ဖိုးထက် – မြ၀တီမင်းကြီး ငိုလေပြီ

August 20, 2015

ဖိုးထက် – မြ၀တီမင်းကြီး ငိုလေပြီ
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅

စာဖတ်လို့ အကောင်းဆုံးအချိန်သည် မပူလွန်း၊ မအေးလွန်း အခြေအနေ။ ကာယဒုက္ခ၊ စိတ္တဒုက္ခများ ကင်းရှင်းနေရုံသာမက ဗိုက်ထဲမှ စားပြီး အစာများ ကြေညက်ခါစအချိန်တွင် စာဖတ်ရတာ အာရုံစူးစူးစိုက်စိုက် ရှိလှသည်။ အထူးသဖြင့် မိမိစိတ် ၀င်စားသည့်အကြောင်းအရာကို ၎င်းအချိန်သမယတွင် ဖတ်လိုက်ရလျှင် မည်သည့်စည်းစိမ်နှင့်မျှ မလဲနိုင်လောက်အောင် ဖြစ်တတ်ကြသော သဘာဝအတိုင်း စာအုပ်ဟောင်းတစ်အုပ်ကို သည်းကြီး မည်းကြီး ကျွန်တော်ဖတ်နေမိသည်။ လောက စည်းစိမ်သာတည့်။

စာဖတ်လိုက်၊ စာအုပ်ကို ပိတ်လိုက်၊ စာထဲမှအကြောင်းအရာများကို အရင်ဖတ်ပြီးသားအကြောင်းအရာများနှင့် ဆက်စပ် တွေးကြည့်လိုက်၊ ထို့နောက် စာအုပ်ကို ပြန်ဖွင့်လိုက် လုပ်ရင်း မျက်စိနှစ်လုံးကို မှိတ်ပြီး တွေးမိပြန်သည်။ လေက တဖြူးဖြူး။ ကိုယ်ခန္ဓာကြီးက သက်တောင့် သက်သာ။ တွေးလိုက်စမ်း အားရ ပါးရ။ ပေါက်တတ်ကရ မတွေးရင် ပြီးရောပေါ့။

“ဟဲ့ မောင်ရင်…ဟဲ့ မောင်ရင်…သြော်…ထိနမိတ္တတယ်…အားကြီးသကိုး.. ဟဲ့ မောင်ရင်”

အတွေးလေးမှ  အရသာမရှိခင် တစ်စုံတစ်ဦးက ကျွန်တော့်ကိုခေါ်နေသလိုလို။ အသံလာရာ ကုတင်ခြေရင်းသို့ မျက်စိနှစ် လုံးကို ဖွင့်ကြည့်လိုက်တော့ ….

“အောင်မလေး…သောက်ပလုတ်တုတ်” ဟု ပါးစပ်က အာမေဋိတ်စကား မယဉ်ကျေးစွာထွက်သွားသလို လှဲနေရာမှ ငေါက် ကနဲ့ ထထိုင်မိသည်။ မလန့် ခံနိုင်ရိုးလား။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် စာဖတ်ပြီး မျက်လုံးမှိတ် တွေးနေစဉ်မှာ လူကြီးတစ်ယောက် မတ်တပ်ရပ်ကြီးနဲ့ခေါ်နေသည်။ လူကြီးကိုကြည့်ရတာ ဇာတ်နောက်ပိုင်းဇာတ်ထုပ်တွေထဲက မှူးကြီး၊ မတ်ကြီးတွေ အိမ်နေရင်း ၀တ်ကြသည့် ရှေ့ဖုံးအင်္ကျီကြီးနှင့်။ ၀တ်ထားသောပုဆိုးကလည်း တောင်ရှည် ဘာအကွက် အ ဆင်းမှမရှိသော ပုဆိုးကြီး။ ထို့အပြင် ယောင်ထုံးကြီးကိုဘေးချထားသည့် ထိုလူကြီးက ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်ပြီး ခြေရင်းမှရပ်ကာ လာနှိုးနေတော့ လိပ်ပြာလွင့် အသက်ထွက်မသွားတာ ကံကောင်း။

