ညီပုလေး – တပည့် ညီပုလေး

September 17, 2015

ညီပုလေး – တပည့် ညီပုလေး
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅

အမှန်အတိုင်း ဝန်ခံရရင်တော့ ကျွန်တော်ဟာ လူရှေ့သူရှေ့မှာ စကားပြောရမှာ အလွန်ကြောက်တတ် သူတစ်ဦးပါ။ ဖခင်၊ မိခင်၊ ကဗျာဆရာကြည်အောင်၊ ကဗျာဆရာကိုလေး (အင်းဝဂုဏ်ရည်) တို့ရဲ့ စာပေဟော ပြောပွဲကို ‘စာပေလိုက်စားသူ’ အဖြစ်နဲ့လိုက်ပြီး နားထောင်ဖူးတယ်။ ဒီပြင် ဆရာ၊ ဆရာမတွေရဲ့ ဟောပြော ချက်တွေကိုလည်း နားထောင်ပြီး အားကျမိ တယ်။

ကွယ်လွန်ရှာပြီဖြစ်တဲ့ ကဗျာဆရာ ကြည်အောင်က “ဟေ့ကောင် ကိုညို၊ မင်း ငါတို့နဲ့ တကောက်ကောက်လိုက်နေတာ၊ မင်းကိုယ်တိုင်လည်း ဟောပြောဖို့ စီခြောက်ဆယ် တစ်ခွေစာလောက်တော့ ပြင်ဆင်ထားဦး၊ တစ်ပွဲမကြုံ တစ်ပွဲကြုံရမှာ။ လက်တွေ့ကျမှ ခွေးအကြီး လှည်းနင်းသလို ဖြစ်နေဦးမယ်” တဲ့။ ဆရာကြည်အောင်က စေတနာနဲ့ ပြောပါတယ်။ အဲဒီခေတ် က ကက်ဆက်ခေတ်လေ။

ဆရာတို့ ဘယ်လိုပြောကြပါစေ၊ ဟောပြောပွဲနဲ့ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး၊ ငြင်းလို့ရတာပဲ။ ဒီလိုတွေးပြီး ဘာသဘာသာ နေမြဲနေခဲ့တယ်။

ကျွန်တော် ၁၉၉၂ ခုနှစ်မှာ ထောင်ကျတယ်။ ထောင်ထဲမှာ လူမျိုးစုံနဲ့ ဆက်ဆံဖြတ်သန်းရတယ်။ အင်း စိန်ထောင် ဒုဆောင် ၄ ခန်းမှာ နေရခိုက် ညတိုင်းမှာ စကားဝိုင်းတွေ ဖွဲ့ကြတယ်။ ဘာအလုပ်မှ မရှိကြပဲကိုး။ စာ လည်း မဖတ်ကြရ၊ ရုပ်မြင်သံကြားလည်း မရှိ။ အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ အဝေးကြီး။ အဲဒီအခါ လူငယ်တွေနဲ့ စကား ဝိုင်းဖွဲ့ဖြစ်တယ်။ သူတို့ဆီက ဘာကြားရမလဲ။ ဒီနေ့ လူငယ်တွေဟာ ဘယ်လိုလူငယ်တွေလဲ၊ သူတို့ ရင်ခုန်သံ၊ ခေတ်ကို သူတို့ ဘယ်လိုပွတ်တိုက်ကြသလဲ။ ခေတ်ကရော သူတို့ကို ဘယ်လိုတိုက်စားသလဲ။ ကျွန်တော်သိ ချင်တယ်။

