စိုးနေလင်း – လမ်းညွှန်ဆိုင်းဘုတ်တွေကြားက အမှုန်တခုရဲ့အရွေ့

October 1, 2015

– လမ်းညွှန်ဆိုင်းဘုတ်တွေကြားက အမှုန်တခုရဲ့အရွေ့
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၅

တခါတခါ ကြိုးတန်းတခုပေါ်မှာလိုလို၊ တခါတခါ ချောက်ကမ်းပါးတခုရဲ့ အစပ်မှာလိုလို၊ တခါတခါလည်း အာကာသတွင်း နက်ကြီးတခုထဲမှာလိုလို ရုန်းမရ လှုပ်မရ အင်အားတခုကဖိစီးထားသလိုလို အဲဒီလိုခံစားမှုမျိုးကို စိတ်ပညာမှာ ဘယ် လိုခေါ်မလဲ၊ ဆစ်ဂ်မန်ဖရွိုက်ဆို ဘာပြောမလဲ။ သူမသိ။ ဟင်းလင်းပွင့်နေတဲ့ ကောင်းကင်ပြင်ကြီးကို နှစ်သက်တယ်။ တခွင် တပြင်ကျယ်ပြန့်နေတဲ့ လွင်ပြင်တွေကို သဘောကျတယ်။ ပြာမှိုင်းမှိုင်းတောင်တန်းကြီးတွေကို တမ်းမက်တယ်။ ဒါပေမယ့် သူ့မှာ အပိတ်အလှောင်တို့ ထွက်ဖို့ခက်ခဲတဲ့နေရာတို့ကို ကြောက်တတ်တဲ့ claustrophobia ဆိုတဲ့ရောဂါတော့မရှိပါဘူး။ ရှိရင်လည်း နှလုံးသွေးရပ်ပြီး သေခဲ့တာကြာလှရော့မယ်။ သေဆုံးတယ်ဆိုတာ မကောင်းဘူး၊ သေဆုံးတယ်ဆိုတာ ကောင်း တယ်။ ပြောနေကြတာပဲ။ အစမ်းသေကြည့်လို့မရတော့ ဘယ်သူသက်သေပြနိုင်မှာလဲ။ ဒါပေမယ့် သူခွဲစိတ်ကုသခံခဲ့ရတုံးကမေ့ဆေးအရှိန်နဲ့သတိမေ့မျောနေခဲ့တဲ့အချိန် (နာရီပေါင်း ၉ နာရီလောက်) ကို ပြန်အမှတ်ရမိတယ်။ ရုပ်ခံစားမှု၊ စိတ်ခံစားမှု (သူသိသလောက်) နာကျင်မှု၊ ဘာဆိုဘာမှမရှိခဲ့။ မနက်လေးနာရီလောက်မှာ ပြန်သတိရ ကမ္ဘာလောကထဲ ရုတ်တရက် ပြန် ရောက်လာသလို။ ဆေးရုံကုတင်တခုပေါ်မှာ။ အသိပြန်ဝင်လာတာနဲ့ သူဘာဖြစ်ခဲ့တယ်၊ ဘာလို့ဆေးရုံရောက်ခဲ့တယ်၊ မိခင် ဇနီး သားနဲ့ မိတ်ဆွေ အလုပ် အားလုံးကို စက္ကန့်ရဲ့ အစိတ်အပိုင်းငယ်တခုအတွင်းမှာပဲ ပြန်သတိရတယ်။ ပူပင်သောက စိတ်ကလည်း ချက်ချင်းပဲ ကပ်ညိလာတယ်။ သေချာတယ်။ အဲဒါဟာ သေဆုံးခြင်းတမျိုး ဒါမှမဟုတ် သေဆုံးခြင်းပဲဆိုရင် ကောင်းတယ်။ ကောင်းတယ်လို့ ပြောရမှာပဲ။ ကန့်ကွက်တဲ့သူ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် သူ့ခံစားမှု သူ့အသိနဲ့တော့ မှန်တယ်။ လက်မခံလည်း ပြဿနာမရှိ။