“ခင်ဗျာ…ဟုတ်…အင်း..အဲ..အန်ကယ်လ်က ဘယ်သူလဲဗျ။ လန့်တာဗျာ” ဟု ကြောက်ပေမယ့် ဟန်ကိုယ့်ဖို့ အားတင်းကာ ထထိုင်ရင်း ပြန်မေးလိုက်ရသည်။

“အေး မောင်ရင်…အန်ကယ်လ်က.. အဲလေ ကျုပ်က မြ၀တီမင်းကြီးဘဲ” ဟု ဖြေလည်း ဖြေ။ ကုတင်ခြေရင်းသို့ စွေ့ကနဲ့ တင်ပါးလွှဲ ၀င်ထိုင်လိုက်သည်။ မြ၀တီမင်းကြီး.. မြ၀တီမင်းကြီး…မြ၀တီမင်းကြီးဆိုတော့ ကေအဲန်ယူက အစိုးရနဲ့ ပလဲ ပနံ သင့်နေတဲ့ ကရင်ဗိုလ်ကြီးများလား။ သူ့ကြည့်ရတာလည်း ကရင်ရုပ်မဟုတ်။ စကားပြောတာလည်း ကရင်သံ မ၀ဲ။ မြ၀တီ မင်းကြီးဆိုတော့ ဘယ်သူများလဲဟု တွေးနေရင်း ပြီးမှ တစ်စုံတစ်ခုကို တွေးမိကာ ..

“ဟာ… အန်ကယ်လ်က မြ၀တီမင်းကြီး ဦးစလား”

“ဟုတ်တယ်… မောင်ရင်.. ကျုပ်က မြ၀တီမင်းကြီး ဦးစဘဲ”

ဘုရား…ဘုရား ဒါဆိုသေပြီးသား။ ဒီလူကြီး ငါ့ကို ဘာလာနှောင့်ယှက်တာလဲမသိ။ ငါလဲ သူ့ကို ဘာမကောင်းကြောင်းမှ မပြောဘူးသလို သူ့သမီးကိုလည်း ဒုက္ခမပေးဘူးပါဘူးလို့ တွေးနေစဉ်မှာ..

“မကြောက်ပါနဲ့ မောင်ရင်။ ကျုပ်ကိုလဲ ဦးစလို့ခေါ်ပါ။ မောင်ရင့်ရဲ့ အန်ကယ်လ်ဆိုတာကြီး ကြားရတာလဲ နားထဲမှာ ကလော လွန်းလို့ ဦးစလို့ဘဲ ခေါ်ပါ.. ရင်းရင်းနှီးနှီးပေါ့”

“ဟုတ်..ဟုတ်..ဘာကိစ္စရှိလို့လဲ အန်ကယ်လ်…အဲ…အဲ… ဦးစခင်ဗျား”

ကျွန်တော် ဖျားသွားသည်။ မြ၀တီမင်းကြီး ဦးစဆိုတာ မြန်မာတိုင်းသိကြသည့် စွယ်စုံရ ပညာရှိကြီး။ စစ်သားကောင်းကြီး။ စစ်သူကြီး မဟာဗန္ဓုလနှင့် ပုခုံးဖက်ပြီး အင်္ဂလိပ်ကိုခံချလာသည့်လူကြီး။ ပန်းဝါတိုက်ပွဲမှာ အင်္ဂလိပ်တွေကို ဆော်ပလော် တီးခဲ့သည့်လူကြီး။ သီချင်းခံ့၊ သီချင်းကြီး၊ ယိုးဒယား၊ ပတ်ပျိုး စသည့် မြန်မာ့ဂီတ၊ အနုပညာမှာလည်း တစ်ဖက်ကမ်းခပ် လူကြီး။ ဒီလိုလူကြီးက ကျွန်တော်လိုအကောင်ဆီကို ဘာကိစ္စနဲ့လာသနည်း။

