မောင်ဥက္ကလာ – သွားလေသူများနောက် ထပ်ကြပ်မကွာ

August 30, 2015

မောင်ဥက္ကလာ – သွားလေသူများနောက် ထပ်ကြပ်မကွာ

(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅

အရင်စာထဲမှာ ဝန်ခံခဲ့သလို ခွေးတွေခေါင်းဖျားထက် ရောက်နေတဲ့ ရွှေပြည်ကြီးကို ရောက်နေခဲ့ပြီး ပြည်သူတွေ အသည်းလှိုက်အူလှိုက် မေတ္တာထားတဲ့ အောက်ပြည်အောက်ရွာကို ထွက်ခွါသွားလေသူ ဆရာသမားတဦးရဲ့  နောက်ဆုံးခရီးမှာ ရင်ထဲကအပူကို ရေခဲငုံပြီး တိုးတိုးတိတ်တိတ် လာကြတဲ့ လူကြီးတွေကို ယပ်တောင်ခတ်ပေး၊ ယပ်တောင်ဝေ၊ ဆရာသမားရဲ့  အလွန်မာကျောတဲ့အရိုး ပြာကျတဲ့အထိ မီးထိုး ကုသိုလ်ယူခဲ့ပြီးနောက်၊  အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ငြိမ်းအေးဖို့အတွက် (၂၄) နာရီ – မိုးရွာရွာ နေပူပူ၊ တနိုင်ငံလုံး ရေမြုပ်နေချိန်တောင် လှည့်မကြည့်နိုင် – ဖြေရှင်းဆောင်ရွက်နေတဲ့ နိုင်ငံတော်ငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ အပစ်ရပ် Peace Talk ဆွေးနွေးပွဲကြီးကို လေ့လာသုံးသပ်သူလိုလို၊ မြန်မာ့အရေး ကျွမ်းကျင်သူပုံစံနဲ့ တက်ရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။

 

ဒီတကြိမ် သပွတ်အူလိုက် ရှုပ်ထွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကို ပြည်တွင်းမှာ မလုပ်။ အရပ်ရှစ်မျက်နှာ ဟိုပြေးဒီပြေး ပုန်းလျှိုးနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဘဝကို စာနာလို့လားမသိ၊ ခေါင်းဆောင်ကြီးတွေက နိုင်ငံအတွင်းမှာ ဟိုရွှေ့ ဒီရွှေ့  နေရာစုံခဲ့ပြီမို့ ဒီတကြိမ်တော့ နိုင်ငံတကာ အလှူရှင်တွေပေးထားတဲ့ ၂၀၁၅ ဘတ်ဂျက်ငွေတွေကလည်း ကျန်နေသေးတော့၊ နောက် နယ်စပ်တကြော လျှောက်ပြေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အဲဒီနေရာနဲ့ မစိမ်း၊ ဝန်ကြီးအကြံပေးအဖွဲ့ဝင် ဆိုသူတွေလည်း အဲဒီမြို့ ရွာမှာ တချိန်တခါက ကြက်စားခဲ့တော့ ငြိမ်းချမ်းရေးဗိသုကာကြီး အဂ္ဂမဟာဝဏ္ဏကျော်ထင် စိန်အောင်မင်း က အဲဒီနေရာကို သဘောတူ ရွေးချယ်လိုက်တာဖြစ်ကြောင်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့  တီးတိုးပြောဆိုသံကို ကြားမိတယ်။

 

ဂလိုနဲ့ ဟိုလိုလိုဒီလိုလို မောင်ဥက္ကလာလည်း ရှေ့ မျက်နှာနောက်ထားပြီး ရန်ကုန်မှာရှိတဲ့ အသိမိတ်ဆွေတချို့ ဆီက ငွေချေးပြီး တိုင်းရေးပြည်ရေး ကိုယ်ကျိုးမကြည့် ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေးစွမ်းအားရှင်တွေရဲ့  စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ကိုင်မှုတွေကို အနီးကပ်လေ့လာကြည့်ရှု မှတ်သားကြားသိချင်လို့ ကိုယ်စရိတ်ကိုယ်စား ထပ်ကြပ်မကွာ လိုက်သွားခဲ့တယ်။ 

 

နိုင်ငံတကာအဆင့်မီ မင်္ဂလာဒုံလေဆိပ်မှာ အချိန်မှန်တဲ့ မြန်မာ့လေကြောင်းလိုင်းကို “ပီကေ” တပြားညက်ခန့် ဝါးစားပြီး စောင့်နေတုန်း ဘေးနားရောက်လာတဲ့ အူကြောင်ကြောင်ငနဲက ဆိုင်းမဆင့်ဗုံမဆင့် …

 

