မောင်မောင်စိုး – မိုးသည်းည

August 25, 2015

မောင်မောင်စိုး – မိုးသည်းည
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

ထိုညက မိုးက သည်းလွန်းလှပါသည်။ တဝေါဝေါရွာချနေသော မိုးစက်မိုးပေါက်များအောက်တွင် ညအမှောင်ထုက စိုးမိုးနေ သည်။ သည်းလွန်းသောမိုးအောက်တွင် တကိုယ်လုံးတုတ်တုတ်ရွှဲနေသည်။ ကျောပေါ်တွင်လွှမ်းချုံထားသော စစ်မိုးကာစက မိုးဒဏ်အား အံမတုနိုင်ပေ။ ခေါင်းပေါ်က စစ်ဦးထုပ်အစ အင်္ကျီ ဘောင်းဘီရှည် စစ်ဖိနပ် ကျောပိုးအိတ် စစ်ချပ်ဝတ်အဆုံး မိုးရေဖြင့် နစ်နေအောင် စိုရွှဲလေးလံနေသည်။ ထိုမိုးသည်းညသည် စစ်ချီနေသောညဖြစ်သည်။

မနက်ထမင်းစားပြီး ၉ နာရီလောက်ကထဲက စစ်ချီမိန့်ကျ၍ တတပ်လုံးစစ်ချီခဲ့ရသည်။ ညနေ ၄ နာရီလောက်က ညစာချက် စားရင်း တခါနားရသည်။ မှောင်သည်နှင့် ပြန်လည်ချီတက်ရပြန်သည်။ တနေ့လုံး ရာသီဥတု သာယာခဲ့ပေမဲ့ မိုးချုပ်သည်နှင့် မိုးစက်ပေါက်များနှင့်အတူ မိုးမှောင်ကျတော့သည်။ ၁၉၇၆ ဇူလိုင် မိုးတွင်းကာလဆိုတော့ မိုးကိုရှောင်ဖယ်၍ မရနိုင်ခဲ့ပေ။

ရှမ်းမြောက်၏တောင်တန်းများက မြင့်မား မတ်စောက်လွန်းသည်။ မိုးသည်းညတွင် ထိုတောင်တန်းများပေါ် စစ်ချီရသည်မှာ မလွယ်ကူပေ။ မှောင်မဲ၍ လမ်းလည်းမမြင်ရ။ ရှေ့က ရဲဘော်၏ ဦးထုပ်မှ အဖြူရောင် မှုံပြပြသာကြည့်၍ တယောက်နောက် တယောက် ကပ်လိုက်နေရသည်။ မှောင်မဲမဲအတွင်း ထိုအဖြူရောင်ကလေးကို ရိပ်ကနဲ ရိပ်ကနဲသာ မြင်နေရသည်။ အပေါ် မြင့်မြင့်သွားလျှင် တောင်တက်နေတုန်းဟု မှတ်ရသည်။ နိမ့်ကျသွားလျင် အဆင်းဟု မှတ်ရသည်။ ထိုသို့ မှတ်ယူသည့်အတူ မိမိခြေလှမ်းအချကို ဂရုထားရသည်။ မည်မျှပင်ဂရုထားသည်ဖြစ်စေ ကျဉ်းမြောင်းကွေ့ကောက်နေသော ကျောက်တုံး ကျောက်ဆောင်ပေါများသော တောင်ပေါ်လမ်း တွင် ခလုတ်တိုက်မဆုံး လဲ၍ မဆုံးပါ။ သို့သော် ထိုအနာတရအား ခံစားနေ ၍မရ။ ချက်ချင်းဆိုသလို ကုန်းရုန်းထပြီး အမှီလိုက်ရသည်။ သို့မဟုတ်လျှင် တောကြီးမျက်မဲထဲ လမ်းပျောက်ချေမည်။

