ရိုးပြေပြစ်အောင် – စားကြဦးမလား ရေခဲထုပ်

September 14, 2015

ရိုးပြေပြစ်အောင် – စားကြဦးမလား ရေခဲထုပ်
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၅

(၁)
အေးမိတစ်ယောက် ပက်လက်အနေအထားကနေ ကျောထဲကပူလာတာကြောင့် တစ်ဖက်ကိုစောင်းဖို့ အားယူရင်း နှုတ်က လည်း “ဘုရား ဘုရား”လို့ တလိုက်မိတယ်။  အတော်လေး အားယူကာ လှည့်လိုက်ပြီးချိန်မှာတော့ မျက်စိကနံရံမှာ ချိတ် ထားတဲ့ ရေခဲထုပ်ရောင်းတဲ့ ဖော့ဘူးလေးဆီ ရောက်သွားတယ်။ အေးမိဆိုတာ သားနှစ်ယောက်အမေ ယောက်ျားနဲ့တန်းတူ ဒိုးတူပေါင်ဖက်လုပ်ကိုင်စားသောက်နေသူ။ ဖြစ်ချင်တော့ ဒီနှစ်ထဲမှာ လေးဘက်နာထိလို့အိပ်ယာထဲက မထနိုင်တော့ပေ။ ယောက်ျားကလည်း လေဖြန်းသလိုဖြစ်သွားပြီး ခြေထောက်တစ်ဖက်က သိပ်မသန်ချင်တော့။ လမ်းလျှောက်တာ ထော့နဲ့ ထော့ နဲ့ယိုင်တိုင် တိုင်ဖြစ်နေတော့ ရုတ်တရက်ကြည့်လိုက်ရင် အရက်မူးနေသလိုလို….ဒါပေမဲ့လည်း ဒီထော့နဲ့ ထော့နဲ့နဲ့ပဲ ရေခဲချောင်းရောင်းရင်း မိသားစုစားဝတ်နေရေး ဖြေရှင်းပေးနေသည်ကို ကျေးဇူးတင်ရသေးသည်။ သားလေးနှစ်ယောက်ရှိတာ သားကြီးက တပ်ထဲဝင်သွားတော့ သားငယ်လေးပဲ အိမ်မှာကျန်ခဲ့သည်။ ဒီနှစ်ကျောင်းဖွင့်ရင် သားလေးကသုံးတန်းတက် ရတော့မယ်။

အင်း…..ပြောမယ့်သာပြောနေရတာ….ကျောင်းဆက်ထားဖို့တောင် အဆင်မှပြေပ့ါမလားပဲ။ ကိုယ်ကလည်း အိပ်ယာထဲ လဲ နေတော့ ၀င်ငွေကနည်းရတဲ့အပြင် ဆေးခန်းကလည်းပြနေရသေးတော့ တစ်ခါတစ်ခါ ထမင်းတောင် နပ်မမှန်ချင်ဘူး။ အ ကြွေး ကလည်းယူထားတာက များ နေပြီဆိုတော့ ဘယ်သူကမှ ထုတ်မပေးချင်ကြတော့… တွေးရင်းက ပါးပြင်ပေါ်စိုစွတ် သလို ခံစားလိုက်ရသည်။ အော်…..မျက်ရည်တွေက ကျပြန်ပြီ……အေးမိက တကယ်တော့ စိတ်ဓာတ်ပျော့ညံ့တဲ့သူ မဟုတ် ပါဘူး။ ဝေဒနာဖိစီးပြီးမထနိုင်လို့သာ အတွေးတွေက များနေတာပါ။ အတွေးစကို ဖြတ်ဖို့ကြိုးစားရင်း အေးမိ ရေခဲပုံးထံမှ အကြည့်လွှဲလိုက်သည်။

အိမ်ဝင်ပေါက်ကို ကြည့်နေဆဲမှာပင် သားလေးဖိုးဇော် အိမ်ပေါ်ပြေးတက်လာသည်။ လက်ထဲမှာ ရေခဲပုံးအသစ်တစ်လုံးနှင့်…

