သန်းဝင်းလှိုင် – ၀န်ကြီးပဒေသရာဇာ

October 21, 2013

ဝန်ကြီးပဒေသရာဇာ 
သန်းဝင်းလှိုင်
အောက်တိုဘာ ၂၁၊ ၂၀၁၃



မြန်မာစာပေသမိုင်းတွင် အလုပ်သမား ဆင်းရဲသားတို့၏ ဘဝကို ချစ်ခင်ကြင်နာသော စိတ်စေတနာဖြင့် စာဖွဲ့သော စာဆိုများကို ပြပါဆိုလျှင် ဝန်ကြီး ပဒေသရာဇာကို ထိပ်ဆုံးမှ ပြရပေမည်။ ပဒေသရာဇာသည် ညောင်ရမ်းခေတ်၌ ထွန်းကားသော စာဆိုဖြစ်သည်။ အင်းဝ၌ စိုးစံကြသော မင်းရဲကျော်ထင်၊ စနေမင်း၊ တနင်္ဂနွေမင်း၊ မဟာဓမ္မရာဇာဓိပတိမင်း (ဟံသာဝတီရောက်မင်း) ပေါင်း မင်းလေးဆက် ကို မှီသူ ဖြစ်သည်။ ဘုရင့်အမှုတော်ကို ထမ်းရွက်ရင်း တစ်ဖက်မှ စာဖွဲ့ဆိုသည်။
သက္ကရာဇ် ၁ဝ၃၄ ခုတွင် အင်းဝမြို့၌ သီရိပဝရာဒိတျဘဝနသီဟသူရ အဂ္ဂပဏ္ဍိတရာဇာဓိ မဟာဓမ္မရာဇာဘွဲ့ခံ အင်္ဂါမင်း နန်းတက်သည်။ ရမည်းသင်းမင်း ဟူ၍လည်း ခေါ်တွင်သည်။ ထိုမင်း၏ လက်ထက်တွင် သားတော်အိမ်ရှေ့မင်းထံတွင် အချီတော်အဖြစ်  ဆောင်ရွက်ရသူ မိခင်မှ စာဆိုဝန်ကြီး ပဒေသရာဇာကို ဖွားမြင်သည်။ ဖွားမြင်ရာ ဇာတိဒေသကား အင်းဝမြို့နေပြည်တော် အနောက်မြောက် ယွန်းယွန်း ချင်းတွင်းမြစ်နှင့် ယမားချောင်းဆုံရာ ဆည်မြောင်းချောင်းကန်တို့၏ သာယာစိုပြည်သော ငခုံရွာ ၊ လင်းဇရက်ရွာတို့အနီး ယခု ပုလဲမြို့ မွေထုံရွာပင် ဖြစ်သည်။ နှောင်းခေတ်စာဆို ညောင်ပင်သာ ဦးပုည (မြန်မာ ၁၁၉၀ – ၁၂၆၃) က မိန့်ကြားခဲ့သည်။
စာဆို၏ ဖွားမြင်သက္ကရာဇ်ကို မောင်သုတအမည်ခံ ဗိုလ်မှူးဘသောင်း ပြုစုသော “စာဆိုတော်များ အတ္ထုပ္ပတ္တိ” စာအုပ် စာ – ၁၂၄ ၌ မြန်မာသက္ကရာဇ် နန်းတက်သည့် အင်္ဂါမင်းလက်ထက်တွင် ဖွားမြင်သည် ဟု သာမညသာ ဖော်ပြခဲ့သည်။ စာဆို၏ ဖွားမြင်သက္ကရာဇ်ကို တွက်ချက်ယူနိုင်သည့် အမှတ်အသားကို စာဆိုကိုယ်တိုင် စပ်ဆိုခဲ့သည့် မဏိကက်ပျို့ နိဂုံးတွင် – “သားတော်ထွက်တင် အိမ်ရှေ့ရှင်သည် ဥကင်စိုးပြီ၊ သီရိမဟာသီဟသူရ၊ ဓမ္မရာဇာ၊ ကြေညာနှံ့သိ တံဆိပ်ရှိသည့် သီရိထွန်းပြတ်နှင့် လက်ထက်ကား ငယ်သက်နုမျစ်၊ ဆယ့်သုံးနှစ်က ၊ တင်ပြစ်မဲ့စွာ” ဖော်ပြထားရာ ထိုမင်း (စနေမင်း) နန်းတက်ချိန် မသက္ကရာဇ် ၁၀၆၀ တွင် စာဆိုသည် အသက် (၁၃) နှစ်ရှိပြီးဖြစ်ကြောင်း စာဆိုကိုယ်တိုင် စပ်ဆိုခဲ့သဖြင့် စာဆို၏ ဖွားသက္ကရာဇ်သည် သက္ကရာဇ် ၁၀၄၇ ခုနှစ် ဖြစ်ကြောင်း အသေအချာ သိရပေတော့သည်။
စာဆို၏ အမိအဖတို့၏ အမည်နာမများကို မသိရသော်လည်း ဖခင်ဘက်မှ အဘိုးသည် ဝန်ထောက်တော် အရာရှိတစ်ဦးဖြစ်သည့် ပြင်ရွှေကြပ်စား မှူးကြီးမတ်ကြီးတို့၏ အခေါင်အဖျားဖြစ်ခဲ့ကြောင်း သိရပေသည်။ စာဆို၏ ဖခင်သည်လည်း အဘိုးနည်းတူ ရွှေကြပ်စား စနည်းနေရာနေ နန်းတွင်းဝန်စုပါ မှူးကြီးမတ်ကြီး ဖြစ်ခဲ့ကြောင်းကို စာဆိုက သူဇာပျို့နိဂုံးတွင် စပ်ဆိုထားပေသည်။ သို့နှင့် စနေမင်း လက်ထက် ၀န်ကြီးပဒေသရာဇာလောင်းသည် စုရေးစုကိုင်အဖြစ် စတင်ထမ်းရွက်ကာ ကဗျာလင်္ကာများကို ရေးသား စပ်ဆိုစ ပြုလေသည်။
ထို့နောက် ထိုမင်းလက်ထက်တော်အခါမှာပင် ပဒေသရာဇာသည် သားတော်အိမ်ရှေ့ “အချီတော်သား” အဖြစ်ဖြင့် ထမ်းရွက်ရပြန်သည်။ ဤသည်နှင့် ပတ်သက်၍ “မဏိကက်ပျို့” နိဂုံးတွင် – “မှတ်လော့ စည်ရှည်၊ ကျွန်ုပ်သည်လျှင် ဘုန်းစည်ပရမ၊ ဘုရားဘေးတော်၊ တံဆိပ်တော်မူ၊ မည်ကျော်ပါဠိ၊ သီရိတြိ၊ ဘဝနာသီဟ သူရအဂ္ဂမဏိတရာ၊ မဟာဓမ္မရာဇာ၊ နုရာထွက်ချက်၊ မင်းလက်ထက်ဝယ်၊ ချစ်သက်ရှုမျှော်၊ သားတော်ရန်နင်း၊ အိမ်ရှေ့မင်း၏ ထံရင်းမခြား၊ ချီတော်သားလျှင် ဖြစ်ငြားသည်ကြောင့်၊ မနှောင့်ဒုက္ခ၊ မွေးစကပင် သုခပျော်ပျော်၊ လူဖြစ်တော်၏” ဟု စပ်ဆိုထားပေသည်။
သို့နှင့် သက္ကရာဇ် ၁ဝ၇၆ ခုနှစ် ရောက်ပြန်သော် မှန်နန်းရှင်ခေါ် တနင်္ဂနွေမင်းတရားကြီး နန်းတက်တော်မူလေသည်။ တနင်္ဂနွေမင်း၏သားမှာ  နောင် ဟံသာဝတီရောက်မင်း ဟု တွင်ခဲ့သည့် ကြာသပတေးမင်း ဖြစ်သည်။ စာဆိုသည် တနင်္ဂနွေမင်းတရားကြီး လက်ထက်တွင် “လက်ဝဲရွှေတောင်” ဘွဲ့နှင့် မန်ကျည်းတုံရွာကို ပေးသနားတော်မြတ်ခံရသည်။  (မန်ကျည်းတုံရွာကလေးကား ရွှေဘိုစီရင်စု ၀က်လက်မြို့၏ အနောက်ဘက် (၁) မိုင်ကျော်ကျော် (၂) မိုင်ခန့်တွင် တည်ရှိလေသည်။)  ဝေါပလာမှူး ရာထူးကိုလည်း ခန့်အပ်ခြင်း ခံရသည်။ ရွှေဓါးဆောက်ပြည်၊ အိမ်ပြည့်ဖြင့်လည်း ချီးမြှင့်သူကောင်း ပြုခြင်းခံရသည်။ ကဗျာလင်္ကာရကိုလည်း ရေးသားဆက်သွင်းရလေသည်။
ထို့ပြင် တနင်္ဂနွေမင်း၏ သားတော် ငစဥ့်ကူးမင်းသား (နောင်မင်းဖြစ်မည့်သူ) ထံတွင် အချီတော်အဖြစ် ထမ်းရွက်ရသည်။ အိမ်ရှေ့မင်းထံ အချီတော်အဖြစ် ခံစားရသည့် တာဝန်သည် စာဆို၏ မျိုးရိုးပါ တာဝန်တစ်ရပ်ဟုပင် ဆိုသင့်တော့သည်။ ကြာသပတေးမင်း ခေါ် ဟံသာဝတီရောက်မင်း လက်ထက် စာဆို၏ ဘ၀နှင့်ပတ်သက်၍ “ဝိသောဓနီစံပြကျမ်း” ဒုတိယတွဲတွင် ပုဂံဝန်ထောက်မင်း ဦးတင် ကိုးကားသည့် နန်းတွင်းမူ ရှေးဟောင်းအမှတ်အသားတစ်ခု၌ – “သက္ကရာဇ် ၁၀၉၅ ခုနှစ်၌ နန်းတက်သော လောကသရဘူစေတီတော် ဒါယကာ ဟံသာဝတီပါမင်း အိမ်ရှေ့မင်းအဖြစ်နှင့် ငစဥ့်ကူးမြို့ကိုစား၍ အိမ်ရှေ့နေစဉ် အချီတော်အဖြစ်နှင့် ခစားထမ်းရွက်ရသည်။ ထို့နောက် ဟံသာဝတီပါမင်း လက်ထက်တွင် ပညာအရည်အချင်းနှင့်အတူ အထူးပြည့်စုံလေရကား ရှေးဦးစွာ ရွှေကျပ်လက်ဖက်အိုး ကျိုင်းလေးသစ်ခန့် ပေးအပ်ခြင်းခံရ၍ ဘယကျော်သူဘွဲ့ကို ရရှိကာ ဇရွံမြို့ကို စားရသည်” ဖော်ပြထားသည်။