 “သိသလောက် ပြောရမယ်ဆိုရင် ဒီလိုမျိုး ဆွေးနွေးပွဲတွေ နေရာအကြိမ်ကြိမ်ရွှေ့ ၊ သဘောတူညီမှုတွေမရ၊ လက်မှတ်မထိုးနိုင်သေးတဲ့ အဓိက ပြဿနာအကြောင်းက နှစ်ပေါင်းများစွာ တောတောင်နယ်စပ်တကြောမှာ တိမ်းရှောင်ပုန်းအောင်း သောင်းကျန်းနေကြပြီး၊ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ ရွာစနစ်နဲ့ကင်းကွာ၊ နိုင်ငံတော်အစိုးရက စနစ်တကျ သင်ကြားပို့ချနေတဲ့ နိုင်ငံတကာ မြန်မာဘာသာစကားကို မသင်ကြားခဲ့တာကြောင့် အခုအခါ နိုင်ငံ့အရေး သေရေးရှင်ရေး ဆွေးနွေးကြတော့ သူတို့တတွေ (လူနည်းစု တိုင်းရင်းသားတွေ) မြန်မာစကား ကောင်းကောင်းနားမလည်တဲ့ အကျိုးဆက်က … တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (အစိုးရတပ်ကတော့ လိုအပ်ရင် ပစ်ချင်ပစ်မယ်၊ တခြားလက်နက်ကိုင် အုပ်စုတွေအနေနဲ့ လက်နက်အကုန်ချပြီး လုံးဝပြန်မပစ်ခတ်ဖို့)၊ တိုင်းရင်းသားနယ်မြေ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ (အစိုးရ အထူးဦးစားပေး လုပ်ပိုင်ခွင့်ပေးထားတဲ့ ခရိုနီကုမ္ပဏီများ၊ ဦးပိုင်များ နဲ့ နိုင်ငံခြားဖက်စပ် ကုမ္ပဏီလုပ်ငန်းတွေကို မနှောင့်မယှက်ဖို့) အစရှိတဲ့ သဘောတူညီမှုတွေကို အဓိပ္ပါယ်အကျအန အကောက်မှား၊ ဘာသာပြန် မမှန်တာကြောင့် ရှေ့ မတိုး၊ နောက်ဆုတ်မှုတွေနဲ့ အဆုံးသတ်ဖြစ်နေရတယ်” 

 

လို့ ပြောဆိုပြီး သူ့အပေါင်းအသင်းများဖြစ်မယ့် အစိုးရအုပ်စုအဖွဲ့ ထိုင်နေတဲ့ ကော်ဖီဆိုင်ဘက် ထွက်သွားတယ်။ တကယ့် အူကြောင်ကြောင်။

 

ဒီလိုနဲ့ လေယာဉ်စီးသွားရင် ကွမ်းတယာညက်လောက်ဆိုရောက်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်မြို့ တော် ချင်းမိုင် (ဇင်းမယ်)မြို့ ကို ရောက်ခဲ့ပြန်တယ်။ အလွန်တော့ ကြာခဲ့ပါပြီ၊ ဟိုးရှေ့ ရှေ့ တုန်းက လမ်းကြုံလို့ ခေတ္တခိုလှုံနားနေခဲ့ဖူးတဲ့ ပထေ့ထိုင်း (ပထေ့ဆိုတာ ထိုင်းလို နိုင်ငံလို့ ခေါ်တာ။ ဗဟုသုတ ခေါင်းပါးတဲ့ ဗမာတချို့ ကတော့ အခုအချိန်အခါအထိ ထိုင်းတွေမကြိုက်တဲ့ အခေါ်အဝေါ် “ယိုဒယား” လို့ ခေါ်နေကြတုန်း။ ကျုပ်တို့ မဟာဗမာတချို့ က ဒီလို သူများတွေကို မှိုချိုးမျှစ်ချိုး ပြောဆိုခေါ်ဆိုတတ်တယ် မဟုတ်လား။) အဲဒီမှာ မဲ့ (အမေ) လို့ ညားညားခေါ်ကာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရင် ပေးပါမယ်ဆိုပြီး အကြွေးယူစားသောက်ခဲ့တဲ့ ချင်းမိုင်တက္ကသိုလ်နားတဝိုက် ထမင်းရောင်းတဲ့ ထိုင်းအဖွားကြီးလည်း ဆုံးသွားပြီလို့ သိရတယ်။ အခုနေ သူ အသက်ရှင်ရှိနေသေးရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရနေပြီဆိုတာကို သိရလို့ အတော်ဝမ်းသာရှာမှာ။ မောင်ဥက္ကလာလို့ပဲ အကြွေးစားခဲ့တဲ့ ပြေးဒေါင်းတွေဆီကလည်း အကြွေးတွေ အများကြီး ပြန်ရကောင်းရမယ် မဟုတ်လား။ 

