ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ငါ့ အမြင် ဘဝ အမြင် ဓမ္မ အမြင်

September 27, 2015


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ငါ့ အမြင် ဘဝ အမြင် ဓမ္မ အမြင်

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၅

ပါရမီဆိုတာ ဘဝကို တဆင့်ထက်တဆင့် မြင့်တက်သွားစေတဲ့ အကျင့်မြတ်များ ဆိုတော့ ဘဝရဲ့ အနိမ့်ဆုံးအဆင့်က စပြီး စစ်ကြည့်ရအောင်။

အဘိဓမ္မာကျမ်းများမှာ သတ္တဝါမှန်သမျှ လောကထဲကို “ဘဝနိကန္တိက လေဘဇော”နဲ့စတယ်လို့ ဆိုပါတယ်။ ဘဝကို ဆာလောင်တပ်မက်တဲ့“တဏှာ”နဲ့စတယ်-လို့ ဆိုလိုတာပါ။ “ပဋိစ္စသမုပ္ပါဒ်”ဒေသနာအရကြည့်ရင်လဲ- “အဝိဇ္ဇာ တဏှာဒွေမူလ”နဲ့စတယ်လို့ပဲ ဆိုပါတယ်။ အရိုင်းဆုံးလို့ဆိုရမယ့် အစောဆုံးလူသားများဟာ- တိရိစ္ဆာန်နဲ့ သိပ်မခြားပါဘူး။ အားလုံးဟာ-တဏှာလောဘပေါက်ပွားရာ”အတ္တ” ဆိုတဲ့အထင်မှားကြီးကိုချည်း အခြေခံပြီး ကြည့်ကြ, မြင်ကြတာပါ။

ဝန်းကျင်တခုလုံးကို- “ငါကြိုက်ထာ ရှာတယ်၊ငါ့အကြိုက်ပဲ ကြည့်တယ်၊ ငါကြိုက်တာတွေ့တော့ ရအောင်ကြိုးစားတယ်” ဒါဟာ လောကကို ‘ငါ’နဲ့ကြည်ပြီး“တဏှာ”နဲ့ မြင်တာပါပဲ။ ငါကြိုက်ထာကို တဏှာနဲ့ရှာလို့-များများပိုင်ဆိုင်လာတော့- “ငါ့ကို တုနိုင်သူ ရှိသေးလား”ဆိုတဲ့‘မာန’ဖြစ်လာတယ်။ တဏှာအားကောင်းေးတာ့ မာန ပေါက်ပွားပေါ်ပေါက်လာတယ်-လို့ ဆိုနိုင်ပါတယ်။ ဒီထက်ပိုပြီး ပိုင်ဆိုင်လာတော့ ပတ်ဝန်းကျင်ကို သူကြိုက်သလို ချယ်လှယ်ခွင့်ရလာတယ်။ ပတ်ဝန်းကျင်ကလဲ သူ့ကိုမလွန်ဆန်ဝံ့တော့ဘဲ အလိုလိုက် လာရတယ်။ အဲဒီအခါမှာ-“ဘာမဆို ငါ့အလိုကျ အကုန်ဖြစ်ရတယ်၊ ငါမှ ငါ”ဆိုတဲ့”ဒိဋ္ဌိ”ဖြစ်ပေါ်လာတယ်။ မာနလွန်တော့ ဒဋ္ဌိဖြစ်သွားတဲ့ သဘောပေါ့။

လောကကို”အတ္တ”လို့ခေါ်တဲ့”ငါ့အမြင်နဲ့သာ ကြည့်နေရင်-“တဏှာ, မာန, ဒိဋ္ဌိ”ဆိုတဲ့ဒီတရားဆိုး သုံးမျိုးနဲ့သာ မြင်တတ်ပါတယ်။ ဒီတရားသုံးမျိုးဟာ-သတ္တဝါတို့ကို သံသရာနယ်ထဲက ရုန်းမထွက်နိုင်အောင် တုပ်နှောင်ထားသလိုဖြစ်လို့ သံသရာနယ်ကို-ရှည်စေ,ကြယ်စေတတ်တဲ့အတွက်- “ပပဉ္စ”တရားများလို့ ခေါ်ပါတယ်။ အဲဒီအဆင့်မှာ လူတွေရဲ့စိတ်ထားဟာ- “ဘယ်သူသေသေ ငတေမာ ပြီးရော”ဆိုသလို ငါ့အတွက်,ငါ့အလိုပြည့်ရေးသာ ပဓာနဆိုတဲ့စိတ်နဲ့ “ကြီးနိုင် ငယ်ညှင်း”ကျင့်ကြတဲ့ကာလကြီးဖြစ်လို့- လူရဲ့”အနိမ့်ဆုံးအဆင့်”လို့ ဆိုရပါတယ်။ ဒိနေ့အထိလဲ-“ဘယ်သူသေသေ ငါ့အလိုပြည့်ဖို့သာ ပဓာန၊ငါ့အလိုကိုဆန့်ကျင်သူ ငါ့ရန်သူ”ဆိုတဲ့စိတ်နဲ့ ကြီးနိုင် ငယ်ညှင်း ကျင့်သူများကို ဓမ္မဓိဋ္ဌာန်အရ- “လူ့ အောက်တန်းစားများ”လို့သာ သတ်မှတ်ပါတယ်။ “အပါယ်လေးဘုံတို့ရဲ့ အိမ်ရှင်များ”ဖြစ်လို့ပါ။