“ဘာရယ်မဟုတ်ပါဘူး မောင်ရင်ရယ်။ လမ်းကြုံလို့ဝင်လာတယ်ဘဲ မှတ်ပါတော့။ ပြီးတော့ မောင်ရင့်မှာလည်း မေးစရာ မေး ခွန်းတွေ ရှိနေတယ်မို့လား”

“ဟုတ်ကဲ့…ဦးစကို မြ၀တီမင်းကြီး ဦးစလို့ခေါ်ကြတာ ဟို ထိုင်းနယ်စပ်က ခဏ ခဏ တွယ်ကြတဲ့ မြ၀တီမြို့ကို အပိုင်စား ရလို့လား ခင်ဗျ”

“ဟား…ဟား…ဟား မောင်ရင်ရယ်…မဟုတ်ပါဘူးကွဲ့…ဘကြီးတော် မင်းတရားကြီးက သရက်ခရိုင် အထက်ပိုင်းက မြ၀တီ မြို့ကို ပေးသနားတော် မူခဲ့လို့ပါကွဲ့…မင်းပြောတဲ့ ကရင်ပြည်နယ်က မြ၀တီ မဟုတ်ပါဘူးကွယ်…ဟား..ဟား…ဟား” ဟု ဖြေလဲ ဖြေ သဘောအကျကြီး ကျနေသည်။

“ဟုတ်..ဟုတ်..ကျွန်တော်က အဲဒီ ကရင် မြ၀တီမှတ်လို့။ မြ၀တီအပိုင်စားရမှတော့ ဦးစမှာလည်း ကရင်မမိန်းမ တ ယောက်တော့ ရှိမှာဘဲတောင် ထင်မိသေးတာ..ဟဲ…ဟဲ..ပြီးတော့ ဦးစက အသက် ၂၀ လောက်ကတည်းက မုဆိုးဖို ဖြစ် တာဆိုတော့လေ.. အဟဲ”

“ကိုယ့်စိတ်နဲ့ နှိုင်း ရိုင်းတတ်တယ် မောင်ရင်ရဲ့။ ကျုပ်က ကိုယ်ရေး ကိုယ်တာတွေပြောရမှာ စိတ်မပါဘူး မောင်ရင်ရဲ့။ အဲဒီ မိန်းမဘယ်နှစ်ယောက်တို့၊ ဘယ်မှာ ဘယ်လို အိမ်ထောင်ကျတို့ စတာတွေကို မောင်ရင်နဲ့ ပြောဖို့ လာခဲ့တာ မဟုတ်ဘူးကွဲ့…ဒီ့ပြင်  မေးချင်တာတွေများ ရှိမလားလို့ကွဲ့”

လာလာချည်သေး။ ဒင်းကြီးက ငါ့ကိုများ ကိုယ့်စိတ်နဲ့ နှိုင်း… ရိုင်းတွေ ဘာတွေနဲ့လို့ စိတ်ခုသွားသော်လည်း …

“ဟုတ်ကဲ့..ဒါဆို တခြားဟာ မေးပါ့မယ်။ ယိုးဒယား အီနောင်ဇာတ်ကြီးကို မြန်မာမှုပြုကြတော့ အိမ်ရှေ့မင်းအမိန့်နဲ့ ဦးစ ပါတဲ့ ကော်မတီရှစ်ဦးက ရေးတယ်လို့ ဆိုကြတယ်။ တချို့ကလည်း ဦးစတစ်ယောက်တည်း ရေးတယ်လို့ ဆိုကြတယ်။ အဲဒါ ဘယ် ဟာ အမှန်လဲခင်ဗျ။”

