ဖိုးထက် – ပုံပြင်ပြောဖို့ မဲပေးပါ

September 21, 2015

ဖိုးထက် – ပုံပြင်ပြောဖို့ မဲပေးပါ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

ကျွန်တော် ကာတွန်းကားတွေကြိုက်တယ်လို့ပြောတော့“ခင်ဗျားကလည်းဗျာ.. ကိုယ့်အသက်အရွယ်လည်း ကိုယ်အားနာပါ ဦး။ မကြီးမငယ်ကြီးနဲ့…ဟင်း..ဟင်း…ဟင်း” ဟု ရယ်သွမ်းသွေးခံရသည်။ သူ၏ ရိသဲ့သဲ့ ရယ်သံကိုမျက်ကွယ်ပြုကာ Nemo, Rio, A Bug’s Life, Lion King အတွဲတွေ, The Croods တို့ကို သူ့ကိုပေးပြတော့ ကျွန်တော် ဘာကြောင့် ကာတွန်းကားတွေ ရူးသလဲဆိုတာ နားလည်သွားပုံရပါ၏။

ကာတွန်းကားတွေကို အသက်ကြီးသည်အထိ ရူးသွပ်သူတွေမှာ ကျွန်တော်တယောက်တည်း မဟုတ်ဘူးဟု ထင်ပါသည်။ ကျွန်တော်တယောက်တည်းသာ အသက်ကြီးကြီးမှ ကာတွန်းကားကြိုက်ရသလားဆိုသည့်အမြင်ဖြင့် ကြည့်ခြင်းခံရသူလည်း မဖြစ်နိုင်ပါ။ တန်ဖိုးထားတာတွေ မတူညီကြသောအခါ၊ ပျော်ရွှင်ကြည်နူးရာ နယ်ပါယ်မတူညီကြသောအခါ သူ့တန်ဖိုး ကိုယ် နားမလည်၊ ကိုယ်တန်ဖိုးထားတာ သူမသိ ဖြစ်တတ်ကြသည့် လူ့သဘော ဖြစ်ပါလိမ့်မည်။

ကာတွန်းကားတွေ ဘာကြောင့်ကြိုက်သလဲဟု ကိုယ့်ဘာသာပြန်မေးကြည့်တော့ အပြစ်ကင်းလို့၊ ပေးချင်တဲ့အချက်အလက် တွေကို ရိုးရှင်းလွယ်ကူစွာပေးတတ်လို့၊ video effect အထူးပြုလုပ်ချက်တွေကို ခပ်လွယ်လွယ်ကူကူဘဲ နားလည်ပေးလို့ရ လို့ဟု အဖြေရသည်။ နောက်ထပ် အဓိကကျသည့်အချက်တစ်ခု ရှိပါသေးသည်။ ပုံပြင်နားထောင်ရတာကြိုက်လို့ ကာတွန်း ကားတွေကြိုက်တာ ဖြစ်နိုင်ပါသည်။

သစ်ပင်များ အမျိုးအစားကွဲကြသလို၊ ရှင်သန်ပေါက်ဖွားရာ နယ်ပါယ်မတူ ကြီးထွားရှင်သန်ကြသလို လူတွေသည်လည်း ကွဲပြား ခြားနားသော ကလေးဘ၀နောက်ခံများဖြင့်လူ့ဘ၀ကို စခဲ့ကြသည်။ ပုံပြင်ဆိုသည့်စကားလုံးကို ကလေးတိုင်း ကြား ဘူးကြမည်ဖြစ်သော်လည်း ပုံပြင် ၀၀လင်လင် နားထောင်ခဲ့ရသည့်ကလေးတွေနည်းမည်ဟု ထင်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက အခုခေတ်ကလေးတွေ ပုံပြင်နားထောင်ဖို့မှ အချိန်ရှိကြပါဦးမလား။ ပုံပြင်တွေ ပြောပြသူတွေမှ ရှိကြပါ ဦးမလား။ အချိန်မှ ရကြရဲ့လား။ ပုံပြင်သည် ကလေးတစ်ယောက်၏ လူ့ဘ၀အစ စိတ်နေစိတ်ထားကို ပုံဖော်၊ ချောဆစ်၊ ထုလုပ်ရာတွင် ထက်မြက်၊ ချွန်မြလှသည့်ဆောက်သွား တစ်ခုနှင့်တူပါသည်။

ကျွန်တော် ငယ်ငယ်က ပုံပြင်ပြောပြသူတွေ အများကြီးမရှိခဲ့သော်လည်း စိတ်ရော ကိုယ်ပါ နှစ်ပြီး ပုံပြောပြသူတွေ ရှိခဲ့သည်။ အမေ့အမေ ကျွန်တော့်အမေကြီး၊ အမေ၊ လေးတန်းဆရာမ ဒေါ်မိမိလေးတို့သည် ကျွန်တော့်ကို ပုံပြင်အများဆုံး ပြောပြသူ တွေ ဖြစ်သည်။ ပိုပြီးကံကောင်းတာက သူတို့သုံးယောက်၏ ပုံပြောပုံ ပြောနည်း မတူ။ ပိုရှင်းအောင်ပြောရလျှင် ထမင်းဝိုင်းကြီး တစ်ခုမှာ အရသာမတူသည့်ဟင်းကောင်းသုံးခွက်နှင့် ဥပမာပေးချင်သည်။ ဆရာမ ဒေါ်မိမိလေးက အက်စကီးမိုး၊ အမေဇုန် သစ်တောက မြွေကြီးတွေ စသည့် သိပ္ပံနည်းကျကျပုံပြင်တွေကို ပြောသည်။

ဘုန်းကြီးကျောင်း ပညာရေးနှင့်လေးတန်းပညာရေးသာ ပြီးခဲ့ရှာသော အမေကြီးပုံပြင်တွေက ငါးရာ့ငါးဆယ် ဇာတ်နိပါတ်၊ ဇာတ်ကြီးဆယ်ဖွဲ့တို့အ၀န်းအ၀ိုင်းထဲက ဘယ်တော့မှ မထွက်။ တေ၊ ဇ၊ သု၊ နေ အစချီသည့်ဇာတ်ကြီး ဆယ်ဖွဲ့ကို တစ်ည လျှင် တစ်ခုပြောပြသည်။ “ငါ့မြေး…ဒီညက ဘယ်ရောက်ပြီလဲကွဲ့… မနေ့ညက ဇ…. ဇနက္ကမင်းသားဇာတ်ပြီးပြီဆိုတော့ သု…သုဝဏ္ဏသာမကွဲ့” ဟု အစချီကာ သုဝဏ္ဏသာမ၏အသံကလွဲပြီး ဒုကူလနှင့်ပါရိကာအသံဆိုလျှင် Tone တမျိုး၊ ပိဋိယက္ခ မင်းကြီး (စာလုံးပေါင်းတွေ မှားပါလိမ့်မည်) ဆိုလျှင် Tone တမျိုး၊ သိကြားမင်းအသံဆိုလျှင် အသံဆွဲဆွဲရှည်ရှည်ကြီးပြော၊ ငိုစရာရှိတာ ငိုပြ၊ ငှက်သံ၊ သမင်သံ၊ ကျားဟိန်းသံ၊ မြွေနှာမှုတ်သံ စသည် စသည်တို့ကို မပျင်းမရိ၊ မငြီးမငွေ့ ပြောပြသည်။ ဒီလိုပြောရင်း “တောင်ပို့တွေ ဘာတွေဆိုတာ မြွေတွေ ဘာတွေ နေတာကွဲ့…အဲဒါကြီးတွေ သွားဖျက်ဆီးရင် အန္တရာယ်ရှိ တယ်” “မိဘကို သိတတ်လိမ္မာတဲ့ကလေးဆိုတော့ လူ၊ နတ်၊ သတ္တ၀ါတွေ ချစ်တာပေါ့ကွယ်” ဟုပုံပြောရင်း ကျွန်တော့်စိတ်ကို ရသလောက် ပြင်ပေးခဲ့ပါသည်။  တစ်ခါတရံတော့ ၃၇ မင်းနတ်တွေ အကြောင်းကို ယုံကြည်မှု အကဲပိုပို၊ ရိုသေလေးစားဖွယ်ရာ အဖြစ်တွေကို ပြန်ပြောပြနေသည့်ပုံစံဖြင့်ပုံပြင် ပြောသလို ပြောပြသည်။ ဒီလိုပြောနေစဉ်မှာ အမေသိလျှင်တော့ သူတို့ သားအမိ စကားများကြရသည်။

