ဇော်သစ် – မိတ် အင် ပစ္စာန္တရာဇ်

September 2, 2015

– မိတ် အင် ပစ္စာန္တရာဇ်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅

အခန်း(၁)

အမျိုးကောင်းသမီးသည် နှစ်ကြိမ်ဆက်သမ္မတတာဝန်ကို ကိုးနှစ်ကျော်ထမ်းဆောင်ခဲ့လေပြီ။ သူမနေထိုင်ခဲ့ ရသော သမ္မတအိမ်တော်တစ်ခုလုံးကို အသိအမှတ်မဲ့စိတ်ဖြင့် တစ်ခန်းဝင်၊ တစ်ခန်းထွက် လျှောက်ကြည့်နေ မိသည်။

ပစ္ဆာန္တရာဇ်နိုင်ငံတော်အတွက် သမ္မတတစ်ဦးအဖြစ်ရော လူထုခေါင်းဆောင်တစ်ဦးအဖြစ်ပါ သူမ တာဝန်ကြေခဲ့ပါပြီ။ သူမ၏ မကြာမီ ဆိုက်ရောက်လာတော့မည့် အနားယူခြင်းသည် တစ်နည်းအားဖြင့် အောင်မြင်စွာ ဆုတ်ခွာခြင်းလည်း မည်ပါပေ၏။ မည်သူတွေ မည်သို့ပင် ပြောစေကာမူ။ မည်သူတွေ မည်သို့ပင် ကန့်ကွက်စေကာမူ။ သူမ ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့ပြီ။ ဖြစ်သည့်အတိုင်းလည်း သူမ၏ ရွေးကောက်ပွဲ ကတိကဝတ်မှန်သမျှကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

***

အမျိုးကောင်းသမီးအား ပစ္ဆာန္တရာဇ်နိုင်ငံတော် ပြည်သူလူထုအားလုံးက အမေဟု တညီတညွှတ်ထဲ လှိုက်လှိုက်လှဲလှဲ ခေါ်ကြသည်။

ခေါ်မယ်ဆိုလည်း ခေါ်ထိုက်ပါသည်။ နှစ်ပေါင်းခြောက်ဆယ်ကျော် အာဏာရှင်လက်အတွင်း မသေ မရှင် ဆန့်ငင်ဆန့်ငင်ဖြစ်နေရသော ပစ္ဆာန္တရာဇ်နိုင်ငံရေးသည် အမေပါဝင်လာမှ တစ်သွေးတစ်မွေးဖြင့် ကမ္ဘာ့အလယ်မှာ တင့်တယ်စွာ လူလားမြောက်ခဲ့ရသည်။ မိမိကိုယ်တိုင် ဝမ်းနဲ့လွယ်၍ အသက်ကိုပင် ပဓာနမထားပဲ မိခင်မေတ္တာအပြည့်ဖြင့် မွေးထုတ်ခဲ့ရသော သားအရင်းများကိုပင် လစ်လျူရှုကာ ပြည်သူတစ်ရပ်လုံးအတွက် ဘဝကို မြုပ်နှံရဲသော အမေ့လို မိန်းမသားမျိုး ဘယ်မှာ ရှိအံ့နည်း။ ပြည်သူနှင့်နိုင်ငံကို ရင်ဝယ်သားကဲ့သို့ ချီပိုးပိုက်ထွေးကာ လူအခွင့်အရေးပန်းတိုင်သို့ ခရောင်းလမ်းကို ဖြတ်သန်းပြီး၊ အရောက်ပြေးခဲ့သော အမေ့လို မိခင်မျိုး  ဘယ်မှာ ရှိအံ့နည်း။ နောက်ထပ် ပစ္ဆာန္တရာဇ်သမိုင်းမှာ ထပ်ရဖို့ပင် မသေချာဟု ဆိုချင်သည်။

***

ယခုအခါ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် နည်းပညာတိုးတက်မှုကလည်း အံမခန်း။ ဤသည်မှာလည်း အမေ့၏ကြိုးစားအားထုတ်မှု ရလဘ်ပင်ဖြစ်သည်။ သို့သော် ခေတ်မီတိုးတက်မှုအားလုံးသည် ကောင်းသည်ဟု တော့ မဆိုလိုနိုင်ပေ။ တိုးတက်ခြင်း၏နောက်က ကပ်ပါလာတတ်သော ပျက်စီးဆုံးရှုံးမှုများ၊ တိုးတက်ဖွံဖြိုးမှု အတွက် နောက်ဆုတ်ပေးလိုက်ရသော ကိုယ်ကျင့်တရားများအတွက်မူ အမေသည် တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရသည်။

သူမသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအစစ်ကို ယူဆောင်ပေးနိုင်သော လူထုခေါင်းဆောင်သာ ဖြစ်သည်။ ခေတ်မီတိုးတက်မှု၏ နောက်ကွယ်မှ အလစ်ချောင်း လိုက်ပါလာသော လူတို့၏ မရပ်တန့်နိုင်သည့် လောဘ၊ ဒေါသ၊ မောဟအမှားအယွင်းများအတွက်တော့ သူမလည်း မည်သို့မှ မတတ်နိုင်။ အမေသည် ပြည်သူလူထုအပေါ်၌ ခေတ်အဆက်ဆက် အရိပ်မိုးထားသည့် အာဏာရှင်စနစ်၏ ဖိအားများကိုသာ ဖယ်ရှားပေးနိုင်သည်။ အမေသည် နိုင်ငံရေးသမားကောင်းတစ်ယောက်သာ ဖြစ်သည်။ လူတို့၏ စိတ်အညစ်အကြေးများမှ ထွက်ပေါ်လာသည့် မတင်းတိမ်နိုင်ခြင်းကို တားဆီးနိုင်သည့် တန်ခိုးရှင်တစ်ဦး မဟုတ်ပေ။

***     ***     ***

အခန်း(၂)

ယခုအခါ ပစ္ဆာန္တရာဇ်နိုင်ငံတော်သားတို့သည် ပုံတူမျိုးပွားနည်းပညာကို အသစ်အဆန်းသဖွယ် အရူးအမူး ဖြစ်နေကြသည်။

ပစ္ဆာန္တရာဇ်နိုင်ငံတော်ရှိ အိမ်တိုင်းမှာ ပုံတူမျိုးပွားထားသော လူမိတ္တူများ ရှိနေကြသည်။ မိမိတို့အိမ်၌ မိသားစုဝင်တစ်ဦးဦး၏ DNAမှ ပုံတူမျိုးပွားထားသော လူမိတ္တူ တစ်ယောက် မရှိလျှင် ခေတ်မမီ အဆင့်အတန်းမရှိဟု သတ်မှတ်ခံရသော ခေတ်ဖြစ်သည်။ ဟိုရှေးအစဉ်အဆက်ကတည်းက ပစ္ဆာန္တရာဇ်နိုင်ငံသားတို့၏ သဘာဝမှာ တစ်ယောက်က ရော့(Rock)ဆိုလျှင် အားလုံးက လိုက်ရော့သည်။ တစ်ယောက်က မက်တယ်(Metal)ဆိုလျှင် လိုက်မက်တယ်သည်။ တစ်ယောက်က ရက်(Rap)ဆိုလျှင် လိုက်ရက်တတ်သော ပေါ်ပင်လိုက် သဘာဝ ရှိသည်။

***

ယခုလည်း ပစ္ဆာန္တရာဇ်နိုင်ငံတော်၌ DNAပုံတူမျိုးပွား သိပ္ပံပညာ ခေတ်စားအားကောင်းသော ကာလဖြစ်သည်။ ကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ပုံတူမျိုးပွား သိပ္ပံပညာရပ်ကိုသာ သင်ယူချင်သူ၊ စိတ်ဝင်စားသူ ကျောင်းသားများ ဖောင်းပွနေလေသည်။

မည်မျှအထိ ပုံတူမျိုးပွားသိပ္ပံပညာကို လူငယ်၊ လူကြီး စိတ်ဝင်စားကြသနည်းဆိုသော် တစ်ချိန်က ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် ဆရာဝန်ဖြစ်လျှင် ဝင်ငွေကောင်းသည်ဟု ယူဆသောခေတ်တစ်ခု ရှိခဲ့ဖူးသည်။ ထိုခေတ်၌ အမှတ်အများဆုံးဖြင့် သတ်မှတ်ခံရသော ဆေးတက္ကသိုလ်သည် ဝင်ခွင့်အမှတ်များ လျော့ကျ၍ ယခုအခါ ပုံတူမျိုးပွား သိပ္ပံပညာတက္ကသိုလ်၏အောက် လေးဆင့် လောက်အကွာမှာ မျက်နှာငယ်စွာ ရပ်တည်နေလေသည်။

***    ***    ***

ပုံတူမျိုးပွားရွှေခေတ်….

ကဗျာဆရာတစ်ဦး၏ စကားလုံးများ၊ ခေါင်းစဉ်များကို တစ်ခြားကဗျာဆရာတစ်ဦးက လိုသလို ဖလှယ်၍ ရေးသားသော ပုံတူမျိုးပွားကဗျာ အမျိုးအစားများ။ အခြားနိုင်ငံ၊ အခြားအနုပညာရှင်များ၏ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ ဝတ္ထုဇာတ် လမ်း၊ ဇာတ်ကွက်နှင့် စိတ်ကူးစိတ်သန်းများကို မိမိကိုယ်ပိုင် ဖန်တီးထားသကဲ့သို့ ထုတ်လုပ်သည့် ပုံတူမျိုးပွား အနုပညာရပ်များ၊ ပုံတူမျိုးပွားထုတ်ကုန်များ အထူးခေတ်စားသည်။ ပစ္ဆာန္တရာဇ်နည်း၊ ပစ္ဆာန္တရာဇ်ဟန် ပုံတူမျိုးပွား ရွှေခေတ်…။

အိမ်တိုင်းအိမ်တိုင်းတွင် ပုံတူမျိုးပွားတစ်ယောက် သို့မဟုတ် ပုံတူမျိုးပွားထုတ်ကုန်တစ်ခုကတော့ ရှိသည်ပင်။ ပုံတူမျိုးပွားသိပ္ပံပညာရပ်ကြောင့် ကောင်းမွန်သည့် အချက်များလည်း ရှိပါသည်။