ဟိုး မဝေသဏီက ဘုရင်နောင်မင်းတရား နယ်ချဲ့ သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ ဇင်းမယ်မြို့ အကြောင်း ကုသိုလ်ကံနည်းလို့ မရောက်ဘူးကြတဲ့ စာဖတ်ပရိသတ် သိရအောင်၊ မျက်စိထဲမြင်အောင် လျှာရှည်ပြီး ပြောရမယ်ဆိုရင် … ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက်မှာ ကောက်ရိုးမီးလို တဟုန်းထိုး ပြောင်းလဲလာတဲ့ မြို့ တော်ဟောင်းရန်ကုန်မြို့ လို လူတွေနဲ့ တိုးကြိတ်စည်းကားနေခြင်း မရှိ၊ လမ်းပေါ်မှာ မောင်းချင်သလို မောင်းနေတဲ့ ကားတွေ၊ သွားချင်သလို နေချင်သလိုနေကြတဲ့ ခွေးတွေ၊ ကြွက်တွေနဲ့ မရှုပ်နေ၊ အမှိုက်တွေကို ဟိုပုံဒီပုံ လွတ်လွတ်လပ်လပ် ပုံထားတာ မတွေ့၊ ကွန်ဒိုတိုက် အဆောက်အဦးသစ်တွေလည်း ဘုရား၊ ဘုန်းကြီးကျောင်းရွှေ့ ၊ ကျူးကျော်တွေဖျက် ဆောက်ချင်သလို ဆောက်လုပ်နေတာ မရှိသေး၊ ပွင့်လင်းမြင်သာအောင်ဆိုပြီး ရန်ကုန်လို ရှိသမျှအပင်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းထားခြင်းလည်း မရှိ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုးအရင် နှစ် (၂၀) က အတိုင်း ဘာဆိုဘာမှ သိသိသာသာ တိုးတက်ပြောင်းလဲလာမှု မရှိသေး။ 

 

ထူးထူးခြားခြား ပြောင်းလဲမှု မရှိတဲ့ ချင်းမိုင်မြို့ ကို ကြည့်ပြီး တဝုန်းဝုန်း စည်းကားတိုးတက်နေတဲ့ polluted ရန်ကုန်မြို့ ကနေ ရောက်လာတဲ့ မောင်ဥက္ကလာအဖို့ စိတ်မကောင်းဖြစ်မိ။ စိတ်ထဲမှာလည်း ရွှေပြည်လို စည်းကမ်းရှိသော ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ အရပ်သားအစိုးရမျိုး မရှိ၊ အာဏာသိမ်း စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတော့ မြန်မာနိုင်ငံလို့ မြို့ ရွာ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာမလုပ်နိုင်သေးတာလို့ တွေးထင်စိတ်မကောင်း ဖြစ်မိတယ်။

 

ဂလိုနဲ့ သမိုင်းဝင် (xx) အကြိမ်မြောက် ဆွေးနွေးပွဲကြီး ကျင်းပပြုလုပ်မယ့် နေရာကို ရောက်ခဲ့တယ်။ အစည်းအဝေးခန်းမ အပြင်ဘက် Lobby နားနေခန်းထဲမှ မြန်မာစံတော်ချိန်အတိုင်း ရောက်ရှိလာမယ့် ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်ကြီးတွေကို စောင့်မျှော်နေကြတဲ့ မီဒီယာသတင်းသမားတွေ ခြေချင်းလိမ် ပွက်လောရိုက် ဗီဒီယိုကင်မရာ၊ အသံဖမ်းစက်တွေ နေရာချ ပြင်ဆင်နေကြတာ အတော်လေး မျက်စိနောက်စရာ။ အဲဒီ ဗြောင်းဆန်ခတ် ဆူဆူညံ့ညံ့ အသံတွေကို နားမခံနိုင်လို့ လူရှင်းတဲ့ ထောင့်တနေရာရှာပြီး အိုင်ပေါ့ (iPod) ထုတ်၊ free download (တရားဝင် ခိုးကူးခဲ့တဲ့) ဒီနေ့ ရွှေပြည်မှာ hot ဖြစ်နေတဲ့ အမှန်တော့ ကိုယ့်သမီးအရွယ်လောက်ရှိတဲ့ နီနီခင်ဇော်ရဲ့  “အာရုံစားတယ်၊ ဝါးတားတား” သီချင်းကို (စာသားကြိုက်လို့ပါ) အေးအေးဆေးဆေး နားထောင်နေတုန်း ကျန်းမာရေးဌာနကို ပြောင်းရွှေ့ ဖို့ကြံခဲ့တဲ့ စစ်ဗိုလ်တွေလို ဘာမပြောညာမပြော ဗြုန်းဆိုပေါ်လာတဲ့ မိုးကျရွှေကိုယ်တပါးက သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်ကိုပြပြီး …

 