“ဒီလိုကွယ့် မောင်ရင်ရဲ့… အီနောင်ဇာတ်ကြီးကို တို့များအဖွဲ့ ဘာသာပြန် မြန်မာမှုပြုကြတော့ တစ်ဖွဲ့လုံး ရေးကြတာကွဲ့။ ဒါပေမယ့် အဲဒီထဲက တေးဂီတတွေကိုရေးတော့ ကျုပ်ရေးတာကွဲ့။ ဒါကြောင့် နှောင်းလူများက အီနောင်ဇာတ်ကြီး တစ်ခုလုံး ကို ကျုပ်ရေးတယ်လို့ အကောက်အယူမှားကြတာကွဲ့။ ကျုပ်က အဲဒီအချိန်မှာ ဂီတ၊ အနုပညာမှာ တစ်ဖက်ကမ်းခပ်နေပြီလို့ ဆိုကြပါစို့ကွယ်။ အသံဆန်းတွေ၊ ဂီတအသံအသစ်တွေ ဖွဲ့ဆို ဖန်တီးရာမှာ ၀ါသနာလဲပါ၊ စိတ်လဲ စိတ်ဝင်စား…မင်းတရား ကြီးကလဲ မြှောက်စားတော့ ခရီးတွင်ခဲ့တာပေါ့ကွယ်”

“ဟုတ်ကဲ့…ပြီးတော့ ကျွန်တော်တို့ခေတ်က မင်းသားဝင်းဦးဆိုတဲ့ “လေပြည်ဆော်သွင်းမြူး” ဆိုတဲ့ သီချင်းကြီး အမျိုးအစားကို “မြင်းတက် ယိုးဒယား” လို့ ခေါ်ကြတာ အဲဒီ မြင်းတက် ယိုးဒယားဆိုတာ ဘာလဲခင်ဗျ”

“မြင်းတွေနဲ့ ယိုးဒယားကို စစ်ချီစဉ်မှာ ရေးဖွဲ့ခဲ့တဲ့သီချင်းပါကွယ်..။ စစ်သည်တွေ အများကြီးနဲ့ စစ်ချီကြတော့ စိတ်အားတွေ တက်ကြွပြီး ဖွဲ့ခဲ့တာပါကွယ်”

“ပြီးတော့ မြ၀တီမင်းကြီး ဦးစကို တူရိယာအစုံ တီးတတ်တယ်လို့ ဆိုကြတယ်။ ဟုတ်ပါသလားခင်ဗျ”

“အိမ်း..ဒါတော့ ဟုတ်တယ်ကွဲ့…။ ကျုပ်က ကြေးဝိုင်းလည်း ကောင်းကောင်းတီးတတ်တယ်။ ပတ္တလားလည်း ကောင်းကောင်း တီးတတ်တယ်။ စောင်းလည်း ရသကွဲ့။ ကျုပ်တီးတတ်တယ်ဆိုတာ သူများတီးပြီးသား လိုက်တီးတတ်တာ မဟုတ်ဘူးကွဲ့…။ အသံကို နားလည်ပြီး ကိုယ်ကြိုက်တဲ့အသံကို ရှာတီးနိုင်တာကွဲ့။ မောင်ရင် နားလည်အောင်ပြောရရင် ကျုပ် မိတ်ဆွေကြီး ယုဒသန်တို့ တိုင်းပြည်က ဒို၊ ရေ၊ မီ၊ ဖာ ဆိုတဲ့အသံတွေကို ကြေးဝိုင်း၊ ပတ္တလား၊ စောင်းနဲ့ အသံရှာတတ်တာပေါ့ကွယ်..။ လိုက်စားသမျှ နားလည်တာပေါ့ မောင်ရင်ရယ်”

“သြော်..ဟုတ်သားဘဲ..ဦးစက ယုဒသန်ဆိုလို့ သတိရသွားတယ်။ ဆရာကြီးမိတ်ဆွေ ယုဒသန်က ဦးစကို မြန်မာပြည်မှာ ဉာဏ်အထက်မြက်ဆုံး၊ အမြင်အကျယ်ဆုံးလို့ ပြောခဲ့တယ်။ ပြီးတော့ သိပ္ပံအတတ်ပညာမှာ ဥရောပသားတိုက်သားတွေက မြန်မာတို့ထက် ပိုကျွမ်းကျင်လို့ မြန်မာနိုင်ငံမှာ သင်ကြားစေချင်တယ်လို့ ပြောခဲ့တယ်တဲ့..အဲဒါ အဟုတ်ဘဲလား”

ဦးစသည် မျက်နှာကျက်ကို ရီဝေေ၀မော့ကြည့်ရင်း..