ဘယ်အချိန်မှာသေတာ အကောင်းဆုံးလဲ။ ဆရာဒဂုန်တာရာရဲ့ “မေ” ကတော့ ပျော်နေတုံးသေရတာ အကောင်းဆုံးပဲလို့ ဆိုထင်ပါရဲ့။ ဇာတ်ကောင်ရဲ့ အတွေးအမြင် သက်သက်ပဲလား ဒါမှမဟုတ် ဆရာဒဂုန်တာရာရဲ့ တွေးမြင်မှုပဲလား ဆရာ့ကို မေးမှပဲသိမယ်။ တီဗီသတင်းတွေကလည်း မီးခိုးတွေ၊ သေနတ်သံ ဗုံးသံတွေ၊ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေ ဒါမှမဟုတ် လည်း မြေပြို၊ ရေကြီး၊ ငလျင်လှုပ်၊ မုန်တိုင်းကျ ဒါမှမဟုတ် ဆန္ဒပြပွဲ၊ ရုန်းရင်းဆန်ခတ် ဒါတွေနဲ့ပဲ ဖုံးလွမ်းနေရဲ့။ သူ့ရဲ့အ သက်၂၃ နှစ်ကျော်သားကြီးက “ဖေဖေ ကမ္ဘာကြီးမှာ ဘယ်နေရာမှမကောင်းပါလား” လို့ ပြောလိုက်တယ်ထင်ပါရဲ့။ ဟုတ်နိုင်တယ်။သူဘယ်လိုဖြေလိုက်မိသလဲ။ မမှတ်မိတော့။ သူပြောတာ ဟုတ်နေမှန်နေတာပဲ။ မြန်မာ့ရုပ်မြင်သံကြားလိုင်း ပြောင်း ကြည့်လိုက်တော့လည်း မမှန်တာတွေချည်း ကြေငြာနေပြနေတာ ကြားနေ၊ မြင်နေရပြန်တယ်။ ကမ္ဘာကြီးမှာနေလို့ကောင်း မယ့်နေရာ မရှိတော့ဘူးလား။ ရှိနိုင်သေးတာပဲ။ ဒါပေမယ့် အဲဒီနေရာကိုသွားနေဖို့ရော ဖြစ်နိုင်ပါ့မလား။ လက်ခံကြပါ့မလား။ လူမျိုးတွေ၊ နိုင်ငံသားတွေ၊ နိုင်ငံပိုင်နက်တွ၊ အဲဒီကိစ္စတွေရှုပ်ထွေးလာပြန်တယ်။ ယန်းပေါဆတ် (Jean Paul Sartre) ပြော သလို “ငါနေထိုင်ရာနေရာဟာ ငါ့တိုင်းပြည်ဖြစ်တယ်” ဆိုပြီး သွားနေလို့ရောမဖြစ်ဘူးလား။ သူသိသလောက်တော့ မဖြစ် နိုင်ဘူး။ ဒါဆို ဘယ်မှာသွားနေကြမလဲ။ လူတကိုယ်စာအတွက် မြေနေရာ ဘယ်လောက်လိုမလဲ။ အဲ အဲဒါကိုဘယ်သူရေး ခဲ့တာလဲ။ မမှတ်မိပြန်ဘူး။ အဲဒီလိုတွေးလိုက်တော့လည်း ရှင်းနေတာပဲ။ မဟုတ်သေးဘူးထင်ပါရဲ့။ ခုခေတ်မှာ အဲဒီလောက် တောင်မလိုတော့ဘူးထင်တယ်။ လူတွေရဲ့ သဘောသဘာဝကိုစဉ်းစားနေမိတာကြာပြီ။ နားမလည်နိုင်အောင်ဖြစ်ရတယ်။