လင်နှင့်မယား တစ်မြို့စီ၊ တစ်နယ်စီ ခွဲခွာ၍ နိုင်ငံ့တာဝန်ထမ်းဆောင် နေသူ ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအဖို့ မိမိလင်၊ မိမိမယားက မိမိအနားမှာတစ်ဖဝါးမခွာ ပြုစုယုယမှုပေးသကဲ့သို့ ထင်မှတ် စေရသော မိတ္တူလင်၊ မိတ္တူမယားများပေါ်ပေါက်လာသည်။ ထိုလူမိတ္တူများက သက်ဆိုင်ရာ အိမ်ထောင်ဖက်အတွက် ကိလေသာယားယံမှုကို သစ္စာဖောက်စရာမလိုပဲ ကိစ္စပြီးစေသည်။

သို့သော် မိန်းမဖြစ်သူကို လွမ်း၍ ပုံတူပွားထားသော မိတ္တူမယားက ကာယကံရှင် မိန်းမနှင့်တစ်ထပ်တည်း မတူတာမျိုး။ ယောက်ျားဖြစ်သူကို တမ်းတ၍ မိတ္တူကူးယူထားသော မျိုးပွားလင်က အခြားမိမိနှစ်သက်ရာ သရုပ်ဆောင် မင်းသား၊ မင်းသမီးတို့၏ ရုပ်သွင်ကို ဖန်တီးယူထားတာမျိုးတွေကတော့ ရှိသည်။ သည့်အတွက်လည်း ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပုံတူမျိုးပွားရွှေခေတ်ကြီးက အချင်းချင်း နားလည်မှုပေးကြပေသည်။
***    ***    ***

အခန်း(၃)

အမေသည် သမ္မတအိမ်တော်၏ တစ်ခုသော ပြတင်းတံခါးမှ ငေးကြည့်နေသည်။ မထွက်ပြူသေးပဲ အာရုဏ်ဦးအလင်းရောင် လေးကိုသာ ရှေ့ပြေးလွှတ်ထားသော နေမင်းကြီးအား စိတ်ကူးဖြင့်မျှော်ငေးရင်း သက်ပြင်းပူပူတစ်ခွက်အား လောကကို တိုက်ကြွေးမိလေသည်။ သူမသည် နောက်လအနည်းငယ်ဆိုလျှင် အနားယူရတော့မည်။ သူမချစ်သော ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးနှင့် ပစ္ဆာန္တရာဇ်ပြည်သူလူထုအတွက် သူမလုပ်ပေးရမည့် အလုပ်များက မပြီးပြတ်သေး။

အခုဆိုလျှင် ပေါ်ဦးပေါ်ဖျား ပုံတူမျိုးပွားသိပ္ပံပညာနောက် စည်းမရှိကမ်းမရှိ။ ဥပဒေမဲ့စွာ ပရမ်းပတာ လိုက်နေကြသော သူမချစ်သည့် ပြည်သူတွေအကြောင်း စဉ်းစားမိလျှင် အမေသည် သက်ပြင်းအပူကိုသာ ရည်ရွယ်ချက်မဲ့ မှုတ်ထုတ်မိစမြဲ။ သူမအနားမယူခင် သမ္မတသက်တမ်းအတွင်းမှာတော့ ပုံတူမျိုးပွားခြင်းနှင့် ပတ်သက်သည့် ဥပဒေတစ်ခုကို ပြည်သူ့ဆန္ဒနှင့်အညီ လွှတ်တော်မှတစ်ဆင့် ပြဋ္ဌာန်းနိုင်အောင် ကြိုးစားရဦးမည်။

***

အချိန်သည် လူထက်အသေစောလွန်းသည်။ သူမလို နိုင်ငံအတွက် ဘဝတစ်ခုလုံး နှစ်မြုပ်ထားသော သမ္မတတစ်ဦး၏သက်တမ်း ဆယ်နှစ်သည် ဘာမှမကြာလိုက်သလို။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးအား ဝိဇ္ဇာဓိုလ် ဆေးကြိမ် လုံးနှင့် တို့သလို၊ ဤရွေ့ဤမျှ အံ့မခန်းပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်သည်ကိုပင် အမေ့စိတ်က ဘယ်လိုမှ အားမရနိုင်သေး။ ဖြစ်နိုင်လျှင် နောက်ထပ်ဆယ်နှစ် သူမ၏ စိတ်ရော၊ ကိုယ်ပါ သည်နိုင်ငံအတွက် ထပ်မံ မြုပ်နှံလိုက်ချင်သည်။ ပြည်သူတွေကလည်း လိုလားကြမည်ဟု အမေထင်သည်။ သို့သော် မဖြစ်နိုင်။ ပစ္ဆာန္တရာဇ်နိုင်ငံတော်တွင် သမ္မတတစ်ဦးသည် နှစ်ကြိမ်ထက်ပို၍ ရွေးကောက်ခံခွင့်မရှိ။

အာဏာရှင်စနစ်ကို အမေတိုက်ချလိုက်နိုင်ပေမယ့် အာဏာရှင်ဟောင်းများ။ အာဏာရှင်၏ သားစဉ်မြေးဆက်များ။ အာဏာရှင်နဲ့မှ ချမ်းသာအောင်လုပ်တတ်သော ကိုယ်ရည်ကိုယ်သွေး မပြည့်ဝသည့် အာဏာရှင်လိုလားသူ သူဋ္ဌေးမင်းများက သူမ၏ သမ္မတသက်တမ်း တစ်လျှောက်လုံးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြသည်။ မှားလျှင် ဆော်မည်။ ရလျှင် တွန်းချမည်။ ဘာအမှားအယွင်းမှ ရှာမတွေ့လျှင် အမေ့သမ္မတသက်တမ်းအပြီးမှာ အာဏာရှင်နှင့် အာဏာရှင်စနစ်ကို ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ နိုင်ငံရေးဇာတ်ခုံပေါ်သို့ မည်သည့်နည်းနှင့် အရောက်ပြန်ပို့ရမည်နည်း ဆိုသည်ကို အကြံထုတ် နေကြပေလိမ့်မည်။

ဤသို့ဖြင့် အမေသည် သူမအလွန် ပစ္ဆာန္တရာဇ်နိုင်ငံရေးအတွက် တစ်ယောက်တည်း စိတ်ပူပင်သောက ရောက်နေရရှာလေသည်။

***
“ငါးနာရီခွဲပါပြီအမေ။ ဘုရားဝတ်ပြုချိန် ရောက်ပါပြီ။”

အမေ့၏ အားအထားရဆုံး စက္ကထရီမလေး အေသီနာက အမေကြားလောက်ရုံ လေသံကလေးဖြင့် သတိပေးလိုက်သည်။

အေသီနာ အမေ့ကို လေးစားအားကျမိသည်မှာ သူမ၏ အမြဲတမ်း နိုးကြားတက်ကြွ နေသော စိတ်ဓာတ်နှင့် လှုပ်ရှားမှုများကိုပင်။ ယခုလည်း မနက်ဝေလီဝေလင်းကတည်းက သမ္မတအိမ်တော် တစ်ခုလုံးကို သတိမကပ်သလို လျှောက်ကြည့်နေသည်ဟုထင်ရသော အမေသည် အေသီနာ သတိပေးလိုက်သည်နှင့် ချက်ချင်းဆိုသလို ခြေလှမ်းများကို ဘုရားခန်းရှိရာ ဆတ်ကနဲ ဦးလှည့်ပစ်လိုက်သည်။

ထို့နောက် လတ်ဆတ်သော သမင်ပျိုမလေးတစ်ကောင်အလား ဘုရားခန်းရှိရာ အပေါ်ထပ်သို့ လှမ်း တက်သွားသည်။ အသက်ခုနှစ်ဆယ်ကျော် အဘွားကြီးတစ်ယောက်ပါဟု ပြောလျှင် ယုံနိုင်စရာမရှိ။ အသက်သုံးဆယ်ကျော် အပျိုဟိုင်းကလေး အေသီနာပင် အမေ့ခြေလှမ်းတွေကို မနည်းမီအောင် လိုက်နေရ သည်။

***

အိုမင်းရင့်ရော်ခြင်းကို ဘာနှင့်ဆုံးဖြတ်ကြပါသနည်း။ အချိန်လား။ အသက်အရွယ်လား။ အတွေ့အကြုံ လား။ ဘဝဖြတ်သန်းမှုလား။ အသားအရေ ရွတ်တွဲရှုံတွခြင်းနဲ့လား။ အေသီနာ ခြေလှမ်းတွေကို သွက်သွက်လှမ်း ရင်း စဉ်းစားနေမိသည်။

အေသီနာ မသိ။ အေသီနာ သိသည်မှာ အမေ မအိုသေး။ သူမ၏ ခန္တာကိုယ်ကာယမှာ ဖြတ်လတ် သွက်လက်မှုတွေ ရှိနေသေးသည်။ အမေ မအိုသေး။ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေမှာ တိကျမှုတွေ ရှိနေသေးသည်။ အမေ မအိုသေး။ အမေ့ကို ချစ်သော သူမအပါအဝင် ပြည်သူတစ်ရပ်လုံးမှာ မျှော်လင့်ချက်တွေ ရှိနေသေးသည်။ အမေ မအိုသေး။ အမေ့နေရာမှာ အေသီနာသာဆိုလျှင် အလောင်းစည်သူ မင်းကြီးလို “ငါ မအိုသေး”ဟုပင် လက်ရုံးဆန့်တန်း ကြုံးဝါးမိမည်လား မပြောတတ်။

***

အေသီနာသည် အမေ့အား မိမိ၏ ဘဝလောက်ပင် ချစ်၏။ မိမိ၏ ဒုတိယမြောက်ကိုးကွယ်ရာလိုပင် လေးစားကြည်ညို၏။ မိမိ၏ မွေးသမိခင်က လူကိုမွေးဖွားခဲ့သည်ဆိုလျှင် အမေသည် အေသီနာ၏ အနာဂါတ်ကို ရွှေဖြစ်အောင် ထုဆစ်ခဲ့သည်ပင်။

သို့သော် အေသီနာ အမေ့အား လုံးဝ ကြေနပ်သည်တော့မဟုတ်။ ထိုမကြေနပ်မှုသည် မိခင်က လိုတာ ဝယ်မပေးသဖြင့် စိတ်ကောက်ချင်သော ကလေးဆိုးတစ်ယောက်၏ နွဲ့ဆိုးဆိုးမှုမျိုးသာ။  တကယ်ဆိုလျှင် အေသီနာသည် အမေအာဏာ မရခင်က ဖွဘုတ်ကြီးပေါ်မှ နေ၍ အမေ့အတွက် ရဲရဲတောက် တိုက်ပွဲဝင်ပေးခဲ့သူ။ အမေ့၏ သစ္စာတော်ခံ။ မိန်းကလေးတန်မဲ့ ဖွဘုတ်ပေါ်တက်လာသမျှ အမေ့အကြောင်း အတင်းအဖျင်းမှန်သမျှကို ကက်ကက်လန်ရန်တွေ့ခဲ့သူ။

အခုတော့ အမေသည် သူမလက်ထဲ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရချိန်၌ အေသီနာ့အား ပေးထားသည့်ရာထူးမှာ အတွင်းရေးမှူးမတဲ့။ မှန်တာပြောရလျှင် အေသီနာ့ဘက်က ဒီ့ထက်ပို၍ မျှော်လင့်ခဲ့သည်။ ဒုတိယ သမ္မတမဟုတ်တောင် အနဲဆုံးတော့ ဝန်ကြီးတစ်နေရာလောက် ပေးသင့်သည်ဟု အေသီနာထင်သည်။

အမေ့အတွက် ဖွဘုတ်တစ်ခုလုံးဗြောင်းဆန်အောင် ဆဲခဲ့၊ ရန်တွေ့ခဲ့ရသည့် သိက္ခာတရားကို ထည့်မတွက်ဘူး ဆိုလျှင်တောင်မှ၊ အင်တာနက်နှစ်ဆယ့်လေးနာရီ သုံးခဲ့ရသည့် ဖုန်းဘေ၊ ကုန်ကျစရိတ်များသည် ဆယ်နှစ်စာ ဝန်ကြီးလစာမျှ မကပေ။

***

“အား….”