“အိမ်းကွယ်..ကျုပ်မိတ်ဆွေကြီး ယုဒသန်ကိုသတိရလိုက်တာ..ဟုတ်တယ်ကွဲ့။ အဲဒီစကားတွေ ကျုပ်ပြောခဲ့တယ်။ ဒီလိုကွဲ့ ကျုပ်လဲ အရင်က ဒီမျက်နှာဖြူတွေကို အထင်သေးတယ်ကွဲ့။ အထင်သေးဆို ကျုပ်နဲ့ မင်းကြီးမဟာဗန္ဓုလက ပန်းဝါမှာ အင်္ဂလိပ်တွေကို နိုင်အောင်တိုက်နိုင်ခဲ့တာကိုး။ စစ်သုံ့ပန်းတွေ အများကြီးဖမ်းမိလို့ ကျုပ်တောင် မညှင်းဆဲရ၊ မနှိပ်စက်ရ၊ ကောင်းစွာ စောင့်ရှောက်ရမယ်လို့ အမိန့်ထုတ်ခဲ့သေးတာ။ ဒါပေမယ့် မောင်ရင်ရယ်… ရန်ကုန်မှာ ကျုပ်တို့ သူတို့နဲ့ တကယ် လည်း ယှဉ်တိုက်ရရော သူတို့လက်နက်တွေ ကျုပ်တို့ ဘယ်မှာမှီလို့လဲ။ ကျုပ်တို့ အမြှောက်တွေက တဆင့်ဘဲ ကွဲနေချိန်မှာ သူတို့ အမြှောက်တွေက မီးပါလောင်တာကိုး မောင်ရင်ရဲ့။ သတ္တိအရာမှာ ကျုပ်ကော၊ မင်းကြီးဗန္ဓုလကော၊ ကျုပ်တို့ စစ် သားလေးတွေကော သူတို့ကိုယှဉ်နိုင်တာပေါ့။ သတ္တိရှိပြီး ဗျတ္တိမဲ့ရင် အလကားမောင်ရင်ရဲ့။ ကျုပ်တို့မင်းတရားကြီး တပ် တွေက အချင်းချင်းနဲ့ ယိုးဒယားလောက်သာ နိုင်အောင်တိုက်နိုင်ကြတာ..မျက်နှာဖြူတပ်တွေနဲ့ကျတော့ လက်နက်ကို ဘယ် လိုမှ ယှဉ်မရတော့ ရှုံးခဲ့ရသာကိုး။ ဒီတော့ သူတို့ရဲ့ အတတ်ပညာတွေကိုသင်ချင်လို့ ပြောခဲ့တာကွဲ့”

“ဒါတွေ ဦးစပြောတော့ ကျွန်တော်လည်း စိတ်မကောင်းဘူးဗျာ။ အခုကျွန်တော်တို့ ခေတ်မှာဘဲ ဘာထူးမှာလဲ ဦးစရာ။ ကျွန် တော်တို့ စစ်တပ်က အချင်းချင်းသာ စွာတာဗျ။ အချင်းချင်းသာ သတ္တိတွေ စွတ်ကောင်းပြနေတတ်တာဗျ။ သူများနဲ့ဆို ခံနေရ တာပါဘဲ ဦးစရာ။ ဒါတွေ ပြောမနေချင်ပါဘူး။ နောက်ပြီး တစ်ခုလောက်မေးချင်တာ ရှိသေးတယ်”

“မေးပါ မေးပါ မောင်ရင်..ကျုပ်အချိန်ရှိပါသေးတယ်”

“ဟုတ်ကဲ့.. ဦးစကို နန်းတွင်းမှာ စစလို့ ချစ်စနိုး ခေါ်ကြတယ်ဆို။ ဘာကြောင့် အဲဒီလိုခေါ်ကြတာလဲခင်ဗျ”

