ဖိုးစနေ – ရွေးချယ်စရာမရှိသောအခါ

August 24, 2015

ဖိုးစနေ – ရွေးချယ်စရာမရှိသောအခါ
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၅

အခုတလော သတင်းများတွင် လူကုန်ကူးမှုအကြောင်းများ မကြာခဏ ဖတ်နေရသည်။ ပြီးခဲ့သော ၂ဝ၁၄ ခုနှစ်က လူကုန် ကူးမှုပေါင်း ၁ဝဝ ကျော် ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂ဝဝ ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု သတင်းတစ်ပုဒ်က ဆိုသည်။ အခု ၂ဝ၁၅ ခုနှစ်မှာတော့ ဇန်န၀ါရီလ မှ မတ်လထိ ပထမသုံးလအတွင်း ၂၉ မှု ဖြစ်ပွားပြီး ဇွန်လအထိ ပထမ ခြောက်လအတွင်း ၆၆ မှု ဖြစ်ပွားသည်ဟု အခြားသတင်းတစ်ပုဒ်က ဆိုပြန်သည်။ ဒီသတင်းအရဆိုလျှင် ဒုတိယသုံးလပတ် တွင် ၃၇ မှု ဖြစ်ပွားတဲ့သဘော၊ အမှုဖြစ်ပွားမှုတက်လာတဲ့သဘော ဖြစ်သည်။ ဒါက မှတ်တမ်းဝင်တဲ့စာရင်းဖြစ်သည်။ မှတ်တမ်းမဝင်တဲ့စာရင်းက မည်မျှရှိမည် မပြောတတ်။ ပထမခြောက်လရဲ့ နောက်ဆုံးလဖြစ်တဲ့ ဇွန်လတစ်လတည်းမှာပင် လူကုန်ကူးမှု ၁ဝ မှုရှိပြီး ထို ၁ဝ မှုမှ ပြစ်မှုကျူးလွန်သူ ၂ဝ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်ဟု ဆိုသည်။ သတိပြုစရာကောင်း သည်က အရေးယူခံရသူ ၂ဝ ဦးတွင် အများစုမှာ အမျိုးသမီးများဖြစ်နေခြင်းပင်ဖြစ်သည်။

ကျူးလွန်ခံရသူများကိုလည်းကြည့်ဦး။ ၁၇ ဦးရှိပြီး ၆ ဦးမှာ အသက် ၁၃ နှစ်မှ ၁၆ နှစ်အတွင်းရှိ ငယ်ရွယ်သူကလေးများ ဖြစ်နေသည်။ ပြီးတော့ မိန်းကလေး များလည်း ဖြစ်နေပြန်သည်။  နောက်ပြီး ကလေး ၆ ဦးအနက် ၃ ဦးက အဓမ္မ ပြည့်တန်ဆာပြုခံရသူများဖြစ်ပြီး၊ ၁ ဦးက တရုတ်မယားအဖြစ် ရောင်းစားခံရမှုဖြစ်သည်။ ကျန်နှစ်ဦးကတော့ ဖေါ်ပြမထား၍ မသိရ။ ဇွန်လသည် လူကုန်ကူးမှုများတွင် ကလေးသူငယ်များ ပါဝင်မှု အများဆုံးလဟုလည်း ဆိုထားသည်။ မကြာသေးမီ ကသတင်းတစ်ပုဒ်မှာတော့ လူကုန်ကူးခံရသူ နှစ်ဆကျော်မြင့်တက်လာပြီး တရုတ်မယားအဖြစ် ရောင်းစားမှုများ အများဆုံး ဖြစ်ပွားနေသည်ဟု ဆိုထားပြန်သည်။  ဒီသ တင်းများကြောင့် လူကုန်ကူးမှုများအကြောင်း လေ့လာလို၍ သတင်းစာအဟောင်း ၁ဝ စောင်ခန့်ကို ရက်စွဲစဉ်အတိုင်း ဆွဲယူ ပြီး လှန်လှောကြည့်မိသည်။ လူကုန်ကူးမှုနဲ့သက်ဆိုင်တဲ့ သတင်း ၄ ပုဒ်တွေ့ရသည်။ သတင်းများက ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ အကြောင်း၊ လူထုအတွင်းအချင်းချင်း ကျူးလွန်တ့အဲကြောင်း၊ လူကုန်ကူးခံရဖူးသူက ကျူးလွန်တဲ့အကြောင်း၊ လူကုန်ကူးခံရ သူများအတွက် သတင်းအချက်အလက်ဌာန ဖွင့်လှစ်တဲ့အကြောင်းများဖြစ်သည်။  အမေရိကန်နိုင်ငံသည် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။

ယခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွင် နိုင်ငံများကို ကောင်း၊ သင့်၊ ညံ့ အဆင့်သုံးဆင့် ခွဲခြားဖော်ပြရာတွင် မြန်မာနိုင်ငံကို အလယ်အလတ်အဆင့်ရဲ့ အောက်ပိုင်းဖြစ်တဲ့ အဆင့်-၂ စောင့်ကြည့်စာရင်း (Tier-2 Watch List) တွင် ထည့်သွင်းဖော်ပြ ထားသည်။ ဒါကို တချို့နိုင်ငံများက အမေရိကန်သည် မြန်မာနိုင်ငံကို သူ၏ နိုင်ငံခြားရေးဝါဒ အောင်မြင်မှုပြရုပ်အဖြစ်မှတ်ယူပြီး သာသာထိုးထိုး အဆင့်သတ်မှတ်ထားသည်ဟု ဝေဖန်ကြသည်။ လူကုန်ကူးမှုသတင်းများနဲ့ ဆက်စပ်နေတဲ့ တခြားသတင်း များကလည်း ရှိသေးသည်။ မိန်းကလေးများ ပြည်ပထွက် အိမ်ဖော်လုပ်ကြတဲ့အကြောင်း။ အနှိပ်စက်ခံ အစော်ကားခံ နေရတဲ့အကြောင်း၊ အဓမ္မပြည့်တန်ဆာ ပြုခံနေရတဲ့အကြောင်း၊ တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့အကြောင်း၊ ယော င်္ကျားကလေးများ ငါးဖမ်းသင်္ဘောများတွင် ရောင်းစားခံရတဲ့အကြောင်း၊ အလုပ်ကြမ်းလုပ်ရင်း အနှိပ်စက်ခံ အသတ်ဖြတ် ခံနေရတဲ့ အကြောင်းများဖြစ်သည်။

တဆက်တည်းမှာပင် မြန်မာ့လယ်ယာ လုပ်ငန်းခွင်တွင် ပျိုးနုတ်သူ၊ ကောက်စိုက်သူများ ရှားပါးလာတဲ့အကြောင်း၊ ထန်း တက်သမားများမရှိတော့၍ ထန်းပင်များကို အလုံးလိုက် ရောင်းစားရတဲ့အကြောင်းများလည်း ပါသည်။ ဒါ့အပြင် မြန်မာ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့အကြောင်း၊ ဘွဲ့ရလူငယ်များပင် ထိုက်တန်တဲ့အလုပ် မရတဲ့အကြောင်း၊ အလုပ်လက်မဲ့ ဖြစ်နေရတဲ့အကြောင်း၊ ဘွဲ့လက်မှတ်များ အသုံးမ၀င်တော့တဲ့အကြောင်း၊ ပြည်ပထွက်လျှင် ဘွဲ့လက်မှတ်များ ကို အသိအမှတ်ပြုပင် မခံရကြောင်း များလည်းပါသည်။ ဒီသတင်းများကိုဖတ်ရတော့ ကျောင်းသားဘဝက