fbpx

သားကြီးမောင်ဇေယျ – ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ

August 21, 2015

 သားကြီးမောင်ဇေယျ – ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ
(၁၂) ကြိမ်မြောက် သာယာဝတီရုံးထုတ်
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅

၃၀-၆-၂၀၁၅
ကျနော်တို့ ဒီနေ့ သာယာဝတီ ၁၂ ကြိမ်မြောက် ရုံးထုတ်ကို မနက် စောစော ထွက်ခဲ့ကြတယ်။
ကျနော်၊ ဉာဏ်ကြီး၊ ရန်နိုင်။
ကားဆရာက ကိုဝင်းကို။
ကျနော့်အိမ်က ထွက်တော့ မနက် ၄ နာရီခွဲ။

နောက်တပတ်ဆို ၇ ဇူလိုင်မို့ ဒီနေ့ ကျောင်းသားတွေကို ၇ ဂျူလိုင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ မေးဖို့ပြင်ထားပါတယ်။ ကျောင်းသားတွေကလည်း ၇ ဂျူလိုင်အတွက် တခုခု အမှတ်တရ ပြောကြမယ် ။ ဖြစ်နိုင်ရင်တော့ သူတို့ကဗျာတွေကို နောက်တပတ် ရုပ်သံအစီစဉ်မှာ ဖေါ်ပြဖို့ စိတ်ကူးထားပါတယ်။ အဲဒီ အစီစဉ်ကိုတော့ ကိုရန်နိုင်က တာဝန်ယူလိုက်ပါတယ်။
ဒီနေ့ ဘာတွေစစ်မလဲ။

တရားရုံးကို မနက် ၉ နာရီကျော်မှာ ရောက်ပါတယ်။ ထူးခြားတာက  တရားရုံးကို ကျနော်တို့မရောက်ခင် ကျောင်းသားတွေ အစောကြီးကတည်းက ကြိုရောက်နေပါတယ်။ ကံအားလျော်စွာ ကိုဉာဏ်ကြီးက ခရိုင်တရားသူကြီး ဦးကျော်စွာငြိမ်းနဲ့ အင် တာဗျူးရပါတယ်။

‘ဒီနေ့ အမှုစစ်ဆေးဖြစ်မှာမဟုတ်ပါဘူး၊  အမှုတွဲ ၅ ခု ခရိုင်တရားရုံးကိုရောက်နေတဲ့ အတွက် ဒီနေ့ စစ်ဖြစ်မှာမဟုတ်ပါဘူး’

‘အာမခံလျှောက်ထားတာနဲ့ပတ်သက်လို့ ဘာများထူးခြားပါသလဲ ခင်ဗျာ’

‘ဒီနေ့လျှောက်လဲချက်ကြားနာရမယ့် အမှုတွေကတော့ မြို့နယ်တရားရုံးက အာမခံပေးထားတဲ့ ၁၅ ယောက်ကို ၈ ယောက် တစ်ဖွဲ့၊ ၆ ယောက်တစ်ဖွဲ့နဲ့ တစ်ယောက်တစ်ဖွဲ့ကို သုံးဖွဲ့ခွဲ တက်လာတယ်။  အဲဒါ က သုံးမှု။ ဦးတင်ဝင်းက တမှု။ ကားပိုင်ရှင်က တစ်မှု။ အာားလုံးပေါင်း ၅ မှုပေါ့။  ၅ မှုစလုံးကို ကျနော်ဆီမှာ တပြိုင်ထဲ ကြားနာမှာပါ’

‘အဲဒီအမှုကို ဘယ်တော့အမိန့်ချမှာလဲ ခင်ဗျာ’

‘ တရားခွင်ကျမှပဲ အမိန့်ချမှတ်မှာပါ။ အမိန့်ချပြီးသွားရင်တာ့ ဒီအမှုတွဲကိုအောက်က ဆက်စစ်ပါမယ်’

တရားသူကြီး ဆီက အင်တာဗျူးရတာနဲ့ ကျနော်တို့ ချက်ချင်းသတင်းတို တင်လိုက်ကြတယ်။
တရားရုံး စင်္ကြန်မှာ ကိုရန်နိုင်က ဆံပင်ရှည်ဂုတ်ဝဲ နဲ့ ကော်လာလယ်ကတုံးအင်္ကျီဖြူဝတ်ထားတဲ့ ကျောင်းသားတစ်ယောက်ကို ကဗျာရွတ်တာကို ရိုက်ကူးနေပါတယ်။

