ကျော်မောင် (တိုင်းတာရေး) – လွမ်းမိလေသော နှဲသံ

September 15, 2015

ကျော်မောင် (တိုင်းတာရေး) – လွမ်းမိလေသော နှဲသံ
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅

တနှစ်တုန်းကဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်အစိတ်လောက်တုန်းက။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ ဇာတိမြို့လေးရဲ့ ရပ်ကွက်က လူတွေ ညောင်ရေသွန်းပွဲလှည့်ဖို့ ပြင်ကြဆင်ကြချိန်ပေါ့။ ညနေ လေးနာရီလောက်မှာ မြို့ထဲကိုလှည့်ပြီး မြို့မြောက်ဖက် စေတီနားက ဗောဓိညောင်ပင်ကို ညောင်ရေသွန်းကြမယ်။ ပါနေကြအတိုင်း ဒိုးပတ် တီးဝိုင်းနဲ့။ ဦးလေး အလတ်ဖြစ်သူက လက်သံပြောင်တဲ့ အပျော်တမ်း ဒိုးပတ်တီးသမား။ လူမမြင်ရဘဲ ဒိုးသံကြားတာနဲ့ သူတီးနေတယ် ဆိုတာ အတတ်ပြောနိုင်တဲ့ ဒိုးပတ်သမား။ သူနဲ့ အပြိုင်တွဲတီးနိုင်သူက သူတို့အရပ်မှာ ခပ်ရှားရှားဖြစ်ပါတယ်။ အပြိုင်လိုက်တီးနိုင်သူနဲ့ တီးတဲ့အခါ သူတို့ ဒိုးပတ်ဝိုင်းက အတော့်ကိုမြိုင်ပါတယ်။

သူတို့အဖွဲ့တွေ နေ့ခင်း နှစ်နာရီခွဲလောက်မှာ တီးဝိုင်း စတိုက်ပါတယ်။ ဒိုးပတ်ဝိုင်းဆိုတာမှာ ဒိုးပတ်နှစ်လုံးပါတယ်။  အမဒိုးတဲ့၊ အဖိုဒိုးတဲ့။ ခေါ်ဒိုးနဲ့ လိုက်ဒိုးလို့လည်း ခေါ်ပါတယ်။ အဲဒီတုန်းက ဒိုးပတ်တွေကို ရွှေတိဂုံဘုရား အရှေ့ဘက် စောင်းတန်းမှာရှိတဲ့ တူရိယာအရောင်းဆိုင်တွေက ၀ယ်ကြပါတယ်။ ရန်ကုန်ကို သင်္ဘောစီးပြီး တကူးတက လာဝယ်ကြရတာပါ။

မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ အရှေ့ဘက်မုခ် စောင်းတန်းလှေကားကတက်ရင် တဖက်တချက်မှာ ဒိုးပတ်တွေ အိုးစည် တွေ ချိတ်ဆွဲထားတဲ့ဆိုင်တွေ။ တခါတလေ အဲဒီဆိုင်တွေမှာ ဒိုးပတ် တချက် တချက် တီးပြီး အသံစမ်းနေကြသူတွေ၊ အိုး စည်ဝယ်မယ့်သူတွေနဲ့ စည်ကားနေကြတာတွေ ကြားခဲ့ မြင်ခဲ့ကြရမှာပေါ့။ အဘိုးက ရန်ကုန်အလည်လာ၊ ရွှေတိဂုံဘုရားဖူးပြီး အပြန်တိုင်း အရှေ့ဘက်မုခ် စောင်းတန်းကနေ ဒိုးပတ်သေးသေးလေး တလုံးဖြစ်ဖြစ်၊ အိုးစည်သေးသေးလေး တလုံးဖြစ်ဖြစ် ၀ယ်သွားလေ့ရှိပါတယ်။ နယ်မှာ သူတို့နဲ့အတူနေတဲ့ သူ့မြေးလေး တီးဖို့အတွက်ပါ။ တခေတ်တခါကလို့ပဲ ဆိုပါရစေ။

