ကိုသန်းလွင် – စင်္ကာပူ ရုက္ခဗေဒဥယျာဉ်

August 25, 2015

ကိုသန်းလွင် – စင်္ကာပူ ရုက္ခဗေဒဥယျာဉ်
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

(၁)
ယခုတကြိမ် စင်္ကာပူရုက္ခဗေဒဥယျာဉ်သို့ ကျွန်တော်တို့ရောက်ရှိသွားချိန်မှာ သူတို့နိုင်ငံလွတ်လပ်ရေး နှစ် ၅၀ ပြည့် ဂျူဗလီ ပွဲတော်ကျင်းပချိန်နှင့် တိုက်ဆိုင်နေလေသည်။ အတွင်းရှိ သစ်ခွဥယျာဉ်ထဲသို့ အခမဲ့ဝင်ခွင့်ပေးထားသည်။ ပွဲတော်ကြီးတွေကျင်းပရာစင်မြင့်မှာ ဂီတဖြေဖျော်ပွဲတွေရှိသည်။ နောက်ထပ်တိုက်ဆိုင်မှုတခုမှာလည်း UNESCO မှချီးမြှင့်သော ရုက္ခဗေ ဒဥယျာဉ်ကို World Heritage Site တခုအဖြစ် အသိအမှတ်ပြုခြင်း အထိမ်းအမှတ် Pleaque ကို ၀န်ကြီးချုပ်က ဖွင့်လှစ်ပေး သောအခမ်းအနားကို ကျင်းပနေခြင်းပင် ဖြစ်သည်။

(၂)
ရုက္ခဗေဒဥယျာဉ်ကြီးမှာ ၁၈၂၂ ခုနှစ်၊ စတင်းဖို့ရပ်ဖဲလ် (Stamford Raffles) ၏ ဥယျာဉ်အဖြစ် စတင်ထူထောင်ခြင်းမှစ၍ ရေတွက်သော် နှစ်ပေါင်း နှစ်ရာပြည့်ပါတော့မည်။ စင်္ကာပူမြို့ကိုထူထောင်သူ မစ္စတာရပ်ဖဲလ်မှာ သဘာဝသိပ္ပံ (National Science) ဘာသာရပ်ကို ၀ါသနာပါသူဖြစ်သည်။ သူက ဤနေရာတ၀ိုက်ကို အပင်များ၊ ကောက်ပဲသီးနှံများနှင့်ပတ်သက်၍ သုတေသနလုပ်ရန်ရည်ရွယ်ခဲ့သည်။

၁၈၅၉ ခုနှစ်တွင် ကိုလိုနီ အင်္ဂလိပ်အစိုးရက လက်ရှိဥယျာဉ်မြေနေရာနှင့် နီးစပ်သော ၃၂ ဟက်တာမျှ ကျယ်ဝန်းသော မြေနေရာကို ပိုင်ရှင်ထံမှဝယ်၍ တိုးချဲ့စေခဲ့သည်။ စုစုပေါင်း ၇၄ ဟတ်တာ (၁၈၃ ဧက) ကျယ်ဝန်းလာခဲ့သည်။ ၁၉၂၅ ခုနှစ် တွင် Professor Hoffan က သစ်ခွမျိုးစုံ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းကို စတင်ခဲ့သည်။

၁၉၄၂ ခုနှစ် ဂျပန်စစ်တပ်က စင်္ကာပူကျွန်းကိုသိမ်းပိုက်ချိန်တွင် ဂျပန်တို့က အလုပ်သမားတွေကို အလုပ်ထုတ်မပစ်ခဲ့ပါ၊ ဥ ယျာဉ်နာမည်ကို (Shonan Botanic Garden) ဟုသာ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ဂျပန်နိုင်ငံမှပညာရှင်များကိုခေါ်ယူခါသစ်ပင်စိုက်ပျိုးခြင်းကိစ္စကို ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

ဂျပန်ခေတ်အပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာချိန်တွင်လည်း ဥယျာဉ်မြေကို ထိမ်းသိမ်းခဲ့ကြသည်။ အထူးသဖြင့် အမြဲတစေ စိမ်း လန်းစိုပြေသော သစ်တောနေရာ ဧက ၄၀ ခန့်ကို ထိမ်းသိမ်းခဲ့ကြပြီး Learning Forest အဖြစ်ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။ မက်ထရိုပိုလစ် မြို့လယ်ခေါင်တွင် Rain Forest ရှိသောမြို့မှာ ကမ္ဘာတွင် စင်္ကာပူနှင့်ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ နှစ်မြို့ သာရှိသည်။

ဥယျာဉ်အတွင်းသို့ဝင်သွားရသည်မှာ အမြဲစိမ်းသစ်တောကြီးအတွင်းသို့ ၀င်သွားရသကဲ့သို့ ပင်ဖြစ်ပါသည်။ လူမနေသော Rain Forest အတွင်းသို့ဝင်သွားလျှင် လူသတ္တ၀ါတို့၏ ပြုပြင်မှုအရိပ်အရောင်ကိုမတွေ့ရဘဲ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ထူထပ် ပိတ်ဆို့နေပါလိမ့်မည်။ ဤဥယျာဉ်မှာမူ ထူထပ်သောတောအုပ်အလယ်၌ လူတို့ စနစ်တကျ ပြုပြင်ဖောက်လုပ်ထားသော ကတ္တရာလမ်း၊  အုတ်စီခင်းထားသောလမ်းတွေ အပမ်းဖြေ နားနေစရာ ထိုင်ခုံတွေကို တွေ့ကြရပါသည်။

မြက်ခင်းစိမ်းစိမ်း၊ ပန်းပွင့်ဖြူဖြူ၊ သစ်ပင်ညို့ညို့ဖြင့် ဤဥယျာဉ်မှာ စိတ်ချမ်းမြေ့စရာကောင်းသည်။ မိုးရွာပြီးချိန် နေရောင်တွေ ဖြာဆင်းလာချိန်မှာ သစ်ရွက်တို့သည် ပိုမိုစိမ်းလာပြီး ပန်းပွင့်ရောင်စုံတို့၏အဆင်းမှာ ပို၍ တောက်ပလာသည်ပာုထင်ရသည်။

ဤသစ်တောကြီးအတွင်းမှာပင် ၁၈၇၇ ခုနှစ်က သဘာဝသိပ္ပံပညာရှင် Henry Ridley ဆိုသူက ဤဥတု၊ ဤမြေအမျိုး အစားတို့တွင် ရာဘာပင်ကိုစိုက်ပျိုး၍ရနိုင်ကြောင်း ပြသခဲ့ပါသည်။ သူ၏သုတေသနလုပ်ငန်းကြောင့် မလေးရှားနိုင်ငံသည် ရာဘာပင်စိုက်ပျိုးထုတ်လုပ်သည့် ကမ္ဘာ နံပါတ် (၁) နိုင်ငံဖြစ်လာခဲ့ပါသည်။ အခြားအပင်ပေါင်းစုံတို့ကို အမျိုးအစားခွဲခြင်း၊ ရာသီဥတုအပေါ် အပင်တို့၏ တုန့်ပြန်မှု့၊ ခံယူမှု့တို့ကို သုတေသနလုပ်ငန်းတွေကိုလည်း လုပ်ခဲ့ကြပါသည်။

ယခုအခါ ဤဥယျာဉ်သို့လာချိန်မှာ ကျွန်တော့်စိတ်ထဲတွင် မေးခွန်းတခုပါလာခဲ့ပါသည်။ စင်္ကာပူသည် မိမိ၏ဥယျာဉ်ကို UNESCO ထိမ်းသိမ်းခံ ယဉ်ကျေးမှု့အမွေအနှစ်နေရာအဖြစ် အဘယ်ကြောင့်ပြောင်းလဲလိုပါသနည်း ဆိုသောမေးခွန်းဖြစ် သည်။

စင်္ကာပူသည် နိုင်ငံခြားချေးငွေယူသောနိုင်ငံမပာုတ်၊ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးရတခုစီ၏ ၅ နှစ်တာကာလ အတွင်း ၀င်ငွေနှင့်ထွက်ငွေသည် Balanced Budget ရှိစေရမည်ပာု ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သူ၏ သစ်ခွဥယျာဉ်မှာ ၀င်ခွင့်တဦးလျှင် စင်္ကာပူ ၁၅ ဒေါ်လာပေးရသောနေရာဖြစ်သည်။ ထိုဝင်ငွေသည်ပင် ဤဥယျာဉ်ကို ထိမ်းသိမ်းထားနိုင်ပါ လိမ့်မည်။ ထို့ကြောင့် ထောက်ပံ့ငွေကိုမျှော်ကိုးပြီး UNESCO သို့လျှောက်လွှာတင်ခြင်း မဟုတ်တန်ရာပါ။

သစ်ခွဥယျာဉ်ကား အံ့မခန်းဖြစ်တော့သည်။ သစ်ခွအမျိုးပေါင်းတစ်ထောင်နှင့် မျိုးစပ်ထားသောအမျိုး ၂၀၀၀ ခန့်ရှိပါသည်။ မှန်လုံအိမ်ဖြင့်ပျိုးထားသော အပင်တွေကရှိသေးသည်။ အဖြူအ၀ါ၊ အနီရောင် ပေါင်းစုံသည်။ သစ်ခွမျိုးဆက်သစ်ကို အမည် ပေးရန်အတွက် အခွင့်အရေးကလည်း မရှားပါးပါ။ အခု SG50 ခေါ် သူတို့နိုင်ငံ လွတ်လပ်ရေးရသည့် နှစ် ၅၀ ပြည့်ခြင်း အထိမ်းအမှတ် သစ်ခွပန်းမျိုးကပေါ်နေပါပြီ။ စင်္ကာပူကိုရောက်လာကြသော နိုင်ငံခေါင်းဆောင်ကြီးများ၊ အရေးကြီး VIP ပုဂ္ဂိုလ်များအတွက် သစ်ခွပန်းသစ်တမျိုးစီကို အမည်ပေးပြီးသားတွေရှိသည်။ Dendrobium Margret Thetcher ပာူ၍လည်း ကောင်း၊ Renantanda Akihito ပာူ၍လည်းကောင်း၊ နယ်ဆင်မန်ဒဲလား၊ အင်္ဂလိပ်ဘုရင်မကြီး စသည်ဖြင့် နာမည်ပေါင်းစုံပေး တာကိုတွေ့ရသည်။ VIP အဆောက်အဦးနံရံတွင် ထိုပန်းပွင့်များ၏ဓါတ်ပုံများကိုပြထားရာ သမ္မတဦးသိန်းစိန်၏နာမည်နှင့် ပန်းပွင့်ရှိသည်ပာုကြားရဘူးသော်လည်း နံရံပေါ်မှ စာရင်းတွင်မမြင်ခဲ့ရပါ။

ဤဥယျာဉ်အတွင်းဝယ် ပန်းပင်အမျိုးပေါင်း ထောင်ချီ၍ စုံနေအောင်စိုက်ထားသော်လည်း အမှိုက်တပင်မတွေ့ခဲ့ရပါ၊ ပေါင်း ပင်တွေ ထနေတာလည်းမမြင်ခဲ့ရ ကျေးငှက်တွေအသိုက်မှ ၀ုန်းကနဲထပျံတာတွေကိုလည်း မမြင်ခဲ့ရပါ၊ ရေ၀နေသောမြေကြီး သည်  စိုပြီး မြေသြဇာပြည့်ဝနေပုံရသည်။

ရုက္ခဗေဒဥယာဉ်၏ စာကြည့်တိုက်တွင်စာအုပ် စာတမ်း လေးသောင်းကျော်၊ သစ်ပင်အမျိုးအစား ခုနှစ်သိန်း ငါးသောင်း ကျော်တို့ကို ကက်တလောက်ခွဲထားနိုင်သည်။ ကောက်ပဲသီးနှံ စိုက်ပျိုးရေးသုတေသနအတွက် ဒေသတွင်းက အားကိုးရ သော ဌာနကြီးဖြစ်လာသည်။ စင်္ကာပူကိုဥယာဉ်မြို့တော်ကြီးဖြစ်ရမည်ဟူသောအစိုးရ မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖေါ်နေပြီးမြို့တော်ကြီးတခုလုံး ပန်းပင်ပန်းခြံတို့ဖြင့် ဝေေ၀ဆာဆာ ဖြစ်လာစေရန် လိုအပ်သော သစ်ပင်ပန်းမန်တို့ကို ဖြန့်ဖြူးပေးရာ နေရာလည်းဖြစ်သည်။ တိုင်းရင်းဆေးဆိုင်ရာ အပင်များကိုလည်းစိုက်ပျိုးနေသည်။ ပန်းရနံ့များသင်းပြန့် နေသော Fragrant Garden လည်းရှိသည်။ ဂျင်း ပင်အမျိုးပေါင်း သုံးထောင်ကျော် စိုက်ပျိုးထားရာ ဂျင်းဥယျာဉ်လည်းရှိသည်။

၂၀၀၈ တွင် မိုက်ကယ်လင် ကြယ်သုံးပွင့်ဆုကို ချီးမြှင့်လိုက်သည်။ Time မဂ္ဂဇင်းကြီးက ထိုနှစ်မှာပင် စင်္ကာပူရုက္ခဗေဒ ဥယျာဉ်သည် အာရှတွင်အကောင်းဆုံး ဥယျာဉ်အဖြစ်ဖေါ်ပြခဲ့သည်။ ကနေဒါနိုင်ငံမှချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံးဥယျာဉ်ဆုကိုလည်းရရှိခဲ့သည်။ Trip Advisor Website ကပေးသော အာရှတိုက်၏ အကောင်းဆုံးဥယျာဉ် ဆုကိုလည်းရရှိခဲ့သည်။
ရွက်လှပင်ရောင်စုံ၊ အရွက်စိမ်းစိမ်းဖြင့် အပြိုင်းအရိုင်း ထနေပုံ၊ သစ်ခွပန်းပေါင်းစုံရောင်စုံဖြာ၍ ပွင့်နေကြပုံတို့မှာ အံ့မခမ်းဖြစ်ပါ သည်။ ဤဥယျာဉ်ကို လူတို့လက်နှင့်ပြုပြင် ထိမ်းသိမ်းထားခြင်းမှာမြင်သူတိုင်း ငေးနေကြရသည်။ ကျွန်တော်သည် ထိုပန်းပင်များ အလယ်၌ အဘယ်မျှကြာအောင်ထိုင်နေရစေ မပျင်းမရိ ထိုင်နေမိမှာဘဲဟု တွေးမိသည်။ လူ့ယဉ်ကျေးမှုဆို သည်မှာ လူတို့၏ လက်၊ လုပ်အား တို့ဖြင့် ပြုပြင်ဖန်တီးရခြင်းပင် မဟုတ်ပါသလော၊ ဤသို့စီစီရီရီဝေနေအောင် ပွင့်သော ပန်းများကို မြင်ရသောအခါ လူတို့လုပ်အားဖြင့် ပြုပြင်ထားရခြင်း၊ ထိုအရာသည် လူ့ယဉ်ကျေးမှု ကိုထိမ်းသိမ်းခြင်း ဖြစ်သ ည်ဟု ကျွန်တော် သဘောပေါက်လာပါသည်။

(၃)
၁၉၅၄ ခုနှစ်က အီဂျစ်အစိုးရသည် အာစွမ်ဆည်ကို တည်ဆောက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။ ထိုအခါ နိုင်းမြစ်ဝှမ်း တလျောက် မြေနိမ့်ပိုင်း တွင်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာပစ္စည်းတွေကို ထိမ်းသိမ်းရန် ကိစ္စဖြစ်လာခဲ့သည်။ အီဂျစ်နိုင်ငံက ကုလသမဂ္ဂနှင့် နိုင်ငံပေါင်းစုံသို့ ထိုပရောဂျက် အတွက် အကူအညီ တောင်းခံခဲ့သည်။

ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းပစ္စယများ၊ အဆောက်အဦးများ စာရင်းပြုစုခြင်း၊ ထိမ်းသိမ်းခြင်းကိစ္စအတွက် ဒေါ်လာ သန်း ၈၀ ကုန်ကျခဲ့ပါသည်။ နိုင်ငံတကာက အကူအညီအဖြစ် သန်း ၄၀ ရရှိသည်။ သူတို့သည် ပြတိုက်သို့ ပို့သင့်သော ပစ္စည်းကိုပို့၊ ကျောင်းတော်ကြီးများကို ဖြိုချပြီး ဆောက်သင့်သည့်နေရာတွင်ပြန်ဆောက် လုပ်ကြသည်မှာ အလွန်အောင်မြင်သည့် စီမံကိန်းတရပ်ဖြစ်လာခဲ့ပါသည်။

အမေရိကန်က ကမ္ဘာယဉ်ကျေးမူ ထိမ်းသိမ်းရေးဆိုင်ရာ ရံပုံငွေ World Heritage Trust ကို ၁၉၆၅ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ကုလသမဂ္ဂက ၁၉၇၂ ခု နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာယဉ်ကျေးမှု ထိမ်းသိမ်းရေးဆိုင်ရာ ပဋိဥာဉ်စာတမ်းကို နိုင်ငံပေါင်းစုံ လက်မှတ်ရေးထိုးပြီး ကမ္ဘာကြီး၏ယဉ်ကျေးမူအမွေအနှစ်ဆိုင်ရာ နေရာများကိုထိမ်းသိမ်းကြရမည်ဟု ဆုံးဖြတ်ခဲ့ ကြသည်။ ၁၉၇၅ ဒီဇင်ဘာ ၁၇ ရက်မှစပြီး ထိုထိမ်းသိမ်းရေးဥပဒေမှာ အတည်ဖြစ်လာခဲ့သည်။

တနှစ်လျင်တကြိမ်သာ အစည်းဝေးထိုင်သော ဦးဆောင်ကော်မတီက ၂၀၁၅ ခု ဇူလိုင်လ ၄ရက်နေ့တွင် စင်္ကာပူ ရုက္ခဗေဒ ဥယျာဉ်ကို ကမ္ဘာယဉ်ကျေးမူဆိုင်ရာနေရာတခုအဖြစ်အတည်ပြုပေးခဲ့သည်။ ယခုအချိန်ထိ ကမ္ဘာနှင့်အ၀ှမ်း နေရာ ၁၀၃၁ ခုကို UNESCO၏ အစောင့်ရှောက်ခံ နေရာများအဖြစ် သတ်မှတ်ကြပြီးဖြစ်ပါသည်။ အီတလီတွင် ၅၁ နေရာ အိန္ဒိယတွင် ၃၂ နေရာ၊ တရုတ်ပြည်တွင် ၄၈နေရာ၊ စပိန်၊ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံတွင် နေရာ ၄၀ ခန့်စီရှိသည်။

(၄)
ရုက္ခဗေဒဥယျာဉ်ကြီးကို စင်္ကာပူအစိုးရသာပိုင်ပါသည်။ ကုလသမဂ္ဂအစောင့်ရှောက်ခံဖြစ်လာခြင်းဖြင့် ဤမြေ နေရာကို တကမ္ဘာလုံးနှင့်ဆိုင်သော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အစိုးရက အသိအမှတ်ပြုလိုက်ခြင်းသာဖြစ်ပါ သည်။ နောင်မြို့ကိုတိုးချဲ့ရန်ဖြစ်လာသည်ဆိုစေ ဤနေရာ ဤသစ်တောကိုမူ မူလပုံစံမပျက် ထိမ်းသိမ်းကြပါမည်ဟု ဆန္ဒပြုလိုက်ကြခြင်းသာဖြစ်ပါ ၏။ နိုင်ငံတကာမှ ဗဟုသုတ အတတ်ပညာ ဖလှယ်ခြင်းအလုပ်သည် ကုလသမဂ္ဂအစီအစဉ်ဖြင့် ရောက်လာကြမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို လုပ်ဆောင်လာကြတော့မည်ဖြစ်သည်။

စင်္ကာပူနိုင်ငံသည် ၀န်ထမ်းများ၏၀န်ဆောင်မှု (Service Sector) ကို တန်ဘိုးထားရာနိုင်ငံဖြစ်သည်။ ၀န်ထမ်းများသည် မိမိကျရာနေရာ၌ မခိုမကပ်တာဝန်ကျေပွန်ကြသူများဖြစ်ကြသည်။ ဥယျာဉ်ကြီး၏ သန့်ရှင်း သပ်ရပ်မှုကို စနစ်တကျဖြစ်မှုတို့ကို တွေ့ကြရခြင်းမှာ ထိုဝန်ဆောင်မှုကောင်းခြင်း၏သဘောလည်းဖြစ်ပါသည်။ ကုလသမဂ္ဂ စောင့်ရှောက်ခံဖြစ်လာသောအခါ ပိုမို၍ တိုးတက်ခေတ်မှီလာရန်သာ အကြောင်းရှိပါတော့သည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်