“ချစ်လို့ပေါ့ကွယ်..ချစ်ဆို ကျုပ်က ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယဘုရင်ခံချုပ်က မဏိပူရစော်ဘွားကို ပေးမယ်လုပ်တာကိုး။ အဲဒီအချိန်က ကျုပ်တို့က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာ ရှုံးပြီးခါစ။ ကျုပ်တို့ကို အနိုင်ကျင့်တဲ့ သဘောပေါ့ကွယ်။ ဒါကြောင့် ကျုပ်က သူတို့ကိုယ်စားလှယ် ဗိုလ်ဗားနေးကနေ ကန့်ကွက်ရတာကိုး။ တိုတိုပြောရရင် အောင်မြင်တယ်ပေါ့။ ဒါက မင်းဘုရား ကြီးတွေရဲ့ အရေးတော်ကို ထမ်းရွက်တယ်ပေါ့ကွယ်။ နောက်ပြီး ကျုပ်က မောင်ရင်ပြောခဲ့သလို သီချင်းကြီး၊ ပတ်ပျိုး၊ ကြိုး၊ သီချင်းခံ့၊ ဘောလယ် စတာတွေကို နှံ့နှံ့စပ်စပ် နားလည်တာကိုး။ ၃၇ မင်း နတ်ကိုးကွယ်ပုံကို ဘုန်းတော်ဘုရား အမိန့်တော် မြတ်နဲ့ ကျုပ်က သုတေသနပြု၊ လေ့လာပြီး ရေးခဲ့သေးတာကိုး။ ပြောရရင်တော့ စွယ်စုံရပေါ့ကွယ်။ ဒီတော့ ကျုပ်ကို မင်း တရားကြီးနဲ့ နန်းတော်တစ်ခုလုံးက ချစ်ကြတာပေါ့။ ချစ်ကြတော့ အဖျားစွပ်ပြီး စစလို့ ခေါ်ကြတာပေါ့ကွယ်။ ပြန်တွေးကြည့်ရင် လွမ်းစရာကြီးကွဲ့ မောင်ရင်ရဲ့”

ကျွန်တော်က သူ၏ စွယ်စုံရဆိုသည့်စကားကို ကြားတော့ အူထဲ အသဲထဲ ယားမိသည်။ ထို့ကြောင့် ပါးစပ်မှ၏ “အဟတ်” ဟု ရယ်သံပြုမိသည်။

“မောင်ရင်က ဘာရယ်တာလဲကွဲ့။ ကျုပ်ပြောတဲ့ အထဲ ဘာများလှောင်ရယ်စရာပါလို့လဲ”

“သြော် …ဦးစက ဦးစကိုယ် ဦးစ စွယ်စုံရဆိုလို့ ကျွန်တော်တို့ ခေတ်ကိုတွေးမိပြီး ရီချင်မိလို့ပါ”

“အေး…အေး..လုပ်ပါအုံးကွယ့်…မောင်ရင်တို့ ခေတ် ကျုပ်တို့ နိုင်ငံကြီးအကြောင်းပြောပြပါအုံး။ ကျုပ်ကတော့ ကျုပ်ကိုကျုပ် ကြွားဝါပြီး စွယ်စုံရတယ်လို့ ပြောတာ မဟုတ်ပါဘူးကွဲ့။ ကျုပ်က နိုင်ငံ့အရေးမှာလဲ သံတမန်နည်းနဲ့ အများကြီး ဖြေရှင်းနိုင်ခဲ့ တယ်။ စစ်ပွဲတွေလဲ အများကြီး တိုက်ခဲ့တယ်။ သက္ကတ ဘာသာကိုလဲ ရေးတတ်တယ်။ ဟိန္နူစတန်နီစကားကိုလဲ ထမင်းစား ရေသောက် ပြောတတ်တယ်။ ကသည်းစစ်သားတွေဆီက ကသည်းဘာသာကိုလဲ သင်ထားသေးတာကိုး။ မြန်မာ့ဂီတ အနုပညာမှာလဲ ကျုပ်ပိုင်ပိုင်နိုင်နိုင်ရှိခဲ့တာ မောင်ရင်တို့ ခေတ်အထိ ကျုပ်ရေးခဲ့တဲ့ သီချင်းကြီးတွေ ဆိုနေကြဆဲ မို့လားကွဲ့။ တူရိယာ ပစ္စည်း အမျိုးမျိုးကိုလဲ ကျုပ်က ပိုင်ပိုင်နိုင်နိုင်ကြီး တီးတတ်၊ ခတ်တတ်ကိုးကွဲ့။ ဒါကြောင့် စွယ်စုံရခဲ့တယ်လို့ ပြောတာပါကွယ်။ ဒါနဲ့ လုပ်စမ်းပါအုံး..မောင်ရင်တို့ခေတ်က ဘာများရီစရာ ရှိလို့လဲ။ ကျုပ်စွယ်စုံရတာနဲ့ မောင်ရင်တို့ ခေတ်ရီ ရတာနဲ့ ဘာဆိုင်လို့လဲ”

