ဖိုးထက် – ခေတ်သစ် ဖက်ဆစ်ရှိဆဲလား

September 28, 2015

Photo credit – US Campaign for Burma (2008)

 

ဖိုးထက် – ခေတ်သစ် ဖက်ဆစ်ရှိဆဲလား

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၅

ဖက်ဆစ်စနစ်ဆိုးကြီးလို့ ဆိုတာနဲ့ မြန်မာသမိုင်း ဖတ်စာတွေ သင်ယူလေ့လာခဲ့ရသည့် ကျွန်တော့် အတွက် ဂျပန် ကင်ပေတိုင်တွေကိုဘဲ မျက်လုံးထဲ ပြေး ပြေးမြင်ပါသည်။ မျက်လုံးထဲ ပြေးမြင်တယ်ဆိုလို့  ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခဲ့ရလို့ ဂျပန် ဖက်ဆစ်တွေကို ပြန်တွေးနိုင်ခြင်းမဟုတ်။ ကိုသီတင်စိုး၊ ကိုနေထက်လင်းတို့ ဇာတ်လမ်းတွေထဲက တယ်လီယာခွေးအုပ်ထုပ် (ကျွန်တော်တို့ အခေါ်) တွေဆောင်းတားသည့် ဂျပန်တွေနှင့် ရွာက အေးမိတို့၊ ခင်မြတို့ ကို ဖျက်ဆီးသည့် အဆီပြန်သော မျက်နှာနှင့် ဂျပန်တွေကိုဘဲ တွေးဆ၊ မှန်းဆနိုင်ပါသည်။

 

ဘယ်လိုဘဲ ဖြစ်ဖြစ် ဂျပန်ဖက်ဆစ်တွေက ကျွန်တော်တို့ အပေါ် ရက်ရက်စက်စက် ပြုမူခဲ့သလို တရုတ်တွေအပေါ်၊ ကိုရီးယားတွေအပေါ်မှာလည်း လူမဆန်သည့် ကိစ္စ အများကြီး ကျူးလွန်ခဲ့ကြသည်က သမိုင်းမှာ အထင်အရှား။ မန်ချူးရီးယားမှာ နားလှည့် ပါးရိုက်စနစ်ဖြင့် အုပ်ချုပ်၊ တရုတ်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ဒေသခံ လူပေါင်းများစွာကို ချွေးတပ်ဆွဲ၊ အစာ မ၀ရေစာကျွေး၊ အလုပ်ကြမ်းကြီးတွေ မညှာမတာ ခိုင်းခဲ့ကြသည်။ သံဖြူဇရပ် နှင့် ဘုရားသုံးဆူ ရထားလမ်း ဖောက်ရာမှာ လူသား ဂုဏ်သိက္ခာကို စုန်းစုန်း နစ်မြုပ်စေခဲ့ပြီး တိရစ္ဆာန်နဲ့ မခြား ခိုင်းစေခဲ့ကြသည်။ လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြရသဖြင့် သေမင်းတမန်မီးရထားလမ်းဟု ကမ္ဘာမှာ အမည်တွင်ခဲ့သည်။

 

ဒါတွေက ကျွန်တော် မမွေးခင် ကျွန်တော်တို့ အဘိုး၊ အဘွားတို့ ခေတ်က။ ကျွန်တော်တို့ အဖေ၊ အမေတို့ ကလေးဘ၀က။ ကျွန်တော်တို့ မွေးတော့ က.စ.လ စက်ရုံကြီးတွေ၊ သုံးဘီးကားတွေ၊ မီးရထား စက်ခေါင်းကြီးတွေကို ဂျပန်က စစ်လျော်ကြေး ပေးခဲ့တယ်လို့ ကြားရပြန်တော့ ဘယ်ဆိုးလို့လဲလို့ ကော့နေအောင် ခံခဲ့ရသည့် အဘိုး၊ အဘွားတွေ မျက်နှာမှ မထောက်ဘဲ တွေးမိခဲ့သည်။ ကျွန်တော်တို့ သိမှီသော ကျွန်တော်တို့ရဲ့ အုပ်ချုပ်သူ လူတန်းစားက ကိုယ်မှားရင်လဲ မတောင်းပန်၊ မာန်မလျှော့တာတွေဘဲ ကြုံခဲ့ရတော့ ဖက်ဆစ်ဂျပန်က သူ့အမှားအတွက် စစ်လျော်ကြေးပေး တောင်းပန်သည်ကို စိတ်ထဲ ဘ၀င်ကျမိတာတော့ အမှန်။ သူတို့ မှားခဲ့တယ်။ တောင်းပန်တယ်။ လျော်ကြေးပေးတယ်။ ပြီးတာ ပြီးပါစေတော့လို့ တွေးမိသည်။ လက်စားချေခြင်း ဘီးလုံးကို လှည့်ချင်သည့် အတွေးအခေါ် မရှိခဲ့။ 

