ဖိုးထက် – ချဉ်စုတ်တဲ့ အန်ဖတ်တွေ

August 25, 2015

ဖိုးထက် – ချဉ်စုတ်တဲ့ အန်ဖတ်တွေ

(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

ဆရာ နေ၀င်းမြင့်နှင့် ဆရာမ မသီတာ (စမ်းချောင်း) တို့၏ စာပေဟောပြောပွဲတစ်ခုမှာ မေးခွင့်ကြုံသဖြင့် လူလယ်ခေါင် ပရိတ်သတ်ကြားတွင် ကျွန်တော် ထပြီး မေးခွန်း မေးဘူးသည်။ မလိုအပ်သော မေးခွန်းတွေမေး၊ ကိုယ်ရည်သွေးသော မေး ခွန်းတွေကိုမေး၊ စာပေနှင့် တိုက်ရိုက်မသက်ဆိုင်သော နိုင်ငံရေးကိစ္စတွေကို တိုက်ရိုက်ကျကျ မေးကြသော ပရိသတ် အချို့ ကို တစ်ဦးတည်းသဘောအရ ကျွန်တော် သဘောမကျသော်လည်း ဒူးတုန်တုန်၊ ရင်တုန်တုန်ဖြင့် ထိုစဉ်က မေးဘူးခဲ့သည်။ ဆရာ နေ၀င်းမြင့်ကို ဦးတည်ပြီး မေးခဲ့ပေမယ့် ဆရာမ မသီတာ (စမ်းချောင်း) ကပါ ၀င်ရောက်ကူညီ ဖြေကြားပေးခဲ့သည်။

မေးခွန်းကို အတိအကျ လုံးစေ့ ပတ်စေ့ မမှတ်မိတော့သော်လည်း ကျွန်တော် မှတ်မိသလောက် ပြန်ပြောပြရလျှင်… “ဆရာ ခင်ဗျား..ဆရာရေးတဲ့ အက်ဆေးတစ်ပုဒ်ထဲမှာ စာရေးဆရာတွေဆိုတာ ဇီဝဇိုးငှက်တွေနဲ့ တူတယ်။ ဇီဝဇိုးငှက်တွေဟာ ကိုယ် ကြေကြေညက်ညက် စားသောက် မျိုချထားသမျှကို ပြန်အန်ထုတ်ပြီး ဆေးဘက်ဝင်စေသလိုမျိုး စာရေးဆရာတွေဟာ ကိုယ့် စိတ်အာရုံထဲမှာ၊ ဘ၀အတွေ့အကြုံမှာ ကြေညက်နေအောင် ခံစားခဲ့ရတဲ့ကိစ္စတွေ၊ ခံစားချက်တွေ၊ အတွေးအခေါ်တွေကို ပြန်အန်ထုတ်တဲ့ အနေနဲ့စာရေးကြတယ်။ သူ့ဟာနဲ့သူတော့ ဆေးဘက်ဝင်ကြတယ်တဲ့။ ဒါပေမယ့် အခုခေတ် တစ်ချို့ စာရေးဆရာကြီး၊ စာရေးဆရာမကြီးတွေဟာ ဘယ်သူမှ ဆေးဘက်မ၀င်တဲ့ စာမျိုးတွေ။ အာဏာရှင် လက်တစ်ဆုပ်စာကို အကာအကွယ်ပေးတဲ့ စာမျိုးတွေရေးကြတာ ဘာကြောင့်ပါလဲခင်ဗျား” ဟု အနှောင့်မလွတ် အသွားမလွတ်မေးခွန်းဖြင့် ဆရာ့ကို ဒုက္ခပေးဘူးခဲ့သည်။