စိတ်ကူးနှင့် လိုက်လာသော အေသီနာတစ်ယောက် ဘုရားခန်းပေါက်အရောက်မှာ ဘုရားခန်းအတွင်း ရောက်နှင့်နေသည့် အမေ့၏ အော်ညီးသံသဲ့သဲ့ကို ခပ်အုပ်အုပ် ကြားလိုက်ရသည်။ အတွေးကို တန်းလန်းရပ်ကာ ဘုရားခန်းအတွင်းသို့ အေသီနာ အပြေးတစ်ပိုင်း လှမ်းဝင်သွားမိသည်။

“အမေ… အမေ…၊ ဘာဖြစ်တာလဲ… ၊ ဘာဖြစ်တာလဲ…”

ဘုရားစင်ရှေ့မှာ အမေသည် သူမ၏ ညာလက်ညှိုးကလေးကို ကျန်လက်တစ်ဖက်ဖြင့်ဖိရင်း ရပ်နေသည်။ နှင်းဆီပန်းတစ်ပွင့်က ဘုရားစင်ရှေ့ ကျမ်းပြင်မှာ။ အမေသည် ဘုရားပန်းကပ်ရင်း နှင်းဆီဆူး စူးလေပြီ။ အကင်းပါးသော အေသီနာက သူ့အင်္ကျီဘေးအိပ်ကပ်အတွင်းမှာ အသင့်ပါလာသည့် ဂွမ်းစကို ကိုင်ရင်း အမေ့နား အပြေးတစ်ပိုင်း လှမ်းသွားလိုက်သည်။

***

အခန်း(၄)

ဦးအောင်ကြီး စာအုပ်တစ်အုပ်ဖတ်နေသည်။ အတိအကျ ပြောရလျှင် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သို့မဟုတ် စာအုပ်ထဲ စိတ်မရောက်ပဲ စာမျက်နှာများကို ဟိုလှန်သည်လော လျှောက်ကြည့်နေသည်ဟု ပြောက ပို၍မှန်ပေလိမ့်မည်။

ပို၍တိကျအောင် ပြောရလျှင် ဦးအောင်ကြီးသည် သိပ္ပံနှင့်ပုံတူမျိုးပွားနည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဒေါက်တာဘသောင်းကို မျှော်နေခြင်းဖြစ်သည်။ ဦးအောင်ကြီးနှင့်ဒေါက်တာဘသောင်းဆိုသည်မှာ တစ်ချိန်က တစ်စိတ်ထဲ၊ တစ်ဝမ်းထဲ ဖွဘုတ်ပေါ်မှနေ၍ အမေ့အတွက် တိုက်ပွဲဝင်ခဲ့သူများပင်။ ဒေါက်တာဘသောင်းက ဦးအောင်ကြီးထက် သာလွန်သည့်အချက်မှာ ဒေါက်တာဘသောင်းသည် ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အပတ်စဉ်ဂျာနယ်တစ်ချို့တွင်ပါ ဆောင်းပါးများရေးခဲ့သူ။ ကိုကြီးသောင်းပင် ဖြစ်သည်။

ထိုဆောင်းပါးများ၏ ကျေးဇူးကြောင့်ပင် ဒေါက်တာဘသောင်းခေါ် ကိုကြီးသောင်းအား အမေက သူမ၏ သမ္မတ ပထမငါးနှစ်သက်တမ်းမှာပင် ပညာရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယငါးနှစ်သက်တမ်းတွင် သိပ္ပံနှင့်ပုံတူမျိုးပွားနည်းပညာ ဝန်ကြီးဌာနကို အသစ်ဖွင့်လှစ်ကာ ဒေါက်တာဘသောင်းအား ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။

ဦးအောင်ကြီး၊ ဒေါက်တာဘသောင်း၊ အေသီနာ၊ ကိုရွှေသစ်ဟူ၍ အမေ့၏ အနီးအနားတွင် လက်တွဲလုပ်ဆောင်နေသူ လေးဦးမှာ တစ်ချိန်က လူချင်းလည်းရင်းနှီး၊ ဖွဘုတ်ပေါ်တွင် ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ ပြုပြင်ပြောင်းလဲရေးအတွက် ရဲရဲတောက်စတေးတပ်များ ရေးတင်ခဲ့သူများလည်း ဖြစ်သည်။

ထိုလေးဦးတွင်မှ ဒေါက်တာဘသောင်းတစ်ယောက်သာ အမြင့်မားဆုံးလုပ်ပိုင်ခွင့်နှင့် ဝန်ကြီးဆိုသောရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ တစ်ခါတစ်ခါတော့လည်း ဦးအောင်ကြီးသည် အမေ့၏ အခွင့်အရေးပေးမှုများကို မနဲပင်လိုက်မီအောင် ကြိုးစားနေရသည်။ သူတို့လေးဦးက အမေ့၏ ပထမ ရွေးကောက်ပွဲ အနိုင်ရစေရန် စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ အားသွန်ခွန်စိုက်ကြိုးစားခဲ့သူများ ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပကာနီးအချိန် မမှန်ကန်သော သွေးထိုးမှုများကြောင့် အမေ့၏အနီးကပ်ဆုံး လူတစ်ချို့၊ စိတ်ထားများ ကယိမ်းကယိုင် ဖြစ်ချိန်ကပင် သူတို့လေးယောက်က လုံးဝ စိတ်ထားမပြောင်းခဲ့။ အမေ့အတွက် အရေးအကြီးဆုံးအချိန်ဟု ယူဆကာ ရင်ချင်းအပ်၊ ကျောချင်းကပ်ခဲ့ကြသည်။

သို့သော် ထိုလေးဦးထဲတွင်မှ ဒေါက်တာဘသောင်းတစ်ယောက်ကိုသာ အမေက ဝန်ကြီးဖြစ်ခွင့်ပေးပြီး၊ သူ့ကို သမ္မတအိမ်တော်ထိမ်း။ အေသီနာက စက္ကထရီ။ ကိုရွှေသစ်က ကားဒရိုင်ဘာ။ ဆိုတော့ကာ ပုထုဇဉ်ပီပီ ဦးအောင်ကြီးစိတ်ထဲ နဲနဲတော့ ကျွဲမြီးတိုမိသည်။ ဦးအောင်ကြီးက အသက်ကလည်းကြီး ပညာကလည်းပြည့်တော့ ထိုကိစ္စအပေါ် ဖြေသာစေမည့် အမေ့၏ကောင်းကွက်များကိုသာ အချိန်ပြည့်စဉ်းစားသည်။

အေသီနာနှင့် ကိုရွှေသစ်ကတော့ လူငယ်များလည်းဖြစ်ပြန်၊ လုပ်ရသည့်အလုပ်ကလည်း ပင်ပန်းသည့်အလုပ်များဖြစ်တော့ သူတို့အပေါ် အမေ့၏ မြှောက်စားမှုကို မကျေနပ်သည့်အကြောင်း ဦးအောင်ကြီးနှင့်တွေ့တိုင်း ရင်ဖွင့်တတ်ကြသည်။ သူတို့ကိုလည်း အပြစ်မဆိုသာ။ အမေ သမ္မတဖြစ်သောအခါ ရာထူးပေး မြှောက်စားမှုများသည် မမျှတဟု ဦးအောင်ကြီးလို ပညာရှိလူကြီးတစ်ယောက်ကပင် သံသယဝင်ခဲ့သေးသည်ပဲ။

***

မည်သို့ပင်ဖြစ်စေ ထိုမကျေနပ်မှုများက သူတို့ဘဝတစ်လျှောက်လုံး အားကိုး၊ လေးစား၊ ချစ်ကြောက်၊ ရိုသေသော အမေ့အပေါ် သစ္စာဖောက်ရလောက်အောင်တော့ မကြီးမားခဲ့ပေ။ အခုဆိုလျှင် ဦးအောင်ကြီးနှင့် ဒေါက်တာဘသောင်းတို့ တိုင်ပင်ထားသော အရေးတော်ပုံတစ်ခုအတွက် သူတို့လေးတွေကိုပင် ဖြောင့်ဖြစည်းရုံး သိမ်းသွင်းကာ ပါဝင်ခိုင်းထားရသည်။

ထိုကိစ္စ၊ ထိုအရေးတော်ပုံမှာလည်း ကိုကြီးသောင်းခေါ် ဒေါက်တာဘသောင်းထံမှ စတင် ထွက်ပေါ်လာသော အကြံပင်ဖြစ်သည်။ ယနေ့ ထိုကိစ္စအတွက် ဒေါက်တာဘသောင်းက ကာယကံရှင်ဖြစ်သူ အမေ့ထံမှ ခွင့်ပြုချက် လာတောင်းပေလိမ့်မည်။ အမေခွင့်ပြုလျှင် ပစ္ဆာန္တရာဇ်နိုင်ငံတော်လျှို့ဝှက်စီမံကိန်းအဖြစ် တရားဝင်ပြုလုပ်မည်။ အမေဘက်ကသာ ခွင့်ပြုပါက အေသီနာနှင့် ဒရိုင်ဘာကိုရွှေသစ်၏ အခန်းကဏ္ဍပါဝင်စရာ မလို။

အကယ်၍ အမေ ခွင့်မပြုလျှင် ဤအိမ်တော်အတွင်းမှာ ဦးအောင်ကြီး အယုံကြည်ရဆုံး  အေသီနာနှင့် ဒရိုင်ဘာကိုရွှေသစ်ကိုသာ အားကိုးရပေတော့မည်။ ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ဤကိစ္စသည် မဖြစ်ဖြစ်အောင် ပြုလုပ်ရမည့် အရေးတော်ပုံတစ်ခုအဖြစ် ဦးအောင်ကြီးရော၊ ဒေါက်တာဘသောင်းပါ ခံယူထားသည်။

***

“ဘာပြောတယ်…။ ကျွန်မရဲ့ ဒီအန်အေကိုယူပြီး ကျွန်မကို ပုံတူမျိုးပွားမယ်။ ဟုတ်လား”

ဒေါက်တာဘသောင်း၏ စကားအဆုံးမှာ အလွန်သမာဓိအားကောင်းသော အမေသည်ပင် အံသြ၊ ထိတ်လန့်၊ တုန်လှုပ်သွားမှုက အထင်းသား။ အသံများပင် မသိမသာ ကျယ်လောင်သွားသည်။ မျက်နှာပေါ်မှာလည်း စိတ်တိုဒေါသ အရိပ်အရောင်များ ထင်ဟပ်လာသည်။ အမေက ဒေါသဖြစ်ခဲသည်။ အင်မတန် သဘောထားပြည့်ဝသည့် အမျိုးသမီး။ အကယ်၍ မဖြစ်မနေ ဒေါသဖြစ်စရာကိစ္စမျိုးနှင့် ကြုံရလျှင်လည်း မျက်နှာနှင့် လေယူလေသိမ်းကို အထူးထိမ်းသိမ်းနိုင်သူ။

အခုတော့ အမေ့လေသံက သာမန်ထက် အနည်းငယ် ကျယ်လောင်နေပြီး၊ မျက်နှာမှာလည်း မျက်ခုံးအစုံကို အတွန့်ကွေးထားသည်။ ဤလေသံနှင့် ဤမျက်ခုံးအတွန့်လေးကား ချစ်လှစွာသောအမေ အပြင်းအထန် ဒေါသဖြစ်သွားပြီဟု ယူဆနိုင်သည်။ အမေ့ဘက်က ပြသသော ဒေါသအရိပ်အယောင်မှာ ဤမျှလောက်သာ ဖြစ်သော်လည်း ဝန်ကြီးဒေါက်တာဘသောင်းအတွက်မူ ရှေ့ဆက်ပြောရမည့်စကားများကို ဆွံ့အသွားစေသည်။

ခဏကြာမှ… ဒေါက်တာဘသောင်းထံက ဖြေရှင်းချက်ပေးသလိုလို၊ ပူဆာသလိုလို စကားများ အထစ်ထစ် အငေါ့ငေါ့ ထွက်လာသည်။

“ဒီ… ဒီ… ဒီလိုပါအမေ။ ကျွန်တော့် စိတ်ကူးက… အဲ… ကျွန်တော် စဉ်းစားမိတာက… အမေ့ရဲ့ဖခင် အသက်ပေး… အဲ… စွန့်လွှတ်သွားတဲ့နောက် ကျွန်တော်တို့ တိုင်းပြည်မှာ အာဇာနည် မျိုးဆက်ပြတ်သွားတယ်။ အာဇာနည်မျိုးဆက်ပြတ်သွားတာနဲ့ ကျွန်တော်တို့အားလုံး အာဏာရှင်စနစ်ရဲ့အောက်ကို အာဏာရှင်နှစ်ဆက် တိုင်တိုင် ရောက်ရှိ ဖြတ်သန်းခဲ့ရတယ်။ အခု အမေအနားယူတော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် အာဇာနည်မျိုးဆက်ပြတ်ပြီး၊ တတိယအကြိမ် အာဏာရှင်တွေ ခေါင်းထောင်ထလာမှာကို မလိုလားဘူး။ ဒါ…. ဒါ… ဒါကြောင့် ကျွန်တော့်ရဲ့ပညာနဲ့ ကျန်ရှိနေသေးတဲ့ အမေ့ရဲ့သက်တမ်းအတွင်းမှာ အမေ့ရဲ့ကလုန်းကို ဖန်တီးပြီး၊ လူထုခေါင်းဆောင် အာဇာနည်မျိုးဆက်မပြတ်အောင် လုပ်ဆောင်ချင်တာပါ။ တိုင်းပြည်အတွက်ပါ အမေ…”

အမေသည် ဒေါက်တာဘသောင်း၏စကားများကို ဆုံးအောင်နားထောင်ပေးလေသည်။ သူမ၏ မျက်နှာပေါ်၌လည်း အပြုံးတစ်ပွင့်က နေရာယူထားပြီ။ ထိုအပြုံးကို ကြည့်၍ ခန့်မှန်းရမည်ဆိုလျှင် အမေ ဒေါသပြေသွားပြီဟု အဓိပ္ပာယ်ထွက်သည်။ အမေသည် ဒေါသဖြစ်ခဲ၍ ပြေလွယ်လွန်းသော၊ အတေးအမှတ်မထားတတ်သည့် အမျိုးကောင်းသမီးပင် ဖြစ်သည်။

“ဒါဆိုရင်… ဝန်ကြီးကို ကျွန်မမေးမယ်။ အာဇာနည်ကိုပဲဖြစ်ဖြစ်၊ လူထုခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ် ပုံတူပွားလို့ ရတယ်လို့ ထင်သလား။ လူတစ်ယောက်ကို စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်လို ဒါမှမဟုတ် ဓါတ်ပုံတစ်ပုံလို၊ ပန်းချီကားတစ်ချပ်လို ရုပ်ရော၊ နာမ်ရော တစ်ထပ်ထဲကျအောင် မိတ္တူကူးလို့ရသလား…”

အမေသည် ပြုံးလက်စအပြုံးလှလှအား မျက်နှာပေါ်မှ ခွာမချသေးပါ။ သူမ၏ လက်နှစ်ဘက်ကို ရုံးခန်းစားပွဲပေါ် ထောက်တင်၍ ကိုယ်ကို မတ်မတ်ထားကာ ချက်ကျလက်ကျ မေးလိုက်သည်။ မျက်လုံးအစုံကလည်း ဝန်ကြီးဒေါက်တာဘသောင်းအား စိုက်ကြည့်နေလေသည်။

အမေ့၏ မေးခွန်းအဆုံးမှာ ဝန်ကြီးထံမှ ဘာစကားသံမှ ထွက်မလာ။ ဝန်ကြီးသည် သူ၏ မျက်နှာပေါ်မှ ရွှေကိုင်းမျက်မှန်ကို ဘယ်ဘက်လက်ဖြင့် အသာမတင်၍ အမေ့နောက်ကျောဘက်ရှိ ပြတင်းတံခါးကို ခေတ္တမျှ ငေးရီနေသည်။ ထို့နောက် ဝန်ကြီးသည် အမေ့၏ အကြည့်ကို ကြာရှည်ရင်ဆိုင်ရန် ခက်သည်ထင့်၊ သူ၏ဦးခေါင်းကို အောက်သို့ ရုတ်တရက်ငုံ့ကာ အကြံထုတ်နေပြန်သည်။

“ဒေါက်တာဘသောင်းရယ် သေချာစဉ်းစားပါ့ဦး…။ အာဇာနည်ဆိုတာ လူမဟုတ်ဘူး…။ စိတ်ဓာတ်ရှင့်… စိတ်ဓာတ်…”

***

အခန်း(၅)

အမေနှင့် ဝန်ကြီးဒေါက်တာဘသောင်းတို့၏ ဆွေးနွေးမှုကား အချိန်အားဖြင့် တစ်နာရီခန့်ကြာမြင့်သည်။ ဒေါက်တာဘသောင်း၏ အာဇာနည်ကလုန်း စီမံကိန်းကို အမေက လုံးဝ လက်သင့်မခံ။ ဒေါက်တာဘသောင်းကလည်း ခေါင်းမာပါပေ၏။ အမေ့အား အမျိုးမျိုးလှည့်ပတ်စည်းရုံးသည်။ ဒေါက်တာဘသောင်း ဘယ်လောက်ပင် ခေါင်းမာခေါင်းမာ။ ဆုံးဖြတ်ချက်ချပြီးလျှင် လုံးဝ မပြင်တတ်သည့် အမေ့၏ ခိုင်မာပြတ်သားမှုကို သူ့အနေဖြင့် တွန်းလှန်ပယ်ရှားခြင်းငှာ မစွမ်းသာပေ။

ထို့ကြောင့် အမေ့ရုံးခန်းအတွင်းမှ အောင်မြင်စွာ တပ်ဆုတ်ခဲ့ရသည်။ သို့ပေသည့် သူကလည်း ဒေါက်တာဘသောင်းပေပဲ။ သူအမျှော်လင့်ကြီးမျှော်လင့်ထားသော အာဇာနည်ကလုန်းစီမံကိန်းကိုတော့ လုံးဝ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ သူ့ကို သမ္မတအိမ်တော်ဝန်းထဲအထိ လိုက်ပို့ပေးသော အိမ်တော်ထိမ်း ဦးအောင်ကြီးကို ဝန်ကြီးက စကားတစ်ခွန်း တိုးတိုးလေး ကပ်ပြောသွားသည်။

“ဦးအောင်ကြီးရေ…။ ခိုးမလုပ်ချင်လို့ တရားဝင်ခွင့်ပြုချက်တောင်းတာကို သူကလက်မခံမှတော့၊ ကျုပ်တို့… ပလန်ဘီအတိုင်း သွားကြတာပေါ့ဗျာ…”

***

အေသီနာသည် သူမ၏စားပွဲပေါ်၌ အဆင်သင့်တင်ထားသော အတက်ချီကေ့(စ်)ကို ဇဝေဇဝါ စိတ်အတွေးဖြင့် ငေးစိုက်ကြည့်နေမိသည်။ သူမ၏လုပ်ရပ် မှန်ကန်ရဲ့လား။ သူမစဉ်းစားနေမိသည်။ ဒီကိစ္စဟာ လုပ်သင့်သော ကိစ္စဟုတ်မဟုတ် သူမ၏ဥာဏ်လောက်ဖြင့် မဝေခွဲနိုင်အောင် ဖြစ်ရသည်။ အမေကို့ အချိန်ပြည့် ချစ်ကြောက်ရိုသေသည်ဟု ကိုယ့်ကိုယ်ကို ထင်ခဲ့မိသော သူမသည် အမေမသိအောင် အပြစ်တစ်ခုကို လုပ်လိုက်ပြီ။