လူတယောက် ဒုက္ခရောက်နေတယ်၊ မရှူနိုင် မကယ်နိုင်ဖြစ်နေတယ်။ အကူအညီမပေးချင်ကြဘူး။ ပေးဖို့ အလွန်စဉ်းစား ၀န် လေးကြတယ်။ အဲဒီလူ သေသွားတယ်၊ အငတ်ငတ်အပြတ်ပြတ် အတိဒုက္ခအပြည့်နဲ့။ အဲဒီအချိန်ကျမှ စုတ်သပ်ကြ၊ ကရုဏာသက်ကြ၊ အသုဘလာရှုကြ (အပြောအရ) ကူငွေထည့်ကြ။ တချို့ အများသိကြတဲ့သူတွေဆို သေမှပဲ မိသားစုကို လုပ်ကိုင်ရှာဖွေစားသောက်ကြဖို့ အရင်းအနှီးဖန်တည်းပေးလိုက်သလိုပဲ။ အပေါင်းအသင်း ဆွေမျိုးမိသင်္ဂဟ လူ့အဖွဲ့ အစည်းရဲ့ပံ့ပိုးကူညီမှုကို မသေခင်များရခဲ့ရင် ဘယ်လောက်ကောင်းလိုက်လေမလဲ။ ဒါပေမယ့် ရာနှုံးအများစုက မရခဲ့ကြပါ ဘူး။ သေမှပဲ အကူအညီအထောက်အပံ့ ရကြရှာတာပါ။ ဒါတွေဟာ သူတို့လူ့အဖွဲ့အစည်းမှာ တကယ်ဖြစ်နေတာပါ။ ကိစ္စ ကောင်းလား။ ကိစ္စဆိုးလားပြုပြင်ပြောင်းလဲကြရင်ကောင်းမလား။ ပြောင်းလဲဖို့ရော စိတ်ပါလက်ပါ ရှိကြပါ့မလား။ မပြောင်း လဲပဲ ဒီအတိုင်းဆက်ပြုမူဆောင်ရွက်ကြမလား။ စဉ်းစားတာတောင် အလိုလိုအကန့်အသတ်ရှိလာတယ်။ မစွမ်းဆောင်နိုင် အောင် ပိတ်ပင်တားဆီးမှုတွေက အမြဲလိုလိုရှိနေပြန်တယ်။ လူတယောက်ရဲ့ အသက်ရှင် ရပ်တည်ရေးအတွက် တခြားသူတွေ ကို မထိခိုက်ဖူးဆိုရင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရနိုင်ဘူးလား။ နိုင်ငံတနိုင်ငံတနိုင်ငံရဲ့ တရားဥပဒေ ကိုမချိုးဖောက် ဘူး ရာဇ၀တ်မှု မကျူးလွန်ဘူးဆိုရင်ရော ကိုယ်သွားချင်တဲ့နိုင်ငံ ကိုယ်နေချင်တဲ့နိုင်ငံတခုခုမှာ ကိုယ့်ဘ၀ကိုယ် ရုန်းကန်လှုပ် ရှား  နေထိုင်လို့မရဘူးလား။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ဥပဒေအရတောင် ကာကွယ်စောင့်ရှောက်ခံခွင့်မရဘူးလား။ အဲဒီဥပဒေတွေကိုရော နိုင်ငံတကာက လေးစား လိုက်နာကြရဲ့လား။ နိုင်ငံအားလုံးက မလိုက်နာမနေရ လေးစားလိုက်နာရအောင်လုပ်ထားရင်ရော။ လူသားမျိုးနွယ်အားလုံးနဲ့ ကမ္ဘာကြီးအတွက် မကောင်းပေဘူးလား။ အဲဒီမေးခွန်းတွေကို အဖြေမပေးနိုင်ကြဘူးထင်ပါရဲ့။ ဒါမှမဟုတ် အဖြေပေးဖို့ကြိုး စားကြရင်းနဲ့ စကားများရန်ဖြစ်၊ စစ်ပွဲတွေဖြစ်နေကြတာလား။ အဲဒီလိုလည်း မဟုတ်ဘူးထင်ပါရဲ့။

နည်းနည်းလောက်စဉ်းစားကြရင်ကောင်းမယ်ထင်တယ်။ ဒါပေမယ့် စဉ်းကိုမစဉ်းစားတဲ့သူတွေများနေရင်ရော၊ ငါတို့လုပ် နေတာ တရားရဲ့လား၊ မှန်ရဲ့လား၊ မဟုတ်သေးဘူးထင်ပါရဲ့၊ အဲဒီလို ကိုယ်လုပ်တာကို ကိုယ်ပြန်ဝေဖန်သုံးသပ်ပြီး အမှား တွေ၊ မတရားမှုတွေ ကင်းပသွားအောင် မလုပ်ချင်ကြဘူးလား။ ခက်နေတာက တရားမှန်း မတရားမှန်း မှန်မှန်း မှားမှန်း ဝေ ဖန်ခွဲခြားဆုံးဖြတ်ဖို့တောင် အသိတရားမရှိတဲ့သူမျိုးတွေလည်း လောကကြီးမှာ ရှိနေတာပဲ။ ထပ်ခက်နေတာက အဲဒီလိုလူမျိုး တွေလက်ထဲမှာ လူသားတွေကို သေကြေ ဒဏ်ရာရ စေနိုင်တဲ့ လက်နက်တွေရှိနေတာပဲ။ သေနတ်မောင်းကိုကွေးညှစ်ဖို့ ဘယ်လိုမှဝန်မလေးတဲ့သူတွေ (Trigger happy) ဖြစ်နေကြတာပဲ။ ၁၉၄၂ ခုနှစ် အာဏာရှင်ဟစ်တလာရဲ့မွေးနေ့မှာ မွေး နေ့အထိမ်းအမှတ်အဖြစ် နှစ်မိနစ်မှာတယောက်နှုံးနဲ့ လူ ၄၈ ယောက်ကို တန်းစီသတ်ဖြတ်ပစ်ခဲ့တဲ့အထောက်အထားမှတ်တမ်းတွေကိုတောင်ပြန်တွေ့ထားခဲ့ပြီပဲ။ ယုံနိုင်စရာတောင်မရှိတဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုမျိုးတွေ တကယ်ပဲ ဖြစ်ပျက် ခဲ့တယ်။ ဖြစ်ပျက်နေဆဲပဲ။ ယုံချင်ယုံ မယုံချင်လည်းနေ။ အဲဒီလိုဆိုရင် လူသားဆိုတဲ့ သက်ရှိတွေကိုက မကောင်းတာ လားကောင်းတာထက် မကောင်းတာကို ပိုပြီးလုပ်ချင်တတ်ကြတာလား။ ဟုတ်ပုံရတယ်။ သူတခါကရေးခဲ့ဖူးတဲ့ဆောင်းပါးတခုထဲမှာ စိတ်ပညာရှင်တယောက်ရဲ့အဆိုတခုကိုကိုယ်းကားပြီး လူ့သဘာဝကိုရေးခဲ့ဖူးတယ်။ ဆိုးတာက အဲဒီစိတ်ပညာရှင် ရဲ့နာမည်ကိုပြန်မမှတ်မိတော့တာပဲ။ ဆောင်းပါးကိုဖော်ပြပေးခဲ့တဲ့ မဂ္ဂဇင်းကိုလည်း အလွယ်တကူရှာမရနိုင်တော့ဘူး။ ဒါပေ မယ့် သူ့အဆိုကိုတော့ သဘောအရမှတ်မိနေသေးတယ်။ သူက လူသားတွေရဲ့အတွင်းစိတ်ထဲမှာ ၀ံပုလွေစိတ် ရှိနေတယ်။ တခြားသူတွေကို ရန်ပြုတိုက်ခိုက်သတ်ဖြတ်လိုစိတ်ရှိတယ်။

ဒါကို ဆင်ခြင်တုံတရား၊ တရားဥပဒေ၊ ယဉ်ကျေးမှု၊ ဘာသာတရား စတာတွေနဲ့ ဖုံးလွှမ်းထိမ်းချုပ်ထားတာဖြစ်တယ်။ အဲဒီ လိုဖြစ်မယ်ထင်ပါရဲ့။ ဖုံးလွှမ်းထိမ်းချုပ်ထားတဲ့ဟာတွေ တခုခုလွတ်သွားတာနဲ့ ခုနက ၀ံပုလွေစိတ်ဟာ ရုတ်တရက်ကြွလာ တတ်တယ်။ လူသားဟာ လူသားကိုပြန်ရန်ပြုတိုက်ခိုက်သတ်ဖြတ်သူဖြစ်လာတော့တယ်။ ကမ္ဘာကြီးရဲ့ နိစ္စဓူဝ ဖြစ်စဉ်တွေ ကိုပြန်ကြည့်လိုက်တော့ အဲဒီအတိုင်း ဖြစ်နေတာကိုတွေ့နေရတယ်။ ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားနည်းလမ်းရှာကြသင့် တယ်။ ဒါပေမယ့် အဲဒီလိုစဉ်းစားနည်းလမ်းရှာရမယ့်သူတွေကလည်း လူတွေပဲဖြစ်နေတယ်။

“ချွင်းချက်” ချွင်းချက်ဆိုတဲ့ စကားလုံးကတော့ မကြာမကြာ တွေ့နေရတာပဲ။ နေရာတိုင်းမှာမဟုတ်ပေမယ့် နေရာတော် တော်များများ မှာတွေ့နေရတယ်။ ရှိနေတယ်။ ရှိနေတယ်ဆိုတာ ရှိသင့်တယ်လို့ လက်ခံယုံကြည်ခဲ့ကြလို့ ရှိနေတာဖြစ် မယ်။ တချို့က ချွင်းချက်အရ ကောင်းကျိုးသုခရသွားတာရှိတယ်။ တချို့က ချွင်းချက်အရ ဒုက္ခရောက်သွားတာရှိတယ်။ သူ့ဘ၀ကိုပြန်စဉ်းစားကြည့်လိုက်တော့ ချွင်းချက်အရ ဒုက္ခရောက်ခဲ့ရတာတွေပဲတွေ့ပြီး ချွင်းချက်အရ ကောင်းကျိုးသုခခံစားခဲ့ရတာဆိုလို့ မရှိသလောက်ပဲ။ သူ့ဘ၀တင်မဟုတ်ပါဘူး လူ့ဘ၀ဖြစ်စဉ်တော်တော်များများလည်း ဒီလိုပါပဲ။ ဘာဖြစ်လို့လဲ။ ကွမ် တမ်သီအိုရီနဲ့ဖြေရှင်းလို့ရမလား။ ဖြစ်နိုင်စွမ်းရည် တွက်ချက်နည်းအရရော၊ ဆီလောဂျစ်ဇမ် (syllogism) အရရော၊ ဒိုင် ယာလက်တစ်နည်းနဲ့ရော။ ဘ၀တက္ကသိုလ်မှာ ပညာရှာမှီးခွင့် ကံအကြောင်းမလှလို့ရခဲ့တုံးက နည်းလမ်းပေါင်းစုံ ချဉ်းကပ် စဉ်းစားကြည့်ခဲ့ဖူးတယ်။ ကျေနပ်လောက်စရာအဖြေမရခဲ့ဘူး။ သူခုလေးတင် ရေးခဲ့တဲ့စာကြောင်းကို ပြန်ကြည့်လိုက်တော့ “ကံအကြောင်းမလှ” လို့ ရေးလိုက်မိတယ်။ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး၊ ရုတ်တရက် အလိုလိုရေးမိသွားတာ ပါ။ ဒါပေမယ့် အဓိပ္ပါယ်ရှိနေတယ်။ “ကံအကြောင်းမလှ” ဆိုတာပြောလို့ရရင် “ကံအကြောင်းလှ” လည်း ပြောလို့ ရေးလို့ရရမယ်။ ဟုတ်လိုက်လေ။ ဟာသစာအုပ်တခုခုထဲမှာပဲလား လူရွှင်တော်တွေရဲ့ပျက်လုံးတွေထဲက ပဲလား။ ရီးဒါးဒိုင်ဂျက်စ်ထဲက ဟာ သအတိုအထွာလေးတွေထဲကပဲလား၊ သူမမှတ်မိတော့။ “အဲဒီနေ့က ဒီလူ ရုတ်တရက်ခရီးထသွားတာပေမယ့် ကံကောင်း ချင်တော့ လေယာဉ်လက်မှတ်ရသွားတယ်လေ”  “တော်သေးတာပေါ့နော်” “အေးဒါပေမယ့် ကံဆိုးချင်တော့ အဲဒီလေယာဉ်က လမ်းမှာစက်ချို့ ယွင်းပြီး ပင်လယ်ထဲ ပျက်ကျသွားတယ်လေ” “ဟာဆိုးပါ့ကွာ” “အဲ ကံကောင်းချင်တော့ ကယ်ဆယ်ရေး တွေအချိန်မှီရောက်လာပြီး အချိန်မှီကယ်တင်လိုက်နိုင်လို့ ခရီးသည်အများစုသေကြပေမယ့် သူမသေခဲ့ဘူးလေ” “တော်သေး တာပေါ့နော်” “ဒါပေမယ့် ကံဆိုးချင်တော့ သူအိမ်မရောက်ခင်ပဲ သူတို့မြို့လေးကမီးလောင်မှုတခုဖြစ်တာမှာ သူတို့အိမ်နဲ့ ပစ္စည်းတွေအားလုံး မီးထဲပါသွားတယ်လို့ သူ့မိန်းမဆီကဖုန်းလာတယ်လေ”။ အိုး ဒါပေမယ့် သူ့မိန်းမပြောတာက ကံကောင်း ချင်တော့ သူတို့ရဲ့ ပုစုခရု ကလေးသုံးယောက်ကို သူ့အဖွားကအိမ်လည်ခေါ်သွားလို့ အိမ်မှာတယောက်မှမရှိပဲလွတ်သွားကြတယ်ဆိုပဲ။ အဲ ဒါပေမယ့် …။ အဲဒီလိုမျိုးကံကြမ္မာနဲ့ပတ်သက်တာလေးတွေကိုပြန်ပြီးသတိရမိတယ်။ ရယ်ချင်ရယ်လို့ရပေမယ့် အဲဒီလိုအဖြစ်မျိုးတွေဟာ လူ့လောကထဲမှာ နေ့စဉ်နေ့တိုင်းတနေရာမဟုတ် တနေရာမှာဖြစ်နေကြတာပဲ မဟုတ်လား။ ဖေတယ်လ်လစ်ဇမ် (Fatalism) ကရော မှန်နေသလား။ စဉ်းစားစရာပဲ။အဲဒီလိုစဉ်းစားစရာပဲ ဆိုတဲ့ခေါင်းစဉ်အောက်မှာဖိုင်တွေအတော်များနေပြီ။ဖိုင်နံမယ်တွေကိုတောင် မမှတ်မိချင်တော့…။

တချို့ဆိုရိုးစကားလေးတွေဟာ ရိုးရိုးစင်းစင်းနဲ့ ဘ၀ကိုဖွင့်ဆိုပြနိုင်ကြတာတွေ့ရတယ်။ “ဘ၀ဆိုတာ အငိုနဲ့စပြီး အငိုနဲ့ဆုံးတာပါပဲတဲ့”ဘယ်သူကစပြောခဲ့တဲ့ စကားလဲဆိုတာတော့ မသိနိုင်ပါဘူး။ လူတယောက်အဖြစ်စပြီးမွေးဖွားလာတဲ့ဖြစ်စဉ်မှာ မိခင်ရဲ့ဝမ်းထဲက လွတ်ထွက်လာပြီဆိုတာနဲ့လူပေါက်စလေးတွေဟာ ငိုကြတော့တာပါပဲ။ ဒီဖြစ်စဉ်ကို သိပ္ပံနည်းကျ ချဉ်းကပ် ဖြေရှင်းထားတာ ရှိပြီးသားပါ။ ဒါပေမယ့် လူတွေသေဆုံးတော့လည်း အငိုနဲ့ဆုံးတယ်ဆိုတာကတော့ သေဆုံးခါနီးတဲ့လူတိုင်း သေသွားတဲ့လူတိုင်း (သတိရှိနေဆဲ) ငိုမသွားကြပါဘူး။ ပြုံးသွားရယ်သွားတဲ့သူတွေတောင်ရှိသေးတယ်လို့ကြားဖူးဖတ်ဖူးထားခဲ့တယ်ထင်ပါတယ်။ သေတဲ့သူနဲ့ပတ်သက်သံယောဇဉ်ရှိကြတဲ့သူတွေ၊ ချစ်ခင်သူတွေကတော့ သူတို့သံယောဇဉ်တွယ်တာချစ်ခင်ရသူတယောက်ဆုံးရှုံးရတဲ့အတွက် ပူဆွေးငိုကြွေးကြမှာပါပဲ။ ကာရကံရှင်ကိုယ်တိုင်ကတော့ ငိုကောင်းမှ ငိုပေလိမ့်မယ်။ ဒါကြောင့် အငိုနဲ့စအငိုနဲ့ဆုံးတယ်ဆိုတဲ့စကားရဲ့ပထမပိုင်းဟာမှန်ပြီး ဒုတိယပိုင်းကတော့ အမြဲတမ်း မမှန် နိုင်လောက်ပါဘူး။ သေဆုံးတော့မယ့်သူရဲ့ အဲဒီအချိန်မှာရှိတဲ့ ရုပ်ပိုင်းစိတ်ပိုင်းအခြေအနေ (အတွေးအခေါ်၊ လောကအမြင် ကျင့်ကြံအားထုတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်) တွေနဲ့အဓိကသက်ဆိုင်ပေလိမ့်မယ်။ ငိုချင်မှငိုပေလိမ့်မယ်။ ဒါ ပေမယ့် လူတွေဟာ ဘယ်လိုလူပဲဖြစ်စေ လောကဓံတရားရဲ့ရိုက်ခတ်မှု၊ အကောင်းအဆိုး အထွေထွေကို မသေမချင်း တွေ့ ကြုံ ဖြတ်သန်းရမှာကတော့ အသေအချာပါပဲ။

အကောင်းဆုံးဘယ်လိုဖြတ်သန်းကြမလဲ။ ဘယ်လိုကျင့်ကြံနေထိုင်ရင် ကောင်းမလဲ။ ဖြစ်တည်မှုပဓာန၀ါဒီတွေ( Existen tialist) ရဲ့ တွေးခေါ်ယုံကြည်မှုက လူတယောက်ဟာ ကိုယ်လုပ်ချင်တာကိုကိုယ်လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိတယ်။ဒါပေမယ့် ကိုယ်လွတ်လွတ်လပ်လပ်ဆုံးဖြတ်ရွေးချယ်လိုက်တဲ့အရာတွေအားလုံးအတွက် ကိုယ်ကိုယ်တိုင်တာဝန်ယူနိုင်ရမယ်။တာဝန်ယူရဲရမယ်။ သူတို့ငယ်ငယ် တက္ကသိုလ်ကောလိပ်ကျောင်းသားဘ၀က စစ်အစိုးရကိုဆန့်ကျင်အာခံရင် ဆန္ဒပြသပိတ်မှောက်ရင် ကျောင်းထုတ်ခံရနိုင်တယ်၊ အဖမ်းခံရနိုင်တယ်၊ နှိပ်စက်ညှင်းပမ်းခံရနိုင်တယ်။ ထောင်ကျနိုင်တယ်။ မဆန့်ကျင်ရင် ဘာမှမဖြစ်နိုင်ဘူး။ ဒါကိုသိရဲ့နဲ့ ဆန့်ကျင်အာခံတယ်၊ သပိတ်မှောက်တယ်ကျောင်းထုတ်ခံရတယ်၊ထောင်ကျတယ်။ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ခံလိုက်တယ်။အဆင်ပြေပါတယ်။ဖြစ်လာနိုင်ခြေရှိတဲ့ အကျိုးဆက်ကို ကိုယ်ကိုယ်တိုင်တာဝန်မယူရဲဘူး၊မဆုံးဖြတ်မရွေးချယ်ရဲဘူးဆိုရင် မလုပ်ပဲ နေလိုက်ရုံပါပဲ။ အလွန်ရိုးစင်းတဲ့ ကိစ္စပါ။ဒါပေမယ့် ဘယ်တုံးက ဘယ်သူပြောသွားတဲ့စကားလဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဆောင်းပါးတပုဒ်ထဲမှာ ကိုယ်းကားပြီးရေးခဲ့ဖူးတယ်။အမည်နာမကိုပြန်စဉ်းစားလို့ မရတော့ ပေမယ့် သူပြောခဲ့တဲ့စကားကိုတော့ မှတ်မိနေပါသေးတယ်။“ဆုံးဖြတ်လုပ်ကိုင်ြပီ်း မှားယွင်းသွားခြင်းသည် မဆုံးဖြတ်ပဲထားခြင်းတက် ပိုကောင်း၏။”အဲဒီလိုပါ။မှန်ကန်တဲ့ဆိုစကား တခုအဖြစ် လက်ခံထားခဲ့ပါတယ်။မှားမှန်းသိသွားရင် ပြန်ပြင်လိုက်ရုံပါပဲ။ဒါမှအသိပညာရှိရာကျပေလိမ့်မယ်။မှားမှန်းသိတယ်။မပြင်ဘူး။ဆက်မှားတယ်။ထပ်တလဲလဲမှားတယ်။လူမိုက်ပဲ။ လူတွေဟာမှားတတ်တာပဲ။မှားကြတာပဲ။” To err is human”ဆိုတဲ့စကားတောင်ရှိသေးတယ် မဟုတ်လား။ဒါပေမယ့် အဲဒီအမှားတွေပေါ် မှာဘယ်လိုသဘောထား၊တုန့်ပြန်တယ်ဆိုတဲ့အပေါ်မှာ ပညာရှိသူနဲ့ မိုက်မဲသူ ကွဲပြားသွားတာပါပဲ။ ကိုယ့်လမ်းကိုယ်လျောက်ကြရမှာဖြစ်သလို တွေ့ကြုံလာတဲ့ လောကဓံ တရားတွေ၊ ဒုက္ခ တွေကို ကိုယ်ကိုယ်တိုင်ပဲ ခံစားရမှာပါ။ စတိုးဝစ်(Stoic)တွေကတော့ တွေ့ကြုံရသမျှ ဒုက္ခတွေကိုဘာတခုမှ ငြီးတွား မနေ၊ မကြေမနပ်ပြောမနေပဲ သွေးအေးအေးနဲ့ခံယူခဲ့ကြတယ် လို့ဖတ်မှတ်လေ့လာဖူးခဲ့ တာပြန်သတိရမိတယ်။ ဘ၀မှာဗုဒ္ဒ ဟော ကြားခဲ့တဲ့ ဒုက္ခဝေဒနာ တွေကနေ တကိုယ်တည်းလွတ်မြောက်အောင် ကျင့်ကြံအားထုတ်မှု မလုပ်ချင်သေး၊မလုပ်နိုင်သေးခင်မှာ ဖြစ်တည်မှုပဓာန၀ါဒီတွေလို တွေးတောဆုံးဖြတ်လုပ်ကိုင် စတိုးဝစ်တွေလို ကြံ့ကြံ့ခံနေထိုင်ဖြတ်သန်းဖို့ ကြိုးစား ကြည့်ရင်ရော….

ဘာပဲပြောပြော ဒီကမ္ဘာမြေပြင်ပေါ်မှာ ငြိမ်သက်အေးချမ်းခြင်း ရှိစေချင်တယ်။    ။

(ခံစားမှုက ဒီအတိုင်းပဲမို့လွန်ခဲ့တဲ့ ၇ နှစ် လောက်ကရေးခဲ့တဲ့ အက်ဆေးကို ပြန်လည်ဆန်းသစ်တာပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်