“ဟေ့ ခင်များ ဟိုဒင်း မဟုတ်လား။ ခင်များ သိမှာပါ။ ကျနော် နှစ်ပေါင်းများစွာ ဒီဘာသာရပ်ကို လေ့လာခဲ့တယ်။ အနောက်နိုင်ငံ အဆင့်မြင့် တက္ကသိုလ်တခုမှာ တနှစ်ကျော် ကျောင်းတက်ခဲ့ပြီး၊ ကိုယ်တွေ့ဖြတ်သန်းမှုနဲ့ ပေါင်းစပ်ပြီး ပြုစုရေးသားခဲ့တဲ့ စာအုပ်ပါ။ သိတဲ့အတိုင်း ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ ဒိုင်နိုဆော ယဉ်ကျေးမှု မရှိသေးဘူး (သူ ပြောတဲ့စကားကို အာရုံမထား၊ သီချင်းသံကြောင့် သဲသဲကွဲကွဲ မကြားရတော့ ဒိုင်နိုဆော ယဉ်ကျေးမှု ဆိုပြီး ကြားမိတယ်။ နောက်မှ စာအုပ်မျက်နှာဖုံးကို တချက်ကြည့်လိုက်တော့မှ သူပြောတာ ဒိုင်ယာလော့ ဆိုတာကို သိရတယ်)။ ပြောချင်တာက ကျနော် ဒီ Dialogue စာအုပ်ကို မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီး အချိန်ကုန်ခံ ရေးသားပြုစုခဲ့တာပါ။”

 

ပြောနေရင် လေချဉ်တချက်တက်၊ အသက်တချက်ရှုပြီးတော့ “အခုဆိုရင် ဒီ စာအုပ်ကို လေ့လာဖတ်ရှု့ ထားတဲ့ တိုင်းပြည်ကောင်းကျိုး အမြဲစဉ်းစား လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေက မြန်မာပြည်မှာ မှီတင်နေထိုင်ပြီး၊ နိုင်ငံတော်သုံး မြန်မာစကားကို ကောင်းစွာသိနားမလည်၊ လေ့လာသင်ကြားမှု အားနည်းကြတဲ့  တိုင်းရင်းသားဒေသတွေမှာလည်း ဒီစာအုပ်အကြောင်းကို ဟောကြားသင်ကြားပို့ချဖို့ တိုက်တွန်းပြောဆိုလာတယ်။ ဒီအတွက် ရှိတဲ့လူမျိုးအုပ်စု (၁၃၅) အပြင်၊ ဟို ဘင်္ဂလီ ခေါ်မလား၊ ရိုဟင်ဂျာ ပြောမလား (လွတ်လွတ်လပ်လပ် ခေါ်ချင်သလိုခေါ်ပေါ့)။ … အားလုံး ဖတ်နိုင်လေ့လာနိုင်အောင် သက်ဆိုင်ရာ ဘာသာစကားတွေနဲ့ ဘာသာပြန်ထုတ်ဖို့ ကြိုးစားလုပ်ကိုင်နေတယ်။ နောက်ဆို ကျောင်းတွေမှာလည်း မယူမနေရ ဘာသာတခုအနေနဲ့ သင်ကြားပို့ချသွားဖို့ စီစဉ်နေပါတယ်။” ဆိုပြီး သူပြောချင်ရာကို ရိုက်မေးစရာမလို ပြောဆိုကာ၊ စာအုပ်တအုပ်ပေး လစ်သွားတယ်။

 

 နောက်မှ အနှီးပုဂ္ဂိုလ်ကျော်က နောင်ခါလာ နောင်ခါဈေးနဲ့ ပြည်တွင်းကိုပြန်ပြေးပြီး တိုင်းကျိုးပြည်ကျိုးအတွက် ဗိုလ်ချုပ်-ဝန်ကြီးများထံ အခစားဝင်သွားခဲ့ပြီး၊ ထိပ်တန်းအကြံပေး၊ အကျန်စား ဖြစ်သွားသူတယောက်ဆိုတာကို ဘေးကတယောက်ပြောလို့ သိရတယ်။ တိုင်းနိုင်ငံလူမျိုးအတွက် စွန့်လွှတ်စွန့်စားလုပ်တာ ကောင်းလေစွ။

 

အဲဒီ ပုဂ္ဂိုလ် လစ်သွားပြီး ခဏအကြာမှာ မီဒီယာအုပ်စုတွေ လှုပ်လှုပ်ရွရွဖြစ်၊ အပြေးအလွှာသွားတဲ့ဘက်ကို ကြည့်လိုက်တော့ အခြွေအရံတသင်း ဝိုင်းရံကာ၊ ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့်၊ ကြွစောင်းစောင်း ခြေလှမ်းနဲ့ ဝင်ရောက်လာသူက နိုင်ငံတကာသတင်းထောက်တွေ ဓါတ်ပုံရိုက်၊ သတင်းမေးဖို့ မျှော်တလင့်လင့် စောင့်မျှော်နေခဲ့တဲ့ ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးသမားကြီး ဝဏ္ဏကျော်ထင် စိန်အောင်မင်း ဖြစ်လေတယ်။ 

ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်၊ မေးခွန်းတွေ အော်မေးနေတာကို ငါးဇင်ရိုင်းအပြုံးနဲ့ လက်ပြနှုတ်ဆက်ပြီး သူ့ အကြံပေးလား၊ ဘော်ဒီဂတ်လား၊ ပြောဆိုခွင့်ရှိသူတွေလား မသိ … ဝန်ကြီးဖြစ်သူကို ရှေ့ နောက်ဝဲယာ လက်ချင်းချိတ်ဝိုင်းရံပြီး လမ်းပိတ်နေတဲ့ စည်းမဲ့ကမ်းမဲ့ သတင်းသမားတွေ (ပြန်ကြားရေးဝန်ကြီးရဲ့  အသုံးအနှုန်း) ကို လမ်းဖယ်ပေးဖို့၊ နောက်မှ မေးခွန်းတွေကို မေးမြန်းဖို့၊ ဓါတ်ပုံကို အတင်းတိုးမရိုက်ဖို့ စတဲ့ အလွန်ကြီးမားတဲ့ တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းရွက်ပြီး လိုက်ပါလာကြတယ်။ 

 

“ဒေါင်း ကနေ ကျီး ဖြစ်သွားသူတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ချင်လို့ တစိတ်လောက် နည်းနည်းဖယ်ပေးပါ” ဘာညာဆိုပြီး ဘယ်မီဒီယာအုပ်စုရဲ့  သတင်းထောက်လဲမသိ လူကိုအတင်းတိုးခွကျော်ပြီး တရစပ် ဓါတ်ပုံတွေ ရိုက်ယူနေတော့တယ်။ သူပြောတဲ့ ဒေါင်းကနေ ကျီး ဖြစ်သွားတဲ့ စကားကို ချက်ချင်းသဘောမပေါက်။ ငယ်ငယ်တုန်းက ဖတ်ဖူး၊ ကြည့်ဖူးတဲ့ “ဒေါင်းယောင်ဆောင်သော ကျီး” ကိုတော့ အမှတ်ရမိတယ်။

 

အဲဒီ မျက်စိနောက်စရာ မြင်ကွင်းကိုကြည့်ပြီး ရန်ကုန်မှာရှိနေတုန်း အဲဒီ ဝန်ကြီးဗိုလ်ဆရာသခင်နဲ့ နီးစပ်သူတဦး ဖောက်သည်ချတာကိုလည်း ပြန်သတိရမိတယ် (အသက်ကြီးလာတော့ စိတ်က ဂနာမငြိမ် ဟိုရောက်ဒီရောက်) …

 

 “မြန်မာ့ငြိမ်းချမ်းရေးကို နောက်ဆုံးထွက်သက်ချိန်အထိ ကြိုစားလုပ်ကိုင်၊ တောင့်တသွားခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အခုနေ သက်ရှင်ရှိနေရင်၊ ကျုပ်တို့ဝန်ကြီးကို အိမ်ခေါ်ထမင်းကျွေး၊ လေးချိုးကြီးနဲ့ ချီးကျူးဂုဏ်ပြုမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတဝှမ်း သေနတ်သံတွေ ရပ်စဲဖို့၊ မြန်မာပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း စိတ်အေးလက်အေး နေနိုင်ဖို့ ဆရာသမားက အကုန်စွန့်ပြီး လုပ်ကိုင်နေတာ။ တချိန်လုံး ဆူဆူပူပူ သောင်းကျန်းနေကြတဲ့၊ ပြောရဆိုရ အလွန်လက်ပေါက်ကတ်၊ အမြင်ကျဉ်းလှတဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ ပြေရာပြေကြောင်း ဆွေးနွေးပြောဆိုနိုင်မယ့်လူကို ပြုပြင်ပြောင်းလဲရေးသမားကြီး နိုင်ငံဥသျှောင် သမ္မတကြီးက ရှာကြည့်လိုက်တော့ အပြောအဆို၊ အရွှန်းဖောက်တော်၊ စည်းရုံးရေးကောင်းတဲ့ ကျုပ်တို့ဆရာသမား မီးရထားဝန်ကြီးကို တွေ့ရှိဘောကြပြီး၊ အမိန့်တော်နဲ့ ရာထူးပြောင်းလွှဲ တာဝန်ပေးခဲ့တာ။” 

 