“ဘုရား ဘုရား မကြံကောင်းမစည်ရာသားလေး ဘာလုပ်မလို့ပါလိမ့်”

အေးမိ အတွေးမဆုံးမီမှာပင် “အမေ…အေးဆေးသာနေတော့ သားနက်ဖန်ကစပြီး ရေခဲထုပ်ရောင်းတော့မယ်။ အမေ့ ဆေးဖိုးလည်းရအောင်လို့။ ကျောင်းဖွင့်တော့လည်း ကျောင်းပြန်တက်မှာပေါ့ အမေရာ”  တဲ့။

သွက်လက်လွန်းတဲ့ သားလေးက စကားတွေတရစပ်ပြောနေပေမဲ့ အေးမိမှာ ကြားတစ်ချက်မကြား တစ်ချက်။သားလေး အ သက်က ခုမှ ၈ နှစ်ထဲရောက်တာ….ဘယ်ဖြစ်မလဲ ….ဒီရေခဲပုံးကိုသားလေးနိုင်ပါ့မလား။ တစ်နေကုန်နေပူထဲလျှောက်ပြီး ပါးစပ်ကလည်း အဆက်မပြတ်အော်နေရသေးတာ…..အို……အေးမိ အတွေးမဆုံးခင်မှာပင် “အမေရယ် စိတ်မကောင်းမဖြစ်ပါ နဲ့။ အဖေလည်း မကျန်းမာတဲ့ကြားကနေ ရေခဲထုပ်ရောင်းနေရတာ။ အမေလည်း နေပြန်ကောင်းတော့ရောင်းပေါ့။ ကိုကို လည်း တပ်ထဲမှာ သူ့ဟာသူ အဆင်ပြေနေတာပဲဆိုတော့ သားတို့သုံးယောက် ရေခဲထုပ်ရောင်းကြတာပေါ့” တဲ့။  သားလေးက အရွယ်နဲ့မမျှအောင် သိတတ်လွန်းသည်မို့ အေးမိ ပိုခံစားနေရသည်။ ပါးစပ်က ဘာစကားတစ်ခွန်းမှထွက်မလာခင်ပဲ ပါးပြင် ပေါ်က ပူနွေးနွေး မျက်ရည်စတွေကို သားလေးလက်နုနုလေးနဲ့ သုတ်ပေးရှာတယ်။ အမြဲပြုံးနေတတ်တဲ့သားလေးက ငိုချင်ပေမဲ့ မငိုရှာဘူး။

“အမေရယ်… သား ရောင်းတတ်ပါတယ်။ နမူနာရောင်းပြမယ်ဒီမယ်ကြည့်” ဆိုပြီး ရေခဲပုံးကို ညာဘက် ပုခုံး စောင်းပေါ်တင်ရင်း
အေးမိခမောက်ကို ဆွဲပြီးစောင်းလိုက်တယ်။ စားပွဲပေါ်က ဂလိုင်လေးကိုလက်ကြားညှပ်လို့ ပြုံးပြုံးလေးအော်ရှာတယ်။

“ရေခဲထုပ် ရေခဲထုပ်…..စားကြဦးမလား ရေခဲထုပ်” တဲ့လေ။

ကျွန်မ ရင်တွေကွဲကြေကုန်ပါပြီ။ ကျွန်မရင်တွေ ကွဲကြေကုန်ပါပြီ။ အမေ့ရင်တွေ ကွဲကြေကုန်ပါပြီ သားလေးရယ်။
“ငါ့သားလေးရဲ့ လက်နုနုလေးတွေက ရေခဲထုပ်ရောင်းတဲ့ ဂလိုင်ခေါက်ဖို့ မဟုတ်ပါဘူးသားရယ်။ နေပူပူမှာ ခြေတိုအောင်လမ်း လျှောက်ဖို့ ငါ့သားလေးခြေဖ၀ါးတွေက ခံနိုင်ပါ့မလား။ လူအများကြားအောင် ရေခဲထုပ် ရေခဲထုပ်ဆိုပြီး အော်နေရမှာ ငါ့သား လေး ရှက်များနေမလား။ ရေခဲပုံးကို ထမ်းထားရမယ့် သားလေးပုခုံးတွေမှာ အညိုအမည်းစွဲနေမှာ အမေ မကြည့်ရက်ဘူးသား။ အမေမြင်ချင်တာကသားပုခုံးပေါ်မှာ လွယ်အိတ်လေးလွယ်ပြီး သားလက်နုနုလေးတွေက စာတွေရေးနေဖို့ပါ။ သားပါးစပ်က စာအံနေသံပဲ အမေကြားချင်တာပါ”