“ပဒေသရာဇာ” ဘွဲ့မည်ခံ စာဆိုတော် “ဘယကျော်သူ”  အမတ်ဘဝတွင် ပထမအိမ်ထောင်ဦး ပျက်လေသည်။ သို့ ပျက်ပင်ပျက်ငြားသော်လည်း အရှင့်အမှုတော်ကို သွေချော်မကွက် ထမ်းဆောင်ရွက်မြဲ ထမ်းဆောင်နေပြန်သောအခိုက် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် စီမံကာ မှူးရိုးမတ်မျိုးသမီးနှင့် ဆောင်နှင်းပေးပြန်သည်။ ဒုတိယအိမ်ထောင်ဖက် ဝန်ကတော်လောင်းမှာ မုဆိုးမဖြစ်သည်။ ငယ်စဉ်အခါ ကာလကပင် မုဆိုးမဖြစ်ရရှာသော ဝန်ကတော်လောင်း၏ အမိအဖတို့လည်း မကြာမြင့်မီပင် အနိစ္စရောက်ပြန်လေရကား ရှေးဦးစွာ အမွေ၊ ဥစ္စာတို့ကို မောင်အငယ်ဖြစ်သော အမတ်နှင့် ခွဲဝေ၍ မယူသေးဘဲ အတူတကွပင် နေထိုင်ကြ၏ သို့သော်မောင်ဖြစ်သူ အမတ်မင်းမှာလည်း များမကြာမီ ကွန်လွန်ခဲ့ပြန်သဖြင့် “စွေ့စွေ့မောမျှ၊ ပူပြင်းပြလျက်၊ အစ်ကိုချစ်ဝမ်း၊ လွမ်းစကျန်ရှိ၊ မိကိုလွမ်းပူ၊ ရှိန်လူမညံ့၊ မခံ့မူးမှောင်၊ မောင်ကိုလွမ်းမိ၊ လောင်ချိပြင်းပြ၊ ရူးတထွေပြား၊ ရှိုက်တိမ်းပါးလျက်၊ အိပ်စားမတည် ၊ မျက်ရည်သွယ်ပြိုင်၊ ဆည်နိုင်ဖဲ့လျှင်း၊ ရှိစဉ်တွင်းဝယ်” မိမိတို့၏ အရှင်သခင်ဖြစ်သော ဟံသာဝတီရောက် မင်းတရားကြီးက နောင်အခါ “၀န်ကြီးပဒေသရာဇာ” ဟု တွင်မည့် ဘယကျော်သူအမတ်နှင့် ပေးစားထိမ်းမြား တော်မူလိုက်သည်။
ဤသို့အားဖြင့် ဘယကျော်သူအမတ်မှာ ဘုရင်မင်းတရားကြီး၏ မြတ်နိုးကိုးစားခြင်းကို ခံရလျက် ဤအဆောင်အယောင်၊ ဤဘွဲ့မည်ရည်နှင့်ပင် မလျော်လှသေးဟု အောက်မေ့ကာ ရှေးဦးစွာ “မင်းကျော်ထင်” ဟူသော ဘွဲ့ကို သနားချီးမြှင့်သည်။ အမှန်စင်စစ် ဤ “မင်းကျော်ထင်” ဟူသော ဘွဲမှာ သာမန်ဘွဲ့မျိုးမဟုတ်။ မင်းညီမင်းသား၊ မင်းယောက်ဖတော်များကိုသာလျှင် ပေးဖူးသော ဘွဲ့မျိုး ဖြစ်လေသည်။
သူဇာပျို့ကို နိဂုံးချုပ်သော သက္ကရာဇ် ၁၁ဝ၃ ခုနှစ်က ကဆုန်လဆန်းတိုင်အောင်ပင် ဤဘွဲ့မည်ရည်နှင့်သာ ထင်ရှားလျက် ရှိသေးသည်။ သူဇာပျို့နိဂုံးကို အဆုံးသတ်ရေးသားပြီးစီးသည်နှင့် မရှေးမနှောင်းပင် ယာယီယတြာအရာတွင် တတ်သိလိမ္မာတော်မူသော ဟံသာဝတီရောက်မင်းတရားသည် ကိန်းချေ၊ ခန်းချေ ယတြာပြုအံ့သောဌာ “ရဲတစ်ထောင်၊ နောင်တစ်ရာခံလတ္တံ့” ဟူသော နိမိတ်ဘောင်အရ ငယ်မည်ငဦးကို မင်းရဲဦး၊ ငကျော်ကို မင်းရဲကျော် စသည်ဖြင့် ရဲတစ်ထောင်ပြည့် ဘွဲ့အမည် ပေးတော်မူရာတွင် “မင်းကျော်ထင်” လည်း “မင်းရဲကျော်ထင်” ဟု ထင်ရှားလာပြန်သည်။