စစ်ချီနေသော တပ်ဖွဲ့တခုအနေနှင့် လက်နှိပ်ဓါတ်မီးသုံးခွင့်မရှိ။ ဆေးလိပ်သောက်ခွင့်မရှိ။ မှောင်မိုက်သော တောတောင်ထဲ တွင် အနည်းငယ်မျှသော မီးရောင်သည် တဖက်ကို အသိပေးရာရောက်သည်။ တပ်ဖွဲ့ဝင်အားလုံး၏ အသက်နှင့်ဆိုင်သည့် တင်းကြပ်သောစည်းကမ်းဖြစ်သည်။ အားလုံးလိုက်နာရသည်။ မှောင်နှင့်မဲမဲ မိုးထဲရေထဲ အလဲလဲ အကွဲကွဲဖြင့် စစ်ချီခဲ့သည့် မိုးသည်းညတည ဖြစ်ခဲ့သည်။

တစ်နာရီ ချီတက်ပြီးလျှင် ငါးမိနစ်ခန့် နားခွင့်ရသည်။ ဆင့်ကဲဆင့်ကဲ တီးတိုးလေသံဖြင့် နားခွင့်ရောက်လာလျှင် အတော်ဝမ်း မြောက်မိသည်။ နဘေးတောင်စောင်း ရွံ့ထဲဗွက်ထဲတွင် ကျောမှီလိုက်ရင်း အနားယူရသည်။ စိတ်ကိုလျှော့ချပြီးသက်ပြင်းကို ခပ်ထန်ထန် မှုတ်ထုတ်မိသည်။ တက်ကြွသော စိတ်ကိုဆောင်၍ လျှောက်နေသော်လည်း လူတကိုယ်လုံးတော့ နုံးချိနေပေပြီ။ ထိုငါးမိနစ်တာသည်လည်း ထိုအချိန်က အရမ်းကို တိုတောင်းလှသည်ဟု ခံစားရသည်။

တနေ့လုံးလမ်းလျှောက်ရ၍ ပင်ပမ်းလှချေပြီ။တောင်တန်းပေါ်တွင် ရေကတော့မရှားလှ။ တသွင်သွင် စီးဆင်းနေသော စမ်း ရေငယ်များက တောတောင်အနှံ့ဆိုတော့ ပြဿနာမရှိ။ ဒါပေမဲ့ ဝမ်းဖြည့်စရာက နတ္တိ။  မိမိရှေ့က ဝ ရဲဘော်က အတွေ့ကြုံရှိ သူပီပီ မိမိဝမ်းဟာ နေမှန်းသိသည်။ ရော့ဟု သူ၏ စစ်သုံးမတ်ခွက် လှမ်းထိုးပေးသည်။ မတ်ခွက်အတွင်း ညနေက ကျန်သည့် ထမင်းနှင့်ဆားနယ်၍ သိပ်ထည့်ထားသည်။ ထိုညက စားခဲ့ရသည့် ဆားနှင့်ထမင်းဆုပ်သည် အရသာရှိလှပေစွ။ ထို့ကြောင့် မှိန်ရာ ဟင်းကောင်းဟု ဆိုကြဟန်တူသည်။လောလောဆယ်တော့ ထမင်းခတည်းဘဲလည်းကောင်းပါ၏။

ကျနော်နဲ့ ကပ်ပါလာသူက ကိုကြီးမြင့်ခေါ် ရဲဘော်မြင့်ထွန်း။ ရန်ကုန်မြို့ ပညာတတ်အထက်လွှာက ယုံကြည်ချက် စစ်သည် ။ ကျနော်နှင့် တပ်ဖွဲ့တခုတည်း။ စစ်ဦးစီးအဖွဲ့၏ အရန်တပ်ဖွဲ့မှဖြစ်သည်။ သူ့နောက်မှကပ်ပါလာသူက ကိုသိန်းဝင်းခေါ် ရဲ ဘော်ရဲအောင်။ သူက မန္တလေး ပုလင်းဝင်းမှ။ ဒန်အိုးပေါက် ပုလင်းခွံ သတင်းစာစက္ကူ အရပ်တကာ လှည့်ဝယ်ရင်း ဘဝကို ဖြတ်သန်းခဲ့ရသူ။ သူကတော့ စက်သေနတ်ကြီးတပ်စုကဖြစ်သည်။ ဘဝချင်း ခြားနားခဲ့သော်လည်း ယုံကြည်ချက်တူ စစ် သည်နှစ်ယောက်ကတော့ ရှမ်းမြောက်၏ မဲမှောင် မိုးသည်းနေသောတညတွင် ကျနော်၏နောက်မှ ကပ်ပါခဲ့သည်။