“ကျွန်တော် ပြောပါ့မယ် ဦးစရယ်။ ဦးစကို စော်ကားချင်လို့ မဟုတ်ပါဘူး။ မယုံတာလဲ မဟုတ်ပါဘူး။ ဦးစ စွယ်စုံ ပညာရှင်ကြီး၊ လူတော်ကြီး တစ်ယောက်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အခု ခေတ်မှာ ဦးစ စွယ်စုံရတယ်ဆိုတာ ခေတ်စကားနဲ့ ပြောရရင် သနားတယ်ပေါ့ ခင်ဗျာ။ အခုခေတ် စစ်ဗိုလ်တွေက စစ်တိုက်ရုံသာ မကတော့ဘူး။ နေရာတကာကို တော်ကြတာ ခင်ဗျ။ အုပ်ချုပ်ရေးလဲ ရတယ်။ ကျန်းမာရေးလဲ ရတယ်။ ပညာရေးလဲ ရတယ်။ စီးပွားရေးလဲ ရတယ်။ ဆက် သွယ်ပို့ဆောင်ရေးလဲ ရတယ်။ စိုက်ပျိုးရေးလဲ လာထား။  ဘယ်နေရာ ပို့လိုက် ပို့လိုက် မလုပ်နိုင်တာ မရှိဘဲ တော်ကြ တာကိုးဗျ။ အိုဗျာ..ကုန်ကုန်ပြောရရင် အိမ်သာကျင်း တူးခိုင်းရင်တောင် သူများထက် သာအောင် အနက်ကြီး တူးနိုင်ကြတဲ့ လူတွေကိုးဗျ။ ဒါကြောင့် ဦးစကို သနားလို့ ရီမိတာပါ”

“ဟေ..ဟုတ်သလား။ လုပ်စမ်းပါအုံး။ အမှန်အတိုင်းဆိုရရင် ကျုပ်က “ထူးမခြားနား” ဆိုတဲ့  မြတ်စွာဘုရား ဘုန်းတော်ဘွဲ့ သီချင်းကြီးကို ရေးခဲ့ပေမယ့် အယူဝါဒမှာ သိပ်အစွဲအလန်း မရှိတဲ့ တစ်ယောက်ပါကွယ်။ ဒါပေမယ့် မောင့်ရင့်ကို အမှန်အတိုင်း ၀န်ခံပါ့မယ်။ ကျုပ်က ကျုပ်စွယ်စုံရတာကို ဂုဏ်လဲ ဂုဏ်ယူတယ်ကွဲ့။ ကျုပ်ထက်များ စွယ်စုံရတဲ့သူတွေ ရှိသေးသလားကွဲ့။ ရှိရင်လဲ ဘယ်သူတွေလဲကွယ့်။ ကျုပ်သွားတွေ့စမ်းအုံးမယ်။ ပြောစမ်းပါကွယ်။ ပညာရှင်အချင်းချင်းဆိုတော့ မောင်ရင်နဲ့ စကားပြောရတာထက် ပိုပြီး အရသာရှိမယ် ထင်တယ်ကွဲ့”