သူ့အသံဟာ သာမန်ထက်ကျယ်လောင်နေပါတယ်။ တခါတခါ နိမ့်သွားလိုက်၊ တစ်ခါတစ်ခါ မြင့်သွားလိုက်။ သူ့အသံနဲ့အတူ သူကိုယ်ကလည်း လူပ်ယိမ်းနေပါတယ်။ သူဘေးမှာ လူတွေအုံလို့။

တစ်ယောက်တစ်လက်

တဗိုလ်ကျ တစ်ဗိုလ်တက်နဲ့
အနာခံ ကြိုးပမ်းလိုက်တဲ့အခါ
ညစ်ထေးထေး ဒဏ်ရာတွေ
ထပ်ရပေမယ့် ပရိသတ်ကတော့
လက်ခုတ်တီး အားပေးခဲ့တယ်
ဒီတခါ ကန့်လန့်ကာအဖွင့်မှာ
မိဘပြည်သူများ ခင်ဗျာလို့ပြောတဲ့အခါ
ဖြူဖွေးတဲ့ အစွယ်တွေ၊ ပရိသတ်မြင်တွေ့လိုက်ရတဲ့အတွက်
သူတို့ထိုးဇာတ် ဒီမှာတင် တခန်းရပ်။
ဒီပွဲမှာ ငါတို့နိုင်တယ်။
. . . . . ကျနော် မင်းသွေးသစ် ပါ။

ဆံပင်ရှည် ဂုတ်ဝဲ နဲ့ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်က သူ့ကဗျာကို လက်မ ထောင်အဆုံးသတ် လိုက်ပါတယ်။ လက်ခုတ်သံ တဖြောင်းတဖြောင်း ဟိန်းထွက်လာပါတယ်။ တရားရုံးစင်္ကြန်မှာ ရပ်ပြီး သူ့ကဗျာကို နားထောင်နေတဲ့   ပရိသတ် ဆီကပါ။

ကိုရန်နိုင်က မင်းသွေးသစ် ကိုယ်တပိုင်းကို ကင်မရာနဲ့ အသေချိန်ရိုက်ကူးပါတယ်။ ကျနော်က မင်းသွေးသစ် လှုပ်နေတဲ့ လက်နဲ့ လွင့်နေတဲ့ဆံပင်၊ စူးရဲတဲမျက်လုံး တပိုင်းချင်း တပိုင်းချင်း ၊ တခုချင်းတခုချင်းကို အသေးစိပ်၊ လိုက်ရိုက်ပါတယ်။ တခါတလေ ကိုမင်းသွေးသစ် ကဗျာရွတ်တာကို ငေးမောနားထောင်နေတဲ့ ပရိသတ်ကို အနီး၊ အဝေး ရိုက်ချက်တွေကို ရအောင်ရိုက်ကူးပါတယ်။

“၃ လပိုင်း ၁၀ ရက်နေ့က ကျနော်တို့ကို အကြမ်းဖက် နှိပ်ကွပ် လိုက်တာကိုကြည့်ရင် အစိုးရဟာ ဘယ်လိုပုံစံမျိုး လိမ်လည်ပြီး အုပ်ချုပ်နေတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ အဒီလို အစိုးရရဲ့ အတွင်းဘီလူးရုပ်ကိုမြင်အောင် ကျနော်တို့ လုပ် နိုင်တဲ့အတွက် ဒီကဗျာကို  မျက်နှာဖုံးချွတ်ပွဲလို့ နာမည်ပေးလိုက်တာပါ။ အကျိုးဆက်ကတော့ အစိုးရ ဘာဆိုတာသိရင် ကျနော်တို့ အစိုးရကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိလာမှာပါ”

မင်းသွေးသစ်က ပြောလိုက်ပါတယ်။

စကားဆုံးတာနဲ့ ကိုရန်နိုင်က ကင်မရာကိုပိတ်လိုက်ပြီး မင်းသွေးသစ် ရင်ဘတ်မှာချိတ်ထားတဲ့ အသံဖမ်းစက်ကလေးကိုဖြုတ်ယူလိုက်ပါတယ်။ ဘေးနားက အစောင့်ရဲတွေက ကျနော်တို့ကို အံသြတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။