ရေခဲပုံးလွယ် ခမောက်ဆောင်းပြီး သနပ်ခါးအဖွေးသားနဲ့ ဂလိုင်လေးလက်ကကိုင်ပြီး ရေခဲထုပ်ရောင်းဖို့ ထွက်သွားတဲ့သားလေး ဖိုးဇော်ရဲ့ ကျောပြင်ကိုကြည့်ရင်း စီးကျလာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်မိတယ်။

(၂)
မနက်ဖန်ဆို ကျောင်းတွေဖွင့်ပြီ……… အေးမိရင်ထဲမှာ ဗလောင်ဆူနေသည်။ သားလေးဖိုးဇော် သုံးတန်းတက်ဖို့ဘာမျှကို မစီစဉ်နိုင်သေး။ ယောက်ျားဖြစ်သူခမျာလည်း မကြံတတ် မစည်တတ်တော့ အေးမိကို လေပြေသွေးရှာသည်။ “အေးမိရယ် တို့ ဒီနှစ်မထားနိုင်လည်းနောက်နှစ်တော့ ထားနိုင်အောင်ကြိုးစားကြတာပေါ့”တဲ့။

“ဖိုးဇော်လေးက စာသိပ်တော်တာ ကျောင်းဆက်ထားနော် မအေးမိ” ဆိုတဲ့ သားလေးအတန်းပိုင် ဆရာမရဲ့  မျက်နှာကိုပြေး မြင်မိသလို “အမေ…..ကျောင်းအပ်လက်ခံနေပြီဗျ” ဆိုတဲ့ သားလေးဖိုးဇော်ရဲ့ မျက်နှာလေးကိုလည်း မျက်စိထဲက မထွက်ဘူး ဖြစ်နေတယ်။ ကိုယ်ကလည်းခပ်ယဲ့ယဲ့ဆိုတော့ အိမ်ပေါ်က အိမ်အောက်ဆင်းဖို့ကို အနိုင်နိုင်။ ဘယ်လိုကြံစည်ရမလဲ စဉ်းစား ရင်း အေးမိတစ်ယောက် ခေါင်းမီးတောက်နေသည်။

ကံကြမ္မာဆိုတာကို မလွန်ဆန်နိုင်တဲ့အဆုံးမှာတော့ အေးမိကိုသနားသောအားဖြင့်ယောက်ျား ဖြစ်သူ ကပဲ သားလေးဖိုးဇော်ကို “သားလေး…..မင်းအမေကလည်း ကျန်းမာရေးကမကောင်း၊ အဖေကလည်း ကြိုးစားတော့ရှာတာပဲ။ ဒါပေမဲ့မလုံလောက်ဘူး သား။ သားကိုကိုကလည်း ပြန်မထောက်ပံ့နိုင်သေးတော့ သားလေးဒီနှစ်ကျောင်းတက်ဖို့ နည်းနည်းခက်နေတယ်။ ရှေ့နှစ်ကျ တော့ အဖေထားနိုင်အောင်ကြိုးစားပေးမယ်နော် ငါ့သား။ ဒီနှစ်တော့ ငါ့သား ကျောင်းခဏနားလိုက်ပါကွာ” လို့ ဆို့ဆို့နင့်နင့် ပြောရှာတယ်။

အေးမိတော့ သားလေးမျက်နှာကိုလည်း မကြည့်ရက် ယောက်ျားဖြစ်သူကိုလည်းမကြည့်ရက်တာကြောင့် ကျောပေးရင်းကြိတ် ငိုနေမိတယ်။ အရွယ်နဲ့မမျှအောင်သိတတ်တဲ့သားလေးက “အော်…အဖေရယ် သားနားလည်ပါတယ်။ စိတ်မကောင်းလည်း မဖြစ်ပါနဲ့။ သား နောက်နှစ်မှတက်ပါ့မယ်။ အခုတောင် သားက ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေတာအဖေရဲ့”

“ဟေ….အားမရဖြစ်နေတာ ဟုတ်လားသား”
“ဟုတ်တယ် အဖေ”

“ဘာကိုများ အားမရတာလဲ သားရယ်”
“တစ်နေ့ တစ်နေ့ ရေခဲထုပ် များများ မရောင်းနိုင်တာကိုပြောတာပါအဖေ။ သားမြန်မြန်လူကောင်ကြီးလာရင် အဖေ့လိုမျိုး ဝေးဝေးသွားရောင်းနိုင်မယ်။ အခုကျ လမ်းက ဘယ်လောက်လျှောက်လျှောက် ခရီးမရောက်သလိုပဲ။ နောက်ပြီး……..”

ပြောရင်း စကားစ ရပ်သွားတဲ့ ဖိုးဇော်လေးကို သူ့အဖေက အသာအယာဖက်လိုက်ရင်း
“နောက်ပြီး ဘာဖြစ်လဲ သား”
“အဖေ့ကိုလည်း ရေခဲထုပ်မရောင်းစေချင်တော့ဘူးလို့ ပြောမလို့ပါ”

ဖခင်ဖြစ်သူမှာ ဝေဒနာတစ်ဖက်ဖြင့် ခက်ခက်ခဲခဲလမ်းလျှောက်နေရသည်ကို ဖိုးဇော်မကြည့်ရက် မမြင်ရက်။ သူသာအပင်ပန်း ခံလိုက်ချင်သည်။ ဖခင်ကိုမပင်ပန်းစေချင်တဲ့ စေတနာလေးကြောင့် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူမှာ ပိုမိုခံစားနာကျင်နေကြရ သည်။
တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ ညလေးတစ်ည၊ ခက်ခက်ခဲခဲရှာဖွေ ထားရသည့်ထမင်းနှင့်ဟင်းကိုပင် မသုံးဆောင်နိုင်ကြ။ အတွေးကိုယ်စီဖြင့်ငြိမ်သက်နေကြသည့် အေးမိတို့ တဲလေးထဲတွင် ရေခဲထုပ်ရောင်းတဲ့ ဖော့ဗူးလေးသုံးဗူး တန်းစီချထားပြီး ခမောက်သုံးလုံး ဂလိုင်သုံးချောင်းမှာလည်း သူ့ နေရာနှင့်သူ၊ လူသုံးယောက်မှာလည်း သူ့သောကနှင့်သူ…………။

(၃)
“ရေခဲထုပ် ရေခဲထုပ်…..စားကြဦးမလား ရေခဲထုပ်”
“အစ်ကိုကြီး စားဦးမလား ရေခဲထုပ်… ရေခဲထုပ်… ဟိုဘက်က ညီမလေးရော……”