ကျွန်တော်ရေးနေတဲ့ ဝထ္ထုတွေဟာ တုက်ကောက်သံ ထွက်နေတယ်။ နံ့သာဖြူ၊ ကရက်မက်နံ့ သင်းတယ်။ ဒူလာရောဂါနဲ့ သွေးဆုံးကိုင်တဲ့ ဝထ္ထုတိုတွေများသတဲ့။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က လူအို လူမင်းတွေအကြောင်းက ဖယ် ထွက်ပြီး လူငယ်နောက်ခံဝထ္ထုရေးဖို့ တိုက်တွန်းဖူးတာ ပြန်ကြားယောင်မိတယ်။ ဒီစကားဝိုင်းတွေထဲကို အစကတော့ လူငယ် တွေနဲ့ချည်း စတာပေမယ့် ပြောကြဆိုကြတာတွေဟာ လွမ်းမောစရာတွေလည်းပါ၊ ဟာသ ရသတွေလည်းပါ၊ ရွှင်လန်းစရာ၊ တက်ကြွစရာတွေလည်း ပါလေတော့ နိုင်ငံရေးမှုတွေတင်မကဘဲ ရာဇဝတ်မှုကျခံသူတွေပါ ပါဝင်လာကြတယ်။ စကားဝိုင်း တွေမှာ ညတိုင်း ကျွန်တော် ရေငုံ နှုတ်ပိတ်နေတာတော့ မဟုက်ဘူး။ တစ်ခွန်း၊ နှစ်ခွန်း ဝင်ပြောမိတယ်။

ထောင်ထဲနေခဲ့ရတဲ့ နှစ်တွေမှာ ကျွန်တော့်ကို စာရေးတဲ့သူလို့ သိတဲ့လူ နည်းတယ်။ သိတဲ့အခါမှာတော့ ကျွန်တော်ရေးခဲ့တာ ဘယ်လိုစာတွေတုန်း သိချင်ကြတယ်။ သူတို့ဖတ်မှ မဖတ်ဖူးပဲကိုး။ သူတို့ကို ပြောပြဖို့ ဝိုင်းပြောကြတယ်။  တကယ်တော့ ကိုယ်ရေးတဲ့ဝထ္ထု ကိုယ်ပြန်ပြောရတာကိုပဲ အဆင်မပြေဘူး။ ဇာတ်လမ်းကျောရိုးပဲ ပြောနိုင်တာ။ သိပ်ပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့၊ ဖွယ်ဖွယ် ရာရာ မပြောနိုင်ဘူး။ သိပ်မမှတ်မိတာလည်း ပါတယ်။ သူတို့  ကျွန်တော့်ကို စာရေးသူတစ်ယောက်ဆိုတာ သံသယဖြစ် နေကြရတယ်။ ကျွန်တော် စကားအပြောမကောင်းတာ၊ မတတ်တာကြောင့်ပဲ။ ပရိတ်သက်က တဖြည်းဖြည်းများလာတော့ တန်းစီးတွေ၊ ဘာယာတွေ၊ အခန်းလူကြီးတွေ မသိမသာရော သိသိသာသာပါ အာရုံစိုက် နားစွင့်ကြတယ်။ ဒီလူစုလူဝေးကြီး တွေ ဘာလုပ်ကြတာလဲ။ (၅) ညတွေရော၊ ခရ (၁) တွေ စုဝေးပြောဆိုနေကြတာ။ ထောင်ထဲမှာ ငါးယောက်ထက်ပိုပြီး လူမစုရဘူးဆိုတာ မသိရော့သလား။

ထောင်အာဏာပိုင်တွေရဲ့ အစွယ်အပွားတွေ နောက်တော့ ဒီလူစု ဘာတွေပြောဆိုနေကြတယ်ဆိုတာ သဘောပေါက်သွားကြ တယ်။ သူတို့လည်း ဒီလိုပြောဆိုကြတာကို နားထောင်ချင်ကြတယ်။ ဟောဒီပရိတ်သက်ဟာ ဒီအခန်းထဲက ဘယ်မှ ထွက် ပြေးလို့မရတော့ ကိုယ်ပြောချင်တာ သူတို့နားဝင်အောင်၊ ခံစားနိုင်အောင် ပြောဖို့လိုတာပဲ။ သူတို့ ကဗျာကြိုက်ကြတယ်။ အထူးသဖြင့် ကာရံပါတဲ့ ကဗျာ၊ စကားလုံးတွေလှပတဲ့ ကဗျာ၊ အဖွဲ့ အနွဲ့ကောင်းတဲ့ကဗျာ သူတို့ နားထောင်ချင်ကြတယ်။ သူတို့ ရယ်စရာ ပုံတိုပတ်စတွေ ကြိုက်ကြတယ်။ အထူးသဖြင့် ကာလသားကြိုက် ရယ်စရာ ပုံတိုပတ်စတွေ၊ ဝထ္ထတိုတွေလည်း ကြိုက်ကြတယ်။ အထူးဖြင့် ဇာတ်လမ်း ပါတဲ့ ဝထ္ထုတိုတွေ ပရိသတ်ကြိုက်တယ်။ ဇာတ်လမ်းမပါရင် သိပ်မကြိုက်ချင်ကြဘူး။

အတူနေကြရတဲ့ ရက်တွေက အကြာကြီး မဟုက်လား။ အများစုက ဝိုင်းပြောကြလို့ ကျွန်တော် ခေါင်း စဉ်တပ်ပြီး စကား တွေပြောဖို့ အကြောင်းဖန်လာတယ်။ အကသ၊ ရကသ၊ ဗကသ ကျောင်းသားလူငယ်တွေ  မြှောက်ပေးတာလည်း ပါတယ်။ ကျွန်တော်လည်း ဖျစ်ညှစ်ပြောရင် ရမယ်ထင်တယ်။ ဒါနဲ့ လက်ခံလိုက်မိတယ်။

ခေါင်းစဉ်လည်း သိပ်စဉ်းစားမနေပါဘူး။ လွယ်လွယ် စိတ်ကူးတည့်သလို ပေးလိုက်မိတာပဲ။ ‘ယဉ်ကျေးမှုအသစ်များကို မိတ် ဆက်ခြင်း’ ဆိုတဲ့ ခေါင်းစဉ်ပေးလိုက်တယ်။ စိတ်ကူးက အပြင်မှာဖတ်ခဲ့ဖူးလို့ စွဲနေတဲ့ဝထ္ထုတွေ ပြန်ပြောမယ်။ ကိုယ်တိုင် ရေးခဲ့တဲ့ ဝထ္ထုတချို့ပါမယ်။ ဆရာ ဝင်းစည်သူ၊ ဂျိုဇော်၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ မခင်လေး (ရန်ကုန်တက္ကသိုလ်)၊ မကို၊ ပိုင်စိုးဝေ၊ ကျော်စွာထက်တို့အပြင် ဆရာထင်လင်း၊ ဆရာ မြသန်းတင့်၊ ဆရာမ ခင်ဆွေဦး၊ ဆရာမ ခင်နှင်းယု၊ မိုးမိုး၊ မစန္ဒာ …. တို့ရဲ့ ဝထ္ထုတို မှတ်မိသလောက် ပြန်ပြောမယ်။ ဒီလိုစိတ်ကူးနဲ့ ရွေးချယ်တာ။

သိပ်တော့ မဆိုးလှဘူး။ အနုပညာ မိုးခေါင်ရပ်ဝန်းဒေသဆိုတော့ လူအများ စိတ်ဝင်စားကြတယ်။ အစပိုင်းမှာ ကျွန်တော့ နှုတ်ကဆွံ့တယ်။ တချို့နေရာ နည်းနည်းထစ်တယ်။ လေယူလေသိမ်းကလည်း တစ်သမတ်တည်းမို့ နည်းနည်း ပျင်းစရာ ကောင်းချင် ကောင်းနေမယ်။ တစ်ရက်ပြီးတစ်ရက် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာတယ်။ မိတ်ဆွေတွေရဲ့ သိချင်စိတ်တွေ ဘယ်နေရာမှာရပ်ထားပြီး မနက်ဖြန် ဆက်၍မျှော် လုပ်ဖို့ကောင်း မယ်ဆိုတာတွေ သိလာတယ်။ ညနေတန်းပိတ်လို့ လူပေါင်း မှတ် တန်းစီချိန်မှာ ကြိုစဉ်းစားတတ်နေပြီ။