အထက်တန်းပြ ဆရာမ ပညာရေးဘွဲ့ရ အမေက ၃၇ မင်း နတ်တွေကို ကင်းကင်းရှင်းရှင်း နေချင်သည်။ လုံးဝမယုံကြည်တာလဲ မဟုတ်။ အမေကြီးက ကျွန်တော့်ကို ကိုကြီးကျော်၊ အမေရေယဉ်၊ မနှဲလေး၊ ဗျဝွိ၊ ဗျတ္တ၊ မအိုဇာ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး တို့ကို ဗဟုသုတအဖြစ်ပြောပြနေလျှင် ဘာမှမကန့်ကွက်သော်လည်း လိုတာထက်ပိုလာလျှင်တော့ ကြားကဖြတ်ပြီး ဟန့် တတ်သည်။ “အမေက ဘာမှန်းလဲမသိဘူး။ ကလေးကို သတ္တိရှိအောင်၊ မကြောက်တတ်အောင်လုပ်ပေးရမယ့်အစား ဘာမ ဟုတ်တဲ့ အစိမ်းသေတဲ့လူတွေကို မလန့်လန့်အောင် လျှောက်ပြောနေတယ်” ဟု ဝေဖန်သည်။ အမေဒီလို ပြောလိုက်လျှင် အမေကြီးက “ဘုရား… ဘုရား.. ၀င်းမြင့်ရယ်..အကိုကြီးတို့ မမနှဲတို့ အဲဒီကောင်မကို ခွင့်လွှတ်ပါတော်.. ဗွေမယူပါနဲ့… ကျွန် တော်မျိုးမကြီး ဆိုဆုံးမမှုအားနည်းလို့ ဒီလိုစကားတွေထွက်ရတာပါ…” ဘာညာဟုပြောကာ သူ့နတ်တွေကို တောင်းပန် လို့မဆုံးတော့။

အမေကတော့ ခေတ်ပညာတတ်ပီပီ အမေကြီးလို ပုံပြင်မျိုးမပြော။ သူ့လက်စွဲက တောတွင်းသားလေး မောဂ္ဂလိ။ တခါ တရံတော့ လူထုဦးလှ ပုံပြင်စာအုပ်တွေကို တဖြည်းဖြည်းတွဲဖတ်ပြီး ခဏကြာတော့ ကျွန်တော်တယောက်တည်း ဖတ်စေ သည်။ အမေ့တောတွင်းသားမောဂ္ဂလိကို ကျွန်တော်စွဲသွားပုံက သစ်ပင်ပေါ်တက်ပြီး ခွေးလိုအူသဖြင့် အမေကြီးက နမိတ် မရှိ၊ နမာမရှိဟု တွယ်တာခံရဘူးသည်။ အမေ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ပြန်ပြော၊ ပြန်ပြော မောဂ္ဂလိ၊ ရှီရာခန်၊ ဘူးလူး တို့ကို အိပ်မက်ထဲအထိ စွဲမက်သည်။ အမေက သူ့တောတွင်းသား မောဂ္ဂလိအကြောင်းကို ဘာသာပြန်ဘဲ ဖတ်လာသလား၊ မူရင်းဘဲ ဘယ်မှာ ဘယ်လိုဖတ်လာသလဲ ကျွန်တော်မသိ။

ထိုစာအုပ် The Jungle Book ကို မူရင်းရေးသူက အင်္ဂလိပ်စာရေးဆရာကြီး Rudyard Kipling။ ရေးသည့်ခုနှစ်က ၁၈၉၄။ မြန်မာနိုင်ငံ အကုန်လုံးကို သူ့တို့အင်္ဂလိပ်လူမျိုးတွေ သိမ်းပြီးတာ ၉ နှစ်ခန့်ဘဲ ရှိသေးသည်။ ပြီးတော့သူက အန္ဒိယက အုပ် ချုပ်ရေးပိုင်းမှာ အလုပ်လုပ်ခဲ့သူ။ ထိုအချိန်က မြန်မာနိုင်ငံကိုကို စစ်ပြုရာမှာ အန္ဒိယရှိ အင်္ဂလိပ်အုပ်ချုပ်ရေး အသိုင်း အ၀ိုင်း က အဓိကကြိုးကိုင်ခဲ့သည်။ သူနဲ့ပတ်သက်ချင်မှ ပတ်သက်မည်ဖြစ်သော်လည်း သူ့စာအုပ်ထဲက တောတွင်းသား မောဂ္ဂလိကို အသဲထဲစွဲပေမယ့် သူ့ကိုတော့ သိပ်အစာကျေချင်တာမဟုတ်။

ကျွန်တော် အသက်ကြီးလာတော့ ကျွန်တော့်ကို ပုံပြင်ပြောနေကြ အမေကြီးလည်းမရှိတော့။ အမေနဲ့ ကျွန်တော်ကလည်း တမြေစီ၊ တရေစီ။ အနီးနား ရှိရင်သော်မှ ကျွန်တော့်ကို ပုံပြင်ပြောပြဖို့ စိတ်ဝင်စားတော့မှာမဟုတ်။ သူ့တောတွင်းသားလေးကို သူ့မြေးတွေအား လက်ဆင့်ကမ်း ပြောပြနေသည်လို့ အမျိုးတွေက ပြန်ပြောကြသည်။ ဒီတော့ဘ၀ထဲမှာ မောလာရင်၊ အလုပ် ပင်ပန်းလာလျှင် ကျွန်တော့်ကို ပုံပြင်အစားပြောပြမည့် ကာတွန်းကားတွေကိုဘဲ အားကိုးရသည်။ ကာတွန်းကားလေးတွေက ကလေးတွေအတွက် ရည်ရွယ်ထားတယ်ဆိုတော့ ဘာသာစကား အခက်အခဲ ဘာမှမရှိ။ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး။

ပုံပြင်ပြောဖို့၊ ပုံပြင်နားထောင်ဖို့ ကျွန်တော်တို့အချိန်ရှိချင်မှ ရှိပါလိမ့်မည်။ သို့တည်းမဟုတ် ပုံပြင်နားထောင်ဖို့၊ ပုံပြင်ပြော ဖို့လူရှိချင်မှ ရှိပါလိမ့်မည်။ သို့သော် ပုံပြင်အစားထိုး ကာတွန်းကားလေးတွေကိုကြည့်ဖို့တော့ အချိန်လည်း အများကြီး ပေး စရာ မလို။ လူရှိဖို့လည်း မလို။ ရနိုင်တဲ့အချက်အလက်တွေကလဲ အများကြီး။ ဥပမာ…

A Bug’s Life ကာတွန်းကားထဲက နှံကောင်များနှင့် ပုရွက်ဆိတ်တွေအကြောင်းကို ကျွန်တော်တို့ကြည့်သင့်သည်။ ပုရွက် ဆိတ်များသည် နှံကောင်များ၏ အခိုင်းခံ၊ အနှိမ်ခံမဟုတ်။ ဘာအကြောင်းနှင့်မှ နှံကောင်များကို ပုရွက်ဆိတ်များက ကြောက် နေစရာ မလို။ စည်းလုံးညီညွှတ်မှုဘဲ လိုသည်။ ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ဘဲလိုသည်။ A Bug’s Life ကို ခင်ဗျားရဲ့သား၊ သမီးလေးတွေနဲ့အတူတူကြည့်ရင်း မြန်မာနိုင်ငံသားတစ်ယောက်ဟာ ဘယ်စစ်ကျွန်၊ စနစ်ကျွန်မှ ဖြစ်ဖို့မလိုဘူးလို့တွေးမိရင် တွေးမိမယ်။

ပြီးတော့ငါ့မဲတစ်ပြားဟာ သိပ်အရေးကြီးပါလားလို့ သိချင် သိလာပါလိမ့်မယ်။ ချစ်ခြင်းအားဖြင့် မဲပေးပါ။ နှံကောင်တွေကို တော်လှန်ဖို့ မဲပေးပါ။ ပုံပြောသူနဲ့ ပုံပြင်နားထောင်သူတွေ အေးအေးလူလူ ပုံပြင်တွေ အများကြီး ပြောနိုင်စေဖို့ မဲပေးပါ။

ဖိုးထက်
Photo : getty images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်