ဒိုးပတ်ဝိုင်းမှာ လင်းကွင်းနဲ့ ၀ါးလက်ခုပ် ပါပါတယ်။ ၀ါးလက်ခုပ်က ၀ါးကြီးကြီးတလုံးကို ၀ယ်တာလား သွားခုတ်ပြီးယူလာကြ တာလားမသိ။ အဲဒါကို သူတို့ဘာသာ ၀ါးလက်ခုပ်ဖြစ်အောင် ဓါးမနဲ့ ဟိုခုတ် ဒီခုတ်လုပ်ပြီး သေသေချာချာ အချောသပ်လုပ်ကာ တီးတာတွေ့ရပါတယ်။ နှဲ၊ ပလွေ ပါပါသေးတယ်။ နှဲသမား ကိုကံကြီးမှာ နှဲတလက်ရယ်၊ ပလွေတလက်ရယ် အမြဲတမ်းပါ တယ်။ နှဲသုံးရင် ပလွေကို ပုဆိုးခါးကြားမှာ ထိုးထားတယ်။ ပလွေသုံးရင် နှဲကို ထိုးထားတယ်။

ကိုကံကြီးက ဒိုးပတ်ဝိုင်းရဲ့ လက်စွဲနှဲသမား။ ရပ်ကွက်ထဲ အလှူခံပဲထွက်ထွက်၊ ရှင်ပြုအလှူပွဲမျိုးမှာ တီးတီး၊ အိမ်တအိမ်မှာ စုပြီး အပျော်ပဲတီးကြတီးကြ သူ ပါပါတယ်။ ကျန်သူတွေ လူသာ ပြောင်းတီးကြမယ်။ နှဲသမားက မပြောင်းပါ။  နှဲသံကြီးကွာ နားငြီးလိုက်တာလို့ ဘယ်သူမှ မပြောကြ။ တခါတလေ ဒိုးပတ်ဝိုင်းမှာ သူမပါရင် တခုခုလိုနေသလိုဖြစ်တယ်လို့ နားထောင်တဲ့ သူတွေ ပြောကြပါတယ်။ ဒိုးဝိုင်းမှာ  နှဲသံ ပလွေသံ မကြားရရင် အဘိုးက ကွမ်းစားရင်း အဖွားကို ဒီလို လှမ်းပြောတတ်ပါတယ် “ဒို့နှဲဆရာတော့ အနောက်ပိုင်းရောက်နေပြီ ထင်တယ်”။ ဘုံဆိုင်အများစုက ရပ်ကွက်အနောက်ပိုင်းမှာ ရှိတာပါ။

နှဲဆရာ ကိုကံကြီးက နှဲမမှုတ်ရတဲ့အခါ တခွက်တဖလားမက မော့လေ့ရှိပါတယ်။ သူက စည်းထားပါတယ်။ ဒိုးပတ်ဝိုင်းနဲ့ တီးမယ်ဆိုရင် မတီးခင် သောက်စားထားလေ့မရှိပါ။ သူပြောလေ့ရှိပါတယ်။ ဒိုးပတ်ဝိုင်းက တခြားသူတွေကိုပါ။ “မင်းတို့က လက်နဲ့တီးရတဲ့သူတွေ၊ ငါက ပါးစပ်နဲ့တီးရတာဖြစ်တော့ တော်တော်ကြာသောက်ထားရင် ငါ့နှဲကြီး ယမကာသံ ထွက်နေမှာ ပေါ့” တဲ့။ နှဲ၊ ပလွေ မှုတ်ပြီးသွားပြီဆိုမှ စိတ်ကြိုက်သောက်လေ့ရှိသူပါ။ တီးမှုတ်ပြီးတဲ့အခါ သူ့ကို ကဲ ကိုကံကြီးရေ ဆုချသဗျလို့ ရပ်ကွက်ရှိ လူကုံထံတွေက ပေးလိုက်ကမ်းလိုက်ရင် သူ့မှာ ပြုံးလို့ ရွှင်လို့။ ပြီးတော့ နှဲ နဲ့ ပလွေကို အိတ်သေးသေးနွမ်းနွမ်းလေးထဲထည့်သိမ်းပြီး ဘုံဆိုင်ပြေးတာပါပဲ။ နှဲသမား ကိုကံကြီး မပါတဲ့အခါ ဘာဂျာသမားနဲ့ တီးကြပါတယ်။ ကိုကံကြီးက နတ်ကနားပွဲလေး ဘာလေးမှာ နှဲအစွမ်းပြနေပြီ ဆိုရင်ပေါ့။