စိတ်တင်းထားသော်လည်း ကိုယ်ကမလိုက်နိုင် တော့ပေ။ မည်မျှပင် အားတင်းထားသည်ဖြစ်စေ သန်းခေါင်ကျော်လောက်တွင် လူက ပျော့လာသည်။ ခြေလှမ်းတွေက နှေးလာသည်။ ကျနော်ရှေ့က ဝ ရဲ ဘော်က ကျနော်ပြတ်ကျန်မှန်းသိ၍ ပေးဟု ဆိုကာ ကျနော့်ပုခုံးထက်က မောင်းပြန်ရိုင်ဖယ်ကိုလှမ်းယူပြီး သေနတ် နှစ်လက်ဖြင့် ရှေ့ကထွက်သည်။ သေနတ်တစ်လက်စာ အလေးချိန်ပေါ့သွား၍ ကျနော်လည်း ခြေလှမ်း အနည်းငယ် ပြန်သွက်လာခဲ့ပါသည်။

မိုးထဲရေထဲ ရွံ့ထဲဗွက်ထဲ တောကြီးမျက်မဲ မှောင်မဲမဲတွင် ပြတ်ကျန်၍မဖြစ်။ အားတင်း၍ အမှီလိုက်ရသည်။ လူကွဲပါက အ မောင်တောင်မှန်း မြောက်မှန်းမသိ ဖြစ်ချေရော့မည်။

ညလည်လောက်တွင် မိမိတို့သွားနေရာ တောင်ကြောနှင့်အပြိုင်မှ တောင်ကြောပေါ်တွင် လက်နှိပ်ဓါတ်မီး ဝင်းကနဲ ဝင်းကနဲ တွေ့ရသည်။ အသံတချို့ကြားရသည်။ ဘာမှန်းရုတ်တရက်မသိ၍ မျက်စေ့သူငယ်ဖြစ်မိသည်။ ရှေ့ကရဲဘော်က ဘာမှ မဟုတ်ဘူး အမြောက်တပ်ခွဲလမ်းမှားနေတာဖြစ်မယ် မှီအောင်သာလျှောက်ဟုဆိုသည်။ သူ၏အတွေ့အကြုံအရ အမြောက် တပ်ခွဲမှ မြင်းလားတို့၏အသံကို မိုးရေထဲမှာ ကျက်မိဟန်တူသည်။ လမ်းမှားနေကြ၍ မဖြစ်မနေ လက်နှိပ်ဓါတ်မီးအရဲစွန့် သုံး နေကြဟန်တူသည်။

အာရုံကျင်းခါနီးတော့ မိုးတိတ်သွားသည်။ အနဲငယ် ပြန်မြင်ရလာသည်။ မိုးမရွာတော့သဖြင့် လမ်းလျှောက်ရတာ ပိုအဆင်ပြေ လာသည်။ မိမိသေနတ်ကိုကူထမ်းပေးသည့်ရဲဘော်ထံမှ မောင်းပြန်ရိုင်ဖယ်ကို ပြန်ယူလိုက်သည်။ တနေ့လုံးတညလုံး လမ်း လျှောက်နေရသဖြင့် အနဲငယ်တော့မောဟိုက်နေပြီ။ ခဏနေတော့ မိမိတို့ တပ်ဖွဲ့မှူးက မိမိအားကျော်တက်ရင်း ရော့ဟူ၍ သေနတ်တစ်လက်ထိုးပေးသွား ယူလိုက်ရသည်။ သူလူမှားပြီဟု သဘောပေါက်လိုက်သည်။ မိမိနောက်မှ လိုက်ပါလာသည့် ကိုကြီးမြင့်ခေါ် ရဲဘော်မြင့်ထွန်းမှာလည်း မိမိလိုပင် အရပ်ရှည်ရှည် ခပ်ကိုင်းကိုင်းဖြစ်ပေရာ ကိုကြီးမြင့်ထင်၍ ပေးသွားပုံရ သည်။ ကိုကြီးမြင့်က ကျနော်နောက်တွင်ပါမလာခဲ့ အတန်ငယ် ပြတ်ကျန်ခဲ့ပုံရသည်။

အတန်ငယ်ကြာမှ ကိုကြီးမြင့်လိုက်မှီလာသည်။ သူသေနတ်ပြန်ပေးရင်း သူကျန်နေသည့်အကြောင်းရင်း သိရ၏။ ကျဉ်း မြောင်းသော တောင်ပတ်လမ်းတနေရာတွင် ဘေးချော်၍ ချောက်ထဲပြုတ်ကျသည်ဟုဆို၏။ ကံကောင်းထောက်မစွာ တောင် ကမ်းပါးတွင် ကပ်ပေါက်နေသောချုံပုတ်ပေါ် တင်နေခဲ့သည်ဟုဆိုသည်။ နောက်မှကပ်ပါလာသော ကိုသိန်းဝင်းက ဝါးလုံးတို ထိုးချပြီး အပေါ်ကလည်းဆွဲတင် သူလည်း ကုတ်ကပ်တက်ရင်း အပေါ်ရောက်လာသည်ဟုဆိုသည်။ မိုးသည်းမှောင်မိုက်ညမှ မည်မျှနက်မှန်းမသိသောချောက်ထဲမကျသည်မှာ ကံထူးပေစွဟု ဆိုရမည်။

မိုးမလင်းမှီ တိုက်ပွဲဂွင်သို့ရောက်သည်။ ရောက်ထုံကျိုက်ဟုသော တရုတ်ရွာလေးအနီးကစခန်းငယ်တခုကို တိုက်ခိုက်မည်ဖြစ် သည်။ တရုတ်စကားအရ ကျိုက်မှာ ရွာဟု အဓိပ္ပါယ်ရသဖြင့် ရောက်ထုံရွာဟုဆိုရမည်။ သို့သော် မြန်မာမှုပြု၍ ရွာထုံကြိုင် ဟုလည်းခေါ်ဆိုကြသည်။ မွှေးရနံ့ ကြိုင် မကြိုင်တော့မသိ။ မကြာမှီ သေနတ်သံ အမြောက်သံတို့ ကြိုင်တော့ လှိုင်တော့မည်။

စစ်ဦးစီးအဖွဲ့နေရာယူမည့် တောင်ကုန်းတနေရာတွင် မိမိတို့နေရာယူရသည်။ မိမိနှင့် ကိုကြီးမြင့်တို့က ရဲဘော်သစ်တွေ လည်းဖြစ် ခြေကုန်လက်ပမ်းလည်းကျနေသည်ဖြစ်ရာ ဘာတာဝန်မမှပေးဘဲ နားခိုင်းထားသဖြင့် တောင်စောင်းတနေရာတွင် ခြေပစ်လက်ပစ် မှီထိုင်ရင်း မောင်းပြန်ရိုင်ဖယ်ကို ပုခုံးပေါ်မှီတင်၍ ပိုက်ထားပြီး စစ်မြေပြင်ကိုမျှော်ကြည့်နေရတော့သည်။

ခဏနေတော့ လားတွေမြင်းတွေနှင့် အမြောက်တပ်ခွဲ ရောက်လာသည်။ တိုက်ပွဲမှာ ပထမဦးဆုံးပစ်ရမည့်သူများ လမ်းမှားပြီး ကျန်နေရစ်၍ တက်သုတ်ရိုက်နေရသည်။ ဒီနောက်မှာတော့ ရဲဘော်အိုက်အေးတစ်ယောက် အပြေးတပိုင်း လမ်းလျော်လာ သည်ကို တွေ့ရသည်။ သူလည်း ညကလမ်းမှားပြီး နောက်ကျန်နေခဲ့သည့်အဖွဲ့များတွင် ပါပုံသည်။ ကိုအိုက်အေးက ဗန်း မော်ဘက်ကဖြစ်ပြီး တပ်တွင်း၌ လူချစ်လူခင်များသည်။ ဖင်ပေါ့၍ သူတပါးအား ကူညီဖို့ ဝန်မလေးသူဖြစ်သည်။ လူကသာ အရပ်ပုပေမဲ့ သူ့တရပ်ခန့်ရှိသည့် အမ် ၁၄ မောင်းပြန်ရိုင်ဖယ်လွယ်ထားသည်။ ပုခုံးပေါ်တွင်တွင် တီအင်တီ ယမ်းတထုပ် ထမ်းထားသေးသည်။ သူက ဖေါက်ခွဲရေးတပ်စုကဖြစ်သည်။ လက်နက်ပြီး ပစ်ခတ်ပြီးသည်နှင့် စခန်းတပ်စီးရိုးအား မိုင်းခွဲရှင်း လင်းပြီး ကျားတက်ထိုးမည့် ခြေလျင်တပ်အတွက် လမ်းရှင်းပေးရမည့်အဖွဲ့ဖြစ်သည်။ ရှေ့ဆုံးက စရမည့်အဖွဲ့တွေ နောက် ကျနေ၍ အားလုံး အဆောတလျင် လှုပ်ရှားနေကြသည်။

မဲမှောင်သောညသည် မှုံပြပြ အလင်းဝင်စပြုချေပြီ။ ထိုစဉ် အမြောက်သံတချက် စတင်ထွက်လာသည်။ စစ်သားသစ်မို့ မော်တာသံလား နောက်ပွင့်လား မကွဲပြားသေးပေ။ တိုက်ခိုက်သိမ်းပိုက်မည့်စခန်းရှိရာ တောင်ကုန်းတွင် ကျရောက်ပေါက်ကွဲ သည်ကို တွေ့လိုက်ရသည်။ မိမိလည်း ရင်တချက်ခုန်၍ စိတ်လှုပ်ရှားသွားသည်။ မိနစ်ဝက်လောက်တော့ ရင်တွေတဒုန်းဒုန်း ခုံနေသည်။ သေသေကြေကြေဟု စိတ်ပိုင်းဖြတ်ထားသော်လည်း စိတ်လှုပ်ရှားမှုကိုတော့ မတားဆီးနိုင်ခဲ့။ ပထမဆုံးစစ်မြေပြင် တိုက်ပွဲအတွေ့အကြုံ မဟုတ်ပါလား။

နောက်ဆက်တိုက်ဆိုသလို လက်နက်ကြီးများပစ်ခတ်ပေါက်ကွဲနေသည် ကြားရ မြင်နေရတော့သည်။ မိမိရှိရာ စစ်ဦးစီးအဖွဲ့ နေရာယူထားသောတောင်ကြောညာဘက် အနဲမြင့်သောတောင်ကုန်းတွင် လက်နက်ကြီးတပ်ခွဲက နေရာယူပစ်ခတ်လျှက် ရှိပြီး ပစ်မှတ်ဖြစ်သော စခန်းငယ်ရှိရာတောင်ကုန်းက မျက်နှာချင်းဆိုင်တွင်ရှိသည်။ မီတာ တစ်ထောင်ပင် မဝေးလောက်ပေ။ စခန်းကုန်းပေါ်ရှိလူ တဲသစ်ပင်တို့ကို မနက်အလင်းရောင်အောက်တွင် ရှင်းလင်းစွာတွေ့မြင်နေရသည်။

နာရီဝက်ခန့်ကြာ လက်နက်ကြီးပစ်ခတ်ပြီး နောက် စခန်းအရံအတားများဖြစ်သော မိုင်းများဆူးညှောင့်များကို တီအင်တီ ယမ်းခဲ ယမ်းချောင်းများဖြင့် ဖေါက်ခွဲရှင်းလင်းကြရာ ပေါက်ကွဲသံများဆက်တိုက်ဆိုသလို ဟိန်း၍ထွက်ပေါ်လာသည်။ တိတ် ဆိတ်နေသော ရှမ်းမြောက်တောင်တန်းများပေါ်တွင် ပေါက်ကွဲ ပစ်ခတ်သံများ သောသောညံလျှက်ရှိချေပြီ။ ပေါက်ကွဲသံများ တိတ်ဆိတ်သွားသည်နှင့် လက်နက်ငယ်ပစ်ခတ်သံများနှင့်အတူ ကျားတက်ထိုးသံများဆူညံစွာပေါ်ထွက်လာသည်။ တိုက်ပွဲ စပြီး တစ်နာရီကျော်ခန့်တွင် စခန်းကို သိမ်းပိုက်နိုင်လိုက်သည်။ အင်အားနည်းသည့် အစွန်အဖျားစခန်းငယ်တခုဖြစ်သဖြင့် လျင်မြန်ခဲ့သည်။ အကျအဆုံး အနည်းငယ်ရှိခဲ့ပြီး အချို့ကတော့ စခန်းကို လက်လွှတ်ဆုတ်ခွာသွားသည်ဟု သိရသည်။