“အဲ့ဒီလို သမ္မတကြီး အတင်းအကြပ် ခိုင်းစေမှုကြောင့် ရန်ကုန်မြို့ ပတ်ရထားကို နယူးရော့ခ်၊ ဝါရှင်တန်ဒီစီ မြေအောက်ရထား စနစ်မျိုး၊ ဘန်ကောက် မိုးပျံစနစ်မျိုးတွေနဲ့ ဆောက်လုပ်ပြေးဆွဲဖို့ ရေးဆွဲထားတဲ့ စီမံကိန်း (Blueprint) နဲ့ ဂျပန်နိုင်ငံက နောက်ဆုံးပေါ် ကျည်ဆန်ရထားတွေကို လေ့လာအတုယူပြီး၊ ရွှေပြည်မှာ ပေါများလှတဲ့ ကျည်ဆန်တွေနဲ့ စက်မှုဇုန်မှာ ကျည်ဆံရထားတွေ တည်ဆောက်ဖို့ စီစဉ်ထားတာတွေကို ရပ်ဆိုင်းခဲ့ပြီး၊ ငြိမ်းချမ်းရေးကိစ္စတွေကို နေ့ညမအား လုပ်နေရတယ်။ နို့မဟုတ်ရင် အခုဆိုရင် ကျုပ်တို့ ရန်ကုန်နဲ့ မြို့ ကြီးတွေမှာ အဆင့်မြင့် မြေအောက်ကောင်ကင်၊ ကျည်ဆန်ရထားတွေကို ပြည်သူတွေ သက်တောင့်သက်သာ စီးနိုင်နေလောက်ပြီ။ ဆရာမရှိတော့ ကျုပ်တို့လည်း ဘာလုပ်ရမှန်းမသိ။”

 

 လို့ မချိ့ တင်ကဲ ပြောဆိုတယ်။

 

အနှီးတပည်ကျော်ရဲ့  ပြောဆိုချက်အရ “ဒီမှာတမျိုးပြော ဟိုမှာတမျိုးအာ၊ တရုတ်ကို အလွန်ကြောက်၊ ကျေးဇူးရှင်လို့ တဖွဖွ ပြောဆိုတတ်တယ်” လို့ မလိုသူ ပုဆိန်ရိုးတွေ စွပ်စွဲပုတ်ခတ် ပြောဆိုခံရတဲ့ သူ့ဆရာသမားကို နှလုံးစက်တပ်ပြီး နိုင်ငံ့အရေး၊ မိဘပြည်သူများအကျိုးကို နောက်ဆုံးထွက်သက်အထိ သမ္မတကြီးရာထူး (“အဘ” ဘဝရှင်မင်းတရားကြီး အမိန့်အရ) နဲ့ ဆက်လုပ်သွားမယ့် နိုင်ငံတော်အကြီးအကဲရဲ့  အမိန့်အာဏာကြောင့် သူ့အနေနဲ့  လူကြီးတွေရဲ့  စေတနာမှန်ကို နားမဝင်၊ ကျေးဇူးတင်ရကောင်းမှန်မသိ၊ တသက်လုံး ပုန်ကန်ခြားနားပြီး တိုင်းပြည်ပြိုကွဲအောင် လုပ်ဆောင်နေတဲ့ ရောင်စုံလက်နက်ကိုင်အုပ်စုတွေကို ဥပါယ်တံမျည်နဲ့ ကျောသပ်ဖြောင့်ဖျပြီး လက်နက်ချအောင် ပြောဆိုစည်းရုံးဖို့ တာဝန်ပေးအပ်ခဲ့ရတာကြောင့် ဒီတာဝန်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်နေကြောင်း။ တကယ်တော့ နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်က ဒီကိစ္စအရေးကို စိတ်မဝင်စား၊ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ၊ ကန့်သတ်မှုတွေကိုကျော်ပြီး သမ္မတဖြစ်ရေးကို အားစိုက်နေတာကြောင့်လဲ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဝင်ငွေပိုကောင်းတဲ့ မီးရထားဝန်ကြီးရာထူးကို စွန့်လွှတ်ပြီး၊ နိုင်ငံတကာအလှူငွေနဲ့ ရှေ့ ထိုးနောက်ငင် ရှန်တိန် လုပ်နေတဲ့ ဘယ်ဘူတာ၊ ဘယ်အရပ် ထိုးရပ်မလဲဆိုတာကို မပြောနိုင်မသိနိုင်တဲ့ ဒီ ငြိမ်းချမ်းရေးကိစ္စကို တာဝန်အရ လုပ်ကိုင်နေရကြောင်း။ အမှန်တော့ သူ့ဆရာသမားအနေနဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ဒီအလုပ်အစား အထက်မှာပြောခဲ့သလို နိုင်ငံတကာ အဆင့်မီ မီးရထားတွေ၊ မီးရထားလမ်းတွေ တည်ဆောက်ဖို့ အားခဲစိတ်ကူးထားတယ်ဆိုတာကို စိတ်မကောင်းကြီးစွာနဲ့ ပြောရှာတယ်။ သူက not to be identified လုပ်ဖို့ ပြောတာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို အခုအချိန်မှာ မပြောနိုင်သေးပါ။

 