 

ဖက်စစ်စနစ်ကို ကိုးကွယ် ယုံကြည်ခဲ့ကြတာ ဂျပန်တစ်နိုင်ငံတည်း မဟုတ်တာ လူတိုင်း သိကြပါသည်။ ဂျာမဏီ နှင့် အီတလီ။ ဟစ်တလာနှင့် မူဆိုလိုနီ။ မူဆိုလိုနီကို ကျွန်တော် သိပ်မသိ။ သူ့အကြောင်းကို စာတွေထဲမှာ ခပ်ကျဲကျဲဘဲ ဖတ်ဘူးခဲ့သည်။ သိပ်စိတ်မ၀င်စားတာလဲ ပါ ပါသည်။ 

 

ဟစ်တလာကျတော့ ဒီလို မဟုတ်။ သူ့အကြောင်း စာအုပ်တွေ အတော် များများ ကျွန်တော် ဖတ်ဘူးသည်။ ဖက်ဆစ် စနစ်ကို အဆိပ်အတောက် ဖြစ်စေသည့် (သူ့အထင်) စာအုပ်တွေကို မီးပုံရှို့ခိုင်းခဲ့ သော်လည်း သူ့မှာ ကိုယ်ပိုင် စာကြည့်တိုက်ကြီး တစ်ခုတောင် ထားပြီး စာဖတ်တယ်ဆိုတော့ (တကယ် ဖတ်၊ မဖတ် သူမှ သိမည်) ဘယ်ဆိုးလဲလို့ ထင်မိသည်။ ကိုယ်တိုင်ရေး စာအုပ်တွေ ဘာတွေ ရေးတယ်လို့ သိထားပြန်တော့ နည်းနည်းတော့ ဖျားသွားပါသည်။ တရားမျှတခြင်းကို ထည့်သွင်း မစဉ်းစားဘဲ သူ့ဘ၀တက်လမ်းကို ရှာဖွေလျှောက်လှမ်းခဲ့သည့် သူ့အရည်အချင်းကိုလဲ မကြိုက်ပေမယ့် အထင်ကြီးမိသည်။ သေတော့လဲ ကိုယ့် ကိုယ် ကိုယ် ပစ်သတ်သေတယ်ဆိုတော့ နည်းတဲ့ “ဇ” တော့ မဟုတ်လို့ ကျွန်တော် တွေးမိသည်။ နည်းနည်းတောင် သနားချင်သလိုလို။ ဂျပန် ဖက်ဆစ်တွေကို မုန်းလို့ ရပေမယ့် ဟစ်တလာကိုတော့ မေတ္တာ မပျက်ချင်။

 

သို့သော် စာအုပ်တစ်အုပ်က ကျွန်တော့် အတွေးအခေါ် အမှားများကို ထောက်ပြခဲ့သည်။ အမှန်ကို တွေးဖို့ တွန်းအားပေးခဲ့သည်။

 