သို့ရာတွင် မင်းတရားကြီးမှာ ဤမျှ ချီးမြှင့်ရသည်နှင့် မကျေနပ်သေး။ တိုးတက်ထပ်ဆင့်၍ “မင်းရဲမင်းလှကျော်ထင်” ဟူသော ဘွဲ့ဖြင့် အသည်ဝန်ကြီးရာထူးသို့ ဆက်လက်ချီးမြှင့်လိုက်သည်သာမက ဇလွန်(ဇရွံ)မြို့ကိုလည်း မြို့စားအသနားတော်မြတ် ခံရပြန်လေသည်။ အဆောင်အယောင်များ အဖြစ်ဖြင့်လည်း ကွမ်းခွက်၊ လက်ဖက်အိုး၊ အ၀န်း၊ ဓား၊ မြည်သရီမွမ်း၊ တကောင်းပိတ်၊ ထွေးအင်တို့ကို ပေးသနားတော်မူလေသည်။ ထို့အပြင် လောကမာရ်အောင်စေတီတော် ဘုရားဒါယကာမင်း လက်ထက်တော်က တွင်းသင်းမင်းကြီး နေမျိုးဇေယျနော်ရထာကို  ပန်းဆိုးထီး၊ အရိုးရွှေကြံဆစ်၊ အလက်ရွှေကျက် ရွှေညောင်ရွက် သုံးဆင့်ပေးဖူးသကဲ့သို့လည်း ပေးအပ်ချီးမြှင့်တော်မူသေးသည်။ ထိုမှတစ်ပါး အမတ်ကတော်အားလည်း “ဒေဝီ” ဟူ၍ အမတ်ငယ်တို့၏ အဆောင်အယောင်များကို သနားချီးမြှင့်ပြန်လေသည်။
ဤအတောအတွင်း စာဆိုတော်ဝန်ကြီး၏ ဂုဏ်သတင်းသည် တဖြည်းဖြည်း သင့်ပျံ့လာလေသည်။ ထိုစာဆိုတော်ဝန်ကြီး၏ အပေါ်၌ ထားရှိအပ်သော မင်းတရားကြီး၏ ယုံကြည်ကိုးစားမှုသည်လည်း တဖြည်းဖြည်း ရင့်သန်လာလေသည်။ သို့ဖြင့် ဟံသာဝတီရောက် မင်းတရားကြီးကိုယ်တော်တိုင်က “စာဆိုကြီး” ဟု ခေါ်၍ “နတ်ရှင်နောင်ဘွဲ့”၊ “ပဒေသရာဇ်ဘွဲ့”၊ “ပဒေသရာဇာဘွဲ့”၊ “မြို့တွင်းနတ်ရှင်ဘွဲ့”၊ “မြို့တွင်းရှင်ဘုရင်ဘွဲ့” တို့ဖြင့် ထင်လောင်းချီးမြှင့်ပြန်လေသည်။ “ပဒေသရာဇာ” ဘွဲမှာ ကျေးကျွန်တို့ လွန်းစွာ ခုခံသော ဘွဲ့ပေတည်း။ “ရာဇာ” တပ်၍ပေးသော ဘွဲ့ဖြစ်သည်ကို ထောက်ခြင်းဖြင့် သိနိုင်လေသည်။
ဤတွင် “စာဆိုကြီး” ဟု ချစ်စနိုးခေါ်သည်မှာ “စာဆိုကြီး” အောက် အပင့် ၊ အရစ် ၊ အဆုံးအဖြတ် ရေးသူ “မဟာမင်းကျော်” အမည်ရှိသော “စာဆိုငယ်” တစ်ဦးရှိသေးသည့်အတွက်ပင် ဖြစ်ပါသည်။ ဤသည်ကို ရည်၍ ဆရာတော် ဦးဗုဓ်က “ဖျသီးမျိုးမှ ကြွင်းသမျှလျှင်၊ ဖြအပေါင်းမှာ အရစ်သာဟု စာဆိုငယ်ခေါ်၊ မင်းကျော်ပုံသေ ၊ဆုံးဖြတ်ထွေကြောင့်” ဟု စပ်ဆိုတော်မူခဲ့သည်။
“နတ်သျှင်နောင်” ဘွဲ့ကို ပေးပြန်သည်မှာ “မင်းရဲကျော်ထင်” ဟူသော ဘွဲ့နှင့် စပ်လျဉ်း၍ အထက်တွင် ပြဆိုခဲ့ပြီးသည့်အတိုင်း ယာယီယကြာအရာတွင် တတ်သိလိမ္မာတော်မူသော ဟံသာဝတီရောက် မင်းတရားကြီးသည် ကိန်းချေခန်းချေ ယတြာပြုအံ့သောဌာ “ရဲတစ်ထောင် နောင်တစ်ရာ” ပြည့်လေအောင် ဘွဲ့မည်ရည်ပေးရာ၌ “ရဲတစ်ထောင်” အတွက် “မင်းရဲဦး” ၊ “မင်းရဲကျော်” စသည်ဖြင့် အမည်များ မှည့်သကဲ့သို့ မှူးရိုးမတ်ရိုးများ အထဲမှလည်း “နောင်တစ်ရာ” အတွက် “မင်းတရားနောင်” ၊ “ရှင်ပင့်နောင်” စသည်ဖြင့် အမည်များ မှည့်လေသည်။ ပုဏ္ဏား ဗေဒင်တတ်များ အထဲမှလည်း “နောင်ဖြူ” ၊ “နောင်ညို” ၊ “နောင်ကြာ” စသည်ဖြင့်  အမည်များ မှည့်ပြန်သည် ထိုအခါ မိမိအထူးနှစ်သက်သည့် “စာဆိုကြီး” အဖို့ ဘွဲ့မည်ရည်တစ်ခု စဉ်းစားရာတွင် ရတုကဗျာရေးရား၌ တံခွန်စိုက်ထိပ်ခေါင်တင်ဖြစ်ခဲ့သော တောင်ငူဘုရင် နတ်သျှင်နောင် ၏ ဘွဲ့နာမတော်ကို သတိရမိဟန် တူလေသည်။ ထို့ကြောင့် ထိုဘွဲ့နာမတော်အတိုင်း “နတ်သျှင်နောင်” ဟု ဘွဲ့ပေးခြင်းပင် ဖြစ်တန်သည်။
“ပဒေသရာဇ်” ဘွဲ့၊ “ပဒေသရာဇာ” ဘွဲ့ ၊ “မြို့တွင်းနတ်ရှင်” ဘွဲ့များပေးခြင်းနှင့် ပတ်သက်၍လည်း ယတြာချေသောဘွဲ့များပင် ဖြစ်ချေသည်။ စာဆိုသည် နှစ် (၇ဝ) နီးပါး ဖြတ်သန်းခဲ့ရသော ဘဝသက်တမ်းအတွင်း နှစ် (၅ဝ) ကျော်ခန့်သည် စာပြု၊ စာဖွဲ့နိုင်ခဲ့သော ကာလများပင် ဖြစ်သည်။ မြောက်များစွာသော စာဆို၏ လက်ရာများသည် ယနေ့တိုင်တည်တံ့ဆဲ ဂုဏ်တင့်ဆဲပေတကား။
ဂီတစာပေ၊ ကဗျာ၊ အဲချင်း၊ အဲ၊ အန်၊ ပျို့ကြီး၊ ပျို့ငယ်၊ လင်္ကာ၊ ၃၇ – မင်း ၊ နတ်ချင်း ၊ နတ်သံများ ၊ လှေဟစ်ချင်း ၊ အဲတိုင်၊ အဲခံ၊ လပအဲ၊ (၈ဝ) ပေါ်အဲ၊ အဲဆို၊ အဲဝိုက်၊ ကြိုး၊ ပဇင်းတောင်သံကြိုး၊ ကလပ်ငယ်ကြိုး၊ ကလပ်ကြီးကြိုး၊ သီချင်းခံနှင့် ဘုန်းတော်ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေ၊ ဘုရားတိုင်၊ ဧချင်း၊ အမိန့်တော်၊ အမှာစာ၊ မင်းခမ်းတော်၊ သတ်ပုံအဆုံးအဖြတ်များအပြင် ပြည်သူ့ဘ၀ သရုပ်ဖော်တျာဘွဲ့၊ သီချင်းများ၊ ဇာတ်၊ လယ်ထွန်ဘွဲ့၊ တောင်ဆင်ဖမ်းဘွဲ့၊ နွားဝန်တင်ဘွဲ့ စသည့် ရသုံစုံစာမျိုး စုံလှပေသည်။ စာဆို၏ စာများကား ရူထောင့်စုံ၍ ဖွဲ့နည်းဖွဲ့ဟန် လှပကာ ပညာကြွယ်လှသည်။ စာဆို၏ စာအများစုသည် နုသည်၊ ပြေပြစ်သည်၊ ရဲရင့်သည်၊ ဆန်းပြားသည်။
ထိုခေတ်အခါက  များသောအားဖြင့်  စာဆိုတို့သည် ဇာတက ငါးရာ့ငါးဆယ်ဇာတ်တော်တို့ကို တန်ဆာဆင်၍ ဖွဲ့ဆိုသော ကဗျာမျိုးကို ရေးဖွဲ့တတ်ကြသည်။ ဘုရား၊ စေတီ၊ ကျောင်း ၊ကန် ၊ ဇရပ်တို့အကြောင်း ဖွဲ့ဆိုကာ ကဗျာမျိုးကို ရေးဖွဲ့တတ်ကြသည်။ ဘုရင်နှင့် နန်းတွင်းသူ နန်းတွင်းသားတို့၏ ဓလေ့အမူအရာကို ဖွဲ့ဆိုသော ကဗျာမျိုးကို ရေးဖွဲ့တတ်ကြသည်။ မင်းနေပြည်သာယာပုံ၊ တောတောင်ရာသီဥတု သာယာပုံ၊ တောတောင်ရာသီဥတု သာယာပုံ၊ မင်းသားမင်းသမီး မောင်ငယ်တို့ လွမ်းဆွတ်ကြပုံ ဖွဲ့ဆိုသော ကဗျာမျိုးကို ရေးဖွဲ့တတ်ကြသည်။ ဆင်းရဲသား အလုပ်သမားတို့၏ ဘ၀ကို  ဖော်ကျူးသော ကဗျာမျိုးကို ရေးဖွဲ့လေ့ မရှိကြပေ။ ဤသို့သော အခြေအနေမျိုးတွင် ဝန်ကြီးပဒေသ ရာဇာသည် ဘုန်းရှိန်ဂုဏ်ရောင် အားကြီးရာ တစ်ဖက်သို့သာ မျက်နှာမူသည်မဟုတ်ဘဲ မျက်နှာငယ်ရာ လက်လုပ်လက်စား ပစ္စည်းမဲ့၊ ဂုဏ်မဲ့၊ အာဏာမဲ့သော အခြေခံလူတန်းစားဖြစ်သည့် ပြည်သူအများစု ဘက်သို့လည်း မျက်နှာမူခဲ့လေသည်။ စာဆိုမြင်မိ၊ စာနာမိသော မျက်နှာငယ်သူတို့ ဘဝအား သနားချစ်ခင်ဖွယ်၊ ချီးကျူးဖွယ်အချက်တို့ကို အများသူငါ ခံစားနားလည်နိုင်စေရန် စေတနာရောက်လျက် ရေးဖွဲ့ခဲ့လေသည်။ ဝန်ကြီးပဒေသရာဇာ၏ စေတနာမှာ ကြီးမား၍ လေးစားချီးကျူးဖွယ်ရာ ဖြစ်ပေသည်။ ထို့ပြင် ရဲဝံ့၍ ဥဏ်ခံကြီးကျယ်သည်ဟု ဆိုရပေမည်။
စာဆိုတော် ဝန်ကြီးပဒေသရာဇာ၏ ထင်ရှားခဲ့သော စာများကား သူဇာပျို့၊ မဏိကက်ပျို့၊ ကျေးဇူးတော်ပျို့၊ ယိုးဒယားသံရောက်ပျို့၊ ကုမ္မာဘယပျို့၊ သမုဒ္ဒဃေသပျို့၊ မနော်ပျို့ (ဤပျို့ ခုနှစ်စောင် ကို “ပျို့ကြီးခုနှစ်စောင်” ဟု ခေါ်တွင်သည်။) တောထွက်ခန်းပျို့၊ ဒန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသပျို့၊ မဟာပတိပျို့၊ နမောလင်္ကာပျို့၊ ဆန္ဒပြန်ပျို့ ဟူသော ပျို့များ၊ ဧချင်းများ၊ ရတုများ၊ သီချင်းများ၊ တျာချင်းများနှင့် မဏိကက်နန်းတွင်း ဇာတ် စသည်တို့ ဖြစ်သည်။
ဤစာတို့တွင် အထူးခြားဆုံးမှာ “တျာချင်း” များ ဖြစ်လေသည်။ ဝန်ကြီးပဒေသရာဇာ ဖွဲ့ဆိုသော တျာချင်းများမှာ ရှိဖွေတွေ့ရှိသမျှ (၅) ပုဒ် ဖြစ်သည်။ ထို (၅) ပုဒ်လုံးမှာ လယ်သမား၊ ထန်းတက်သမား၊ ပိန်းကော၊ လှေသမား၊ နွားဝန်တင်သမား၊ အညာလှေကြီးသမားတို့၏ ဘ၀ကို ချစ်ခင်ဖွယ်၊ ကြင်နာဖွယ်၊ လေးစားဖွယ်၊ မြတ်နိုးဖွယ် ဖွဲ့ဆိုထားသော တျာချင်းများ ဖြစ်ပေသည်။
ထို့နောက် သက္ကရာဇ် ၁၁၁၃ ခု၊ နှောင်းတန်ခူးလဆန်း (၈)ရက် (အေဒီ ၁၇၅၂ ခု၊ မတ်လ ၁၁ ရက်) ဗုဒ္ဓဟူးနေ့တွင် ဟံသာဝတီ ဥပရာဇာရှေ့မင်းကိုယ်တိုင် အလုံးအရင်းနှင့် ချီတက်၍ အင်းဝကို လာရောက် တိုက်ခိုက်သည်။ မိမိအရှင်သခင်ဖြစ်သော ညောင်ရမ်းဆယ်ဆယ်ခြောက် မဟာဓမ္မရာဇာဓိပတိ တံဆိပ်နာမတော်ကို ခံယူတော်မူသော ဟံသာဝတီမင်းတရားကြီးနှင့်တကွ မိဘုရား၊ သားတော် ၊ သမီးတော်အများ၊ ဆွေတော်မျိုးတော်အများ၊ မှူးကြီးမတ်ရာအများ ဟံသာဝတီသို့ ရေကြောင်းခရီးဖြင့်  မွန်တို့ ဖမ်းယူခေါ်ဆောင်သွားသောအခါ လိုက်ပါသွားရရှာလေသည်။ သို့နှင့် ဟံသာဝတီသို့ ရောက်ပြီးနောက် များမကြာမီပင် သန်လျင်သို့ အပို့ခံဟန် လက္ခဏာ ရှိလေသည်။ ဟံသာဝတီသို့ သက္ကရာဇ် ၁၁၁၄ ခု၊ ကဆုန်လ (အေဒီ ၁၇၅၂ ခု၊ မေလ ) တွင် ရောက်ရှိသည်ဟု လောကဗျူဟာကျမ်း၌ ဖော်ပြထားမည်။