ကျနော်က ကျောင်းသားတွေရှိတဲ့ တရားရုံးခန်းထဲကိုလှမ်းကြည့်လိုက်ပါတယ်။ နေ့လည်တရားရုံးနားချိန်မို့ ကျောင်းသား မိဘတွေ ၀န်းရံတွေ ၊ ရှေ့နေတွေ တယောက်နဲ့တစ်ယောက် တစ်စုနဲ့ တစ်စု စကားတွေပြောကြ၊ အားပေးစကားတွေဆိုကြ၊ ထောင်ဝင်စာတွေ ကမ်းကြနဲ့ အလုပ်ရူပ်နေကြပါတယ်။

အဲဒီထဲမှာ ထူးထူးခြားခြား ကျနော်သတိပြုမိတဲ့ ကျောင်းသားတစ်ယောက်လည်းပါဝင်နေပါတယ်။ သူ့မျက်နှာက ဖေါင်းဖေါင်း ပြည့်ပြည့်။ ကော်လာကတုံး အင်္ကျီဖြူ ၀တ်ထားပါတယ်။

ကျနော်လက်ပြလိုက်တော့ သူကလက်ပြန်ပြလိုက်ပါတယ်။ သူတရားရုံးခန်းထဲက စင်္ကြန်လမ်းဖက်ကို ထွက်လာပါတယ်။ အစောင့်ရဲတွေကိုကျော်ပြီး ကျနော်သူ့အနားကိုရောက်အောင်သွားပါတယ်။

“၇ ဇူလိုင်အတွက် ကဗျာရေးဖြစ်လား ခင်ဗျားရွတ်နိုင်မလား၊ ကျနော်တို့ မှတ်တမ်းရိုက်ချင်လို့ပါ”

ကျနော် အသံတိုးတိုးနဲ့ လိုတိုရှင်းပဲပြောလိုက်ပါတယ်။

သူခေါင်းညိတ်လိုက်တယ်လို့ကျနော်ထင်ပါတယ်။ သူ့အဖြေအတိအကျကိုစောင့်မနေပဲ သူ့လက်ကိုဆုပ်ကိုင်ရင်း အလင်း ရောင်ကောင်းတဲ့ တရားရုံးစင်္ကြလမ်းပေါ်ဆွဲခေါ်လိုက်ပါတယ်။
ကိုရန်နိုင်ကို လည့်ကြည့်လိုက်တော့ သူက ကင်မရာအသင့်ပြင်ပြီးစောင့်နေပါပြီ။ ကဗျာရွတ်မယ့်ကျောင်းသား ကင်မရာရှေ့ ရောက်တော့ အသံဖမ်းစက်ကို သူ့အင်္ကျီရင်ဘတ်မှာ ချိတ်လိုက်ပါတယ်။ စလို့ရပြီလို့ ကိုရန်နိုင်က ပြောလိုက်တာနဲ့ ကဗျာရွတ် သံဟာ ကျားဟိန်းသလို ဟိန်းထွက်လာပါတယ်။

အမိန့်
အမိန့်ဟာ အထက်က လာတယ်
အမိန့်ဟာ ခန့်ခန့်ကြီးဓါတ်ပုံတိုက်မှာ
ခန့်ခန့်ကြီး ဓါတ်ပုံရိုက်ခဲ့။
အမိန့်ဆိုတာ ရုပ်ရှင်လား
ရုပ်သေလား မသေချာဘူး။
ရွယ်၇ုံလေးပဲလား
ရိုက်ရော မရိုက်ခဲ့ ဘူးလား ။

ကျနော်မျက်စိထဲမှာ လက်ပံတန်းကျောင်းသားသပိတ်ဖြစ်တုန်းက  နံပါတ်တုတ်တွေနဲ့ ရက်ရက်စက်စက်ရိုက်ခဲ့ပြီး တရားရုံး မှာ တာဝန်ရှိရဲ အရာရှိက ရွယ်ရုံကလေးရွယ်တာပါလို့ ထွက်ဆိုခဲ့တာကို သတိရမိပါတယ်။

အမိန့်မှာ
ရဟန်းသံဃာမရှိ
ကျောင်းသား ကျောင်းသူမရှိ
ပြည်သူပြည်သားမရှိ။

အမိန့်ဟာ ဘီလူးဆိုင်းတီးတဲ့ အခါ
မိုးပေါ်ကိုထောင်မပစ်ဘူးလို့ပြောတယ်။
ကျနော်က မိုးပေါ်ကို ထိုးပြနေတဲ့လက်ကို လက်ညိုးကို အမိအရ ရိုက်ယူပါတယ်။
အမိန့်ဟာ လေချိုသွေးတဲ့အခါ
မိဘပြည်သူများ ခင်ညာလို့
ညောင်နာနာ အသံထွက်တယ်။

ကဗျာကို ရွတ်ရင်း သူ့မျက်နှာက မဲ့လိုက်ရွဲ့လိုက်။ သူ့အသံက မနှဲလေးအသံလို ညောင်နာနာ အသံဖြစ်လိုက်။ ကင်မရာ ချောင်းကြည့်ပေါက်ကကြည့်ရင်း ကဗျာထဲမှာ ကျနော် မျောသွားပါတယ်။

အမိန့်အတိုင်း ဂုဏ်သိက္ခာမရှိတဲ့
သေနတ်ပြောင်းဟာ
စာသင်ခန်းနဲ့လမ်းမတွေပေါ်
လှည်လည်လာတယ်။

သူ့လက်တွေက ကင်မရာရှေ့မှာ သေနတ်ကြီးနဲ့ဟိုရမ်း ဒီရမ်း လုပ်သလိုမျိုးလုပ်ပြ၊ သူ့မျက်လုံးတွေက မုဆိုးတစ်ယောက် သားကောင်ချောင်းသလို ဟိုကြည့် ဒီကြည့်။ ကျနော်သူ့မျက်လုံးတွေကို အမိအရ ရိုက်ယူနိုင်ခဲ့ပါတယ်။

အမိန့်ရဲ့ ဥပဒေသက
ငါနဲ့ မတူ ငါ့ရန်သူဖြစ်တယ်
ငါ့ကို ကာကွယ်ရေး အမြင်ရှိရမယ်။

သူ့အသံက အမိန့်ပေးတဲ့အသံ။ သူ့ဟန်က ဗိုလ်ချုပ်ကြီးဟန်။  ကဗျာရွတ်ရင်း မျက်နှာမော့လိုက်၊ ရင်ကော့လိုက်။

အမိန့်ရဲ့နောက်ဆက်တွဲဖြစ်ရပ်များကို
ပက်ပုံးမှာ search လုပ်ပါ။

အမိန့်ဟာ နာဇီဝါဒ လက်သစ်လား
ဖက်စစ်ဝါဒ လက်သစ်လား။
နှစ်ခုစလုံးလား။

ကျနော့်မျက်လုံးထဲမှာ ကဗျာရွတ်သူကိုမမြင်တော့ပါဘူး။ နာဇီ စင်္ကြာ အလံနဲ့ ဟစ်တလာ၊ ပွဲတိုင်းမှာ လက်ညှိုးညွှန်နေတဲ့ ဗိုလ်ချုပ်ကြီးတွေ။

အမိန့်မှာ တသွေးတသံမကဘူး
သွေးဟာ တပြည်လုံးချောင်းစီးလို့
အသံဟာ ပင်လယ်လို ဟီးထလို့
အမိန့်၇ဲ့ လက်ကျန် သက်တန်း
ပိစိညှောက်တောက်လေးမှာ
ကြောက်ရွံစရာတွေနဲ့ ဗျာပါဒ များလာ။

သေနတ်ဆိုတာ မိုးပေါ်ထောင်မဖေါက်ဘူးလို့ပြောတဲ့ ဦးနေ၀င်းရဲ့ နောက်ဆုံးမိန့်ခွန်း။ သေနတ်သံများ။ ၈၈ တုန်းက လမ်းမ တွေပေါ်က အလောင်းများ။ ကျနော်ပြန်မြင်လာပါတယ်။

အမိန့်ဟာ မိန့်မိန့်ကြီးထိုင်နေရင်းက
ကတုန် ကရင်ဖြစ်လာ။

သူ့အသံက ဆတ်ဆတ်တုန်၊ သူခေါင်း ဆတ်ဆတ်တုန်၊ သူ့လက်တွေ ဆတ်ဆတ်တုန်၊ သူ့တကိုယ်လုံး ဆတ်ဆတ်တုန်ရင်း ကဗျာကို ဆက်ရွတ်ပါတယ်။

အမိန့်ဟာ
ဘုရားအဆူဆူတည်ပြီး
ထီး အဆင်ဆင့်တည်ထားခဲ့တာပဲ။
အမိန့်ဟာ အပယ်တံခါးကို မပိတ်စေဘူး။
ကံမ္မ နိယာမကို မလွန်ဆန်နိုင်ဘူး။
အမိန့်ဟာ ထွက်ပေါက်မရှိတဲ့ အခါ
အမိန့် ပိုဆန်လာ။

အမိန့်ဟာ
သူအာဏာသူပြန်လုယက်ရင်း
ကယောင်ကတန်း အော်မြည်လို့။

အမိန့်ဟာ
ပိုပြီး စုတ်ပြတ်သတ်လာတယ်။
ပိုပြီး အောက်တန်းစား ဆန်လာတယ်။
သူ့အသံက ဒေါသ တွေပါလာပါတယ်။ မျက်နှာတခုလုံးလဲ နီသတဲ့ နီလာတယ်။

အမိန့်ဟာ
အထက်ကလာတယ် အထက်ကလာတယ်နဲ့
အရူးချီးပန်းဖြစ်လာပြီးတဲ့နောက်
အမိန့်ဟာ
ရုပ်ပျက်ဆင်းပျက်နဲ့
အ၀ီဇိ ကို ထိုးဆင်းသွားတာပဲ။
. . . . .  ကျနော် ကေဇ၀င်းပါ။

သူ့ကိုယ်ကိုညွှတ်ကာ ညာဖက်လက်ညှိုးနဲ့ အောက်ကိုထိုးစိုက်လိုက်ရင်း ကဗျာကို အဆုံးသတ်လိုက်ပါတယ်။

လက်ခုတ်သံတွေ တဖြောင်းဖြောင်း။ ကျနော့် ရင်ထဲ ပြောမပြနိုင်တဲ့ ခံစားမှုတခုဖြစ်ပေါ်လာပါတယ်။ ကြက်သီးမွေးညှင်းတွေ ထလာတဲ့ အထိပါ။

ဒီကဗျာကိုသူဘယ်လိုရေးပါသလဲ
‘ထောင်ထဲမှာ စိတ်နဲ့ရေးခဲ့တာပါ။ ညတိုင်း ညတိုင်း ကျနော်ရေးခဲ့တယ်’

ဒီကဗျာ မွေးဖွားလာဖို့ ခံစားချက်တွေ ဘယ်လိုဖြစ်လာပါသလဲ …

‘လက်ပံတန်းမှာ ကျနော်တို့ကို အကြမ်းဖက် ဖမ်းစီးခဲ့စဉ်က တလျှောက်လုံး အထက်အမိန့်အရ အထက်အမိန့်အရလို့ အ ကြောင်းပြတယ်။  အမိန့်ဟာ တရားမျှတတဲ့ အမိန့်လားဆိုတော့ မဟုတ်ဘူး တရားမမျှတတဲ့ အမိန့်တွေနဲ့ တပြည်လုံးကိုသွေး ချောင်းစီးစေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။

လို့ကျောင်းသားကဗျာဆရာ ကိုကေဇ၀င်းက ဆိုပါတယ်။

တကယ်တော့ ဒီကဗျာဟာ ထောင်ထဲမှာ ညတိုင်း ညတိုင်း စုတ်ပြတ်သတ်နေတဲ့ အမိန့်တွေရဲ့ နှိပ်စက်မှုကိုခံနေရတဲ့ ကျောင်းသားကဗျာဆရာတစ်ယောက်က စိတ်နဲ့ရေးခဲ့တဲ့ ကဗျာပါ။

ကျောင်းသားတွေဟာ သူတို့ကိုနှိပ်စက်နေတဲ့ ကပေါက်တိကပေါက်ချာ အမိန့်သံတွေကို ထောင်ထဲမှာ စည်းဝါးနရီတွေအဖြစ် ပြောင်းလဲလိုက်ကြပါပြီ။

သူတို့ခေါင်းပေါ်က သွေးစက်တွေကို ဆေးမှင်စက်တွေ ဖြစ်အောင်ဖန်တည်းလိုက်ကြပါပြီ။

သူတို့ကျောပေါ်က ဒဏ်ရာတွေဟာ ကဗျာတွေဖြစ်ကုန်ပါပြီ။
သူတို့ကို ပိတ်လှောင်ထားတဲ့ ထောင်နံရံတွေကို နှလုံးသားကျောက်ထက် အက္ခရာ ထိုးထွင်းရာနေရာတွေ အဖြစ်သတ် မှတ်လိုက်ကြပါပြီ။

သူတို့ကို အပြစ်ဒဏ်ခတ်တဲ့ တရားရုံးတွေကို ကဗျာဗိမ္မာန်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါပြီ။

သားကြီးမောင်ဇေယျ
(၁၈-၀၈-၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သားကြီးမောင်ဇေယျ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)