ဒီစနစ်ဆိုးကြီး ကာလရှည်လာတဲ့အခါ.. သတိတရား, အသိတရား နဲနဲဝင်လာဖို့- အတွေ့အကြုံက ဆုံးမလာတယ်။ အဲဒါ ဘာလဲဆိုတော့- “ဘာမဆို ငါလိုသမျှ ဖြစ်ရမယ်”လို့ ထင်မှတ်နေသူတိုင်း အို,နာ,သေ-ဆိုတဲ့ သဘာဝဘေးကိုကျတော့ လက်မြှောက် အရှုံးပေးရတော့တယ်။ ဒီတော့မှ-“လောကကြီးဟာ ငါဖြစ်ချင်သလို မဖြစ်ဘူး၊ငါ့အတွက်သာ ပဓာန-ဆိုတာလဲ မပြည့်စုံဘူး၊ ငါက ငါ့အတွက်သာ ကြည်ခဲ့တဲ့အတွက် ငါမစွမ်းတော့တဲ့အခါ ငါ့ကို ကူညီသူလဲ မရှိတော့ဘူး။ ငါလိုချင်တာချည်း ရှာဖွေသိမ်းပိုက်ခြင်းဟာ-ငါ့ဘဝကို မပြည့်စုံနိုင်ပါကလား..”ဆိုတဲ့”ဘဝအမြင်”ရလာတယ်။

“ငါ့အမြင်” ကျောခိုင်းပြီး ဘဝအမြင်လေးပေါ်လာတဲ့အတွက် ဘဝတူအားလုံးကို “သူတို့လဲ ငါလိုပဲ၊ ငါ့အမြင်သက်သက်နဲ့ အရာရာ ပြည့်စုံနိုင်စွမ်း မရှိသူတွေချည်းပါလား”ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေး ဖြစ်လာတာပေါ့။ ဒီစိတ်ဓာတ်ကြောင့် တဆင့်တိုးတက်လာတာက- “ကိုယ်နှင့်လည်းစာ, သတ္တဝါကို,ကြင်နာလှစေ, သူ့အသက်ကို, ချစ်ပါလေ”လို့- အရှင်မဟာရဋ္ဌသာရ စပ်ဆိုခဲ့တဲ့အတိုင်း- သူ့အသက်ကို ချစ်တတ်တဲ့“မေတ္တာ”စိတ်လေးပေါ်လာတယ်။

ပါရမီသဘောနဲ့ ပြောမယ်ဆိုရင်- ငါ့အတွက်လို့ တွယ်တာထားတဲ့ ကာမအာရုံများနဲ့ ငါမှငါ လို့တွယ်တာထားတဲ့ ဘဝတို့က ရုန်းထွက် လိုက်ထာက”နေက္ခမ္မ ပါရမီ”ပေါ့။ ဒီလုပ်ရပ်မှာ- ဆုံးဖြတ်ချက်ကို အခိုင်အမာပြုတဲ့”အဓိဋ္ဌာန”၊  ငါချစ်စရာ,ငါမုန်းစရာတို့ကို လျစ်လျူရှုတဲ့”ဥပေက္ခာ”၊ လွတ်အောင် ကြိုးစားတဲ့”ဝီရိယ”၊ လွတ်အောင်ရုန်းမှဖြစ်မယ်-လိုသိတဲ့”ပညာ”တို့လဲ ပူးပေါင်း ပါဝင်နေတယ်လို့ သဘောပေါက်ပါ။

ကိုယ်ချင်းစာစိတ်,မေတ္တာစိတ် ပီပီပြင်ပြင်ဖြစ်လာတော့- သတ္တဝါအားလုံးရဲ့ ဘုံဆိုင်ပြဿနာကိုလဲ မြင်လာတယ်။ ဘာလဲဆိုတော့- ဘယ်သတ္တဝါမဆို မကျေနပ်စရာများနဲ့ ကြုံရမှာကို ကြောက်နေရတာရယ်၊ ကျေနပ်စရာတွေ ပြည့်စုံဖို့ မျှော်နေရတာရယ်၊ ဒီနှစ်ခုဟာ အဲဒီအချိန်မှာကြံရတဲ့ ဘဝပြဿနာပါပဲ။ အဲ-ခုလဲ ဒီပြဿနာနှစ်ခုဟာ ငြိမ်းချမ်းခြင်း, ဆူပူခြင်းတို့ရဲ့ အဓိပြဿနာပါပဲ။

ဒီ အမေရိကရောက် မြန်မာတွေက-ရွှေပြည်ကြီးမှာ ပြဿနာတွေက များမှများ-လို့ပြောတိုင်း- မများလှပါဘူး၊နှစ်ခုပဲရှိပါတယ်-လို့န်ြပြောတော့- ဘုန်းဘုန်းက နောက်နေပြန်ပြီတဲ့။ အတည်ပြောတာပါ၊ရွှေပြည်ကြီးမှာ- မကျေနပ်စရာတွေနဲ့ ကြုံနေရတာရယ်၊ ကျေနပ်စရာ မပြည့်စုံတာရယ်၊ ဒီနှစ်ခုပါပဲ-ဆိုတော့မှ.. “အေး..ဟုတ်တယ်နော် -ကမ္ဘာကြီးက ပြဿနာနှစ်ခုထည်းနဲ့ ရှုပ်နေကြတာပဲ..”တဲ့။ အ

တိုချုပ်ကတော့- အကြောက်နဲ့ အမျှော်ပါပဲ။ တရားသော အကြောက်,အမျှော်လို့သာ ဆိုရမှာပါ။ ဒီနှစ်ခုကို အကြောင်းပြုပြီး-သတ္တဝါအားလုံး “ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေလိုတဲ့ ကရုဏာ”နဲ့ “မျှော်လင့်ချက်တို့ ပြည့်စုံချမ်းသာစေလိုတဲ့ မုဒိတာ”တို့ ပေါက်ပွားလာလို့ပါပဲ။ ဒီစိတ်ဓာတ်တွေ..မေတ္တာ,ကရုဏာ,မုဒိတာ-တို့ပေါ့၊ ပြီးတော့ အချင်းချင်း နားလည်ခွင့်လွှတ်ခြင်းနဲ့ အပြန်အလှန် ချွတ်ယွင်းချက်တို့ကို လျစ်လျူရှုတဲ့ ဥပေက္ခာ-ရယ်ပေါ့၊ အဲဒီတရားတွေဟာ ဘဝကို ငြိမ်းချမ်းစေတဲ့ မြင့်မြတ်စိတ်ထားတွေ ဖြစ်လို့“ဗြဟ္မစိုရ်”တရားများလို့ ခေါ်ပါတယ်။

ဒါကို ဆရာကြီး ဦးရွှေအောင်ကတော့- လောကကို ဗြဟ္မစိုရ်နဲ့ မြင်တတ်လာတဲ့ တိုးတက်မှုလို့ မှက်ချက်ချပါတယ်။ ဘဝချင်းစာနာတဲ့”ဘဝ အမြင်”ဆိုတာ”ဗြဟ္မစိုရ် အမြင်”ပါပဲ။ ဒီအမြင်ကြောင့်- အချင်းချင်း ဒုက္ခပေးသလိုဖြစ်တဲ့ နိုင်ထက်စီးနင်း သတ်ဖြတ်ညှင်းဆဲခြင်းစသည်မှ ရှေင်ကြဉ်တဲ့”သီလ”တို့၊ ဒုကခရောက်သူကို ကူညီတဲ့ “ဒါန”တို့၊ ခွင့်လွှတ်သည်းခံတဲ့”ခန္တီ”၊ အမှန်အတိုင်း ပြောဆိုဆက်ဆံတဲ့”သစ္စာ”တို့ဆိုတဲ့ မြင့်မြတ်တဲ့ ပါရမီအလုပ်တွေ ပေါ်ပေါက်လာပါတယ်။

လောကကို ဗြဟ္မစိုရ်နဲ့ကြည့်တတ်တဲ့ ဘဝအမြင်ကြောင့်- ပါရမီဆယ်ပါး၊အပြားသုံးဆယ်တို့ကို ပြည့်အောင်ဖြည့်နိုင်သလို စင်ကြယ်မှု-ဝိသုဒ္ဓိအဆင့်အရကြည့်ရင်လဲ-အခြေံဖြစ်တဲ့ “သီလဝိသုဒ္ဓိ”တော့ အစင်အကြယ် ဖြစ်လာပါပြီ။ သာသနာအလိုမရဆိုရင်လဲ- မကောင်းမှု ရှောင် ကောင်းမှု ဆောင်-ဆိုတဲ့ တရားနှစ်ပါး ထင်ရှား ပေါ်ပေါက်လာပြီလို့ ဆိုနိုင်ပါတယ်။

စက်တင်ဘာ ၂။ လိတ်လန်း၊ဖလော်ရီဒါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်