ကျွန်တော့်ကို ပညာရှင်မဟုတ်ဘူး၊ သာမန်လူပါကွယ်ဆိုတဲ့ အပြောတွေကို လုံးဝ မနာကျည်းသော်လည်း ရီချင်စိတ်က ထိန်း မရတော့ဘဲ မထိန်းဘဲ ၀ါးလုံးကွဲ ရယ်မိတော့သည်။

“ဟား…ဟား..ဘာရယ်…ဦးစက အဲဒီ စွယ်စုံရ ပညာရှင်တွေနဲ့ သွားတွေ့မယ်..ဟုတ်လား…သူတို့အကုန်လုံးကို သွားတွေ့ မယ် ဟုတ်လား…ဟား…ဟား…ဟား…”

မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကျွန်တော့်ကို လှည့်ကြည့်ပြီး

“လုပ်စမ်းပါ မောင်ရင်ရဲ့.. သူတို့ စွယ်စုံရတာ ဘာတွေလဲကွဲ့..ဘယ်သူတွေလဲကွဲ့..အသေးစိပ် ပြောပြပါအုံး” ဟု မေးလာ သည်။

ကျွန်တော်က လက်ရှိခေတ်ကြီး၏ စွယ်စုံရ ပုဂ္ဂိုလ်ကြီးများ၏ သတင်း၊ အတင်းများကို လေကြောရှည်နေမိသည်။ ဦးစကမှ တူရိယာမျိုးစုံဘဲ တီးတတ်ကြောင်း။ သူတို့ထဲမှာ ရုပ်ရှင်သရုပ်ဆောင် ပုဂ္ဂိုလ်ကြီးတွေပင် ရှိကြောင်း။ စသည့်…စသည့် တို့ကို လေကြောသန်၊ ရင်ကြောသန် ပြောနေစဉ်မှာ ရှိုက်ကြီးတငင် ငိုကြွေးသံကို ကြားရသည်။ အလို…ဦးစ ငိုနေပါရော..

“ဟာ…ဦးစ..ကျွန်တော်ပြောတာ ဘာများပါလို့လဲဗျ။ ဘာငိုစရာပါလို့လဲခင်ဗျ။ ဦးစကို စော်ကားတာမဟုတ်ပါဘူးဗျ” ဟု ကျွန် တော့်စကားမှ မဆုံး …

“မောင့်ရင့်ကို စိတ်ဆိုးလို့ မဟုတ်ပါဘူး မောင်ရင်ရယ်။ မောင်ရင်ပြောသလိုသာဆို ကျုပ်က ဘာဟုတ်သေးလဲ။ ကျုပ်ထက် ပိုတော်၊ ပိုထက်တဲ့ လူတွေ ဒီခေတ်ကြီးမှာ အများကြီး ပေါ်နေပါလားလို့ တွေးမိတော့ ကိုယ့် ကိုယ် ကိုယ် နှစ်တွေ အကြာကြီး ဘ၀င်ကိုင်နေမိတာကို ၀မ်းနည်းလို့ပါ မောင်ရင်ရယ်…ကျုပ် တကယ်ဝမ်းနည်းလွန်းလို့ပါ..ဟီး….ဟီး…ဟီး” ဟု အားရ ပါးရ ငိုသံကြီးကို မကြားရက်နိုင်လို့ မတ်တပ်ထအရပ်တွင် နိုးတ၀က်၊ အိပ်တ၀က် ဇိမ်ခံရင်း အိပ်မက်နေသည့် ကျွန်တော် နိုး လေသည်။

ခြေရင်းကို ငုံ့ကြည့်တော့ ဘယ်သူမှမရှိ။ ကျွန်တော် ကြောက်စိတ်ဝင်မသွားပါ။ စိတ်ထဲမှာ မြ၀တီမင်းကြီး၏ ယူကျုံးမရ ငိုသံ ကြီးကိုသာ ကြားယောင်ရင်း ရင်ထဲမှာ ဘယ်လိုမှမကောင်း။ သနားစရာ ကောင်းလိုက်ပါဘိတော့ မြ၀တီမင်းကြီး ဦးစရေ။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်