အင်းဝမြို့ ကျဆုံးချိန်တွင် စာဆိုတော်ဝန်ကြီး ပဒေသရာဇာ၏ ဘဝနိဂုံး အခြေအနေကို မှော်ဘီဆရာသိန်းကြီး၏ “ဂီတလင်္ကာရ” ကျမ်း၌ – ထိုဝန်ကြီးမင်း (ပဒေသရာဇာ) အင်းဝ ရွှေပြည်တော်ကြီး ကို ဟံသာဝတီ တလိုင်း(မွန်)မင်းတို့ ဘုန်းတော်နှင့် သိမ်းယူတော်မူရာတွင် ဘေးလွတ်စေရန် ထွက်ပြေးတိမ်းရှောင်ရာ လမ်းခရီး၌ တလိုင်းတို့ ဖမ်းမိသောကြောင့် သန်လျင်မြို့တွင် ထားရှိရာ၌ စံလွန်တော်မူသည် ဟု ဖော်ပြထားသည်။
ထို့ပြင် ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး စာမျက်နှာ (၁ဝ) တွင် “စာဆိုပဒေသရာဇာလည်း ဟံသာဝတီသို့ရောက်မှ သန်လျင်မြို့တွင် နာ၍ လွန်လေသည်” ဟု မှတ်တမ်းတင်ထားလေသည်။ သို့သော် မျက်မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်ဝန်ကြီး သီရိဥဇာန၏ “သက္ကရာဇ် ၁၁၁၃ ခု၊ ဟံသာဝတီတလိုင်းတို့ သိမ်းယူရာတွင် ပဒေသရာဇာ သန်လျင်ရောက်ပြီး များမကြာမီတွင် သေလွန်သည်” ဟူ၍ ဖော်ပြထားသည်။
ထို့ကြောင့် စာဆိုတော်ဝန်ကြီး ပဒေသရာဇာ၏ ဘဝနိဂုံးမှာ  သန်လျင်ရောက်ပြီး မကြာမီအတွင်းမှာပင် ဒူလာဝမ်းနာရောဂါ ဖြစ်လာသောကြောင့် ခရီးမဆက်နိုင်တော့သဖြင့် သန်လျင်မြို့ အကောက်ဝန်မင်းက တာဝန်ယူပြီး ခေါ်ထားလိုက်ရသည်။ ခရီးပြင်း နှင်လာရမှုနှင့် ဒူလာဝမ်းရောဂါ အခံတို့ကြောင့် သက်တော် (၇ဝ)၊ သက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် သမားတော်ကြီးများ၊ ဇနီးသားသမီးများက မည်သို့ပင် ပြုစုကုသပါသော်လည်း ဒူလာဝမ်းရောဂါနှင့်ပင်ပင် ဘုရားရဟန္တာများပင် မလွန်ဆန်နိုင်သော သေမင်းနိုင်ငံသို့ လိုက်ပါသွားရလေသည်။ စာဆို၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို သန်လျင်မြို့ ကျိုက်ခေါက်ဘုရား၏ မြောက်ဘက် စောင်းတန်းအနီး ဆင်ခြေဖုံး ကုန်းမြေပြင်တွင် ဂူသွင်းခဲ့လေသည်။
ထိုဂူ၏အပေါ်တွင် လွမ်းစေတီကလေးတည်ထားသော်လည်း သင်္ခါရသဘောအရ ထိုစေတီလေးမှာ ပြိုကျသွားပြီ ဖြစ်သဖြင့် အုတ်ဂူသက်သက်မျှသာ ကျန်ရှိတော့သည်။ အုတ်ဂူမှာ အပြင်အလျားမှာ (၂၀) ပေ၊ အနံ (၂ဝ) ပေ၊ အမြင့် (၂ဝ) ပေ ရှိ အတွင်းအလျားမှာ  (၉) ပေ၊ အနံ (၉) ပေ၊ အမြင့် (၉) ပေ ရှိသည်။ အဆိုပါ အုတ်ဂူမှာ အမိုးမရှိ နံရံလေးဖက်တွင် ဂူပေါက်လေးခု တွေ့မြင်ရခြင်းမှလွဲ၍ ဂူပေါက်များမှ ဝင်ထွက်သွားလာနိုင်ခြင်းမရှိ။ မြေစိုင်မြေခဲများဖြင့် ပိတ်ဆို့လျက် ရှိသည်။