ဆရာသမားတစ်ဦး ရဲ့ သြဝါဒစကားကို ပြန်သတိရမိသည်။ “စာဖတ်တဲ့အခါ စာကြောင်းတွေကြားက မြုပ်နေတဲ့ အဓိပ္ပါယ်ကိုပါ ပေါ်လာအောင် ဖတ်ရတယ်ကွ။ Read between the lines ပေါ့ကွာ” တဲ့။ လူကုန်ကူးမှုသတင်းများကို ဆရာသင်ပြတဲ့အတိုင်း ဖတ်ကြည့် လိုက်သောအခါ တိမ်မြုပ်နေတဲ့အဓိပ္ပါယ်များက တထောကြီး လျှံကျလာပါတော့သည်။

သတင်းတစ်ပုဒ်ကိုကြည့်ပါ။ ခေါင်းစဉ် က “လူကုန်ကူးခံရဖူးသူက လူကုန်ကူးမှုကျူးလွန်ခြင်းကြောင့် အမှုဖွင့်အရေးယူ” ဟုဆိုသည်။ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရုံနဲ့ ထူးခြားမှုကို ခံစားမိနိုင်သည်။ သတင်း ဖြစ်စဉ်က ဒီလိုပါ။ ပဲခူးတိုင်းဒေသကြီး မြို့နယ်တစ်ခုက အသက် ၄ဝ အရွယ် မဖြူဖွေး (အမည်လွှဲထားသည်) ဆိုသူ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၄ နှစ်၊ သူမအသက် ၂၆ နှစ်အရွယ်က ကိုယ်တိုင် လူကုန်ကူးခံခ့ရဲဖူးသည်။ တရုတ်ပြည်တွင် ရောင်းစားခံရပြီး တရုတ်ဇနီးမယားအဖြစ် ၄ နှစ်ကြာနေခဲ့ရသည်။ အသက် ၃ဝ အရွယ်တွင် တရုတ်မယားဘဝက လွတ်မြောက်လာပြီးနောက် ယခုအမှုဖြစ်ချိန်တွင် ခန္ဓာကိုယ်ကိုရင်း၍  ဘ၀ရပ်တည်နေရသည်။ ဒီလိုနိမ့်ကျတဲ့ဘဝနဲ့ ရင်ဆိုင်ခ့ရဲတဲ့ မဖြူဖွေးက ကိုယ့်ပတ်ဝန်းကျင်က ၁၈ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးကို၊ တရုတ်မယားလုပ်ရင် ငွေ ၁၅ သိန်းရမယ်၊ ရွှေဆွဲကြိုး၊ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်တို့ပါ ဝယ်ယူဆင်ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့သည်။ ဒီနောက် တရုတ်မယားအဖြစ်ရောင်းစားရန် မိန်းကလေးငယ်ကို ခေါ်ဆောင် လာစဉ် မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးအရေးယူခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ သတင်းအကျဉ်းချုပ်က ဒါပါပဲ။ အသက် ၂၆ နှစ်မတိုင်မီက မဖြူဖွေးရဲ့ဘဝကို မသိရ။ တရုတ်မယားလုပ်ခဲ့ရတဲ့ ၄ နှစ်တာကာလ အတွေ့အကြုံကိုလည်း မဖြူဖွေး သာအသိဆုံး ဖြစ်မည်။ ထိုဘဝကလွတ်လာပြီး ၁ဝ နှစ်အကြာ အခုအမှုဖြစ်ချိန်မှာတော့ ခန္ဓာကိုယ် အငှားလိုက်တဲ့အလုပ်နဲ့ ဘဝရပ်တည်နေရသည်ဆို၏။ ၁ဝ နှစ်လုံးလုံး ဒီအလုပ်ပဲ လုပ်လေသလား၊ အခုအမှုလို လူကုန်ကူးတဲ့အလုပ်ရော ရံဖန်ရံခါ တွလဲုပ်သေးသလားဆိုတာကတော့ စဉ်းစားစရာဖြစ်သည်။ သေချာတာကတော့ မဖြူဖွေးဘဝက မလှပ။ ဒုက္ခညွံတွင်းမှ ရုန်းမရထွက်မရတဲ့ အဖြစ်သာ။ ဒီလိုအတွေ့အကြုံမျိုးရှိသူက ကိုယ့်ပတ်ဝန်းကျင်က ၁၈ နှစ်အရွယ် မိန်းကလေးငယ်ကို ဒီအ ဖြစ်ဆိုးမျိုးဆီသို့ တွန်းပို့နေပြန်သည်။ လူကုန်ကူးမှုကျူးလွန်လျှင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနဲ့ အရေးယူခံ ရမည်ကို မဖြူဖွေး မသိလေရော့သလား။ သို့မဟုတ် ငရကဲလာသူ ပြာပူလောက်တော့ ကြောက်စရာမဟုတ်လို့ သဘောထား လေရော့သလား။ သို့မဟုတ် ကျွမ်းကျင်ရာလိမ္မာ ဆိုတဲ့စကားလို ကိုယ်ကျင်လည်ရာ ဘဝအတွေ့အကြုံအရ လုပ်လိုက်လေ ရော့သလား။ သို့မဟုတ် အစိုးရကဖွင့်လှစ်ထားတဲ့ အကူအညီပေးရေးဌာန အဖွဲ့အစည်းများကို လက်လှမ်းမမှီ လေရော့သ လား။ ဌာနအဖွဲ့အစည်းများကပဲ လွှမ်းခြုံမှု မရှိလေရော့သလား။ သို့မဟုတ် မဖြူဖွေးကို ကူညီမဲ့သူကော တစ်ဦးတစ်လေမှ မရှိတော့လေရော့သလား။ သို့မဟုတ် မဖြူဖွေးတစ်ယောက် တခြားရွေးချယ်စရာ မရှိတော့လေရော့သလား။ ဒါက သတင်း မှာပါတဲ့ မြန်မာနိုင်ငံသူ မဖြူဖွေးအကြောင်း။

မဖြူဖွေးဘဝနဲ့ဆင်ဆင်တူတဲ့ ကမ္ဘောဒီးယားနိုင်ငံသူ ဆမ္မလီမမ်အကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးသည်။ ဆမ္မလီမမ်ကို ၁၉၆၅ ခုနှစ်က မွေးသည်။ သူမအသက် ၅ နှစ်အရွယ်တွင် မိဘနှစ်ပါးမရှိတော့။ မိဘမဲ့ ဆမ္မလီသည် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း မွန်ဒူကီရီဒေသ၊ ဘိုစာရာရွာကလေးတွင် ကြီးပြင်းခဲ့သည်။ ရွာသူရွာသားများက ထရံကာ သက္ကယ်မိုးအိမ်နဲ့ နေ သည်။ ဆမ္မလီကတော့ ရွာအပြင်တွင် အဝတ်ပုခက်နဲ့   တစ်ယောက်တည်းနေသည်။ စားရေးနဲ့ဝတ်ရေးကိုတော့ သနားတတ် သော ရွာသူရွာသားများအပေါ် မှီခိုရသည်။ တစ်နေ့ ရွာလူကြီးက ဆမ္မလီကိုခေါ်ပြီး “အဘ” ဆိုသူနဲ့ တွေ့ပေးသည်။ အဘက သူမအဖေကို သိသည်။ အဖေ့အမျိုးများကို ရှာပေးမည်ဟု ဆိုသည်။ ရွာလူကြီးက ဆမ္မလီကို အဘလက်အပ်လိုက်သည်။ ဒီလိုနဲ့ ဆမ္မလီတစ်ယောက် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နှစ်နိုင်ငံနယ်စပ်က