ဟောပြောပွဲတွေမှာ ကျွန်တော်ဟာ ဆရာညီပုလေးမဟုက်ဘူး။ တပည့်ညီပုလေးပါလို့ ပြောတတ်တယ်။  ဒီလိုပြောတာကို တချို့က မကြိုက်ဘူး။ နှိမ့်ချလွန်းတယ်လို့ အောက်မေ့ကြတယ်။

ကျွန်တော့မှာ သင်စရာ၊ တပည့်ခံစရာတွေကို ပြည့်လို့။ ဆရာဆင့်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူး။ ကျွန်တော် မသိတာတွေ တစ်ပုံတစ်ခေါင်းကြီး။ ကျွန်တော်မတတ်တာတွေ အနတဂ္ဂမ။ ကျွန်တော် မကြားဖူးတာတွေ အများကြီးမဟုက်လား။

ကျွန်တော်နဲ့ တစ်ကြမ်းတည်း အိပ်ခဲ့တဲ့လူတွေဆီက ဘိန်းစား၊ ခါးပိုက်နှိုက်၊ လူဆိုး၊ သူခိုး၊ ဓားပြ၊ မုဒိန်း …. တွေဆီက ကျွန် တော် သင်ယူတယ်။ တပည့်ခံတယ်။ မှတ်သားတယ်။ သူတို့ဆီက လုပ်ဟန်တွေ၊ ဝေါဟာရ တွေ၊ ခံစားမှုတွေကို ကျွန်တော် သင်ယူရတယ်။ ဒါမှလည်း ဒီလို ဇာတ်ကောင်တွေရဲ့အကြောင်းကို ဝထ္ထုပြန်ရေးတဲ့အခါမှာ သရုပ်မှန်မှာ စာဖတ်သူရင်ထဲ ထိထိရောက်ရောက် ရှိမှာလေ။

ဥပမာ ‘ ……….’ ကိုတော့ ကြည့်မရတော့ဘူးကွာ၊ မနက်ဖြန်ကျရင် ဒီကောင့်ကို ငါ မြနဲ့ ကလိလိုက်မယ်။

မြနဲ့ ကလိမယ်ဆိုတာ လူဆိုတွေရဲ့ အထာစကားနဲ့ ပြောတဲ့စကား။ ဓားနဲ့ ထိုးမယ်လို့ ပြောတာမျိုး။ ဒါ မျိုး ကျွန်တော်ကြိုက်တယ်။

နွားခိုးတွေနဲ့ တွေ့တော့လည်း နွားဘယ်လိုခိုးသလဲ မေးတယ်။ နွားတွေမှာ လလောက်တွေနဲ့၊ အိမ်ရှင်၊ နွားရှင်မသိအောင် ဘယ်လိုခိုးသလဲ။ တချို့ရွာတွေမှာ ဓားတွေ၊ လှံတွေကိုင်ပြီး ကင်းစောင့်ကြရတဲ့အထိ နွားခိုးက သောင်းကျန်းတယ် ဟုက် လား။

“အစ်ကိုရယ် နွားခိုးတာ လွယ်လွယ်လေး၊ ခလောက်ပါတဲ့ နွားအနားမှာရှိတဲ့ ကောက်ရိုးယူ၊ နွားချေးနဲ့ လူး၊ ခလောက်ထဲ သွပ်လိုက်တော့ ဘယ်နွားခလောက်က မြည်ဦးမှာလဲတဲ့”။