ဒါနဲ့ အရိုင်(အယိုင်)တီးကြရောဆိုပါတော့။ အရိုင် ဆိုတာ ဘာသီချင်းမှ မဆိုဘဲ၊ သီချင်းတပုဒ်ပုဒ်ရဲ့ တီးလုံးကို မတီးဘဲ ဒိုးစမ်းတာပါပဲ။ “ပတ်ဗောင်ဗောင် ပတ်ဗောင်ဗောင်” ဆိုပြီး ခေါ်ဒိုးက အရိုင်ဒိုး စခေါ်။ “ဗြေဗြေ ဗြေဗြေ ၊ ဗေဗေ တူးတူး ဗေဗေ တူးတူး” မှာ လိုက်ဒိုးက လိုက်တီး။ ပြီးရင် “တူးပေါင်း တူးဗြေ တူးပေါင်း တူးဗြေ” နဲ့ တီးနေတဲ့အချိန် နှဲသမားက စ၀င်ရပါတယ်။ နောက်က ၀ါးလက်ခုပ်နဲ့ လင်းကွင်းက လိုက်ပေးရပါတယ်။ အဲဒီ အရိုင်တီးပြီးခါမှ သီချင်းတပုဒ်ပုဒ်က တီးလုံးတွေကို တခါတည်း ဆက်တီးကြပါတယ်။ ရပ်ကွက်ထဲက မိုက်ခဲတွေက တလှည့်စီ မိုက်ခဲကြပေါ့။ ဒိုးပတ်တီးတာ မသွက်ကြတော့ဘူးလို့ ထင်ရင် အရိုင်ခေါ်ပြီး ဒိုးပတ်ဝိုင်းကို ပြန်မြူးအောင် လုပ်ပါတယ်။ ဒါ ဦးလေးတို့ ဒိုးပတ်ဝိုင်းရဲ့ ဒိုးတီးဟန်ပါ။

အဲဒီနေ့က တီးဝိုင်းတိုက်တဲ့အခါ သစ်သားကြမ်းပြင်ပေါ်မှာဖြစ်လို့ ဒိုးပတ်သမားနှစ်ယောက်က ထိုင်တီးကြတယ်။ ထိုင်တီးတဲ့ အခါ ဒိုးပတ်ကို ငြိမ်နေအောင် ခြေတဖက်က ဒိုးပတ်ပေါ်မှာ ခွထိန်းရင်း အားပါးတရတီးကြလေ့ရှိပါတယ်။ တချို့က မုဆိုးဒူး ထောက်ပုံစံထိုင်ကာ ညာဖက်ဒူးခေါင်းနဲ့ ဒိုးပတ်ကိုအသာလေးဖိထားရင်း တီးပါတယ်။ ညောင်းရင် ဒူးတဖက်ပြောင်းဖိပေါ့။ အဲဒီတုန်းကလည်း ဦးလေးနဲ့ သူ့သူငယ်ချင်းက မျက်နှာချင်းဆိုင် ဒိုးပတ်ချင်းဆိုင်ပြီး ဒူးခေါင်းတဖက်စီက ဒိုးပတ်တွေကို ထိန်းထားကာ အားနဲ့မာန်နဲ့ တီးကြပါတယ်။ လင်းကွင်းနဲ့ ၀ါးလက်ခုပ်သမားနှစ်ယောက်မှာ လင်းကွင်းသမားက အနီးအနား ကုလားထိုင်မှာထိုင်တီးပြီး၊ ၀ါးလက်ခုပ်သမားက မတ်တပ်ရပ်တီးပါတယ်။ နှဲသမား က စားပွဲခုံရှည်ပေါ်မှာ တင်ပါးလွဲထိုင်ကာ နံရံကိုဘေးတိုက်မှီပြီး တီးကြ မှုတ်ကြပေါ့။ဒိုးပတ်ဝိုင်းနဲ့ ကဖို့ ဦးရွှေရိုးနဲ့ ဒေါ်မိုးလုပ်မယ့်သူတွေက ပြင်ကြဆင်ကြတုန်း။

တနာရီလောက် အားပါးတရ တိုက်ပြီးချိန်မှာ ကဲ လူစုံပြီးလားဟေ့ ဆိုပြီး ညောင်ရေသွန်းပွဲတော် လှည့်ကြဖို့ စီစဉ်ကြသပေါ့။ ဦးရွှေရိုး နဲ့ ဒေါ်မိုးလည်း အဆင့်သင့်ဖြစ်နေပါပြီ။ သူတို့လည်း ဒိုးပတ်ဝိုင်းနဲ့ သုံးလေးခါ ထပ်တိုက်လိုက်ကြပါတယ်။ သူတို့ကို ဆုချတဲ့သူတွေကလည်း ချပေါ့။ ညောင်ရေအိုးရွက်မယ့် ကလေးမတွေ အသင့်ဖြစ်ရင် ထွက်ကြမယ်ဟေ့လို့ ပြောချိန်မှာ နှဲသမားက ၀ါးလက်ခုပ်သမားကို တိုးတိုးကပ်ပြောနေတာ မြင်လိုက်ရပါတယ်။ နောက်တော့ နှဲသမားကို ဒိုးပတ်ဝိုင်းထဲက တယောက်ကနေ တခုခု လှမ်းပေးလိုက်တယ်။ မြင်ဖြစ်အောင် မြင်လိုက်တာက ပိုက်ဆံပါ။ နှဲသမားလည်း ပိုက်ဆံကို လိပ် ၊ ခါးကြားထဲ ညှပ်ကာ၊ တဖက်မှာ နှဲ ပလွေ ထိုးထည့်ပြီး တံခါးပေါက်ကနေ နှုတ်မဆက်ဘဲ ထွက်သွားပါတော့တယ်။

ရန်ကုန်သားလို့အခေါ်ခံရတဲ့ ကျနော်က ဦးလေးကို ကပ်ပြီး မေးလိုက်မိတယ်။

“နှဲသမားက မလိုက်ဘူးလား၊ သူလိုက်ရမှာလေ၊ သူက ဘယ်သွားတာလဲ”

ဦးလေးက နှုတ်ဖြင့် မဖြေ။ အပြင်ဖက်လမ်းမပေါ်မှာ ရေအိုးကိုယ်စီရွက်ကာ ပိုက်ကာ ၀တ်ကောင်းစားလှကိုယ်စီဖြင့် တန်းစီ နေကြတဲ့ အပျိုတသိုက်နောက်က ဆိုက်ကားဆီကိုသာ ဒိုးပတ်ကို ပတ်စာကပ်ရင်း မေးဆတ်ပြပါတယ်။ ဆိုက်ကားပေါ်မှာ အော်ဂင်လို့လည်းခေါ်တယ်၊ ထုတ်လုပ်တဲ့အမှတ်တံဆိပ်ကို အစွဲပြုပြီး ကက်စီယိုလို့လည်း ခေါ်တဲ့ တူရိယာကြီးက ၀င့်ဝင့် ကြွားကြွား။ ဘယ်သူတီးမှာလည်း မေးတော့ တီးမယ့်သူ လာလိမ့်မယ်ဆိုပြီးပြောပါတယ်။

လေးနာရီတိတိမှာ ကဲ စထွက်ကြမယ်ဟေ့လို့ လူကြီးတယောက်က ဆော်သြတော့ အားလုံးလှုပ်လှုပ်ရွရွနဲ့ ဖြစ်ကုန်ပါတယ်။ အဲဒီအချိန်မှာ တီးဝိုင်းသမားတွေဆီကို လူငယ်တယောက်အပြေးလေးလျှောက်လာပြီး ပြောတယ်။ “ဟိုလူက သူမလာနိုင်တော့ဘူးတဲ့။ တခြားရပ်ကွက်ကလူတွေ ကျနော်တို့ထက် ပိုပေးပြီး ခေါ်သွားတာဖြစ်မယ်။ ဘယ်လိုလုပ်ကြမလဲ၊ ဒီမှာလည်း ကက်စီယိုက ငှားထားပြီးသား”

“ဟေ့ ဒါဆို ကံကြီးကို ပြန်သွားခေါ်ကွာ။ သူ့နှဲပဲ ပြန်သုံးရတော့မယ်။ “ ဘာဂျာသမား ဉာဏ်ကြီးက ဆုံးသွားခဲ့တာ မကြာသေး။