မကြာခင်အချိန်အတွင်းမှာ သမ္မတအိမ်တော်ထိမ်း ဦးအောင်ကြီးသည် ဤအတက်ချီကေ့(စ်)အား လာယူပေတော့မည်။ ဤအတက်ချီကေ့(စ်)အတွင်း၌ သွေးစသွေးနများပေကျံနေသော ဂွမ်းစလေးတစ်ခုသည် ရှိ၏။ ထိုဂွမ်းစကလေးပေါ်မှ သွေးစကလေးတွေထဲတွင်ပါဝင်သည့် တစ်ခုတည်းသော DNAသည် နောင်တစ်ချိန် ပစ္စာန္တရာဇ်နိုင်ငံတော်ကြီး၏ အနဂါတ်ကို ပြောင်းလဲပစ်မည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်လေသည်။

ဖြစ်ချင်မှလည်း ဖြစ်မည်။ ဒါက အေသီနာနှင့်မဆိုင်။ အေသီနာသိသည်မှာ သူမလုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကိုသာ သူမ၏စိတ်အလိုညွှန်ကြားချက်အတိုင်း လုပ်လိုက်မိပြီ ဆိုခြင်းပင်။

***

သူ၏ ခြေလှမ်းများကား သာမန်ထက်ပိုမြန်နေသည်။ ဘေးတစ်ဖက်တစ်ချက်မှ သမ္မတအိမ်တော် နံရံပေါ်ရှိ သမိုင်းဝင်ဓာတ်ပုံများသည် ရိပ်ကနဲရိပ်ကနဲ။ တကယ်တော့ ခြေလှမ်းများက သူ့ရင်ခုန်သံ ကြိမ်နှုန်းများနှင့်၊ ကိစ္စတစ်ခု အမြန်ဆုံးအောင်မြင်ပြီးမြောက်ရန် ဇောထက်သန်နေသော သူ့စိတ်ထက်စာလျှင် အများကြီးပင် နှေးနေသေးသည်ဟု ဦးအောင်ကြီး ထင်သည်။

ခြေလှမ်းနဲ့အတူ မျက်လုံးအကြည့်များကိုလည်း အနားမပေးမိ။ သူ့၏ မရိုးသားမှုကို တစ်စုံတစ်ယောက်ကများ သိသွားလေမလော။ တစ်စုံတစ်ယောက်ကများ သူ၏လှုပ်ရှားမှုများကို လိုက်လံချောင်းမြောင်းနေသလော။ သံသယက ရင်အစုံကို ပို၍ပို၍ ခုန်လှုပ်စေသည်။ ရင်အစုံက ပေါက်ကွဲထွက်မတတ် ခုန်နေသကဲ့သို့ မျက်လုံးများကလည်း ဂနာမငြိမ်။

အဆိုးဆုံးမှာ ဦးအောင်ကြီးကိုယ်တိုင် သူ့လုပ်သည့်အလုပ်၏ အမှန်အမှားကို မဝေခွဲနိုင်။ သူ့ဘက်မှာအချိန်ပြည့် တရားမျှတမှုရှိခဲ့သည်။ အမှန်တရားအတိုင်းသာ အချိန်ပြည့် သူ ရပ်တည်ခဲ့သည်။ ဖွဘုတ်တစ်ခေတ်လုံး မျှတလျှော်ကန်၊ တည့်မတ်သည့် စတေးတပ်များကိုသာ ရေးတင်ခဲ့သူ ပညာဥာဏ်ကြီးသော ဦးအောင်ကြီး။

သမ္မတ၏အိမ်တော်ထိမ်းဘဝမှာလည်း အမေ့အတွက်သစ္စာရှိ လူယုံကြီးအဖြစ် အားအကိုးရဆုံးသူ။ ဒီတစ်ခါ သူလုပ်သည့်အလုပ်မှာ မှန်ကန်ပါ၏လော။ ပစ္စာန္တရာဇ်နိုင်ငံတော်၏ ဖွဘုတ်သမိုင်းတစ်လျှောက် နာမည်တစ်လုံးဖြင့်ရပ်တည်ခဲ့သူ ဦးအောင်ကြီးတစ်ယောက် ဒီတစ်ချက်မှားရုံနဲ့ တစ်သက်လုံး သမိုင်းတရားခံ ဖြစ်ရပေတော့မည်။

***

အတွေး၊ အမော၊ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ဦးအောင်ကြီးတစ်ယောက် ဆုံးဖြတ်ချက် မချနိုင်ခင်မှာပင် သမ္မတအိမ်တော်၏ ကားရုံအတွင်းသို့ ရောက်လာခဲ့လေပြီ။ ကားရုံအတွင်း သမ္မတ၏အထူးကားတစ်စီးဘေး၌ ဒရိုင်ဘာကိုရွှေသစ်ကို အဆင်သင့်တွေ့လိုက်ရသည်။

အထူးကား၏ကိုယ်ထည်ကိုမှီရင်း ကိုရွှေသစ်က စီးကရက်တစ်လိပ်ကို ဟန်ပါပါ ဖွာရှိုက်နေသည်။ မျက်လုံးများကို မှေးစင်း၍ မီးခိုးငွေ့များကို မျက်နှာကျက်စီ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူ့စတိုင်အတိုင်း ဦးအောင်ကြီးအား ထီမထင်မျက်လုံးများဖြင့် ကြည့်ကာ စီးကရက်ကို တမံသလင်းပေါ် ချပြီး၊ သူ၏အနက်ရောင် ရူးဘိနပ်ထိပ်ဖြင့် နင်းချေပစ်လိုက်သည်။

ဦးအောင်ကြီးက လက်ထဲမှအတက်ချီကေ့(စ်)ကို ဒရိုင်ဘာကိုရွှေသစ်ထံ ကမ်းပေးလိုက်သည်။ ကိုရွှေသစ်က ပြန်လည်လက်ကမ်းယူလိုက်သောအခါ ဦးအောင်ကြီးက ချက်ချင်းမပေး။ မှန်တာပြောရလျှင် အခိုက်အတန့်၌ ကိုရွှေသစ်အပေါ် မယုံကြည်သောစိတ်က ဦးအောင်ကြီးကို လွှမ်းမိုးနေသည်။ ယခုအချိန်မှာ ဤကိစ္စအတွက် မိမိကိုယ်တိုင်မှလွဲ၍ ယုံကြည်ရမည့်သူ မရှိဟု ဦးအောင်ကြီး ထင်သည်။

ပေးသင့်၊ မပေးသင့် ဇဝေဇဝါဖြစ်နေသည်။ ၎င်းတို့နှစ်ဦး၏ လက်များကား အတက်ချီကေ့(စ်)ကို တစ်ဖက်စီ ဆုပ်ကိုင်ရင်း လေထဲမှာ တန်းလန်းကြီးဖြစ်နေသည်။

***

အခန်း(၆)

ဝုန်း….

ဒိုင်း… ဒိုင်း…. ဒိုင်း…

ဒက် ဒက်… ဒက် ဒက် ဒက်… ဒက် ဒက်

လက်ပစ်ဗုံးပေါက်ကွဲသံ။ တစ်ချက်ချင်းလှမ်းပစ်လိုက်သော သေနတ်သံ။ အတွဲလိုက် ဆွဲပစ်လိုက်သော စက်သေနတ်သံများဖြင့် မြို့ထဲမှာ ဆူညံသွားလေသည်။ ရှေ့တစ်စီး၊ နောက်တစ်စီး ညှပ်ပူးညှပ်ပိတ် ပစ်နေသော ကားနှစ်စီးကြားမှာ ကိုရွှေသစ် အလူးအလဲရှောင်တိမ်းနေရသည်။ ပစ္စာန္တရာဇ်နိုင်ငံတော်ကြီး၏ သမ္မတအဆက်ဆက်အတွက် လုံခြုံရေးကို ဦးစားပေးကာ အထူးတီထွင်ထားသောကားမို့သာ တော်တော့သည်။ နို့မို့ဆို မလွယ်။ ကိုရွှေသစ်၏ကားမောင်းကျွမ်းကျင်မှုကလည်း ဤနေရာမှာ အတော်တာသွားသည်။

ဒက် ဒက်… ဒက် ဒက် ဒက်…

ဝုန်း…

ဒိုင်း… ဒိုင်း…

နောက်ကကားက စက်သနပ်ကို အတွဲလိုက်ဆွဲပြီး အဆက်မပြတ်ပစ်သည်။ ရှေ့ကကားကလည်း ခေါင်မိုးပေါက်ကနေ လက်ပစ်ဗုံးတွေ တစ်လုံးပြီးတစ်လုံး ထုနေသလို၊ ဘေးတံခါးပေါက်မှ ခေါင်းထွက်၍ ပစ္စတိုတစ်လက်ဖြင့် တစ်ချက်ချင်းပစ်နေသည်။ ရေရှည်ဆိုလျှင်မလွယ်။

အထူးကား၏ ကိုယ်ထည်နှင့်မှန်များမှာ (၇.၆၂) ရိုင်ဖယ်ကျည်ဆံလောက်အထိကတော့ အစင်းရာမျှပင် ထင်မည်မဟုတ်ပေ။ တော်ရုံလက်ပစ်ဗုံးလောက်ကိုလည်း မမှု။ အဘယ်ကြောင့်ဆိုသော် အထူးကား၏ ကိုယ်ထည်မှာ လက်ပစ်ဗုံးများ၊ နင်းမိုင်းများကို ကာကွယ်နိုင်ရန် လျှပ်စစ်သံလိုက်ဒိုင်းကာ လျှပ်စီးပတ်လမ်းများ ပါဝင်သည်။ ထိုလျှပ်စီးပတ်လမ်းများကို လူ၏မျက်စေ့ဖြင့် မမြင်ရ။ သို့သော် ရေရှည်တိုက်ပွဲ ဖြစ်လာပြီး လက်နက်ကြီးများထုတ်သုံးလျှင်တော့ ကိုယ်ထည်မှာကာကွယ်ထားသည့် လျှပ်စစ်ဒိုင်းကာများ ပျက်စီးပြီး၊ ဒရိုင်ဘာမောင်မောင်ကျွမ်းခေါ် ကိုရွှေသစ်ပင်လျှင် မာလကဈာန်ကြွသွားနိုင်သည်။

***

ထို့ကြောင့် ကိုရွှေသစ် စဉ်းစားသည်။ ယခု ကိုရွှေသစ် သယ်ဆောင်လာခဲ့ရသော အတက်ချီကေ့(စ်)သည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ဝန်ကြီးဒေါက်တာဘသောင်း၊ အိမ်တော်ထိမ်း ဦးအောင်ကြီး၊ စက္ကထရီ အေသီနာနှင့် ကိုရွှေသစ်မှလွဲ၍ မည်သူမှ မသိဟု ဦးအောင်ကြီးကတော့ ပြောသည်။ ဤသို့ဆိုလျှင် ယခု ကိုရွှေသစ်ကို အသည်းအသန် လိုက်လံနှိမ်နင်းနေသောအဖွဲ့သည် မည်သည့်အဖွဲ့အစည်းက ဖြစ်သနည်း။

ကားကို ရှောင်တိမ်းကွေ့ဝှိက်မောင်းနေရင်းမှ ကားဒက်(ရှ်)ဘုတ်ပေါ်ရှိ ခလုတ်တစ်ခုကို ကိုရွှေသစ် နှိပ်လိုက်သည်။ သံမဏိပြားကိုပင် ဖောက်ထွင်းမြင်နိုင်သော အိပ်စရေးကင်မရာတစ်ခု ကားနောက်မြီးမှ ထွက်လာသည်။ တွေ့ပါပြီ။

***

အောင်ချမ်းသာ။ အာဏာရှင်ထောက်ခံသူ အောင်ချမ်းသာ။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ ဒီမိုကရေစီခေတ်တွင် ကြီးစိုးမင်းမူနေသည့် လူမိုက်ဂိုဏ်းကြီးများ၏ အကျိုးတော်ဆောင် အောင်ချမ်းသာ။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် အုပ်ချုပ်မင်းမူခဲ့ဖူးသည့် အာဏာရှုင်ကြီးနှစ်ဦး၏ သားစဉ်မြေးဆက်များဖြင့် ဖွဲ့စည်းထားသည့် လူမိုက်ဂိုဏ်းကြီးများ၏ အထူးသတင်းပေးနှင့် အကျိုးတော်ဆောင် အောင်ချမ်းသာ။ ကားရှေ့ခန်းတွင်ထိုင်ရင်း မျက်မှန်အနက်ကြီးကိုတပ်၍ မီးတို့မထားသောဆေးပြင်းလိပ်အသစ်ကြီးကိုခဲကာ အမိန့်တွေပေးနေသည်။

***

ဘယ်သူဘယ်ဝါဆိုတာ ကိုရွှေသစ် သိပြီ။ စဉ်းစားခန်းကို ရပ်လိုက်သည်။ ကိုယ်မောင်းနေသည့် ကားစီယာတိုင်ပေါ် စိတ်ကို ပြန်တင်ထားလိုက်သည်။ ကိုရွှေသစ် မှန်သည်။ အကယ်၍ ဆက်စဉ်းစားနေလျှင်လည်း အာရုံတွေ လွင့်ပါးပြီး သေဖို့သာရှိမည်။

အဘယ်ကြောင့်ဆိုသော် ရှေ့ကား၏အမိုးပေါက်အတွင်းမှ မတ်တပ်ရပ်ကာ လက်ပစ်ဗုံးများဖြင့် အဆက်မပြတ်ထုနေသော ကြေးစားတစ်ယောက်သည် ကားအတွင်းသို့ ပြန်ဝင်သွားသည်။ ထို့နောက်ချက်ချင်းပင် နောက်တစ်ယောက် ပေါ်လာသည်။ ပခုံးပေါ်မှာ လက်နက်ကြီးတစ်ခုကို ထမ်းလျှက်…။ ရုတ်တရက်တော့ ကိုရွှေသစ် ဘာလုပ်ရမှန်းမသိ။ သို့သော် အထူးလေ့ကျင့်ထားသောစိတ်က ချက်ချင်းပင် တည်ငြိမ်သွားသည်။

“ဒါမျိုးတော့ ရွှေသစ်ကို စမ်းလို့ရမလားကွာ…”

ပါးစပ်က အသံများပင်ထွက်၍ ကိုရွှေသစ် ရေရွတ်လိုက်မိသည်။ ဒီအဆင်ကို ကိုရွှေသစ်က မျှော်လင့်ထားပြီးသား။ နောက်ပြီး ကြိုတွက်ထားပြီးသား။ ကိုရွှေသစ်လိုချင်သော ဂွင်ကို ဝင်လေပြီ။

“သေဖို့သာပြင်ပေတော့ အောင်ချမ်းသာရေ…”

ပါးစပ်က ကျိမ်းဝါးရင်း ကိုရွှေသစ် ခြေထောက်က လေဘာကိုခပ်ဖွဖွနင်းထားပြီး၊ ဟမ်းဘရိတ်ကို အလောတော် ဇတ်ကနဲ ဆွဲလိုက်သည်။ အရှိန်နှင့်ပြေးထွက်တော့မလို၊ ရပ်ပဲရပ်တော့မလို ဘရိတ်မမိတမိ အခြေအနေမှာ ကားက အနဲငယ် ရမ်းသွားသည်။ ရမ်းသွားသော ကား၏အရှိန်အတိုင်း စီယာတိုင်ကို ဘယ်ဘက်ရှိ လမ်းမြှောင်အတွင်း ဆွဲကွေ့ပစ်လိုက်သည်။ လမ်းမြှောင်ရှိရာဘက်သို့ ကားဦးတည့်သွားသည်နှင့် လက်ကမထိတထိဆွဲထားသော ဟမ်းဘရိတ်ကို လွှတ်ကာ လေဘာကို စောင့်နင်းပစ်လိုက်သည်။ ရှေ့ကား၊ နောက်ကား ညှပ်ပိတ်ထားသော အကျပ်အတည်းအတွင်းမှ ကိုရွှေသစ် လျှောကနဲ လွတ်မြောက်သွားလေသည်။

ကျွီ… အီ… အီ… ဝူး…

အုန်း… ဒုန်း… ဝုန်း… ဂလွမ်း…

ရှေ့ကားက ပစ်လိုက်သော လက်နက်ကြီးကျည်က နောက်ကားကို သွားမှန်သည်။ နောက်ကားက ပစ်လိုက်သော စက်သေနတ်ကျည်များက ရှေ့ကားကိုမှန်ပြီး ပေါက်ကွဲသည်။ ပွဲပြီးလေပြီ။ တာ့တာ… အောင်ချမ်းသာ။

***

အောင်ချမ်းသာကတော့ ပွဲပြီးလေပြီ။ သို့သော် ကိုရွှေသစ်အတွက်ကတော့ မပြီးသေး။ မလောက်လေးမလောက်စား အောင်ချမ်းသာတို့လို ကြေးစားအဖွဲ့သည် ကိုရွှေသစ်အတွက် စာမဖွဲ့လောက်။ တကယ့်စိန်ခေါ်မှုက ကိုရွှေသစ်ကို ရှေ့က ကြိုစောင့်နေသည်။

တစ်ချိန်က ကမ္ဘာ့နာမည်ကြီး မာဖီးယားဂိုဏ်းကြီးတွေထက်ပင်သာသော လူဆိုးဂိုဏ်းကြီးနှစ်ခုက ကိုရွှေသစ် ဖြတ်သန်းရမည့် မြို့နယ်တစ်ခုကို တစ်ဝက်စီပိုင်းပြီး အုပ်ချုပ်နေသည်။ ထိုလူဆိုးဂိုဏ်းကြီးနှစ်ခု၏ ဂိုဏ်းစတားနှစ်ဦးမှာ နာမည်ကြီး။ ကောက်ကျစ်၊ ယုတ်မာ၊ ပက်စက်သောနေရာ၌ ဘိုးဘွားအမွေကို ဆက်ခံထားသည်ဟု ပြောရမလို။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးမှာ ပြည်သူလက်မခံသဖြင့် အရာကျသွားသော အာဏာရှင်ကြီးနှစ်ဦး၏ သားစဉ်မြေးဆက်များ…။ အခု ဂိုဏ်းစတားဖြစ်နေသည်။

ဒီမြို့နယ်ကို ရှောင်သွားလို့ကလည်း မဖြစ်။ အချိန်ကြာမည်။ DNAက ဒေါက်တာဘသောင်းလက်ထဲကို အချိန်မီရောက်ပါမှ ကလုန်းအဖြစ် အသက်ဝင်လာမည် ဖြစ်သည်။ နောက်ကျလို့ လုံးဝ မဖြစ်။ ကိုရွှေသစ် တွေးရင်း နဖူးမှ ဇောချွေးများပင် စီးကျလာလေသည်။

“ကဲ ရွှေသစ်… တွေဝေမနေနဲ့။ မင့်အစွမ်းနဲ့ ဒီမြို့နယ်ကို အားတင်းဖြတ်သန်းလိုက်။ ဒီအတားအဆီးကို ကျော်နိုင်တာနဲ့ မြို့ပြင်မှာ လျှို့ဝှက်တည်ဆောက်ထားတဲ့ ဒေါတာဘသောင်းရဲ့ သိပ္ပံစမ်းသပ်ခန်းကို ရောက်ပြီ။ ကြိတ်လိုက်စမ်း ငရွှေသစ်…”

သူ့ကိုယ်သူ အားပေးရင်း ကိုရွှေသစ် ကားစီယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ အံတစ်ချက်ကျိတ်ပြီး လေဗာကို အသားကုန် စောင့်နင်းပစ်လိုက်သည်။

ဝူး….