၁၉၉၂ ခု၊ ဇွန်လ (၉)ရက်နေ့ ကျိုက်ခေါက်ဘုရား ဂေါပကအဖွဲ့ဝင်များက ၀န်ကြီးပဒေသရာဇာ ဂူအတွင်း မေသြားများကို တူးဖော်ရှင်းလင်းရာမှ ခဲရုပ်ပွားတော်အကောင်း (၉၅) ဆူနှင့် အပျက် (၇၂) ဆူ စုစုပေါင်း (၁၆၇) ဆူ၊ ရွှေကြုတ်၊ ငွေကြုတ် ရွှေလက်စွပ် (နှစ်ရွေး)၊ နီလာကျောက်ငယ် (၁) လုံး၊ ပတ္တမြား (ဆန်စေ့ပိုင်းခန့်) (၂) လုံး ရရှိခဲ့ပြန်သည်။ ထို့ပြင် အုတ်ဂူတိုက်မှပင် ငွေဘုရားဆင်းတုတော်အကောင်း ၊ အပျက် စုစုပေါင်း (၆၁) ဆူကို တူးဖော်တွေ့ရှိခဲ့သည်။ ငွေဘုရားဆင်းတုတော်များမှာ ပုံတော်အမျိုးမျိုး ဥာဏ်တော်အစုံစုံရှိပြီး ဆင်းတုတော်အောက်ခြေ၌ အလှူဒါယကာများ၏ အမည်များကို ရေးထိုးထားသည်။ အလှူ့ဒါယကာအမည်များမှာ ရေ၀န်နေမျိုး နော်ရထာစည်သူ၊ ယွန်းစုအစီရင်မင်း၊ ရွှေတောင်နန္တမိတ်၊ ယွန်းစာရေးကြီး၊ သူရဓမ္မ၊ စာရေးတော်ကြီး မောင်ရွှေကြာ၊ စာရေးတော်ကြီး မင်းလက်ျာပုံချီသမီးနှင့် ခင်ပွန်း၊ စာရေးတော်ကြီး နန္ဒကျော်သူ ၊ စာရေးတော်ကြီးမင်း လက်ျာပုံချီ ဇနီးမောင်နှံတို့ ဖြစ်ကြသည်။
မည်သို့ဖြစ်စေ စာဆိုတော် ၀န်ကြီးပဒေသရာဇာ ကွယ်လွန်ခဲ့သည်မှာ မြန်မာသက္ကရာဇ် ၁၁၁၆ ခုတွင်ဖြစ်ရာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၂၆ဝ) ရှိပြီ ဖြစ်သည်။ သို့သော် ဝန်ကြီးပဒေသရာဇာ၏ မွန်မြတ်လှသော စေတနာနှင့် သူရေးဖွဲ့ခဲ့သော စာပေဂုဏ်ကျေးဇူးကား ယနေ့တိုင်အောင် နှောင်းလူတို့အတွက် အဖိုးမဖြတ်နိုင်အောင် ကြီးမားနေဆဲပင် ဖြစ်ပါတော့သည်တကား…
ကိုးကား
(က) ရှေးဟောင်းစာပေသုတေသီတစ်ဦး၊ စာပေဂီတနှင့်ဝန်ကြီးပဒေသရာဇာ ၊ ရန်ကုန်၊ စိန်ပန်းမြိုင်စာပေ၊ ပကြိမ် ၁၉၇၄။
(ခ) ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရန်ကုန် ၊ ရာပြည့်စာအုပ်တိုက် ပဉ္စမအကြိမ်၊ ၂ဝဝ၂။
(ဂ) “စာဆိုတော်ပဒေသရာဇာ” ၊ ရတနာမွန်မဂ္ဂဇင်း တွဲ ၁ဝ၊ အမှတ် (၁၂) (၁၉၈၃ ၊ ဒီဇင်ဘာ)
(ဃ) မောင်သော် “ဝန်ကြီးပဒေသရာဇာနှင့်သူ့ဂီတများ” ငွေတာရီမဂ္ဂဇင်း၊ မှတ် (၁၄ဝ) (၁၉၇၂၊    ဖေဖော်ဝါရီလ) စာ ၃၈၊ ၄၂။
(င) မောင်ကြော့ရှင် ၊”ဝန်ကြီးပဒေသရာဇာ” သိမ်းမဂ္ဂဇင်း၊ အမှတ် ၂ ၊ မှတ် ၂ (၁၉၅၇ ဇူလိုင်) စာ ၇၃၊ ၇၄။
(စ) မြန်မာ့စွယ်စုံကျမ်း အတွဲ ၆၊ စာ ၂၂၄၊ ၂၂၆ ။

(ဆ) သန်လျင်စိန်တင် “ဝန်ကြီးပဒေသရာဇာ နှင့် တိုက်စေတီ “(လက်နှိပ်စက်မူ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)