“အာ .. သူက အခုအချိန်ဆို အနောက်ပိုင်းမှာ ကောင်းနေလောက်ပြီ။ တကယ်က သူလိုက်ချင်တာဗျ၊ ကက်စီယိုပါတယ် ပြောလိုက်တာ၊ ဒါဆိုလည်း တီးဝိုင်းတိုက်ပြီးသွားရင် သွားချတော့မယ်ဆိုတာနဲ့ ကျနော်တို့လည်း တလုံးဖိုးလောက် ပေးလိုက် ကြတာ၊ သူ လိုက်မတီးရလို့ စိတ်မကောင်းတောင်ဖြစ်သွားတယ် ထင်တယ်”

“တတ်နိုင်တော့ဘူးကွာ၊ အချိန်လည်း အတော်လင့်နေပြီ၊ နှဲလည်း မပါ၊ ကက်စီယိုလည်း မပါနိုင်တော့ဘူးပေါ့၊ မင်းတို့ငှားလာ တာ မြို့ထဲက မဟုတ်လား၊ ဒီလိုပဲ ဆိုက်ကားပေါ်တင်သွားပြီး အပြန်ကြတော့ ၀င်ပေးလိုက်ကြတာပေါ့”

ဒီလိုနဲ့ နှဲသံမပါ၊ အော်ဂင်သံမပါသော ဒိုးဝိုင်းအဖွဲ့နှင့် ညောင်ရေသွန်းပွဲလှည့်ကြပါတယ်။ အော်ဂင်ကြီးက ဆိုက်ကားပေါ်မှာ တီးသူမဲ့ပေမယ့် အခန့်သား။ ဒါပေမယ့် ဒိုးပတ်ဝိုင်းကံကောင်းခဲ့ပါတယ်။ ရပ်ကွက်အထွက် ညောင်ပင်ကြီးအောက် အရောက် စက်ဘီးပြင်နေတဲ့ ပိန်ပိန်ပါးပါးလူတယောက်က ဆိုက်ကားပေါ်ရှိ တီးသူမဲ့ တူရိယာကြီးကို စိတ်မကောင်းစွာ ကြည့်ရင်း သူလိုက်တီးပေးပါမယ် သူကျွမ်းကျွမ်းကျင်ကျင်တီးတတ်ပါတယ်လို့ ဆိုကာ ဒိုးပတ်ဝိုင်းနှင့် လိုက်ကာ အော်ဂင်လိုက်တီးပေးပါ တယ်။

မှတ်မှတ်ရရ အဲဒီနေ့က ဒိုးပတ်ဝိုင်းမှာ ပင်တိုင်ထားကာ တီးကြဆိုကြတဲ့ သီချင်းက “အလုပ်သမားနေ့ကို ဒို့ကြိုပါသည်။ သူနဲ့ ကျနော်နဲ့ တွေ့ရတာ ၀မ်းသာလှသည်” ဆိုတဲ့ သီချင်းကို “ညောင်ရေသွန်းပွဲနေ့ကို ဒို့ကြိုပါသည်။ သူနဲ့ ကျနော်နဲ့ တွေ့ရတာ ၀မ်းသာလှသည်” လို့ စာသားပြောင်းဆိုပြီး တီးကြတာဖြစ်ပါတယ်။

အော်ဂင်သံ ဘယ်လိုပင်ဆန်းဆန်း တီးတဲ့သူဘယ်လောက်ပင် ကောင်းကောင်း ဒိုးပတ်ဝိုင်းနဲ့သာ လိုက်ဖက်တဲ့ နှဲသံကိုသာ တမ်းတမိခဲ့ပါတယ်။

အဘိုးတယောက် အော်ဂင်သံကြားရင် “ဒို့နှဲဆရာတော့ အနောက်ပိုင်းရောက်နေပြီ ထင်တယ်” လို့ အဖွားကို လှမ်းပြောနေပြီ လား မသိ။ နှဲသမား ကိုကံကြီးလည်း ရေချိန်ကိုက်ပြီး အိပ်မက်ထဲမှာ ဒိုးပတ်ဝိုင်းနဲ့ အဖွဲ့ကျနေလောက်ပြီထင်။ နှဲချောတော့ တယောတဲ့။  ။

ကျော်မောင်(တိုင်းတာရေး)
၁-မေ-၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်