***

အခန်း(၇)

ဒေါက်တာဘသောင်း၏ စိတ်တွေ သည်ကနေ့ အစွမ်းကုန် လှုပ်ရှားနေသည်။ လက်ထဲမှာ လေဆာတံဆိပ်တုံးကြီးကို ကိုင်ရင်း ထိုင်ရမလို၊ ထရမလို ချီတုံချတုံ ဖြစ်နေသည်။ သည်လေဆာတံဆိပ်တုံးကြီးက သူ၏ထရိတ်မတ် ဖြစ်သလို၊ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ ဂုဏ်ယူစရာ သင်္ကေတတစ်ခုဆိုလည်း မမှား။

ဒီလေဆာတံဆိပ်တုံးကြီးကား တစ်ခြားမဟုတ်။ သူတည်ထွင်လိုက်သမျှ ကလုန်းတိုင်း၏ တင်ပါးမှာ အမှတ်အသားသဖွယ် ရိုက်နှိပ်ပေးသော ကရိယာ။ ဒီလို တံဆိပ်တုံးရိုက်မှလည်း လူအစစ်နဲ့ မျိုးပွားထားတဲ့ ကလုန်းကို အလွယ်တကူ ခွဲခြားနိုင်မည် ဖြစ်သည်။ ဒီလေဆာတံဆိပ်တုံးဖြင့် တင်ပါးမှာရိုက်ပေးလိုက်သော စာတန်းသည် အပေါ်ယံအဝတ်အစားများကိုပင် ဖောက်ထွင်းပြီး လင်းနိုင်သော လေဆာမီးစုန်းနည်းပညာ ဖြစ်သည်။

ယခု သူ ဝေခွဲမရ ဖြစ်နေသည်မှာလည်း ထိုအတွက်ကြောင့်ပင်။ သူ ဖန်တီးပေးခဲ့သော တစ်ခြားကလုန်းများကား သာမန်ပြည်သူများ။ သူတို့၏ လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်များအတွက် ခေါင်းစဉ်အမျိုးမျိုးနှင့် ဖန်တီးပေးခဲ့ရသော သာမန်ကလုန်းများ။

ယနေ့ မွေးဖွားလာမည့် ကလုန်းကား ထိုသို့မဟုတ်။ သူကိုယ်တိုင် မျှော်လင့်ချက်များစွာဖြင့် ကြိုးစားဖန်တီးခဲ့ရသော လူထုခေါင်းဆောင်၏မိတ္တူ။ အာဇာနည်ကလုန်း။ သည်တော့ လေဆာတံဆိပ်တုန်းကြီးဖြင့် လူထုခေါင်းဆောင်မိတ္တူ၏ တင်ပါးမှာ ရိုက်သင့်မရိုက်သင့် သူ ဝေခွဲရခက်နေသည်။ နောင်တစ်ချိန် ဒီကလုန်းက နိုင်ငံတကာသို့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် လှည့်လည်သောအခါ တင်ပါးမှာ လေဆာမီးစုန်းစာတန်းကြီးက လင်းနေပေလိမ့်မည်။ မလုပ်သင့်ဟု သူ တွေးသည်။

***

လူသားမိခင်၏ သားအိမ်နှင့်တစ်ထပ်တည်းနီးပါး တူအောင် ဒေါက်တာဘသောင်း တည်ထွင်ခဲ့သည့် သားအိမ်အတုကြီးက လေထဲမှာ လှုပ်ရှားစပြုနေလေပြီ။ ဒီသားအိမ်အတုကို မိခင်၏သားအိမ်ကဲ့သို့ ပြင်ပမှ အလင်းရောင် မထွင်းဖောက်နိုင်အောင် သူ ဖန်တီးခဲ့သည်။

သန္ဓေသားအား အဟာရထောက်ပံ့မှုစနစ်။ ပြန်လှည့်ကြည့်စရာမလိုအောင် ကြီးထွားဖွံ့ဖြိုးစေသည့် သားအိမ်ခေါင်းချဲ့ထွင်မှုနည်းပညာများကို သူ့အတွေ့အကြုံများနှင့် ရင်းကာ လူအစစ်၏ သားအိမ်အတိုင်း တည်ထွင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဒေါက်တာဘသောင်းအား ကမ္ဘာက သိပ္ပံဆိုင်ရာ နိုဗယ်ဆုကို ပေးအပ်ခဲ့ရသည်။ သူ တည်ထွင်ခဲ့သော သားအိမ်တုမှာ ပြောစရာဆိုလို့ တစ်ခုသာ ရှိသည်။

ထိုအရာမှာ သားအိမ်အတုသည် မိခင်၏သားအိမ်အစစ်ကဲ့သို့ သန္ဓေသား၏အနေအထားကို ဓာတ်မှန်ရိုက်ကြည့်၍ မရခြင်းပင်။ လူသားမိခင်၏သားအိမ်ကဲ့သို့ သန္ဓေသားကို မထိခိုက်စေရန် လေဆာရောင်ခြည်တန်းများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ခြင်း မရှိပေ။

***

စက်လက်တံများက လှုပ်ရှားသက်ဝင်နေသော သားအိမ်တုအား ဖြေးဖြေးခြင်းသယ်ဆောင်ကာ ကုတင်တစ်လုံးပေါ် ချပေးလိုက်သည်။ သားအိမ်တုရောက်ရှိလာသော ကုတင်အား ဝိုင်းရံကာ ဒေါက်တာဘသောင်းနှင့်အဖွဲ့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမိသည်။

ဒေါက်တာဘသောင်းက ယောင်တိယောင်ကမ်းဖြင့် လေဆာတံဆိပ်တုံးကို လက်တစ်ဖက်က ကိုင်ထားသည်။ ကျန်လက်တစ်ဖက်ဖြင့် သူ၏လက်ထောက် ပုံတူမျိုးပွားပညာရှင်ကို အချက်ပြလိုက်သည်။ လက်ထောက်ပညာရှင်က သားအိမ်တုဆီ လှမ်းသွားပြီး သားအိမ်တု၏ဘေးဘက်ရှိ အီလက်ထရောနစ်ဇစ်ကို ဖြေးဖြေးချင်းဆွဲဖွင့်လိုက်သည်။

သားအိမ်တုသည် ညှင်သာစွာ နှစ်ချမ်းကွဲသွားသည်။ သားအိမ်တု၏နံရံများသည် ကုတင်ဘေး တစ်ဘက်တစ်ချက်၌ တွဲလောင်းကျသွားသည်။ ဓာတ်ခွဲခန်းတမံသလင်းပေါ်သို့ ရေများဝေါကနဲ ထွက်ကျလာသည်။

သားအိမ်အတွင်းမှ ရေများကုန်သွားသောအခါ ကုတင်ပေါ်တွင် ကိုယ့်လက်မလေးကိုယ် စုပ်ရင်း ကွေးကွေးလေးအိပ်နေသော ကလုန်းကို မြင်လိုက်ကြရသည်။  ဘာအဝတ်အစားမှမပါ။ ကိုယ်လုံးတီးကလုန်း…။

***

“ဘယ်လိုဖြစ်တာလဲ…။ ဒါ… ဘယ်သူလုပ်တာလဲ…။ ဒါ ဘယ်သူ့လက်ချက်လဲ…။ ဖတ်… ဖတ်… ဖတ်…။ ငါတို့ထဲက ဘယ်သူ သစ္စာဖောက်တာလဲ….။ ဖတ်…. ဖတ်…. ဖတ်…”

ပါးစပ်က တစ်ဖတ်ဖတ်ဖြင့် အင်္ဂလိပ်လို ဆဲရင်း၊ သူ့တပည့်များ၏ အင်္ကျီရင်ဘတ်များကို ဒေါက်တာဘသောင်းတစ်ယောက် စိတ်ရှိလက်ရှိ ဆွဲကိုင် လှုပ်ရမ်းနေမိသည်။ ဒေါက်တာဘသောင်း ဒေါသအမျက် ချောင်းချောင်းထွက်လေပြီ။

သူ့ရည်ရွယ်ချက်များ ရေစုန်မျောလေပြီ။ သူ့မျှော်လင့်ချက်များ သဲထဲရေသွန် ဖြစ်ရပြီ။ သူမျှော်လင့်ထားသော အာဇာနည်ကလုန်း။ လူထုခေါင်းဆောင်မိတ္တူစီမံကိန်းကြီး ပြိုကျပျက်စီးခဲ့ရပြီ။ သူမှ ဒေါသမဖြစ်လျှင် ဘယ်သူ ဖြစ်မည်နည်း။

ပွက်ပွက်ဆူနေသော ဒေါသများကြားမှ ဒေါက်တာဘသောင်း သိချင်နေသည်မှာ တစ်ခုသာရှိသည်။ ဒီကိစ္စကြီးတစ်ခုလုံးကို ပျက်စီးအောင် သစ္စာဖောက်တာ ဘယ်သူလဲ။ သူသိချင်သည်။ အခု သူမြင်တွေ့နေရသော မှားယွင်းမှုက DNAမှားယွင်းမှု။ တစ်ယောက်ယောက်က DNAကိုလဲပစ်လိုက်သည်။ သို့မဟုတ် ပုံတူမျိုးပွားရမည့် DNAကို အလွဲကြီး ပေးလိုက်သည်။ မဟုတ်လျှင် လုံးဝမှားစရာ အကြောင်းမရှိ။ ယခုလို အမှားမျိုးအယွင်းမျိုး ဖြစ်ရသည်မှာ အတွင်းလူ သစ္စာဖောက်ခြင်းသာ ဖြစ်သည်။

***

ဒေါက်တာဘသောင်း သေချာစဉ်းစားသည်။ ဒီပြဿနာဟာ သူ့ ဓာတ်ခွဲခန်းမှာ ရှိသည့် တပည့်များ ဝန်ထမ်းများကြောင့်တော့ မဖြစ်နိုင်။ ဤသိပ္ပံဓာတ်ခွဲခန်းအတွက် တပည့်များ၊ ဝန်ထမ်းများကို သူကိုယ်တိုင် သေချာစီစစ်၍ လက်ခံခဲ့သည်။ ဒါ့အပြင် စီမံကိန်းစတင်သောအခါ ပါဝင်ရမည့်သူများကို သူကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ဒီမှားယွင်းမှုအတွက် တရားခံမှာ သူ့ဓာတ်ခွဲခန်းမှ လူများမဖြစ်နိုင်။

ဦးအောင်ကြီး၊ အေသီနာ၊ ငရွှေသစ်။ ဒီသုံးယောက်ထဲက တစ်ယောက်ယောက်ကများ သစ္စာဖောက်ပြီး မဟုတ်မဟတ် DNAကို ပေးခဲ့သလော။ ပြောလို့မရ။ သူတို့က အမေ့ကို ချစ်ကြောက်၊ ရိုသေကြသော်လည်း သူတို့ရရှိသော ရာထူးအခွင့်အလန်းများနှင့်ပတ်သက်၍ မတင်းတိမ်မရောင့်ရဲသော လေသံများ မကြာခဏ ထွက်တတ်ကြသည်။

သေချာစီစစ်ခဲ့သည်ဆိုပေမယ့် သူ့ဝန်ထမ်းတွေထဲကရော စိတ်ဓာတ်ရေးရာ မခိုင်မာခဲ့လျှင် အကြောင်းအမျိုးမျိုးနဲ့ သစ္စာဖောက်နိုင်သည်ကို ထည့်တွက်ရမည်။ ဒါလည်း ပြောလို့မရ။ DNAမှားယွင်းမှုအတွက် အဓိကတရားခံသည် မည်သူဖြစ်သနည်း။

***

“တောက်”

နာကျည်းခံပြင်းစွာ တောက်တစ်ချက်ခေါက်လိုက်မိသည်။ ကုတင်ပေါ်လှမ်းကြည့်လိုက်တော့ သူမျှော်လင့်တကြီး ဖန်တီးခဲ့သော အရွယ်ရောက်ပြီး ကလုန်းကြီးက ကလေးတစ်ယောက်လို မျက်စေ့မှိတ်လျှက် လက်မလေးကို တပြွတ်ပြွတ် စုပ်နေသည်။

မယုံမရဲစိတ်ဖြင့် ကုတင်နားတိုးကပ်ကာ ကလုန်း၏ မျက်နှာကို သူ တစ်ချက်ပြန်ကြည့်လိုက်သည်။ သေချာပါသည်။ ဒီသောက်ခွက်တွေကို သူတစ်သက်မမေ့။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ နိုင်ငံသားတိုင်း အတွက်လည်း ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်သည့် သောက်ခွက်ကြီးတွေ။ နောက်ပြီး ကလုန်း၏မျက်နှာက တစ်မျိုးတည်းမဟုတ်။ တစ်မျိုးစီ။ နှစ်ချမ်းဖြစ်နေသည်။

ဒီမျက်ခွက်ကြီးတွေဟာ ဒေါက်တာဘသောင်း ကြိုတင်စိတ်ကူးယဉ်ခဲ့သလို လူထုခေါင်းဆောင်၏ မျက်နှာမဟုတ်။ သူ အင်မတန် လေးစား၊ ချစ်ခင်အားကိုးခဲ့ရသည့် အမေ့၏ မေတ္တာဓာတ်ပြည့်ဝသော ရုပ်သွင်မျိုး လုံးဝ မဟုတ်။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးကို တစ်ချိန်က ဖိနှိပ်အုပ်ချုပ်ခဲ့ဖူးသည့် အာဏာရှင်ကြီးနှစ်ဦး၏ DNAနှစ်မျိုးစပ် မျက်နှာစပ်ကြားကြီး…။

***

တူးအင်ဝမ်းမျက်နှာကြီး။ မျက်နှာတစ်ချမ်းက အသားဖြူဖြူ၊ ရှည်ရှည်။ တစ်ရုတ်စပ်ပုံ။ ကျန်သည့် မျက်နှာတစ်ချမ်းက မဲမဲညိုညို၊ လေးထောင့်။ အညာသားပုံကြီး။

“ဝေါ့… ထွီ”

ထိုတူးအင်းဝမ်း မျက်နှာစပ်ကြားကြီးကို ကြည့်ပြီး ဒေါက်တာဘသောင်း၏ ရင်ထဲမှ အော်ဂလီဆန်စွာ ပျို့တက်လာသဖြင့် တံတွေးနဲ့ ထွေးပစ်လိုက်မိသည်။ တံထွေးစက်များက ကလုန်း၏ ပါးပြင်ပေါ်မှ စီးကျကာ စုပ်နေသောလက်မမှတစ်ဆင့် ပါးစပ်အတွင်း ဝင်သွားသည်။ အပြစ်ကင်းစင်သည့် ပီဘိကလေးငယ်လေး တစ်ယောက်လိုပင်။

ဒေါက်တာဘသောင်းကတော့ ဖြစ်နိုင်လျှင် သည့်ထက်ပို၍ လုပ်ချင်မိသည်။ ဖြစ်နိုင်လျှင် ထို မျက်နှာစပ်ကြားကြီးအား တစ်စစီဆွဲဖြဲပြီး သတ်ပစ်လိုက်ချင်သည်။ သို့သော် လုပ်လို့မရ။ ဥပဒေ ပြဌာန်းပြီးသွားပြီ။

အမေသည် သူ၏သမ္မတသက်တမ်းမကုန်ဆုံးခင် “ပုံတူမျိုးပွားကာကွယ်စောင့်ရှောက်ရေး ဥပဒေ”ကို လွှတ်တော်သို့တင်းသွင်းပြီး အတည်ပြုလိုက်သည်။ ထိုဥပဒေအရ ဖန်တီးထားသော ပုံတူမျိုးပွားလူမိတ္တူများကို လူသားကဲ့သို့ သဘောထားရမည်။ ခန္တာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်ထုတ်ယူခြင်း မပြုရ။ မည်သည့်အကြောင်းနှင့်မျှ သတ်ဖြတ်ခြင်းမပြုရ။ ဒေါက်တာဘသောင်း ဘာများတတ်နိုင်ပါမည်နည်း။

တွေးရင်းဖြင့် ဒေါသက တစ်ဖန်ပြန်ထွက်လာပြန်သည်။ ကုတင်ပေါ်ကြည့်လိုက်တော့ မျက်နှာစပ်ကြား အာဏာရှင်ကလုန်းကြီးက သူ့လက်မကိုသာ တပြွတ်ပြွတ် စုပ်နေဆဲ။ ကြည့်ရင်းကြည်ရင်းဖြင့် ဒေါက်တာဘသောင်း၏ ဒေါသက အထွဋ်အထိပ် ရောက်လာသည်။ ဒေါသနဲ့အတူ လက်ထဲက လေဆာတံဆိပ်တုံးကို မြှောက်၍ အာဏာရှင်ကလုန်း၏ ဖင်ပြောင်ပြောင်ကို ဗြောင်းကနဲ ရိုက်ချလိုက်သည်။

“ဂရား…”

***

ဒေါက်တာဘသောင်းခမျာ လုံးဝ ရှောင်တိမ်းပြေးလွှားချိန်ပင် မရလိုက်ရှာ။ ကလေးတစ်ယောက်လို မျက်လုံးကလေးမှိတ်ပြီး လက်မကို စုပ်နေသဖြင့် အာဏာရှင်ကလုန်းကို သူလျှော့တွက်ခဲ့မိသည်။ အမူအယာကိုကြည့်ပြီး အထင်သေးစွာ အနားကပ်သွားခဲ့သည်မှာ ဒေါက်တာဘသောင်း၏ အမှားပင်။ အာဏာရှင်ဆိုသည်မှာ ကောက်ကျစ်ဥာဏ်များတတ်သည်ကို မေ့လျော့ခဲ့မိသည်။

ဒေါက်တာဘသောင်းက လေဆာတံဆိပ်တုံးဖြင့် တင်ပါးကို အားကုန်ရိုက်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ကလေးတစ်ယောက်လို လက်မကလေးစုပ်နေသော အာဏာရှင်ကလုန်းသည် ‘ဂရား’ဆိုသော အသံနက်ကြီးဖြင့် ကုတင်ပေါ်မှ ဝုန်းကနဲခုန်ထလာသည်။ နောက်တော့ အနားတွင်ရှိသည့် ဒေါက်တာဘသောင်းကို လည်ကုတ်မှ ဆွဲကိုင်ကာ အရုပ်တစ်ရုပ်လို ဆွဲလွင့်ပစ်လိုက်သည်။ အာဏာရှင်ကလုန်းသည် နံရံနှင့်တိုက်ကာ ဘုတ်ကနဲပြန်ကျလာသော ဒေါက်တာဘသောင်းအနားကို ပြေးသွားပြီး အပေါ်မှနေ၍ ခွစီးထားလိုက်သည်။

ဒေါက်တာဘသောင်း၏ ဝန်ထမ်းများ၊ တပည့်တပမ်းများမှာ အခန်းပြင်သို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ အခန်းအပြင်ရောက်သည်နှင့် စမ်းသပ်ခန်း၏ တစ်ပေါက်တည်းသော သံမဏိတံခါးကြီးကို အပြင်ကနေ အသေပိတ်ပစ်လိုက်ကြသည်။

တစ်ဖက်က မျက်ပေါက်ကျဉ်းကျဉ်း၊ တစ်ဖက်က မျက်လုံးပြူးပြူး။ ဘီလူးသရဲထက်ပင် ထိတ်လန့်စရာကောင်းသော အဖြူတစ်ချမ်း၊ အမဲတစ်ဝက် အာဏာရှင်ကလုန်း၏ ကြောက်စရာ မျက်နှာကြီးကို ကြည့်ကာ…၊ ဒေါက်တာဘသောင်းက အလန့်တကြားပြောလိုက်သည်။

“ဟေ့ မလုပ်နဲ့… မလုပ်နဲ့…၊ ငါက မင့်အဖေ… မင့်ကိုဖန်တီးခဲ့တဲ့ကျေးဇူးရှင်…”

သူ၏တောင်းပန်စကားအဆုံးမှာ အာဏာရှင်ကလုန်း၏ ဗလုံးဗထွေး အသံဝါဝါကြီးက ကြောက်မက်ဖွယ် ထွက်ပေါ်လာပြန်သည်။

“ငါ့မှာ… အဖေမရှိဘူး…။ ကျေးဇူးရှင်လည်း မရှိဘူး…”

ထိုစကားကို ကြားသောအခါ ဒေါက်တာဘသောင်း သဘောပေါက်လိုက်ပါပြီ။ အာဇာနည် သို့မဟုတ် လူထုခေါင်းဆောင် မျိုးဆက်ပြတ်ခြင်းနှင့် အတွင်းလူများ စိတ်ဓာတ်ယိမ်းယိုင် သစ္စာဖောက်ခြင်း၏ အကျိုးဆက်အဖြစ် အာဏာရှင်ကလုန်းကို သူဖန်တီးလိုက်မိပြီ။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် အာဏာရှင်သည် တစ်ဖန်ပြန်လည် သက်ဝင်နိုးထလာလေပြီ။ သူဘာမှ မတတ်နိုင်တော့။ အာဏာရှင်တွင် အဖေမရှိ။ အာဏာရှင်တွင် ကျေးဇူးရှင် မရှိ။

ဒေါက်တာဘသောင်းတစ်ယောက် ဖြစ်လိုရာ၊ ဖြစ်စေတာ့ဟုသာ သဘောထားပြီး မျက်လုံးအစုံကိုသာ မှိတ်ထားလိုက်မိသည်။ ရွှေကိုင်းမျက်မှန်အောက်ရှိ သူ၏မှိတ်ထားသော မျက်လုံးအစုံမှလည်း ဝမ်းနဲယူကျုံးမရ မျက်ရည်စက်များ တစ်သွင်သွင် စီးကျလာလေသည်။ ပက်လက်လဲကျနေသော သူ့ခန္တာကိုယ်ပေါ်တွင် ခွစီးထားသည့် အာဏာရှင်ကလုန်း၏ဖင်ပြောင်ပြောင်တွင်မတော့ သူရိုက်နှိပ်ခဲ့သည့် လေဆာမီးစုန်း စာတန်းတစ်ခုက လင်းလက်နေတုန်းပင်…။ ထိုစာတန်းမှာ…

“ပစ္ဆာန္တရာဇ်တွင် လုပ် သည်”ဟူသတတ်…

(၂၂.၆.၂၀၁၄မှ-၂၃.၁၀.၂၀၁၄တွင် ပြီးစီး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်