ဆရာနေ၀င်းမြင့်က ဟာသရှိသူ စာရေးဆရာကြီးပီပီ ဟာသများဖြင့် ဖြည့်စွက်ပြီး စာအစုံဖတ်ဖို့ လိုကြောင်း။ ကောင်းတာ၊ မကောင်းတာကို စာဖတ်များလာတဲ့ အခါ သူ့ဘာသာ လူက အလိုလို ခွဲခြားတတ်လာမှာ ဖြစ်ကြောင်း။ စာရေးဆရာတစ်ချို့ အဲဒီလို အာဏာရှင် လက်ကိုင်တုတ် ပုံစံနဲ့ရေးကြတာလဲ သူ့တစ်ဦးတည်းအနေဖြင့်တော့ မထူးဆန်းကြောင်း။ လူမှာ လူဆိုး နဲ့လူကောင်း နှစ်မျိုးဘဲ ရှိကြောင်း။ စာရေးဆရာတွေလဲ လူဆိုတာ သတိထားစေချင်ကြောင်း ဖြေကြားပေးခဲ့သည်။ ဆရာမ မသီတာ (စမ်းချောင်း) ကတော့ အဲဒီလို ပြည်သူလူထု ဘက်မလိုက်သော စာရေးဆရာတွေဆိုပြီး အာဃာတထားကာ သူတို့ စာတွေကို မဖတ်ဘဲ မနေစေလိုကြောင်း။ လူကိုမကြိုက်ပေမယ့် စာကိုတော့ ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းသွားခဲ့ သည်။

တကယ်ဆို ကျွန်တော့်ရင်ထဲမှာ အဲဒီမေးခွန်းက ရောက်နေတာ ကြာပြီ။ အိမ်နီးချင်း နိုင်ငံတစ်ခုနှင့် စကားများ တင်းမာကြတော့ ကျွန်တော် အလွန်လေးစား အားကျရသည့် စာရေးဆရာမကြီးတစ်ယောက်က မြှောက်ထိုး ပင့်ကော်လုပ်သည့် စာမျိုးတွေ ရေးသည်။ အတိတ်က ရွှေထီးကို ရွှေဆေး ပြန်သုတ်ပြသည်။ အိမ်နီးချင်းနိုင်ငံကိုကြောက်ပြီး ဒူးထောက် အညံ့ခံရမည်လို့ ကျွန်တော် မဆိုလို။ ၂၁ ရာစုမှာ ၁၈ ရာစုက အောင်ပွဲတွေထုတ်ပြပြီး နိုင်ငံအချင်းချင်း ပြဿနာ ကြီးသထက် ကြီးလာအောင် လုပ်ချင်သည့် ဆရာမကြီးကို ကျွန်တော် တကယ်နားမလည်ခဲ့။ ပြီးတော့ နောက်ထပ် ကျွန်တော်အားကျရသည့် စာရေး ဆရာကြီးတွေ ရှိပါသေးသည်။ စစ်သားတပိုင်း အရပ်သားတပိုင်း သမ္မတနှင့် အလွန်နီးစပ်ကြသည့်ဘ၀တွေ ရောက်သွားပြီး အနှောင့်အသွား မလွတ်သည့် စာများ၊ မြန်မာ့နိုင်ငံရေးမှာ မြန်မာစစ်တပ် လူဝါးဝသမျှကို ငြိမ်ခံ၊ အမြီးသပ်၊ ခေါင်းသပ်လုပ်ပြီးမှ ဒီမိုကရေစီကို ချော့တောင်းပေါ့ဆိုသည့် စာရေးဆရာကြီးတွေသည် ကျွန်တော် အားကျ လေးစား ကြည်ညိုရသည့် စာရေး ဆရာကြီးတွေ။

စာပေသည် ပြည်သူ့အတွက်ဆိုသည့်အဆိုကို ကျွန်တော် လက်မခံပါ။ စာပေသည် စာပေအတွက် ဖြစ်သင့်ပါသည်။ အထူး သဖြင့် စာပေသည် ရေးသူ စာရေးဆရာအတွက် ဖြစ်သင့်ပါသည်။ ကောက်ကျစ် ယုတ်မာမှုတွေပါသည့် ရိုးသား ဖြူစင်သည့် စာမျိုးကို ရေးသည့် စာရေးဆရာတွေ ဆိုလျှင် ကျွန်တော်က ပိုလို့တောင် ချစ်ရ၊ ကြည်ညိုရသေးသည်။ ဆရာကြီး ရွှေဥဒေါင်း ၏ “ဘ၀ တစ်သက်စာ မှတ်တမ်း”၊ ဆရာကြီး သော်တာဆွေ၏ “သော်တာဆွေ၏ သော်တာဆွေ” အတ္ထုပ္ပတ္တိ စာအုပ်တွေကို ဖတ်ဘူးသူတိုင်းသိကြပါသည်။ ဆရာကြီး ရွှေဥဒေါင်းက သူ၏ ပေခဲ့၊ တေခဲ့၊ ဆိုးခဲ့ ပုံများကို မချွင်းမချန် ရေးပြသွားခဲ့သည်။ ဆရာကြီး သော်တာဆွေကရော။ သူ့ဂုဏ်သိက္ခာကိုထိပါးခံပြီး ဘ၀ဇာတ်ကြောင်းကို မချွင်းမချန် ရေးပြခဲ့သည်။ ဘယ်ပြည် သူလူထု ကောင်းစားရေးမှ မပါ။ သူတို့စာတွေဖတ်ပြီး နိဗ္ဗာန်မဂ်ဖို ရက်တိုတို ရောက်ကြပါစေလို့လဲ မရည်ရွယ်ခဲ့။ သို့သော် ရိုးဂုဏ် အလွန်ပြည့်သည့် မြန်မာစာပေ သမိုင်းမှတ်တိုင်ကြီးများ အဖြစ် ရှိနေကြသည်။
ကျွန်တော်က စာရေးဆရာများကို အလွန် လေးစား အားကျသည်။ ကဗျာလေး တစ်ပုဒ် မဂ္ဂဇင်းထဲ ပါဘူးသူပင် ဆရာတပ်ခေါ်ဖို့ အဆင်သင့် ဖြစ်နေတတ်သည်။ ဆောင်းပါးလေးတစ်ပုဒ် ဘယ်ဂျာနယ်ထဲ ပါဘူးသူမဆို လေးစားသည့် မျက်လုံး ဖြင့် ကျွန် တော် အမြဲကြည့်သည်။ ကျွန်တော် ချစ်ခင် ကြင်နာရသော သူများက ရွှေဥဒေါင်း၊ ဖေမြင့်၊ ဂျူး၊ မိုးမိုး (အင်းလျား) ဟု ရှေ့က ဆရာ၊ ဆရာမ မတပ်ဘဲ ခေါ်လျှင်ကိုဘဲ မခေါ်ရကောင်းလားဟု ငေါက်၊ ငမ်း မိသည်။ ဗိုလ်ကျ အနိုင်ကျင့်လိုခြင်း အလျင်း မဟုတ်။ ကျွန်တော် လေးစား၊ အားကျရသည့် စာရေး ဆရာကြီးတွေကို ကျွန်တော် ချစ်ခင် ကြင်နာရသူများကလဲ လေးစား အားကျစေချင်ခြင်းသာ။

စာရေးဆရာများသည် လူများ ဖြစ်သည်ဆိုသည့် ဆရာ နေ၀င်းမြင့်၏ အဖြေကို ကျွန်တော် အလုံးစုံ ချွင်းချက်မရှိ သဘော တူသည်။ လက်ခံပါသည်။ လူတွေပီပီ အမြင်၊ အယူဝါဒ ကွဲပြားနိုင်သည်။ သူ့ခံယူချက်၊ ခံစားချက်ကို လွတ်လပ်စာ ထုတ် ဖော်ရေးသားပိုင်ခွင့် အပြည့်ရှိသည်။ ဒီမိုကရေစီ မကြိုက်ဘဲ စစ်အာဏာရှင် စနစ်ကို ကြိုက်ပိုင်ခွင့်သော်မှရှိသည်လို့ ကျွန် တော် ထင်သည်။ အာဏာရှင် စနစ်နဲ့မှ မြန်မာပြည်သူလူထုက ဖြစ်မှာဆိုသည့် အပြောကို ပြောသည့် ဆရာတစ်ယောက် ကိုနည်းနည်းမှ ကျွန်တော် စိတ်မခုခဲ့။ သို့သော်လည်း ရိုးရိုးသားသား မကြိုက်တာဘဲ ဖြစ်စေချင်သည်။ ဖြူစင်သည့် အယူ၊ ၀ါဒ ကွဲပြားတာဘဲ ဖြစ်စေချင်သည်။

သို့တည်းမဟုတ်ဘဲ အရပ်တကာ အတင်း လှည့်တုပ်နေသည့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် အရေးအသားမျိုးဖြင့် ကျွန်တော် အားကျရသည့် စာရေး ဆရာ၊ ဆရာမကြီးများက ရေးသားလာလျှင် ဘယ်လို စိတ်ထားမျိုးတွေထားကြပြီး ဒီလိုစာမျိုးတွေ ရေးထုတ်နေကြသလဲဆိုသည့် မေးခွန်းက ကျွန်တော့်ရင်ကို အမြဲ လှုပ်ခပ်၊ ပူလောင်စေသည်။ အထူးသဖြင့် လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းမှာ ဆိုပါစို့။

မြန်မာစစ်တပ်မှ ခေါင်းဆောင်ဗိုလ်ချုပ်တွေ လူဝါး ၀လွန်းမက ၀လာသည်။  စစ်တပ်ကို သူတို့၏ ကိုယ်ပိုင် ကာကွယ်ရေး အဖွဲ့အစည်းကြီးတစ်ခုလို သဘောထားပြီး တိုင်းပြည် မျက်နှာကို လုံးဝမငဲ့သည့်လူတွေ ဖြစ်ခဲ့သည်။ ဖြစ်နေသည်။ ဆက်ပြီး ဖြစ်ဖို့ ကြိုးစားနေကြသည်။ ၄၃၆ ကို အတင်းဖက်တွယ်ပြီး ကျွန်တော်တို့ အပေါ်မှ အရှင်၊ သခင်တွေလို နေချင်ကြသည်။ ၅၉(စ) ကို ဘန်ကာလုပ်ပြီး အတိုက်အခံကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အားရ၊ပါးရ ဆော် ပလော် တီးကြသည်။ ဆယ်သက် စားမကုန်သည့် စည်းစိမ်ဥစ္စာတွေကို ခိုးဝှက် ကဲ့ယူနေကြပြီး တိုင်းပြည်က ဆင်းရဲတွင်းထဲသို့ ဘီးတပ်ဆင်း နေသည်ကို မသိချင်ယောင် ဆောင်နေကြသည်။ ထိုအခြေအနေတွေထဲမှာ စာရေးဆရာတွေသည် ပြည်သူလူထုဘက်က နေသင့်သလား။ ပြည်သူလူထုအကျိုးကို ရှေးရှုသည့် အရေးအသားတွေကို ရေးသင့်သလား။ အားပေးသင့်သလား။ ထိုကဲ့ သို့သော မေးခွန်းတွေ မေးနေဖို့ မလိုဘူး ထင်ပါသည်။

အခုလက်ရှိ NLD ၏ အမတ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ တစ်ချို့နှင့် အခြားသော စစ်အစိုးရ အတိုက်အခံ လူများကို မရွေးချယ်ခဲ့သည့်ကိစ္စကို အများ နဝေတိမ်တောင် ဖြစ်ရသလို ကျွန်တော်လည်း ဘ၀င် မကျ။ ဦးကိုကိုကြီးတို့၏ ဖြူစင် သန့်ရှင်းသည့် နိုင်ငံရေးပုံရိပ်ကို ဘာအကြောင်းနဲ့များ NLD မှာ အသုံးမချနိုင် ဖြစ်ရသနည်း။ လူအမျိုးမျိုး အတွေး အသီးသီးဖြင့် ထင်မြင်ယူဆကြ။ ဝေဖန်ကြ။ ထောက်ပြကြသည့်ကိစ္စတွေကို ကျွန်တော် တလေးတစား ဖတ်သည်။ သဘောတူသည်လည်း ရှိ။ သဘောမတူသည်လည်း ရှိ။ မည်သို့ပင်ရှိစေ ဒီမိုကရေစီဆိုမှတော့ ကိုယ်ပိုင် ထင်မြင် ယူဆချက်ကို လမ်းဘေး မြေတူးသူမှအစ သမ္မတလုပ်သူအထိ ဖော်ပြပိုင်ခွင့် ရှိရပါမည်။

သို့သော်လည်း ထိုအရေးအတွက် စာရေး ဆရာကြီးများ၊ စာရေး ဆရာမကြီးများကိုယ်တိုင်က ၀င်ရောက်ဝေဖန်သည့် အရေး အသားတစ်ချို့သည် အားနာနာဖြင့် ပြောရလျှင် အဆင့်အတန်း လုံးဝမရှိသည့် အရေးအသားတွေ ဖြစ်နေကြသည်။ ၈၈ အဖွဲ့ကဘဲ သူတို့ပြောလျှင်ရသည့် သူငယ်နှပ်စားပုံစံမျိုးဖြင့် ရေးကြတာ အံသြစရာ။ ကာယကံရှင်တွေက ဘာအသံမှ မ ထွက်ဘဲ လူကြီး လူကောင်းဆန်ဆန် တုံ့ပြန်သလောက် ကြားက ငထွားက ခါးနာသည့် အရေးအသားတွေ။

နောက်ထပ် ကျွန်တော် အံ့သြအရဆုံး အချက်တစ်ခု ရှိသည်။ ကျွန်တော်တို့ ပြည်သူလူထုကို အတိုက်အခံ ဘက်ကလဲ  ပြည်သူလူကြီး၊ စစ်ဗိုလ် လူထွက်တွေကဲ ပြည်သူလူထုကြီး စသည်ဖြင့် ပြည်သူလူထုအားကိုသိသဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြောကြ၊ ဟောကြသည်။ မထူးဆန်း။ အခု ထိုအတင်းတုပ်သည့် စာရေး ဆရာ၊ ဆရာမကြီးများမှာ NLD က အစိုးရ အတိုက်အခံအချို့ကို လက်မတွဲတာနှင့်ဘဲ ပြည်သူလူထုကြီးကဘဲ စိတ်ပျက်သွားပြီပုံစံမျိုး ရေးပြီး ကျွန်တော်တို့ ပြည်သူလူ ထုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုများဖြင့် တိုက်ပေးကြတာ အံသြလို့ မဆုံး။

အထက်က ကျွန်တော် ဆိုခဲ့သလို NLD က ဦးကိုကိုကြီး၊ ဒေါ်ညိုညိုသင်းတို့ကို အသုံးမချတာ သဘောမကျတာတော့ အ မှန်။ သို့သော်လည်း ကျွန်တော်ကဖြင့် ဒီအချက်တစ်ခုတည်းဖြင့် NLD ကို ဘဲ့တိုက်ပြီး အခြားပါတီများကို မဲပေးဖို့ ဘယ်လိုမှ စဉ်းစားလို့မရ။ စစ်အစိုးရက နှစ်ပေါင်း ငါးဆယ်ကျော် နိုင်ငံကို လုပ်ချင်တိုင်းလုပ်ခဲ့ကြပြီ။ နောက် ငါးနှစ်ရဲ့ အပြောင်းအလဲ အတွက် NLD ကို ကိုယ့် မဲတစ်ပြား ပုံအောလိုက်လို့ ငါးပါးပင်မက ဆယ်ပါးပင် မှောက်မှောက် ဘာအရေးနည်း။ ထို့အတူ ထို အမတ်လောင်း ရွေးချယ်မှုအတွက် မကျေမနပ် ဖြစ်တာနဲ့ဘဲ NLD က မြောင်းထဲကို ထိုးဆိုက်တော့မည်ဆိုသည့် ဆရာ၊ ဆရာမကြီးတွေ၏ အတွေးအမြင်တွေသည် အလွန် ကြောင်တောင်တောင်နိုင်ပါသည်။ ဒေါ်စု၏ ခေါင်းဆောင်မှုအောက်မှာ အထုခံ၊ အနှက်ခံဘ၀ဖြင့် နေလာခဲ့ကြရသည့် NLD ပါတီဝင်တွေက ဒုနဲ့ဒေး။ NLD ထက် သမိုင်းကြောင်း ဖြူစင် အနစ်နာ ခံသည့် ဗမာလူမျိုးပါတီ ယခု လက်ရှိမြန်မာနိုင်ငံမှာမရှိတာကို မသိတာလား။ မသိချင်ယောင် ဆောင်သည်လား။

ဆရာ နေ၀င်းမြင့် က စာရေးသူတွေ ဆိုတာ ဇီဝဇိုး ငှက်တွေတဲ့။ စားမျိုထားသမျှ ပြန်အံထွေးထုတ်ပြီး ဆေးဘက်ဝင်စေသတဲ့။ တစ်ချို့ စာရေးဆရာ၊ ဆရာမကြီးများကဖြင့် ဇီဝဇိုးငှက်ကြီးတွေဖြစ်တာတော့ အမှန်။ သို့သော် ပြန်အံထုတ်သည့် အံဖတ် တွေက ဆေးဖက်လဲ မ၀င်။ အနံ့ကလဲ တထောင်းထောင်း။ စိတ်ညစ်ရတာဘဲ အဖတ်တင်ပါသည်။ ဆရာနဲ့ ဆရာမက ကျွန် တော့်မေးခွန်းကို ဖြေသွားသလို လူကောင်းနဲ့လူဆိုးလို့ ခွဲခြားလိုက်ရအောင်ကလဲ စာရေးသူတွေကို ကြည်ညိုလေးစားသည့် စိတ်အခံဖြင့် ခွဲမထားချင်။ သူတို့ရေးသည့်စာတွေလဲ ဖတ်ရပါအုံးမည်။ သို့ပေသိ….အနံ့ တထောင်းထောင်းထ ချဉ်စုတ်စော် နံနေသည့် အံဖတ်တွေ ဖြစ်နေမှာဘဲ ကျွန်တော် စိုးရိမ်လှပါသည်။

ဖိုးထက်
(ဆရာ၊ ဆရာမကြီးများကို လေးစားကြည်ညိုလျက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – ချဉ်စုတ်တဲ့ အန်ဖတ်တွေ

  1. maung maung latt on August 25, 2015 at 8:54 am

    အခုလေးတင်ဘဲဗျာ…လတ်တလော နာမည်ကြီး နေတဲ့ ဆရာမကြီးတယောက်ရဲ့  ကချင် ခေါင်း ဆောင်တယောက်နဲ့  တွေ့ ဆုံစကား ပြောခဲ့ တာကို ရေးထား တဲ့  ဆောင်း ပါးကို ” မြန်မာနိုင်ငံ တည်နေသရွှေ့ သမိုင်း မှတ်တမ်း တင်ထားရမယ် “ဆိုလို့  စိတ်အချ ဉ် ပေါက် လာခဲ့ တယ်…….” ဟန်နီကင် ဘီယာမှ သောက်မယ် ….” ဆိုတာကော မှတ်တမ်း တင် လိုက် ပါအုံး လို့  အန်ချ လိုက်ရတယ်ကိုဖိုးထက်ရေ…..ကိုယ် ရေး ကိုယ်တာ အကြောင်း အရာ တွေ ကို အမြဲ စောင့် ထိန်း ရှောင် ခဲ့  ပါတယ်…..ဒါပေမဲ့  လွန်လွန်းလာတော့  လဲ…..မခံစား နိုင်တော့  ဘူး ပေါ့  ဗျာ…..၊၊

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်