ရွာကလေးတစ်ရွာရှိ အဘအိမ်သို့ ရောက်ခဲ့ရ သည်။ ဆမ္မလီရဲ့ နေ့တဓူဝအလုပ်က အိမ်သန့်ရှင်းရေးလုပ်ရသည်။  အဝတ်များ လျှော်ဖွပ်ပေးရသည်။ အဘကို ချက်ပြုပ် ကျွေးရသည်။ အဘက အရက်ကြိုက်သည်။ အရက်သောက်ပြီး မူးလျှင် သူမကို ရိုက်တတ်သည်။ ဆမ္မလီ အသက် ၁၆ နှစ်ရောက်တော့ အဘက သူ့အကြွးများဆပ်နိုင်ရန် သူမကို ဖနွမ်းပင်မြို့က ပြည့်တန်ဆာလုပ်ငန်းလုပ်သူတစ်ဦးထံ ရောင်း စားလိုက်သည်။ အဲဒီကစပြီး ဆမ္မလီဘဝ မိုးမှောင်ကျတော့သည်။ ကျွေးတာစားပြီး ခိုင်းတာလုပ်ရသည်။ မလုပ်လျှင် အမှောင် ခန်းထဲသွင်းပြီး ပုံစံပေးခံရသည်။ ထွက်ပြေးလျှင်လည်း လွတ်လမ်းမရှိ။ တစ်ခါက ၁၅ နှစ်အရွယ် ဘဝတူ မိန်းကလေးတစ်ဦး ထွက်ပြေးရန်ကြိုးစား၍ နားထင်ကို သေနတ်နဲ့တေ့ပြီး စံနမူနာပြသတ်ပစ်တာ မျက်မြင်ကိုယ်တွေ့ကြုံရဖူးသည်။ ဆမ္မလီ ဘဝက အရက်စက် အကြမ်းကြုတ်ဆုံးဆိုသည်များထက် ပိုမိုရက်စက်ကြမ်းကြုတ်တဲ့အဖြစ်မျိုး ဖြစ်သည်။ တိမ်မဲညိုတိုင်း မှာပင် ဖြူလွသော ငွေရောင်အနားရှိသည်။ ဆမ္မလီဘဝ ကံထလာသည်။ အသက်အရွယ် ရလာတာနဲ့အမျှ လွတ်လပ်ခွင့် ရလာသည်။ သူမထံလာတဲ့ နိုင်ငံခြားသားများအနက် ခမာဘာသာစကားပြောတတ်တဲ့ ပယ်ရီဆိုသူ ပြင်သစ်လူမျိုးတစ်ဦးနဲ့ မိတ်ဆွေဖြစ်သွားသည်။ ပယ်ရီသည် လူမှုကူညီရေးဝန်ထမ်းဖြစ်သည်။ သူက ဆမ္မလီကို လူသားတစ်ဦးအဖြစ် တန်းတူဆက် ဆံသည်။ ဆမ္မလီက သူမကြူံရတဲ့ အဓမ္မပြုကျင့်မှုများ၊ နှိပ်စက်ညှဉ်းပမ်းမှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအကြောင်း ပြောပြသည်။ ဘဝတူ မိန်းကလေးများရဲ့ ဒုက္ခများအကြောင်း ပြောပြသည်။ သူမရဲ့ နိမ့်ကျလှတဲ့ လက်ရှိဘဝကို စက် ဆုပ်ရွံရှာကြောင်း ပြောပြသည်။ သူမ ၂၁ နှစ်အရွယ်တွင် ပယ်ရီနှင့်အတူ ဖနွမ်းပင်မြို့တွင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့် သည်။ စားသောက်ဆိုင် မအောင်မြင်သောအခါ ပြင်သစ်နိုင်ငံသို့ပြန်ရန် ပယ်ရီ ဆုံးဖြတ်လိုက်သည်။ ဆမ္မလီကို ခေါ်သွား နိုင်ရန် ဗီဇာရဖို့အတွက် သူတို့နှစ်ဦး လက်ထပ်လိုက်ကြသည်။ ပြင်သစ်နိုင်ငံတွင် တစ်နှစ်ခွဲကြာ နေခဲ့ကြသည်။ ဆမ္မလီ ပြင်သစ်စကား တတ်ကျွမ်းလာသည်။ ဟိုတယ်တစ်ခုတွင် အိပ်ခန်းသန့်ရှင်းရေး အလုပ်ရသည်။ အလုပ်လုပ်ရင်း ကိုယ့်တန်ဘိုး ကိုယ်နားလည်လာသည်။

တစ်နှစ်ခြွဲကာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်ရောက်သောအခါ ပယ်ရီက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွင် အ လုပ်လုပ်သည်။ ဆမ္မလီက ကုသိုလ်ဖြစ်ကျန်းမာရေးအဖွဲ့များ အကူအညီဖြင့် ပြည့်တန်ဆာအိမ်များဆီသို့ ပြန်သွားပြီး မိန်း ကလေးငယ်များအား အိတ်ခ်ျစ်ရောဂါအကြောင်း ပညာပေးသည်။ ကွန်ဒုံးများ ဝေငှပေးသည်။ တစ်ခါတွင် မိန်းကလေး ငယ်တစ်ဦးအား ကွန်ဒုံးများပေးစဉ် ထိုမိန်းကလေးက ပြောလာသည်။ သူမကို ကူညီလိုလျှင် ကွန်ဒုံးပေးရုံနဲ့ မလုံလောက်၊ ဘဝဆိုးမှ လွတ်မြောက်အောင် ကယ်ထုတ်ပေးပါဟု ဆိုသည်။ မိန်းကလေးငယ်ကို ဆမ္မလီအိမ်သို့ ခေါ်လာသည်။ မကြာပါ။ မိန်းကလေးငယ်များ တစ်ယောက်ပြီးတစ်ယောက် သူမနှင့်ပယ်ရီတို့အိမ်သို့ ရောက်လာကြသည်။ ပယ်ရီရဲ့ လစာနဲ့ မလုံ လောက်တော့။ မိတ်ဆွေများနဲ့ အဖွဲ့အစည်းများထံမှ အကူအညီယူရတော့သည်။ ဆမ္မလီနှင့်ပယ်ရီတို့ ကလေး ၃ ယောက် ရပြီးနောက် ၁၉၉၆ ခုနှစ်တွင် အဖွဲ့အစည်းတစ်ခု တည်ထောင်လိုက်သည်။ “ဒုက္ခရောက်သူ အမျိုးသမီးများအတွက် ကယ် ဆယ်ကူညီရေးအဖွဲ့”  ဖြစ်သည်။ ဒီအဖွဲ့သည် ၁ဝ နှစ်အတွင်း မိန်းကလေးငယ်ပေါင်း ၅ဝဝဝ ကျော်ကို နားခိုစရာ နေရာ ပေးခဲ့သည်။ အသက်မွေးဝမ်းကျောင်းပညာများ သင်ပေးခဲ့သည်။ စောင့်ရှောက်ရေးဂေဟာ ၃ ခုဖွင့်လှစ်ပြီး အမျိုးသမီးငယ် ပေါင်း ၂ဝဝ ကျော်ကို အမြဲတမ်း ကူညီစောင့်ရှောက်လျက်ရှိသည်။ သူမအဖွဲ့သည် ဒေသအတွင်း အအောင်မြင်ဆုံး အဖွဲ့အ စည်းတစ်ခု ဖြစ်လာသည်။ ဆမ္မလီကို နိုင်ငံတကာခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုကြသည်။ ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ကြသည်။ ဂျာမဏီနိုင်ငံ ရိုလင်ဘာဂါဖေါင်ဒေးရှင်းက သူမအဖွဲ့အစည်းအတွက် ၂ဝဝ၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄ သန်း ထောက်ပံ့ခဲ့သည်။ သူမလုပ်ငန်းများအတွက် နှစ်စဉ်လိုအပ်ချက် အမေရိကန်ဒေါ်လာ ၁ သန်းကို အလှူရှင် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပံ့ပိုးလျက်ရှိသည်။ ဆမ္မလီကို တိုင်းမဂ္ဂဇင်းကြီးက ၂ဝဝ၉ ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံး လူ ပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီကလည်း မှတ်ချက်ပြုသည်။ “ဆမ္မလီမမ်အနေနဲ့ ပြည့်တန်ဆာဘဝက လွတ်အောင်ရုန်းထွက်နိုင်တာဟာ ထူးခြားပါတယ်။ ဒါပေမဲ့ သူ တကယ် ထင်ရှားကျော်ကြားလာတာကတော့ ပြည့်တန်ဆာအိမ်တွေဆီပြန်သွားပြီး မိန်းကလေးငယ်တွေကို ကယ်ဆယ်ကူ ညီခဲ့တဲ့အတွက်ကြောင့်ပါ”  တဲ့။ ဒါကတော့ မြန်မာနိုင်ငံသူ မဖြူဖွေးဘဝနဲ့ အဆင်တူသော်လည်း အသွင်ကွဲတဲ့ ကမ္ဘောဒီးယား နိုင်ငံသူ ဆမ္မလီမမ်ရဲ့ တကယ့်ဘဝဖြစ်စဉ် အကျဉ်းချုပ်ဖြစ်သည်။ ဘဝကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြသည်။ တချို့က ဘဝဟူ သည် ရုန်းကန်လှုပ်ရှားရခြင်းဟု ဆိုသည်။ အတ္တလွန်ကဲသူတို့က ဘဝဟူသည် ရယူပိုင်ဆိုင်ခြင်းဟု ခံယူကြသည်။ အတ္တကို လွန်မြောက်ပြီးသူတို့က ဘဝဟူသည် ရယူပိုင်ဆိုင်ခြင်းမဟုတ်၊ ပေးဆပ်ရခြင်းသာဖြစ်သည်ဟု လက္ခံထားကြသည်။ သဘာ ဝကျကျ ရှုမြင်သူတို့ကတော့ ဘဝဟူသည် ခေါက်ရှာငှက်ပျံသလို နိမ့်တစ်ခါ မြင့်တစ်လှည့် ဖြစ်စဉ်သာ ဟုဆိုသည်။ ဒါကိုပင် ခေတ်လူငယ်တို့က ရိုလာကိုစတာ စီးရသည်နှင့်တူသည်ဟု ခေတ်ဆန်ဆန် ဘာသာပြန်ကြသည်။ တချို့ကတော့ ဘဝသည် မျှော်လင့်ခြင်းဖြင့် ရှင်သန်နေရသည် ဟုဆိုပြန်သည်။ ရှိစေတော့။ သူ့ရှုဒေါင့် သူ့အမြင်နှင့်သူမို့ မှန်သလောက် မှန်နေမည်သာ။ အခြေအနေ အချိန်အခါနှင့် ညှိနှိုင်းလက္ခံရန်သာ ရှိသည်။

တစ်ခုရှိသေးသည်။ “ဘဝသည် ရွေးချယ်မှု အတိပြီး၏”  တဲ့။ “Life is a matter of choice” ပေါ့။ လူသည် ဘဝကို မရွေး ချယ်ပဲရလာသည့်တိုင် လူ့ဘဝကို ရတ့အဲချိန်ကစပြီး ရေွးချယ်မှုများကိုသာ အဆက်မပြတ် ဒလစပ် လုပ်နေရသည်။ ပညာ ရေးအတွက် ရွေးချယ်ရသည်။ ကျန်းမာရေးအတွက် ရွေးချယ်ရသည်။ အလုပ်အကိုင်အတွက် ရွေးချယ်ရသည်။ အိမ်ထောင် ရေးအတွက် ရွေးချယ်ရသည်။ စားဝတ်နေရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးတို့အတွက် သိလျက်နဲ့ဖြစ်စေ မသိပဲနဲ့ ဖြစ်စေ တစ်ခုမဟုတ် တစ်ခုကို ရွေးချယ်နေရသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပူပူနွေးနွေး တာဝန်ထမ်းဆောင်သွားခဲ့သူ ဟီလာရီကလင်တန်က သူမရဲ့ ၄ နှစ်တာကာလ နိုင်ငံခြားရေးဝန်ကြီဘဝကို “ခက်ခဲသောရွေး ချယ်မှုများ”  အမည်ရှိ စာအုပ်ဖြင့် ကမ္ဘာကိုတင်ပြခဲ့သည်။ သူမအနေနဲ့ နိုင်ငံခြာရေးဝန်ကြီးအဖြစ် အောင်မြင်ကျော်ကြားနေ ချိန်မှာပင် ထိုဘဝကိုစွန့်လွှတ်ဖို့ ရွေးချယ်လိုက်ပြန်သည်။ အခုတဖန် လူအများစိတ်ဝင်စားနေတဲ့ အရေးပါတဲ့ ရွေးချယ်မှုကြီး တစ်ခုကို ပြုလုပ်လိုက်ပြန်ပါချေပြီကော။ လုပ်ရမှာပေါ့။ ဘဝဟူသည် ရွေးချယ်မှုကိစ္စပေပဲကိုး။ ကမ္ဘောဒီးယားနိုင်ငံသူ ဆမ္မလီမမ်က ဘဝကို စိတ်ကြိုက်ရွေးချယ်ခွင့် ရခဲ့သည်။ မြန်မာနိုင်ငံသူ မဖြူဖွေးမှာကား ရွေးချယ်ခွင့် မရခဲ့ရှာ။ ဒါကြောင့်လည်း ကမ္ဘာမီးလောင် သားတောင်ချနင်း၊ အချင်းချင်း ဇာတ်တူသား စားလိုက်လေရော့သလား။ လုပ်ရက်တယ် မဖြူဖွေးရယ်ဟု အပြစ်တင်လျှင် “ကျမမှာ ရွေးချယ်စရာမှမရှိတာ”  ဟု ပြန်ဖြေလေမည်လား။ မဖြူဖွေးလိုပင်   တောင်သူလယ်သမား အလုပ်သမားများ ရွေးချယ်စရာမရှိခဲ့လျှင်၊ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ရွေးချယ်စရာမရှိခဲ့လျှင်၊ ရောင်းဝယ် ဖေါက်ကား စီပွားရေးလုပ်သူများ ရွေးချယ်စရာမရှိခဲ့လျှင်၊ ဝန်ထမ်းများနဲ့ အသိပညာရှင် အတတ်ပညာရှင်များ ရွေးချယ်စရာ မရှိခဲ့လျှင်၊ နိုင်ငံရေးသမားများ ရွေးချယ်စရာမရှိခဲ့လျှင် . . . ။ ရွေးချယ်စရာရှိခြင်း၊ မရှိခြင်းကို လူမှုကူညီရေးသမားများက “လူသားချင်းစာနာထောက်ထားရေး”  ဟု အမည်ပေးသည်။ တက်ကြွလှုပ်ရှားသူများက “လူ့အခွင့်အရေး” ဟု ခေါ်သည်။ နိုင်ငံရေးသမားများကတော့ “ဒီမိုကရေစီရေး” ဟု ဆိုသည်။ လက်နက်စွဲကိုင်ထားကြသူများကတော့ “ငြိမ်းချမ်းရေး” တဲ့။ ပြည်သူလူထုအတွက်ကတော့ “စားဝတ်နေရေး” ပါ။ လူထုအတွက် ရွေးချယ်စရာမရှိသောအခါ . . . ။ ။

စာညွှန်း
– မြန်မာ့အလင်း သတင်းစာဟောင်းများ၊ မေ ၁၉ – ၃၁၊ ၂ဝ၁၄။
– မြန်မာတိုင်းမ် ဂျာနယ်၊ အတွဲ ၃၇၊ အမှတ် ၇၂၁၊ ၇၃၄။
– GNLM, 8th July, 2015.
– Daily Eleven Newspaper, 9th August, 2015.
– Deliver Them From Evil  by  Robert Kiener


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်