ကျောင်းဆင်းချိန်အမီ အပြေးအလွှားသွားရင်း ပါးစပ်ကလည်း တရစပ်အော်နေသည့် ဖိုးဇော်…။ ပါးပြင်က သနပ်ခါးလေးတွေ ကလည်း ချွေးနှင့်ရောကာ တစ်ဝက်တစ်ပျက်…..ခမောက်ကလည်း နှစ်လုံးပေါက်ဆောင်းထားတော့ အပေါက်အပြဲပရပွ၊ ဖိ နပ်ကလည်းနောက်မြီးတိုနေပြီ………စာသိပ်တော်ပြီး တက်တက်ကြွကြွသင်ယူလေ့ရှိတဲ့ ဖိုးဇော်၊ စာမေးရင် ထိပ်ဆုံးက ဖြေ တတ်တဲ့ ဖိုးဇော်၊ လက်ရေးလေးတွေ ၀ိုင်းနေအောင်ရေးပြီး အိမ်စာတွေအပြေးအလွှားလာလာပြတတ်တဲ့ ဖိုးဇော်၊ အတန်းပိုင် ဆရာမလေး နှင်းနှင်း မျက်ရည်စို့လာသည်။ မကြည့်ရက်တော့လို့ ဘေးပတ်ကပတ်သွားကာမှ “ဆရာမ ဆရာမ….ဆရာ မ…..” ဖိုးဇော်အော်ခေါ်ရင်း နောက်က ပြေးလိုက်လာသည်။

“ဆရာမ သားဖိုးဇော်လေ…ဆရာမရဲ့မှတ်မိလား”
“အော်…..မှတ်မိတာပေါ့သားရယ်”

“သားကို စိတ်ဆိုးနေတာလား ဆရာမရဲ့။ သား ရှေ့နှစ်ကျကျောင်းပြန်တက်မှာပါ။ ဒီနှစ်က အမေ မကျန်းမာလို့ပါ”

ဆရာမနှင်းနှင်း ဆွံ့အသွားသည်။ ဖိုးဇော်က သူ့ကိုစိတ်ဆိုးနေတယ်ထင်နေတာကြောင့် အနေရကြပ်သွားသည်။
“မဟုတ်ဘူးသား။ သားကိုစိတ်မဆိုးပါဘူး။ ဆရာမ မမြင်လို့ပါ။ ရှေ့နှစ်ကျတော့ဆရာမသားကို မျှော်နေမယ်နော်”

ဖိုးဇော်ခေါင်းငြိမ့်ပြရင်း လက်ထဲသို့ ရေခဲထုပ်လေးတစ်ထုပ် အသာထိုးပေးသည်။

“တန်ဖိုးတော့ မများပါဘူး ဆရာမ။ ဒါပေမဲ့ ရင်ထဲတော့အေးသွားမှာပါ။စားလိုက်နော်” တဲ့။ပြောပြောဆိုဆို လှည့်ထွက်သွားတဲ့ ဖိုးဇော်ကျောပြင်ကို ဘယ်လောက်ကြာကြာရပ်ကြည့်နေမိသည်မသိ။ သတိရလို့ကြည့်လိုက်တော့ ရေခဲထုပ်မှာ အရည်ပင် ပျော်နေပြီ။

(၄)
လွန်ခဲ့တဲ့ (၂) နှစ်တုန်းက ကျောင်းရှေ့မှာဖိုးဇော်ပြောသွားခဲ့တဲ့စကားလေးကို ဆရာမနှင်းနှင်း ပြန်ကြားယောင်နေမိသည်။ နောက်နှစ်ကျောင်းတက်မယ်ဆိုတဲ့ ဖိုးဇော်လေးကို ကျောင်းအပ်ချိန်ရောက်တိုင်းမျှော်နေမိခဲ့ ပြန်သေးသည်။ ဒေါ်အေးမိကို လည်း ကလေးကိုကျောင်းမလွှတ်ရကောင်းလားလို့ အပြစ်မတင်ရက်။ သူ့ခမျာ လေးဘက်နာရောဂါဝေဒနာရဲ့ နှိပ်စက်မှု ကြောင့် အတော်လေးပင် အိုစာနေပေပြီ။ ဖိုးဇော်လေးလုပ်အားခကို မှီခိုစားသောက်နေရသည့်အပေါ် သူကိုယ်တိုင်လည်း မချိတင်ကဲခံစားနေရမည် မဟုတ်ပါလား။ တစ်နှစ်က ဖိုးဇော်ကိုကျောင်းလာမအပ်လို့ အိမ်လိုက်သွားတော့ “သူများနည်းတူ ထားချင်တာပေါ့ ဆရာမလေးရယ်။ ကျွန်မ အခြေအနေကိုလည်းကြည့်ပါဦး။ သားလေးရှာကျွေးတဲ့ထမင်းကို ကျွန်မ မျိုကျ မယ်ထင်လား ဆရာမလေးရယ်။ သူရေခဲပုံးလွယ်ပြီးထွက်သွားတိုင်း ကျွန်မ မျက်ရည်ကျနေရတာပါ” ဆိုတဲ့ ဒေါ်အေးမိ စကားတွေ ပြန် ကြားနေမိပြန်သည်။

မိဘအပေါ်သိတတ်လွန်းသည့် ဖိုးဇော်ကို ကံကြမ္မာက လက်ဆောင်တစ်ခုပေးလိုက်သည်။ ကြားကြားချင်း ကိုယ့်နားကိုယ်ပင် မယုံနိုင်လောက်အောင် ဆရာမနှင်းနှင်းဖြစ်ခဲ့ရပြီး အရင်ဆုံးပြေးမြင်မိသည်က ဖိုးဇော်ရဲ့မျက်နှာလေး။ လူသားတိုင်းရဲ့ မွေး ရာပါအခွင့်အရေးတစ်ခုဖြစ်တဲ့ `ပညာသင်ယူခွင့်´ ကိုအကြောင်းအမျိုးမျိုးကြောင့် ပထမ တစ်ကြိမ်လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့
ဖိုးဇော်တို့လို ကလေးတွေအတွက် `ဒုတိယအကြိမ် ပညာသင်ယူခွင့်´ ဆိုတာ မမျှော်လင့်ရဲတဲ့အရာပါ။ အခုတော့ “ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်” ကြောင့် ဖိုးဇော်တို့လို အလုပ်တစ်ဖက်နဲ့ တစ်နေကုန်ကျောင်းမတက်နိုင်တဲ့ကလေးတွေ ကို အချိန်ပိုင်းသင်ကြားပေးဖို့ အခြေအနေကဖြစ်လာပြီ။ ဒီလိုကလေးတွေကို ပစ်ပယ်မထားဘဲ အရေးတယူရှိလှတဲ့တာဝန် ရှိသူတွေကို ဆရာမနှင်းနှင်းမေတ္တာများပင် ပို့သမိနေသေးသည်။

ဆရာမနှင်းနှင်း ခြေလှမ်းများပေါ့ပါးသွက်လက်စွာဖြင့် ဖိုးဇော်တို့အိမ်ဆီ အပြေးတစ်ပိုင်းသွားနေမိသည်။ ကြည်နူးဝမ်းသာလွန်း ၍ အသားများပင်တဆတ်ဆတ်တုန်နေသည်။ နှုတ်မှလည်း “ဖိုးဇော်ရေ မင်းကျောင်း ပြန်တက်လို့ရပြီသိလား သား…….မင်း ကျောင်းပြန်တက်လို့ရပြီ…..” ဟု ရေရွတ်နေလိုက်သေးသည်။ ထိုစဉ် နောက်ကျောဘက်ဆီက ကြားလိုက်ရတဲ့အသံလေးက “ရေခဲထုပ်………ရေခဲထုပ်….. စားကြဦးမလား ရေခဲထုပ်”တဲ့လေ။

ပညာမြင့်ပြီး လူမျိုးတင့်စေရန် ရည်ရွယ်လျက်

ရိုးပြေပြစ်အောင်
14042015 (Tue)
10:40 PM

ဓာတ်ပုံ-မင်းသီဟ(Academic Weekly Educational Journal)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

One Response to ရိုးပြေပြစ်အောင် – စားကြဦးမလား ရေခဲထုပ်

  1. San Hla Gyi on September 14, 2015 at 7:49 pm

    တော်တော်ကောင်းတဲ့ ဝတ္ထုတိုလေးပါ။ ကြိုက်လို့ လက်မထောင်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments