တူမောင်ညို – ၇ လုံး တပြည် (NCA) စာချုပ်ကြီး

September 30, 2015

တူမောင်ညို – ၇ လုံး  တပြည် (NCA) စာချုပ်ကြီး
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅

ယနေ့ကာလဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဖို့ နိုင်ငံရေးရေချိန်အနိမ့်ကျဆုံး ကာလလို့ ပြောရင်ရမယ် ထင်ပါတယ်။

သူတို့ဟာ သူတို့ကိုင်စွဲခဲ့ကြတဲ့ “အမျိုးသားဒီမိုကရေစီတော်လှန်ရေး” ဆိုတဲ့ အလံကိုတောင် တည့်တည့်မတ်မတ် လွှင့်ထူနိုင် စွမ်းမရှိတော့တာကို တွေ့လာရပါတယ်။ တချိန်ကသူတို့ရေးခဲ့၊ ပြောခဲ့၊ ကျိန်ဆဲခဲ့ကြတဲ့ “မဟာဗမာလူမျိုးကြီးဝါဒ” ရဲ့ရှေ့ မှောက်မှာ  သဏ္ဍာန်မျိုးစုံနဲ့ အညံ့ခံ၊ အရှုံးပေးနေကြပါတယ်။

အာဏာရှိသူဟာ လှည့်စားမှုမျိုးစုံ/အတုမျိုးစုံကိုပြုလုပ်နိုင်ပါတယ်။ ပြုလုပ်ပါတယ်။ တချိန်က“ဖက်ဒရယ်လှုပ်ရှားမှု”ကို “ခွဲ ထွက်ရေး”လို့ သရုပ်ဖျက်ပြီး “ဖက်ဒရယ်လှုပ်ရှားမှု” မှန်သမျှကို အကြမ်းဖက်ဖိနှိပ်ခဲ့ တယ်။ အခုတော့“ဖက်ဒရယ် အတု”နဲ့ လှည့်စားမြှူဆွယ်နေပါတယ်။ “မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်” အောက်မှာ “ဆိုရှယ်လစ်” ဆိုသူတွေ (မဆလ)တပါတီ စနစ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အမှုတော်ထမ်းခဲ့ကြသလိုပါပဲ။ အခုလည်း “ဖက်ဒရယ်အတု” နဲ့ ပြုသမျှခံဖို့ “တိုင်းရင်းသား”  ဆိုသူတွေ တန်းစီနေကြပြန်ပါတယ်။ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် အသက်နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စွန့်လှူသွားကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ ပြည်သူတွေကို ရှက်စရာ၊ အားနာစရာ ကောင်းလှပါတယ်။

ယခုအခါမှာတော့ တချိန်က “ဗမာလူမျိုးမုန်းတီးရေး” အပြောဆုံးသူများက “မဟာဗမာဒူးထောက်ရေး”ကို အပီပြင်ဆုံးပြော ဆိုကျင့်သုံးနေကြတာကလည်း သမိုင်းရဲ့လှောင်ပြောင်သရော်ချက်တစ်ခုပါပဲ။

တကယ်တော့ဒါဟာ “မဟာလူမျိုးကြီးဝါဒ” ကိုင်စွဲထားတဲ့အုပ်စိုးသူကို “ဒေသစွဲလူမျိုးရေးအမြင်” နဲ့ တော်လှန်လို့အောင်ပွဲ မရ နိုင်ဘူးဆိုတာကို သမိုင်းလက်တွေ့နဲ့ သက်သေပြလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် “ဒေသစွဲလူမျိုးရေးအမြင်” ကိုင်စွဲထား သူများ အကြားက “သွေးစည်းညီညွတ်ရေး”ဆိုတာ အက်ကွဲနေတဲ့ဒူးရင်းသီးကို နှီးနဲ့စီးထားတဲ့သွေးစည်းညီညွတ်ရေးမျိုးသာဖြစ်မြဲဖြစ်နေပြီး၊ အုပ်စိုးသူတွေ အနေနဲ့ အလွယ်တကူဖြိုခွဲပစ်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း အထင်အရှားတွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် ရှင်းလင်းပြတ်သားတဲ့ ဘုံရန်သူတော်လှန်ဆန့်ကျင်ရေး ဦးတည်ချက်အောက်မှာ အဖိနှိပ်ခံလူမျိုးပေါင်းစုံသွေးစည်း ညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့လိုပါတယ်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးအလံကို ပီပီပြင်ပြင်ကိုင်စွဲလွှင့်ထူနိုင်မှသာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး ဆိုတဲ့ အောင်ပွဲကို ရရှိနိုင်မှာပါဖြစ်ပါတယ်။

(NCA) စာချုပ်မှာ အဖွဲ့ ၇ ဖွဲ့ လက်မှတ်ထိုးကြလိမ့်မယ်လို့ ဆိုပါတယ်။

ဒါဟာ လောလောဆယ်မှာတော့ သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးဦးအောင်မင်းတို့အတွက် ဗန်းပြမဲဆွယ်စရာအချက် အလက် တစ်ခုပဲဖြစ်ပါတယ်။  အခုချိန်မှာ ၇ ဖွဲ့ပဲထိုးထိုး၊  ၈ ဖွဲ့ပဲထိုးထိုး – လိုရင်းက (NCA) စာချုပ်မှာ လက်မှတ်ထိုးဖို့သာ ပဓါနဖြစ်နေ ပါတယ်။ သူတို့အဖို့ “၇ လုံး လည်း တပြည်”၊ “၈ လုံးလည်း တပြည်” ပဲဖြစ်ပါတယ်။ အခုချိန်က ဦးသိန်းစိန်နဲ့ ဦးအောင်မင်း တို့အဖို့ “ပုဏ္ဏားသိမ်း” သိမ်းရတော့မယ့် အချိန်ဖြစ်ပါတယ်။

တကယ်တော့ ဘယ်အဖွဲ့တွေ လက်မှတ်ထိုးမယ်/ ဘယ်အဖွဲ့တွေ လက်မှတ်မထိုးဘူးဆိုတာ ဦးသိန်းစိန်တို့၊ ဦးအောင်မင်းတို့ ကြိုတင်သိထားပြီးသားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ “ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာကတိပြုချက်” ဆိုတာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ၄ ဖွဲ့၊  သြဂုတ်လ ၁၇ ရက်နေ့မှာ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အား လက်မှတ်ထိုးခြင်းဆိုင်ရာပူးတွဲသတင်းထုတ်ပြန်ချက်”မှာ ပါဝင်လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့ ၄ ဖွဲ့ဟာ ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့ ဘောင်းဘီအိတ်ထဲရောက်နေတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ အဲဒီ ၄ ဖွဲ့က

၁။ ကရင်အမျိုးသားအစည်းအရုံး (KNU)
၂။ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)
၃။ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC)
၎။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)

မီဒီယာသတင်းတွေမှာဖော်ပြထားတဲ့ လက်မှတ်ထိုးမယ့် ၇  ဖွဲ့ဆိုတာကိုကြည့်ရင် တကယ်တော့ သောင်းပြောင်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

၁။ ကရင်အမျိုးသားအစည်းအရုံး (KNU)
၂။ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)
၃။ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC)
၎။ ပြည်လွတ်မြောက်ရေးပါတီ (ALP)
၅။ ချင်းအမျိုးသားတပ်ဦး (CNF)
၆။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
၇။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

တကယ်တော့ (NCCT)၊ (SD) စသဖြင့် (NCA) စာချုပ်လက်မှတ်ရေးထိုးဖို့ တကယ်တန်းရှေ့ဆောင် ပါဝင်ခဲ့ကြတဲ့အဖွဲ့တွေဟာ “ကြီးငါးကြီး” လို့ခေါ်ကြတဲ့ (KNU)၊ (KNPP) ၊(KIO)၊ (NMSP) ၊(SSPP) တို့ဖြစ်ပါတယ်။ အခုတော့ အဲဒီအစိုအဖွဲ့ထဲကနေ (KNU) တဖွဲ့ပဲ “အားလုံးပါဝင်ရေးမူ” ဆိုတာကို ကျောခိုင်းပြီး(NCA) စာချုပ်လက်မှတ်ထိုးမှာဖြစ်ပါတယ်။ “ကြီးငါးကြီး”ထဲက ကျန်တဲ့အဖွဲ့ ၄ဖွဲ့ကလည်း (NCA) စာချုပ်မှာ လက်မှတ်မထိုးဘူးလို့ ယတိပြတ်မပြောပါဘူး။ လောလောဆယ်မထိုးသေးဘူးလို့သာပြောနေတာပါ။

အခုတော့ သမ္မတဦးသိန်းစိန်တို့ ဝန်ကြီးဦးအောင်မင်းတို့ လေတလုံးမိုးတလုံးနဲ့ အမွှမ်းတင်နေကြတဲ့ (NCA) စာချုပ်ကြီးဟာ  သောင်းပြောင်းအဖွဲ့ ၇ ဖွဲ့သာ ပါဝင်လက်မှတ်ထိုးမယ့် ဘုရားစူးစာချုပ်ကြီး ဖြစ်နေပါတယ်။ တပြည်လုံးကို လွှမ်းခြုံနိုင်ခြင်းမ ရှိတဲ့အတွက် အင်မတန်မှ ဂိုက်ပဲ့နေပါတယ်။ ဒီလို ဂိုက်ပဲ့လှတဲ့ (NCA) စာချုပ်ကြီးမှာ နိုင်ငံတကာနဲ့အိမ်နီးချင်းနိုင်ငံတွေက ဘယ်သူတွေကများ ပါဝင် အသိအမှတ်ပြုလက်မှတ်ထိုးကြဦးမှာလဲ။ ကုလသမဂ္ဂက ဘယ်သူပါဝင် လက်မှတ်ထိုးမှာလဲ၊ မစ္စ တာဗီဂျေးနမ်ဘီးယား လက်မှတ်ထိုးမှာလား။ ပြည်တွင်းသက်သေတွေထဲ ဘယ်သူတွေပါဝင်လက်မှတ်ထိုးမှာလဲ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးကတော့ သမိုင်းတရားခံအဖြစ်မခံနိုင်ဘူး၊ လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြတ်သားစွာပြောထားပြီးဖြစ်ပါတယ်။

(NCA) စာချုပ်မှာ လက်မှတ်ထိုးသည်ဖြစ်စေ/ မထိုးဖြစ်စေ  အပစ်အခတ်တွေရပ်မသွားဘူးဆိုတော့ သိပ်သေချာပါတယ်။ အခု လည်း ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ သေနတ်သံတွေကြားနေရတာပဲမဟုတ်လား။  ဒါကြောင့် ကြံ့ဖွံ့အစိုးရက လုပ်လာမယ့် (NCA)စာချုပ်လက်မှတ်ရေးထိုးပွဲဆိုတာဟာ ကြံ့ဖွံ့ပါတီနဲ့တသီးပုဂ္ဂလဦးအောင်မင်းတို့အတွက်  နိုင်ငံတော်စရိတ်နဲ့ပြုလုပ်ပေးတဲ့ မဲဆွယ်ပွဲ တခုမျှသာဖြစ်ပါလိမ့်မယ်။
Photo : Foxnews


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

One Response to တူမောင်ညို – ၇ လုံး တပြည် (NCA) စာချုပ်ကြီး

  1. ငြိမ်းချမ်းရေး on September 30, 2015 at 10:39 pm

    ယုံကြည်မှုရဖို့ကတော့ ..နိုင်ငံခေါင်းဆောင်တွေအရည်ချင်းရှိလာဖို့ပဲ။ အဂတိလိုက်ကင်းရှင်းတဲ့ ခေါင်းဆောင်တွေပဲ လိုပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments