ အလုပ်လုပ်ခိုင်းခဲ့သည်။ သူတို့ကို တော်လှန် ပုန်ကုန်သူတွေကို လူလည်ခေါင်မှာ ခေါင်းဖြတ်သတ်သည်။ ဆိုင်ဂုံ၊ ဟနွိုင်းလမ်းမတွေပေါ်မှာ ဗီယက်နမ်တွေကို ဗီယက် နမ်တွေ ရှေ့မှာဘဲ မောက်မာ၊ ရိုင်းစိုင်းသည်။ ကျွဲ၊ နွားတွေကို ရိုက်နှက်သလို ရိုက်သည်။ ၀တ္ထုဆိုပေမယ့် ဒါတွေက အမှန်ဖြစ်ခဲ့သည်။ ၁၉၊ ၂၀ ရာစု အတွင်းက နယ်ချဲ့နိုင်ငံတွေပီပီ မိမိတို့၏ ကိုလိုနီလက်အောက်ခံနိုင်ငံတွေ၏ အသွေးကို ယူသည်။ အသားကို စားသည်။ အရိုးအရင်းတောင်မှ မပေး။

အန်တိုနီဂရေးက ပြင်သစ်လူမျိုးထဲမှာ ကောင်းတဲ့လူတွေလဲ ရှိပါသေးသည်ဆိုသည့်အနေဖြင့် စိတ်ကောင်းရှိသည့် ပြင်သစ် စစ်ဗိုလ်ဇာတ်ကောင်တစ်ယောက်ကို ဖန်တီးခဲ့သည်။ သို့သော်လည်း လူဝါးဝသည့် လုပ်ရပ်များ၊ ကလိမ်ကျမှုများ၊ ရက်စက် ယုတ်မာမှုများကြားမှာ လူတွေအချင်းချင်း အငြိုးအတေးကြီးစွာ ထားတတ်ကြပြီး အမှန်ကို မမြင်နိုင်လောက်အောင် ဖြစ်သွား တတ်ကြတာကိုလဲ ဖော်ပြခဲ့သည်။ စစ်ပွဲတွေ၊ တော်လှန်ရေးတွေကြားမှာ ချစ်ခင်ကြင်နာမှု၊ သံယောဇဉ်တွေ မရှိတော့ဘဲ နယ်ချဲ့ နိုင်ငံသားဆိုသည့် အသိဖြင့် တူးတူးခါးခါး မုန်းကြတော့သည်။

နာမည်ကျော် ဒိန်ဘင်ဖူး ခံတပ်တိုက်ပွဲကို ဆိုင်ဂုံထဲမှာဖတ်ရတော့ ငယ်ငယ်က မရှင်းမလင်းဖြစ်နေတာတွေ ရှင်းလင်းသွား သည်။ မိမိတပ်အင်အား၊ လက်နက်အင်အားကို အထင်ကြီးလွန်းပြီး ဆန့်ကျင်ဘက် မျိုးချစ် ဗီယက်ကောင်း တပ်သားတွေ၏ စိတ်ဇောထက်သန်မှုကို အထင်သေး ပျက်ရယ်ပြုခဲ့ကြသည့် ဒိန်ဘင်ဖူး ခံတပ်။ တော်လှန်ရေးအတွက် မိမိငယ်ပါကို ဖြတ်ပြီး စိတ်ဒုံးဒုံးချ တော်လှန်ပုန်ကန်သည့် ဗီယက်နမ်ခေါင်းဆောင်တစ်ဦး၏လက်အောက်မှာ ပြင်သစ်တို့၏ နာမည်ကျော် ခိုင်ခံ့ လှပါသည်ဆိုသည့် ဒိန်ဘင်ဖူးသည် အတုံးတုံး အရုံးရုံး။ အလဲလဲ အပြို အပြို။

ဒုတိယကမ္ဘာစစ်ပြီးတော့ နယ်ချဲ့တွေက သူတို့၏ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေကို ပြန်ပြီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြသည်။ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော ဖဆပလအဖွဲ့ကြီး၏ အင်္ဂလိပ် အစိုးရကို ဖိအားပေးမှုကြောင့် လွတ်လပ်ရေး ရခဲ့သည်။ တန်ဖိုးရှိလှသည့် ဗိုလ်ချုပ်တို့၏ သွေးမြေကျခဲ့ရသည့်ကိစ္စမှလွဲပြီး အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ဆက်ပြီး ကျွန်ပြုလို့မရခဲ့တာ အစောကြီး သဘောပေါက်ခဲ့သည်။ ဗီယက်နမ်ကတော့ ကံမကောင်း။ တောင်ပိုင်းနှင့် မြောက်ပိုင်းအား ခွဲခြား သွေးကွဲစေခဲ့ကြကာ ပြည်သူလူထု အများကြီး သွေးမြေကျခဲ့ရသည်။ သေကြေပျက်စီးမှုများစွာဖြင့် လွတ်လပ်ရေးကို တိုက်ယူခဲ့ကြရသည်။ လူမဆန်သည့် ပြင်သစ်တွေနဲ့ ကွန်မြူနစ်တစ္ဆေ အ ခြောက်ခံနေရသည့် အနောက်နိုင်ငံတွေ လက်ထဲက လွတ်လပ်ရေးကို ခက်ခက်ခဲခဲ ရယူခဲ့ရသည်။

အခုတော့ ဗီယက်နမ်နိုင်ငံ ဘယ်လို ဖြစ်နေပြီဆိုတာ ကျွန်တော် အထူးပြောဖို့ မလိုတော့ပြီ။ သူတို့ကို နှစ်တစ်ထောင်ခန့် ကျွန်ပြုခဲ့သည့် လက်ရှိကမ္ဘာ့အင်အားကြီး တစ်နိုင်ငံဖြစ်သည့် တရုတ်သော်မှ ဗီယက်နမ်ကို လေးလေးစားစား ဆက်ဆံရ သည်။ မထီမဲ့မြင် မလုပ်ရဲ။ ဗီယက်နမ်တွေ၏ ကျားကုတ်ကျားခဲ စိတ်ဓာတ်၊ စည်းလုံးမှုတွေကြောင့် လေးစားကြရသည်။ ဗီယက်ကောင်းတွေ ဘယ်နိုင်ငံကိုမှ အလုပ်ကြမ်းသမားဖြင့် ထွက်ပြီး အလုပ်လုပ်ရတယ်လို့ ကျွန်တော် မကြားမိတော့ လောက်အောင် နိုင်ငံစီးပွားရေးက အတက်ပြပြီးရင်း ပြနေသည်။

ဆိုင်ဂုံဝထ္ထုစာအုပ်ထဲက အကြောင်းအရာတွေသည် ၂၀ ရာစု အတွင်းက အဖြစ်အပျက်များ ဖြစ်ကြသည်။ ၂၀ရာစု အတွင်းက ဗီယက်နမ်တွင် ပြင်သစ်တွေသည် လယ်တွေကိုသိမ်းပြီး သူတို့ အုပ်စိုးဗိုလ်ကျမှုကို ကူညီပေးသည့် သစ္စာဖောက် ဗီယက် နမ်တွေ လက်ထဲကိုထည့်ပေးခဲ့သည်။ သွေးခွဲ အုပ်ချုပ်ခဲ့သည်။ အုပ်ချုပ်ရေးအလွှာနှင့် ပြည်သူလူထုကို မတူ၊ မတန် ဆိုသည့် သဘောဖြင့် ခွဲခြားထားခဲ့သည်။

ကမ္ဘာကြီးက ပြောင်းလဲလာသည်။ ပြင်သစ်တွေ၊ အင်္ဂလိပ်တွေ၊ ဂျပန်တွေ ၁၉ ရာစုက လုပ်ကြသလိုမျိုး မျက်နှာပြောင်တိုက် သူများတိုင်းနိုင်ငံတွေကို ကျွန်ပြုလို့မရတော့။ ဘယ်နိုင်ငံကမှ လက်မခံတော့သလို ဘယ်လူကမှ လက်မခံကြတော့။ ထို့ ကြောင့်လည်း အီရတ်ကို ဂျော့ရှ်ဘွတ်တို့ ၀င်တိုက်ချင်တော့ မရှိသောလက်နက်တွေကို အရှိလုပ်ပြရသည်။ တဆိတ်ကို တအိတ်လုပ်ကြရသည်။ အီရတ်ခေါင်းဆောင်တွေကလဲ အာဏာရူးကြသူတွေဆိုတော့ အကြောင်းပြလို့ ကောင်းခဲ့သည်။ အခုတော့ သူ့ဘာသာ ကမ္ဘာ့အင်အားကြီးနိုင်ငံမကလို့ ဘာကြီး ဖြစ်ဖြစ် လက်နက်အားကိုးဖြင့် ၀င်သိမ်းချင်တိုင်း သိမ်းလို့ မရတော့။

သို့သော် ကျွန်တော်တို့ဆီမှာကတော့ အချင်းချင်းကို လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျနေသေးသည်။ ကိုလိုနီနိုင်ငံ တွေကို နယ်ချဲ့တွေ အုပ်ချုပ်သလိုမျိုး အရာရာကို သူတို့လူတွေနှင့် အစားထိုး အုပ်စီးနေချင်ကြသည်။ ခွဲခြား အုပ်ချုပ်ချင်သည်။ ပြည်သူလူထုကို ကျွန်လိုသဘောထားသည်။ ပြင်သစ်တွေက ဗီယက်နမ်မှာ စကားလုံးအလှတွေသုံးပြီး ကျွန်ပြုခဲ့သလို မိဘ ပြည်သူများခေါ်ပြီး အာဏာလက်လွှတ်မှာ ကြောက်နေကြသည်။

ဆိုင်ဂုံကို ကျွန်တော် ဖတ်ပြီးတွေးမိသည်။ ယဉ်ယဉ်ကျေးကျေးပြောလဲ မရ၊ နားလည်အောင် ပြောလဲ မကြား၊ ကျိန်ဆဲလို့လဲ မဖြုံ၊ ဆဲလို့လဲ အပြုံးမပျက်၊ တောင်းတောင်းပန်ပန် ပြောပြန်တော့လဲ ဖုတ်လေသည့် ငပိ ရှိသည်လို့ မထင်ကြသည့် ခေတ် သစ် အိမ်ကျယ်အစိုးရများကို လက်နက်ကိုင်တော်ရသော် ကောင်းအံ့လော။ ဟိုချီမင်းလို၊ ဗိုလ်ချုပ်အောင်ဆန်းလို တုံးတိုက် တိုက် ကျားကိုက်ကိုက် ခေါင်းဆောင်နောက်က ၀ါးချွန်ကိုင်ဆွဲ တိုက်ရ တိုက်ရ သတ်ချင် ဖြတ်ချင်စိတ်များ တစ်ခါတရံ အတွေး ပေါ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်နက်ကိုင် တော်လှန်ရေးကို အားပေးဖို့နေနေသာသာ စကား ခပ်ကြမ်းကြမ်း ပြောလျှင်သော်မှ မကြိုက်သူဆိုတော့ ခက်သည်။ ပိုပြီးခက်တာက ကျွန်တော်တို့ စစ်အစိုးရသည် လူမျိုးတူ အချင်းချင်း ကိုလိုနီပြုထားရသည့် အရသာကို သဘောအကျကြီး ကျနေသည်။ အာဏာအတွက် ဘယ်သူ့ကိုမှ၊ ဘယ်လိုမှ အလျှော့မပေး၊ ဗိုလ်မထားမည့် လူတွေ ဖြစ်နေသည်။ ရံဖန်ရံခါ ကျွန်တော့် အတွေးများသည် စာဖတ်ရင်း တစ်ဖက်စွန်း ရောက်ရောက်သွားတတ်သော်လည်း ရင်တွင်းက စစ်အစိုးရကို မုန်းတီးစိတ်က ဗီယက်နမ်တွေ၏ ပြင်သစ်တွေအပေါ် မုန်းတီးသည့်စိတ်ထားလို သတိမထားတော့ဘဲ လွှတ်ပေးထားချင်မိသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – ဆိုင်ဂုံက ၀ါးချွန်ဆွဲချင်ပြီ

  1. zaw aung on August 17, 2015 at 9:28 pm

    အချိန်ရင် ဆိုင်ဂုံ စာအုပ်ကို သေချာဖတ်ကြည့်ပါဦးမယ်။ thank
    .
    အထူးသခြင့် လယ်ယာမြေများစွာမှာ စပါး၊ လဘက်၊ ရာဘာ၊ သီဟိုစေ့ စတဲ့သီးနှံများ နှစ်စဉ် ဒေါ်လာဘီလျံ ၅၀လောက် ကုန်ချောအဖြစ် ပြည်ပကိုတင်ပို့နိုင်လို့ လယ်သမားများ အလုပ်ပေါ့၊ ဝင်ငွေကောင်းပါတယ်။ ချေးငွေ၊ သီးထပ်စိုက်ပျိုးခြင်းတွေလဲ ဆည်မြောင်းတွေနဲ့ အစိုးရငွေကုန်ခံလုပ်ပေးထားပါတယ်။ လယ်မြေသိမ်း ပြသနာ မရှိသလောက်ပါ။ Land Transfor လုပ်ခဲ့ပြီးပါပြီ။ ခေါင်းဆောင် စိတ်ထားမြင့်မြတ်ကြတယ်လို့ ပြောရပါမယ်။
    .
    Happiest People in Planet ဖြစ်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်