ကျွန်တော် ပရိသတ်ကို နွားခိုးနည်းလမ်းညွှန်တယ်လို့ မထင်စေချင်ဘူး။ ကိုယ့်နွားကလေးပါမသွားရအောင် ကာကွယ်ဖို့ပါ ဆိုတာမျိုး နောင်အလျဉ်းသင့်တော့ ကျေးလက်စာပေဟောပြောပွဲတွေမှာ ပြောရတယ်။

အင်းစိန်ထောင်၊ သရက်ထောင်တို့မှာ နေခဲ့ရရင်တော့ အောက်အရပ်ကရော၊ အညာက ဓလေ့တွေပါ သိရ မှတ်ရတယ်။ ကျွန်တော့ကို လူလို့ မြင်နေကြရပေမယ့် တကယ်တော့ ဇရပ် ကြမ်းပိုးတစ်ကောင်ပါ။ ဇရပ် ကြမ်းပိုးဆိုတာ ဝမ်းအမြဲပြည့်နေတာ မဟုက်ဘူး။ ဇရပ်ပေါ် လူတစ်ယောက်ယောက် လာထိုင်မှ  အဲဒီလူရဲ့တင်ပါးကို ပြေးပြီး သွေးစုပ်ရတာ။ အဲဒီလူဟာ အသားဖြူ ချင်ဖြူမယ်၊ မည်းချင်မည်းမယ်။ ဒါပေမယ့် အသား အဖြူအမည်း ရွေးခွင့်မရှိဘူး။ ရတုန်းလာတုန်း ပြေးပြီးသွေး စုပ်ရတာ။ ဇရပ်ပေါ်လာထိုင်သူဟာ နူချင်နူ၊ ရွဲချင်ရွဲမယ်။ ဒါပေမယ့် အရိုးများသလေး၊ ချေးခါးသလေး ဇရပ်ကြမ်းပိုးမှာ လုပ်ခွင့်မရှိဘူး။ ဇရပ်ပေါ် တင်ပါးလာချခိုက် ပြေးပြီး သွေးစုပ်ရတာ။

စာရေးမယ့်သူ ဟောပြောမယ့်သူမှာ ဝမ်းစာတွေ ဖြည့်တင်းထားဖို့ လိုတယ်ဟုက်လား။ နားမျက်စိ ဖွင့်ထား၊ အာရုံတွေ နိုးထနေဖို့ လိုတယ်လေ။

ထောင်မှာ အဆောင်တွေချည်းနေခဲ့ရတာ မဟုက်ဘူး။ တိုက်တွေထဲမှာလည်း နေခဲ့ရတယ်။ တိုက်တွေထဲက အဆောင်မှာ လောက် လူမများဘူး။ ဒီတော့ နားထောင်စရာ အကြောင်းအရာ အဆောင်ထက် ပိုနည်းတယ်။ ဒါပေမယ့် တိုက်ထဲက ရဲဘော်တွေဆီကလည်း အတွေ့အကြုံတွေ သင်ယူရတယ်။ သူတို့ရဲ့ ဘဝဖြတ်သန်းမှု၊ တော်လှန်ရေးအတွေ့အကြုံ၊ သူတို့ ဖတ်မှတ်ဖူးတဲ့ စာတွေကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားဖို့ကောင်း ပြန်ရော။

တိုက်ရဲ့ သံတိုင်တွေကို ဟိုဘက်ခန်း၊ ဒီဘက်ခန်းတွေ ကြားအောင် အော်ပြောရတာဟာ အသံချဲ့စက် ညံ့ညံ့ရှေ့မှာ အား စိုက်ပြောရတာနဲ့ ဆင်ဆင်တူတယ်။ ဘယ်သူမှလည်း ကိုယ့်မြင်ကွင်းရှေ့မှာ မရှိဘူး။ ကိုယ်  တစ်ယောက်တည်း ပြောရတာ။ တစ်ခါတလေ တိုက်တာဝန်ကျဝန်ထန်းလေးပဲ ရှိတယ်။ ဒါပေမယ့် ကိုယ်ကတော့ ပရိသတ်ရှိတယ်အမှတ်နဲ့ အားစိုက်ပြော ရတာလေ။

အခု ဟောပြောပွဲတွေ ဟောတဲ့အခါ တချို့က ဗီဒီယိုရိုက်ဖို့ စိတ်သန်ကြတယ်။ အဲဒီအခါ မီးလုံးတွေ၊ ဆလိုက်တွေထိုးထား လိုက်ကြတာ။ ပရိတ်သက်ကို မမြင်ရဘူး။ ဒီလို ကြုံတွေ့ရရင် တိုက်ထဲမှာ သံတိုင်ကို အားပြုပြီး ပြောခဲ့ရတဲ့အချိန်တွေကို သတိရတယ်။

လက်တွေ့ ပြောပြီ၊ ဟောပြီတဲ့။ ဘာအကြောင်းအရာ ဟောရမလဲ။ အဲဒီအကြောင်းအရာက ကျွန်တော့်အတွက်တော့ ဧရာမ တကယ့် ပြဿနာကြီးပဲ။ စိတ်ထဲမှာ ပရိသတ်က မင်းထက် တတ်တယ်ဟ၊ မင်းထက် လေ့လာအားကောင်းတယ် ညီပုလေးရ။ ပရိတ်သက်က မင်းထက်သိတယ် ဟေ့ကောင်ရဆိုတဲ့ အသိက အကြီးကြီး။ ပြီးတော့ ‘စကားသည် ဓား’ တဲ့။ ‘ကြမ်းကျွံရင် နုတ်လို့ရတယ်၊ စကားကျွံရင် နုတ်မရဘူး’ တဲ့။ ‘ခဲတံမှာ ခဲ ဖျက်ပါတယ်၊ မင်တံမှာ မင်ဖုံးဆေး ရှိတယ်၊ လျှာမှာ ခဲဖျက်ရော၊ မင်ဖုံးရော မရှိဘူး’ တဲ့။ ပြီးတော့ ဗီဒီယိုကင်မရာကြီးက လာထောင်ထားလိုက်သေးတယ်။ ပိတ်ကားပေါ်မှာ ကိုယ့်ရုပ်ကို တိုက်ရိုက်ပြနေတာ မသိဘူး။ နောက်မှ ရုတ်တရက်မြင်တော့ ကိုယ့်ရုပ်ကိုမြင်ပြီး လန့်သွားဖူးတယ်။

ကဲပါ မလွဲသာ မရှောင်သာလို့ ဟောရပြောရရင်လည်း ကိုယ်ကျွမ်းကျင်ရာ၊ လေ့လာရာတွေပဲ ဟောမယ်ဆိုပြီး ဝထ္ထုတို အကြောင်း ရေးဖို့၊ စာတွေရေးကြဖို့၊ ဟောရပြောရတာ ကြောက်တက်သူမို့ ဟောပြောပွဲတစ်ပွဲဟာ ကျွန်တော့်အတွက် စာမေးပွဲတစ်ခုလိုပဲ။ စာမတော်တဲ့ ကျောင်းသားနဲ့ အတန်းတင်စာမေးပွဲ တွေ့ကြရသလိုမျိုး။

ကျွန်တော်ရေးတဲ့ စာတွေ လူအများဆီ ရောက်ချင်တယ်။ ပျံ့နှံ့ချင်တယ်။ ကျွန်တော်ရေးချင်ရင် စာဖတ်သူ အများကြီးဆီ ရောက်ရင်ကောင်းမှာပဲ။ ဒီကိစ္စမှာ ကျွန်တော် လောဘကြီးတယ်။ ကျွန်တော်ရေးတဲ့စာတွေကောင်းရင် လူအများ လက်ခံကြ မှာပဲ။ ပျံ့နှံ့မှာပဲမဟုတ်လား။

ကျွန်တော်း ဟောပြောရမှာကြောက်ပေမယ့် အဟောအပြောကောင်းတဲ့ လူတစ်ယောက်တော့ ဖြစ်ချင်တယ်။ ဒီနေ့လူတွေဟာ လျှပ်စစ်မီးကြောင့်၊ ရုပ်သံအစီအစဉ်တွေကြောင့်၊ တယ်လီဖုန်း အင်တာနက် စာမျက်နှာ တွေကြောင့် ၊ ဘောလုံးပွဲကြောင့်၊ ဗီဒီယို ယဉ်ကျေုးမှုကြောင့် …. အကြောင်းကြောင်းကြောင့် စာဖတ်ချိန် စာဖတ်အား လျော့နည်းလာကြသတဲ့။ တစ်ဆက်တည်း မှာပဲ တစ်ဖက်က စာပေဟောပြောပွဲယဉ်ကျေးမှု ထွန်းကားဖို့ အရှိန်ယူစပြုလာတယ်။ ဒါတောင်မှ ဟောပြောပွဲတစ်ခု ခွင့်ပြုချက်ရဖို့ ခက်ခဲတဲ့ မြို့နယ်တွေ၊ ခွင့်မပြုတဲ့အရပ်တွေ ရှိတယ်။ ဒါပေမယ့် တောကြိုအုံးကြားအထိ ဟောပြောပွဲတွေ၊ ဟောပြောပွဲအခွေတွေ ရောက်ရှိသွားနေ ပြီ။

ကျွန်တော်ရေးတဲ့စာတွေ မဖတ်အားသူတွေ၊ မဖတ်ဖူးကြသူတွေကို ကျွန်တော် ပြောချင်တာတွေ၊ နား ထောင်ချင်စဖွယ်ဖြစ် အောင် ပြောရပါတော့မယ်။ ကျွန်တော်ပေးချင်တဲ့ အကြောင်းအချက်တွေ စာအုပ်စာပေက မပြောပဲ ဝစီပညာနဲ့ ပြောရတော့ မယ်။ အပြောအဟောကောင်းတဲ့ ဆရာသမား၊ ဆရာမများကို ပိုပြီးလေးစား အားကျမိပါတယ်။

ကျွန်တော် ဝထ္ထုတိုတွေကိုအခြေခံပြီး ပြောနိုင်အောင် ပြင်ဆင်ပါတယ်။ ကျွန်တော်ပြောတာတွေမှာ ခေတ်ကို ထင်ဟပ်အောင် လည်း ကြိုးစားပါတယ်။ ကလေး၊ လူငယ်၊ လူကြီး နားနဲ့ လက်ခံနိုင်အောင်လည်း အားထုတ်ရပါတယ်။ ကျွန်တော်ပြောဆိုပြီး တဲ့အခါ နားထောင်တဲ့သူရဲ့ ဘဝင်မှာ တစ်ခုခု စွဲထင်ကျန်ခဲ့စေချင်တယ်။ ကျွန်တော် စင်မြင့်ပေါ်မှာ သီချင်းကလည်း မဆို တတ်၊ တချို့ ဆရာတွေ၊ ဆရာမတွေ သီချင်းဆိုကြတာ တချို့လည်း ဆီလျော်ရဲ့၊ တချို့လည်း ဇွတ်ဘာသာ ဆီလျော် အောင် လုပ်ပစ်ကြတယ်။

ကျွန်တော့်လေဘနဲ့ ကျွန်တော် ဟောပြောပွဲတိုင်းမှာ လုံးထွေးရစ်ပတ်နေလေ့ရှိတယ်။ ဒါပေမယ့် ကျွန်တော် ကြိုးစားပြီး ပြောပါတယ်။ တချို့လည်း လက်ခံကြတယ်။ တချို့လည်း အားနာပါးနာနဲ့ ကြိုက်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန် တော် ကြိုးစားပါဦးမယ်။

ညီပုလေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်