စာဖတ်တာ နည်းနည်း စုံ၊ အရသာ ခံပြီး စာဖတ်တတ်လာတော့ (ဒါလဲ ကိုယ့်ဘာသာ အထင်) စာအုပ်ကောင်းကြီးတွေကို တစ်ခေါက်ထက် မနည်း ဖတ်သင့်တယ်လို့ ကျွန်တော် ခံယူပါသည်။ ကျွန်တော် ခဏ ခဏ ညွှန်းနေလို့ ဖန်တရာ တေနေပြီ ဖြစ်သည့်  ရုရှား စာရေးဆရာကြီး အီလျာအာရင်ဘတ် ၏ “လူများ၊ သက္ကရာဇ်များ၊ ဘ၀” ကိုလဲ ဒုတိယ အကြိမ် ပြန်ဖတ်နေမိသည်။ ကိုယ်ပိုင် အင်္ဂလိပ်စာ အရည်အချင်း၊ မျိုးနဲ့ ရိုးနဲ့ အပျင်းကြီးမှုများကြောင့် မူရင်း အင်္ဂလိပ်စာ ဘာသာပြန်သာ ကိုယ့်ဘာသာ ဖတ်မည်ဆိုလျှင် ကမ္ဘာပျက်ရာသို့ စာအုပ်ကြီး ဆွဲချသွားရမည်။ စာအုပ်က ဖတ်လို့ ပြီးမည် မဟုတ်။ ဆရာကြီး မြသန်းတင့်၏ ကြီးမားလှစွာသော ကျေးဇူးတော်ကြောင့်သာ မြန်မာဘာသာပြန်ကို ခပ်လွယ်လွယ် ဖတ်နေနိုင်ခြင်း ဖြစ်သည်။ 

 

အခုနောက်ပိုင်း ဆရာ့ရဲ့ အဆိုပါ ဘာသာပြန်ကို စုပေါင်းပြီး နှစ်တွဲသာ ထုတ်သည်။ အရင်က စာအုပ်တွဲတွေ အများကြီး၊ အများကြီး ခွဲထုတ်ခဲ့သည်။ ထိုစဉ်က ကြုံကြိုက်လျှင် ၀ယ်။ ဖတ်။ မကြုံရင် မ၀ယ်ဖြစ်၊ မဖတ်ဖြစ်ပြန်တော့။ ဖတ်ရတာ ထုံပိုင်း။ ထုံပိုင်းဆိုတော့ အရသာလဲ မရှိ။ တန်ဖိုးနားမလည်။ အခု ပြန်ထုတ်သည့် စာအုပ် အထူကြီး နှစ်တွဲဆိုတော့ ဖတ်ရတာ စိုက်လိုက် မတ်တပ် ရှိလှသည်။ နောက်ပြီး အသက်အရွယ်ကွာသွားတာလဲ ပါနိုင်ပါသည်။ ဘ၀အမြင် တန်ဖိုးတွေ ပြောင်းကုန်တာလဲ ပါနိုင်ပါသည်။လူတွေ၊ သက္ကရာဇ်တွေ၊ ဘ၀တွေ၏ အရသာကို ပိုမို ခံစားနိုင်လာသည်လို့ ထင်မိသည်။

 

လူသည် စာတစ်အုပ်ကို ဖတ်မိလျှင် မိမိ စိတ်အခံနှင့် အတွဲအစပ်မိသည့် ကိစ္စတွေကို ပိုပြီး မှတ်မိကြပါသည်။ ပိုမို စုပ်ယူထားတတ်ကြသည်။ ဆရာကြီး အီလျာအာရင်ဘတ် စာအုပ်ထဲမှ ဥရောပတိုက်က အနုပညာရှင်တွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ အကုန်လုံးကို ကျွန်တော် မသိပါ။ သူတို့တွေ နာမည်ကို ကြားဘူးဖို့ ဝေး။ သူတို့ စာအတို အစလေးတောင်မှ မသိသူဆိုတော့ အာရင်ဘတ်၏ အတိတ်က ကျွန်တော့်အတွက် တစိမ်း တရံ ဆန်ပါသည်။ ကိုယ်ဖတ်ဘူးသည့် စာရေး ဆရာတွေ ဖြစ်ကြသည့် ချက်ကော့၊ ဂိုးဂိုးလ်၊ ဟဲမင်းဝေး စသည့် စာရေးဆရာတွေကို သိသည့် သူ့ အတိတ်တွေက ကျွန်တော့်အတွက် တန်ဖိုး ရှိလှသည်။ ကျွန်တော့် စိတ်ကို ဆွဲဆောင်နိုင်ဆုံးတွေက သူ့ဖြတ်သန်းခဲ့သည့် နိုင်ငံတွေ၏ သမိုင်းတွေ၊ စစ်ပွဲတွေ။

 

ဆရာကြီး အီလျာအာရင်ဘတ်က ပထမ ကမ္ဘာစစ်ကိုလဲ မှီသည်။ စပိန်ပြည်တွင်းစစ်မှာလဲ ပါခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကျပြန်တော့လဲ ရုရှားပြည်ထဲမှာ တစ်လျှောက်လုံး နေခဲ့ပြီး ဂျာမန်တွေကို ခံချလာသည့် ရုရှ တပ်နီတော်နှင့် တစ်သားတည်း ရှိခဲ့သည်။ သူ့ အသက်မွေးဝမ်းကျောင်းကလဲ စာရေးဆရာ၊ သတင်းစာ ဆရာ။ ဥရောပ နိုင်ငံတွေကို လှည့်ပါတ်သွားလာပြီး သတင်းထောက် လုပ်ရင်း ဟစ်တလာ၊ မူဆိုလိုနီ တို့ ဦးဆောင်သည့် ဖက်ဆစ် စနစ်ကြီး အညွှန့် အတက်ပေါက်လာခြင်းကို အစောကြီးကတည်းက ကြိုတင် သိမြင်ခဲ့ပြီး မနှစ်မြို့ခဲ့သူ ဖြစ်သည်။ 

 

သမိုင်းစာအုပ်တွေထဲက အကြောင်းအရာတွေ မှန်သမျှ ယုံကြည်လို့ မရ။ ကိုယ့် အမြင်နဲ့ ကိုယ် စာရေး ဆရာများက ရေးကြသည်။ အချို့က ချီးပင့်ကြသည်။ အချို့က နင်းခြေကြသည်။ အချို့က မြှောက်ထိုး ပင့်ကော်လုပ်သည်။ အချို့က တည်တည်တံ့တံ့ရှိသည်။ အချို့က သမာသမတ်ရှိသည်။ ဘက်မလိုက်။ တရား မျှတသည်။ အရှိကို အရှိ အတိုင်း ရေးသည်။  အချို့ကတော့ တဖက်စောင်းနင်း နိုင်လွန်းသည်။ အခု ဆရာကြီး အီလျာ အာရင်ဘတ်ရဲ့ စာအုပ်ထဲက သမိုင်း အခြင်းအရာတွေကို ကျွန်တော် ယုံကြည်ပါသည်။ သူ့ဘ၀တစ်ခုလုံး နှင့် သူခံစားရသမျှကို မချွန်းမချန် ရေးပြရဲခဲ့သည်။ သမာသမတ်ရှိသလို သတ္တိရှိသည့် စာရေးဆရာကြီးလို့လဲ ကျွန်တော် ထင်သည်။ သူတို့ ခေတ်က တန်ခိုးအလွန်ထွားသည့် ရုရှားခေါင်းဆောင်ကြီး စတာလင် ကိုသော်မှ အများခေါင်းဆောင်ကြီးတိုင်း လိုက်ပြီး ခေါင်းဆောင် ‘မကြီး’ ခဲ့သည့် စာရေး ဆရာ။ အမှားကို အမှားအတိုင်း ထောက်ပြ ဝေဖန်ရဲခဲ့သူဆိုတော့ သူ့ကို ယုံကြည် လေးစားမိသည်။ နောက်ပြီး သူက အနုပညာသမား။ ကဗျာဆရာ။ ပန်းချီပညာ နားလည် ခံစားနိုင်သူ။ ကောက်ကျစ် ပက်စက်ပြီး မရှိကို အရှိလုပ်မည့် သူမဟုတ်လို့ ထင်ပါသည်။ ကျွန်တော့် အက်ဆေးက အီလျာအာရင်ဘတ် ဟိမ၀န္တာချီးမွမ်းခန်း မဟုတ်ပါ။ ကျွန်တော် ပြောချင်တာက သူ့စာအုပ်ထဲက ဒုတိယ ကမ္ဘာစစ်က နာဇီ ဂျာမဏီတွေရဲ့ အပြုအမူတွေ။ 

 

ဟစ်တလာ၏ နာဇီ ဂျာမန်တပ်တွေ သူများနိုင်ငံတွေထဲကို ၀င်တိုက်လျှင် တိုက်ပွဲမှာ ကျဆုံးသည့် သူတို့ ဂျာမန်တပ်သားတွေကို သူတို့ သိမ်းပိုက်မိသည့် မြို့၏ မြို့လယ်ခေါင် ပန်းခြံမှာ သေသေချာချာ မြေမြုပ် သဂြိုလ်သည်တဲ့။ သူများ မြို့၊ နိုင်ငံ၊ တိုင်းပြည်၏ အထွတ်အမြတ်ထားရာ မြို့လယ် ပန်းခြံကို သူတို့ စစ်သင်းချိုင်း လုပ်သည်။ သူများ မီးဖိုချောင်မှာ သုံးသည့် ထမင်းအိုး၊ ဟင်းအိုးကို ခြေထောက် ရေနွေးစိမ်ရာမှာ သုံးသည်။ ကလေးငိုသံကြောင့် အိပ်မရသဖြင့် ထိုကလေးကို ရေတွင်းထဲပစ်ချသည်။ ကလေးတွေကို အသက်အရွယ်မရွေးသတ်တာမှ တစ်နှစ်သားကလေးကိုတောင် နံရံနဲ့ ရိုက်သတ်သည်။ ဒူးဖက် တောင်းပန်သည့် ဆယ်နှစ်သား ကလေးမလေးကို သေနတ်နဲ့ ပစ်သတ်သည်။ ရွာလုံးကျွတ် မီးတင် ရှို့သည်။ မြို့ကြီးတွေကို မီးလောင်တိုက်သွင်း မြေလှန်ပစ်ခဲ့သည်။ အဆောက်အဦးကောင်းကြီးတွေကို ဒိုင်း နမိုက်ထောင်ပြီး ဖြိုချသည်။ ကုန်ကုန် ပြောရလျှင် သူတို့ ရှုံးလို့ ပြေးရလျှင်တောင် သစ်သီးပင်တွေကို လွှနဲ့ တိုက်ခဲ့သည်။ ဓားဖြင့် ခုတ်လှဲခဲ့သည်။ 

 

ဆရာကြီးက စစ်အတွင်းမှာ ရုရှားတပ်နီတော် သတင်းစာ ဖြစ်သည့် “ကြယ်နီ” သတင်းစာအတွက် ဆောင်းပါးတွေ ရေးခဲ့သူဖြစ်သည်။ သူ့ရေးသားချက်တွေက သူတို့ ရုရှားစစ်သားတွေကို စိတ်ဓာတ်ရေးရာအရ မုန်းတီး ခက်ထန်စိတ်ဝင်အောင် လှုံ့ဆော် ရေးသားခဲ့သည်လို့ သံသယ ၀င်လျှင်လဲ ရနိုင်ပါသည်။ သို့သော် ဂျူးလူမျိုး သန်းပေါင်းများစွာကို အဆိပ်ငွေ့ပေး သတ်ခဲ့သည့် ဖက်ဆစ် ဂျာမန်လူမျိုးတွေ နှင့် အနုပညာရှင် ဆရာကြီး ဘယ်သူ့ကို ပိုယုံမလဲဆိုလျှင် ကျွန်တော်ကတော့ ဆရာကြီးကိုဘဲ ယုံပါမည်။ ကလေးသော ခွေးသော မရွေး။ တွေ့ကရာ အကုန်သတ်ခဲ့သည့် ဖက်ဆစ် ဘီဘူး ဂျာမန်လူမျိုးတွေသည် သူတို့ကိုယ် သူတို့ကျတော့ “မီးရှူးတန်ဆောင် ကိုင်ဆောင်သူတွေ” တဲ့။ လမ်းပြမည့် လူမျိုးတဲ့။ ရူးသွပ် ခြင်း တစ်မျိုး။ ဘ၀င်ရူး။

 

လူသည် အမှားကျူးလွန်လျှင် (၀ါ) ကျူးလွန်ခဲ့လျှင် ပြင်ဆင်ဖို့ နည်းလမ်း ရှိပါသည်။ သို့သော် အတွေး အခေါ်မှားပြီး ဦးဏှောက် လမ်းချော်သွားလျှင်တော့ သူတို့ ကိုယ်တိုင်လဲ အမှန်မတွေးနိုင်တော့။ ထောက်ပြ ဝေဖန်သူမှန်သမျှကိုလဲ ရန်သူလို့ မြင်တော့၏။ ငါတို့ လုပ်သမျှ မှန်တယ်၊ တရားတယ်ဟူသည့် ဘ၀င်စိတ်က အမှန်တရားနှင့် သူတို့ကို ပြဒါး တစ်လမ်း ၊ သံတစ်လမ်း ဖြစ်စေတတ်ပါသည်။ 

 

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ ဂျာမန်စစ်တပ်ကို အားလုံးက ကွပ်ညှပ်ထိန်းသိမ်းခဲ့တာ အခု ကျွန်တော်တို့ ခေတ်အထိ သူတို့ ဂျာမန်လူမျိုးတွေ ခံစားရဆဲ။ ဂျာမန်စစ်တပ် ဆိုတာ ကမ္ဘာပေါ်မှာ မျက်နှာငယ်စရာကြီး အဖြစ် ရှိနေဆဲ။ တလောက ဂျပန် ပါလီမန် လွှတ်တော်တွင် နိုင်ငံခြားသို့ စစ်တပ် ပို့ရေး၊ မပို့ရေး အခြေအတင် စကားများကြ။ ဝေဖန်စရာ ဖြစ်ခဲ့သည်။ လက်ရှိ ဂျပန်တွေကို ကမ္ဘာကြီးက ယုံကြည်ကိုးစားသော်လည်း အတိတ်တစ္ဆေခြောက်လန့် မှုကိုတော့ ကြောက်နေကြဆဲလို့ ကျွန်တော် ထင်သည်။ 

 

ဆရာကြီး၏ စာအုပ်ကို ဖတ်ပြီးသော အခါ ဟစ်တလာကို နည်းနည်း အထင်ကြီးချင်သည့် အတွေး ကျွန်တော့်စိတ်ကြေးမှုံမှာ ကွယ်လေပြီ။ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ခဲ့သည့် ဟစ်တလာကို ‘ဇ’ တော့ မသေးဘူးလို့ မထင်တော့ဘဲ သူရဲဘောကြောင်မှု တစ်ခုလို့ မြင်လာတတ်ခဲ့ပြီ။ ကိုယ့် အလှည့်တုံးက ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်ကွပ်ခဲ့ပြီးမှ ကိုယ်ခံရမယ့် အလှည့်ရောက်လာတော့ ရင်မဆိုင်ရဲဘဲ အလွယ်လမ်းကို ရွေးချယ်ခဲ့ခြင်းလို့ မြင်ခဲ့ပါပြီ။ အာဏာရှင်တွေ၏ စက်ဆုပ်ဖွယ်ရာ အမူအကျင့်၊ သူရဲဘောကြောင်မှုတွေကို ကျွန်တော်တို့ မျိုးဆက်က ကောင်းစွာခံစားနားလည်နိုင်ပါသည်။ 

 

မိမိလူမျိုးသာ အကောင်း၊ မိမိတို့သာ အကောင်း၊ မိမိတို့သာ အရှင်သခင်ဆိုသည့် ရူးသွပ် မိုက်မဲမှုတွေက ဟစ်တလာ၏ ဖက်ဆစ် စနစ်ဆိုးကြီးနဲ့ အတူတူ သေသွားပြီဟု ယူဆလို့ မရဟု ကျွန်တော် ထင်ပါသည်။ အခုအချိန်အထိ ကမ္ဘာမှာလဲ ရှိနေသေးသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ရှိနေသေးသည်။ 

 

လူတစ်ဦး၊ တစ်ဖွဲ့၏ အတွေးအခေါ် မှား၊ ဘ၀င်ရူးခြင်းများသည် သူတို့မျိုးဆက်များကို အကြောက်တရားဖြင့် ပဲ့ပိုင် မောင်းနှင်သည်သာ မက နောက် မျိုးဆက်ပေါင်များစွာအထိ ပေးဆပ်လို့ မကုန်နိုင်လောက်အောင် ဖြစ်နေတတ်သည်ဟု ကျွန်တော် သုမဏ က ကျောမှ ဒဏ်ရာတွေကို စမ်းရင်း တွေးနေမိတော့သည်။ 

 

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – ခေတ်သစ် ဖက်ဆစ်ရှိဆဲလား

  1. Ko Zaw on September 28, 2015 at 2:05 pm

    ကိုယ်ကိုယကို သတ်သေတာ ဆိုးတဲ့ရာဇဝတ်သားပါ
    ဂျပန်တွေ ဆူဆိုက်လုပ်တာလဲ ဖက်ဆစ် ယာကူစာ စတိုင်ပါပဲ
    ဆူဆိုက်ဗုန်ခွဲသူတွေကတော့ ခေတ်သစ် ဖက်ဆစ်တွေ မဟုတ်ပါလားခင်ဗျား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)