ပစ်မှတ်တောင်ကုန်းပေါ်တွင် မိမိတပ်ဖွဲ့ဝင်များအေးဆေးစွာ လျှောက်သွားနေခြင်းကို မြင်ရခြင်းနှင့်အတူ တိုက်ပွဲပြီးသွားဖြစ် ကြောင်းသိလိုက်ရသည်။ တောင်တန်းတခုလုံး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။ အရှေဖက်က နေထွက်လာချေပြီ။ နေရောင်အောင်တွင် အရှေ့ဖက်ဆီ၌ မြင့်မားသော တောင်ကြီးတခုတွေ့ရသည်။ မြန်မာပြည် ပြည်တွင်းစစ်တွင် နာမည်ကျော်ခဲ့သည့် ဟိုက်ကမ်းပါးတောင်ကြီးဖြစ်သည်ဟု သိရသည်။ ကွန်လုံမြို့အထက်ကို စိုးမိုးနေသော တောင်ကြီးဖြစ် သည်။ ထိုအခါမှပင် မိမိတို့ရောက်နေသော နေရာသည်ကွန်လုံနှင့် သိန္နီကြား နာတီးနှင့် နန့်ဇလပ် အပေါ်ဖက်တောင်ကြောတွင် ဖြစ်ကြောင်း သိရပေတော့သည်။

တိုက်ပွဲကတော သိပ်မကြာလိုက်ပါ။သို့သော် တိုက်ပွဲပြီး၍ ထမင်းချက်စားပြီး ပြန်လည်ဆုတ်ခွာရသည်ကတော့ မိုးစုန်း
စုန်းချုပ်သည်ထိပင်ဖြစ်သည်။ တပ်ချင်းကွဲသွား၍ ထမင်းပင်ငတ်မလိုဖြစ်ခဲ့သေးသည်။

တကယ်တော့ ဤတိုက်ပွဲသည် တိုက်ပွဲငယ်တခုမျှသာဖြစ်သည်။ အကျအဆုံးလည်း မများလှ။ လေးငါးယောက်မျှသာ ရှိ လိမ့်မည်။ သေနင်္ဂဗျူဟာအရ အရေးပါသည့်တိုက်ပွဲလည်းမဟုတ်ခဲ့။ စစ်ဆင်ရေးကြီးတခု၏ အစိတ်အပိုင်းလည်းမဟုတ်ခဲ့ ပေ။ထိုစဉ်က မိမိမှ ထိုတိုက်ပွဲငယ်အား စတာလင်ဂရက်တိုက်ပွဲကိုစံပြုပြီး ရွာထုံဂရက်တိုက်ပွဲဟု ခေါ်ဝေါ်သမုတ်ခဲ့သဖြင့် အထက်လူကြီးများ၏ မကြည်လင်မှုပင် ခံလိုက်ရသေးသည်။

သို့သော် အနှစ်လေးဆယ်ခန့်ရှိပြီဖြစ်သောထိုတိုက်ပွဲငယ်သည် မိမိစိတ်အာရုံတွင် ထင်ဟပ်နေဆဲဖြစ်သည်။ မိမိ၏ ပထမဆုံး တိုက်ပွဲ အတွေ့အကြုံဖြစ်နေ၍ မိမိအာရုံတွင် ခမ်းနားကြီးကျယ်နေပုံရသည်။ ဤသည်မှာ လူတို့၏ အတ္တ ဖြစ်ပုံရသည်။ တကယ်တော့ မဟာစင်္ကြာဝဠာနှင့် အနုစကြာင်္ဝဠာအတွင်း လူတဦးအချင်းအရတော့ သေးငယ်လှသောအနုမြူမှုငယ်မျှသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဆင်လည်း ဆင်အထွာ ကြွက်လည်း အထွာနှင့် စကားကဲ့သို့ပင် ရှိချေပေလိမ့်မည်။

စိုင်းထီးဆိုင် သီချင်းတပုဒ်ကိုသတိရသည် …
ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ် ……။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်