ထားလိုက်တော့ ဒီလောက်ဆို မြန်မာနိုင်ငံတော်ကြီး အစိတ်စိတ်အမွားမွား မပြိုကွဲမပျက်စီးအောင် ကြိုးစားလုပ်ကိုင်နေတဲ့ လေးစားအားကိုးရတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို သိသင့်သလောက် သိရပြီ။ ဒီလို ရတတ်မအေးစရာ နိုင်ငံ့အခြေအနေကို တည်ငြိမ်းအေးချမ်းအောင် ကြိုးစားလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးသမားကြီး နဲ့ အကြံပေးအဖွဲ့ကို အားကိုးတကြီးနဲ့ ငေးမောကြည့်ရင် တွေးမိတာက ကျုပ်တို့ သာကီနွယ် မဟာဗမာတွေရဲ့  လက်သံပြောင်ချက်က သြချစရာ … တနိုင်ငံလုံးမှာရှိတဲ့ တန်းခိုးကြီးလှတဲ့ ဘုရားတွေကို အားမနာ၊ အားပေါက်အောင် ဟောကြားတော်မူနေတဲ့ ကိုယ့်အမျိုးကို စပယ်ရှယ် ချစ်လှတဲ့ ဆရာတော်ဦးဝိရသူတို့လို အထင်ကရ ဘုန်းဘုန်းတွေရဲ့  မေတ္တာတရားတော် ဘာဘာညာညာကိုမှ သတိမရ၊ နှလုံးမသွင်းကြဘဲ သွေးချင်းသားချင်းတွေ တဗြုန်းဗြုန်း၊ တဝုန်းဝုန်း မီးကုန်ယမ်းကုန် ဆော်ပလော်တီးခဲ့တာ ဟိုးပဝေသဏီ တကောင်းအဘိရာဇာခေတ်ကနေ ဒီနေ့ မင်းကျင့်တရား (၁၀) ပါး plus နဲ့ ဥပဒေအထက်ကနေ တရားနည်းလမ်းကျကျ အုပ်ချုပ်နေတဲ့ စစ်ရှင်မင်းများလက်ထက်အထိ။ တိုင်းတပါးတွေကို ပြောပြရင် အံ့ဖွယ်သရဲ ဖြစ်ကြတယ်။

 

အဲ့ဂလို ခုန်ပေါက်ဝင်လာတဲ့ စိတ်မကောင်း ဝမ်းနည်းကြေကွဲစရာတွေကို ဖြတ်တောက်ပြီး၊ ဆွေးနွေးပွဲခန်းမထဲကို ဝင်ဖို့ကြိုးစားတော့ ဖိတ်ကြားခံထားရသူ မဟုတ် – စာရင်းမရှိ။ ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းမှာ တခါတခါ စာရေးပါတယ်၊ ဝါရှင်တန်ဒီစီ က RFA, VOA ရုံးတွေ ရောက်ဖူးပါတယ်၊ ဧရာဝတီသတင်း အယ်ဒီတာကြီးကို သိပါတယ်၊ (အလွတ်သတင်းထောက်လို့ မပြောရဲ) အကြံပေးပုဂ္ဂိုလ်တချို့ ကို သိသလိုလိုရှိတယ် ဘာဘာညာညာ ကမောက်ကမ လျှောက်ရွှီးတာကို လက်မခံ၊ ဝင်ခွင့်မပေး။ 

 

အဲ့ဂလို အောက်လမ်းအထက်လမ်းနဲ့ ဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲခန်းမ တံခါးမကြီးနားအရောက်မှာ မြေခွေးလည်ပြန်အကြည့်နဲ့ သနားစရာ တစာစာမေးနေတဲ့ သတင်းထောက်တွေကို  …

 

“ကျနော်တို့ ဒီမှာ အကြေအလည်၊ အကြိတ်အနယ် ဆွေးနွေးကြပါမယ်။ သဘောတူညီမှုတွေ မရခဲ့ရင်၊ (အတင်း) လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးရင်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနား၊ မြဝတီ တနိုင်ငံလုံး လည်ပတ်ပြီး သဘောတူညီမှု ရရှိအောင်၊ လက်မှတ် ထိုးနိုင်အောင် (အနည်းဆုံး လက်သီးနဲ့ ထိုးနိုင်အောင်၊ နိုင်ငံတကာ အလှူငွေတွေ ရနေသရွေ့ ) ဆက်လက်ဆွေးနွေးသွားပါမယ် (ကျနော် ဒီရာထူးမှာ မြဲနေသရွေ့  အလွန်ထက်မြတ်တဲ့ အတိုက်အခံတွေရဲ့  အခြေအနေတွေကို အတွင်းကျကျသိတဲ့ ကျနော့် အကြံပေးတွေ တီးတိုးကပ်ပြောတဲ့ အကြံဥာဏ်တွေအတိုင် ကြိုးစားလုပ်သွားပါမယ်။ အဲ .. အပစ်ရပ်ဖို့၊ နယ်မြေတွေ ခွဲဝေပိုင်ဆိုင်ရေး၊  ကိုယ်ကျိုးစီးပွားလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ကတော့ ကျနော့်အထက်က ကြီးကြီးမာစတာ လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်)။ ကွင်းစကွင်းပိတ်ထဲက စကားတွေက ဝန်ကြီးအတွင်းစိတ်ကို တယ်လီပသီ – telepathy (တယ်လီနော် မဟုတ်) နဲ့ ဖတ်ပြီး မောင်ဥက္ကလာ ဖြည့်စွက်ပြောထားတာပါ။ 

 

 

သူ  ဆက်ပြောတာက “ကျနော်တို့ ဒီမိုကရေစီအစိုးရက တပြည်လုံး ငြိမ်းချမ်းရေးကို စေတနာအပြည့်နဲ့ အကောင်အထည်ဖော် လုပ်ကိုင်နေပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ မပြတ်သေးလို့၊ ငြိမ်းချမ်းရေး သံယောဇဉ်နဲ့ ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၇) က ဝင်ရောက်အရွေးခံပါမယ်။ ကျေးဇူးတင်ပါတယ်။” လို့ ပြောဆိုပြီး မျှော်တော်ယောင်ပတ်ပျိုးတေးသံ ဖွင့်ထားတဲ့ အစည်းအဝေးခန်းမထဲကို ဝင်သွားလေတော့တယ်။

 

မျောက်သစ်ကိုင်းလွတ် ကျန်ခဲ့တဲ့ ဘာမှမဟုတ်တဲ့ မောင်ဥက္ကလာအဖို့ ဝင်ခွင့်မပေးတဲ့ ခန်းမအပြင်ဘက်မှာ ဟိုလူခေါ်မလား၊ ဒီလူခေါ်မလား မျှော်လင့်ချက်နဲ့  ဟိုယောင်ဒီယောင် အချိန်ဖြုန်းခဲ့ပေမယ့်၊ နောက်ဆုံး မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အခြေအနေကနေ ဆန်ပြုတ်ခဲ့တယ်။ ဒါပေမဲ့ အရှုံးထဲက အမြတ်ကတော့ ဝန်ကြီးစကားကြောင့် အရိပ်ပြ ဂေါ်ဇီလာမြင်တဲ့ မောင်ဥက္ကလာလည်း အချိန်မနှောင်းခင် မြို့ တော်ရန်ကုန်ကို ပြန်ပြေးပြီး ဒီနေ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို စေတနာမှန်မှန်နဲ့ တည်ဆောက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ၊ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့်အနစ်နာခံ၊ အချိန်ယူပြီး အလွန်သမာသမတ်ကျကျ ရေးဆွဲပေးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကျင်းပပြုလုပ်မယ့် Free and Fair (စစ်အစိုးရပါတီ ကိုယ်စားလှယ်တွေ ကြိုတင်မဲ Free ရမယ်။ အတိုက်အခံတွေ Fair အသင့်အတင် ထိုက်သင့်သလောက် နေရာရမယ်) ရွေးကောက်ပွဲကြီးမှာ “ကျနော်က ရှစ်ပူးပါ အမေ”  ဆိုပြီး အမတ်တနေရာလောက် ဝင်ရွေးခံကောင်းမလားဆိုတဲ့ အတွေးတချက် ရလိုက်တယ်။ 

 

တကယ်ပါ မဲဆွယ်စကား မဟုတ် … အကယ်လို့များ မောင်ဥက္ကလာ လူမကြည့်ပဲ မဲပေးမယ့် ရွေးကောက်ပွဲကြီးမှာ ရွေးကောက်တင်မြှောက်ခံရပြီး အမတ်ကိုယ်စားလှယ် ဖြစ်ခဲ့ရင် ရရှိမယ့် နိုင်ငံတော်ဘဏ္ဍာ လစာငွေနဲ့ မောင်ဥက္ကလာနောက် တကောက်ကောက် လိုက်နေတဲ့ အကြွေးရှင်တွေကို အကြွေးပြန်ဆပ်နိုင်မှာပါ။  

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက လက်ရှိ ရေအောက်နိုင်ငံ ဖြစ်နေတဲ့ ရွှေပြည်ကြီးကို ပြန်ရောက်ချိန်မှာ နိုင်ငံတကာက ပေးပို့လာတဲ့ အလှူပစ္စည်းတွေကို ရေဘေးဒုက္ခသည်တဝက် ကိုယ်တဝက် သွားရောက်ကူညီနေကြတဲ့ သက်ဆိုင်ရာလူကြီးတွေနဲ့အတူ  ရေမြုပ်ဒေသများကို ရဟတ်ယာဉ်စီး၊ စစ်သင်္ဘောစီးပြီး ဓါတ်ပုံအရိုက်ခံသွားဖို့ စဉ်းစားထားပါတယ်။ ရွေးကောက်ပွဲမှာ မဲဆွယ်ဖို့အတွက် ရေဘေးဒုက္ခသည်တွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို မျက်နှာစာအုပ် (facebook) ပေါ်မှာ တင်ပေးသွားပါမယ်။ Like လုပ်ပေးကြပါ။

 

Cartoon credit: Peace is Stronger Than All the Tools of War by Fadi Abou Hassan


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်